← Chapters

အခန်း (၄၁၁+၄၁၂)

Vol. 30 Ch. 411+412

အခန်း (၄၁၁+၄၁၂)

Vol. 30 Ch. 411+412

အပိုင်း (၄၁၁)

သူသည် မြို့နံရံ၏ ပထမအဆင့်ပေါ်သို့ မတက်နိုင်ခဲ့ချေ။ ခြေထောက်ကို မြှောက်လိုက်ရုံပင် ရှိသေးသည်။ ခန္ဓာကိုယ်တစ်ခုလုံးက သတိမေ့မြောလုမတတ် ဖြစ်သွား၏။ မျက်လုံးကို ပိတ်လိုက်၏။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ချင်၏။

ထိုအချိန်မှာပဲ ဘေးတစ်ဖက်ဆီမှ လက်တစ်ဖက် ရောက်ရှိလာပြီး သူ့ကို ဖေးမပေးထား၏။ ထိုသူက အကြီးဆုံးမင်းသမီး နင်ကျဲ့ပင်။

“ဆရာကြီးကျန်း... ဘာလို့သွားပြီး ကောင်းကောင်း အနားမယူတာလဲ။ ဒီတိုက်ပွဲကို ကျွန်မအတွက် ထားလိုက်ပါ”

ကျန်းချုံးက ခေါင်းကို ခါယမ်း၏။ အကြီးဆုံးမင်းသမီး နင်ကျဲ့၏ ကူညီမှုနှင့်အတူ သူက မြို့ရိုးနံရံပေါ်သို့ တက်နိုင်ခဲ့၏။ သူသည် နေရာအနှံ့ကို သွားခဲ့သည်။

မြို့အစောင့်အားလုံးတို့က အရိုးပေါ်အရေတင် ပိန်လှီလျက် ရှိနေသည့် ကျန်းချုံးကို ချီးကျူးသလို လှမ်းကြည့်ပြီး သူတို့၏ မျက်လုံးထဲတွင်လည်း ယုံကြည်အားကိုးမှုများနှင့် ပြည့်နှက်လာခဲ့၏။

ဤစစ်သည်ပေါင်းများစွာတို့သည် ဒဏ်ရာ ဗလပွနှင့် မောပန်းနေခဲ့ပြီဖြစ်၏။ သို့ပေမည့် သူတို့အားလုံးတို့သည် ကျန်းချုံးကို ကြည့်ရှုပြီး စိတ်အားတက်ကြွလာခဲ့ကြလေ၏။ သူတို့က သံမဏိကဲ့သို့ မာကျောသော လူမျိုး မဟုတ်ချေ။ သခင်ကျန်းချုံးသာလျှင် တကယ့်ကို သံမဏိကဲ့သို့သော စိတ်ဓာတ်နှင့် လူတစ်ယောက်ဖြစ်သည်။

တတိယအဆင့် အမှုထမ်းတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့ထက် ပိုမိုကာ တာဝန်ယူမှု၊ တာဝန်ခံမှုက ကြီးမား၏။ ထိုကဲ့သို့သော လူမျိုးပင်လျှင် ကြီးကြီးမားမား အလုပ်ကြိုးစားနေသောကြောင့် သူတို့လို သာမန်စစ်သည်များအတွက် အဘယ်သို့ ပျင်းရိလေးကန်နေ၍ ဖြစ်မည်နည်း။

ကျန်းချုံးကို ပမာပြုပြီးသည့်နောက် အားလုံးသော စစ်သည်တို့သည် တစ်စုတစ်စည်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ပြီးသား ဖြစ်သွားကြ၏။ ထို့ကြောင့်ပင်လျှင် စစ်သည်အင်အား သုံးထောင်၊ လေးထောင်ခန့်ကိုသာ ပိုင်ဆိုင်ထားသော်လည်း သူတို့ထက် အရေအတွက်များစွာပိုသည့် စစ်သည်များကို ခံတိုက်ရန် အဆင်သင့် ဖြစ်နေကြ၏။

သူတို့က လက်ဝက်နီးပါးခန့် ခုခံနိုင်ခဲ့ပြီးဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူတို့က မီးစာကုန်ဆီခမ်း အခြေအနေသို့ ရောက်ရှိနေ၏။ မကြာခင် ကျဆုံးရပေတော့မည်။ ပိုင်ရီမြို့ ကျဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

မဖြစ်သေးပေ။ သူတို့အနေနှင့် ပိုင်ရီမြို့ကို တခြားသောသူတို့၏ လက်ထဲ ပေးအပ်လိုက်၍ မဖြစ်ချေ။

ကျန်းချုံးက တွေးတောလျက်ရှိနေ၏။ သူသည် ရှမ့်လန် ရောက်ရှိလာမည့်အချိန်ကို စောင့်ရပေလိမ့်မည်။ ကျန့်ထော် ရောက်ရှိလာမည့်ကို ကျိန်းသေပေါက် စောင့်မည် မဟုတ်ချေ။ မြို့၏နံရံထိပ်ဆီသို့ လှမ်းလျှောက် သွားခဲ့ပြီးသည့်နောက် ကျန်းချုံးက ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်၏။

“အားလုံးပဲ ကိုယ့်နေရာကိုယ်ယူပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြတော့”

ထိုအချိန်မှာပဲ စုကလန်၏ စစ်တပ်ကြီးကတော့ မြို့ကို ချက်ချင်း မတိုက်ခိုက်သေးချေ။ ထိုအစား ကြီးမားလွန်းသည့် စင်မြင့်ကြီးတစ်ခုကို တည်ဆောက်နေ၏။ သူတို့သည် မြို့ရိုးနံရံ၏ ပေနှစ်ရာ သုံးရာ အကွာအဝေးတွင် တည်ဆောက်နေခဲ့ခြင်းဖြစ်၏။ ထိုအရာက ဗျူဟာမျူး၏ အမိန့်ပေးရာစင်မြင့် တစ်ခု မဟုတ်ချေ။ ကွပ်မျက်ခြင်း စင်မြင့်တစ်ခုကဲ့သို့ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ခေါင်းဖြတ်သတ်ရန် ပြုလုပ်ထားခဲ့သည့် တည်နေရာနှစ်ခုရှိ၏။

ကျန်းချုံး၏ နှလုံးသားများက တုန်ယင်သွားခဲ့၏။ သူသည် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။ ပြီးနောက် ကြိုးချည်ခံထားရသည့် လူနှစ်ယောက်သည် ထိုစင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ တစ်ယောက်သည် သူ၏ သား ကျန်းချွင်ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ သူ၏ မြေး ကျန်းယွင်ပင်။

ကျန်းချုံးသည် ချက်ချင်းပဲ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး အမြင်အာရုံများက မှောင်မိုက်သွား၏။ သူက အလုံးစုံ သတိလစ်သွားခဲ့သည်။

“ကျန်းသခင်ကြီး..... ကျန်းသခင်ကြီး”

အကြီးဆုံးမင်းသမီး နင်ကျဲ့က ရှေ့ကို လှမ်းထွက်ပြီး ကျန်းချုံး၏ နှုတ်ခမ်းအလယ်ထိပ်ကို ဖိကာဖြင့် သတိ ပြန်လည်ရရှိအောင် ကြိုးစားလိုက်၏။

ခဏကြာပြီးနောက် ကျန်းချုံးက နိုးထလာခဲ့၏။ သူ၏ မျက်နှာပြင်ပေါ်တွင် မျက်ရည်များနှင့် ပြည့်နှက်နေ၏။ မိသားစုအဖွဲ့ဝင်များကို ထိခိုက်နာကျင်၍ အဖြစ်မခံနိုင်ချေ။

‘စုနန်.... မင်းက ခွေးတိရစ္ဆာန်လိုကောင်မျိုးပဲ။ ငါ့ရဲ့မြေးက အသက်ငါးနှစ်တောင် မပြည့်သေးဘူး’

ပိုင်ရီမြို့ရှိ မြို့စောင့်တပ်သားများသည် အလွန်ပင်ပန်းနေခဲ့ကြပြီဖြစ်၏။ ထို့အပြင် စွမ်းအင်လည်း ကင်းမဲ့နေခဲ့၏။ ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ မျက်လုံးများသည် သွေးကဲ့သို့ပင် နီမြန်း လာခဲ့၏။ ခန္ဓာကိုယ်ထဲရှိ သွေးများကလည်း ဆူပွက်လာခဲ့၏။

