ယန်မိသားစုနယ်မြေ
Vol. 4 Ch. 53
စုန့်ဝမ်နဲ့ ကောထောင်တို့ ထွက်လာရင်း ဆေးဝါးခန်းမခြံဝင်းအပြင် ရောက်လာတယ်။ အေးအေးဆေးဆေး သွားနေတဲ့ကောထောင်ကို ကြည့်ရင်း စုန့်ဝမ် ဘာပြောရမှန်းမသိ ဖြစ်နေတယ်။
အဆိပ်ငွေ့ရွှံ့နွံတောက ဒီကနေဆို မိုင် ၆၀၀ ဝေးတယ်။ ဒါက အဖြောင့်တိုင်း။ တကယ့်မြေပြင်မှာက တောင်တန်းတွေ၊ ချောက်ကမ်းပါးတွေ၊ မြစ်တွေ ရှိတယ်။ အခြေတည်အဆင့် မရောက်သရွေ့ ပျံသန်းသွားဖို့ကလည်း မဖြစ်နိုင်ဘူး။ အစက ဂိုဏ်းကိုလာချိန် စီးနင်းခဲ့တဲ့ သင်္ဘောပျံမျိုး ထုတ်ပေးမယ် ထင်ခဲ့ပေမယ့် မပေးပြန်ဘူး။
စုန့်ဝမ် မနေနိုင်တော့ဘဲ မေးဖို့ ပြင်လိုက်ချိန် ကောထောင်က သူ့ခါးမှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ထဲက လက်ဖဝါးအရွယ်လှေတစ်စီး ထုတ်ယူပြီး လေထဲ ပစ်လွှင့်လိုက်တယ်။ ချက်ချင်းဆိုသလို လှေလေးက ပြန့်ကားကြီးထွားလာပြီး ၆ ပေအရှည်ရှိတဲ့ လှေပျံတစ်စင်း ဖြစ်သွားတယ်။
စုန့်ဝမ်လည်း လှေပျံကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ သင်္ဘောပျံနဲ့ နှိုင်းယှဥ်ရင် သေးငယ်ပေမယ့် လုံးဝကို အထင်ကြီးစရာပါပဲ။ အထူးသဖြင့် ကောထောင်လို အပြင်စည်းတပည့်တစ်ယောက်က ပိုင်ဆိုင်ထားတာကိုပေါ့။ ကောထောင်ရဲ့ နောက်ခံက အတော်နက်ရှိုင်းပုံ ရတယ်။ ဒီလှေပျံက အဆင့်နိမ့်ဝိညာဥ်ကျောက် ထောင်ဂဏန်းကြီးကြီး တန်ဖိုးရှိမှာ သေချာတယ်။ လှေမှာ တပ်ဆင်ထားတဲ့ ပျံသန်းခြင်းအစီအရင်တွေ လည်ပတ်ဖို့ သုံးရတဲ့ ဝိညာဥ်ကျောက်တင် နည်းမှာ မဟုတ်ဘူး။ ဘာမှမရတဲ့ဂိုဏ်းတာဝန်အတွက် ကောထောင် စိုက်ထုတ်ထားတဲ့ ခရီးသွားစရိတ်ကတင် များလွန်းနေပြီ။
ကောထောင်က လှေပျံကို ပါးစပ်အဟောင်းသား ငေးကြည့်နေတဲ့စုန့်ဝမ်ကို ကြည့်ရင်း ကျေနပ်နေတယ်။
"ဂိုဏ်းတူညီငယ် .. ဘာတွေ အံသြနေတာလဲ။ ခရီးက ဝေးတယ်။ ဒါနဲ့သွားမှ အဆင်ပြေမှာ။ တက်ကြရအောင်"
ကောထောင်က ပြောပြောဆိုဆို လှေပျံပေါ် ခုန်တက်လိုက်တယ်။
စုန့်ဝမ်လည်း လှေပျံပေါ် ခုန်တက်ရင်း မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိတယ်။
