အခန်း (၄၀၉+၄၁၀)
Vol. 30 Ch. 409+410
အပိုင်း (၄၀၉)
ဝူနှင့် ရွှဲ့ပြည်နယ်၏နယ်စပ် .....
ဝူဘုရင် အခြေစိုက်နေရာ စစ်စခန်းအတွင်းမှာတော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။ အပ်ကျသံကိုပင် ကြားသိနိုင်၏။
ဝူဘုရင်က သွေးစွန်းလျက် ရှိနေသည့် တိုက်ပွဲသတင်းပို့ချက်ကို လက်ထဲ၌ ကိုင်ဆောင်ထားခဲ့ပြီး ထိုအရာကို ထပ်တလဲလဲ ဖတ်ရှုနေ၏။ ပါဝင်သည့် အကြောင်းအရာများကို သူက မယုံကြည်နိုင်သလို ဖြစ်မိနေတုန်းပင်။
ပျံ့ရှောင်းသည် စစ်သည်အင်အား နှစ်သောင်းကျော်ထက်မနည်းကို ဦးဆောင်ပြီး ယန်ကျိုးပြည်နယ်စု၏ အကာအကွယ်ဆီမှ ထိုးဖောက်ကာဖြင့် ပြင်းပြင်းထန်ထန် ခုခံကာကွယ်လျက်ရှိနေသည့် ဝူပြည်နယ်၏ မြို့များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
ဝူပြည်နယ်၏ ကာကွယ်ရေးတပ်များက ကြားဖြတ်ကာ တိုက်ခိုက်ခဲ့သော်လည်း ပျံ့ရှောင်း၏ စစ်တပ်ကြီးသည် ငါးရှဉ်ကဲ့သို့ပင် ဖမ်းဆီးရန် ခက်ခဲ၏။ မည်သည့်နေရာကို သွားမှန်းမသိသလို၊ မည်သည့် နေရာတွင် ပေါ်လာမှန်း လည်း ခန့်မှန်းမရချေ။ ထိုသူတို့က လျင်လျင်မြန်မြန်ဖြင့် ရှေ့သို့ သွားပြီး တိုက်ခိုက်လျက် ရှိနေ၏။
ဤအရာက ရလဒ်ပင်ဖြစ်၏။ ပျံ့ရှောင်းသည် ဝူပြည်နယ်၏ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် ဝူပြည်နယ်၏ ပထဝီမြေပြင် အနေအထားကို ဝူဘုရင်ထက်ပင် ပိုမိုကာ ရင်းနှီးကျွမ်းဝင်၏။ ထိုတင်သာ မကသေးချေ။ ဝူပြည်နယ်မှ တခြားသော စစ်သူကြီးများထက်ပင် သူက သာလွန်သည်။
မည်သည့်နေရာတွင် တောင်ကြားရှိပြီး၊ မည်သည့်နေရာတွင် လမ်းရှိသည်။ မည်သည့်နေရာတွင် မြစ်ရှိသည်။ အရာအားလုံးကို ပျံ့ရှောင်းက သိရှိနေ၏။ ဝူပြည်နယ်ကြီး တစ်ခုလုံးသည် သူ၏ လက်ဖဝါးပေါ်သို့ တင်ထားသကဲ့သို့ပင်။ မည်သည့်နေရာတွင် ချုံခိုတိုက်ခိုက်၍ ကောင်းမည်ဆိုသည့်အရာကို သိရှိသလို၊ မည်သည့်နေရာမှ ချိုးဖျက်ကာ ဝင်ရောက်တိုက်ခိုက်ရမည်ကိုလည်း ကောင်းကောင်းသိ၏။
တိုက်ပွဲ၏ သတင်းပို့ချက်ကို ဖတ်ကြည့်ရမည်ဆိုလျှင် ဝူပြည်နယ်၏ နယ်မြေများက မည်မျှဆိုးဆိုးရွားရွား ဖြစ်ခဲ့သည်ကို ကောင်းကောင်းသိနိုင်သည်။ ပျံ့ရှောင်း မည်မျှ အားကောင်းသနည်း။ စစ်သည်အင်အား တစ်သောင်းကျော်နှင့် ပျံ့ရှောင်းကို ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားခဲ့၏။ သို့ပေမည့် စစ်တပ်ကြီးတစ်ခုလုံး ပြိုလဲကာ ကျန်ရှိခဲ့၏။ အလုံးစုံ ရှုပ်ထွေးကာ ကျန်ရှိခဲ့ခြင်းပင်။ စစ်သည်များအားလုံးတို့ကလည်း အမောစို့ခဲ့ကြသည်။ ပျံ့ရှောင်းကတော့ အေးအေးသက်သက်ပင်။ မထင်မှတ်ထားသည့် နေရာများကို သွားရောက်ပြီး အလစ်ဝင် တိုက်ခိုက်သွားသည်။
ပျံ့ရှောင်း၏ တိုက်ခိုက်ပုံမှာ အဆိပ်ပြင်းမြွေများကဲ့သို့ပင်။ လူများကို သတ်ဖြတ်ခဲ့သည်ဆိုသော် မြေပေါ်သို့ ခေါင်းများ တလိမ့်လိမ့် လိမ့်ဆင်းနေသည်။ ပျံ့ရှောင်းက မည်သည့် စားနက်ရိက္ခာမျိုးကိုမှ ယူဆောင် မလာခဲ့ချေ။ လမ်းတွင်ရှိနေသည့် ဝူပြည်နယ်မှ မြို့ရွာများကို ဝင်ရောက်ဖျက်ဆီးပြီး အရာအားလုံးကို လုယူသွားခဲ့၏။
တကယ့်ကို ပွင့်ပွင့်လင်းလင်းနှင့် လုယူတိုက်ခိုက်ခဲ့ခြင်းပင်။ သူက လမ်းတစ်လျှောက်ရှိ လူအားလုံးကို သတ်ဖြတ်ခဲ့၏။ လမ်းတစ်လျှောက်တွင် ရှိနေသည့် အရာအားလုံးကို ယူဆောင်ခဲ့၏။ ဝူပြည်နယ်တစ်ခုလုံးက ရှုပ်ထွေးကုန်သည်။
ဒါဇင်နှင့်ချီသည့် သတင်းပို့ချက်များကို နေ့စဉ်နေ့တိုင်း ဖတ်ရှုခဲ့သော်လည်း ပျံ့ရှောင်း မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း အစအနကောက်၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ဝူဘုရင်သည် ပျံ့ရှောင်း မည်သည့် နေရာတွင် ရှိမည်ဖြစ်ကြောင်း မသိရှိချေ။ ထို့ကြောင့် အနည်းဆုံး စစ်သည်အင်အား နှစ်သောင်းနှင့် သုံးသောင်းခန့်သည် ပျံ့ရှောင်း၏ တိုက်ခိုက်မှုကို ခံရပြီး ကြီးကြီးမားမား ဒုက္ခရောက်ခဲ့၏။
လူငယ် ဝူဘုရင်သည် မျက်နှာကို ပိတ်ရိုက်ခြင်း ခံခဲ့ရသကဲ့သို့ပင်။ မကြာသေးခင်က နယ်စပ်အမဲလိုက်ပွဲတွင် သူက နင်ယွမ်ရှန်းကို စစ်တုရင်ကစားပွဲ၌ အနိုင်ရရှိခဲ့သည်သာမက စစ်ပွဲတိုက်ခိုက်မှုတွင်လည်း အနိုင်ရရှိခဲ့၏။ ဝူဘုရင်၏ အရှိန်အဝါတစ်ခုလုံးက တိုးတက်လာခဲ့ပြီး ဂုဏ်သိက္ခာကလည်း ကောင်းကင်ယံပေါ်ရှိ နေကဲ့သို့ပင် ထွန်းလင်းတောက်ပခဲ့သည်။
နင်ယွမ်ရှန်းသည် အနောက်ဘက်မှ နေကဲ့သို့ပင် ဝင်သွားမည့် အရာမျိုးဖြစ်ပြီး ဝူဘုရင်မှာတော့ အခုမှ ထွက်ပေါ် လာခဲ့သည့် နေကဲ့သို့ပင်။
ထို့ကြောင့်ပင် ဤလူငယ် ဝူဘုရင်သည် ညီလာခံထဲတွင် ရှိနေသည့် ရှေးရိုးစွဲသမားများအားလုံးကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားခဲ့လေ၏။ အစစ်အမှန် အောင်မြင်မှုကို တက်လှမ်းရယူနိုင်ရန် ကြိုးစားခဲ့ခြင်းပင်။ သို့ပေမည့် တကယ့်တကယ်မှာတော့ ထိုအောင်မြင်မှုက ငရဲဆီသို့ပင် ကျဆင်းသွားခဲ့၏။
