← Chapters

အခန်း (၄၁၃+၄၁၄)

Vol. 30 Ch. 413+414

အခန်း (၄၁၃+၄၁၄)

Vol. 30 Ch. 413+414

အပိုင်း (၄၁၃)

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ဓားဘုရင် လီချင်းချိုးက လျင်လျင်မြန်မြန်ပင် ထွက်ခွာသွား၏။ သူက မီတာ သုံးရာလေးရာ အကွာအဝေးဆီသို့ ရွေ့လျားသွား၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းချုံးရဲ့ မြေးကို ဓားစာခံအဖြစ် ခင်ဗျား ခေါ်သွားနိုင်တယ်။ ဒါပေမဲ့ ကျန်းချွင်က အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ။ ပြီးတော့ သူ့ကို ခေါ်သွားမယ်ဆိုရင် ခင်ဗျားအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေမှာပေါ့”

“မဟုတ်ဘူး မဟုတ်ဘူး”

စုကျန့်ရန်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “လမ်းဖယ်.. မဟုတ်ရင် ငါ ဒီခွေးကောင်လေးကို အကုန်လုံးကို သတ်ပစ်မယ်”

တစ်ဖက်လူ၏ လှုပ်ရှားမှုက ရူးသွပ်နေသကဲ့သို့ပင်။ ဓားဦးထိပ်ကပင်လျှင် ကျန်းချွင်၏ ငါးနှစ်သား ကလေး ကျန်းယွမ်၏ အသားအရေကို လှီးဖြတ်မိလုနီးပါး ဖြစ်နေ၏။ သွေးများပင်လျှင် အနည်းငယ် ထွက်ပေါ်လာခဲ့၏။ သို့ပေမည့် ဤအချိန်မှာတော့ ဤငါးနှစ်သား ကလေးလေးက အသံဟူ၍ တစ်ချက်မှ မထွက်လာချေ။ သူ၏ သတိလစ်မေ့မြောနေသည့် အဖေကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျန်းချွင်ကို ခင်ဗျား မသွားခိုင်းဘူးဆိုရင် ကျုပ်လည်း ခင်ဗျားကို မသွားခိုင်းဘူး။ ကိုယ့်ဘာကိုယ် စဉ်းစားတော့”

စုကျန့်ရန်သည် အံကိုကြိတ်ကာဖြင့် သတိမေ့လျက်ရှိနေသည့် ကျန်းချွင်ကို အောက်ဆီသို့ ပစ်ချလိုက်၏။ ဓားစာခံတစ်ယောက် ရှိလျှင် လုံလောက်ပြီ ဖြစ်၏။ ကျန်းယွမ်သည် ငါးနှစ်သား ကလေးမျှသာလျှင် ရှိသေး၏။ ထို့ကြောင့် ခန္ဓာကိုယ်မှာ ပေါ့ပါး၏။ ထို့ကြောင့် စစ်မြင်းပေါ်သို့ လှမ်းတင်လိုက်မည်ဆိုလျှင် အချိန်လစ်ဟင်းမည် မဟုတ်ချေ။ စစ်သည်တော် အနည်းငယ်တို့က ရှေ့ကို လှမ်းတက်ပြီး ကျန်းချွင်အား ကာကွယ်ကာ ခေါ်ဆောင်သွားခဲ့၏။

စုကျန့်ရန်က ပြောလိုက်သည်။ “ကျုပ်ကို လွှတ်ပေး။ မဟုတ်ရင် ကျုပ်ရဲ့ ဓားမြှောင်က ကျန်းယွမ်ရဲ့ လည်ကုပ်ကို လှီးဖြတ်သွားလိမ့်မယ်”

ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်၏။ ဝိုင်းဝန်းပိတ်ဆို့ထားသည့် လူများက လမ်းဖွင့်ပေးလိုက်၏။ စုကျန့်ရန်သည် ငါးနှစ်သားကလေး ကျန်းယွမ်ကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး ဝိုင်းပိတ်ထားသည့် နေရာမှ ထွက်ခွာသွားခဲ့၏။ စုရွှင်ကိုတော့ သူ ဂရုမစိုက်ချေ။ အချက်အလက်အားဖြင့် သူ့အသက်ရှင်နေလျှင် လုံလောက်ပြီ ဖြစ်၏။

ဝိုင်းပိတ်ထားသူများ၏ အပြင်ဘက်သို့ ထွက်ပြီးသည့်နောက် ရှမ့်လန်၏ ဘေးတစ်ဖက်တွင် မိန်းမ တစ်ယောက် ရှိနေကြောင်း သူ မြင်လိုက်ရသည်။ စုနင်ပင်။

“ကျန့်ရန်... ငါ့ကို ကယ်အုံး။ ငါ့ကို ကယ်အုံးလေ”

စုကလန်၏ လှပလွန်းသည့် မိန်ကလေးသည် စုကျန့်ရန်၏ ချစ်သူလည်း ဖြစ်၏။ သူမက စုကျန့်ရန်ထက် သုံးနှစ်ခန့် အသက်ကြီး၏။ ဤမိန်းမပျိုသည် စုကလန်ထဲတွင် မုဆိုးမတစ်ယောက်အဖြစ် အသက်ရှင် နေထိုင်ခဲ့သူ ဖြစ်၏။ အသက် ၁၉ နှစ်အရွယ် တည်းကပင်။ သူမက စုကျန့်ရန်၏ ပထမဦးဆုံး မိန်းကလေးဟု သတ်မှတ်နိုင်၏။

စုကျန့်ရန်သည် နောက်ပိုင်း မိန်းမတစ်ယောက်နှင့် လက်ထပ်ပြီး ကလေးများ မွေးဖွားခဲ့သည် ဆိုလျှင်တောင်မှ သူ၏ မိန်းမနှင့် စုနင် ကို အမြဲတမ်း နှိုင်းယှဉ်တတ်၏။ ဤမိန်းကလေးသည် စုကျန့်ရန် အချစ်ခင်ဆုံး အနှစ်သက်ရဆုံးသော မိန်းကလေးလည်း ဖြစ်၏။ စုနန်သည် စုနင်ကို ချင်ဘုရင်ဆီသို့ စေလွှတ်လိုက်ကြောင်း ကြားသည့်အချိန်က စုကျန့်ရန်၏ နှလုံးသားများက သွေးစက်စက်ယိုခဲ့၏။ သို့ပေမည့် သူက အမိန့်ကို မလိုက်နာ၍ မရနိုင်ချေ။

စုကျန့်ရန်က အော်ဟစ်လိုက်သည်။ “ရှမ့်လန်... စုနင်ကို လွှတ်ပေး”

ရှမ့်လန်က ကြောင်အသွား၏။

စုကျန့်ရန်က တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “စုနင်ကို လွှတ်လိုက်စမ်း။ မဟုတ်ရင် ဒီခွေးကောင်ရဲ့ လည်ကုပ်ကို ပိုင်းပစ်မယ်”

ရှမ့်လန်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ စုကလန်၏ လှပလွန်းသည့် မိန်းကလေးသည် ချုပ်နှောင်မှုမှ လွတ်မြောက်သွားခဲ့၏။ လှပလွန်းသည့် ဤမိန်းကလေးသည် မယုံကြည်နိုင်သလိုပင် နောက်လှည့်ကြည့်လိုက်သေး၏။

စုကျန့်ရန်က အော်လိုက်သည်။ “အစ်မ စုနင်.. လာ လာ”

သူမက ဝိုင်းပိတ်ထားသည့် နေရာမှ ဖောက်ထွက်ကာဖြင့် စုကျန့်ရန်၏ ဘေးတစ်ဖက်ဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် စုနင်သည် မြင်းပေါ်သို့ ခုန်တက်လိုက်၏။