စုကလန်က ဆိုးယုတ်လှလွန်း၏။ ထို့အပြင် အရှက်ကင်းမဲ့လွန်း၏။ ငါးနှစ်ပင် မပြည့်သေးသည့် ကလေး တစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့၏။ စုရွှင်သည် အောင်မြင်သည့်အရာတစ်ခုကို မပြုလုပ်နိုင်သောကြောင့် ဤကဲ့သို့သောအရာများကို ပြုလုပ်ခဲ့ပုံပေါ်သည်။

စုကလန်မှ စစ်သူကြီးတစ်ယောက်က လျှောက်ထွက်လာခဲ့၏။ သူက စုနန်၏ မွေးစားသား စုကျန့်ရန်ပင်ဖြစ်၏။ သူသည် ကျင်းကလန်၏ ခြံဝင်းထဲသို့ ဝင်ရောက်ပြီး ရှောင်ပင်းနှင့် ကျင်းမူကုန်းတို့ကို ဝင်ရောက် သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်လူလည်း ဖြစ်၏။

လုပ်ကြံသတ်ဖြတ်ခံရမည့် လူနှစ်ယောက်အား ရှေ့ကို ခေါ်ဆောင်သွားခဲ့၏။ ထိုသူတို့၏ ဦးခေါင်းအား အမဲရောင် အဝတ်ကြီးနှင့် ဖုံးလွှမ်းထား၏။ ကျန်းချွင်နှင့် သူ၏ ငါးနှစ်သား ကလေးကျန်းယွင်တို့သည် မြေပေါ်တွင် ဒူးထောက်ထိုင်လိုက်ရသည်။

စုကျန့်ရန်က ပြောလိုက်၏။ “ကျန်းချုံး... ခင်ဗျားရဲ့ တတိယသား ကျန်းကျင်းက သေသွားခဲ့ပြီ။ ခင်ဗျားရဲ့ အကြီးဆုံးသားကတော့ တောင်ဘက်နိုင်ငံတိုက်ပွဲဆီ ရောက်နေတယ်။ အနာဂတ်မှာ သူက အသက်ရှင်မယ်ပုံ မပေါ်ပါဘူး။ အခု ခင်ဗျားရဲ့ ဒုတိယသား ကျန်းချွင်ရယ် ပြီးတော့ ခင်ဗျားရဲ့မြေး ကျန်းယွင် ဒီမှာရှိနေတယ်။ ကျုပ် ဒီနှစ်ယောက်ကို သတ်လိုက်မယ်ဆိုရင် ခင်ဗျားတို့ ကျန်းမိသားစုက မျိုးဆက်ပျက်သွားပြီ”

ကျန်းချုံးသည် မြို့ရိုးနံရံပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေ၏။ မျက်နှာပေါ်မှ မျက်ရည်များ စီးကျနေခဲ့သည်။

အကြီးဆုံးမင်းသမီး နင်ကျဲ့က တွေးလိုက်၏။ စုနန်၏ လှုပ်ရှားမှုက တကယ့်ကို ဆိုးယုတ် ရွံရှာဖွယ်ရာ ကောင်းလှ၏။ သို့ပေမည့် ထိုအရာနှင့် ကျန်းချုံးကို မြို့ကြီးတစ်ခုလုံး စွန့်လွှတ်စေချင်သည်လား။ အဓိပ္ပာယ်မရှိချေ။

စုကျန့်ရန်က ပြောလိုက်၏။ “ကျန်းချုံး... ခင်ဗျားကို အညံ့ခံဖို့ ကျုပ်ပြောမှာ မဟုတ်ဘူး။ အရိုးသားဆုံး ပြောရမယ်ဆိုရင် ခင်ဗျားလိုလူမျိုး အညံ့ခံမယ်ဆိုရင်တောင် ကျုပ်တို့ စုကလန်က ဒါကို မလိုအပ်ဘူး။ ကျုပ်တို့ ခင်ဗျားကို အနိုင်တိုက်မှာပဲ”

ရုတ်တရက် သူက လက်ကို မြှောက်လိုက်သည်။

အာဏာပိုင်အဖွဲ့သားနှစ်ယောက်တို့သည် ဝိုင်များကို အသာငှဲ့သောက်ပြီးသည့်နောက် သူတို့က ခေါင်းဖြတ် သတ်မည့် ဓားကြီးများဆီသို့ ဝိုင်များဖြင့် မှုတ်ထုတ်လိုက်၏။ ဓားနှစ်စင်းက ကျန်းချွင်နှင့် ကျန်းယွင်တို့၏ လည်ကုပ်ပေါ်သို့ ထိကပ်ထားခဲ့၏။ ထိုအရာက ကျိန်းသေပေါက် သေဆုံးရမည်ဆိုသည့် ခံစားချက်မျိုးကို ရရှိစေ၏။

စုကျန့်ရန်က လက်ကို မြှောက်ထား၏။ ပြီးနောက် ပြောလိုက်သည်။ “ကျန်းချုံး... ကျုပ်လက် အောက်ရောက်သွားတာနဲ့ ခင်ဗျားရဲ့သားနဲ့ ခင်ဗျားရဲ့မြေးတို့ရဲ့ခေါင်းက မြေပေါ်ကို ပြုတ်ကျသွားလိမ့်မယ်။ ခင်ဗျားရဲ့ ကလေးတွေ၊ မြေးတွေ ခင်ဗျားရဲ့ရှေ့မှာ သေဆုံးသွားတာကို မြင်ချင်လား။ ခင်ဗျားရဲ့မြေးဆိုရင် ငါးနှစ်တောင် မပြည့်သေးဘူးနော်။ သူ့ကို ကြည့်ရတာ တကယ့်ကို ဉာဏ်ကောင်းတဲ့ပုံပဲ။ ကျန်းချုံး... ခင်ဗျားရဲ့ကလေးနဲ့ ခင်ဗျားရဲ့မြေးကို မသေစေချင်ဘူးဆိုရင် ရိုးရှင်းတယ်။ အားလုံးရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရုံပဲ”

ထိုစကားထွက်ပေါ်လာချိန်မှာတော့ မြို့ရိုးနံရံပေါ်တွင် ရှိနေသည့် အစောင့်အားလုံးက တုန်လှုပ်သွားခဲ့၏။

မင်းသမီးနင်ကျဲ့ကလည်း တုန်ယင်သွားမိ၏။ စုကလန်က တကယ့်ကို ကြမ်းကြုတ်ရက်စက်လွန်း၏။ ကျန်းချုံးကို ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဖိအားပေးနေ၏။ စုကလန်သည် မည်သည့် ဂုဏ်သိက္ခာကိုမှ မလိုချင်တော့ပေဘူးလား။

စုကလန်၏ မဟာမိတ်တပ်ဖွဲ့များကို လှမ်းကာ ကြည့်ရှုချိန်မှာတော့ စစ်သည်အားလုံးတို့က မည်သည့်အရာမှ မှားယွင်းခြင်းမရှိသလို ခပ်တည်တည်နှင့် နေထိုင်နေ၏။ နားလည်ပေသည်။ စုမိသားစုသည် အ နောက်တိုင်းကုန်သည်များ၊ ချင်နိုင်ငံတို့နှင့် ရင်းနှီးပတ်သက်နေသောကြောင့် ထိုလူအားလုံးတို့၌ အရှက်တရားဟူ၍ မရှိတော့သည့်ပုံပင်။

စုနန်၏ လှုပ်ရှားပြုမူမှုအားလုံးတို့သည် အရှေ့ဘက်ပိုင်းမှလူများ၏ ပြုမူဆောင်ရွက်ပုံနှင့် ခြားနားလို့နေခဲ့ပြီး အနောက်ဘက်ပိုင်းဆီမှ လူများနှင့် တိုက်ရိုက်နီးစပ်လျက်ရှိ၏။ စုနန်က မိမိကိုယ်ကို အနောက်ဘက် လောကသား တစ်ယောက်ဟုပင် ထင်မှတ်ထားသည်လား မသိချေ။

