← Chapters

အကြီးအကဲရှန်

Vol. 4 Ch. 52

အကြီးအကဲရှန်

Vol. 4 Ch. 52

လိုဏ်ဂူဆီ ပြန်ရောက်တာနဲ့ စုန့်ဝမ် ရလာတဲ့ သတင်းအချက်အလက်တွေကို ချက်ချင်း လေ့လာတယ်။ ပထမအပိုင်းက သက်တံမြက်ပင်အကြောင်း၊ ပထမအဆင့် ဝိညာဥ်ဆေးပင်ဆိုပေမယ့် သက်တမ်းတစ်ရာပြည့်မှ ဆေးဖော်လို့ရတော့ ရှားပါးပြီး တန်ဖိုးကြီးတယ်။ အစောပိုင်းမှာက သာမန်မြက်အတိုင်းပဲ၊ မထူးခြားဘူး။ ဆယ်နှစ်ပြည့်တဲ့အချိန် အနီရောင်ကွင်းလေး စပေါ်လာတော့မှ သက်တံမြက် အသွင်ပြောင်းဖြစ်စဥ် အစပြုတယ်။ နောက်ပိုင်း ဆယ်နှစ်တစ်ကြိမ် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာနဲ့ ခရမ်းရောင်ဆိုပြီး ကွင်းလေး ၇ ကွင်း ပေါ်တယ်။ အဲဒီနောက် နှစ်တစ်ရာ ပြည့်တော့မှ အနက်ရောင်ကွင်း ထပ်ပေါ်လာပြီး ပြီးပြည့်စုံတဲ့ ဆေးဖက်ဝင်ဝိညာဥ်ဆေးပင် ဖြစ်လာတာ။ အဲဒီအဆင့်ရောက်မှ ချီစုစည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူတွေကို ဝိညာဥ်စွမ်းအင် မြှင့်တင်ပေးနိုင်မယ့် အဆင့်မြင့်ချီဆေးလုံး သန့်စင်ရာမှာ အဓိကဆေးအမယ် ဖြစ်လာတယ်။

နောက်တစ်ပိုင်းက ယန်မိသားစုအကြောင်း၊ ယန်မျိုးနွယ်မိသားစုက အဆိပ်ငွေ့ရွှံ့နွံဒေသမှာ အခြေပြုထားတဲ့ အလောင်းနတ်ဆိုးဂိုဏ်းသစ္စာခံ အခြေတည်အဆင့် (အခြေခံတည်ဆောက်ခြင်းအဆင့်) ကျင့်ကြံသူ ဦးစီးတဲ့မိသားစု။ ပြင်ပလူတွေ ဝင်ရောက်ဖို့ ခက်ခဲတဲ့နေရာမှာ ကာလရှည်ကြာ မျိုးဆက်အဆက်ဆက် အခြေချခဲ့တော့ သူတို့ရဲ့သီးသန့်နယ်မြေလို ဖြစ်လာတယ်။

ယန်မိသားစုခေါင်းဆောင်က အစွမ်းထက်မြက်တဲ့ အခြေတည်အဆင့် ကျင့်ကြံသူဖြစ်ပြီး လက်ရှိမှာ ယန်မျိုးနွယ်ရဲ့ တစ်ဦးတည်းသော အခြေတည်အဆင့်မဏ္ဍိုင် ဖြစ်တယ်။ ဒါပေမယ့် အသက်အရွယ် ကြီးရင့်ပြီး ရွှေအမြုတေအဆင့် မတက်လှမ်းနိုင်လို့ ဘဝနေဝင်ချိန် နီးနေပြီ၊ လူမြင်ကွင်း ထွက်မလာတာလည်း ကြာပြီ။ ကွယ်လွန်သွားပြီလို့ ကောလဟလ ပြန့်နေပေမယ့် မိသားစုက တရားဝင် မထုတ်ပြန်တာကြောင့် သေချာမသိရသေးဘူးတဲ့။

ယန်မိသားစုမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ၁၃ ယောက် ရှိတယ်။ အဲ့ထဲက လက်ရှိမှာ မိသားစုကို ဦးဆောင်နေတဲ့ ယန်ကျန့်ဖျင်က ချီစုစည်းခြင်း အထွတ်အထိပ်အဆင့်။ ဒါပေမယ့် အသက် ၆၀ ကျော်ပြီဖြစ်လို့ အခြေတည်အဆင့်ကို မရောက်နိုင်တော့ဘူး။ တတိယညီ ယန်ကောင်းက ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူ။

နောက်တစ်ယောက်ကိုတော့ စုန့်ဝမ် အတော်လေး စိတ်ဝင်စားသွားတယ်။ ယန်ယဲ့ဝမ်ဆိုတဲ့ မိန်းကလေး၊ အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ရောက်နေပြီ။ ဒါက အလောင်းနတ်ဆိုးဂိုဏ်းမှာတောင် ရှားပါးတဲ့ ပါရမီရှင်ပဲ။

အားလုံး လေ့လာပြီးတာနဲ့ မနက် ခရီးထွက်ရမှာဖြစ်လို့ စုန့်ဝမ် စောစောအိပ်လိုက်တယ်။

......

