← Chapters

အပိုင်း (၄၀၃+၄၀၄)

Vol. 30 Ch. 403+404

အပိုင်း (၄၀၃+၄၀၄)

Vol. 30 Ch. 403+404

အပိုင်း (၄၀၃)

လေ့ကျိုးကျွန်းစု၊ ထျန်းဖန်မြို့

ဝူဘုရင်၏ ဝမ်းကွဲ၊ နန်းခန်နယ်စားကြီး လေ့ကျိုးကျွန်းစု၏ ဗျူဟာမှူး ဝူမူသည် စစ်တုရင် ကစားလျက်ရှိ၏။ သူ၏ ပြိုင်ဘက်မှာတော့ သူ၏ဝမ်းကွဲ ဝူယုပင်ဖြစ်သည်။

ဟုတ်ပေ၏။ သူတို့နှစ်ယောက်လုံးက စစ်တုရင်ကစားခြင်းကို နှစ်သက်သည် မဟုတ်ချေ။ သို့ပေမည့် ဝူဘုရင်က စစ်တုရင်ကစားခြင်းကို အလွန်ပဲ နှစ်ခြိုက်၏။ ထို့ကြောင့် ဝူနိုင်ငံအတွင်းရှိ အထက်ပိုင်း ရာထူးရာခံနှင့် အကြီးအကဲအားလုံးတို့က စစ်တုရင်ကစားခြင်းကို နှစ်သက်ခဲ့ရ၏။

“သူ သဘောတူခဲ့လား” ဝူမူက မေးမြန်းလိုက်သည်။

ဝူယုက ခေါင်းညိတ်လိုက်၏။ “အင်း.. သဘောတူပါတယ်”

နုရှောင့်မြို့သည် သူ၏အိတ်ထဲသို့ ရောက်ရှိလာလိမ့်မည်ဟု ယခင်တုန်းက ပြောဆိုခဲ့၏။ ယခု သူ၏ အိတ်ထဲသို့ တကယ်ပင် ရောက်ရှိလာခဲ့သည်။

“ဒါဆိုရင် အမှိုက်ကောင် ချောင်ဟောင်ကို တကယ်ပဲ ခေါ်ထားမှာလား။ သူက ချောင်ထျန်းဝေကို သစ္စာဖောက်ခဲ့တယ်။ ပြီးတော့ ရွှဲ့ပြည်နယ်ကို သစ္စာဖောက်တယ်။ အနာဂတ်မှာ ကျွန်မတို့ကိုလည်း သစ္စာဖောက် နိုင်တယ်” ဝူယုက ပြောလိုက်၏။

“အင်း.. သူ့ကို သတ်ပစ်ဖို့ဆိုတာ မလွယ်ဘူး။ သူ့ကိုသာ သတ်ပစ်လိုက်မယ်ဆိုရင် အနာဂတ်မှာ ငါတို့ဆီ ဘယ်သူကအညံ့ခံရဲတော့မှာလဲ။ ရွှဲ့ပြည်နယ်ဆီမှာ ရေတပ် မရှိဘူး။ ငါတို့ဝူဘုရင်က ပင်လယ်ပြင်ကို မြတ်နိုးတန်ဖိုးထားတယ် ဆိုပေမယ့် ရေတပ်ကို စပြီး တည်ထောင်ခါစ။ ဒီတော့ ပင်လယ်ပြင်မှာ ချောင်ဟောင်က အရမ်းအသုံးဝင်တယ်။ ချောင်ယောင်းအာက ထွက်ခွာသွားခဲ့တာ ကံကေင်းမှုပဲ” ဝူမူက ပြောလိုက်၏။

“ကံကောင်းတာပေါ့” ဝူယုက ပြန်လည်က ခွန်းတုံ့ပြန်လိုက်သည်။

ဟုတ်ပေ၏။ ကံကောင်းစွာဖြင့် ချောင်ယောင်းအာ ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ပင်လယ်ပြင် ဆိုသည်မှာ သူမ၏ လောကကမ္ဘာပင် ဖြစ်ပေလိမ့်မည်။ သူမသည် ကုန်းမြေပေါ်၌ မြင်း၏ ကျောပေါ်သို့ တက်ကာ ပြိုင်စံရှား တိုက်ခိုက်နိုင်စွမ်းရှိသလို ပင်လယ်ပြင်တွင်လည်း ထိုကဲ့သို့ပင်ဖြစ်၏။ သူမသာ ရှိနေပါက မည်သူကမှ နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ စဉ်းစားရဲလိမ့်မည် မဟုတ်ချေ။

“ရေတပ်ဗျူဟာမှူး... ကျွန်မတို့ အညံ့ခံလိုက်ပြီဆိုတာနဲ့ ကျင်းရှိယန်ကို အရေးကြီးတဲ့ ရာထူးပေးမှာမဟုတ်လား”

ဝူမူက ပြောလိုက်၏။ “ဘာလဲ။ မင်း တကယ် သူ့ကို နှစ်သက်သွားခဲ့တာလား”

ဝူယုက ပြောလိုက်သည်။ “အင်း.. သူက တကယ့်ကို ကောင်းမွန်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့်ပဲ ကျွန်မ ရွေးချယ်ခဲ့တာပေါ့။ ယုံရဲ့လား။ သူက အသက်သုံးဆယ် ရှိနေပြီ။ ဒါပေမဲ့ ဘယ်မိန်းမနဲ့မှ မထိတွေ့ဖူးဘူး”

ဝူမူသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ဂုဏ်ယူရလောက်ပါသော နယ်စားကြီး နန်းခန်ပင်ဖြစ်၏။ ထို့ကြောင့် ချစ်ခြင်းမေတ္တာအကြောင်းများကို ပြောဆိုလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူ၏ ဝမ်းကွဲညီမ ရှေ့တွင် ဖြစ်၏။

“ကျင်းမိသားစုက ကံဆိုးမိုးမှာင်ကျတဲ့ အခြေအနေမျိုးကိုသာ မရောက်ဘူးဆိုရင် သူ ကျွန်မတို့ကို သစ္စာဖောက်မှာ မဟုတ်ဘူး” ဝူယုက ပြောလိုက်သည်။

“အင်း... သူ့အပေါ်မှာရှိတဲ့ ခံစားချက်တွေကို အလွန်အမင်း ထုတ်ဖော်မပြသနဲ့။ ပြီးတော့ အချစ်ကြောင့် မျက်လုံးကန်းသွားတဲ့ ကိစ္စမျိုး မဖြစ်အောင် ဂရုစိုက်ရမယ်။

“ကျွန်မတို့မိန်းမတွေအတွက် ယောက်ျားကောင်းတစ်ယောက်ကို လက်ထပ်ဖို့ အရေးကြီးဆုံး မဟုတ်လား။ ပြီးတော့ ဒီယောက်ျားက ရှင် ကျွန်မကို ရွေးပေးထားတဲ့ ယောက်ျားပဲ။ ကျွန်မ ကိုယ်တိုင် သူ့ကို နှစ်နှစ်ကာကာနဲ့ ချစ်မြတ်နိုးမှု မပြသဘူးဆိုရင် သူ ဘယ်လိုလုပ် အညံ့ခံမှာလဲ။ သူသာ တကယ်တမ်း သစ္စာရှိမယ်ဆိုရင် အရေးကြီးတဲ့ ရာထူးတစ်ခုခုကို ပေးသင့်တယ်။”

“အဆုံးသတ်မှာတော့ ဝူနိုင်ငံကို လူငယ်တွေ တိုးတက်အောင် ပြုလုပ်ရမယ်။ အဘိုးအိုကြီးတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်နေပြီ”

ဤအရာသည် ဝူပြည်နယ်ထဲတွင် ရှိနေသည့် အဟောင်းနှင့် အသစ်တို့၏ကြား ပဋိပက္ခကို ဖော်ညွှန်းလျက်ရှိ၏။

