← Chapters

မိုးကြိုးမှော်အဆောင်

Vol. 4 Ch. 50

မိုးကြိုးမှော်အဆောင်

Vol. 4 Ch. 50

ဂိုဏ်းတူအကိုရှုက ထူးထူးဆန်းဆန်း ပြုမူနေလို့ စုန့်ဝမ် စိတ်ဝင်စားသွားတယ်။

ဂိုဏ်းတူအကိုရှုက သိုလှောင်အိတ်ထဲက မှော်အဆောင်နှစ်ခု ထုတ်ပြတယ်။ တွေ့တွေ့ချင်း စုန့်ဝမ် စိတ်လှုပ်ရှားသွားတယ်။ ဘာအဆောင်ဆိုတာ မသိပေမယ့်၊ ​ကောင်းကင်အောက်က ဘယ်နတ်ဆိုးကိုမဆို ဖိနှိပ်နိုင်တဲ့စွမ်းအားတစ်ခု ပါနေတာ ခံစားမိလိုက်တယ်။ သူ့ကိုယ်ထဲက အလောင်းချီ စီးဆင်းမှု​တောင် မတည်မငြိမ် ဖြစ်သွားတယ်။

“အဲဒါ … ဘယ်လို မှော်အဆောင်လဲ”

ဂိုဏ်းတူအကိုရှုက ပြပြီးပြီးချင်း ချက်ချင်းပြန်သိမ်းလိုက်တယ်။

“ပထမအဆင့် အဆင့်မြင့် မိုးကြိုးမှော်အ​ဆောင်”

စုန့်ဝမ် မျက်နှာပျက်သွားတယ်။ အကိုရှု ဘာဖြစ်လို့ သတိထားနေလဲပါ နားလည်သွားတယ်။ မိုးကြိုးမှော်အဆောင်ဆိုတာ မိုးကောင်းကင်ရဲ့ ကြီးမားတဲ့စွမ်းအင်သတ္တိကို သယ်ဆောင်ပြီး​၊ မိစ္ဆာစွမ်းအင်တွေအပေါ် ကြီးမားတဲ့ဖျက်ဆီးနိုင်းစွမ်း ရှိတယ်။ နတ်ဆိုးနဲ့ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတွေအပေါ်လည်း အလားတူ သက်ရောက်တယ်။

လမ်းမှန်ကျင့်ကြံသူတွေထဲမှာ မိုးကြိုးစွမ်းအင်နည်းစနစ် ကျင့်ကြံနိုင်သူ အရမ်းရှားပေမယ့် အဲဒီလူတွေဟာ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတွေရဲ့ အမုန်းတီးဆုံး ကမ္ဘာရန်တွေ ဖြစ်ကြတယ်။ မှော်အဆောင်ထဲမှာလည်း မိုးကြိုးစွမ်းအင်အဆောင်တွေက နတ်ဆိုးကျင့်ကြံသူအတွက် အန္တရာယ် အကြီးဆုံးပဲ။ အကိုရှုက ဒီလိုပစ္စည်းမျိုး ဆောင်ထားရဲတာ အတော်လေး သတ္တိကောင်းတယ်လို့ ဆိုရမယ်။ ဒီအဆောင်တွေက နတ်ဆိုးကျင့်ကြံသူဆို ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ်။

စုန့်​ဝမ် စိတ်ဝင်စားနေတာ မြင်တော့ အကိုရှူက ဆက်ရှင်းပြတယ်။

“ဒီအဆောင်နှစ်ခုကို အရင်နှစ်က သတ်ခဲ့တဲ့ လမ်းမှန်ကျင့်ကြံသူဆီက ရခဲ့တာ။ ဒီအဆောင်တွေက အစွမ်းထက်ပေမယ့် အားနည်းချက်တစ်ခု ရှိတယ်”

“အားနည်းချက် ..”