နောက်တစ်နေ့ မနက်၊ စုန့်ဝမ် အိပ်ယာက စောစောထ၊ ရေမိုးချိုးပြီး ထမင်းသွားစားတယ်။ စားပြီးတာနဲ့ ယူသွားမယ့်ပစ္စည်းတွေ စနစ်တကျ ထုပ်ပိုးသယ်ဆောင်ပြီး ဆေးဝါးခန်းမဆီ ထွက်လာခဲ့တယ်။

ဆေးဝါးခန်းမက တောင်ပေါ်မှာ မရှိဘဲ၊ အလောင်းနတ်ဆိုးတောင်ရဲ့ အနောက်မြောက်ဘက် တောင်ခြေတစ်နေရာမှာ တည်ထားတယ်။ အဲဒီနေရာက မြေအောက်သဘာဝမီးတောက်တွေ ထွက်ပေါ်နေပြီး ဆေးဝါးဖော်စပ်ရာမှာ အများကြီး အထောက်အကူပြုတယ်လို့ ဆိုတယ်။

စုန့်ဝမ် ရောက်သွားချိန်က ဆေးဝါးခန်းမခြံဝင်း ဖွင့်ချိန်ထက် နာရီဝက်လောက် စောနေလို့ ဂိတ်တံခါးအပြင်မှာ ထိုင်စောင့်နေရတယ်။ အရေးပါတဲ့ခန်းမဖြစ်လို့ အစောင့်တွေကို နေရာအနှံ့ ထူထူထပ်ထပ် ချထားတယ်။ တံခါးဖွင့်ချိန်ရောက်လို့ တံခါးဖွင့်တော့မှ တံဆိပ်ပြားတွေ ပြသပြီး ဝင်လာခဲ့လိုက်တယ်။

ဆေးဝါးခန်းမခြံဝင်းက ဧကတစ်ရာကျော်လောက် ကျယ်လိမ့်မယ်။ ခမ်းနားတဲ့ အဆောက်အဦးတွေလည်း မနည်းဘူး။ အစောင့်တစ်ယောက် လိုက်ပို့တာကြောင့် စုန့်ဝမ် အခက်အခဲ မရှိဘဲ အကြီးအကဲရှန်ရဲ့ ခြံဝန်းဆီ ရောက်လာခဲ့တယ်။ အစောင့်က သတင်းသွားပို့ပေးပေမယ့် ဝင်ခွင့်မပြုသေးလို့ ခြံပြင်က နားနေဆောင်မှာပဲ ထိုင်စောင့်နေရတယ်။

သိပ်မကြာခင် အစောင့်က လူငယ်တစ်ယောက်ကို လမ်းပြရင်း ရောက်လာပြန်တယ်။ အဲဒီလူငယ်က ခံ့ညားချောမောတယ်။ စုန့်ဝမ် သတိထားလိုက်မိတာက သူ့ရဲ့ နွေးထွေးပွင့်လင်းတဲ့ဟန်ပန်၊ ဒါက အလောင်းနတ်ဆိုးဂိုဏ်းမှာ အရမ်းရှားတဲ့ပုံစံ။ ပြင်းထန်တဲ့ကျင့်စဥ်တွေနဲ့ အားပြင်းတဲ့အလောင်းချီကြောင့် ဂိုဏ်းတပည့်တိုင်းလိုလို အေးစက်ပြီး ခက်ထန်မာကျောတဲ့ဟန် ပေါက်နေကြတယ်။ စုန့်ဝမ်တောင် ချွင်းချက် မဟုတ်ဘူး။ အတော်လေး အေးစက်တဲ့ဟန် ပေါ်နေပြီ။

အစောင့်နဲ့အတူပါလာတဲ့သူက စုန့်ဝမ်ကို မြင်တာနဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာတယ်။

"ငါ့ညီက သက်တံမြက် စစ်ဆေးတာဝန်အတွက် လာခဲ့တာလား"

"ဟုတ်ပါတယ် .. စီနီယာက ဘယ်သူလဲ မသိဘူး"

စုန့်ဝမ်က မတ်တပ်ရပ် ဦးညွှတ်ရင်း လေးလေးစားစား ဖြေလိုက်တယ်။

ရောက်လာသူက ချီစုစည်းခြင်း သတ္တမအဆင့်ခွန်အားကို သိသာအောင် ထုတ်လွှတ်ပြရင်း ပြန်ဖြေလာတယ်။

"ဒါဆို ဂိုဏ်းတူညီငယ်ကျိယင်ပေါ့။ ငါက ကောထောင်ပါ"

လူပုံစံက ထူးခြားသလို နာမည်ကလည်း ထူးခြားတယ်လို့ စုန့်ဝမ် တွေးမိသွားတယ်။

"ကျနော်က အားနည်းသူဖြစ်လို့ ဒီခရီးမှာ ဂိုဏ်းတူအကိုကပဲ ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်"