"အကိုကောထောင်က အရမ်းမိုက်တာပဲ။ လှေပျံတောင် ရှိတယ်"
"လှေပျံလား .. ဒါက အသေးအဖွဲပါ"
ကောထောင်က လက်ဝေ့ယမ်းရင်း အရေးမထားဟန်နဲ့ ပေါ့ပေါ့ပါးပါး ပြန်ဖြေတယ်။
စုန့်ဝမ်က လှေနံရံတွေမှာ ရေးဆွဲထားတဲ့ အစီအရင်တွေကို တို့ထိကြည့်ရင်း တန်ဖိုးကြီးအရုပ် ရထားတဲ့ကလေးလို ဖြစ်နေတယ်။
ကောထောင်က အံသြတကြီးဖြစ်နေတဲ့ စုန့်ဝမ်ကို ကြည့်ရင်း ပီတိဖြာနေတာ။ မောင်းနှင်ချိန်ဆို ဘယ်လောက်တောင် အံသြသွားမလဲ တွေးရင်း ကျေနပ်နေတယ်။
"ကဲ ကဲ .. သွားကြရအောင်၊ ထိုင်တော့"
စုန့်ဝမ် ထိုင်ပြီးတာနဲ့ လှေပျံက တဟုန်ထိုး ပျံသန်းသွားတယ်။ မြန်ဆန်တဲ့အရှိန်ကြောင့် တောတောင်မြစ်ချောင်းတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တယ်
စုန့်ဝမ်က လှေပျံကို အရမ်းသဘောကျနေပြီ။
"စီနီယာ့လှေပျံနဲ့ဆို အဆိပ်ငွေရွံ့နွံတောကို နာရီပိုင်းအတွင်း ရောက်မှာ သေချာတယ်။ ကျနော်က ဂိုဏ်းထဲရောက်တာ တစ်နှစ်ပဲ ရှိသေးတော့ အတွေ့အကြုံ မရှိသလောက်ပဲ။ ဒီခရီးအတွက် စီနီယာကို အားကိုးရမယ်၊ စောင့်ရှောက်ပေးပါဦး"
"ဟား ဟား ..စိတ်ချ။ ဒီတာဝန်က ရိုးရှင်းတယ်၊ သာမန် လုပ်ရိုးလုပ်စဥ်ပါ။ အားလုံး ငါ့တာဝန်ထားလိုက်။ မင်းအတွက် စိတ်ပြေလက်ပျောက် ပျော်ပွဲစားထွက်သလိုသာ သဘောထားလိုက်။ ငါတို့ ယန်မိသားစုဆီကလည်း အကျိုးအမြတ် ရမှာပါ"
ကောထောင် ဂုဏ်ယဝင့်ကြွားပြီး ရင်ဘတ်ကို လက်နဲ့ မာန်ပါပါပုတ်ရင်း အာမခံလိုက်တယ်။
စုန့်ဝမ် အံအားသင့်သွားတယ်။ ယန်မိသားစုဆီက အကျိုးအမြတ်ဆိုတော့ လာဘ်ငွေလား။
"အကျိုးအမြတ် .. ယန်မိသားစုက ပေးမှာလား"
"ဟား ဟား .. ဒါက သဘာဝပဲလေ။ ငါတို့က ဂိုဏ်းကို ကိုယ်စားပြုတယ်။ စစ်ဆေးခံရသူက ချောချောမွေ့မွေ့ ပြီးစေချင်ရင် ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့။ ငါတို့ အစီရင်ခံစာက သူတို့အတွက် တန်ဖိုးကြီးတယ်။ ဒီတော့ ကောင်းကောင်းဧည့်ခံမယ်၊ အပြန်မှာ နှုတ်ဆက်လက်ဆောင်ပေးမယ်။ ဘယ်သွားသွား ဒီလိုပဲလေ။ ဟိုရောက်ရင် ငါကြည့်လုပ်လိုက်မယ်။ မင်းလည်း ရစရာရှိတာ ရမှာပါ"