သာမန်ပင် ဖြစ်၏။ ဝူပြည်နယ်၏ ယခင်ဘုရင်က ရှေးရိုးစွဲဆန်လွန်းပြီး တစ်သမတ်တည်း ဆုံးဖြတ်တတ်သည့် လူတစ်ယောက်ဖြစ်၏။ သူသည် ဝန်ကြီးဟောင်းများကို အလွန်အမင်း အသုံးပြုခဲ့၏။ ယခုငယ်ရွယ်သော ဝူဘုရင်မှာတော့ နန်းပလ္လင်ကိ ဆက်ခံခါစသာရှိသေး၏။ သို့ပေမည့် နန်းတွင်းတစ်ခုလုံးကို ပြန်လည် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး စွန့်စားမှုကို ကျိန်းသေပေါက် ရယူရဲသည်။

သို့ပေမည့် ညီလာခံထဲမှ ဝန်ကြီးများသည် ရှေးရိုးစွဲများ ဖြစ်ကြ၏။ ထို့ကြောင့် ဤလူများက ဝူပြည်နယ်ကို အောက်သို့ ဆွဲချနေ၏။ အခြားသော ရွေးချယ်ခွင့် မရှိချေ။ ထို့ကြောင့် ဝူပြည်နယ်၏ ဘုရင်သည် လူငယ် အရာရှိ တော်တော်များများတို့အား လူဟောင်းများနှင့် အစားထိုးခဲ့၏။ ဝူမူက ထိုလူများထဲမှာ တစ်ယောက်ဖြစ်၏။

ဟုတ်ပေ၏။ သူက ကျိန်းသေပေါက် ငယ်ရွယ်သည်တော့ မဟုတ်သေးချေ။ ယခုနှစ်တွင် ၂၉ နှစ်ပြည့်ပြီ ဖြစ်၏။ သူက စစ်တပ်ပိုင်းဆိုင်ရာနှင့် သိုင်းပညာကို ကျွမ်းကျင်သည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် စစ်တပ်ထဲတွင် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်၏။ ထို့အပြင် ပါရမီရှင်များကို ဆာလောင် မွတ်သိပ်ပြီး လိုချင် တောင့်တတတ်သူ ဖြစ်၏။ ထို့ကြောင့်ပင် ကျင်းရှိယန် သူ့ဆီ သစ္စာခံကြောင်းကြားတော့ အလွန်အမင်း စိတ်အားတက်ကြွနေသည်။

နုရှောင့်မြို့၏ တိုက်ပွဲသည် ဝူမူ၏ အနာဂတ်နှင့် သက်ဆိုင်နေသည်။ သူသည် ကြီးမားလွန်းသည့် စစ်ပွဲကြီးကို ဦးဆောင် တိုက်ခိုက်ဖူးသူ မဟုတ်ပေ။ သို့ပေမည့် သူကြိုးစားရပေမည်။

ဝူဘုရင်သည် အိမ်ရှေ့စံမင်းသားအဖြစ် ရှိစဉ်တည်းက အရေးကြီးသည့် ပင်လယ်ပြင်၏ နေရာတချို့ကို သိမ်းပိုက်မည်ဟု ကြုံးဝါးဖူးသည်။ အဓိကအားဖြင့် ရွှဲ့ပြည်နယ်၏ လေ့ကျိုးကျွန်းစုပင်ဖြစ်၏။

သို့သော်ငြား ယခင်ဝူဘုရင်အိုကြီးသည် ထိုကိစ္စကို ဂရုမစိုက်ခဲ့ချေ။ ဝူဘုရင်ကြီးသည် ပင်လယ်ပြင်ကို စိတ်ဝင်စားမှုမရှိဘဲ ကုန်းမြေကိုသာလျှင် စိတ်ဝင်စားသည်။

နန်းတက်လာသည့် လူငယ်ဝူဘုရင်မှာတော့ နိုင်ငံရေးရာ အရင်းအမြစ် တော်တော်များများကို အသုံးပြုပြီး ရေတပ်တစ်ခုကို စတင်ကာ တည်ထောင်ခဲ့ပြီး ဝူမူသည် ထိုရေတပ်၏ ရေတပ်ဗျူဟာမှူး ဖြစ်လာခဲ့၏။ နှစ်အနည်းငယ်ကြာ လေ့ကျင့်ခဲ့ပြီးနောက် ရေတပ်သား လူဦးရေ ၅၀၀၀ နှင့် ၆၀၀၀ နီးပါးခန့်ပင် ဖြစ်လာခဲ့သည်။

ဝူဘုရင်အနေသည် ညီလာခံနန်းတွင်းအရာရှိများနှင့် ထိုကဲ့သို့သောကိစ္စများကို ဆွေးနွေးခြင်းမရှိခဲ့ချေ။ ထိုအစား ရေတပ်ရေးရာ ကိစ္စရပ်အားလုံးတို့အား သေးငယ်သည့် အစည်းအဝေးခန်းတစ်ခုထဲတွင်သာ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်၏။

တော်ဝင်မျိုးနွယ် အရာရှိဟောင်းများက ပထမ ငြင်းပယ်ခဲ့ကြ၏။ အကယ်၍ မငြင်းပယ်စေချင်ပါက စစ်သည်ဟောင်းတစ်ယောက်ယောက်ကို ရေတပ်ဦးစီးအဖြစ် အသုံးပြုရမည်ဟု တောင်းဆိုခဲ့သည်။

သို့ပေမည့် နောက်ဆုံးမှာတော့ ဝူဘုရင်က အချိန်အတော်ကြာ တွန့်ဆုတ်ခဲ့၏။ စစ်သူကြီးဟောင်းများသည် ရှေးရိုးစွဲဆန်လွန်း၏။ ထို့အပြင် ရေတပ်တိုက်ခိုက်မှုမျိုးတွင် အားကောင်းသည့် လူများမဟုတ်ချေ။

ဝူဘုရင်၏ ရေတပ်ကြီးသည် တကယ့်အစစ်အမှန်တိုက်ပွဲကို တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသော်လည်း နှစ်အနည်းငယ်ကြာ လေ့ကျင့်ခဲ့ပြီးပြီဖြစ်၏။ ပိုမို၏ အရေးကြီးမားသည်မှာ ဝူမူသည် သူ၏ တိုက်ရိုက်တပည့် တစ်ယောက်ဖြစ်နေပြီး မျိုးဆက်သစ်၏ အားအင်ကို ဖော်ညွှန်းပြသနေသည့် လူမျိုးပင်။

ထို့ကြောင့်ပင်လျှင် ဝူဘုရင်က ဝူမူကို အခွင့်အရေးပေးရန် ဆုံးဖြတ်ခဲ့၏။

ထို့ကြောင့် အသက်၂၉ နှစ်သားသာ ရှိသေးသည့် ဝူမူသည် နုရှောင့်မြို့ကိုသိမ်းပိုက်မည့် တိုက်ပွဲကြီး၏ ရေတပ်ဗျူဟာမှူး ဖြစ်လာခဲ့သည်။

စစ်သည်တော်ဆိုသည်မှာ ယုံကြည်ချက်ရှိရှိ အသက်ကိုစွန့်ဝံ့သူ ဖြစ်ရပေလိမ့်မည်။ ဝူမူသည် မျက်ရည်လည်ရွှဲနှင့် ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောဆိုကာဖြင့် ရေတပ်ကို ဦးဆောင်ပြီး တောင်ပိုင်းဆီသို့ ဦးတည်လာခဲ့၏။

ဤတိုက်ပွဲသည် သူ၏အနာဂတ် ကံကြမ္မာကို ဖော်ညွှန်းပြနေသည်သာမကချေ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာ နှင့်လည်း သက်ဆိုင်၏။ ဤတိုက်ပွဲသာ ရှုံးနိမ့်သည်ဆိုပါက ဝူမူ၏ အနာဂတ်က ပြီးဆုံးသွားသည်သာမက ဘုရင်မင်းမြတ်၏ အရာရှိဟောင်းများအပေါ် ထားရှိသည့် စိတ်ဆန္ဒအားလုံးကလည်း ပြန်လည်ကာ ပြောင်းလဲ ရပေတော့မည်။

