တစ္ဆေဦးခေါင်းဒိုင်း သန့်စင်မယ်
Vol. 4 Ch. 51
စုန့်ဝမ်လည်း စျေးထဲမှာ ချန်ယီကို ရှာမရတဲ့အဆုံး ဆက်သွယ်ရေးအဆောင်ကိုပဲ အသုံးချပြီး စာပို့ထားလိုက်ရတယ်။
'ညီမချန် .. သက်တံမြက်အကြောင်း အသေးစိတ် သိချင်တယ်။ မင်းဆီမှာ သတင်းအချက်အလက် ရှိလား'
အတန်ကြာတဲ့အထိ တုန့်ပြန်တာ မရှိလို့ အဆောင်ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်တယ်။ ချန်ယီ တစ်ခုခု အလုပ်ရှုပ်နေတာ ဖြစ်နိုင်တယ်။ အားတဲ့အချိန် မက်ဆေ့တွေ့ပြီး ပြန်ဆက်သွယ်လာဖို့ မျှော်လင့်ရတာပဲ။
ချန်ယီဆီ မက်ဆေ့ပို့ပြီးတာနဲ့ စုန့်ဝမ် တစ္ဆေဦးခေါင်းဒိုင်းကို သန့်စင်ဖို့ ပြင်ဆင်တယ်။ တင်ပလ္လင်ခွေ ထိုင်ပြီး တစ္ဆေဦးခေါင်းဒိုင်းကို ရှေ့တည့်တည့်မှာ ချတယ်။ ပြီးတော့ စိတ်ကို စုစည်းပြီး သွေးနဲ့ချီကို လည်ပတ်လိုက်တယ်။ ခဏနေတော့ နဖူးကနေ သွေးအနှစ် နှစ်စက် စီးကျလာပြီး တစ္ဆေဦးခေါင်းဒိုင်းပေါ် ကျရောက်သွားတယ်။ သိပ်မကြာခင် သွေးအနှစ်တွေ ထပ်ထွက်ပေါ်လာပြီး တစ္ဆေဦးခေါင်းဒိုင်းအပေါ် တစ်စက်ပြီး တစ်စက် ကျလာတယ်။
ခဏနေတော့ ဒိုင်းဆီက သွေးနီရောင်အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ သိပ်မကြာခင် ဒိုင်းဆီက အနက်ရောင်မြူခိုးတွေ ထွက်ပေါ်လာပြီး၊ ချက်ချင်းဆိုသလို ဆယ်ပေလောက်မြင့်တဲ့ အငြိုးကြီးတစ္ဆေအသွင် ပြောင်းသွားတယ်။ မည်းနက်နေတဲ့ အငြိုးကြီးတစ္ဆေက အစွယ်တွေ ထုတ်ပြီး ခြိမ်းခြောက်ရန်မူနေပေမယ့် အစီအရင်တွေကြောင့် ဒိုင်းနားက မခွာနိုင်ဖြစ်နေတယ်။
စုန့်ဝမ်က ဂရုမစိုက်ဘဲ သန့်စင်တဲ့အလုပ်ကို ဆက်လုပ်ပြီး သွေးအနှစ်တွေ ဆက်တိုက်ချပေးနေတယ်။ သွေးအနှစ် တစ်ရာလောက် ဆက်တိုက်ချပေးပြီးမှ အငြိုးကြီးတစ္ဆေ ကျေနပ်သွားဟန်နဲ့ ငြိမ်ကျပြီး ဒိုင်းထဲ ပြန်ဝင်သွားတယ်။ တစ္ဆေပြန်ဝင်သွားတာနဲ့ စုန့်ဝမ်လည်း ဝိညာဥ်စွမ်းအားကို တစ္ဆေဒိုင်းထဲ ထည့်သွင်းပြီး သန့်စင်မှုကို အရှိန်မြှင့်တင်လိုက်တယ်။
နှစ်နာရီလောက် ကြာပြီးချိန် တစ္ဆေဦးခေါင်းဒိုင်းကို သန့်စင်တာ ပြီးစီးသွားတယ်။ စုန့်ဝမ်လည်း တစ္ဆေဦးခေါင်းဒိုင်းကို ပွတ်သပ်ကြည့်ရင်း ကျေနပ်နေတယ်။ တကယ်ဆို ချီစုစည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ပထမအဆင့် အဆင့်မြင့်ဝိညာဥ်လက်နက်ကို သန့်စင်ဖို့ဆိုတာ ဆယ်ရက်လောက် အချိန်ယူရတယ်။ လိုအပ်တဲ့ သွေးအနှစ်နဲ့ ဝိညာဥ်စွမ်းအင် ထည့်သွင်းဖို့ တစ်ရက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စုန့်ဝမ်သာ ကျင့်ကြံမှုအဆင့်နဲ့ မဆီလျော်တဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်စွမ်းအင် ပိုင်ဆိုင်ထားလို့ အရဲစွန့် လုပ်နိုင်တာ။