"ဟုတ်ကဲ့ အကိုကော၊ ကျနော် သဘောပေါက်ပြီ"
လိုက်လျောညီထွေ ဖြေလိုက်ရပေမယ့် အကြီးအကဲရှန် စိတ်ချင်းဆက်သွယ်ပြီး မှာလိုက်တဲ့စကားကို ကြားယောင်ရင်း စိတ်မောသွားတယ်။ ကောထောင် ပြောတာတွေက လောကသဘာဝဖြစ်လို့ ပြဿနာ မရှိနိုင်ပေမယ့် အတိုင်းအတာတစ်ခု ကျော်သွားရင် မိုးမီးလောင်နိုင်တယ်။ အကြီးအကဲရှန်စကားအရ ဂိုဏ်းက တစ်ခုခုကို သံသယဝင်နေပုံ ရတယ်။ မီးစင်ကြည့်ကဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။
လှေပျံရဲ့ အမြန်နှုန်းကြောင့် နေမဝင်ခင် အဆိပ်ငွေရွှံ့နွံတောဆီ ရောက်လာခဲ့တယ်။ အပေါ်ကကြည့်ရသလောက်ဆို ရွံ့နွံတွေ ဖုံးနေတဲ့ရေက သိပ်မက်လှဘူး၊ အလွန်ဆုံး လူ့တစ်ရပ်ပေါ့။ ရွံ့နွံအိုင်ကြီးထဲမှာ ကျွန်းငယ်တွေ အတော်များများ တွေ့ရတယ်။ ရွံ့နွံတွေပေါ်မှာ အစိမ်းပုပ်ရောင်အငွေ့တွေ ခပ်ပါးပါး ဖုံးလွှမ်းနေတယ်။ အဆိပ်ငွေ့ဆိုတာ ဒါပဲ ဖြစ်မယ်။
ကောထောင်က လှေပျံကို ရွံ့နွံတောပေါ်က ဖြတ်မပျံဘဲ ဘေးကကွေ့ဝိုက်သွားပြီး ရွံ့နွံတောအစပ်က ကျွန်းငယ်တစ်ခုပေါ်မှာ ဆင်းလိုက်တယ်။
ချက်ချင်းဆိုသလို အနီးနားတောအုပ်ထဲက လူလေးယောက် ပြေးထွက်လာတယ်။
"ယန်မိသားစုပိုင်နက်ထဲ ဝင်လာရဲတာ ဘယ်သူတွေလဲကွ"
ကောထောင်က လှေပျံကို သိမ်းဆည်းပြီး ခပ်ပြုံးပြုံးပဲ ရှေ့ထွက်ရပ်လိုက်တယ်။
"ငါတို့က အလောင်းနတ်ဆိုးဂိုဏ်းသားတွေပါ။ စစ်ဆေးရေးတာဝန် ထမ်းဆောင်ဖို့ ရောက်လာတာ"
ပြောပြောဆိုဆို သူ့တံဆိပ်ပြားကို ထုတ်ပြလိုက်တယ်။
အစောင့်ခေါင်းဆောင်က တံဆိပ်ကို စစ်ဆေးအတည်ပြုပြီး ပြန်ပေးတယ်။
"လူကြီးမင်းတို့ ကျနော့်နောက်က လိုက်ခဲ့ပါ"
အစောင့်ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်ကနေ စုန့်ဝမ်တို့ လိုက်လာခဲ့တယ်။ လမ်းက ရေကန်ထဲ ဖြတ်သန်းဆောက်လုပ်ထားတဲ့တံတား။ ကွေ့ဝိုက်တည်ဆောက်ထားပြီး အတော်လေး ရှည်လျားတယ်။ အဆိပ်ရွံ့နွံတောပေါ် ဖြတ်ဆောက်ထားပေမယ့် တံတားပေါ် အဆိပ်ငွေ့တွေ တက်မလာဘူး။ အစီအရင်တစ်ခုခုနဲ့ ကာကွယ်ထားပုံ ရတယ်။