စုကျန့်ရန်က ပြောလိုက်၏။ “ကျန်းချုံး.... ခင်ဗျားရဲ့ ကလေးနဲ့ ခင်ဗျားရဲ့မြေး သေတော့မှာနော်။ ကျုပ် ငါးထိပဲ ရေမယ်။ အားလုံးရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်မသေဘူးဆိုရင် ဒီနှစ်ယောက်ကို ကျုပ်ခေါင်းဖြတ်သတ်မယ်။ ငါး ... လေး ... သုံး”

ကျန်းချုံးသည် ဓားကို ဆွဲထုတ်ပြီး သူ၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။ အကြီးဆုံးမင်းသမီး နင်ကျဲ့က အော်ဟစ်လိုက်၏။ “ကျန်းချုံး.. မလုပ်နဲ့အုံး။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမယ်ဆိုရင်တောင်မှ ရှင့်ရဲ့သားနဲ့ မြေးကို သူတို့က လက်လွှတ်ပေးမှာ မဟုတ်ဘူး”

ဟုတ်ပေ၏။ ကျန်းချုံး ထိုအရာကို သိ၏။ သို့ပေမည့် သူ၏ သားနှင့် သူ၏ မြေးကို သူ၏ ရှေ့တွင် သတ်ဖြတ် နေခဲ့သည်ကို ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရမည်လား။ ထိုအရာသည် သူ၏ ပြည့်စုံမှန်ကန်သည့် စိတ်ဆန္ဒနှင့် အလုံးစုံ ကွာခြားလျက်ရှိ၏။ သူသေဆုံးရမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူ၏ မြေးနှင့် သူ၏ သားတို့ သူ၏ ရှေ့တွင် သေဆုံးသွားခဲ့သည်ကိုတော့ မကြည့်နိုင်ချေ။ သူ .... ကျန်းချုံးသည် ရဲရဲဝံ့ဝံ့နှင့် သေဆုံးရဲသည့်လူတစ်ယောက်ဖြစ်သည်။

အာဏာပါးကွက်သားခုံပေါ်တွင် ရှိနေသည့် ကျန်းချွင်က ထကာ အော်ဟစ်လိုက်၏။ “အဖေ.. မလုပ်နဲ့”

သူ၏ လည်ကုပ်အား ဓားဆီသို့ တိုးကာဖြင့် မိမိကိုယ်ကို သတ်သေရန် ပြင်ဆင်သည်။

ငါးနှစ်သား ကလေး ကျန်းယွင်က အော်ဟစ်လိုက်၏။ “အဘိုး... မလုပ်နဲ့”

မင်းသမီး နင်ကျဲ့သည် သူမ၏ သိုင်းအဆင့်ကို အားကုန်ထုတ်ပြီး ကျန်းချုံးဆီသို့ တိုးဝင်သွားခဲ့သည်။

“ချလွမ်”

သူမ လက်ထဲရှိ လက်နက်ပုန်းက အပြင်ဘက်သို့ ရောက်သွားပြီး ကျန်းချုံး၏ လက်ထဲရှိ ဓားက အပြင်ဘက်သို့ လွင့်စင်သွားခဲ့၏။ သို့ပေမည့် ဓားသည် ကျန်းချုံး၏ လည်ပင်းကိုတော့ ထိဖြတ်သွားသေး၏။ သွေးများ ထွက်ပေါ်လာခဲ့၏။

ကျန်းချုံး၏ ပိန်ပါးလွန်းသည့် ခန္ဓာကိုယ်သည် အောက်သို့ လဲကျသွားခဲ့သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး” မြို့ကို ခုခံနေသည့် လူအားလုံးတို့၏ မျက်ရည်များ ထွက်ပေါ်လာခဲ့၏။

မင်းသမီးနင်ကျဲ့က ရှေ့ကို လှမ်းတက်ပြီး ကျန်းချုံးကို ဆွဲထူ၏။ သူမသည် လည်ပင်းပေါ်ရှိ ဒဏ်ရာကို ဖိပြီး သွေးများထွက်နေခြင်းအား တားဆီးရန် ကြိုးစား၏။ ကံကောင်းစွာပင် သူမ၏ လက်နက်ပုန်းက အချိန်ကိုက် ကျရောက်ခဲ့၏။ ကျန်းချုံးက ဖျားလျက်ရှိနေသောကြောင့် မိမိကိုယ်ကို သတ်သေသည့်နေရာတွင် အားအင်အပြည့် မစိုက်ထုတ်နိုင်ခဲ့ချေ။ ထို့ကြောင့် ဓားသည် အဓိက အသက်ရှူကြောကို မထိခိုက်မိချေ။

အာဏာပါးကွက်သား စင်မြင့်ပေါ်တွင် ရှိနေသည့် စုကျန့်ရန်မှာတော့ တုန်ယင်သွားခဲ့၏။ သူသည် ထိုအရာကို မယုံကြည်နိုင်သလို ကြည့်ရှုနေ၏။ သူ ငါးထိပင် မရေရသေးချေ။ ကျန်းချုံးက ထိုကဲ့သို့ မိမိကိုယ်ကိုယ် သတ်သေလိုက်သည်လား။

ထိုအချိန်မှာပဲ ကျန်းချွင်ကလည်း မိမိကိုယ်ကိုယ် သတ်သေမှု ကျရှုံးခဲ့၏။ သူက သွေးတစ်လုတ် အန်ထုတ်ပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။

ကျန်ရှိနေသည့် ငါးနှစ်သားရွယ် ကျန်းယွင်ကလည်း အော်ဟစ်ငိုယိုလျက်ရှိသည်။ “အဘိုး... အဘိုး”

စုနန်က ကျော်ကြားလွန်း၏။ သို့ပေမည့် ကျန်းချွင်နှင့် ကျန်းယွင်တို့သည်လည်း သတ်ဖြတ်ခံရပေဦးမည်။ လူမြင်ကွင်းတွင် သတ်ဖြတ်၍တော့ မဖြစ်နိုင်ချေ။ တိတ်တဆိတ် သတ်ဖြတ်ရပေလိမ့်မည်။

စုကျန့်ရန်သည် မြို့ရိုးနံရံအကွာအဝေးကို လှမ်းကာ ကြည့်ရှု၏။ သူ၏ မျက်လုံးများက နီရဲလျက် ရှိ၏။ သူ အဆုံးစွန်ထိ ဒေါသထွက်နေ၏။ တစ်စုံတစ်ယောက်ကို ရုတ်တရက် ဝါးမျိုချင်သည့် ပုံစံမျိုးပင်။

ကျန်းချုံး၏ မိမိကိုယ်ကိုယ် သေဆုံးမှုသည် သူတို့၏ စိတ်ဓာတ်များကို ပိုမိုကာ တိုးတက်စေခဲ့၏။

“ဟမ့်” စုရွှင်သည် ဘေးတစ်ဖက်ဆီမှ နှာခေါင်းရှုံ့လိုက်မိ၏။ ဤကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် မည်မျှကြာမည်နည်း။

မင်းသမီး နင်ကျဲ့၏ သိုင်းပညာက မြင့်မားလွန်သည်ဆိုလျှင်တောင်မှ တိုက်ပွဲကို ဦးဆောင်နိုင်သည့်လူမျိုး မဟုတ်ချေ။ ကျန်းချုံး သေဆုံးပြီးနောက် မြို့ကို ခုခံကာကွယ်သူအားလုံးသည် ခေါင်းဆောင် ကင်းမဲ့သွားပေလိမ့်မည်။ ထို့သို့ဆိုလျှင် ကျိန်းသေပေါက် ရှုံးနိမ့်မှာ ဖြစ်သည်။

ရုတ်တရက် စုရွှင်သည် အမိန့်ပေးစင်မြင့်ပေါ်သို့ တက်လာပြီး အော်ဟစ်လိုက်၏။ “ကျန်းချုံးသေသွားပြီ။ စစ်သည်တွေအားလုံး မြို့ကို တိုက်ခိုက်ကြမယ်”

“သတ်ကြ..... သတ်ကြ”