“အေး .. ဟုတ်တယ်။ သူတို့က ကောင်းကင်ချီနဲ့မှ အသက်သွင်းလို့ ရတာ။ ငါတို့လို နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတွေက ဘယ်သုံးလို့ရပါတော့မလဲ။ မင်းလည်း သိသားပဲ၊ ငါတို့ ကျင့်ကြံမှုလမ်းစဥ်က မိုးကြိုးစွမ်းအင်သဘာဝနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မသန့်စင်တဲ့ချီတွေ ပါနေတယ်လေ။ အဲဒါကြောင့် သုံးလည်းမရ၊ ရောင်းလည်း မထွက်ဖြစ်ပြီး သောင်တင်နေတာ”

မိုးကြိုးအဆောင်ကို ကောင်းကင်ချီနဲ့ အသက်သွင်းလို့ရတယ်ဆိုလို့ စုန့်ဝမ် စိတ်ဝင်စားသွားတယ်။ သူကျင့်ကြံထားတဲ့ သက်ရှည်နည်းစနစ်က ကောင်းကင်ချီကို စုစည်းရတဲ့ လမ်းမှန်ကျင့်စဥ်။ အလောင်းနတ်ဆိုးဂိုဏ်း ရောက်ပြီးတည်းက အလောင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ကြံနေလို့ သက်ရှည်နည်းစနစ်ကို မကျင့်ကြံဖြစ်ခဲ့ဘူး။ ဆက်ကျင့်လို့ရလား သိချင်တာကြောင့် တစ်ခါတော့ စမ်းခဲ့ဖူးတယ်၊ ကျင့်လို့ ရသေးတယ်။ ပုံမှန်ဆိုရင် ကျင့်ကြံသူတစ်ယောက်က လမ်းမှန်နဲ့ နတ်ဆိုးလမ်းစဥ်လို သဘာဝမတူတဲ့ကျင့်စဥ်နှစ်ခု ယှဥ်တွဲကျင့်ကြံလို့ မရဘူး။

ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ရဲ့ ထူးခြားချက်ကြောင့် စုန့်ဝမ်က ယှဥ်တွဲလေ့ကျင့်လို့ ရနေတယ်။ ဒီတစ်နှစ်အတွင်း သက်ရှည်ကျင့်စဥ်ကို အထူးတလည် မကျင့်ကြံခဲ့ပေမယ့် ဝိညာဥ်ချီ ပေါများတာ၊ ဝိညာဥ်ကျောက်တွေကနေ စုပ်ယူတာတွေကြောင့် ကောင်းကင်ချီကိုပါ အလိုအလျောက် စုပ်ယူမိနေပြီး သက်ရှည်ကျင့်စဥ် တိုးတက်လာတယ်။ ခုဆို ချီစုစည်းခြင်း တတိယအဆင့် ရောက်နေပြီ။ ဒီအဆင့်နဲ့ဆို မိုးကြိုးမှော်အဆောင်ကို အသက်သွင်းနိုင်မယ်လို့ ထင်ရတာပဲ။

“အကိုရှု .. ဒီနှစ်ခုကို ဘယ်လောက်နဲ့ ရောင်းမလဲ”

“အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်ရာဆိုရင် ဘယ်လိုလဲ”

စုန့်​ဝမ် ခေါင်းခါလိုက်တယ်။

“စျေးကြီးတာပေါ့၊ လျှော့ပါဦး။ သူက ကောင်းကင်ချီနဲ့ အသက်သွင်းရတာဆိုတော့ ကျနော်လည်း သုံးလို့မှ မရတာ”

စုန့်ဝမ်ပြောတာ သဘာဝကျလို့ အကိုရှု တွေဝေသွားတယ်။ သဘောတရားအရ နတ်ဆိုးကျင့်ကြံသူဖြစ်တဲ့စုန့်ဝမ် သုံးမရတာတော့ သူယုံတယ်။ မှော်အဆောင်ရေးဆွဲနည်း လေ့လာချင်လို့ဖြစ်ဖြစ်၊ ပြန်ရောင်းစားဖို့ဖြစ်ဖြစ် ဝယ်တာဆို စျေးမြင့်ရင် ဝယ်မှာ မဟုတ်ဘူး။

“၈၀ ဆိုရင်ရော၊ ဘာပဲပြောပြော ပထမအဆင့် အဆင့်မြင့်အဆောင်လေ”