စုကျန့်ရန်သည် စုနင်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “အစ်မ စုနင်... ကျုပ်အနားကနေ ခင်ဗျားကို ဘယ်တော့မှ မလွှတ်တော့ဘူး”

ပြီးနောက် စုကျန့်ရန်နှင့် စုနင်တို့သည် စစ်မြင်းပေါ်သို့ တက်ကာဖြင့် ကျန်းယွမ်နယ်စားကြီးအိမ်တော်ဆီသို့ ပြေး၏။

ထင်မှတ်ထားသည့်အတိုင်းပင် ရှမ့်လန်က မည်သူတစ်ဦးတစ်ယောက်ကိုမှ အနောက်မှ မလိုက်ပါစေခဲ့ချေ။

စုကျန့်ရန်က အရှိန်ကို အနည်းငယ် လျှော့လိုက်၏။ စစ်မြင်းက အားအင်ကုန်ခမ်းသည့် အချိန်သို့ ရောက်ရှိ သွားခဲ့သောကြောင့်ပင်။ သူက အနောက်ကို လှည့်ကြည့်လိုက်၏။ မည်သူမှ လိုက်ပါလာသည်ကို မတွေ့ရချေ။ စုကျန့်ရန်က စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ ပြီးနောက် ၎င်းက နှာခေါင်းရှုံ့လိုက်သည်။

“ရှမ့်လန်က တကယ့်ကောင်ပဲ။ ဒီကောင် တကယ်ရူးနေတဲ့ ကောင်ပဲ။ သူ တကယ်ပဲ ကျုပ်ကို လက်လွှတ်ပေးခဲ့တယ်။ ဟား ဟား ဟား... ကျုပ် ကျန်းချုံးရဲ့ မြေးကို လွှတ်ပေးလိမ့်မယ်လို့ သူတကယ် ထင်နေတာပဲ။ အိမ်မက်ပဲ မက်နေလိုက်။ နယ်စားအိမ်တော်ကို ရောက်တာနဲ့ တပြိုင်နက် ဒီခွေးကောင်လေးကို သတ်မယ်။ ပြီးတော့ သူ့ရဲ့ အလောင်းကို ရှမ့်လန်ဆီ လှမ်းပို့ပစ်မယ်”

စုကျန့်ရန်က စုနင်ကို လှမ်းကြည့်လိုက်၏။ “အစ်မ စုနင်... ဒီရက်ပိုင်းတွေမှာ ခင်ဗျား အရမ်းကို ခံစားခဲ့ရတယ် မလား။ ဒီနေ့ကစပြီး ကျုပ်အနားကနေ ခင်ဗျား ဘယ်ကိုမှ မသွားရဘူး”

စုနင်က ပြုံးလိုက်သည်။ “ကောင်းပြီ”

ပြီးနောက် သူမသည် အင်္ကျီလက်မောင်းထဲတွင် ရှိနေသည့် ခလုတ်တစ်ခုကို ဖိနှိပ်လိုက်၏။

ဆွစ် ဆွစ် ဆွစ် ဆွစ်...

များပြားလွန်းသည့် မြားများသည် စုကျန့်ရန်၏ နောက်ကျောဆီသို့ မိုးကဲ့သို့ပင် ဝင်ရောက်သွားခဲ့၏။ တကယ်ကို များပြားသည့် နှင်းဆီပန်းမိုးများကဲ့သို့ပင်။ အဆိပ်ပြင်းသည့် အပ်များက စုကျန့်ရန်၏ လည်ပင်းနှင့် နောက်ကျော တစ်ခုလုံးသို့ စိုက်ဝင်သွားခဲ့သည်။

“အား”

စုကျန့်ရန်က မယုံကြည်နိုင်သလို အော်ဟစ်လိုက်၏။ သူသည် မယုံကြည်နိုင်စွာဖြင့် နောက်ကို လှည့်ကြည့်ပြီး ခြောက်ကပ်ကပ် မေးလိုက်၏။

“ဘာ… ဘာကြောင့်လဲ”

သူသည် ထိုနောက်ဆုံးစကားကိုသာ မနည်းရွတ်ဆိုနေမိ၏။ အဆိပ်ပြင်းအပ်များသည် တကယ်ကို ပြင်းထန်လွန်း၏။ သူ၏ အကြောများ ဆိုင်းသွားခဲ့သည်။

ထိုအကြောဆိုင်းမှုသည် ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အကြောဆိုင်းခြင်းနှင့် တူညီ၏။ ရှမ့်လန်သည် စေတီတောင်မှ ပိုးကောင်များကို သုတေသန ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး အကြောဆိုင်းစေသည့် အဆိပ်တစ်မျိုးသည် သူ၏ လက်နက်သစ် ဖြစ်လာခဲ့၏။

“ဘာကြောင့်လဲ ဟုတ်လား”

စုနင်က ပြန်ပြောလိုက်၏။ “ဘာကြောင့်လဲဆိုတော့ ငါ အသက်ရှင်ချင်လို့လေ။ ရှမ့်လန်က ငါ့ကို ဆေးတွေနဲ့ စမ်းသပ်ထားခဲ့တယ်။ သူ ငါရဲ့ ခန္ဓာကိုယ်ထဲကို ဘယ်လောက်များတဲ့ အဆိပ်တွေ ထိုးသွင်းထားလဲ မသိဘူး။ ငါ သူ့နားကနေ ခွာလိုက်ရင် သေသွားမှာပေါ့”

စုနင်သည် စုကျန့်ရန်၏ ရင်ခွင်ထဲမှ ကလေးကို လှမ်းယူလိုက်၏။ ငါးနှစ်သား ကလေး ကျန်းယွမ်ကို မည်သည့် အဆိပ်အပ်မှ မထိတွေ့ခဲ့ချေ။ မထိအောင်လည်း စုနင်က အခွင့်အရေးကိုအရယူပြီး စုကျန့်ရန်၏ နောက်ကျောဘက်ကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

“စုကျန့်ရန်... ငါက မင်းရဲ့ ပထမဦးဆုံး မိန်းမ ဖြစ်ခဲ့တယ်။ ပြီးတော့ ယောက်ျားနဲ့ မိန်းမကြားမှာ ရှိတဲ့ ချစ်ခြင်း မေတ္တာနဲ့ လိင်ဆက်ဆံမှု အကြောင်းကို မင်နဲ့ ငါ ထိတွေ့ခွင့်ရခဲ့တယ်။ မင်းက ပထမဦးဆုံး လမ်းညွှန်ပြသခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ယောက်ျားတွေထဲက တစ်ယောက်သာသာပဲ”

စုနင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် စုနင်သည် စုကျန့်ရန်၏ စစ်မြင်းကြီးပေါ်သို့ တက်ကာ ရှမ့်လန်၏ စစ်တပ်ဆီသို့ ပြန်လာခဲ့၏။ ပြီးနောက် သူမက လိမ်လိမ်မာမာဖြင့် ကြိုးတုတ်ခြင်းကို ခံပြီး အကျဉ်းသား ဖြစ်လာခဲ့၏။ စုကျန့်ရန်သည် တိုက်ရိုက်ဆိုသလိုပဲ သံလှောင်အိမ်ကြီးထဲ၌ ဖမ်းချုပ်ခြင်း ခံရ၏။

ဤအချိန်မှာတော့ ကျန်းချွင်က နိုးထလာခဲ့၏။ ပျောက်ဆုံးသွားခဲ့သည့် ကလေးကို အသက်ရှင်လျက် ပြန်လည်ကာ မြင်တွေ့ရချိန်မှာတော့ ပြေးပွေ့ပြီး ပျော်ရွှင်မှုဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။

ငါးနှစ်သားအရွယ်သာ ရှိသော ကျန်းယွမ်က မျက်ရည်ဝိုင်းသားနှင့် ဖြစ်လို့နေ၏။

..........

