← Chapters

အားနည်းရင် စော်ကားခံရမှာပဲ

Vol. 4 Ch. 54

အားနည်းရင် စော်ကားခံရမှာပဲ

Vol. 4 Ch. 54

ရုတ်တရက် ပေါ်လာတဲ့ မိန်းကလေးကြောင့် ယန်ကျန့်ဖျင်ပါ ကြောင်သွားတယ်။

"ယဲ့ဝမ် .. သမီးကို ကျင့်ကြံမှုမှာ အာရုံစိုက်ဖို့ ပြောထားတယ်လေ။ ဒီကို ဘာလာလုပ်တာလဲ"

ဆူပူသလို ပြောနေပေမယ့် ယန်ကျန့်ဖျင်အသံက နူးညံ့နေတယ်။

"တစ်နေကုန် ကျင့်ကြံနေရတာ အရမ်းပျင်းဖို့ ကောင်းတယ်"

မိန်းကလေးက ချွဲချွဲနွဲ့နွဲ့ ပြောလိုက်တော့ ယန်ကျန့်ဖျင် ဆက်မပြောနိုင်တော့ဘူး။ သူ့မြေးမလေးက ပါရမီကောင်းပေမယ့်၊ လူငယ်လည်းဖြစ် မိသားစုကလည်း အလိုလိုက်ထားတော့ နည်းနည်းပေါ့ပြီး၊ လွတ်လွတ်လပ်လပ်နေချင်တယ်။

"သမီးလာတာ အတော်ပဲ၊ ဒီဧည့်သည်နှစ်ယောက်က အလောင်းနတ်ဆိုးဂိုဏ်းရဲ့ ထူးချွန်တပည့်တွေလေ။ မင်းတို့အားလုံးက လူငယ်တွေဆိုတော့ စကားပြောဆိုပြီး အတွေ့အကြုံ ဖလှယ်လို့ ရတာပေါ့။ အဲဒါက နောက်ဆို သမီးကျင့်ကြံတဲ့နေရာမှာ အကျိုးဖြစ်စေလိမ့်မယ်"

ယန်ကျန့်ဖျင်က သေချာမိတ်ဆက်မပေးပေမယ့် သူသိထားတဲ့ အချက်အလက်အရ ဒီမိန်းကလေးက ယန်မိသားစုရဲ့ ပါရမီရှင် ယန်ယဲ့ဝမ်ဖြစ်မယ်ဆိုတာ စုန့်ဝမ် တွက်ဆမိပြီးသား။ ပါရမီ ဘာညာတော့ သူမသိပေမယ့် နှစ်ဘဝစာ မြင်ဖူးသမျှထဲ ရှာမှရှားတဲ့ အလှပိုင်ရှင်ဖြစ်တာတော့ သေချာတယ်။ ဒါပေမယ့် ယန်ယဲ့ဝမ်က မာနကြီးလွန်းပုံ ရတယ်၊ သူ့မျက်နှာမှာကို အထင်းသားပေါ်နေတာ။

စုန့်ဝမ်က သူ့ကို သေချာကြည့်နေတော့ ယန်ယဲ့ဝမ်ကလည်း ခပ်တည်တည်ပဲ ပြန်ကြည့်လာတယ်။ ပုံမှန်ဆို ချောမောခံ့ညားပြီး နွေးထွေးဖော်ရွေဟန်ရှိတဲ့ ကောထောင်ကို အာရုံစိုက်မိမှာ ဆိုပေမယ့် ယန်ယဲ့ဝမ်က ကောထောင်ကို ကျော်ပြီး စုန့်ဝမ်ဆီ အာရုံရောက်နေတယ်။

ခဏလောက် အကြည့်ချင်း ပြိုင်နေပြီးမှ ယန်ယဲ့ဝမ်က တခစ်ခစ်ရယ်ရင်း သူ့အဘိုးဘက် ပြန်လှည့်သွားတယ်။

"အဘိုးက နောက်နေပြန်ပြီ။ သူက ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိတာ၊ ဘယ်လိုလုပ် ထူးချွန်တဲ့တပည့် ဖြစ်မှာလဲ။ သာမန်အပြင်စည်းတပည့်ပဲ ဖြစ်မယ်"

ထင်မှတ်မထားတဲ့ ယန်ယဲ့ဝမ်စကားကြောင့် စုန့်ဝမ်မျက်နှာ နီရဲသွားတယ်။ တော်ရုံဆို ကဲ့ရဲ့ပြောဆိုတာ ခံနိုင်ပေမယ့် ခုလို လူရှေ့သူရှေ့မှာ မိန်းမချောလေးတစ်ယောက်က ပွင့်ပွင့်လင်းလင်း ပြောချလိုက်တော့ နည်းနည်းရှက်သွားတယ်။