ဟစ်ကြွေးသံများ ထွက်ပေါ်လာခဲ့၏။ စုကလန်၏ စစ်သည်အင်အား သောင်းချီတို့သည် ပိုင်ရီမြို့ဆီသို့ ဦးတည်လာခဲ့ကြ၏။ တကယ့်ကို ရူးရူးမူးမူးနှင့် တိုက်ခိုက်ရမည့် စစ်ပွဲကြီးက ထပ်မံကာ ဖြစ်တည်လာခဲ့သည်။

မြို့ထဲတွင် စစ်သည်အင်အား နှစ်ထောင်ကျော်လောက်သာ ခုခံထားခဲ့သော်လည်း ကျန်းချုံး သေဆုံးမှုကြောင့် အားလုံးသော လူများက ရူးသွပ်နေခဲ့သလိုပင် ဖြစ်နေ၏။ သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာက အဆုံးစွန်ထိသို့ ရောက်ရှိနေခဲ့၏။

“သခင်ကြီးကျန်းအတွက် လက်စားချေမယ်”

“ဆရာကျန်းအတွက် လက်စားချေမယ်။ သတ်ကြ သတ်ကြ။ ဒီခွေးကောင်တွေအကုန်လုံးကို သတ်ကြ”

ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြီးက ထပ်မံကာ ဖြစ်တည်လာ၏။ လေထုထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများက ပြည့်နှက်နေပြီး အော်ဟစ်ကြိမ်းဝါးသံများနှင့် ပြည့်နေ၏။ သွေးများသည် ကောင်းကင်ယံဆီသို့ပင် ပျံ့နှံ့နေ၏။

စုရွှင်သည် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ သူသည် ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြီးကို မကြည့်ချေ။ တားဆီးသူများ ... မည်မျှ ကြာကြာခုခံနိုင်မည်ဆိုသည်ကိုသာ တွက်ချက်လျက် ရှိ၏။ ယနေ့ကစ၍ ကျန်းရှစ်စီရင်စုထဲတွင် စုကလန်၏ စစ်တပ်ကြီးအား မည်သူမှ တားဆီးနိုင်တော့မည် မဟုတ်ချေ။ သူတို့၏ စုကလန်က ဖီးနစ်တစ်ကောင်ကဲ့သို့ပင် ပြာပုံကြားမှ ထိုးထွက်လာခဲ့ပြီဖြစ်သည်။

ထိုအချိန်မှာပဲ အနောက်တောင်ပိုင်းဆီမှ ဖုန်မှုန့်များ ရုတ်တရက် တက်လာခဲ့၏။ အမဲရောင် ဖုန်လုံးကြီးများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။

စုရွှင်က နှာခေါင်းရှုံ့လိုက်၏။ ချင်နိုင်ငံ၏ စစ်တပ်များသည် နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့ပြီ။ မနေ့တည်းက သတင်းပို့ချက်များကို ရရှိခဲ့ပြီးဖြစ်သည်။

အာယုထိုင်သည် အာယုနာနာကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီး အာယုနာနာနှင့် ရှမ့်လန်တို့၏ မဟာမိတ် ပူးပေါင်းတပ်ကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီဖြစ်၏။ ချင်နိုင်ငံ၏ တော်ဝင်စစ်သူကြီး ရှုပုထိုင်သည် စစ်သည်အင်အား တစ်သောင်းကို ဦးဆောင်ကာဖြင့် ကျန်းရှစ်စီရင်စုဆီသို့ ရောက်ရှိလာကာ စုကလန်၏ စစ်တပ်နှင့် ပူးပေါင်း ပေလိမ့်မည်။ ထိုအရာကို သံတမန် တစ်ယောက်ထက် မနည်းက အတည်ပြုခဲ့ပြီးဖြစ်၏။

ရှုပုထိုင် လာသည်သာမကချေ၊ တခြားသော ကြမ်းတမ်းလွန်းသည့် ချင်နိုင်ငံ၏ စစ်သူကြီးများပါ ပါဝင်လာခဲ့ ကြ၏။ စုကလန်နှင့် တော်တော်ရင်းနှီးသည့်လူများလည်း ဖြစ်၏။ ထို့ကြောင့် စုရွှင်သည် ပိုင်ရီမြို့ကို အချိန် အတိုင်းအတာတိုအတွင်း သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်၏။ ချင်နိုင်ငံတိုက်မှ သိမ်းပိုက်နိုင်မည်ဆိုလျှင် သူတို့ စုကလန်၏ နာမည်ဂုဏ်သတင်း ကျဆင်းမည် မဟုတ်ပါလား။

စုရွှင်က အော်ဟစ်လိုက်သည်။ “အားလုံးပဲ တိုက်ကြတော့။ ပိုင်ရီမြို့ကို ရအောင်ယူ။ အမြန်ရအောင်ယူ။ ငါတို့ရဲ့ အောင်ပွဲကို ချင်နိုင်ငံက လူတွေ မယူသွားစေနဲ့။ ပိုင်ရီမြို့ကို ရအောင်ယူကြ”

စုရွှင်က အမိန့်ပေးလိုက်၏။

စုကလန်မှ မဟာမိတ်များသည် ရှေ့ဆီသို့ လှမ်းတက်ပြီး မြို့ကို ရူးရူးမူးမူး တိုက်ခိုက်၏။ ပိုင်ရီမြို့တစ်ခုလုံးသည် ပြိုလဲလုမတတ်ဖြစ်နေ၏။ သေဆုံးခြင်းများကလည်း နေရာအနှံ့ပင်။

ဘန်း ဘန်း ဘန်း....

ချင်နိုင်ငံဆီမှ သောင်းနှင့်ချီသည့် မြင်းသည်တော်များကို ခပ်ရေးရေး မြင်နေရ၏။ သူတို့က စတင် ဝင်ရောက်လာခဲ့ကြပြီဖြစ်၏။

စုရွှင်သည် နှာခေါင်းကို ရှုံ့လိုက်မိ၏။ ယခင်တုန်းက ဖြည်းဖြည်းလာ၏။ အခု အဘယ်ကြောင့် မြန်မြန်လာရသနည်း။ တစ်ပါးသူ၏ အောင်ပွဲအသီးအပွင့်ကို လုယူရန် ကြိုးစားနေသည်လား။

မကြာခင်မှာပဲ ချင်နိုင်ငံ၏ မြင်းသည်တော် တစ်သောင်းကျော်တို့က တိုက်ပွဲမျက်နှာပြင်သို့ ရောက်ရှိလာ၏။ သူတို့က မရပ်တန့်သလို ပိုမိုကြမ်းတမ်းစွာဖြင့် တိုးဝင်လာခဲ့သေးသည်။

စုရွှင်က မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားမိလေ၏။ သူက အသိကျွမ်းဟောင်းကြီးဖြစ်သည့် ချင်နိုင်ငံ၏ စစ်သူကြီး ရှုပုထိုင်ကို လှမ်းကာ မြင်ရ၏။

“စစ်သူကြီးရှု . နောက်ကျသွားပြီ။” စုရွှမ်က ရယ်ရယ်မောမောဖြင့် လှမ်းနောက်သည်။

ထိုအချိန်မှာပဲ ရှမ့်လန်က ရုတ်တရက် သူ၏ မျက်နှာမှ အဝတ်ကို အသာဆွဲမြှောက်လိုက်၏။ ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာကလည်း သူမ၏ ခြုံလွှာကို ဖယ်လိုက်၏။

“ကျုပ်က ရှမ့်လန်”

“ကျွန်မကတော့ ချင်နိုင်ငံရဲ့ ဘုရင်မ အာယုနာနာပဲ။ ပိုင်ရီမြို့ကို ကယ်တင်ကြမယ်။ ပုန်ကန်တဲ့ စုကလန်ရဲ့ စစ်သည်အကုန်လုံးကို သတ်ပစ်”

အော်သံများ ထွက်ပေါ်လာခဲ့၏။ ချင်နိုင်ငံမှ မြင်းသည်တော်ပေါင်း တစ်သောင်းကျော်တို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်နှင့်အတူ စုကလန်၏ ပူးပေါင်းတပ်များအား အနောက်ဘက်ဆီမှ ဝင်ရောက်ကာ တိုက်ခိုက်သည်။

အားလုံးက နေဝင်ကပ်ဘေးဆိုက်ပြီဖြစ်၏။ စုကလန်၏ မဟာမိတ်တပ်များသည် ချက်ချင်းပဲ ရှုံးနိမ့်ခဲ့၏။ တစ်ဖက်ခြမ်း တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။