ပြောရမည်ဆိုလျှင် ဝူမူသည် လက်ရှိအချိန်ထိ အကောင်းဆုံး အလုပ်လုပ်လျက် ရှိနေသေး၏။ သူက ငယ်ရွယ်သည် ဆိုလျှင်တောင် ခြေလှမ်းတစ်ခုချင်းစီကို သတိထားကာဖြင့် သေသေချာချာ လှမ်းလျှောက်ခဲ့၏။ သူက စိတ်ချရမည့် ကစားပွဲကိုသာ ကစားရဲ၏။ ထို့ကြောင့် အလွန်အမင်း သတိထားသည်ဟု သတ်မှတ်နိုင်သည်။

လွန်ခဲ့သည့် လအနည်းငယ်တည်းက သူက ကျင်းရှိယန်နှင့်ပတ်သက်သည့် ထောင်ချောက်တစ်ခုကို စတင်ကာ တည်ထောင်ခဲ့၏။ သူ ရွေးချယ်ခဲ့သည့်မိန်းမသည် အခြားသော မြေခွေးမများကဲ့သို့ ဆွဲဆောင်မှုရှိပြီး ထိုသို့သော မြူစွယ်ရမည့်အပိုင်း နှင့်ပတ်သက်လျှင် ကျွမ်းကျင်သည့် လူတစ်ယောက် မဟုတ်ခဲ့ချေ။ သန့်စင်ပြီး လှပသည့် သူ၏ ဝမ်းကွဲညီမ ဝူယုကိုပင် အသုံးပြုခဲ့၏။ ထိုတင်သာမကသေးချေ။ ဝူယုကိုလည်း ကျင်းမူလန်ကဲ့သို့ ဝတ်စားစေခဲ့သေး၏။

လအနည်းငယ် ကြာပြီးနောက် တကယ်ပဲ ကျင်းရှိယန်ကို ကျအောင်ပြုလုပ်နိုင်ခဲ့ပြီဖြစ်၏။ ကျင်းရှိယန် ကဲ့သို့သော လူမျိုးကို ဆွဲဆောင်ဖို့ ပိုက်ဆံကို အသုံးပြု၍ မရနိုင်ကြောင်း သူတို့ သိရှိပြီးဖြစ်၏။ ကျင်းရှိယန်အား ခံစားချက်အရ လွှမ်းမိုးနိုင်မှသာ အလုပ်ဖြစ်ပေလိမ့်မည်။

နာကျည်းမှုက ကျင်းကျိုးကို သုတ်သင်ရှင်းလင်းခဲ့၏။ ချောင်ဟောင်ကို ပုန်ကန်ရန်လည်း ဆွဲဆောင်ခဲ့ပြီးပြီဖြစ်၏။ ယခု ကျင်းရှိယန်ကလည်း အညံ့ခံခဲ့၏။ ငယ်ရွယ်သည့် ရေတပ်ဗျူဟာမှူး တစ်ယောက်ဖြစ်လျှင်တောင်မှ သူသည် မဟာဗျူဟာများကို ချမှတ်သည့်နေရာတွင် စစ်သူကြီးဟောင်းများထက် ပိုမိုကာ သတိအပြည့်နှင့် ပြုလုပ်ခဲ့၏။ ယခုအရာအားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။ နုရှောင့်မြို့၏ တိုက်ပွဲသည် ၉၀ ရာခိုင်နှုန်း အောင်မြင်ပြီဖြစ်၏။

“အင်း... အပြင်ဘက်မှာရှိတဲ့ မြူတွေ ပျောက်သွားပြီလား” ဝူမူက မေးမြန်းလိုက်သည်။

စစ်သည်တစ်ယောက်က လှမ်းကာ ဖြေ၏။ “တော်တော်ကြီးကို ပျောက်သွားပါပြီ နယ်စားကြီး”

ဝူယုက ပြောလိုက်သည်။ “အင်း... နွေရာသီကိုတောင် ကျော်လွန်သွားပြီပဲ။ ဘယ်လိုဖြစ်ပြီး မြူတွေက အဲလောက် များနေရသေးတာလဲ”

ဝူမူက ပြောလိုက်၏။ “ဒီနေရာရဲ့ ရာသီဥတုက ဒီအတိုင်းပဲ။ နွေရာသီနဲ့ ဆောင်းဦးရာသီ ကြားထဲမှာ နှင်းမြူတွေက ပိုပိုပြီး သိပ်သည်းလာတတ်တယ်။ နေ့လယ်လောက်ဆိုရင် ပျောက်သွားပါလိမ့်မယ်”

စစ်တုရင်ကစားပွဲက မပြီးသေးချေ။

“ထားလိုက်တော့” ဝူမူသည် လက်ထဲမှ စစ်တုရင်ရုပ်ကို ဘေးတစ်ဖက်ဆီသို့ လွှတ်ပစ်ပြီး အပြင်ဘက်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ပင်လယ်ပြင်၏ မျက်နှာပြင်ထက်တွင် အမျိုးအစား စုံလင်လွန်းသည့် စစ်သင်္ဘောပေါင်း ရာချီတို့က စီစီရီရီနှင့် ရပ်တန့်လျက် ရှိနေ၏။ တချို့သော တစ်ဝက်မှာမူ နှင်းမြူများထဲတွင် ပျောက်ကွယ်နေ၏။ မကြာခင် နေထွက်လာသည်ဆိုပါက ထိုမြူများအားလုံးက ပျောက်ကွယ်သွားမှာ သေချာသည်။

ဝူယုက ရုတ်တရက်ပြောလိုက်၏။ “ကျင်းမိသားစုကို လက်လွှတ်ပေးမှာလားလို့ ကျင်းရှိယန် ကျွန်မကို မေးနေတယ်”

ဝူမူက ထူးမခြားနားသလိုပင် ပြောလိုက်သည်။ “သူတို့ကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒီနည်းလမ်းအားဖြင့် သူ ဘယ်သူ့ကိုမှ မှီတွယ်စရာ မလိုတော့ဘူး။ ဒါဆိုရင် သူ့ရဲ့ခံစားချက်အားလုံးက မင်းအပေါ်မှာပဲ ရှိလာမယ်။ မင်းကို ပိုပြီးတော့ မှီခိုအားကိုးလာလိမ့်မယ်။ မင်းကို ပိုပြီး ချစ်ခင် မြတ်နိုးလာလိမ့်မယ်”

ဝူယုက ပြောလိုက်၏။ “ဒါဆိုရင် ကျင်းမူလန်ကကော”

ဝူမူက ပြောလိုက်သည်။ “အင်း.. ကျင်းမူလန်ကို ဖမ်းပြီးရင် သူ့ရဲ့ မရီဒန်တွေကို ဖျက်ဆီးပစ်ရမယ်။ ပြီးရင် ယင်ယွမ်အဖွဲ့အစည်း ဆီ ပေးရမယ်။ ယင်ယွမ်အဖွဲ့အစည်းက ရွှဲ့ပြည်နယ် အိမ်ရှေ့စံမင်းသား နင်ယီဆီ လက်ဆောင်ပြန်ပေးလိမ့်မယ်”

ပြီးနောက် သူက သင်္ဘောဆိပ်ကမ်းဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် သူ့ကို ဦးထုပ်လှမ်းပေး၏။ ဝူမူက ဦးထုပ်နှင့် အပေါ်ဝတ်ရုံကို ကောက်ဝတ်ပြီး သင်္ဘောများဆီသို့ ဖြည်းညင်းစွာ လှမ်းလျှောက်သွားခဲ့၏။

“သွားကြရအောင်။ နုရှောင့်မြို့ကို သေသေချာချာ ကြည့်ရှုရမယ်။ အခု ငါတို့ အလုပ်ကို သေသေချာချာ စလုပ်ဖို့ အချိန်ကျပြီ”