တစ္ဆေဦးခေါင်းဒိုင်း သန့်စင်ပြီးလို့ အနားယူနေချိန် ဆက်သွယ်ရေးအဆောင်ဆီက မက်ဆေ့ရောက်ကြောင်း အချက်ပြတဲ့ တုန်ခါမှု ထွက်ပေါ်လာတယ်။ ဖွင့်ကြည့်တော့ ထင်တဲ့အတိုင်းပဲ၊ စုန့်ဝမ် မျှော်လင့်နေတဲ့ ချန်ယီဆီက ပြန်စာ။
'သက်တံမြက်ပင်က အဆိပ်ငွေ့ရွှံ့နွံတောမှာ သီးသန့်ပေါက်တဲ့ ဝိညာဥ်ဆေးပင်ပါ။ ဂိုဏ်းက ဆေးဥယျာဥ်မှာ မစိုက်လို့ အသေးစိတ် မသိဘူး'
စုန့်ဝမ်က လက်လျှော့ဖို့ စိတ်ကူးမရှိဘူး။ ချန်ယီ မသိရင်တောင် ဆေးခန်းမက စီနီယာတွေ ကျိန်းသေသိမှာပဲ မဟုတ်လား။
'ညီမချန်က ဆေးခန်းမကလူလေ၊ သတင်းအချက်အလက် စုံစမ်းပေးလို့ ရမလား။ သင့်တော်တဲ့ အကျိုးဆောင်ခ ပေးမယ်လေ'
ခဏနေတော့ ချန်ယီဆီက မက်ဆေ့ ပြန်ဝင်လာတယ်။
'အကို့အတွက် အရေးကြီးလား၊ ဒါဆို ကျန်းရှောင်ဖန်းကို အကူအညီတောင်းပြီး စုံစမ်းပေးမယ်'
ကျန်းရှောင်ဖန်းက ဆေးခန်းမ အကြီးအကဲတစ်ယောက်ရဲ့ တပည့်ဆိုတော့ သူ့ဆရာမျက်နှာနဲ့ဆို သတင်းအချက်အလက် စုံစုံလင်လင် ရနိုင်မှာ တွေးမိလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။
'အဆင်ပြေတာပေါ့၊ အဆိပ်ငွေ့ရွှံ့နွံတောကို စောင့်ရှောက်တဲ့ ယန်မိသားစုအကြောင်းပါ သိရရင် ပိုအဆင်ပြေတယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက် ၃၀ ပေးမယ်။ ဒါပေမယ့် နှစ်ရက်ပဲ အချိန်ရမယ်'
'စိတ်ချ အကို၊ ညီမ အမြန်ဆုံး ပြန်ဆက်သွယ်ပေးမယ်'
ချန်ယီဆီက မက်ဆေ့ချက်ချင်း ပြန်ဝင်လာတယ်။
ချန်ယီလစာက အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၀ လုံးပဲ ရှိတာလေ။ အမြင့်ဆုံးရတဲ့ စုန့်ဝမ်လို အလောင်းခွဲစိတ်သူတောင် ၂၀ ပဲ ရတာ။ မမက် ဘယ်နေပါ့မလဲ။ အချိန်ကန့်သတ်ရတာက ခရီးမထွက်ခင် သိဖို့ လိုအပ်တာကြောင့်ပါ။ ဆက်သွယ်ရေးအဆောင်က အကွာအဝေး ကန့်သတ်ချက် ရှိတယ်။ မိုင် ၆၀၀ ကျော်ခရီးမှာ ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး။
---
နောက်နှစ်ရက်အကြာ ညနေပိုင်းမှာ အလောင်းရုပ်သေးသန့်စင်တာ ပြီးသွားလို့ အနီရောင်ခေါင်းတလားကြီးအဖုံးကို ဖွင့်လိုက်တယ်။ ချက်ချင်းဆိုသလို အခေါင်းထဲကနေ အရပ် ၆ ပေကျော်မြင့်တဲ့ အလောင်းရုပ်သေး အပြင်ခုန်ထွက်လာတယ်။ ပြင်းထန်တဲ့ အလောင်းချီအငွေ့အသက်တွေလည်း ထွက်ပေါ်လာတယ်။ မြေပြင်ပေါ် ခြေစုံရပ်မိတာနဲ့ ခေါင်းမော့ပြီး ပြန်ရှင်သန်လာတဲ့ အထိမ်းအမှတ်လားတော့ မသိ၊ ဝမ်းခေါင်းသံကြီးနဲ့ အော်လိုက်တယ်။
"ဝေါင်း .."