“၄၀ ပဲထား၊ အကိုရှုလည်း သုံးမှမရတာ။ ရောင်းလိုက်တာကမှ ဝိညာဥ်ကျောက် ရဦးမယ်”

“၅၀ ကွာ၊ ထပ်မဆစ်နဲ့တော့”

“အင်း .. သဘောတူတယ်၊ အရောင်းအဝယ် ဖြစ်ပြီ”

စုန့်ဝမ် ဝိညာဥ်ကျောက်တစ်ရာပေးပြီး မိုးကြိုးမှော်အဆောင်နှစ်ခုလုံး ဝယ်လိုက်တယ်။

အရောင်းအဝယ်ပြီးတာနဲ့ အကိုရှုက စုန့်ဝမ်ကို ခပ်တိုးတိုးမေးတယ်။

“ငါ့ညီက ဂိုဏ်းတာဝန်နဲ့ အပြင်ထွက်မလို့လား”

စုန့်ဝမ် မျက်နှာပျက်ပြီး သံသယနဲ့ ပြန်ကြည့်လိုက်မိတယ်။

အကိုရှုက ဒါကို သတိထားမိပြီး အမြန်ရှင်းပြတယ်။

“စိတ်မပူပါနဲ့၊ ဒါက လူတိုင်း တစ်နှစ်တစ်ခါ ထမ်းဆောင်ရတာလေ။ မင်းလို ဂိုဏ်းထဲပဲ အမြဲနေတဲ့သူက ရုတ်တရက်ကြီး လက်နက်ကိရိယာတွေ လိုက်ဝယ်နေတော့ သိသာတာပေါ့ကွ”

စုန့်ဝမ် စိတ်အေးသွားပေမယ့် တစ်ဖက်လူ ဘာဖြစ်လို့ မေးလဲဆိုတာ သိချင်နေသေးတယ်။

“အကိုရှုက ဒီလိုမေးတယ်ဆိုတော့ အကြံပေးစရာ၊ ကမ်းလှမ်းစရာတစ်ခုခု ရှိလို့လား”

“အကြံပေးစရာတော့ မရှိဘူး။ မင်းစိတ်ဝင်စားလောက်မယ့် ပစ္စည်းတစ်ခုတော့ ရှိတယ်”

“ဘာများလဲ၊ ပြပါဦး”

“အဆိပ်၊ ကောင်းကင်မီးအဆိပ်လို့ ခေါ်တယ်။ ချီစုစည်းခြင်း အလယ်အလတ်အဆင့်ဆို ချက်ချင်းတန်းသေတယ်။ သတ္ထမနဲ့ အဋ္ဌမဆို အဆိပ်ဒဏ်ခံရပြီး ခွန်အားတစ်ဝက်လောက် ကျသွားနိုင်တယ်။ နဝမအဆင့်တောင် မီးဖိုထဲ ထည့်လှော်သလို ခံစားရတယ်၊ အချိန်တိုအတွင်း မချေဖျက်နိုင်ဘူး”

“ဒီလိုအဆိပ်မျိုး တကယ်ရှိတာလား၊ ရောင်းမှာလား”

“ဟား ဟား .. မင်းကလည်း စျေးသည်ကို ရောင်းမလား မေးရတယ်လို့၊ ရောင်းချင်လို့ ပြောတာပေါ့ကွ။ ဒီလထဲ ငါက နဝမအဆင့် တက်ခဲ့ပြီးပြီ။ ငါ့လည်း မထိခိုက်သလို၊ သုံးစရာလည်း မလိုလို့ ရောင်းဖို့ စိတ်ကူးတာ”

“အား .. ဂုဏ်ယူပါတယ် အကိုရှု၊ နောက်ဆို အခြေတည်အဆင့် ရောက်တော့မှာပေါ့။ ဂုဏ်ယူပါတယ်ဗျာ”

စုန့်ဝမ်က ဦးညွှတ်အရိုအသေပြုရင်း စိတ်ရင်းနဲ့ ဂုဏ်ပြုလိုက်တယ်။ အကိုရှုက ချန်ယီပြီးရင် တစ်ဦးတည်းသော အသိအကျွမ်းလေ။