“ရန်သူတွေရဲ့ ဝိုင်းပိတ်ခြင်းထဲကနေ ဘယ်လိုလွှတ်ခဲ့တာလဲ”

စုရွှင်က တုန်လှုပ်နေသည်။ “အာယုထိုင် ဘယ်ရောက်သွားလဲ။ စုကျန်ထင် ဘယ်ရောက်သွားလဲ”

ရှမ့်လန်က ပြုံးလိုက်မိ၏။ “ဒါက အရေးကြီးလို့လား”

စုရွှင်သည် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ ဘာကိစ္စမှ အရေးမကြီးတော့ချေ။

စုရွှင်က ပြောလိုက်သည်။ “ရှမ့်လန်... မင်း ပိုင်ရီမြို့တိုက်ပွဲကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ငါတို့ စုမိသားစုကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ကျန်းယွမ်နယ်စားကြီးအိမ်တော်ရဲ့ ရဲတိုက်ကြီးကို မြင်ဖူးလား။ အဲတာ တောင်ထိပ်ကြီးမှာ ဆောက်ထားတာပဲ။ ရန်သူပေါင်းသောင်းချီ လာပြီးတိုက်ခိုက်မယ်ဆိုရင်တောင် မဖြစ်နိုင်ဘူး”

ဟုတ်ပေ၏။ ရှမ့်လန် ထိုအရာကို မြင်ဖူး၏။ စုမိသားစု၏ ရဲတိုက်ကြီးသည် တကယ့်ကို ကြီးမားလွန်းပြီး နုရှောင့်မြို့၏ ရဲတိုက်ကြီးထက်ပင် ပိုမိုကာ ကြီးမားအားကောင်း၏။ စုမိသားစုသည် ထိုအရာကို နှစ်ရာနှင့်ချီ အသုံးပြုကာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်၏။

စုရွှင်က ပြောလိုက်လေ၏။ “ပြီးတော့ အရှင့်ရဲ့ လိမ္မာပါးနပ်မှုက မင်းယှဉ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ သူ ကြီးကြီးမားမား ဆုံးရှုံးခဲ့တယ်ဆိုတာက လောဘကြီးပြီး လိုချင်တာတွေ များနေလို့ပဲ။ အခု ပိုင်ရီမြို့တိုက်ပွဲ ရှုံးနိမ့်သွားပြီဆိုရင် သူ့ဆီမှာ ရည်ရွယ်ချက် တစ်ခုတည်း ရှိတော့တယ်။ အဲဒါ စုမိသားစုကို ကာကွယ်ဖို့ပဲ။ ဒါဆိုရင် မင်း စုမိသားစုကို ဖျက်ဆီးလို့ရမှာ မဟုတ်ဘူး။

အရှင် အသက်ရှင်နေသေးသရွေ့ စုမိသားစုက ဖျက်ဆီးခံရမှာ မဟုတ်ဘူး။ ငါတို့ စုမိသားစုမှာ ပါရမီရှင်တွေ အပြည့်ပဲ။ ငါတို့ စုမိသားစုရဲ့ ရဲတိုက်ကြီးက ဖောက်ထွင်းလို့ မရဘူး။ လူဦးရေ တစ်သောင်းလောက်ကို မပြောနဲ့။ သုံးသောင်း လေးသောင်းလောက် ရောက်လာမယ်ဆိုရင်တောင် ဖောက်ထွင်းလို့ ရနိုင်မှာ မဟုတ်ဘူး။

စုမိသားစုရဲ့ ရဲတိုက်ကြီးထဲမှာ အစာနဲ့ ရေကလည်း မပြတ်လပ်ဘူး။ ဒီတော့ နှစ်အနည်းငယ်လောက် အထဲမှာ ခုခံနေဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်ဘူး။ မင်းဒါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ မင်း စုမိသားစုကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး” စုရွှင်က အော်ဟစ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “စုရွှင်.. ခင်ဗျား မှာ လုပ်စရာတွေ ရှိနေသေးလား”

စုရွှင်က ရယ်မောကာ ပြောလိုက်၏။ “ဘာဖြစ်လဲ။ ဘာဖြစ်လို့လဲ။ စုမိသားစုက ဖျက်ဆီးမခံရသေးသရွေ့ ငါတို့က တစ်နေ့နေ့မှာ ပြန်လာနိုင်မယ်။ ကျင်းမိသားစုတစ်ခုလုံးကို ပြန်ပြီး သုတ်သင်နိုင်လိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ကိုယ့်ကိုယ်ကို သတ်သေမယ်ဆိုရင်လည်း မြန်မြန်လုပ်တော့။ အချိန်တွေ ဆွဲမနေနဲ့။ ခင်ဗျား မလုပ်ဘူးဆိုရင် ကျုပ် ခင်ဗျားကို သတ်ခိုင်းတော့မယ်”

စုရွှင်သည် တကယ်ပဲ စိတ်နှလုံးသားတစ်ခုလုံး တွန့်ဆုတ်သွားခဲ့၏။ ယနေ့ သူက အောင်မြင်မှု ရရှိရန် နီးကပ်နေခဲ့၏။ သူ့၌ ပိုင်ရီမြို့ကို သိမ်းပိုက်ရန် အခွင့်အရေး ပိုင်ဆိုင်ခဲ့၏။ ယခုထက် အချိန်နည်းနည်းလေးသာ ရပြီး အောင်မြင်ခဲ့ပါက ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတစ်ခုလုံးကို သူတို့ လွှမ်းခြုံနိုင်ပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် ဤခွေးကောင်လေးက အရာအားလုံးကို ဖျက်ဆီးခဲ့၏။

“အား၊ အား”

စုရွှင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ ပြီးနောက် ရုတ်တရက် ဓားကို ထုတ်ကာဖြင့် သူ၏ လည်ပင်းပေါ်သို့ တင်လိုက်၏။ သူက သုံးစက္ကန့်၊ လေးစက္ကန့်လောက် တွန့်ဆုတ်ခဲ့၏။ သူ တကယ် ထိုအရာကို လက်သင့်မခံနိုင်ချေ။ သူ တကယ် မသေချင်ချေ။

“အရှင်၊ ညီငယ်လေး စုနန်.... ငါ့အတွက် လက်စားချေပေးပါ။ ရှမ့်လန်... ငါ မင်းကို ငရဲပြည်မှာ စောင့်နေမယ်” စုရွှင်က အံကိုကြိတ်၏။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်၏။ သူ၏ ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ရှမ့်လန်က ကျယ်လောင်စွာ ပြောလိုက်၏။ “စုကလန်ရဲ့ သီးသန့်စစ်သည်တွေ... ခင်ဗျားတို့ရဲ့ အုပ်ချုပ်သူက သေသွားခဲ့ပြီ။ လက်နက်တွေချပြီး အညံ့ခံမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်”