ချက်ချင်းပဲ စစ်သင်္ဘောပေါင်း ရာချီတို့သည် တောင်ဘက်ပိုင်းဆီသို့ ရွက်လွှင့်ကြ၏။ မိုင်တစ်ရာ အဝေးမှာတော့ နုရှောင့်မြို့ ရှိနေ၏။ ပင်လယ်ပြင်တစ်ခုလုံးတွင် မည်သည့် ရွက်သင်္ဘောမှ မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ပြင်၏ ခရီးသွားလာမှုကို ချောင်ဟောင်က ထိန်းချုပ်ထားခဲ့သောကြောင့်ပင်။

ဘန်း ဘန်း ဘန်း…

စစ်သင်္ဘော၏ ဘေးတစ်ဖက်ဆီမှာ စည်ထုသံလည်း ထွက်ပေါ်လာခဲ့၏။ စည်သံကြီးသည် စစ်ပွဲ၏ စတင်ရာ စည်သံကြီးကဲ့သို့ပင် ဖြစ်၏။

“စိတ်ချထား နယ်စားကြီးနန်းခန်... ဒီပင်လယ်ပြင်ကို ကျုပ်တို့ ကျိန်းသေပေါက် ရမယ်။ ဒီနိမ့်ကျတဲ့ အစေခံ ချောင်ဟောင်က နယ်စားကြီးနန်းခန် ကြိုးစားပေးပါမယ်။”

ဝူမူက ကျယ်လောင်စွာ ပြောလိုက်၏။ “ကျေးဇူးပါပဲ ထျန်းဖန်မြို့စားကြီး”

ပြီးနောက် သူက အဝေးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် ချောင်ဟောင်ကို မနှစ်မြို့ချေ။

ချောင်ဟောင်က ကြမ်းတမ်းပြီး မည်သည့် ဂုဏ်သိက္ခာမှ မရှိသလို ရက်စက်လွန်းသည့် လူတစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် သစ္စာဖောက် တစ်ယောက်ပင်။ ကျင်းရှိယန်သည် တော်ဝင်မျိုးနွယ်၏ မွေးစားသား တစ်ယောက် ဖြစ်သည်ဆိုသော်လည်း တော်ဝင်မျိုးနွယ်၏ စိတ်ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေသည့် အရှိန်အဝါမျိုးရှိသည်။

ဝူမူသည် အနောက်မြောက်ဘက်ပိုင်းဆီသို့ ဒူးထောက်ပြီး တိုင်တည်လိုက်၏။ “အရှင်မင်းကြီး.... အရှင်မင်းကြီးကို စိတ်ဓာတ်မကျစေရပါဘူး။ ဒီတိုက်ပွဲမှာ ကျိန်းသေပေါက် အောင်မြင်ရပါလိမ့်မယ်။ ကျုပ် နုရှောင့်မြို့ကို သိမ်းဆည်းပြီးရင် လေ့ကျိုးကျွန်းတစ်ခုလုံးကို သိမ်းဆည်းပေးပါ့မယ်”

………

ပိုင်ရီစီရင်စု၏ မြို့နံရံအပေါ်မှာတော့ ....

စစ်ပွဲစတင်ခဲ့သည်မှာ ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်၏။ တကယ့်ကို အသူရာငရဲခန်းထဲသို့ ရောက်ရှိနေသကဲ့သို့ပင်။ ကျန်းချုံး လိမ်ညာခဲ့ကြောင်းကို လူငယ်တပ်မှုးများက သိရှိခဲ့၏။ စစ်ပွဲ၏ ပထမနေ့တွင် တပ်မှုးအားလုံးတို့သည် တိုက်ပွဲ၏ ပြင်းထန်မှုကို ရင်ဆိုင်ရင်း စိတ်နှလုံးများတုန်လှုပ်ခဲ့ရ၏။ အဘယ့်ကြောင့် ဆိုသော် စုကလန် စစ်တပ်၏ တိုက်ခိုက်မှုက ကြမ်းတမ်းလွန်းသောကြောင့်ပင်။

တပ်မှုးများသည် ပထမရက်မှာတင် မြို့ကြီးတစ်ခုလုံး ကျရှုံးသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ ကျန်းချုံးက ထိုသူတို့အား နှစ်သိမ့်ခဲ့၏။ ဤနေ့က ပထမဦးဆုံးနေ့ ဖြစ်သောကြောင့် ကြမ်းတမ်းနေခြင်း ဖြစ်သည်ဟူ၍ပင်။ ထို့ကြောင့်ပင်လျှင် လူငယ်တပ်မှူးအားလုံးတို့က စိတ်ချမ်းသာရာ ရခဲ့၏။

သို့ပေမည့် အဆုံးသတ်မှာတော့ နှိုင်းယှဉ်ရမည်ဆိုလျှင် ပထမနေ့ရက်က အလွယ်ကူဆုံးဖြစ်ခဲ့၏။ ပြီးနောက် နေ့ရက် တစ်ခုချင်းစီတိုင်းက ပိုမိုကာ ခက်ခဲပြီး ပိုမိုကာ ဆိုးဝါးလာခဲ့၏။ စစ်သည်များသည် လူဦးရေ နှစ်သောင်း နီးပါးခန့်ရှိနေပြီး ဆက်တိုက်ဆိုသလိုပဲ မြို့ကို အသွေးအသားနှင့် ပေးဆပ်ကာ တိုက်ခိုက်လျက် ရှိနေသော ကြောင့်ပင်။

မြို့ကြီးကို ခုခံကာကွယ်ရခြင်းဆိုသည်မှာ ခက်ခဲလှသည့်အရာဖြစ်ပြီး ထို့အပြင် မြို့ထဲတွင်လည်း စစ်သည် လေးထောင်နီးပါးခန့်သာ ရှိ၏။ အစားထိုးစရာ လူဟူ၍ မရှိချေ။ ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့ ပိုမို၍ ခက်ခဲလာ၏။ မကြာခင် ပြိုလဲပြီး အချိန်မရွေး သေဆုံးသွားမည့် အခြေအနေမျိုးပင်။

ပြီးနောက်မှာမှ သူတို့က သွေးအေးပြီး ပြန်လည်ကာ အားကောင်းလာခဲ့၏။ အခြေအနေက ပိုမိုကာ သက်သာသွားခဲ့သောကြောင့်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အာရုံကြောများက ထုံထိုင်းသွား ခဲ့သောကြောင့်ပင်။ ကျန်းချုံးကို ပထမဦးဆုံး လာရောက်ကာ မေးမြန်းသည့် လူငယ်ပညာရှိ တပ်မှူးတစ်ယောက်သည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး တခြားပါရမီရှင် တပ်မှူး ဆယ်ယောက်ကျော်တို့ကလည်း သေဆုံးသွားခဲ့၏။ လူလေးထောင်ထဲတွင် သုံးပုံတစ်ပုံလောက် သေဆုံးသွားခဲ့၏။

ဟုတ်ပေ၏။ မြို့ကို ကာကွယ်ရသည့်အရာသည် တကယ့်ကို ခက်ခဲလွန်းလှသည်။ ရွှေဒင်္ဂါးများကလည်း လေထဲသို့ လွင့်ကာ ပျောက်ဆုံးသွားခဲ့သကဲ့သို့ပင်။ ကျန်းချုံးသည် ရွှေဒင်္ဂါးပေါင်းများစွာကို အသုံးပြုပြီး မြို့ထဲတွင် ရှိနေသည့် လူများအား စစ်တပ်ထဲသို့ ခေါ်ယူနေသည်။

လူပေါင်းများစွာတို့က မြို့ကို ခုခံကာကွယ်ရန် ပါဝင်နေပြီး အခြေအနေက့ ပိုမိုကာ တည်ငြိမ်လာခဲ့၏။ မှောင်ပြီး နောက်တစ်ရက် ရောက်တိုင်း ရောက်တိုင်း .... ကျန်းချုံးနှင့် ထိုတပ်မှူးတို့သည် မိမိကိုယ့်ကိုယ် မယုံနိုင်သလို ဖြစ်နေ၏။ တစ်ရက် ပြီးဆုံးသည်ထိ သူတို့ ခုခံကာကွယ်နိုင်ခဲ့သည်လား။