အကိုရှုလည်း စုန့်ဝမ်စိတ်ရင်းကို ရိပ်စားမိလို့ ကျေနပ်သွားတယ်။

“ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အဆိပ်ရော ယူမှာလား”

“လိုချင်တာပေါ့ဗျာ။ ဒါပေမယ့် စျေးမတတ်နိုင်မှာ စိုးရိမ်တယ်”

“ဒီအဆိပ်က ၁၀ စက် ရှိတယ်။ တတ်နိုင်သလောက် တစ်စက်၊ နှစ်စက် ခွဲဝယ်လည်း ရတယ်။ တစ်စက်ကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀”

“နည်းနည်းစျေးကြီးသလိုပဲ၊ ဒီအဆိပ်က ရန်သူကို ထိမှ အာနိသင်ပြတာ မဟုတ်လား”

ခဏလောက် စျေးညှိပြီး ကောင်းကင်မီးအဆိပ် ၁၀ စက်လုံးကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၂၀ နဲ့ ဝယ်ခဲ့လိုက်တယ်။ အကိုရှုကလည်း စုန့်ဝမ်ကို ခင်မင်တာကြောင့် တမင်လျှော့ပေးခဲ့တာ။ နတ်ဆိုးဂိုဏ်းထဲမှာ တစ်ဂိုဏ်းတည်းသားချင်းတောင် စိတ်ရင်းနဲ့ ဆက်ဆံလို့ရသူဆိုတာ လက်ချိုးရေလို့ ရတယ်လေ။ တာဝန်အရ အပြင်ထွက်ခါနီးမှာ လက်နက်ကိရိယာအစုံ လိုက်ဝယ်နေတဲ့ စိုးရိမ်စိတ်များသူမှာ လက်ကျန်ဝိညာဥ်ကျောက် နည်းနေမှာကိုလည်း သူသိတယ်။

စုန့်ဝမ်လည်း ကောင်းကင်မီးအဆိပ်ကို ယူပြီးတာနဲ့ အကိုရှုကို နှုတ်ဆက်ပြီး ဆက်ထွက်လာခဲ့တယ်။ ​ချန်ယီကို မေးစရာရှိလို့ လိုက်ရှာပေမယ့် ဘယ်မှာမှ မတွေ့ရဘူး။ ဒါနဲ့ ပျံသန်းခြင်းအဆောင် ၅ ခု၊ မြန်နှုန်းမြှင့်အဆောင် ၆ ခု၊ ချီစုစည်းခြင်း အလယ်အဆင့်ကို ခြိမ်းခြောက်နိုင်တဲ့ မိုးကြိုးဗုံးဆိုတဲ့ ဖောက်ခွဲ​ရေးပစ္စည်း ၁၀ ခု ဝယ်ပြီး ပြန်လာခဲ့တယ်။

အခုဆို သူ့မှာ တိုက်ခိုက်ရေးနဲ့ ခုခံကာကွယ်ရေး လက်နက်ကိရိယာ အလုံအလောက် ရှိနေပြီ။ စစ်ထွက်ခါနီး လက်နက်ကိရိယာအစုံ တပ်ဆင်ပြီးတဲ့ စစ်သည်လို ယုံကြည်မှုလည်း မြင့်မားနေပြီ။ တစ်ခုပဲ လိုတော့တယ်၊ ချန်ယီကို သက်တံမြက်အကြောင်း မေးဖို့လေ။ ချန်ယီ​က ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ လုပ်နေတာဆိုတော့ သူသိနိုင်တယ်။

ခရီးထွက်ခါနီး အကြီးအကဲရှန်ဆီက သိသင့်သလောက် သိခွင့်ရဖို့ ​မျှော်လင့်ထားပေမယ့် နတ်ဆိုးဂိုဏ်းအကြီးအကဲတွေစိတ်ကို မယုံစားရဲလို့ တတ်နိုင်သမျှ သတင်းစုထားချင်ခဲ့တာ။

……………

All Chapters