စုရွှင် သေဆုံးသွားခဲ့ပြီ။ စုကလန်၏ စစ်သည်တော် ၃၀၀ ကျော် အားလုံးကလည်း ကြောက်လန့်လျက် ရှိနေကြ၏။ ရှမ့်လန်၏ စကားကိုကြားရတော့ သူတို့က မည်သို့မှ မနေနိုင်ဘဲ တုန်ယင်သွားခဲ့ကြသည်။ “ခင်ဗျား ပြောခဲ့တာ တကယ်လား”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့ ခင်ဗျားတို့ အားလုံးကို ဝိုင်းထားခဲ့ပြီးသားပဲ။ ကျုပ်က ဘာကိစ္စနဲ့ ပြန်ပြီးတော့ ကတိဖျက်ရမှာလဲ”

ပြီးနောက် ရှမ့်လန်က လက်ကို မြှောက်ကာ ပြောလိုက်သည်။ “လေးတွေ၊ မြားတွေ မြှောက်”

ရုတ်တရက် စစ်သည်ပေါင်း တစ်ထောင်ကျော်တို့သည် လေးတွေ မြားတွေ အနေနှင့် စတင်ကာ ချိန်ရွယ်ထားခဲ့၏။

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “ခင်ဗျားတို့ လက်နက်တွေကို ချပြီးတော့ အညံ့မခံဘူးဆိုရင် မြားပစ်ဖို့ အမိန့်ပေးဖို့ပဲ ရှိတော့တယ်”

“ရှမ့်လန်... ကိုယ့်စကားကို တည်မှာနော်”

စုကလန်၏ တပ်မှူးတစ်ယောက်သည် လှမ်းကာ ပြောဆိုလိုက်၏။ “ညီအစ်ကိုတွေအားလုံး ... လက်နက်ချပြီး အညံ့ခံမယ်”

ရုတ်တရက် စုကလန်၏ စစ်သည်တော်ပေါင်း ၃၀၀ ကျော်တို့သည် လက်နက်များကို ချလိုက်ကြသည်။

“ဒူးထောက်.... ခေါင်းပေါ် လက်တင်ထား။ ပြီးတော့ ငြိမ်ငြိမ်နေကြ” ရှမ့်လန်က အမိန့်ပေးလိုက်၏။

စုကလန်၏ စစ်သည်တော် ၃၀၀ ကျော်တို့က ဒူးထောက်ပြီး ခေါင်းပေါ် လက်တင်လိုက်၏။

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “အင်း... ဆိုရိုးစကားတစ်ခု ရှိတယ်။ အသက်ရှင်ဖို့အတွက် ဒူးထောက်ရတယ် ဆိုပေမဲ့ သေဖို့အတွက် မတ်တပ်ရပ်ခဲ့တာပဲ။ ကျုပ် ခင်ဗျားတို့ကို သေတဲ့အချိန်မှာ ဒူးထောက်ပြီး မသေစေချင်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့က တကယ့်ကို လိမ္မာပါးနပ်ကြတယ်။ ကျုပ်က ဒူးထောက်ဆိုတာနဲ့ ခင်ဗျားတို့က ဒူးထောက်ကြတယ်”

ပြီးနောက် သူ့၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ သူက အော်ဟစ်လိုက်၏။ “ပစ်သာ သတ်လိုက်တော့”

ရုတ်တရက် မြားပေါင်း ထောင်ချီတို့ ရောက်ရှိလာခဲ့သည်။

ဆွစ် ဆွစ် ဆွစ်....

မြေပေါ်တွင် ဒူးထောက်လျက်ရှိနေသည့် စုကလန်မှ စစ်သည်တော် ၃၀၀ ကျော်တို့သည် ဖြူကောင်ကြီး များကဲ့သို့ပင် ခန္ဓာကိုယ်တွင် မြားပေါင်းများစွာ စိုက်ဝင်ကာဖြင့် ဆိုးဆိုးရွားရွား သေဆုံးခဲ့၏။ မသေဆုံးခင်တွင် စုကလန်သားများ၏ စိတ်ထဲတွင် စကားတစ်ခွန်းသာ ရှိခဲ့၏။

“ရှမ့်လန် မင်းအမေ.........”

ထိုအချိန်မှာတော့ စုရွှင်၏ အမိန့်ပေးမှုအောက်တွင်ရှိသော စစ်သည်တော် နှစ်သောင်းနီးပါးတို့သည် ထွက်ပြေး သွားခဲ့သည့်လူမှလွဲ၍ ကျန်သည့်လူအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်

..........

အပိုင်း (၄၁၄)

ပိုင်ရီမြို့၏ အတွင်းဘက်မှာတော့ ရှမ့်လန်က ကျန်းချုံး၏ အဝတ်ကို အသာဆွဲဖွင့်ကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင်ကုတ်လိုက်မိ၏။ ဒဏ်ရာပေါင်းများစွာ တည်ရှိနေပြီး တချို့ဒဏ်ရာများက ရောင်ကိုင်းနေ၏။ အထူးသဖြင့် ရင်ဘတ်မှ ဒဏ်ရာနက်နက်ကြီးပင် ဖြစ်၏။ ထိုအရာက စုရွှင် ခုတ်ပိုင်းထားခဲ့ခြင်းပင်။ အဖျားက ဤမျှ ဆိုးရွားနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ရှမ့်လန်က အပ်နှင့် ချုပ်ရိုးကို ယူကာဖြင့် ခန္ဓာကိုယ်အနှံ့ကို လိုက်လံကာ လှီးဖြတ်၊ ချုပ်လျက်ရှိ၏။ လည်ပင်းမှ ဒဏ်ရာကို ကြည့်ရှုလိုက်သည်။ ထိုနေရာတွင် ချုပ်ရိုး ရှိနေကြောင်း မြင်လိုက်ရသည်။

“ဒါဘယ်သူ ချုပ်ပေးထားတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

အကြီးဆုံး မင်းသမီး နင်ကျဲ့က ပြောလိုက်သည်။ “ငါပဲလေ။ ဘာဖြစ်လို့လဲ”

“ဒီချုပ်ရိုး ချုပ်သားက အရမ်းကောင်းတယ်”

နင်ကျဲ့က ပြောလိုက်၏။ “ဒါနဲ့ ကျန်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

ယခင်တုန်းက သူမသည် ကျန်းချုံးဟုသာ ခေါ်ဆိုခဲ့၏။ ယခုအချိန်မှာတော့ ကျန်းဟု ပြောင်းလဲကာ ခေါ်ဆိုနေပြီ ဖြစ်သည်။ ကျန်းချုံး လေးစားစရာ လူတစ်ယောက်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “လည်ပင်းကို ဖြတ်တဲ့အချိန်မှာ သွေးနည်းနည်း ထွက်သွားခဲ့တယ်။ ဒါကြောင့် အဖျား နည်းနည်းကျသွားခဲ့တာ။ ဆေးသောက်ပြီးရင် ကိုယ်အပူချိန် ထပ်မတိုးတော့ဘူးဆိုပေမဲ့ ဖျားတော့ဖျားနေအုံးမှာပဲ။ သူ့ရဲ့ ဒဏ်ရာရောင်ကိုင်းမှု အကုန်လုံးကိုတော့ ထိန်းချုပ်ပြီးသွားပြီ”

ပြီးနောက် ရှမ့်လန်သည် ကျန်းယွမ်၏ ခေါင်းလေးကို အသာပွတ်ကာ ပြောလိုက်၏။ “ပြီးတော့ သူ့ရဲ့မြေး ဘေးနားမှာ ရှိနေတယ်ဆိုတော့ အရှင်ကျန်းချုံး မကြာခင်မှာ သတိရပြီး ပြန်ကောင်းလာပါလိမ့်မယ်”