ဆယ်မိုင်လောက် သွားပြီးတော့မှ အတော်လေး ကျယ်ပြန့်တဲ့ကျွန်းတစ်ခုပေါ် ရောက်လာတယ်။ ကျွန်းပေါ်မှာ အဆောက်အဦးတွေ အများအပြား ရှိတယ်။ အလယ်ဗဟိုက အဆောက်အဦးကြီးဆို အတော်ခမ်းနားတယ်။ ဒါက ယန်မိသားစု အခြေစိုက်ရာနေရာ ဖြစ်မယ်။
အစောင့်ခေါင်းဆောင်က ကောထောင်နဲ့ စုန့်ဝမ်ကို ခန်းမကြီးတစ်ခုဆီ ခေါ်သွားတယ်။ ခန်းမထိပ်ဆုံးက ထိုင်ခုံပေါ်မှာ ဆံပင်နည်းနည်းဖြူနေတဲ့လူတစ်ယောက် ထိုင်နေတယ်။ သူက စုန့်ဝမ်တို့ကို မြင်တာနဲ့ မတ်တပ်ထရပ်ပြီး နှုတ်ဆက်တယ်။
"မိတ်ဆွေလေးတို့ကို ကြိုဆိုပါတယ်၊ ငါက ယန်မိသားစုခေါင်းဆောင် ယန်ကျန့်ဖျင်ပါ"
"ကျနော်က အလောင်းနတ်ဆိုးဂိုဏ်း ကိုယ်စားလှယ် ကောထောင်ပါ၊ သူက ကျိယင်ပါ။ သက်တံမြက်ပင်တွေ လာစစ်ဆေးတာပါ"
"ဒီနေ့က နေဝင်ခါနီးပြီဆိုတော့ နောက်ကျနေပြီ။ မနက်ဖြန် မနက်မှ လိုက်ပို့ပေးမယ်။ အဆင်ပြေရဲ့လား"
အပြင်မှာက နေဝင်လုဆဲဆဲ မှောင်စပျိုးနေပြီဆိုတော့ ယန်ကျန့်ဖျင်စကားကို လက်ခံလိုက်တယ်။
"အဆင်ပြေပါတယ်။ ယန်မိသားစုခေါင်းဆောင် စီစဥ်ပေးသလိုပဲ လုပ်တာပေါ့"
"ကောင်းပြီ၊ မိတ်ဆွေလေးတို့ ခရီးပန်းလာရောပေါ့။ အနားယူဖို့ အခန်းတွေ စီစဥ်ခိုင်းထားတယ်။ ကဲ .. မိတ်ဆွေလေးတို့ကို လိုက်ပို့လိုက်ကြ"
အစေခံတွေ လမ်းပြတဲ့နောက် စုန့်ဝမ်တို့နှစ်ယောက် လိုက်သွားကြတယ်။ အခန်းအဝအရောက် ကြည်လင်ချိုမြတဲ့အသံနဲ့အတူ တံခါးဝမှာ မိန်းမပျိုးလေးတစ်ယောက် ဘွားခနဲ ပေါ်လာတယ်။
"အဘိုး ..."
စုန့်ဝမ် ငေးမောသွားတယ်။ ထူထဲလှပတဲ့မျက်ခုံး၊ ရွှန်းလဲ့တောက်ပတဲ့မျက်ဝန်းအစုံ၊ ဖြောင့်စင်းနေတဲ့နှာတံ၊ ဖျစ်ညှစ်ချင်စရာ ပါးဖောင်းဖောင်းလေး၊ နီရဲစိုလဲ့နေတဲ့နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ လှလိုက်တာများ နတ်သမီးအလား မှတ်ရတယ်။ ဖြူဖွေးနုဖက်နေတဲ့အသားအရေနဲ့ အပြာနုရောင်ဂါဝန်ရှည်လေးကလည်း လိုက်ဖက်လွန်းတယ်။
………