နင်ယွမ်ရှန်း၏ တကယ့်အစစ်အမှန် အကြံအစည်ကို နောက်ဆုံးမှာမှ သူ နားလည်ခဲ့၏။ ရူးသွပ်နေသကဲ့သို့ပင်။ နင်ယွမ်ရှန်းက တကယ်ကို ကောက်ကျစ်လွန်းလှ၏။ ပျံ့ရှောင်း ဝူပြည်နယ်ထဲသို့ ဝင်ရောက်ပြီး အလစ်တိုက်ခိုက်နိုင်စေရန် သူက တကယ့်ကို ကြီးမားသည့် ဟန်ပြဇာတ်ပွဲတစ်ခုကို ကပြခဲ့သည်။
စစ်တပ်အသုံးစရိတ်အတွက် သန်းနှင့်ချီသည့် ရွှေဒင်္ဂါးများကိုပင် ချေးငှားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ စစ်သည်များကို ဦးဆောင်ကာ နယ်စပ်၌ စစ်သည်အင်အား တစ်သိန်းတစ်သောင်းတို့နှင့်အတူ မတ်မတ်ရပ်လျက်ရှိ၏။ ထိုတင်သာ မကသေးချေ။ သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချပြီး တည်ရှိနေခဲ့သည့် စစ်သည်များထဲမှ သုံးသောင်းကိုလည်း နန်းမြို့တော်ဆီသို့ ပြန်လည်ကာ စေလွှတ်ခဲ့သေး၏။
မဟုတ်ပါက ဝူဘုရင်သည် အနောက်ဘက်ပိုင်းဆီမှ စစ်သည်အင်အား သုံးသောင်းကျော်ကို ဆင့်ခေါ်လိမ့်မည် မဟုတ်ချေ။ ရလဒ်အားဖြင့် အနောက်ဘက်ခံတပ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားခဲ့ပြီး ပျံ့ရှောင်း၏ မြင်းသည်တော် နှစ်သောင်းကျော်တို့က အတွင်းသို့ လှမ်းဝင်ကာ ဝူပြည်နယ် အတွင်းရှိ မြို့အသီးသီးတို့ကို ဝင်ရောက် တိုက်ခိုက်ပြီး သွေးချောင်းစီးခဲ့၏။ တခြားသော စစ်သူကြီးများဆိုပါက အနည်းငယ် သက်ညှာကောင်း သက်ညှာပေဦးမည်။
သို့ပေမည့် ပျံ့ရှောင်း မည်မျှရဲတင်း ကြမ်းရမ်းလိုက်သနည်း။ ထို့အပြင် ဝူပြည်နယ်ကို အလွန်အမင်း မုန်းတီးနေသူ တစ်ယောက်ဖြစ်၏။ ဤတိုက်ပွဲတွင် လူမည်မျှများများ သေဆုံးမည်နည်း။ မြို့ရွာ မည်မျှများများ မီးရှို့ခံရမည်နည်း။ မည်သူမှ မသိနိုင်ချေ။
ဝူဘုရင်သည် သူ၏ နဖူးကို အုပ်ကိုင်ပြီး ထိုင်ခုံပေါ်သို့ အသာထိုင်ချလိုက်၏။ မျက်လုံးကို မှိတ်ထားမိ၏။ ဤကြမ်းတမ်းသည့် သတင်းသည် သူ၏ ရင်ဘက်ကို ပြေးကာ ကန်လိုက်သကဲ့သို့ပင်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ ပွက်ပွက်ဆူလျက် ရှိနေ၏။ ပျံ့ရှောင်းသည် မြို့တစ်ခုကိုမှ မသိမ်းပိုက်ခဲ့ချေ။ သို့တစေ ဝူပြည်နယ်၏ စီးပွားရေးသည် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီဖြစ်၏။ သိမ်းပိုက်ခြင်းထက် ဖျက်ဆီးခြင်းက ပိုမိုကာ လွယ်ကူ၏။
“နင်ယွမ်ရှန်း ခင်ဗျား တကယ့်ကို ရူးနေပြီပဲ။ ရူးနေပြီ။ လုံးဝ ရူးနေပြီပဲ”
ပြီးနောက် ဝူဘုရင်သည် အခြေအနေ တစ်ခုကို နားလည်လိုက်မိ၏။ သူနှင့် နင်ယွမ်ရှန်းတို့သည် တူညီသည့်လူများ ဖြစ်၏။ နှစ်ယောက်လုံးသည် စွန့်စားရသည်ကို နှစ်ခြိုက်ပြီး အရာကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်တတ်သည်။
ဝူဘုရင်သည် တောင်ပိုင်းစစ်သည်များကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်၏ ဤနေရာကို တိုက်ခိုက်ဟန် ဆောင်ခဲ့၏။ ထိုအရာမှာ နုရှောင့်မြို့ကို သိမ်းဆည်းရန် သူ၏ မဟာဗျူဟာကို ဖုံးကွယ်ရန် ဖြစ်၏။ သို့ပေမည့် နင်ယွမ်ရှန်းက သတိမပြုမိခဲ့ချေ။
နင်ယွမ်ရှန်းသည် စစ်သည်များအများအပြားကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လာဟန်ပြုပြီး ပျံ့ရှောင်း ရုတ်တရက် တိုက်ခိုက်နိုင်ရန် ဖန်တီးပေး၏။ ဝူဘုရင်က သတိမပြုမိခဲ့ချေ။
ထို့သို့ဆိုလျှင် သူဘာဆက်လုပ်ရမည်နည်း။ ပျံ့ရှောင်းကို ပြန်လည် တိုက်ခိုက်ရန် စစ်သည်အင်အားများစွာကို ပြန်လည် စေလွှတ်ရမည်လား။ ထို့သို့ဆိုလျှင် ဤနေရာတွင် ရှိနေသည့် ဘုရင်နှစ်ပါး၏ ကြီးမားသည့် စစ်ပြိုင်မှုကြီးကို ခဏတာ ဖြေလျှော့ ပေးရပေလိမ့်မည်။
ဝူဘုရင်က အရဲစွန့်ပြီး နောက်သို့ ဆုတ်ရမည်လား။ သူ့၌ ထို့သို့ဆိုလျှင် ဂုဏ်သိက္ခာ အဘယ်သို့ ကျန်တော့မည်နည်း။ သူသည် တောင်ပိုင်းဆီသို့ ဟိတ်ကြီးဟန်ကြီးနှင့် စစ်သည်များကို ချီကာ အရင်ဦးဆုံး ရောက်ရှိလာသည့် လူတစ်ယောက် ဖြစ်၏။ ယခု စိတ်ပျက်လက်ပျက်ဖြင့် အနောက်သို့ ပြန်လည်ကာ ဆုတ်ခွာသွားရမည်လား။
အမတ်ကြီး ဝူကျိက လှမ်းကာ ပြောလိုက်သည်။ “အရှင်မင်းကြီး.... အနောက်ဘက်ပိုင်းဆီ ရောက်ရှိလာမယ့် စစ်သည်အင်အား သုံးသောင်းကျော်က မရောက်သေးဘူး။ သူတို့ကို အနောက်ဘက်ကို ပြန်လှည့်ပြီး ပျံ့ရှောင်းကို တိုက်ခိုက်ဖို့ ပြောရမလား”
ဝူဘုရင်က မည်သည့်စကားမှ မဆိုချေ။
ဝူကျိက ပြောလိုက်၏။ “အရှင်မင်းကြီး... ပျံ့ရှောင်းရဲ့စစ်တပ်က ကျုပ်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ နှလုံးသားထဲကို ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်အောင် ရိုက်သွင်းနေခဲ့တာပဲ။ အရှင်မင်းကြီး... နေ့စဉ်နေ့တိုင်းဆိုသလို ကျုပ်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကျဆင်း လာနိုင်ပါတယ်”
ဒေါသထွက်လျက်ရှိနေသော ဝူဘုရင်က တဖြည်းဖြည်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လျက်ရှိ၏။ သူသည် စစ်တုရင်ရုပ်တစ်ခုကို ကောက်ကိုင်ပြီး စစ်တုရင်ကစားခုံပေါ်သို့ အသာတင်လိုက်၏။ သူတစ်ယောက်တည်း ကစားနေခြင်းပင်။ ထိုနည်းလမ်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည်။