ယနေ့မှာတော့ သူတို့ တကယ်ပဲ ထပ်မံကာ ခုခံကာကွယ်ရပေဦးမည်။ မြို့ကြီးက မပြိုလဲသေးချေ။ မည်သို့ ဖြစ်နိုင်မည်နည်း။ ပထမဦးဆုံးရက်တုန်းက သူတို့ ဤအရာကို မခုခံနိုင်လောက်ဟု ခံစားမိခဲ့၏။ အသက်ကို ပေးဆပ်ကာ ခုခံတိုက်ခိုက်ခဲ့ကြပြီး သူတို့၏ စိတ်စွမ်းအင်အကုန်လုံးကို တိုက်ပွဲထဲသို့ ထည့်သွင်းထား၏။ မူလအားဖြင့် တစ်ရက်လောက်ပင် ခံနိုင်လိမ့်မည်မဟုတ်ဟု တွေးတောခဲ့သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ ခုနစ်ရက်ထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အပိုင်း (၄၀၄)

ကျန်းချုံးက ဆေးအဖွဲ့ကို ဦးဆောင်လျက်ရှိနေပြီး ဒဏ်ရာရရှိသွားသည့် တစ်ယောက်ချင်းစီတိုင်းကို လိုက်လံကာ နှစ်သိမ့်၏။ တစ်ယောက်ချင်းစီတိုင်း၏ ဒဏ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ပတ်တီးစည်းပေး၏။ ထို့အပြင် ဒဏ်ရာရများအား မည်ကဲ့သို့ ကုသရမည်ကိုပင် တစ်ခါတည်း လေ့လာလျက် ရှိ၏။ စစ်သည်များအတွက် သူသည် ထိုအရာကို ပြုလုပ်ရပေလိမ့်မည်။ အတိုချုပ်အားဖြင့်ဆိုလျှင် အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနှင့် ပြုလုပ်သင့်သည့် အရာအားလုံးကို သူက ပြုလုပ်နေ၏။

ကျန်းချုံးက အရာအားလုံးကို ပြုလုပ်လျက်ရှိနေသည်။ ထိုအချိန်မှာတော့ သူရဲကောင်းဆန်စွာ စကားပြောဆိုခြင်းက အသုံးမဝင်ချေ။ အရေးကြီးဆုံးက အားလုံးသောသူတို့၏ ရှေ့သို့ ရောက်ရှိပြီး အားလုံးသော သူတို့ကို ဖေးမကူညီခြင်းပင်ဖြစ်သည်။

“ရွှဲ့ပြည်နယ်မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်” ကျန်းချုံးက မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်မိ၏။ နိုင်ငံသည် မကြာခင် ပျက်စီးသွားတော့မည့်နိုင်ငံ ဟုတ်ခြင်း၊ မဟုတ်ခြင်း မသေချာချေ။ သို့ပေမည့် လက်ရှိအချိန်မှာတော့ လူငယ်မျိုးဆက်များက သတ္တိအပြည့်ဖြင့် ခုခံလျက်ရှိနေသည်။ ထိုအရာကို သူက မျက်မြင်တွေ့နေရ၏။

ပိုင်ရီစီရင်စု သို့မဟုတ် နုကျန့်စီရင်စု မည်သည့်နေရာတွင်မဆို သူတို့က ဤကဲ့သို့ တိုက်ခိုက်နိုင်ပေမည်။ ရွှဲ့ပြည်နယ်က အိုမင်းရင့်ရော်နေပြီဟု ထင်ရသော်လည်း ရွှဲ့ပြည်နယ်၏စစ်တပ်ကြီးက အသစ်ကဲ့သို့ ဖြစ်နေသည်ဟု ကျန်းချုံးက ခံစားမိ၏။ အနည်းငယ် ရင့်ကျက်လာခဲ့ကြပြီးနောက် စစ်သည်ပေါင်းများစွာတို့သည် အသစ်မွေးဖွားလာခဲ့သည့် ကျားသားရိုင်းများကဲ့သို့ပင် သန်မာကြမ်းတမ်းမှုအပြည့် ဖြစ်လာပေမည်။

နင်ယွမ်ရှန်း နန်းပလ္လင်ကို ဆက်ခံပြီးနောက် နိုင်ငံထဲမှ မူလလက်ဟောင်း စစ်သူကြီးများကို ဖယ်ရှားပြီး လူသစ်များ နှင့်အစားထိုးခဲ့သည်။ နန်းတွင်းစာမေးပွဲများကို ဖန်တီးပေးပြီး လူတော်များကို ခေါ်ယူခဲ့သည်။ ထိုအခြင်းအရာသည် ရွှဲ့ပြည်နယ်ကို ပိုမိုအားကောင်းစေမည့် အရာမျိုးပင်။

တိုက်ပွဲပြီးနောက် လူငယ်လက်ရွေးစင်အားလုံးတို့သည် တိုက်ပွဲတွင် တကယ့်ကို ကြမ်းတမ်းပြီး အတွေ့အကြုံ ရရှိထားသည့် ကျွမ်းကျင်သူများ ဖြစ်လာပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဤလူများထဲတွင် အရေအတွက် မည်မျှ အသက်ရှင် ကျန်ရှိနေမည်ဖြစ်ကြောင်း သူ သေချာမသိခြင်းပင်။ အကုန်လုံး သေဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

ကျန်းချုံးသည် မည်သို့မှမနေနိုင်ဘဲ နှင်းတောင်ကြီးရှေ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “ရှမ့်... မင်းဘက်က အခြေအနေက ဘယ်လိုရှိလဲ။ တကယ်လို့ မင်းသာ မအောင်မြင်ဘူးဆိုရင် ငါ့ရဲ့စစ်တပ်ကြီးက သုတ်သင် ရှင်းလင်းပစ်ခံရတာ ဒါမှမဟုတ် ငါ သေတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါက အရေးမကြီးသေးဘူး။ ပိုင်ရီမြို့ကိုသာ တခြားသူလက်ထဲကို ပေးလိုက်ရမယ်ဆိုရင် ကိစ္စကြီးဖြစ်လာပြီ။ ရွှဲ့ပြည်နယ်အတွက် ငါတို့က အပြစ်သားတွေ ဖြစ်လာလိမ့်မယ်”

ရှမ့်လန်က တစ်လတိတိ ခုခံကာကွယ်ရန် တောင်းဆိုခဲ့၏။ ယခု ခုနစ်ရက်သာ ကုန်ဆုံးသေး၏။ ဟုတ်ပေ၏။ ရှမ့်လန်၏ စကားများကို လျှော့စျေးအဖြစ် သတ်မှတ်နိုင်၏။ သူက ကျန်းချုံးကို တစ်လတိတိ ခုခံကာကွယ်ရန် တောင်းဆိုခဲ့၏။ တကယ်တမ်းမှာတော့ လဝက်သာ တွက်ချက်ထားခြင်း ဖြစ်သည်။

သို့ပေမည့် စုကလန်၏ စစ်တပ်ကြီးက ကြောက်စရာကောင်းသည့် အခြေအနေမျိုးနှင့် တိုက်ခိုက်နေသည်။ နေ့စဉ်နေ့တိုင်း နောက်ဆုံးရက်ကဲ့သို့ အစွမ်းကုန် အားထုတ်၍ တိုက်ခိုက်နေရ၏။ သူတို့အနေနှင့် လဝက်နီးပါးထိ ခုခံကာကွယ်ဖို့ ဖြစ်နိုင်ပါ့မည်လား။ ကောင်းကင်ပေါ်သို့ တက်လှမ်းသည်ထက်ပင် ခက်ခဲမှာ သေချာ၏။