ပြီးနောက် သူက ဆောင့်ကြောင့်ထိုင်ချလိုက်၏။ ပြီးနောက် ကလေး၏ လည်ပင်းတွင်မှ ဒဏ်ရာကို သေသေချာချာ စစ်ဆေးပေး၏။ စုကျန့်ရန်၊ ထိုခွေးသူတောင်းစားသည် ကလေးငယ်လေးကိုပင် တိုက်ခိုက်ရဲသေး၏။ ကလေး၏ လည်ပင်းတွင် သေးငယ်သည့် ဒဏ်ရာလေး ရှိနေ၏။ သို့ပေမည့် အရမ်းကြီး ကြီးမားသည့် အရာ မဟုတ်သောကြောင့် ချုပ်ရန်တော့ မလိုအပ်ချေ။

ရှမ့်လန်က အနာသန့်ဆေးကို ယူပြီး ဂွမ်းနှင့် ဆွတ်ကာ ထိုအရာကို ပွတ်သပ်ပေးလိုက်၏။ “ကောင်လေး... နည်းနည်းလေး နာမယ်နော်။ မငိုနဲ့”

ပြီးနောက် သူက ကျန်းယွမ်၏ လည်ပင်းပေါ်မှ ဒဏ်ရာကို ဆေးဖြင့် အသာ ပွတ်သပ်ပေး၏။ အဆုံးသတ်မှာတော့ ကလေးက အံကြိတ်ကာခံရင်း နှစ်ချက်လောက် တွန့်သွား၏။ သို့ပေမည့် မငိုခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းချွင်.. ခင်ဗျားတို့ ကျန်းမိသားစုဝင်တွေက တကယ့်ကို အံ့အားသင့်စရာပဲ”

ကျန်းချွင်သည် မယုံကြည်နိုင်သလိုဖြင့် ပြောလိုက်၏။ “ကျန်းချွင်က မပြည့်စုံတဲ့ လူတစ်ယောက်ပါ။ အဖေ့ကို ဘယ်လိုမှ လိုက်မီနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အဖေ့ကိုတောင် ဒုက္ခပေးသလို ဖြစ်ခဲ့သေးတယ်”

ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။ ပုခုံးကိုသာ အသာပုတ်လိုက်သည်။

“အင်း... အရှင်ကျန်းချုံးကို ဂရုစိုက်လိုက်အုံး” ရှမ့်လန်က ပြောလိုက်၏။

“ကောင်းပါပြီ ဆရာ” အနောက်မှ လိုက်ပါလာခဲ့သည့် သမားတော်များက လှမ်းကာ ပြောဆိုလိုက်သည်။

ရှမ့်လန်သည် ငါးနှစ်သားကလေး ကျန်းယွမ်ကို အသာကောက်ချီကာဖြင့် ထွက်ခွာသွားခဲ့၏။ ကျန်းချွင်က အခန်းထဲတွင်နေပြီး သူ့၏ အဖေကို ဂရုစိုက်နေ၏။

မင်းသမီး နင်ကျဲ့နှင့် ရှမ့်လန်တို့သည် ပိုင်ရီမြို့၏ အပြင်ဘက်သို့ လှမ်းကာ လျှောက်ကြည့်နေ၏။ ရက် ၂၀ သာ ကုန်လွန်သွားခဲ့၏။ မြို့ကြီးတစ်ခုလုံးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မြို့၏ နံရံနားရှိ အိမ်အားလုံးတို့က အပျက်အစီးပုံများကဲ့သို့ ပြောင်းလဲလျက်ရှိနေပြီး မြို့ထဲရှိအိမ် သုံးပုံတစ်ပုံလောက်က ပျက်စီးနေ၏။ မြို့၏ တစ်ဝက်လောက်ကလည်း ဖျက်ဆီးခြင်း ခံထားရသည်။

သို့ပေမည့် ဤအချိန်မှာတော့ ရှားရှားပါးပါး ငြိမ်သက်နေပြီ ဖြစ်၏။ အချိန်တိုင်းဆိုသလို ငိုသံသံသဲ့သဲ့ကိုတော့ ကြားနေရ၏။ ဤမြို့ကိုကာကွယ်သည့် တိုက်ပွဲတွင် လူမည်မျှ သေဆုံးခဲ့ကြောင်း ရေပင် မရေတွက်နိုင်ချေ။ ကျန်းချုံးက အနည်းဆုံး မြို့ထဲမှာ စစ်သည် ၃၀၀၀၊ ၄၀၀၀ လောက်ကို ခေါ်ယူခဲ့၏။

သို့ပေမည့် မြို့၏ အခြေအနေ တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပျော်ရွှင်စရာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကြီးမားလွန်းသည့် အောင်ပွဲတစ်ခုကို ရရှိသောကြောင့်ပင်။

မြို့တွင်းရှိ လူပေါင်းများစွာတို့သည် ရှမ့်လန်ကို ကြည့်ရှုသည့်အချိန်မှာတော့ ကျေးဇူးတင် ရားများဖြင့် ပြည့်နှက်နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း.... ဆရာကျန်းက အံ့အားသင့်စရာပဲ။ လဝက်တိုက်ပွဲအတွင်းမှာ စစ်သည်တွေအားလုံးနဲ့ လူတွေအားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ရယူနိုင်ခဲ့တယ်။ ဒီနေ့ကစပြီး ပိုင်ရီစီရင်စုမှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ နှလုံးသားကို ကျုပ်တို့ ရွှဲ့ပြည်နယ်က ပိုင်ဆိုင်သွားခဲ့ပြီ”

နင်ကျဲ့က ပြောလိုက်သည်။ “အင်း... တည်ဆောက်ရတာက ဖျက်ဆီးရတာထက် ပိုပြီး ခက်တယ်”

ဤစကားစုက ရှမ့်လန်ကို လှောင်ပြောင်နေသကဲ့သို့ပင်။ ရှမ့်လန်သည် ပိုင်ရီစီရင်စုတွင် ရှိနေသည့် မြို့ပေါင်းများစွာကို ဖျက်ဆီးခဲ့၏။ ဆယ်ရက်အတွင်း လောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်သကဲ့သို့ပင်။ ကျန်းချုံးနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အလွန်အကျွံ ကွာခြားလွန်း၏။

နင်ကျဲ့က ပြောလိုက်သည်။ “ပိုင်ရီမြို့ရဲ့ တိုက်ပွဲက ပြီးသွားခဲ့ပြီ။ ဒါပေမဲ့ ရွှဲ့လင်မြို့မှာ စုမိသားစုရဲ့ စစ်သည် ရှစ်ထောင်လောက် ကျန်သေးတယ်။ မင်း အခွင့်အရေးကို အရယူပြီး စုကျန်ကို တစ်ခါတည်း သုတ်သင် ရှင်းလင်းပစ်မှာလား”

စုကျန်... စုနန်၏ ညီငယ်ဖြစ်ပြီး ကြမ်းတမ်းလွန်းသည့် တပ်မှူးတစ်ယောက် ဖြစ်၏။ စုမိသားစုသည် တကယ့်ကို ပါရမီရှင်များနှင့် ပြည့်နှက်နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ စစ်သည်တွေက မြင်းသည်တော်တွေလေ။ သူတို့က ဘယ်လိုလုပ်ပြီး မြို့တစ်ခုကို သွားတိုက်ခိုက်နိုင်မှာလဲ။ ကျန့်ထော်က လဝက်နီးပါးလောက် အလကား နေနေတာ မဟုတ်လား။ သူ လဝက်နီးပါးလောက် ဟန်ထုတ်ပြီဆိုတော့ တကယ် အလုပ်လုပ်ဖို့ အချိန်ကျပြီ။”

မင်းသမီး နင်ကျဲ့က အေးစက်စက် ပြောလိုက်၏။ “ဒီလူက သေဖို့ ထိုက်တန်တဲ့ လူပဲ”