ဤနိုင်ငံက သူပိုင်ဆိုင်သည့်အရာ ဖြစ်၏။ မည်သည့်အကျိုးဆက်မျိုးမဆို သူ အောင့်အီးသည်းခံရပေလိမ့်မည်။ အခြေအနေက ပိုမိုကာ အန္တရာယ်များလေ ၊ သူ့အနေနှင့် ပိုမိုကာ တည်ငြိမ်သူတစ်ယောက်ဖြစ်အောင် ကြိုးစား ရပေလိမ့်မည်။ သူပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် သက်ဆိုင်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း အလေးထားရပေလိမ့်မည်။
ဘုရင်တစ်ပါးအနေနှင့် အကြီးမားဆုံး တားမြစ်မှုက ရန်သူကို ကြောက်လန့်ခြင်း၏။ မည်သည့် ဘေးအန္တရာယ် ကပ်ဆိုးကြီးကိုပဲကြုံကြုံ အန္တရာယ်နှင့် အခွင့်အရေးဆိုသည်မှာ ဒွန်တွဲလျက်ရှိ၏။ ဆိုးဝါးသည့်အရာများက ဖြစ်ပျက်ခဲ့ပြီ ဖြစ်သောကြောင့် သူသည် ထိုဆိုးဝါးသည့် ကပ်ဘေးကြီးထဲမှ အခွင့်အရေးကို ရှာဖွေရပေလိမ့်မည်။ အခြေအနေကို ပြောင်းပြန်လှန်ပြီး အလုံးစုံအောင်မြင်မှုကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။
“အရှင်မင်းကြီး၊ အရှင်မင်းကြီး..... အနောက်ဘက်ပိုင်းက ရောက်လာမယ့် စစ်သည်တွေကို အားလုံးကို ပျံ့ရှောင်းဆီ ပြန်လွှတ်ရအောင်။ တကယ်လို့ ကျုပ်တို့ နောက်ကျနေရင် အကျိုးဆက်က မခန့်မှန်းနိုင်ဘဲ ဖြစ်တော့မှာပဲ”
“အရှင်မင်းကြီး........ အမိန့်ထုတ်ပြန်ပေးပါ”
“အရှင်မင်းကြီး.... စစ်သည်တွေကို နောက်ကို ပြန်ဆုတ်ဖို့ အမိန့်ထုတ်ပြန်ပေးပါ”
“အရှင်မင်းကြီး....... ရွှဲ့ဘုရင်နဲ့ သေသေချာချာ ညှိနှိုင်းပေးပါ”
“အရှင်မင်းကြီး... ပျံ့ရှောင်းကို နောက်ပြန်ဆုတ်စေဖို့ မြန်မြန်ညှိနှိုင်းပေးပါ”
ဝန်ကြီးအားလုံးတို့က ဒူးထောက်ပြီး ဦးတိုက်လျက်ရှိ၏။ သူတို့၏ ငိုကြွေးသံသည် နိုင်ငံကြီးတစ်ခုလုံး ပြိုကျ ပျက်စီးတော့မည်သကဲ့သို့ပင်။
လူငယ်ဝူဘုရင်က မည်သည့်စကားကိုမှ မကြားသည့်ပုံပင်။ ထို့အပြင် နင်ယွမ်ရှန်း၏ အခြေအနေကို တူညီစွာဖြင့် စဉ်းစားလျက် ရှိနေ၏။ နိုင်ငံ အရေးအကြောင်းနှင့် ကြုံဆုံနေသည့် အခြေအနေမျိုးတွင် လူပေါင်း များစွာတို့က အရှေ့ကို လှမ်းတက်ပြီး ငိုယိုရုံသာ တတ်နိုင်၏။ နိုင်ငံတစ်ခုလုံး ပြိုလဲတော့မည်သကဲ့သို့ပင် ပြောဆိုနေခဲ့၏။
ဤလူများအားလုံး၏ နှလုံးသားထဲတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများက တကယ်တမ်း ပျော်ရွှင်နေခြင်း မျိုးလည်း ဖြစ်လျှင်ဖြစ်နိုင်၏။ မျက်နှာပြင်အထက်တွင် ဝမ်းနည်းပက်လက် အမူအရာများကို ဟန်ဆောင်လျက် ရှိနေသော်လည်း အစစ်အမှန်တရားမှာတော့ သူ့ကို ကြိတ်ကာရယ်မောနေခြင်းလည်း ဖြစ်နိုင်သည်။
‘ကြည့် ... အရှင်မင်းကြီး... ကျုပ်တို့ အဘိုးကြီးတွေရဲ့ စကားကို နားမထောင်ခဲ့ဘူး။ အခုတော့ ဒုက္ခရောက်ပြီ။ ခင်ဗျား မှားခဲ့ပြီဆိုတာ သိပြီလား။ ခင်ဗျားက ငယ်သေးတယ်။ ပြီးတော့ ကလေးဆန်လွန်းတယ်။ ဘယ်လိုဖြစ်ပြီးတော့ နိုင်ငံတစ်နိုင်ငံကို ဒီလိုမျိုး လွယ်လွယ်ကူကူ အုပ်စိုးလို့ရမှာလဲ’
စုနန်သည် နန်းမြို့တော်ဆီမှ ထွက်ရာလမ်းတွင် အရာအားလုံးတို့ကို သတ်ဖြတ်ခဲ့၏။ ထိုအချိန်တုန်းက ရွှဲ့ပြည်နယ်၏ ဘုရင်ကို ပါးပိတ်ရိုက်ခဲ့၏။ ထိုတုန်းကလည်း ရွှဲ့ပြည်နယ်တွင် ရှိနေသည့် ဝန်ကြီးဟောင်းများ၊ မူးမတ်ဟောင်းများအားလုံးတို့က ထိုကဲ့သို့ ခံစားမိ၏။ အုပ်စိုးသူနှင့် ဝန်ကြီး၊ ဝန်မင်းအားလုံးတို့သည် အတူတူ ပူးပေါင်းဆောင်ရွက်သူများဖြစ်၏။ ထို့အတူ ထာဝရရန်သူများလည်း ဖြစ်၏။ နင်ယွမ်ရှန်း တစ်ယောက် သူ၏ ဝန်ကြီးချုပ်များကို သတ်ဖြတ်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ခဏလောက်ကြာပြီးသည့်နောက် ဝူဘုရင်က ပြောလိုက်၏။ “ပျံ့ရှောင်းဆီမှာ စစ်သည်အင်အား ထောင်ချီ လောက်ပဲရှိတာ။ အင်း... သူ နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ဖို့ မဖြစ်နိုင်ဘူး”
ဤအရာမှာ မဖြစ်နိုင်ချေ။
ဝူဘုရင်က ဆိုလိုက်သည်။ “ပျံ့ရှောင်းရဲ့ စစ်တပ်တွေက အရမ်းကို မြန်တယ်။ ပြီးတော့ ဝူပြည်နယ်ရဲ့ ပထဝီမြေပြင်အနေအထားနဲ့ သူတို့က အရမ်းကို ရင်းနှီးနေတယ်။ ဝူပြည်နယ်ရဲ့ အလယ်ဗဟို တည်နေရာကိုသာ ရောက်မယ်ဆိုရင် သူတို့ ဘာဆက်လုပ်နိုင်မှာလဲ”
ပြီးနောက် ဝူဘုရင်သည် မတ်တပ်ထရပ်ကာဖြင့် မြေပုံဆီသို့ လျှောက်သွား၏။ “ရွာအနည်းငယ်နဲ့ မြို့က မီးရှို့ခံရပြီ။ ထားလိုက်တော့။ အစားအသောက်တွေလည်း ခိုးယူခံလိုက်ခဲ့ပြီ။ ထားလိုက်တော့။ လူတွေက ...” ဝူဘုရင်သည် ကျယ်ကျယ် မပြောခဲ့ချေ။ ‘လူတွေ သတ်ဖြတ်ခံလိုက်ရတယ် ဆိုလျှင်လည်း ထားလိုက်မယ်’ ဤစကားက အုပ်စိုးသူတစ်ယောက် အနေနှင့် ထုတ်ဖော်ပြောဆိုသင့်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။
ဝူဘုရင်က ကျယ်လောင်စွာ ပြောလိုက်သည်။ “ပျံ့ရှောင်းရဲ့ အရေးကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းက ဝူပြည်နယ်မှာ မရှိဘူး။ ရွှဲ့ပြည်နယ်ထဲမှာပဲ ရှိတာ”