ဘုရင်မင်းမြတ်သည် ကျန့်ထော်ကို တာဝန်ပေးထားသည်။ သို့ပေမည့် ကျန့်ထော်က သူ့အတွက် စိတ်ကူးယဉ် မျှော်လင့်ချက်တစ်ခု ဖြစ်ကြောင်း ကျန်းချုံးက သိ၏။ သူ့အနေနှင့် ကျန့်ထော်ကို စိတ်ထဲတွင် တွက်ချက် မျှော်လင့်နေ၍ မဖြစ်နိုင်ချေ။ ကျန့်ထော်က အနောက်ဘက်စစ်တပ်ကြီးတွင် အေးအေးသက်သာ အချိန်ဖြုန်း နေပေလိမ့်မည်။ သူ၏ တပ်သားများကို စတေးခံ၍ လာကယ်နေလိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ ထို့ကြောင့် ရွှဲ့ပြည်နယ်၏ စစ်သည်များဖြစ်သော်လည်း သူတို့လက်အောက်ရှိ စစ်သည်များအား သူတို့၏ စစ်သည်များအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ထိုသူများထဲမှာ တစ်ယောက် သေဆုံးသည်ဆိုလျှင်တောင် ကျန့်မိသားစု၏ နစ်နာမှုဖြစ်ပေမည်။

ကျန်းချုံးသည် ဤကဲ့သို့ ဆိုးဝါးသည့်လူများကို မုန်းတီး၏။ သူ၏ ရည်မှန်းချက်က ဝန်ကြီးတစ်ယောက် ဖြစ်လာရန် ဖြစ်ပြီး နိုင်ငံသည် ထိုကဲ့သို့သော တစ်ကိုယ်ကောင်း လူများကြောင့် မည်မျှ ထိခိုက်နေကြောင်းကို ကောင်းကောင်း နားလည်၏။ သူ ကျန်းချုံးသည် ရှမ့်လန်အပေါ်တွင်သာ မျှော်လင့်ထား၏။ ရှမ့်လန်ကသာလျှင် သူ့အတွက် အကောင်းဆုံးလုပ်ပေးနိုင်ပေလိမ့်မည်။

သန်းနှင့်ချီသည့် ရွှေဒင်္ဂါးများသည် သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်ချေ။ စစ်သည်ပေါင်း သောင်းချီ တို့ကလည်း သူ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ချေ။ ဂုဏ်သိက္ခာ၊ ကံကြမ္မာ ... အရာအားလုံးတို့ကလည်း သူ၏ မျက်လုံးထဲတွင် လွင့်ပျယ်သွားခဲ့ပြီးသော တိမ်တိုက်များကဲ့သို့ပင်။ ရှမ့်လန်က ထိုကဲ့သို့သော လူမျိုးပင်။ ထိုသို့သော လူမျိုးကို ထပ်မံတွေ့ဆုံဖို့ဆိုသည်မှာ လွယ်ကူသည်မဟုတ်ပေ။

ကျန်းချုံးသည် တော်ဝင်နှင်းတောင်ကြီးဆီသို့ လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်၏။ “ရှမ့်... မြန်မြန်လုပ်တော့။ ငါ အကြာကြီး တောင့်ခံထားနိုင်မှာမဟုတ်ဘူး”

……….

ပိုင်ရီမြို့၏ အပြင်ဘက် စစ်တပ်စခန်းထဲမှာတော့ စုရွှင၏ မျက်နှာတစ်ခုလုံးက သုန်မှုန်လျက်ရှိနေ၏။ သူသည် သုံးရက်အတွင်း ပိုင်ရီမြို့ကို အရယူမည်ဟု သူ၏အရှင်ဆီသို့ လှမ်းကာ သတင်းပေးပို့ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် ခုနစ်ရက်ကြာမြင့်ခဲ့သော်လည်း မသိမ်းပိုက်နိုင်သေးချေ။

ကျန်းချုံးတွင် စစ်သည်ပေါင်း သုံးထောင်၊ လေးထောင်နီးပါးခန့် ရှိ၏။ သို့ပေမည့် စုရွှင်တွင် နှစ်သောင်းနီးပါးခန့် ရှိ၏။ ပြောရမည်ဆိုလျှင် ဤအရွယ်အစားအရဆိုလျှင် နှစ်ကြိမ်လောက် တိုက်ခိုက်လိုက်လျှင် တစ်ဖက်လူ၏ အကာအကွယ် မျဉ်းကြောင်းတစ်ခုလုံး လျော့ပါးသွားမှာဖြစ်ပြီး သုံးကြိမ်အတွင်း မြို့ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

စုရွှင်၏ စစ်တပ်ကြီးသည် ငါးကြိမ်၊ ခြောက်ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သော်လည်း အလုံးစုံ သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိသေးချေ။ တိုက်ခိုက်မှုစွမ်းအင်က ပိုမိုအားကောင်းလာရုံသာရှိ၏။ သို့ပေမည့် ဤသို့ဆက်လက် တိုက်ခိုက်မည် ဆိုလျှင် ကျန်းချုံး ကြာကြာခုခံနိုင်လိမ့်မည်မဟုတ်ချေ။

စုနန်သည် အနည်းငယ် စိုးရိမ်ပူပန်လာမိ၏။ သို့ပေမည့် သူက ဒေါသမထွက်ချေ။ ထိုအစား လက်ရှိ တိုက်ခိုက်မှုအရှိန်အဟုန်ကိုသာ ထိန်းထားရန် စုရွှင်ကို အမိန့်ပေးခဲ့၏။

အဘယ့်ကြောင့်ဆိုသော် လက်ရှိ အခြေအနေက စုကလန်အတွက် အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေ၏။

ချောင်စစ်တပ်နှင့် ကျုံးစစ်တပ်တို့သည် အနောက်မြောက်ဘက် တည်နေရာတွင် အလှည့်အပြောင်းအဖြစ် တိုက်ခိုက်နေကြပြီး ကျန့်ထော်၏ စစ်တပ်ကြီးကလည်း တောင်ပိုင်းဆီသို့သွားရန် ရည်မှန်းချက်မရှိချေ။ ထို့ကြောင့် ကျန်းရှစ်စီရင်စုတစ်ခုလုံး၌ စုကလန်စစ်တပ်သည် မည်သည့်ပြိုင်ဘက်မှမရှိဟု ဖော်ညွှန်းရပေ လိမ့်မည်။

သို့ပေမည့် စုရွှင်က စိတ်ဆုံးဖြတ်ချက်ချပြီးသားဖြစ်၏။ မည်မျှကုန်ကုန်၊ မည်မျှစစ်သည်အရေအတွက် စတေးရသည်ဖြစ်စေ ပိုင်ရီမြို့ကို ကျိန်းသေပေါက် သိမ်းပိုက်နိုင်ရမည်ဟုပင်။ မဟုတ်ပါက သူ စုရွှင်၏ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။

“အင်း.. အမိန့်ပေးမယ်။ စစ်တပ်တွေအားလုံး အဆင်သင့်ပြင်”

စုရွှင်သည် ဦးထုပ်ကြီးကို ကောက်စွပ်ပြီး သူ၏ရှေ့တွင်ရှိနေသည့် စားပွဲကို ထုနှက်လိုက်သည်။ “အားကုန်ထုတ်မယ်။ ကျိန်းသေပေါက် ငါကိုယ်တိုင် ဒီပွဲကို ဦးဆောင်တော့မယ်”

စုရွှင်သည် ကိုယ်တိုင်ကိုယ်ကျ စင်မြင့်ပေါ်သို့ လှမ်းတက်ကာ အော်ဟစ်လိုက်၏။ “မြို့ကို တိုက်ခိုက်မယ်။ မြို့ကိုတိုက်”

ရုတ်တရက် စုကလန်၏ စစ်တပ်ကြီးသည် လှိုင်းလုံးကဲ့သို့ပင် ပိုင်ရီမြို့ဆီသို့ ရွေ့လျား ပြေးလွှားလာခဲ့၏။ ကြမ်းတမ်းလွန်းလှချေ၏။ ကျန်းချုံး၏ စစ်တပ်သည် ငရဲခန်းကဲ့သို့ ခက်ခဲသော နေ့တစ်ရက်ကို စတင် ရင်ဆိုင်ရတော့မည်။ သို့ပေမည့် သူတို့က လောက၏ အဆုံးသတ်နေ့ဆီသို့ ရောက်ရှိနေသကဲ့သို့ပင် နေ့ရက် အားလုံးကို တန်ဖိုးထားပြီး တိုက်ခိုက်နေသည်။

…………..