အပိုင်း (၄၁၂)

သူသည် ယခင်က ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဟု ကောင်းကင်ကို ကျိန်ဆိုဝံ့လေ၏။ သူ၏သား စုလင်း သေဆုံးခြင်း၊ ကျန်းယွမ်မြို့ ကျဆုံးခြင်း၊ ထိုအရာများကို ကြားခဲ့သည်ဆိုလျှင်တောင်မှ လက်ရှိ ဖြစ်ပျက်လျက် ရှိနေသည့် အရာများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဖွဲစေ့ တစ်စေ့စာလောက်ပင် အံ့အားသင့်မရှိဟု ပြောဆိုရပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ စုရွှင် သည် အလုံးစုံ ကြောက်လန့်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။

ရှမ့်လန် ခေါင်းကို ခြုံထားသည့် ခြုံလွှာကို ဖယ်လိုက်သည့် အခိုက်အတန့်မှာတော့ စုရွှင်သည် တကယ့်ကို သေးထွက်ကျလုမတတ်ပင် ဖြစ်ခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်များပင် အပြင်ဘက်သို့ ထွက်ပြေးသွားသကဲ့သို့ပင်။ လေအေးများကို ရှူရှိုက်လိုက်ရပြီး သူ့၏ ငယ်ထိပ်ဆီမှ အေးစက်သည့် ခံစားချက်များ ကိုလည်း ရရှိလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးက တည်နေရာတွင် တောင့်တင်းလျက် ရှိနေပြီး တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်ခဲ့ချေ။

ကောင်းကင်ဘုံ... ဘာတွေဖြစ်နေသနည်း။ မည်သည့်အရာများ ဖြစ်နေသနည်း။ အဘယ့်ကြောင့် ဖြစ်နေရသနည်း။ အဘယ့်ကြောင့် ဤခွေးကောင်လေး ရှမ့်လန်က အသက်ရှင်လျက် ရှိနေရသေးသနည်း။

ချင်ဘုရင်စစ်တပ်ကြီး၏ ဝိုင်းပိတ်မှုကို ခံထားရသည် မဟုတ်ပါလား။ ထို့အပြင် ပန်ရော့နှင့် ထုဟိုင်တို့ကလည်း သူ့နောက်သို့ လိုက်ပါနေသေး၏။ သို့ပေမည့် မသေရုံသာမက စစ်သည်တော် သောင်းနှင့်ချီကို ခေါ်ဆောင်ကာ ပြန်လာခဲ့၏။

စုရွှင်သည် ချင်ဘုရင်၏ စစ်ဗိုလ်ချုပ်ကြီး ရှုပုထိုင်ကို အလွန် ရင်းနှီး၏။ တစ်ဖက်လူ မီးရှို့ခံရ၍ ပြာဖြစ်သွားမည်ဆိုလျှင်တောင် သူက မှတ်မိ၏။ ထို့အပြင် ရှုပုထိုင်၏ အောက်မှ တခြားသော ကြမ်းတမ်းလွန်းသည့် တပ်မှူးများကိုလည်း သိရှိပြီး ဖြစ်၏။ ထိုသူများတို့က အတုပြုလုပ်၍ ရနိုင်သည့်လူ မဟုတ်ချေ။

သို့ပေမည့် အဘယ့်ကြောင့် ထိုသူများက ရှမ့်လန်နှင့် အတူတူ ပါလာရသနည်း။

ထို့အပြင် အာယုနာနာ၊ သူမက အစောကြီးတည်းက သေဆုံးသွားသင့်ပြီ မဟုတ်ပါလား။ ချင်ဘုရင် အာယုထိုင် ဘယ်ရောက်သွားသနည်း။ ဖြစ်နိုင်သည်မှာ အာယုထိုင်နှင့် ထုဟိုင်တို့က ရှုံးနိမ့်သွားခဲ့ပြီး ချင်နိုင်ငံ၏ စစ်တပ်ကြီးကလည်း အာယုနာနာကို သစ္စာခံခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

နတ်ဘုရားများက မည်ကဲ့သို့ ဆော့ကစားနည်းများဖြင့် သူတို့ကို ဆော့ကစားခဲ့ရသနည်း။

အချက်အလက်အားဖြင့် စုကလန်မှ လူတစ်ယောက်သည် သတင်းပေးပို့ရန် အစောကြီးတည်းက လွတ်မြောက်ခဲ့ပြီးသား ဖြစ်၏။ ထိုသူက စုနင် ဖြစ်ပြီး သူမ၏ သိုင်းပညာက မဆိုးလှချေ။ သို့ပေမည့် ဆိုးရွားသည်မှာ နှင်းတောင်ပြိုကျခဲ့ပြီးနောက် တောင်အဆင်းလမ်း တစ်ခုလုံးက ပိတ်ဆို့သွားခဲ့၏။ ကျယ်ပြောသည့် နှင်းတောင်ကြီးတစ်ခုလုံးတွင် သူမအနေနှင့် ဆက်လက်သွားလာနိုင်ရန် အခြေအနေ မရှိတော့ချေ။ သူမသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ဘုန်းကြီးများ ရောက်ရှိလာမှသာ လွတ်မြောက်ခဲ့၏။

ထုဟိုင်သည် သိုင်းပညာတွင် အလွန် ကျွမ်းကျင်လွန်း၏။ လမ်းမရှိဘူးဆိုလျှင်တောင်မှ ခုန်ကျော်ကာ သွားနိုင်စွမ်းရှိ၏။ သို့ပေမည့် တခြားသော ဘုန်းကြီးစစ်သည်များမှာတော့ လမ်းပေါ်တွင် ရှိနေသည့် နှင်းများကို ဖယ်ရှားပြီး ရှေ့ဆီသို့ ခက်ခက်ခဲခဲ သွားရသည်။

အရူးကြီး စုကျန်ထင်ကို ဖမ်းဆီးနောက် ဝူလဲ့နှင့် လင်းယုန်ရမ်တို့သည် မရပ်တန့်ခဲ့ချေ။ သူတို့က စုနင်၏ နောက်သို့ ဆက်လက်ကာ လိုက်ခဲ့၏။ ရှမ့်လန် စစ်သည်တော်များကို ခေါ်ဆောင်၍ တောင်အောက်သို့ ဆင်းသည့် အချိန်တွင် ဘုန်းကြီးစစ်သည်များက လမ်းကို ရှင်းလင်းလျက် ရှိနေတုန်းပင်။

အာယုနာနာသည် ချက်ချင်းပဲ စစ်သည်များကို ဦးဆောင်ကာ ထိုသူများကို သွားရောက် တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည် ရာကျော်တို့က သေဆုံးသွားခဲ့ကြပြီး စုနင်သည်လည်း ရှမ့်လန်၏ အကျဉ်းသား ဖြစ်ခဲ့၏။

ချင်နိုင်ငံ သို့မဟုတ် စုကလန်ဆီမှ မည်သူတစ်ဦး တစ်ယောက်မှသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ တိုက်ပွဲမှ လွတ်မြောက်ခြင်း မရှိခဲ့ချေ။ ထုဟိုင် တစ်ယောက်တည်းသည်သာ တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့ကို ခေါ်ဆောင်၍ လွတ်မြောက်သွားနိုင်ခဲ့သည်။

သို့ပေမည့် သူ၏ လောကအပေါ် ကြည့်ရှုနေသည့် အမြင်သုံးခုက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီသို့ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားကာ တရားကျင့်ချင်စိတ် များပင် ပေါက်လာမိလေ၏။

သူသည် စုကလန်၏ သေခြင်းရှင်ခြင်း အကြောင်းအရာများကို မည်ကဲ့သို့ ဂရုစိုက်မည်နည်း။ နောက်ဆုံးအချိန် ကျန်းယွမ်မြို့ ရန်သူ၏ လက်ထဲသို့ ကျဆုံးသွားသည့် အချိန်တုန်းကပင် ထုဟိုင်က စုကလန်ဆီ သတင်း ပေးပို့ခဲ့သည် မဟုတ်ချေ။ ထို့ကြောင့် ထုဟိုင်သည် လက်ရှိအချိန်၌လည်း စုနန်ကို အချိန်ကိုက် ပြန်လည်ကာ သတင်းပေးပို့မည် မဟုတ်ပေ။ ထို့အပြင် အချိန်ကိုက် ပြန်လည်သတင်းပေးပို့ဖို့ ဆိုသည်ကလည်း မဖြစ်နိုင်ချေ။