လူငယ်ဝူဘုရင်သည် လေ့ကျိုးကျွန်းစုကို လက်ညှိုးညွှန်လိုက်၏။ “နုရှောင့်မြို့ရဲ့ တိုက်ပွဲက စနေပြီ။ လေ့ကျိုးကျွန်းစု တစ်ခုလုံးကို ရရှိဖို့ဆိုတာ လက်တစ်ကမ်းမှာပဲ။ တကယ့်အဓိကနေရာကို ရောက်နေပြီ။ လေ့ကျိုးကျွန်းစု အောင်ပွဲကြီးက ကျုပ်တို့နိုင်ငံထဲကို ဝင်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ ဆုံးရှုံးမှုတွေကို လုံလောက်အောင် ကာမိနိုင်မှာပဲ။ ဒီထက်တောင် ပိုရင် ပိုရနိုင်သေးတယ်။ ဒါက မဟာဗျူဟာအရ အောင်ပွဲပဲ”
ဝန်ကြီးဝန်မင်းအားလုံးတို့သည် ပင်လယ်ပြင်ကို ဂရုမစိုက်ကြချေ။ သို့ပေမည့် ဝူဘုရင်က ဆက်တိုက်ဆိုသလို ထိုအရာကို ပြောဆိုနေ၏။ သို့တစေ သူတို့သည် ထိုအရာနှင့်ပတ်သက်သော အကြမ်းဖျင်း အကြောင်းအရာများကိုတော့ စုံစမ်းထားသည်။ လေ့ကျိုးကျွန်းစုကို ရရှိပြီးနောက် တစ်နှစ်စာ ရရှိနိုင်သည့် အခွန်အခ သည် ရွှေဒင်္ဂါး သိန်းချီဖြစ်၏။ ကြီးမားလွန်းသည့် အကျိုးအမြတ်ပင်။
ဝူဘုရင်က ဆက်ပြောလိုက်၏။ “နင်ယွမ်ရှန်းက ရူးသွပ်နေတဲ့ လောင်းကစားသမားတစ်ယောက်လိုပဲ။ ကျုပ် သူ့ရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်ဆိုတာ ဝန်ခံပါတယ်။ ပျံ့ရှောင်း ဒီလိုမျိုး ဝင်ပြီး တိုက်ခိုက်လိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ ဒါပေမဲ့ ဘာဖြစ်လဲ။ ဒီအတွက် သူက အပေါ်စီးက ရသွားတယ်လို့ ထင်နေတာလား။ ကြီးမားတဲ့ လောင်းကစားကို ပြုလုပ်ပြီးတဲ့နောက်မှာ အဆုံးသတ်က ဘာလဲဆိုတာ ဘယ်သူမှ သေချာမသိနိုင်ဘူး။
ကောင်းပြီ။ ပျံ့ရှောင်းက ဝူပြည်နယ်ထဲကို ဝင်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါက ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေခဲ့တယ်။ ပြီးတော့ ပျံ့ရှောင်းက တိုက်ပွဲတိုင်းကို နိုင်ခဲ့ပြီး ကျုပ်ရဲ့ လူပေါင်းသောင်းကျော်ကို သတ်ခဲ့တယ်။ ဒီအရာက လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေဖို့ လုံလောက်တဲ့အရာဖြစ်နေပြီ။
ဒါပေမဲ့ နင်ယွမ်ရှန်းက ဘေးအန္တရာယ်တွေအားလုံးကို ဖြေရှင်းနိုင်ခဲ့ပြီလား။ မဖြေရှင်းနိုင်ဘူး။ ရွှဲ့ပြည်နယ်ရဲ့ ကျန်းရှစ်စီရင်စုမှာ ဘေးအန္တရာယ်ကြီးရှိနေတယ်။ စုနန်က ပုန်ကန်နေပြီ။ ကျန်းချုံးက အရမ်းကို အားကောင်းတယ်။ ဒါပေမဲ့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ဒါအားအကုန်ပဲ။ ကြာရှည်မတောင့်ခံနိုင်ဘူး။
ပိုင်ရီစီရင်စုက မကြာခင် ပြိုလဲတော့မှာ။ အဲဒီအချိန်မှာ စုနန်ရဲ့ စစ်တပ်က ကျန်းရှစ်စီရင်စုရဲ့ တောင်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်သွားလိမ့်မယ်။ ဒါဆိုရင် စုနန်နဲ့ ချင်နိုင်ငံတို့ ပူးပေါင်းပြီးတဲ့အချိန်မှာ သူတို့က စစ်သည်ပေါင်း တစ်သိန်းနီးပါးလောက် ရောက်သွားလိမ့်မယ်။
သူတို့က ရွှဲ့ပြည်နယ်ကို ဝင်ပြီး တိုက်ခိုက်ကြလိမ့်မယ်။ မြောက်ဘက်ပိုင်းမှာ သူတို့က ချောင်ပြည်နယ်နဲ့အတူ ကျုံးရန်ရဲ့စစ်တပ်နဲ့ တိုက်ခိုက်လိမ့်မယ်။ တောင်ဘက်ပိုင်းမှာတော့ သူတို့က ကျူးလင်းရဲ့ စစ်တပ်ကြီးကို မင်းသားကျင်းနဲ့အတူ တိုက်ခိုက်လိမ့်မယ်။ ပျံ့ရှောင်းရဲ့ စစ်တပ်ကြီးကလည်း ရွှဲ့ပြည်နယ်အတွက် ပြန်လာခုခံပေရမှာပဲ။
မုန်တိုင်းတွေရဲ့ အဆုံးသတ်က ဝူပြည်နယ် မဟုတ်ဘူး။ ကျန်းရှစ်စီရင်စု ပိုင်ရီမြို့ပဲ။ နင်ယွမ်ရှန်းက လူတစ်ယောက်နဲ့ ပတ်သက်ပြီးတော့ မှားယွင်းခဲ့တယ်။ ရွှဲ့ပြည်နယ်ရဲ့ မြို့စားကြီး ကျန့်ထော်ပဲ။ သူက ကပ်စေးနည်းပြီး သူ၏ စစ်သည်တွေကို အဆုံးရှုံးမခံချင်ဘူး။ ဒါကြောင့် ကျန်းချုံးနဲ့ ရွှဲ့ပြည်နယ်က ကျိန်းသေပေါက် ဘေးအန္တရာယ်ကို ကျရောက်တော့မှာပဲ။
ပိုင်ရီမြို့ကြီး ကျဆုံးသွားတာနဲ့တစ်ပြိုင်နက် ကျန်းရှစ်စီရင်စုရဲ့ တောင်ပိုင်းတစ်ခုလုံးက ပြိုလဲသွားခဲ့ပြီ။ စုနန်နဲ့ ချင်နိုင်ငံတို့ကလည်း အတူပူးပေါင်းထားခဲ့ပြီဖြစ်တာကြောင့် ဘာဆက်ဖြစ်မလဲ။ ရွှဲ့ပြည်နယ်က တစ်စစီဖြစ်ပြီး ဖျက်ဆီးခံရပြီပဲ။
နင်ယွမ်ရှန်းက ပျံ့ရှောင်းကို ဝူပြည်နယ်ကို ဘာလို့ တိုက်ခိုက်ခိုင်းရတာလဲ။ မြို့ကို မသိမ်းပိုင်စေဘဲနဲ့ ဝူပြည်နယ်အထဲကို ဝင်ပြီး ဘယ်လိုကြောင့် မွှေနောက်ခိုင်းခဲ့ရတာလဲ။ သူက ကျုပ်တို့ကို ကြောက်လန့် စေချင်လို့ပဲ။ ဒါ့ကြောင့် ဒီလိုပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တာ။ ပြောရမယ်ဆိုရင် သူက စုနန်ရဲ့ ပုန်ကန်မှုနဲ့ပတ်သက်ပြီး အာရုံစူးစိုက်မှု အပြည့်ထားနေရတယ်။ ဒီတော့ ကျုပ်တို့ကို အပေါ်ယံ ရှုပ်ထွေးအောင် မွှေနောက်ခဲ့တာပဲ”
နင်ယွမ်ရှန်းက စုနန်ရဲ့ ပုန်ကန်မှုနဲ့ပတ်သက်ပြီး ဝေဝါးနေခဲ့တာ။ သူက သားရဲရိုင်းကြီး တစ်ကောင်လိုပဲ အော်ဟစ်ပြီး ခြိမ်းခြောက်နေတယ်။ သူ့ ကြောက်ဖို့ ကောင်းတဲ့ လူတစ်ယောက်လို ထင်စေချင်တယ်။ ဒါပေမဲ့ အိပ်မက်ထဲမှာပဲ ရလိမ့်မယ်”