အလောင်းရုပ်သေးအသံကြောင့် စုန့်ဝမ် ကြောင်သွားတယ်။ လူသားအလောင်းကို သန့်စင်ပါတယ်ဆိုမှ ဘာ'ဝေါင်း'လဲဟ။ ထားပါတော့၊ လူမှ မဟုတ်တော့တာ၊ အော်ချင်သလို အော်ပါစေ။
စုန့်ဝမ်လည်း ဟိန်းဟောက်ပြီးတာနဲ့ မလှုပ်မယှက် ရပ်နေတဲ့ အလောင်းရုပ်သေးကို လှည့်ပတ်ကြည့်ရင်း သေချာစစ်တယ်။ အသားအရောင်က အညိုရင့်ရင့်ဆိုတော့ သံချေးရောင်လောက် မဆိုးဘူး၊ အဆင်ပြေတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ခြောက်ကပ်ကျုံလီပေမယ့် မာကျောတယ်။ တကယ့် လက်နက်ကောင်းတစ်ခုပဲ။
စုန့်ဝမ် ကျေနပ်ပီတိဖြစ်နေချိန် ဆက်သွယ်ရေးအဆောင်ဆီက မက်ဆေ့ရောက်ကြောင်း အချက်ပေးချက် ထွက်ပေါ်လာတယ်။ ဖွင့်ကြည့်တော့ ချန်ယီဆီကမက်ဆေ့။ အချိန်မီလေးပဲ။
'အကိုကျိယင် .. ထမင်းစားဆောင်မှာ ညီမ စောင့်နေတယ်'
စုန့်ဝမ် ဝမ်းသာသွားတယ်။ မနက် ခရီးမထွက်ခင် သတင်းအချက်အလက် စုံစုံလင်လင် ရတော့မယ် မဟုတ်ပါလား။ အချိန်ဆိုင်းမနေတော့ဘဲ အလောင်းရုပ်သေးကို ခေါင်းတလားထဲ ပြန်ဝင်ခိုင်းပြီး ထမင်းစားဆောင်ဆီ ထွက်လာခဲ့တယ်။
........
ထမင်းစားဆောင်ရောက်တော့ ထမင်းစားချိန်ဖြစ်လို့ လူစည်နေပြီ။ ချန်ယီကို ရှာတော့ ထမင်းပွဲတွေ ယူပြီး စားပွဲအလွတ်တစ်လုံးမှာ ဝင်ထိုင်တာ တွေ့လိုက်ရတယ်။ စုန့်ဝမ်လည်း စားစရာတွေ ယူပြီးတာနဲ့ ချန်ယီထိုင်တဲ့စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ စားပွဲက အစွန်ကျတော့ လူရှင်းပြီး စကားပြောရတာ အဆင်ပြေတယ်။ နှစ်ယောက်လုံး အပြင်စည်းတပည့်ဝတ်စုံ ဝတ်ဆင်ထားလို့ လုပ်သားတပည့်တွေက အနီးနားစားပွဲတောင် လာမထိုင်ဘူး၊ အလိုက်တသိ ရှောင်ပေးကြတယ်။
စုန့်ဝမ် ထိုင်လိုက်တာနဲ့ ချန်ယီက ကျောက်စိမ်းပြားလေးတစ်ခု ပေးတယ်။
"ဒီထဲမှာ အကို လိုချင်နေတဲ့ သက်တံမြက်ပင်အချက်အလက်ရော၊ ယန်မိသားစုအကြောင်းပါ ပါတယ်"
"ကျေးဇူးပါ ညီမ"
ကျောက်စိမ်းပြားကို လက်ခံယူပြီးတာနဲ့ ကျေးဇူးစကားဆိုရင်း ဝိညာဥ်ကျောက်တွေ ထည့်ထားတဲ့အိတ်လေး ချန်ယီ့ကို ပေးလိုက်တယ်။
အိတ်ကို စစ်ကြည့်ပြီးတာနဲ့ ချန်ယီမျက်နှာ ပြုံးရွှင်သွားတယ်။
"အကိုက ယန်မိသားစုကို စစ်ဆေးရမယ့်တာဝန် လက်ခံထားတာလား"
"ဟုတ်တယ်၊ ဒါနဲ့ ဒီသတင်းအချက်အလက်တွေကို ဘယ်ကရတယ်ဆိုတာ အကို့ကို ပြောပြလို့ရမလား"
သတင်းခိုင်မာမှု ရှိ၊ မရှိ တွက်ဆနိုင်ဖို့ သတင်းရင်းမြစ်ကို စုန့်ဝမ် သိချင်နေတယ်။