ထို့ကြောင့် စုမိသားစုသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မသိရှိခဲ့ချေ။

ရှမ့်လန် စစ်သည်ပေါင်း တစ်သောင်းကျော်ကို ခေါ်ဆောင်ပြီး အောက်သို့ ဆင်းသက်လာသည့် အချိန်မှာတော့ တကယ့်ကို လွယ်ကူပြီး အဆင်ပြေ ချောမွေ့ခဲ့၏။ ထို့အတူ အလွန်လည်း ခက်ခဲ၏။

အဘယ့်ကြောင့် လွယ်ကူချောမွေ့ဟု ပြောရသနည်းဆိုသော် သူ ကြိုတင်ပြင်ဆင်ထားခဲ့သောကြောင့်ပင်။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ သစ်သားများကို ခွာယူလာခဲ့၏။ ထိုအရာများကို နှင်းစကိတ် အဖြစ် အသုံးပြုကာဖြင့် အောက်သို့ ဆင်းခဲ့သည်။ လမ်းက နှင်းများဖြင့် ပိတ်ဖုံးထားခဲ့သောကြောင့် နှင်းများကို တူးဖယ်၍ အောက်သို့ ဆင်းမည်ဆိုလျှင် အချိန်အလွန်ကြာပေလိမ့်မည်။

သို့ပေမည့် ယခင်တုန်းက မည်သူကမှ ထိုကဲ့သို့ စကိတ်မျိုးကို စီးဖူးကြသည် မဟုတ်ချေ။ ထို့ကြောင့် အလဲလဲ ကွဲကွဲနှင့်ပင်။ ပြောရမည်ဆိုလျှင် နှင်းတောင်ကြီး ပြိုကျသွားသောကြောင့် နှင်းများကလည်း မတည်ငြိမ်ချေ။ ပြိုသည့်နေရာက ပြို၊ ကျသည့်နေရာက ကျဖြစ်၏။ ထို့ကြောင့် တောင်အောက်သို့ ဆင်းဖို့ဆိုသည်မှာ ခက်ခဲနေတုန်းပင်။

သို့ပေမည့် လေးရက်ခန့် ကြာမြင့်ပြီးနောက် အားလုံးသောသူတို့သည် တောင်အောက်သို့ ရောက်ရှိလာခဲ့လေ၏။ တစ်ချက်ကလေးမှ မရပ်နားဘဲ လူတစ်ယောက် မြင်းနှစ်ကောင်စီ ယူဆောင်ကာဖြင့် ပိုင်ရီမြို့ဆီသို့ ဦးတည်ခဲ့၏။ သူတို့က ချင်နိုင်ငံ၏ အလံများကို သယ်ဆောင်လာခဲ့၏။ ထို့အပြင် ချင်နိုင်ငံ၏ စစ်သူကြီး တော်တော်များများ ကိုလည်း အရှေ့မှ ဦးဆောင် စီးနင်းစေသည်။ လမ်းတစ်လျှောက် မရပ်နားသည်သာမကချေ။ လမ်းတစ်လျှောက်တွင် ကြုံဆုံခဲ့ရသည့် ရန်သူများ၏ လက်ထဲမှာ ရွှေငွေများကိုလည်း ရယူခဲ့သေး၏။

...............

အချိန်ခဏကြာပြီးနောက်မှာတော့ စုကလန် မဟာမိတ်တပ်ဖွဲ့၏ ခေါင်းဆောင် စုရွှင်သည် နောက်ဆုံး မှာတော့ တုံ့ပြန်နိုင်ခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “စစ်သည်တွေအားလုံး ချက်ချင်းစုကြ။ ပြန်တိုက်ခိုက်မယ်။ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်မယ်”

သို့ပေမည့် စုကလန်၏ မဟာမိတ်တပ်ဖွဲ့ကြီးသည် လူဦးရေ သောင်းကျော်ခန့် ရှိ၏။ သို့ပေမည့် လက်ရှိ အခြေအနေတွင် မြို့ကို လှည့်ပတ်ပြီး တိုက်ခိုက်လျက်ရှိနေ၏။ သူတို့ အချိန်တိုအတွင်းတွင် မည်ကဲ့သို့ ပြန်လည်ကာ စုစည်းရမည်နည်း။ ထို့အပြင် ဗျူဟာအတိုင်း ရန်သူကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ ဤအရာက ဖြစ်နိုင်သည့် အရာ ဟုတ်ပါမည်လား။

ထို့အပြင် တည်နေရာကြီးက ကျယ်ပြောပြီး မည်သည့် အခုအခံ၊ အကာအကွယ် စည်းမျဉ်းကိုမှ ဖန်တီးထားခဲ့သည် မဟုတ်ချေ။ ဗျူဟာအတိုင်း ပြန်လည်ကာ စုစည်းမည်ဆိုလျှင်တောင် သူတို့ ဘာလုပ်နိုင်မည်နည်း။ ရန်သူများ၏ မြင်းသည်တော်တပ်များကို မည်သို့ တားဆီးရမည်နည်း။ ဤအရာက အရူးတစ်ယောက်၏ အိမ်မက်ကဲ့သို့ပင်။

“တက်ကြ။ ရှေ့ကို တက်”

“ကျား”

မြင်းသည်တော် သောင်းကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ချင်နိုင်ငံမှ စစ်သည်များသည် တကယ်ကို ကြမ်းတမ်း၏။ သူတို့က ဤကဲ့သို့ တိုက်ခိုက်သတ်ဖြတ်ရခြင်းကို အနှစ်သက်ဆုံး မဟုတ်ပါလား။ အနည်းဆုံး သူတို့ ရှေ့ကို လှမ်းတက်လိုက်သည်နှင့် တပြိုင်နက် ရန်သူများက တွန့်ကနဲ ဖြစ်သွားကြ၏။

မြင်းသည်တော်ပေါင်း သောင်းချီတို့က မြေပြင်ပေါ်သို့ ပျံ့နှံ့သွားခဲ့ပြီး လမ်းတစ်လျှောက်တွင် ရှိနေသည့် အရာအားလုံးကို အဆုံးမရှိ သတ်ဖြတ်တော့၏။ လက်ထဲတွင် ဓားများကိုပင် ကိုင်ဆောင်ထားစရာ မလိုချေ။ မြင်းနှင့် ဝင်တိုက်ရုံနှင့်ပင် အားလုံးတို့ သူတို့က သေဆုံးနေ၏။ လက်ထဲတွင် ရှိနေသည့် ဓားများကိုပါ လိုက်လံ ဝှေ့ယမ်းချိန်မှာတော့ တည်နေရာတစ်ခုလုံးက သားသတ်ရုံကဲ့သို့ ပြောင်းလဲသွား၏။ တဖက်သတ် တိုက်ခိုက်ခြင်းပင်။

စုနန်၏ မဟာမိတ်တပ်ဖွဲ့သည် လက်ရွေးစင် စစ်သည်များ ဖြစ်သည်ဆိုလျှင်တောင် တဖက်သတ် တိုက်ခိုက်ခြင်းကို ခံရ၏။ မူလအားဖြင့် စုကလန်၌လည်း မြင်းသည်တော်များ ရှိ၏။ စုရွှင်၏ အမိန့်ပေးမှု အောက်တွင် မြင်းသည်တော် ၂၀၀၀ ကျော်ခန့် ရှိ၏။ မျက်စိသုံးလုံး မိစ္ဆာ၏ အောက်တွင် ဓားပြပေါင်း ထောင်ချီကလည်း တည်ရှိနေသေး၏။

သို့ပေမည့် ကျန့်ထော်ကို ရင်ဆိုင်ရန်အတွက် မြင်းသည်တော် တစ်ဝက်လောက်သည် မြောက်ဘက်ခြမ်းရှိ ရွှဲ့လင်မြို့၏ တိုက်ပွဲတည်နေရာသို့ ရွေ့ပြောင်းသွားခဲ့သည် ထို့ကြောင့် ပိုင်ရီစီရင်စု၏ တိုက်ပွဲတည်နေရာတွင် မြင်းသည်တော် တစ်ထောင်ကျော်ခန့်သာ ကျန်ရှိတော့၏။ မြင်းသည်တော် တစ်ထောင်ကျော်တို့သည် ပိုင်ရီမြို့အပြင် မြို့ရိုးတည်နေရာအနှံ့တွင် ပျံ့နှံ့နေ၏။ ထို့ကြောင့် ရန်သူ က အင်အားအလုံးအရင်းဖြင့် တစ်ခါတည်း ဝင်ရောက်လာသည့် အချိန်မှာတော့ သူတို့က အချိန်မီ မစုစည်းနိုင်တော့ပေ။

ဘန်း ဘန်း ဘန်း..