နှင်းတောင်ပေါ်မှာတော့ များပြားလှသည့် တိုက်ခိုက်မှုများ၏အောက်မှာတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်း တိုက်ပွဲကြီးက အလှည့်အပြောင်းများဖြင့် ပြင်းထန်လျက်ရှိ၏။ အာယုနာနာနှင့် ရှမ့်လန်၏ စစ်သည်များသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များကို တိုက်ခိုက်နေ၏။

အာယုနာနာ၊ ဝူလဲ့ ၊ လင်းယုန်ရမ်တို့သည် ထုဟိုင်ကို တိုက်ခိုက်လျက်ရှိနေသည်။

မဟာပညာရှင် ပန်ရော့မှာတော့ ဓားဘုရင် လီချင်းချိုးနှင့် တိုက်ခိုက်နေ၏။ သူမက လီချင်းချိုး၏ ပြိုင်ဘက်မဟုတ်ချေ။ အနည်းငယ် အားနည်း၏။ သို့ပေမည့် အကွက်တစ်ရာလောက် တိုက်ခိုက်ခဲ့ပြီးနောက် မည်သည့်ရလဒ်မှ ထွက်ပေါ်မသေးချေ။ အဘယ့်ကြောင့်ဆိုသော် လီချင်းချိုးက သူမကို အပြတ်အသပ် တိုက်ခိုက်ပြီး မသတ်ဖြတ်သောကြောင့်ပင်။

အဘယ့်ကြောင့်ဆိုသော် လီချင်းချိုးက အားနာသလို ခံစားနေ၏။ သူမကို ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ပြုလုပ်ခဲ့သည်မှာ ဓားကျွန်းဖြစ်၏။ တောင်ပင်လယ်ဓားဘုရင်၏ မျိုးဆက်တိုင်းသည် မတူညီသည့် အမူအကျင့်နှင့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ခဲ့၏။

ယခင် တောင်ပင်လယ်ဓားဘုရင်သည် လီချင်းချိုး၏ ယောက္ခထီးဖြစ်ပြီး ထိုသူကို မည်ကဲ့သို့ ဖော်ညွှန်းရမည်နည်း။

ဟုတ်ပေ၏။ လီချင်းချိုးသည် သူ့ကို ချစ်ခင်နှစ်သက်၏။ ထို့အပြင် အဖေအရင်းကဲ့သို့ သဘောထား၏။ သို့ပေမည့် အမူအကျင့်အရဆိုလျှင် သူ၏ယောက္ခထီးသည် တကယ့်ကို ဆိုးဝါးလွန်း၏။ မိန်းမတစ်ယောက်ကို ချစ်ခင်မြတ်နိုး လက်ထပ်ယူပြီးနောက်တွင်လည်း အပြင်ဘက်၌ ချစ်ရေးကိစ္စများနှင့် ရှုပ်ထွေးခဲ့၏။

သို့ပေမည့် ဓားကျွန်းသည် ကြယ်ကြွေဓားသိုင်းတစ်ခုထဲကို မှီခို၍ မဖြစ်နိုင်ကြောင်း ယခင်ဓားဘုရင်က တွေးတောခဲ့မိသည်။ တခြားသော ဓားပညာများကို လေ့လာသင်ယူရန် လိုအပ်ကြောင်း သတိပြုမိသည်။

ထို့ကြောင့် ယခင်ဓားဘုရင်သည် လျှို့ဝှက်သိုင်းကျမ်းပေါင်းများစွာကို နေရာအနှံ့မှ လိုက်လံရှာဖွေခဲ့ပြီး အလွန်အားကောင်းသည့် လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို မျက်စိကျခဲ့၏။ ထိုအရာက နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်မှ လျှို့ဝှက်သိုင်းကျမ်းဖြစ်၏။

နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်သည် တပည့်အရေအတွက် များပြား၏။ ထို့ကြောင့် သူတို့အနေနှင့် ပွင့်ပွင့်လင်းလင်း သွားရောက် လုယက်၍မရနိုင်ချေ။ ထိုသို့ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။ တစ်ဖက်လှည့်နှင့် ရယူရန်သာရှိသည်။

ယခင်ဓားဘုရင်သည် သူ၏ ချောမောသည့် ရုပ်ရည်ကို အသုံးပြုပြီး နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်၏ အရှင်မအား ချစ်သူဖြစ်အောင် ကြိုးစားခဲ့သည်။ ပြီးနောက် သူမနှင့်အတူတူ အိပ်စက်ခဲ့ပြီး နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ဆီမှ လျှို့ဝှက်သိုင်းကျမ်းနှစ်ခုကို လိမ်လည်ရယူခဲ့၏။

ထိုအချိန်တုန်းက သူသည် သူ၏ မိန်းမကို ကွာရှင်းပြီး နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်၏ အရှင်မနှင့် လက်ထပ်မည်ဟု ကတိပေးခဲ့၏။ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်၏ အရှင်မကလည်း သူ၏ ဂိုဏ်းချုပ်ဆိုသည့် ရာထူးဆီမှ နှုတ်ထွက်ပြီး အတူတူ နေထိုင်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ထိုအတွက်ကြောင့် သူမ မည်ကဲ့သို့သောဖိအားမျိုးကို ခံခဲ့ရသနည်း။ ပြောရမည်ဆိုလျှင် သိုင်းလောက တစ်ခုလုံး၌ သူမ အရှက်တကွဲဖြစ်ခဲ့ရ၏။ သူမ၏ ဂုဏ်သိက္ခာအားလုံး ပျက်စီးခဲ့သည်သာမကချေ ၊ သူမ၏ မိသားစုကိုလည်း သူမ ကိုယ်တိုင် ဖျက်ဆီးမိခဲ့၏။

လီချင်းချိုး၏ယောက္ခထီးသည် လျှို့ဝှက်သိုင်းကျမ်းကို ရယူပြီး ထွက်ပြေးသွားခဲ့သောကြောင့်ပင်။

ပြီးသည့်နောက်မှာတော့ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်အရှင်မသည် ဤလူယုတ်မာအား နှစ်ပေါင်း ၂၀ ကျော်ကြာ လိုက်လံတိုက်ခိုက်ခဲ့၏။ အဆုံးသတ်မှာတော့ သူမက ဓားဘုရင်ကို သတ်ဖြတ်ရန် မအောင်မြင်ခဲ့သည့်အပြင် နှလုံးသားအလိုအတိုင်း အကြိမ်အနည်းငယ် အတူတူအိပ်စက်ခဲ့မိသေးသည်။

ယခင်ဓားဘုရင် သေဆုံးပြီး မကြာခင်မှာပဲ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်အရှင်ကလည်း စိတ်ဓာတ်တကျဖြင့် သေဆုံးသွားခဲ့၏။ မသေခင်တွင် သူမက ဂိုဏ်းချုပ်အသစ်အဖြစ် ပန်ရော့ကို လက်လွှဲပေးခဲ့ပြီး သူမ၏ အရှက်ကွဲမှုများအတွက် လက်စားချေပေးရန် မှာကြားခဲ့၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဓားဘုရင် လီချင်းချိုးက မဟာပညာရှင် ပန်ရော့ကို သတ်ဖြတ်ရမည်လား။ ကျိန်းသေပေါက် သတ်ဖြတ်လိမ့်မည် မဟုတ်ချေ။ သူ၏ ယောက္ခထီးသည် တစ်ဖက်လူ၏ ဆရာကို သွားရောက်ကာ လိမ်ညာလှည့်စားခဲ့သည်သာမကချေ။ တစ်ဖက်လူ၏ ခံစားချက်၊ တစ်ဖက်လူ၏ ခန္ဓာကိုယ်၊ တစ်ဖက်လူ၏ လျှို့ဝှက်သိုင်းကျမ်းနှင့် တစ်ဖက်လူ၏ ဂုဏ်သိက္ခာများကိုပါ ဖိနှိပ်နင်းချေခဲ့သည်။