ဝူဘုရင်သည် အလုံးစုံ ရူးသွပ်သွားခဲ့ပြီဖြစ်၏။ “ပျံ့ရှောင်းအနေနဲ့ ဝူပြည်နယ်ထဲက လူတွေကို ဝင်ပြီး သတ်ဖြတ်ရုံလောက်နဲ့ ကျုပ်ကို အညံ့ခံအောင် လုပ်နိုင်လိမ့်မယ်လို့ သူထင်ခဲ့တယ်။ ဒါပေမဲ့ အိပ်မက်ထဲမှာပဲ ရမယ်”
ဝူဘုရင်က ရုတ်တရက် ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “သူရှုံးရုံတင် မကသေးဘူး။ ကျုပ်တို့ကလည်း ကြီးမားတဲ့ အောင်ပွဲကို ရရမယ်။ နင်ယွမ်ရှန်း ပိုပြီး ရူးသွပ်လေ၊ သူပိုပြီး ဒုက္ခရောက်လေပဲ။ ပြည်နယ်အသီးသီးမှာ ရှိတဲ့ မြို့တွေကို တံခါးတင်းတင်းစေ့ပြီး ပိတ်ထားဖို့ အမိန့်ပေးလိုက်။ ပျံ့ရှောင်း ဘာအခွင့်အရေးမှ ယူလို့ မရစေရဘူး။ ပြီးရင် စစ်တပ်ကြီးတစ်ခုလုံးက ပျံ့ရှောင်းကို ပြန်ပြီးဝန်းရံကြမယ်။”
“ပျံ့ရှောင်းက အရမ်းကို အားကောင်းတယ်။ ဒီတော့ နိုင်ငံထဲမှာရှိနေတဲ့ ဘယ်စစ်သူကြီးကမှ သူ့ရဲ့ ယှဉ်ပြိုင်ဘက် မဟုတ်ဘူး။ အနောက်ဘက်ပိုင်းမှာရှိနေတဲ့ စစ်သည်အင်အား သုံးသောင်းကျော်ကို မရပ်တန့်ဘဲ ဒီကိုပဲ လာခိုင်းလိုက်။ ဒီမှာရှိနေတဲ့ စစ်တပ်တွေအားလုံးက နင်ယွမ်ရှန်းကို တားဆီးထားတဲ့အရာမျိုးဖြစ်ရမယ်။
ကျုပ် ဘယ်တော့မှ နင်ယွမ်ရှန်းနဲ့ စပြီး ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူး။ ပိုင်ရီစီရင်စုမှာ ရှိနေတဲ့ ပိုင်ရီမြို့ ကျဆုံးသွားပြီဆိုတာနဲ့ ကျန်းရှစ်စီရင်စုတစ်ခုလုံး ကျဆင်းသွားလိမ့်မယ်။ ရွှဲ့ပြည်နယ် တစ်ခုလုံးကလည်း ကပ်ဘေးကြီးကို ခံစားရလိမ့်မယ်။ ဒါဆိုရင် နင်ယွမ်ရှန်းက ကျုပ်နဲ့ လာပြီး ညှိနှိုင်းဆွေးနွေးလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျံ့ရှောင်းက နောက်ဆုတ်လို့ မရရုံသာမကဘူး၊ အခုဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲရဲ့ အသုံးစရိတ်တွေ အားလုံးအတွက် ပြန်ပြီး လျော်ရလိမ့်မယ်။
အင်း... ဒါပေမဲ့ ကျုပ်တို့ ဝူပြည်နယ်ကတော့ လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပြီ။ ဒါဆိုရင် ကျိန်းသေပေါက် စီရင်စုနှစ်ခု ကျုပ်လက်ထဲ ရောက်ပြီပဲ။ ဝူပြည်နယ်က မရှုံးရုံတင်မကဘူး၊ ကြီးမားတဲ့ အောင်ပွဲတစ်ခုကို ရရှိတော့မှာပဲ။ နင်ယွမ်ရှန်းက စွန့်စားမှုကို ပြုလုပ်ချင်ပြီး ကျုပ်ကို ခြိမ်းခြောက်ချင်ခဲ့တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး”
ဝူဘုရင်သည် သူ၏ ဆွဲထုတ်ပြီးသားဖြစ်သော ဓားနှင့် ရှေ့တွင်ရှိနေသည့် စားပွဲဝိုင်းကြီးကို နှစ်ပိုင်း ပိုင်းဖြတ် လိုက်လေ၏။ စားပွဲဝိုင်းကြီး၏ အလယ်တွင် ရှိနေသည့် သူ၏ မြတ်နိုးရပါသော စစ်တုရင်ခုံကြီး တစ်ခုလုံးက နှစ်ပိုင်းပြတ်သွားခဲ့၏။ “အနာဂတ်မှာ ရွှဲ့ဘုရင်ဆီသွားပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ကျုပ်ဆီကို စဦးလာပြီး ပြောတဲ့လူရှိရင် ဒီဓားက မထက်ဘူးဆိုပြီး အပြစ်မတင်ကြနဲ့”
ရုတ်တရက် အရာရှိအရာခံအားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။
……………
အပိုင်း (၄၁၀)
စစ်တပ်စခန်းထဲမှာတော့ ...
နင်ယွမ်ရှန်းက တကယ့်ကို စိတ်လှုပ်ရှားမှုများနှင့် ဖြစ်တည်နေခဲ့၏။ သူ၏ ဘယ်ဘက်လက်ထဲတွင်ရှိသော တိုက်ပွဲသတင်းပို့ချက်ကြောင့် သူက စိတ်လှုပ်ရှားနေမိ၏။ သို့ပေမည့် ညာဘက်လက်ထဲတွင်ရှိနေသည့် တိုက်ပွဲသတင်းပို့ချက်ကို ကိုင်ဆောင်ရင်း သူက ဒေါသထွက်မိနေ၏။ ပျံ့ရှောင်း၏ ဝူပြည်နယ်ထဲသို့ ဝင်ရောက်ပြီး ရုတ်တရက်တိုက်ခိုက်မှုသည် တကယ့်ကို အသီးအပွင့်များကို ခံစားရရှိစေခဲ့၏။ မြို့တော်တော်များများကို မီးရှို့ပစ်ခဲ့ပြီး လယ်ယာကုန်းမြေ တော်တော်များများကို ဖျက်ဆီးခဲ့၏။
ရွှဲ့ပြည်နယ်၏ စစ်သည်အင်အား တစ်သိန်းကျော်တို့သည် ပျံ့ရှောင်းကို မည်သို့မှ မတားဆီးနိုင်ခဲ့ချေ။ ထိုအစား တန်ပြန် တိုက်ခိုက်ခြင်းကြောင့် စစ်သည် နှစ်သောင်း၊ သုံးသောင်းလောက်ပင် သေဆုံးခဲ့၏။ သူ၏ ဆရာတူအစ်ကိုသည် နှစ်အနည်းငယ်ကြာ မတိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်သည့်အချိန်မှာတော့ အချိန်မရွေး ပြိုင်ဘက်ကင်းပင်။ ရုတ်တရက် အံ့အားသင့်စရာ တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်သည်။
ပျံ့ရှောင်းက စစ်သည်အင်အား နှစ်၊ သုံးသောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ ခေါင်းမည်မျှပုံပြီး ကျန်ခဲ့မည်ဆိုသည်ကို မည်သူက သိရှိနိုင်မည်နည်း။ ဝူပြည်နယ်အတွင်းရှိ လူပေါင်းများစွာတို့က ကျိန်းသေပေါက် မျက်ရည်စက်လက် ဖြစ်ကုန်ကြပေလိမ့်မည်။
သို့ပေမည့် ညာဘက်ခြမ်းတွင် ကိုင်ဆောင်ထားခဲ့သည့် တိုက်ပွဲသတင်းပို့ချက်ကို မြင်ရသည့်အချိန်မှာတော့ ထိုအရာကို ချီးလိုပင် သူ ထင်မှတ်မိ၏။ ကျန့်ထော်၏ လက်အောက်တွင် စစ်သည်အင်အား နှစ်သောင်းကျော် တည်ရှိသည်မှာ သေချာ၏။ ထိုလူအင်အားဖြင့် သွားရောက် တိုက်ခိုက်မည်ဆိုလျှင် စုနန်ကို အနိုင်ရရှိဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့သို့ဆိုလျှင်တောင်မှ အတားအဆီးတစ်ခုတော့ ဖြစ်နိုင်သေးသည်။ စုနန်အနေနှင့် ကျန်းချုံးကို လွယ်လွယ်ကူကူနှင့် အနိုင်ရလိမ့်မည် မဟုတ်ချေ။