မြင်းသည်တော် သောင်းချီတို့ ဝင်ရောက်လာခဲ့ပြီးနောက် မြေပြင်တည်နေရာတစ်ခုလုံးက လှုပ်ခါနေပြီး တိုက်ပွဲတည်နေရာတစ်ခုလုံးကလည်း ဖုန်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။ ဤနေရာကြီးက သဲမုန်တိုင်း တိုက်ခိုက် လိုက်သကဲ့သို့ပင်။ ထိုကဲ့သို့ပင် ဆက်တိုက် ဖိနှိပ်တိုက်ခိုက်သတ်ဖြတ်ခြင်းမျိုးက ဖြစ်တည်နေခဲ့၏။ စုကလန် မဟာမိတ်အဖွဲ့၏ ကံကြမ္မာဆိုးကြီးက ရှောင်လွှဲ၍ မရနိုင်သည့် အရာ ဖြစ်လာခဲ့၏။

.......

များပြားလွန်းသည့် မြင်းသည်တော် စစ်သည်များကို မြင်ရချိန်မှာတော့ ပိုင်ရီမြို့၏ အစောင့်အားလုံးတို့က ကြောက်ဒူးတုန် သွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် ဤမြင်းသည်တော်များသည် ချင်နိုင်ငံ၏ အလံများကို ကိုင်ဆောင်ထားခဲ့သောကြောင့်ပင်။

သို့ပေမည့် ချက်ချင်းဆိုသလိုပင် အခြေအနေက ပြောင်းလဲ သွားခဲ့၏။ ထိုမြင်းသည်တော်များသည် စုကလန်၏ မဟာမိတ်အဖွဲ့ကို ဝင်ရောက်ကာ တိုက်ခိုက်နေသောကြောင့်ပင်။

ရှမ့်လန်၏မျက်နှာကို မြင်ရချိန်မှာတော့ အဖွဲ့သားများတို့က ပျော်ရွှင်သွားခဲ့၏။ ရှမ့်လန်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ခါတည်း မှတ်မိသွားနိုင်လောက်သည်အထိ ချောမောသည့်လူတစ်ယောက် ဖြစ်၏။

“ဒါ အရှင်ရှမ့်ပဲ”

“အရှင်ရှမ့်ပဲ”

“ဟေး... တပ်ကူတွေ ရောက်နေတာ”

“ကပ်ကူတွေ ရောက်လာပြီ။ ငါတို့ အသက်ရှင်ပြီ”

“ဒါ အရှင်ပဲ။ ဒါ အရှင် ရှမ့်လန်ပဲ”

“အရှင်ကျန်းချုံး... သက်ရှည်ကျန်းမာပါစေ။ အရှင်ကျန်းချုံး..... သက်ရှည်ကျန်းမာပါစေ”

ဟင်း... စစ်သည်ပေါင်းများစွာကို ဦးဆောင်ပြီး အကျပ်အတည်းကို လာရောက်ဖြေရှင်းသူက ရှမ့်လန်ဖြစ်၏။ သို့ပေမည့် လူပေါင်းများစွာတို့က အရှင်ကျန်းချုံး သက်ရှည်ကျန်းမာပါစေဟု အော်ဟစ်ဆုတောင်းလျက်ရှိနေ၏။ လောကကြီးတွင် ဤကဲ့သို့ သက်ရှည်ကျန်းမာပါစေဟု အကြီးအကျယ် အော်ဟစ်ရလောက်သည့် လူဟူ၍ တော်ဝင်ရန် အင်ပါယာသာလျှင် ရှိ၏။ ခင်ဗျားတို့ ဤကဲ့သို့ လျှောက်အော်နေ၍ မဖြစ်ပေ။

သို့ပေမည့် ဘာပဲဖြစ်ဖြစ် ပိုင်ရီမြို့၏ မြို့စောင့်တပ်ကြီးသည် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ မြင့်တက်သွား၏။ “သတ်ကြ။ သတ်ကြ။ အဲဒီ စုကလန်က သားရဲတိရစ္ဆာန်တွေကို သတ်ကြ”

မြို့၏နံရံထက်မှ စောင့်ကြပ်နေသူများက စိတ်ချမ်းသာသွား၏။ သူတို့က ရူးရူးမူးမူး ပြန်လည်ကာ တိုက်ခိုက်ကြ၏။ လက်ထဲတွင် ရှိနေသည့် လေးများ၊ မြားများတို့သည် အချိန်ကိုက် လှုပ်ရှားကုန်ကြ၏။ မြားများက ယခင်တုန်းတည်းက အသုံးပြုသည် ဆိုသော်လည်း ယခုလို အားအင် မပြည့်ဝခဲ့ချေ။ ယခုအချိန်မှာတော့ အားအင်များ ပြည့်ဝလျက်ရှိနေသည်။

အကြီးဆုံး မင်းသမီး နင်ကျဲ့က ကျန်းချုံး၏ လည်ပင်းပေါ်မှ ဒဏ်ရာကို လက်နှင့် ဖိထား၏။ သူမသည် သွေးထွက်ခြင်းကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းပင်။ သူမက တကယ့်ကို အေးစက်သည့် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေမှာတော့ နွေးထွေးသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့၏။

အပြင်ဘက်ရှိ မြင်းသည်တော်သောင်းချီတို့၏ မြင်းစီးလာသည့် အသံကို နားထောင်ရင်း ... ထိုသူတို့ တိုက်ခိုက် နေသည့် အသံကို နားထောင်ရင်း သူမက ထိုအသံများကို မိုးကောင်းကင်၏ ဂီတနတ်သံကဲ့သို့ပင် ခံစားနေမိသည်။

လွန်ခဲ့သည့် လဝက်နီးပါးလောက်က ခက်ခဲလွန်းခဲ့ချေ၏။ နေ့စဉ်နေ့တိုင်း ပေးဆပ်မှုများ ကြီးမားခဲ့၏။ အားလုံးသောသူတို့က စိတ်ပျက်နွမ်းလျမှု အခြေအနေဆီသို့ ကျရောက်ခဲ့၏။ ပထမဦးဆုံးသောနေ့သည် ငရဲခန်းဆီသို့ ဝင်ရောက်ရသည့်နေ့ဖြစ်ပြီး နေ့စဉ်နေ့တိုင်းဆိုသလို ပိုမိုကာ ဆိုးဝါးလာခဲ့၏။ ငရဲကြီး ရှစ်ထပ်ဆီသို့ ရောက်ရှိနေသကဲ့သို့ပင် တဖြည်းဖြည်း တိုးတက်လာခဲ့၏။

လူအားလုံးတို့သည် မည်သို့မှ လှမ်းတက်နိုင်စွမ်း မရှိသည့် အခြေအနေဆီသို့ ရောက်ရှိနေသကဲ့သို့ပင် စိတ်ပျက်မှုကို ခံရ၏။ နောက်ဆုံး ကျိန်းသေပေါက် သေဆုံးရတော့မည်ဟု တွက်ခဲ့၏။ သို့ပေမည့် သူတို့ မထင်မှတ်ထားလောက်အောင်ဘဲ ငရဲခန်းဆီမှ ကောင်းကင်ဆီသို့ ပြန်လည်ကာ မြင့်တက်သွားခဲ့၏။ စိတ်ပျက်နွမ်းနယ်နေမှု မှတဆင့် အောင်မြင်မှုဆီသို့ ပြောင်းလဲသွားခဲ့သည်။

ဤခွေးကောင်လေး ရှမ့်လန်သည် ဤအရာကို တကယ်ပဲ လုပ်နိုင်ခဲ့၏။ လူပေါင်းရာချီကို ခေါ်ဆောင်သွားခဲ့ပြီး ချင်စစ်တပ် သောင်းချီကို သွားရောက် တိုက်ခိုက်ဖျက်ဆီးခဲ့သည့်အပြင် ချင်စစ်သည် သောင်းကျော်ကိုလည်း ခေါ်ဆောင်လာခဲ့သေး၏။ ဤကောင်လေးက တကယ်ကို အားကောင်းလှချေ၏။ ကျန်းချုံး ဤမျှလောက် ယုံကြည်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

နင်ကျဲ့သည် မည်သို့မှ မနေနိုင်ဘဲ ပျော်ရွှင်စွာဖြင့် မျက်ရည်များဖြင့် စီးကျလာခဲ့၏။

“ကျန်း.. ကျန်း... ကျွန်မတို့ နိုင်တော့မယ်။ မျက်လုံးဖွင့်ပြီးကြည့်အုံး”

..............