ရှမ့်လန်က အထင်မြင်သေးသလို ပြုံးလိုက်၏။ သူ မည်သူ့ကို လှောင်ပြောင်ချင်မှန်း မသိရှိချေ။ သို့ပေမည့် ပိုင်ရီမြို့ တိုက်ပွဲအောင်မြင်ပြီးနောက် ကြီးမားလှသည့် ဖိအားဒဏ်ကို ခံရမည့်သူသည် မြို့စားကြီး ကျန့်ထော်ပင် ဖြစ်ပေလိမ့်မည်။

ကျန်းချုံး သေသွားလိမ့်မည်ဟု တွေးထင်ခဲ့၏။ ပိုင်ရီမြို့ တစ်ခုလုံးကလည်း စုကလန်လက်ထဲ ပါသွားမည်ဟု ထင်ခဲ့မိ၏။ ထို့ကြောင့် ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်းတစ်ခုလုံးကို လက်လွတ်ရလိမ့်မည်ဟု ထင်မှတ်ခဲ့၏။

ရွှဲ့ပြည်နယ်သည် ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် သူက မိမိကိုယ်ကိုယ် ထိန်းချုပ်ထားရန်သာ ရွေးချယ်ခဲ့၏။ ဤကဲ့သို့ ကြီးမားသည့် ပြဿနာကြီးများနှင့် ရင်ဆိုင်သည့်အချိန်တွင် စစ်သည်များ၏ အသက်ဆိုသည်မှာ မြက်ပင်၏ အသက်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက သူ၏စစ်သည်များကို စုမိသားစုနှင့် စစ်ပွဲထဲ ထိုးထည့်ပြီး မဖြုန်းတီးချင်ပေ။

ရွှဲ့ပြည်နယ် ကြီးကြီးမားမား ပြောင်းလဲသွားသည့်အချိန်တွင် ကျန့်ထော်သည် သူ၏ စစ်သည်ပေါင်း နှစ်သောင်းကျော် တို့နှင့်အတူ အေးအေးချမ်းချမ်း နေထိုင်နိုင်ပေလိမ့်မည်။ သို့ပေမည့် မထင်မှတ်ထား လောက်အောင်ဘဲ ပိုင်ရီမြို့က တိုက်ပွဲ၌ တကယ်ပင် အနိုင်ရနိုင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် တကယ့်ကို ကြောင်အအ ဖြစ်လို့နေ၏။ ထို့အပြင် သူ့အတွက် အန္တရာယ်လည်း များလို့လာခဲ့၏။

ကျန်းချုံးနှင့် ရှမ့်လန်တို့က စစ်သည်ပေါင်း ၃၀၀၀ ကျော်ကိုသာ ခေါ်ဆောင်လာခဲ့ပြီး စုမိသားစု၏ အဓိက စစ်တပ်ကြီးကို ဖျက်ဆီးခဲ့၏။ သူ ကျန့်ထော်မှာတော့ စစ်သည်ပေါင်း နှစ်သောင်းကျော် ရှိ၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ရွှဲ့လင်မြို့တွင် ရှိနေသည့် စစ်သည်တော် ၈၀၀၀ ကိုပင် ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ တကယ့်ကို ရှက်ဖွယ်ရာပင်။

နင်ကျဲ့က မေးမြန်းလိုက်သည်။ “မင်းဘယ်လိုလုပ်ခဲ့တာလဲ”

ရှမ့်လန်တစ်ယောက် ချင်ဘုရင် အာလုထိုင်ကို အနိုင်ယူပြီး အာယုနာနာကို ပလ္လင်ပေါ်သို့ မည်ကဲ့သို့ တင်ပေးခဲ့သည် အကြောင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်၏။

“ဟဲဟဲ” ရှမ့်လန်က ကြောင်တောင်တောင်နှင့် ထကာ ရယ်မောလိုက်၏။

သူ အိပ်စက်၍ မရနိုင်သည့် ထူးဆန်းသည့် မိန်းမ၊ သူမ မည်မျှ လှလှ၊ ဆရာလန်၏ အစစ်အမှန်ကို ဘယ်တော့မှ မြင်တွေ့ရလိမ့်မည် မဟုတ်ချေ။

‘ကျုပ် ခင်ဗျားနဲ့ အိပ်လို့မရဘူး ဆိုမှတော့ ခင်ဗျားသဘောကျအောင် ဘာတွေ လုပ်နေရမှာလဲ’

...........................

ရွှဲ့လင်မြို့၊ ပိုင်ရီမြို့၏ မြောက်ဘက် အစွန်းဆုံးမြို့ဖြစ်ပြီး ပိုင်ရီနယ်စပ်ဂိတ်တံခါးနှင့် နီးစပ်သည့် မြို့တစ်ခုလည်း ဖြစ်၏။ မြို့၏အပြင်ဘက် စစ်တပ်စခန်းအတွင်းမှာတော့ ပင်းရှစ်မြို့စားကြီး ကျန့်ထော်၏ ခန္ဓာကိုယ်သည် မံမီရုပ်အလောင်းကဲ့သို့ပင် အဝတ်များနှင့် ပတ်စည်းခြင်းကို ခံထားရ၏။ သူ ဤကဲ့သို့သာ မလုပ်ပါက ဒဏ်ရာရရှိထားသည်ဟု မည်သို့ လိမ်ညာနိုင်မည်နည်း။

လက်ရှိအခြေအနေမှာတော့ သူ ဟန်ဆောင်ခဲ့သမျှ အရာအားလုံးက ဟာသကဲ့သို့ပင်။ လဝက် ကြာမြင့်ပြီးနောက် သူသည် စုကျန်နှင့် ဟန်ထုတ်ကာ သရုပ်ဆောင်ခဲ့၏။ တကယ်တမ်း တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ခဲ့ချေ။

ဘုရင်မင်းမြတ်က သူ့ကို အထင်ကြီးသည်။ သူက တကယ့်ကို ကြောက်ရွံ့စရာကောင်းသည့် စစ်သူကြီး တစ်ယောက်အဖြစ် တခြားသောသူများကို ဖိနှိပ်တိုက်ခိုက်ပစ်မည်ဟု ဝါကြွားခဲ့၏။ သို့ပေမည့် စစ်မြေပြင်သို့ ရောက်သည့်အချိန်မှာတော့ ဟန်ထုတ်ခဲ့၏။ လဝက်နီးပါးလောက် တိုက်ခိုက်ပြီးနောက် မြို့ကို မသိမ်းပိုက်နိုင်ခဲ့ပေ။

ထိုအချိန်မှာပဲ ပိုင်ရီမြို့၏ တိုက်ပွဲအကြောင်း အရေးကြီးသည့် သတင်းတစ်ပုဒ် ရောက်ရှိလာခဲ့၏။ တိုက်ပွဲ၏ သတင်းပို့ချက်ကို ဖတ်ရှုပြီးနောက် သူက အမုန်းတရားများဖြင့် အံကို ကြိတ်လိုက်မိ၏။ ထို့အပြင် တုန်လှုပ်လျက်လည်း ရှိနေ၏။ ဤခပ်ချောချော ကောင်လေး ရှမ့်လန်က အောင်နိုင်ခဲ့သည်။ တကယ်ပဲ မိမိ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြုပြီး အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ခဲ့သည်လား။