ယန်ကျန့်ဖျင်လည်း သူ့မြေးစကားကြောင့် မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်သွားတယ်။ အလိုလိုက်ထားလို့ ထင်ရာစိုင်းတတ်ပေမယ့် ဒီလို မယဥ်ကျေးတဲ့အပြုအမူ လုပ်မယ်လို့ သူထင်မထားမိခဲ့ဘူး။ တခြားအချိန်ဆို ချီစုစည်းမှု တတိယအဆင့်လောက်ကို လူရာသွင်းမှာ မဟုတ်ပေမယ့်၊ အခုလာသူက အလောင်းနတ်ဆိုးဂိုဏ်းကို ကိုယ်စားပြုပြီး ယန်မိသားစုကို လာစစ်ဆေးတဲ့သူ ဖြစ်နေတော့ နောက်ခံကိုပါ အပြစ်ပြုတဲ့သဘော သက်ရောက်သွားနိုင်တယ်။ အလုပ်ကိစ္စမှာ မကောင်းတဲ့သက်ရောက်မှုတွေလည်း ဖြစ်လာနိုင်တယ်။

အတွေ့အကြုံရင့်ပြီး အမြင်ကျယ်တဲ့ ယန်ကျန့်ဖျင်က အခြေအနေကို ပြန်ထိန်းဖို့ ကြိုးစားတယ်။

"ယဲ့ဝမ် .. အပြောအဆို ဆင်ခြင်စမ်း၊ ဧည့်သည်ကို ပြန်တောင်းပန်လိုက်"

"ဘာလို့ တောင်းပန်ရမှာလဲ၊ သမီးက အမှန်အတိုင်း ပြောတာလေ။ သူက တကယ့်ကို သာမန်တပည့်ပဲဟာ၊ အလားအလာကလည်း သင့်တင့်ရုံပဲ ရှိတယ်။ သူနဲ့ ဘာမှပြောစရာ မရှိဘူး"

အဆူခံရလို့ စိတ်ဆိုးသွားတဲ့ ယန်ယဲ့ဝမ်က မကျေမနပ် ခံပြောရင်း ခန်းမအပြင်ဘက် ပြေးထွက်သွားတယ်။

"ဟေ့ ဟေ့ .. အာ ဒီကောင်မလေးကတော့ကွာ။ ကဲပါ .. မိတ်ဆွေလေးကို ငါကပဲ တောင်းပန်ပါတယ်။ ငါ့မြေးမလေးက အလိုလိုက်ခံထားရတော့ လူမှုရေး နားမလည်ဘူးလေ။ သူစော်ကားမော်ကား ပြုမိတာကို မိတ်ဆွေလေး ဗွေမယူဖို့ မျှော်လင့်ပါတယ်"

စုန့်ဝမ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေပြီမို့လို့ ယန်ကျန့်ဖျင် တောင်းပန်တာကို ကြည်ကြည်သာသာ လက်ခံလိုက်တယ်။

"ရပါတယ်၊ အကြီးအကဲယန် တောင်းပန်တာကို ကျနော် မခံယူဝံ့ပါဘူး။ ယန်မိန်းကလေး ပြောတာလည်း မှားမှ မမှားတာ။ စော်ကားရာ မရောက်ပါဘူး"

ယန်ကျန့်ဖျင်က ခေါင်းခါရင်း လက်ဖြန့်လိုက်တာ ချက်ချင်းပဲ ကျောက်စိမ်းပုလင်းလေးတစ်လုံး လက်ဖဝါးပေါ်မှာ ပေါ်လာတယ်။

"မဟုတ်တာ၊ တောင်းပန်ရမှာပေါ့။ ဒီကျောက်စိမ်းပုလင်းထဲမှာ ချီစုစည်းဆေးပြား ၁၀ လုံး ပါတယ်။ မိတ်ဆွေလေးအတွက် နစ်နာကြေးအဖြစ် ပေးပါရစေ"

ယန်ကျန့်ဖျင်က ဝိညာဥ်စွမ်းအင်ကို အသုံးချပြီး ကျောက်စိမ်းပုလင်းကို စုန့်ဝမ်ဆီ တွန်းပို့လိုက်တယ်။

စုန့်ဝမ် အမြန်ဖမ်းယူလိုက်ရတယ်။ ချီစုစည်းဆေးပြား ၁၀ လုံးဆိုတာ အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၅ လုံး တန်တယ်။ ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူအတွက်ဆို အတော်ရက်ရောတဲ့နစ်နာကြေးပဲ။

"ကျေးဇူးတင်ပါတယ် အကြီးအကဲယန်"

အားလုံးဖြေရှင်းပြီးတာနဲ့ စုန့်ဝမ်တို့လည်း တည်းခိုရမယ့်အခန်းဆီ ထွက်လာခဲ့ကြတယ်။ အခန်းတွေဆီ ရောက်တာနဲ့ ကောထောင်က ညဘက် အပြင်လျှောက်မသွားဖို့ မှာကြားပြီး သူ့အခန်းထဲ ဝင်သွားတယ်။ စုန့်ဝမ်လည်း အခန်းထဲ ဝင်ခဲ့လိုက်တယ်။