အကွက်တစ်ရာကျော်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ပန်ရော့သည် ကျိန်းသေပေါက် အကူအညီ မဲ့သလို ဖြစ်နေ၏။ သူမက လီချင်းချိုး၏ ပြိုင်ဘက်မဟုတ်ချေ။

“တကယ်လို့ ရှင့်ကျွန်မကို သတ်ချင်တယ် ဆိုရင်လည်း သတ်လိုက်။ ဘယ်လိုဖြစ်ပြီး ဟန်ထုတ်နေရတာလဲ။ ရှင့်က မဟာပညာရှင်ပဲ။ ဘာလို့ လယ်သမားအိုကြီးတစ်ယောက်လို ဟန်ဆောင်နေရတာလဲ” ပန်ရော့က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

လီချင်းချိုးသည် အကူအညီမဲ့စွာ ပြောလိုက်သည်။ “ညီမလေး ပန်ရော့... ကျုပ်က ဟန်ထုတ်နေတာမဟုတ်ဘူး။ ကျုပ်က တကယ် လယ်သမားအိုကြီးပါပဲ”

ပန်ရော့သည် အထင်အမြင်သေးသလိုပင် ခံစားလိုက်မိ၏။ ယခင် တောင်ပင်လယ်ဓားဘုရင် မည်မျှ ချောမော လိုက်သနည်း။ သူမ၏ရှေ့တွင် ရှိနေသည့် လီချင်းချိုးမှာတော့ အချိန်တော်တော်များများ လယ်သမား တစ်ယောက်ကဲ့သို့ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားသည်။ မဟာပညာရှင်ဆိုသည့် ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြုလုပ်နေသူကဲ့သို့ပင် ထင်ရ၏။

သို့ပေမည့် သူမ အဘယ့်ကြောင့် ယခင် တဏှာရူးနှင့် သွားရောက်ကာ နှိုင်းယှဉ်နေမိသနည်း။

လီချင်းချိုးက ပြောလိုက်သည်။ “ညီမလေး ပန်ရော့... ကျုပ်တို့ ဘယ်အချိန် တိုက်ခိုက်တာရပ်ကြမလဲ”

ပန်ရော့က ပြန်ပြော၏။ “ရှင်သေရင် သေ၊ ဒါမှမဟုတ်ရင် ကျွန်မ သေမှရပ်မယ်”

လီချင်းချိုးက ပြောလိုက်သည်။ “ကျုပ်သေလို့ မဖြစ်သေးဘူး။ ဒီလိုလုပ်ရအောင်။ ရှမ့်က ကျုပ်မိန်းမကို ကုသပေးပြီးလို့ ပျောက်ကင်းသွားရင် ကျုပ်ကိုယ်တိုင် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ဆီကို ကိုယ်တိုင် လာခဲ့မယ်။ အဲအချိန်ကျရင် မင်း ကျုပ်ကို ဘာပဲလုပ်လုပ် အဆင်ပြေတယ်။ သတ်ချင်လည်းသတ် ဟုတ်ပြီလား”

လီချင်းချိုးက ဟန်ပြတိုက်ခိုက်နေခြင်းဖြစ်သည်။ သို့ပေမည့် ရှမ့်လန်ကတော့ အစစ်အမှန် တိုက်ခိုက်နေရ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက တကယ့်ကို ကြမ်းတမ်းလွန်းပြီး တိုက်ခိုက်ရာ၌လည်း သူသေကိုယ်သေ တိုက်ခိုက်နေ၏။

ရှမ့်လန်၏ ဘက်ခြမ်းက အရေအတွက်အရ အသာစီးရရှိထားသည်ဆိုလျှင်တောင်မှ စိတ်ဓာတ်ပိုင်းဆိုင်ရာက ဖိနှိပ်ခြင်းကို ခံထားရပြီး တဖြည်းဖြည်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ပေါ်ပေါက်လာခဲ့၏။

အထူးသဖြင့် ထုဟိုင်ပင် ဖြစ်၏။ ထိုသူသည် ယခင်က ကောက်ကျစ်ပြီး သေရမှာကို ကြောက်လန့်သည့် လူဖြစ်၏။ သို့ပေမည့် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မြေပိုင်နက်တည်နေရာထဲသို့ ရောက်ရှိချိန်မှာတော့ နတ်ဘုရားများ၏ ကူညီစောင့်ရှောက်ကာကွယ်ခြင်းကို ခံစားရသူကဲ့သို့ မိမိကိုယ်ကိုယ် ခံစားမိပြီး စိတ်အားတက်ကြွမှု အပြည့်နှင့် ထိပ်တန်းကျွမ်းကျင်သူသုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်နေ၏။ ခန္ဓာကိုယ်မှ ကြီးမားလွန်းသည့် အရှိန်အဝါမျိုးလည်း ထွက်ပေါ်နေသည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးမှဘုန်းကြီးစစ်သည်များသည် သူတို့ကို နတ်ဘုရားများက ကာကွယ်ပေးနေသည်ဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်လိုမှုအရှိန်အဝါများက ကြောက်ခမန်းလိလိ တိုးတက်လာခဲ့၏။ ရှမ့်လန်နှင့် အာယုနာနာတို့၏ မဟာမိတ်အဖွဲ့များသည် ကြီးကြီးမားမား ဆုံးရှုံးနေရ၏။

ထိုအချိန်မှာပဲ ယမ်းမှုန့်များသည် မိုးကြိုးပစ်ချသကဲ့သို့ပင် တစ်ခုပြီးတစ်ခု ပေါက်ကွဲလာခဲ့၏။ ပြီးနောက် မှာတော့ မထင်မှတ်ထားသည့် ကိစ္စရပ်များ ပေါ်ပေါက်လာ၏။ မြေပြင်တစ်ခုလုံးက အက်ကွဲပြီး တောင်ကြီးတစ်ခုလုံး ပြိုလဲလုမတတ် တုန်ခါနေသည်။

ဟုတ်ပေ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးသည် တောင်၏ထိပ်တွင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း နှင်းပြိုခြင်းဆိုသည်ကို တစ်ခါမှ ခံစားဖူးသည့်တောင်မျိုး မဟုတ်ချေ။ သို့ပေမည့် မြေပြင်တစ်ခုလုံး က ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့ပြီး တောင်ကြီးတစ်ခုလုံးကလည်း လှုပ်ခါလာခဲ့၏။

တဆက်တည်း ထွက်ပေါ်လာခဲ့သည့် တဝုန်းဝုန်းနှင့် ကျယ်လောင်သည့် အသံများသည် မြွေနဂါးကြီး တစ်ကောင်၏ အော်သံကဲ့သို့ပင်။

တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ကျန်ရှိနေသည့် တစ်ဝက်ကလည်း စတင်ကာ ပြိုလဲလာခဲ့သည်။

ဘန်း ဘန်း…

တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီး၏ လက်ကျန်တစ်ဝက်သည် အပျက်အစီးပုံဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များအားလုံးက ကြောင်အသွားခဲ့၏။ ထုဟိုင်ကလည်း ကြောင်အသွားခဲ့၏။

ဘာတွေဖြစ်နေသနည်း။ နတ်ဘုရားများ ဒေါသထွက်သွားသည်လား။ ထို့ကြောင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကြီးကို တစ်ခါတည်း ဖြိုလဲလိုက်သည်လား။

All Chapters