စုနန်၏ ပုန်ကန်နေသည့် စစ်တပ်ကြီးသည် ပိုင်ရီခရိုင်ထဲသို့ ရောက်ရှိနေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမည့် သူ့အနေနှင့် ဝူပြည်နယ်အရေးကို အရင်ဆုံး ဖြေရှင်းပေမည်။ အောင်မြင်ခဲ့ပါက ဝူပြည်နယ်အနေဖြင့် သူ တောင်းဆိုသမျှကို လိုက်လျောရမှာဖြစ်ပြီး ထိုကိစ္စများပြီးနောက် သူ စုနန်ကို အားကုန်ထုတ်ကာ ရှင်းလင်း ပစ်ပေမည်။
သူအများကြီး မျှော်လင့်မထားဘူးဆိုလျှင်တောင်မှ ကျန်းချုံး၏ အရည်အချင်းသည် သူ ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ အားကောင်းလျက် ရှိနေ၏။ တိုက်ခိုက်နိုင်မှု စွမ်းရည်ကို တစ်ရာငါးဆယ် ရာခိုင်နှုန်းခန့်ပင် ထပ်တိုး ထည့်ထားပုံပင်။
နင်ယွမ်ရှန်းသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ အံ့အားသင့်မိ၏။ ကျန်းချုံး ဤမျှအထိ အသက်ရှင်အောင် စီမံခန့်ခွဲနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တကယ့်ကို နိုင်ငံတစ်ခု၏ ကျောရိုးထောက်တိုင် ဖြစ်ခဲ့၏။ သေချာပေ၏။ တကယ့်ကို ရဲရင့်သည့် စစ်သူကြီးတစ်ယောက် ဖြစ်နိုင်သည့် အရည်အချင်းမျိုးပင်။ ကျန်းချုံးသည် နန်းမှုထမ်းတစ်ယောက်အဖြစ် အမှုထမ်းခဲ့သော်လည်း တကယ်တမ်းမှာတော့ ထိုကဲ့သို့ တိုက်ခိုက်ပွဲများ အတွက်လည်း အသားကျနေသည့်လူကဲ့သို့ပင်။
သို့ပေမည့် ကျန့်ထော်မှာတော့ အားအင်အဆင့်ကို သုံးဆယ်ရာခိုင်နှုန်းသာလျှင် ထည့်သွင်းခဲ့၏။ ရှေ့ဆုံးမှ တိုက်ခိုက်မည်ဆိုသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ခဲ့ပြီး တကယ်တမ်းမှာတော့ ဘာတစ်ခုမှ မလုပ်ခဲ့ချေ။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာဒဏ်ချက်များသည် စစ်ပွဲ၌ ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်များ ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ ယခု ဘာအသုံးဝင်သနည်း။
သူ့ကို အရူးတစ်ယောက်ဟု ထင်မှတ်နေလေသည်လား။ စစ်သည်အင်အား နှစ်သောင်းကျော်ရှိသည့်အချိန်၌ ရှစ်ထောင်ကို ပေးပို့ပြီး ဘာလုပ်ရမည်နည်း။
ပိုင်ရီနယ်စပ်တည်နေရာက အရေးကြီးလှသည်ဟု ပြောဆိုခဲ့သည်။ ထိုနေရာ ဆုံးရှုံးခံ၍ မဖြစ်သော်လည်း စစ်သည် တစ်ဝက်လောက်ကို ထားခဲ့လျှင်ပင် အဆင်ပြေပြီဖြစ်၏။ စုနန်သည် ပိုင်ရီနယ်စပ် ဂိတ်တံခါးကို လတ်တလော တိုက်ခိုက်ဖို့ဆိုသည်မှာ စိတ်လွတ်နေမှသာလျှင် ဖြစ်ပေလိမ့်မည်။
ကျန့်ထော်သည် စုနန်အတွက် သရုပ်ဆောင်နေခြင်းသာလျှင်ဖြစ်ပေလိမ့်မည်။ သူ အဘယ်သို့ မမြင်ဘဲနေမည်နည်း။ တကယ့်ကို မထင်မှတ်ထားလောက်သည့် လှုပ်ရှားကွက်ပင် ဖြစ်၏။
ကျန့်ထော်က ကျန်းချုံး ဖျက်ဆီးခံရသည်ကို စောင့်ကြည့်မည်။ ပိုင်ရီစီရင်စုကြီးတစ်ခုလုံးကို ကျဆုံးသွားခဲ့သည်ကို စောင့်ကြည့်မည်။ ပြီးနောက် ကျန်းရှစ်စီရင်စုတစ်ခုလုံး ကျဆုံးသွားခဲ့ကို စောင့်ကြည့်မည်။ ထိုအချိန်ရောက်လျှင် ရွှဲ့ပြည်နယ် တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ ထို့သို့ဆိုလျှင် ကျန့်ထော်သည် ကြီးမားသည့် အခွင့်အရေးကို ရရှိမည် မဟုတ်ပါလား။
“မမေ့နဲ့အုံး။ မင်းရဲ့လက်အောက်မှာရှိနေတဲ့ စစ်သည်တွေအကုန်လုံးက ငါပိုင်တာ၊ မင်းပိုင်တာ မဟုတ်ဘူး။ ဒီကောင်ကတော့ သေဖို့ထိုက်တန်တဲ့လူပဲ။ ချီးထဲမှ”
နင်ယွမ်ရှန်းက အလွန်တရာ ဒေါသထွက်လျက်ရှိနေပြီး မူးဝေဝေပင် ခံစားနေ၏။ အခြေအနေတစ်ခုလုံးက သူထင်မှတ်ထားသည်ထက် ပိုမိုကာ ရှုပ်ထွေးပြီး အန္တရာယ်များ၏။
မိန်းမစိုးကြီး လီစွမ်းသည် မျက်နှာသုတ်ပုဝါတစ်ထည်ကို ယူဆောင်ပြီး ဘုရင်မင်းမြတ်၏ နဖူးပေါ်သို့ တင်ပေးသည်။
“ဝူဘုရင် ဘယ်လိုနေလဲ”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “မြောက်ဘက်ပိုင်းမှာရှိတဲ့ သူလျှိုတွေရဲ့ သတင်းပို့ချက်အရဆို ဝူပြည်နယ်ရဲ့ စစ်သည်အင်အား သုံးသောင်းကျော်က တည်နေရာမှာပဲ ရပ်တန့်ပြီး အနောက်ဘက်ဒေသကို ပြန်မယ်။ ပြီးရင် မင်းကြီးပျံ့ရှောင်းကို ဝင်တိုက်ခိုက်မယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အခုတော့ အဲလိုပြန်သွားရမယ့်အစား ချက်ချင်း ပြန်လှည့်လာခဲ့ပြန်တယ်။ သူတို့က ဝူဘုရင်ရဲ့ စစ်စခန်းထဲ ပူးပေါင်းမယ့်ပုံပဲ”
နင်ယွမ်ရှန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူက မြေပုံကြီးရှိရာဆီသို့ လှမ်းသွား၏။ ထိုအချိန်မှာတော့ ဝူနှင့် ရွှဲ့ပြည်နယ်၏ ဘုရင်နှစ်ပါးတို့သည် နယ်စပ်ဒေသတွင် စစ်သည်အင်အား တစ်သိန်းကျော်နှင့်အတူ ခိုင်မာစွာ တပ်စွဲပြီးသားဖြစ်၏။ ဝူပြည်နယ်က စစ်သည်ပေါင်း တစ်သိန်းခွဲရှိပြီး ရွှဲ့ပြည်နယ်မှာတော့ စစ်သည်ပေါင်း ရှစ်သောင်းနီးပါးရှိနေ၏။ အခြေအနေတစ်ခုလုံးက အန္တရာယ်များလှသည်။