အခန်းထဲ ရောက်တာနဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဒီနေ့ကြုံတွေ့ခဲ့ရသမျှကို ပြန်ဆန်းစစ်တယ်။ ယန်ယဲ့ဝမ်ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကလွဲရင် အားလုံးက ပုံမှန်ပဲ။ ဒါပေမယ့် အရောင်းဝန်ထမ်းလုပ်ခဲ့သူပီပီ လူကဲခတ်ကောင်းတဲ့ စုန့်ဝမ်မျက်စိထဲမှာ ယန်ယဲ့ဝမ် ပေါ်လာတာ၊ မဆီမဆိုင် စော်ကားတာတွေက တမင်လုပ်သလို မြင်မိနေတယ်။ မာနကြီးပြီး မောက်မာတဲ့စိတ်ကြောင့်လားတော့ မသိဘူး။

စဥ်းစားရင်း အကြီးအကဲရှန် ပေးလိုက်တဲ့ ကျောက်စိမ်းပြားကို သတိရလို့ နဖူးမှာကပ်ပြီး စစ်ဆေးလိုက်တယ်။ အထဲမှာ သက်တံမြက်ပင်အကြောင်း အကျဥ်းချုပ်ပါတယ်။ နောက်ပြီး စာရင်းတစ်ခု ပါတယ်။ သက်တမ်းတစ်ရာပြည့်ခါနီးက ၁၁၃ ပင်၊ သက်တမ်း ၇၀ နဲ့အထက်က ၉၃၁ ပင်၊ သက်တမ်းနှစ် ၆၀ နဲ့အောက်က .....

အရေးကြီးတာက ညွှန်ကြားချက်အပိုင်း၊ သက်တမ်းနှစ်တစ်ရာနဲ့ သက်တမ်း ၇၀ ကျော်အုပ်စုကို အရေအတွက် တိတိကျကျ မှတ်သားရမယ်၊ လုံးဝကွဲလွဲမှု မရှိစေရ။ ကျန်တဲ့အစုတွေမှာ အသေးစားပွဲလွဲမှုကို လက်ခံတယ်တဲ့။ အကြီးအကဲရှန်ရဲ့ သတင်းအချက်အလက်မှာ ယန်မိသားစုအကြောင်း ဘာတစ်ခုမှ မပါဘူး၊ စုန့်ဝမ် ဝိညာဥ်ကျောက် အကုန်ခံပြီး ချန်ယီဆီက သတငဝယ်ခဲ့တာ မှန်သွားတယ်။

"ဒေါက် .. ဒေါက်"

တံခါးခေါက်သံကြောင့် စုန့်ဝမ် သတိပြန်ဝင်ပြီး ချက်ချင်း ထရပ်လိုက်မိတယ်။

"ဘယ်သူလဲ"

"သခင်လေးအတွက် ညစာ လာပို့တာပါ"

စုန့်ဝမ်လည်း သေချာအောင် ဝိညာဥ်စွမ်းအင်နဲ့ စစ်ကြည့်တယ်။ အပြင်မှာ ကျင့်ကြံသူ မဟုတ်တဲ့ အစေခံမလေးတစ်ယောက်ထဲ ရှိနေတာ သေချာတော့မှ တံခါးဖွင့်ပေးလိုက်တယ်။ အစေခံမလေးက အစားအသောက်ဗန်းကို စားပွဲပေါ် တင်ပေးပြီးတာနဲ့ ပြန်ထွက်သွားတယ်။

ညစာက ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားတာပဲ။ ဝိညာဥ်ဆန်နဲ့ ချက်ထားတဲ့ထမင်း၊ နတ်ဆိုးသားရဲအသားဟင်းတွေကို စားချင်စဖွယ် ချက်ပြုတ်ပေးထားတယ်။ ဝယ်စားရမယ်ဆို စုန့်ဝမ် မျိုကျမယ်တောင် မထင်ဘူး။ ယန်မိသားစုက ရက်ရောသားပဲ။

...

စုန့်ဝမ် ထမင်းစားနေချိန် ယန်အိမ်တော် လျှို့ဝှက်အခန်းတစ်ခုမှာ အစည်းအဝေး လုပ်နေကြတယ်။ လူငါးယောက် ပါဝင်ပြီး တစ်ယောက်က ကောထောင်။

ယန်ကျန့်ဖျင်မျက်နှာက ညနေကနဲ့မတူ တင်းမာနေတယ်။

"ရှောင်ထောင် .. ကျိယင်ကို ဘယ်လိုမြင်လဲ"

"သူက မကြာသေးခင်ကမှ ဂိုဏ်းထဲရောက်လာတဲ့လူသစ်ပါ။ ခွန်အားလည်း နိမ့်တယ်။ နောက်ခံလည်းမရှိ နိမ့်ကျတဲ့သူပါ။ အတွေ့အကြုံလည်း မရှိတော့ အကြီးအကဲ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျနော်တို့ နည်းနည်းပါးပါး ပြင်ဆင်ထားရင် လှည့်စားရတာ လွယ်ပါတယ်။ လမ်းမှာလည်း ပုံမှန်အလုပ်ဖြစ်လို့ သိပ်အလေးအနက် မထားဖို့နဲ့ အကျိုးအမြတ် ခံစားခွင့် ရမယ်ဆိုတာ ပြောပြီးသားပါ"

.....

All Chapters