ချင်ဘုရင် အာလုထိုင်ကို သတ်ဖြတ်ပစ်နိုင်ခဲ့ပြီး ချင်စစ်တပ်ကြီးတစ်ခုလုံးကို မဟာမိတ်အဖြစ် သိမ်းသွင်းနိုင်ခဲ့၏။ ယခု ပိုင်ရီမြို့သည် တကယ့်ကို ကြီးမားသည့် အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီး စုရွှင် ဦးဆောင်လာခဲ့သည့် အဓိက စစ်တပ်ကြီးတစ်ခုလုံးကလည်း ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သူ ဘာဆက်လုပ်ရမည်နည်း။

“ရှမ့်လန်၊ ခွေးကောင်လေး... မင်းက ငါ့ကို တော်တော် ဒုက္ခပေးတာပဲ”

သူ့အနေနှင့် ယနေ့နေရာဆီသို့ ရောက်ရှိလာဖို့ဆိုသည်မှာ လွယ်ကူခဲ့သည် မဟုတ်ချေ။ သူ့ကို လွယ်လွယ်ကူကူ ဖျက်ဆီးတော့မည်လား။

‘မင်း ရှမ့်လန်က ကြီးမားသည့် အကျိုးကျေးဇူးတွေ ပြုလုပ်ခဲ့တယ်ဆိုပေမဲ့ ငါ့ကို ရေထဲ ကန်ချခဲ့တာနဲ့ တူတူပဲ’

သူ အခု ဘာလုပ်ရမည်နည်း။ သူ ဘာဆက်လုပ်ရမည်နည်း။ တခြားသော နည်းလမ်းလည်း မရှိချေ။ တိုက်ခိုက်ရ ပေတော့မည်။

ချက်ချင်းပဲ ကျန့်ထော်က အမိန့်ပေးလိုက်၏။ “ကိုယ့်လူတို့... ပိုင်ရီနယ်စပ်ရဲ့ စစ်တပ်စခန်းဆီကို ပြန်။ ပြီးတော့ ငါ့သား ကျန့်လုံကို တောင်ဘက်ပိုင်းဆီ စစ်သည်ပေါင်း ၈၀၀၀ ကျော် ဦးဆောင်ပြီး သွားခိုင်းလိုက်။ ငါ စုကျန်နှင့် တိုက်ခိုက်ချင်တယ်။ ရွှဲ့လင်မြို့ကို မရမချင်း အနားမယူဘူးလို့ ကျိန်ဆိုတယ်”

ပြီးနောက် ကျန့်ထော်သည် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ပတ်တီးများကို ဖြည်ကာဖြင့် အော်ဟစ်လိုက်သည်။ “စစ်ဗုံတွေ တီး၊ ချက်ချင်း စစ်သည်တွေ အားလုံး ပြင်ဆင်ကြ။ မြို့ကို တိုက်ခိုက်ကြမယ်”

စစ်တပ်ကြီးရှေ့သို့ ထပ်မံကာ ပေါ်ပေါက်လာသည့် အချိန်မှာတော့ ကျန့်ထော်သည် အရှေ့ဘက်ပိုင်းဆီသို့ ဦးတိုက်၏။ “အရှင်မင်းကြီး... အရှင်မင်းကြီးက ကျုပ်အပေါ် အများကြီး မျက်နှာသာ ပေးခဲ့ပါတယ်။ ကျုပ် မသေဘူးဆိုရင် ဒီရွှဲ့လင်မြို့ကို ကျိန်းသေပေါက် သိမ်းဆည်းရယူခဲ့မယ်။ မဟုတ်ရင် ကျုပ်ရဲ့ ခေါင်းကို အရှင်မင်းကြီးဆီ ဆက်သပါမယ်”

တစ်နာရီကြာမြင့်ပြီးနောက် ကျန့်ထော်သည် ရွှဲ့လင်မြို့ကို စတင်ကာ တိုက်ခိုက်ခဲ့ပြီ ဖြစ်သည်။

ဤအချိန်မှာတော့ ရွှဲ့လင်မြို့၏ ကာကွယ်ရေး တပ်မှူးနေရာကို တာဝန်ယူထားသည့် စုကျန်သည် ပိုင်ရီစီရင်စုဆီမှ သတင်းကို ရရှိခဲ့ပြီးသား ဖြစ်၏။ စုကလန်၏ အဓိက အင်အားစုကြီးတစ်ခုလုံးက သုတ်သင် ရှင်းလင်းပစ်ခံရပြီး ဖြစ်သည်။ သူ့အနေနှင့် မည်ကဲ့သို့ တိုက်ခိုက်တော့မည်နည်း။

သူသည် သံတမန်တစ်ယောက်ကို ကျန့်ထော်၏ စစ်စခန်းဆီသို့ ပေးပို့ပြီး ကျန့်ထော်နှင့် ဆက်လက်ဟန်ပြ တိုက်ခိုက်မည်လားဟု မေးမြန်းခဲ့၏။ ပြီးနောက် စုကလန် စစ်တပ်ကို လွှတ်ပေးရန်ပင်။ ကျန့်ထော်က ဒေါသထွက်လျက်ရှိ၏။ ထို့ကြောင့် စုကလန်မှ သတင်းပေးပို့သည့်သူကို တစ်ခါတည်း ခေါင်းဖြတ်ကာ သတ်ပစ်ခဲ့၏။ သူ ကျန့်ထော်သည် ဘုရင်မင်းမြတ်အပေါ် သစ္စာရှိပြီး မှန်ကန်သည့် လူတစ်ယောက် ဖြစ်၏။ အဘယ့်သို့ စုကလန်နှင့် ပူးပေါင်းရမည်နည်း။

စုကျန်မှာ ရွေးချယ်စရာ မရှိဘဲ တိုက်ခိုက်ရပေတော့မည်။ သူ၏ စစ်သည်များကလည်း အဓိက အင်အားစုကြီးတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရသည်ကို သိရှိပြီး ဖြစ်၏။ ထို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာက ယုတ်လျော့လျက် ရှိနေ၏။ အလွန်ကြီးမားလှသည့် အန္တရာယ်အတွင်းသို့ သက်ဆင်းနေသည် ဖြစ်ကြောင်း ရွှဲ့လင်မြို့ထဲရှိ စုကျန်က သိရှိ၏။

မြောက်ဘက်ပိုင်းတွင် ပိုင်ရီနယ်စပ်၏ စစ်သည်များက တောင်ဘက်ပိုင်းဆီသို့ လာရောက်ကာ အားဖြည့်ပေးလိမ့်မည်။ တောင်ဘက်ပိုင်းမှာတော့ ရှမ့်လန်နှင့် ကျန်းချုံးတို့သည် အချိန်မရွေး မြောက်ဘက်ပိုင်း ဆီသို့ ရောက်ရှိလာနိုင်သည်။

ဤအချိန်မှာတော့ ပိုင်ရီနယ်စပ်တွင် ရှိနေသည့် စစ်သည်ပေါင်း သောင်းကျော်နှင့် ရှမ့်လန်တို့သည် သေးငယ်သည့် ရွှဲ့လင်မြို့တစ်ခုလုံးကို ဝိုင်းရံလိုက်ပြီဆိုပါက ကျိန်းသေပေါက် ပြိုကျပျက်စီးမည် ဖြစ်၏။ ထို့အပြင် စုကလန်၏ အဓိက အင်အားစုကြီးကလည်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ သူတို့အနေနှင့် ရွှဲ့လင်မြို့ကို သိမ်းပိုက်ထား၍လည်း ဘာမှ ထူးခြားသည့် မဟာဗျူဟာမျိုး မဟုတ်ချေ။ အခွင့်အရေးကို အရယူပြီး ထွက်ပြေးခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရှမ့်လန်၊ ကျန်းချုံးနှင့် ကျန့်ထော်တို့သာ ပူးပေါင်းလျှင် စစ်သည်အင်အားက ၃၀၀၀၀ နီးပါးခန့်သို့ ရောက်ရှိသွားပေလိမ့်မည်။ လူ ၃၀၀၀၀ နှင့် စုကလန်၏ ရဲတိုက်ကြီးကို ဝင်ရောက် စီးနင်းတိုက်ခိုက်မည် ဆိုပါက စုကျန်၏လက်အောက်မှ ကျန်ရှိနေသည့် စစ်သည်ပေါင်းများစွာတို့က တန်ဖိုးကြီးသည့် အရာများ ဖြစ်ပေလိမ့်မည်။ သူတို့က ဖြစ်နိုင်သမျှ အိမ်ကို အမြန်ဆုံးပြန်၍ ခုခံတားဆီးရပေလိမ့်မည်။