“ကျုပ် သူ့ကို အထင်သေးခဲ့မိတာပဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒီကောင်လေးက စွန့်စားရဲပြီး ကြမ်းတမ်းတယ်ဆိုပေမဲ့ နိုင်ငံထဲမှာရှိနေတဲ့ ရှေးရိုးစွဲအဘိုးကြီးတွေက သူ့ကို ထိန်းသိမ်းလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အရေးအကြောင်း အခြေအနေမျိုးမှာ သူက အားလုံးထက် ပိုပြီး လုပ်ရဲကိုင်ရဲတာပဲ။
ပျံ့ရှောင်းရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို သူက လုံးဝမကြောက်လန့်ဘူး။ အနောက်ဘက်ပိုင်းမှာရှိတဲ့ စစ်သည်တွေ အကုန်လုံးကို ပြန်မခေါ်ရုံတင်မကဘူး၊ ဒီကိုပါ တစ်ခါတည်း စုစည်းစေခဲ့သေးတယ်။ အထင်ကြီး လောက်စရာပဲ။ နောက်ဆုံးတော့ ငါနဲ့ လက်ရည်တူတဲ့လူတစ်ယောက် တွေ့လာခဲ့ပြီပဲ”
နင်ယွမ်ရှန်းသည် မျက်နှာသုတ်ပုဝါထဲရှိ ရေများကို အသာလိမ်ညှစ်ပြီး ခေါင်းပေါ်သို့ ညှစ်ချလိုက်သည်။ “ပိုင်ရီမြို့ ကျဆုံးသွားပြီဆိုတာနဲ့ ကျန်းရှစ်စီရင်စုရဲ့ တောင်ပိုင်းတစ်ခုလုံး ကျဆုံးသွားလိမ့်မယ်။ စုမိသားစုနဲ့ ချင်နိုင်ငံက ပူးပေါင်းပြီးရင် ငါ ဝူဘုရင်ကို သွားပြီး ညှိနှိုင်းဆွေးနွေးရတော့မှာပေါ့။
ဝူဘုရင်နဲ့ ညှိနှိုင်းဆွေးနွေးပြီဆိုတာနဲ့ ကျိန်းသေပေါက် သူက ကြီးမားတဲ့လျော်ကြေးတွေ တောင်းဆိုတော့မယ်။ သူက လေ့ကျိုးကျွန်းစုတစ်ခုလုံးကို အုပ်စိုးခွင့်ရဖို့ အခွင့်အရေးကို တောင်းဆိုရုံတင်မကဘူး၊ စီရင်စု တော်တော်များများ ကိုလည်း ပြန်ပြီး တောင်းလိမ့်မယ်။ တကယ့်ကို ကြမ်းတမ်းလွန်းတဲ့ ကျားသားပေါက်ပဲ”
နင်ယွမ်ရှန်းက မြေပုံပေါ်သို့ စူးစိုက်ကြည့်ရှုနေ၏။ သူ၏ မျက်လုံးအကြည့်များတွင် ချင်နိုင်ငံ၏ တည်နေရာဆီသို့ ရောက်ရှိသွား၏။
“ဟိုခွေးကောင်လေး ရှမ့်လန် ဘယ်ရောက်သွားလဲ”
မိန်းမစိုး လီစွမ်းက ဖြေလိုက်သည်။ “နောက်ဆုံးရရှိတဲ့ သတင်းအရဆိုရင် သူက စစ်သည်အင်အား နှစ်ရာကျော်ကို ဦးဆောင်ပြီးတော့ အာယုနာနာရဲ့ မျိုးနွယ်စုတွေဆီကို ဝင်သွားတယ်။ ဘုရင်အာယုထိုင်က စစ်သည်အင်အား လေးသောင်းကျော်ကို ခေါ်ဆောင်လာပြီး အာယုနာနာရဲ့ မျိုးနွယ်စုကို ဝင်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒီတော့ အာယုနာနာရဲ့ မျိုးနွယ်စုတစ်ခုလုံး မရှိတော့ဘူး”
နင်ယွမ်ရှန်းက မေးလိုက်၏။ “ဒါဆိုရင် ရှမ့်လန်က အာယုနာနာရဲ့ စစ်တပ်နဲ့အတူ ထွက်ပြေးသွားခဲ့တာပေါ့။ သူတို့ အရှင်မလို့ခေါ်တဲ့ မိန်းမနဲ့အတူ စစ်သည်ဘယ်လောက်များများ ရှိလဲ”
“သုံးထောင်ပါ” လီစွမ်းက ပြောလိုက်သည်။
“သုံးထောင်တည်းလား” နင်ယွမ်ရှန်းက ပြန်လည်ကာ မေးမြန်းလိုက်၏။
စစ်သည်အင်အား သုံးထောင်နှင့် လေးသောင်းကို မည်ကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
နင်ယွမ်ရှန်းက မေးလိုက်သည်။ “ဒါဆိုရင် ရှမ့်လန်က အာယုနာနာရဲ့ စစ်တပ်နဲ့အတူ ဘယ်နေရာကို ပြေးသွားကြလဲ”
လီစွမ်းက ပြောလိုက်၏။ “တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီပါ”
“သူရူးနေတာလား။ အဲဒီနေရာက လမ်းဆုံးကြီးလေ။ သေသွားမှာပေါ့”
နင်ယွမ်ရှန်းက ပြောလိုက်၏။ ပြီးနောက် သူ၏ မျက်လုံးများက တောက်ပသွားသည်။ “ရှမ့်လန်က မရိုးရှင်းဘူး။ သူ့ဆီမှာ လှည့်ကွက်တစ်ခုခု ရှိရမယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “နင်ကျဲ့ရဲ့ လျှို့ဝှက်သတင်းပို့ချက်အရဆို ရှမ့်လန်က စုနန်ကို ထိန်းချုပ်ထားချင်ရုံ မကဘူး၊ စုမိသားစုနဲ့ စုနန်ရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တာမဟုတ်လား”
မိန်းမစိုး လီစွမ်းက ပြောလိုက်သည်။ “သူ အဲလို ပြောခဲ့ပါတယ်”
နင်ယွမ်ရှန်း၏ အသက်ရှူနှုန်းများက မြန်ဆန်သွား၏။ ထိုအချိန်မှာတော့ သူက အလှည့်အပြောင်းကို ခံစားလာမိ၏။ ရှမ့်လန်က ချင်ဘုရင်၏ စစ်သည်အင်အား လေးသောင်းကျော်ကို ရာဂဏန်းအနည်းငယ်နှင့် ဖျက်ဆီးချင်သည်လား။ အိပ်မက် မက်နေသလိုပင်။
စုနန်၏ စစ်တပ်ကြီးကို တစ်လ နှစ်လနီးပါးလောက် ထိန်းချုပ်ထားရန်သာ ခိုင်းစေခဲ့၏။ သို့ပေမည့် စုနန်ကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့၏။ အားလုံးသောသူ့တို့ကို သုံးနှစ်သားကလေးဟု ထင်မှတ်နေသည်လား။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ နင်ယွမ်ရှန်း၏ နှလုံးသားတစ်ခုလုံးက မြန်မြန်ဆန်ဆန် လှုပ်ခါသွားခဲ့၏။ မထင်မှတ်ထားလောက်အောင်ပဲ ရှမ့်လန်နှင့်ပတ်သက်၍ မျှော်လင့်ချက်များ သူက ထားရှိလာခဲ့မိ၏။
“မဖြစ်သေးဘူး။ ရှမ့်လန်က ရူးနေတဲ့ကောင်။ ဒါပေမဲ့ ငါကတော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှမ့်လန် တစ်ယောက်တည်းနဲ့ စုမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါသူ့အပေါ်မှာ မျှော်လင့်ချက်တွေ ထားလို့မဖြစ်ဘူး။ ရှမ့်လန် ဘယ်လောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်ဆိုဆို ချင်နိုင်ငံ အာယုထိုင်ရဲ့ လက်ခုပ်အောက်ကနေ လွတ်မြောက်ဖို့ဆိုတာ မလွယ်ဘူး။ သူ့ကို မှီခိုပြီး ပိုင်ရီမြို့နဲ့ ကျန်းရှစ်စီရင်စုတစ်ခုလုံးကို ကယ်တင်နိုင်ဖို့လား။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ စဉ်းတောင် စဉ်းစားလို့ မဖြစ်နိုင်ဘူး”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “တတိယမင်းသား နင်ချီကို အမိန့်ပေးလိုက်။ စစ်သည်အင်အား သုံးသောင်းကျော်ကို ဦးဆောင်ပြီး လျန်ခရိုင်ဆီ သွားလို့။ သူက စုနန်ရဲ့ ပုန်ကန်လာမယ့် စစ်တပ်ကြီးကို လျန်ခရိုင်ကနေပြီးတော့ တားဆီးနိုင်လိမ့်မယ်”