စုန့်ဝမ်နဲ့ ကောထောင် စကားပြောနေချိန် ခြံဝန်းထဲက စကားသံ ရုတ်တရက် ထွက်ပေါ်လာတယ်။

"မင်းတို့က ယန်မိသားစုဆီ သက်တံမြက်ပင် သွားစစ်ဆေးမယ့် ကောထောင်နဲ့ ကျိယင်လား"

စကားသံဆုံးနဲ့ အေးစက်တဲ့ဟန်ပန်နဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် သူတို့ရှေ့မှာ ပေါ်လာတယ်။

ဒီလူက အကြီးအကဲရှန်ဖြစ်မှာ ရိပ်မိတဲ့ စုန့်ဝမ်နဲ့ ကောထောင်တို့ ချက်ချင်း အရိုအသေပြုလိုက်တယ်။

"တပည့်ကျိယင် အကြီးအကဲကို ဂါရဝပြုပါတယ်"

"တပည့်ကောထောင် အကြီးအကဲကို ဂါရဝပြုပါတယ်"

"မင်းတို့ တပည့်တံဆိပ်နဲ့ တာဝန်တံဆိပ်တွေ ငါ့ကိုပေး"

စုန့်ဝမ်နဲ့ ကောထောင်တို့ တံဆိပ်ပြားတွေ ထုတ်ပေးလိုက်ကြတယ်။ အကြီးအကဲရှန်က သေချာစစ်ဆေး အတည်ပြုပြီးမှ ပြန်ပေးတယ်။ နောက်ထပ် ကျောက်စိမ်းတံဆိပ်ပြားနှစ်ခု ထုတ်ယူပြီး တစ်ယောက်တစ်ခု ပေးတယ်။

"ဒီထဲမှာ မင်းတို့လုပ်ရမယ့် အကြောင်းအရာ ပါတယ်။ ငါထပ်သတိပေးမယ်၊ သက်တံမြက်ပင်ကို စစ်ဆေးအကဲဖြတ်တဲ့အခါ သတိထားပြီး သေချာလုပ်ပါ။ ယန်မိသားစုနဲ့ ပူးပေါင်းပြီး

အလွဲသုံးစားလုပ်ဖို့ လုံးဝမတွေးနဲ့။ အမှားတစ်ခု ကျူးလွန်မိတာနဲ့ ပြင်းထန်တဲ့ပြစ်ဒဏ် ကျခံရမယ်။ နားလည်လား"

"ဟုတ်ကဲ့ .. စိတ်ချပါ၊ ကျနော်တို့ အစွမ်းကုန် ကြိုးစားပါမယ်"

"ကောင်းပြီ၊ သွားကြတော့"

ပြောပြီးတာနဲ့ အကြီးအကဲရှန်က ခြံဝင်းထဲ ပျံသန်းဝင်ရောက်သွားတယ်။

စုန့်ဝမ်လည်း ကောထောင်နဲ့အတူ ချက်ချင်းထွက်လာခဲ့တယ်။ စုန့်ဝမ် ခြေလှမ်း ၃ လှမ်းတောင် မပြည့်သေးဘူး၊ စိတ်ထဲမှာ အကြီးအကဲရှန်ရဲ့အသံ ပဲ့တင်ရိုက်ပြီး ထွက်ပေါ်လာတယ်။

"ကောင်လေး၊ မင်းတာဝန်က ကောထောင်ကို စောင့်ကြည့်ဖို့ပဲ။ သူမဟုတ်တာ တစ်ခုခုလုပ်ရင် ပြန်ရောက်တဲ့အချိန် ငါ့ကို သတင်းပို့။ ဒါကို ပေါ့ပေါ့ဆဆ မတွေးနဲ့၊ ပျက်ကွက်ရင် သေတာထက်ဆိုးတဲ့ပြစ်ဒဏ် ကျခံရမယ်"

စုန့်ဝမ် လန့်သွားပေမယ့် ဟန်မပျက်အောင်ထိန်းရင်း ထွက်လာခဲ့တယ်။ ဒါက သူတစ်ယောက်တည်း ကြားတာဆိုတော့ အကြီးအကဲရှန်က စိတ်ချင်းဆက်သွယ်မှုနည်းစနစ် သုံးပြီး ညွှန်ကြားလိုက်တာပဲ။ ပြဿနာက ချီစုစည်းခြင်း သတ္ထမအဆင့်ရှိတဲ့ ကောထောင်ကို ဘယ်လိုစောင့်ကြည့်ရမယ် ဆိုတာပဲ။ တစ်ခုခု တွေ့မိရင် ကောထောင်နဲ့ ယန်မိသားစုက အလွတ်ပေးမှာ မဟုတ်ဘူး။ အကြီးအကဲရှန်နဲ့တောင် တွေ့ချင်မှ တွေ့ရမှာ။

စိုးရိမ်စိတ်လွန်ကဲပြီး ပြင်ဆင်မှုလုပ်ခဲ့လို့ တော်သေးတယ်။ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းရတာပဲ။ ဖြစ်လာရင်လည်း ဂိုဏ်းဆီ ပြန်ရောက်တဲ့အထိ မသိချင်ယောင်ဆောင်ရုံပဲ ရှိတယ်။

………

All Chapters