ချန်ယီကလည်း ဒါကို သဘောပေါက်တယ်။ တန်ဖိုးကြီးကြီး ပေးချေထားတဲ့ အရောင်းအဝယ်မှာ သူ့ဘက်ကလည်း အာမခံချက် ပေးရမယ်လေ။
"ရပါတယ်၊ ဒီအချက်အလက်တွေက ကျန်းရှောင်ဖန်းဆီကတဆင့် ရလာတဲ့ သူ့ဆရာရဲ့ သတင်းအချက်အလက်တွေပါ"
စုန့်ဝမ် ကျေနပ်စိတ်ချသွားတယ်။ ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက်ဆီက သတင်းအချက်အလက်ဆိုမှတော့ ဒီထက် စိတ်ချရတာ မရှိနိုင်တော့ဘူး။ ဒါတွေ ရဖို့ ချန်ယီ အတော်ကြိုးစားရမယ်ဆိုတာ ရိပ်မိပေမယ့် သူကလည်း စကားမစလို့ မမေးဖြစ်တော့ဘူး။ သူပေးတဲ့စျေးနှုန်းက ထိုက်တန်လို့ ချန်ယီ လက်ခံခဲ့တာ မဟုတ်လား။
"ညီမရော ဂိုဏ်းတာဝန် လုပ်ပြီးပြီလား"
"မပြီးသေးဘူး၊ ပြီးခါနီးပြီ။ အဲဒါ အကို့ကို ကျေးဇူးတင်ရမှာ"
"အမ် .. ဘာလို့လဲ"
"အော် .. ဒီလိုပါ၊ ညီမတာဝန်က ပထမအဆင့် ဆေးပင်ဖြစ်တဲ့ မီးဝိညာဥ်မြက် ၅ ပင် စုဆောင်းဖို့ပါ။ အဲဒါက အပူရှိန် အရမ်းမြင့်တဲ့နေရာမှာပဲ ပေါက်တယ်။ အနီးဆုံးနေရာက နဂါးမီးတောင်မှာ၊ ဒီကနေဆို မိုင်ထောင်ချီ ဝေးတယ်။ အားကောင်းတဲ့သားရဲတွေ၊ အဆိပ်ပြင်းအင်းဆက်တွေ၊ ကြမ်းတမ်းတဲ့ လေလွင့်ကျင့်ကြံသူတွေနဲ့ ပြည့်နေတယ်တဲ့။ ညီမလို ချီစုစည်းခြင်း ဒုတိယအဆင့်လေးက ဘယ်သွားရဲမှာလဲ။ အဲဒီက ပြန်လာတဲ့ နဝမအဆင့် စီနီယာတစ်ယောက်က ယူလာတော့ သူ့ဆီက ပြန်ဝယ်ရတယ်လေ။ တောင်းတဲ့စျေးက အရမ်းမြင့်တော့ ညီမ စုထားတာနဲ့ မလောက်ဘူး၊ ဝိညာဥ်ကျောက် ၂၀ လိုနေတာ။ အဲဒီအချိန် အကို့ဆီက ရလိုက်တာနဲ့ အတော်ဖြစ်သွားတယ်။ အဲဒါကြောင့် ကျေးဇူးပါလို့"
စုန့်ဝမ် အခုမှ ဇတ်ရည်လည်သွားတယ်။ ချန်ယီက ဝိညာဥ်ကျောက်ရလို့ ပျော်နေတာ မဟုတ်ဘဲ၊ ဂိုဏ်းတာဝန် ပြီးဆုံးတော့မှာဖြစ်လို့ ပျော်နေတာပဲ။ ဟုတ်ပါတယ်လေ၊ ဝာာဝန်မကျေရင် ပြစ်ဒဏ်က ကြီးတာကိုး။ အဆင်မသင့်ရင် အလောင်းရုပ်သေးတောင် ဖြစ်သွားနိုင်တယ် မဟုတ်လား။ ချန်ယီတာဝန်က အန္တရာယ်များသယောင် ရှိပေမယ့်၊ နည်းလမ်းတွေ့တော့ အရမ်းလွယ်သွားတယ်။ သူ့တာဝန်က လွယ်မလိုလိုနဲ့ အပြင်ကို မဖြစ်မနေထွက်ပြီး လှုပ်ရှားရမှာဆိုတော့ အန္တရာယ် ကြုံရနိုင်သေးတယ်။
"ညီမ အဆင်ပြေတယ်ဆိုရင် အကို ဝမ်းသာပါတယ်"
သူတို့နှစ်ယောက် ထမင်းစားရင်း အတန်ကြာ စကားပြောနေကြတယ်။ စားသောက်ပြီးတော့မှ လမ်းခွဲခဲ့ကြတယ်။
......