“ကောင်းပါပြီ” မိန်းမစိုးကြီး လီစွမ်းက ပြန်ဖြေလိုက်၏။
ထိုအချိန်မှာပဲ ဘုရင်မင်းမြတ်၏ စိတ်ထဲမှာတော့ ထျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတော်တော်များများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ လျန်ခရိုင်တစ်ခုတည်းကိုသာ အောက်ခြေစည်းမျဉ်းအဖြစ် သူက တားဆီး ရပေတော့မည်။
“ကျန့်ထော်၊ ဒီအပြစ်ကောင်.... ဒီကျန့်ထော်ကြောင့်ပဲ”
ဘုရင်မင်းမြတ်က ထပ်မံကာ ပြောလိုက်၏။ “နောက်ထပ်အမိန့်တစ်ခုကို ပေးလိုက်။ ကျန်းချုံးကို ရွှေရောင်ဝန်ကြီးဘွဲ့ ပေးလိုက်။ ကျန်းချွင်ကိုတော့ မှတ်တမ်းရေးရာဝန်ကြီးဘွဲ့ ပေးလိုက်”
အဘယ်ကြောင့်ဆိုသော် ရေနက်တပ်ဖွဲ့မှ လူများက သတင်းပေးပို့လာခဲ့၏။ ကျန်းချုံး၏ သားနှင့် မြေးတို့ကို စုမိသားစု၏ ကျွမ်းကျင်သူများက ပေးဆပ်မှု ကြီးကြီးမားမားနှင့် ခေါ်ယူသွားခဲ့သည်ဆိုသည့် သတင်းပင်။
ဘုရင်မင်းမြတ်သည် ကျန်းချုံး၏ မိသားစု အသက်မရှင်နိုင်တော့ဟု ထင်မှတ်ခဲ့၏။ မိသားစုတစ်ခုလုံးက သစ္စာရှိခဲ့ကြပြီး ထိုအထဲမှ သုံးယောက်ကလည်း နိုင်ငံရေးရာ ကိစ္စရပ်များနှင့် သေဆုံးခဲ့၏။
နင်ယွမ်ရှန်းသည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ “ကျန်းမိသားစုအပေါ် ငါ အပြစ်ပြုခဲ့မိပြီပဲ”
ကျန်းချုံးကို သေဆုံးအောင် ပြုလုပ်သည်က ကျန့်ထော်ဖြစ်၏။ ကျန်းချုံးက နိုင်ငံ၏ သူရဲကောင်း ဖြစ်လာသင့်၏။ ကံဆိုးစွာဖြင့် လောကကြီးတွင် ကျန်းချုံးကို ကယ်တင်နိုင်သည့်သူဟူ၍ မည်သူမှ မရှိချေ။
...............
ပိုင်ရီစီရင်စု၏ နေခင်းပိုင်း
တစ်နာရီပြည့်အောင်ပင် မအိပ်ရသေးသော ကျန်းချုံးက ပြန်လည်နိုးထလာခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပူခြစ်နေ၏။ ရင်ဘက်ရှိ ဒဏ်ရာက အနည်းငယ် ရောင်ကိုင်းနေ၏။ လွန်ခဲ့သည့် ဆယ့်လေးရက်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် ဒဏ်ရာဟောင်းများတို့အပေါ်တွင် ဒဏ်ရာအသစ်များ ရရှိခဲ့၏။ ထို့ကြောင့် သူ၏ ရင်ဘက်ရှိ ဒဏ်ရာက ပြန်လည်ကာ ပွင့်ထွက်သွားခဲ့၏။
သူ နေ့နေ့ညည မအိပ်ခဲ့ရသေးချေ။ အချိန်အကြာဆုံးသော အိပ်စက်ရခြင်းက လေးနာရီသာလျှင်ရှိ၏။ သူ့ ခန္ဓာကိုယ်၏ ခုခံအားတစ်ခုလုံးကလည်း ကျဆင်းလာခဲ့၏။ ထို့ကြောင့် ဒဏ်ရာများက ပိုးဝင်ခဲ့သည်။
ရင်ဘက်မှ ဒဏ်ရာက ရောင်ကိုင်းလျက် ရှိနေလေ၏။ အပူချိန်ကလည်း လေးဆယ်ဒီဂရီထက်ပင် ကျော်လွန်နေ၏။
ဟုတ်ပေ၏။ သူ့အနေနှင့် သတိစိတ်တော့ ရှိနေသေး၏။ လောကကြီးထဲတွင် သိုင်းပညာအဆင့် မြင့်မားသူများသည် လွယ်လွယ်ကူကူနှင့် နာမကျန်းမှု မဖြစ်ကြချေ။ သို့ပေမည့် တချို့သော ဒဏ်ရာများကတော့ တားဆီး၍ မရနိုင်ချေ။ ဥပမာအားဖြင့် အူရောင်ငန်းဖျားရောဂါမျိုးပင်။
နာမကျန်းမှုကို သွေးမျိုးဆက်ဖြင့် မည်ကဲ့သို့ ခုခံရမည်နည်း။ ဥပမာ ချောင်ယောင်းအာသည် နှစ်ပေါင်းများစွာကြာ သတ္တုအဆိပ်သင့်ခဲ့သော်လည်း တခြားသောလူများ အကြိမ်တစ်ရာလောက် သေဆုံးရမည့် အခြေအနေမျိုးတွင် အသက်ရှင်ခဲ့၏။
ထို့အပြင် အရူးကြီးပင် ဖြစ်၏။ အရူးကြီးသည် အလွန်အားကောင်းသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်၏။ အရူးကြီးက ကျုံးချုးကဲ့၏ ထပ်တလဲလဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသော်လည်း တစ်ခါလေးမှ နေမကောင်း မဖြစ်ခဲ့ချေ။
လက်ရှိအချိန်မှာတော့ ကျန်းချုံးသည် သူ၏ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို အသုံးပြုမည်ဆိုလျှင်တောင်မှ စိတ်တစ်ခုလုံးက ဝေဝါးလျက် ရှိနေတုန်းပင်။ သူက မူးဝေဝေ ခံစားနေရ၏။ လမ်းတစ်လျှောက် လှမ်းလျှောက်ပြီးနောက် သူ၏ ခြေလှမ်းများက ပေါ့ပါးနေ၏။ ကောင်းကင်ပေါ်သို့ တက်ကာ လျှောက်နေရသကဲ့သို့ ခံစားနေရ၏။
ကျေးကျွန်အိုကြီးက အော်ကာ တောင်းပန်လိုက်သည်။ “သခင်ကြီး... ကျေးဇူးပြုပြီး ဆေးသောက်ပြီး နည်းနည်းလောက် အိပ်လိုက်ပါအုံး။ ကိစ္စအားလုံးကို မင်းသမီး နင်ကျဲ့ဆီ ခဏလောက် လွှဲထားလိုက်ပါ”
ကျန်းချုံးက ခေါင်းကို ခါယမ်းလိုက်၏။ “မဖြစ်သေးဘူး။ စစ်သည်တွေက ကျုပ်ကိုသာ မမြင်ဘူးဆိုရင် သူတို့ရဲ့ စိတ်ဓာတ်တွေ ကျဆင်းပြီး မြို့တစ်ခုလုံး ကျဆုံးသွားလိမ့်မယ်။ သေပြီးတဲ့နောက်မှာ အိပ်ဖို့အချိန်တွေ အများကြီးရှိနေသေးတယ်။ ဒီတစ်နာရီ၊ နှစ်နာရီလောက် မအိပ်ရုံလောက်နဲ့ ဘာမှမဖြစ်ပါဘူး”
ပြီးနောက် သူက ရှေ့ဆီသို့ လှမ်းတက်သွားခဲ့သည်။