တစ်ခါတစ်ရံတွင် စစ်ပွဲက အလွန့်ကို နှေးကွေးပြီး အချိန်အကြာကြီး ယူမှ ရလဒ် ထွက်ပေါ်တတ်၏။ သို့ပေမည့် တစ်ခါတစ်ရံမှာတော့ အလွန်ပဲ မြန်ဆန်၏။ ဥပမာအားဖြင့် လက်ရှိအခြေအနေပင် ဖြစ်၏။ နှစ်နာရီအတောအတွင်း ပိုင်ရီမြို့ရှေ့ရှိ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အလွန်မြန်ဆန်သည့် မြင်းသည်တော်တပ်ဖွဲ့၏ အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရချိန်မှာတော့ မည်သို့မှ မခုခံနိုင်ခဲ့တော့ချေ။ ပြန်လည်တိုက်ခိုက်ဖို့ကို မဆိုနှင့် အရာအားလုံးက ဆိုးဝါးသွားခဲ့၏။

ယခုအခြေအနေမှာတော့ အတွင်းအပြင်ညှပ်ကာ တိုက်ခိုက်ခြင်းကို ခံရသောကြောင့် စုကလန်၏ မဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသော စုကလန် မိသားစု၏ စစ်သည်များ၊ အနောက်တိုင်း စစ်သည်တော် ထောင်ချီနှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်အားလုံးက ထွက်ပြေးသွားခဲ့ကြ၏။ တော်ဝင်ကပ်ဘေးကျောင်း မှ ဘုန်းကြီးစစ်သည်များသည် မျက်စိသုံးလုံးမိစ္ဆာ၏ မြင်းဓားပြများနောက်ဆီသို့ လိုက်ပါသွားခဲ့ကြ၏။ အဆုံးမှာတော့ စုမိသားစု၏ သီးသန့် စစ်တပ်တစ်ခုတည်းသာလျှင် အလုံးစုံ ပြိုလဲကာ ကျန်ရစ်ခဲ့သည်။

ချက်ချင်းပဲ မြေပြင်တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ပြောင်းလဲ သွားခဲ့၏။ ရန်သူပေါင်းများစွာတို့က တည်နေရာအနှံ့ဆီသို့ လွတ်ရာလွတ်ကြောင်း ပြေးကြ၏။ ဤအချိန်မှာတော့ စုရွှင်သည် ကျိန်းသေပေါက် ဒုက္ခရောက်ပြီ ဖြစ်၏။

ရှမ့်လန်၏ မြင်းသည်တော်များသည် ထွက်ပြေးသွားသည့် စစ်သည်တော်များနောက်သို့ လိုက်လံကာ ဖမ်းဆီးခြင်း မလုပ်ချေ။ သူတို့အနေနှင့် လိုက်လံကာ ဖမ်းဆီးရန်လည်း မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အနေနှင့် စုရွှင်ကို ဝိုင်းပတ်တားဆီးထားရုံသာ လုပ်ရန်လိုသောကြောင့်ပင်။

တိုက်ပွဲက အလုံးစုံ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး စုရွှင်ကို ကာကွယ်ထားခဲ့သော စစ်သည်တော် ၂၀၀၀ ကျော်တို့ကလည်း လွတ်ရာလွတ်ကြောင်းကို ပြေးကြ၏။ သို့ပေမည့် ဤတော်တော်များများတို့က ခြေလျင် တပ်သားများ ဖြစ်၏။ မြင်းသည်တော်များ မဟုတ်ချေ။

စုရွှင်သည် ရာချီသော မြင်းသည်တော် အနည်းငယ်နှင့် ထွက်ပြေးရန် ရှိသေး၏။ သို့ပေမည့် သူသည် ထွက်မပြေးနိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် အရူးကြီး၊ ဝူလဲ့နှင့် လင်းယုန်ရမ်အပြင် တခြားသော မြင်းသည်တော် ထောင်ချီကို စေလွှတ်ကာ သူတို့၏ လမ်းကို တားဆီးခိုင်းခဲ့သောကြောင့်ပင်။

ဤအချိန်မှာတော့ စုရွှင်နှင့် စုကျန့်ရန်တို့က တားဆီးပိတ်ပင်ခြင်းကို ခံထားရ၏။ စုကလန်၏ စစ်သည်ပေါင်း ၅၀၀ နီးပါးခန့်တို့ကလည်း ထပ်တူညီစွာပင်။ သို့ပေမည့် စုကျန့်ရန်၏ လက်ထဲတွင် ဓားစာခံ ရှိနေ၏။

“ရှမ့်လန်...... မလာနဲ့နော်။ လာတာနဲ့ ကျန်းချုံးရဲ့ သားနဲ့ မြေးကို ငါသတ်ပစ်မယ်”

စုကျန့်ရန်က အော်ဟစ်လိုက်သည်။ “ငါ့ကို လွှတ်ပေး။ မဟုတ်ရင် ငါ သူတို့ကို သတ်ပစ်မယ်”

နယ်စားကြီး စုနန်၏ မွေးစားသားသည် ဤအချိန်မှာတော့ ရူးသွပ်သွားသည့် ပုံပေါ်၏။ လက်ထဲတွင် ရှိနေသည့် ဓားကို လေထဲ၌ ဝှေ့ယမ်းလျက်ရှိနေပြီး နောက်ဆုံးမှာတော့ ငါးနှစ်သားအရွယ်သာ ရှိသေးသည့် ကျန်းယွမ်၏ လည်ကုပ်ပေါ်သို့ တင်ထား၏။

ရှမ့်လန်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ “စုကျန့်ရန်.. စိတ်မလှုပ်ရှားနဲ့။ စိတ်မလှုပ်ရှားနဲ့။ ကျုပ် ခင်ဗျားကို လွှတ်ပေးမယ်”

စုကျန့်ရန်က ပျော်ရွှင်သွားမိ၏။ “တကယ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ခင်ဗျားက ဘာမှဟုတ်တဲ့လူမှ မဟုတ်တာ။ ကျန်းချုံးရဲ့ သားနဲ့ မြေးကို ခင်ဗျား လွှတ်ပေး”

စုကျန့်ရန်သည် လှမ်းကာ အော်ဟစ်လိုက်၏။ “မဖြစ်ဘူး။ မဖြစ်ဘူး။ မင်းစကားမတည်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကို သွားခွင့်ပေး”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်သွားခွင့်ပေးမယ်။ စုရွှင်တော့ သွားလို့မရဘူး။ ခင်ဗျားရွေး”

စုကျန့်ရန်သည် ကျန်းယွမ်၏ လည်ကုပ်ပေါ်သို့ ဓားတင်ကာ အော်ဟစ်လိုက်သည်။ “လမ်းဖယ်... ဓားဘုရင် လီချင်းချိုးကို ခပ်ဝေးဝေးမှာနေ။ အနည်းဆုံး ကျုပ်နဲ့ လီတစ်ဝက်အကွာဝေးဆီ ရောက်အောင်ဆုတ်နေ။ မဟုတ်ရင် ကျန်းချုံးရဲ့ မြေးကို ကျုပ်သတ်ပစ်မယ်”

All Chapters