ထို့ကြောင့် စုကျန်သည် ရှေ့မှ ဦးဆောင်ကာဖြင့် ကျန့်ထော်၏ စစ်သည်တော် ၈၀၀၀ ကျော်တို့ ဝိုင်းပိတ် ထားသည်မှ ဖောက်ထွက်ကာ ပြေး၏။ ကျန့်ထော်မြို့စားကြီးက အနောက်မှ လိုက်ကာ တိုက်ခိုက်၏။ လူဦးရေ ၃၀၀၀ ကျော်လောက် ကြီးမားသည့် ပေးဆပ်မှုအဖြစ် ပေးဆပ်ခဲ့ရပြီးနောက် စုကျန်သည် လက်ကျန ်စစ်သည်ပေါင်း ၅၀၀၀ ကျော်တို့နှင့်အတူ ကျန်းယွမ်နယ်စားကြီး အိမ်တော်ဆီသို့ ပြန်ပြေးလာခဲ့၏။

………..

စုကျန့်ရန်က နိုးထလာခဲ့၏။ သူ၏ အသိစိတ်က ပြန်လည်ကာ ရရှိခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အကြောဆိုင်းနိုင်သည့် အဆိပ်က လွန်ခဲ့သည့် နာရီအနည်းငယ်တည်းက ပျောက်ကွယ်သွား၏။ ထိုအချိန်မှာတော့ ရွှယ်ရင်သည် အဘယ့်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့သည့် အကြောင်းအရင်းကို သူ သိရှိခဲ့ပြီ ဖြစ်သည်။

စုကျန့်ရန်သည် မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေသည်ကို သိရှိလိုက်ရ၏။ မျက်လုံးပေါင်းများစွာတို့က သူ့ကို စူးစိုက်ကြည့်ရှုနေသည့်ပုံပင်။ သူ၏ လက်များ၊ ခြေများက ဖြန့်ကားထားပြီး ကြိုးနှင့် ချည်နှောင်ခြင်းကို ခံခဲ့ရ၏။ သူက မြေပြင်၏ အထက် သုံးပေအကွာတွင် ချိတ်ဆွဲခြင်းကို ခံထားရ၏။ မဟုတ်ပေ။ သူ၏ ခြေလက် ငါးဖက်တို့ပင် ဖြစ်၏။ အထူးသဖြင့် သူ၏ မိသားစု ရတနာလေးကိုလည်း ကြိုးဖြင့် ချည်နှောင်ထား၏။

ရှမ့်လန်က သူ၏ ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။

စုကျန့်ရန်၏ အသံက တုန်ယင်နေခဲ့၏။ “ရှမ့်လန်၊ ရှမ့်လန်... မင်းဘာလုပ်ချင်တာလဲ။ မင်းဘာလိုချင်တာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “စုကျန့်ရန်... နန်မြို့ထဲမှာ ရှိနေတုန်းက ကျင်းမိသားစုရဲ့ ခြံဝန်းထဲကို လူတွေ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တယ်။ ကျင်းမိသားစုရဲ့ စစ်သည်တော် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစေခံ အကုန်လုံးနီးပါးကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ကျုပ် မရှိတုန်း ကျင်းမိသားစုရဲ့ ခြံဝန်းကို မီးရှို့ခဲ့တယ်။ ဒီတော့ ကျုပ် သူတို့အတွက် လက်စားပြန်ချေမယ်လို့ ကျိန်ဆိုခဲ့တယ်”

စုကျန့်ရန်က တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ရှမ့်လန်... ငါ့ကို မြန်မြန်သတ်ပေးစမ်း။ ငါ့ကို မြန်မြန်သတ်စမ်း”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ခင်ဗျားကို ကျုပ် မြန်မြန်သတ်ရမှာပေါ့။ အင်း.. မြန်မြန် သေစေရမယ်လို့ အာမခံတယ်”

စုကျန့်ရန်က အနားပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ၏ ဝိညာဉ်တစ်ခုလုံး ပျံ့သန်းသွားသကဲ့သို့ပင် ခံစားလိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန် သူ့ကို အပြစ်ပေးမည်ဖြစ်ကြောင်း ကောင်းကောင်း သိရှိနေသောကြောင့်ပင်။ မြင်းငါးကောင်နှင့် သူ့ကို ဆွဲထားခြင်း ဖြစ်၏။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြင်းများဖြင့် တစ်စစီ ဆွဲဖြုတ်ရန် စီစဉ်ထားခြင်းပင်။

“ရှမ့်လန်... ငါ့ကို အလောင်း အပြည့်အစုံနဲ့ သေခွင့်ပေး။ ငါ့ကို အလောင်း အပြည့်အစုံနဲ့ သေခွင့်ပေး။ ငါမင်းကို တောင်းပန်ပါတယ်” စုကျန့်ရန်သည် နာကျင်စွာဖြင့် အော်ဟစ်ရင်း တောင်းပန်နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ငါးနှစ်သား ကလေးလေး ကျန်းယွမ် ခင်ဗျားလက်ထဲမှာ ရှိနေတုန်းက ခင်ဗျား လက်လွှတ်ပေးဖူးလား။ ခင်ဗျားက သားရဲတိရစ္ဆာန်ထက်တောင် ပိုပြီး ဆိုးဝါးခဲ့တယ် မဟုတ်လား”

“စုကျန့်ရန်.... ဒါက အစပဲ ရှိသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စစီ ဆွဲဖြုတ်ပြီးရင် ကျုပ်က စစ်တပ်ကို ဦးဆောင်ပြီး ကျန်းယွမ်နယ်စားကြီး အိမ်တော်ကို သွားတိုက်ခိုက်မယ်။ ကျိန်းသေပေါက် ခင်ဗျားတို့ စုကလန်က တစ်ယောက်တစ်လေမှ အသက်မရှင်ရဘူး။ အကုန်လုံးကို သတ်ပစ်မှာ။ အဲဒီ ခွေးကောင် စုနန်ကို ကျိန်းသေပေါက် အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ကျုပ် လုပ်ပြမယ်”

“စုကျန့်ရန်... အခု ခင်ဗျား အရင်သွားလိုက်တော့။ စုကလန်က လူတွေ ခင်ဗျားနောက်ကို တသီတတန်းကြီး လိုက်လာလိမ့်မယ်”

ပြီးနောက် ရှမ့်လန်က အမိန့်ပေးလိုက်၏။ “လုပ်တော့”

မြင်းငါးကောင်က အလျင်အမြန် ပြေးသွားခဲ့၏။ ချက်ချင်းပင် နာကျင်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံကြီးက ထွက်ပေါ်လာခဲ့၏။ စုကျန့်ရန်သည် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့၏။ မြင်းများဖြင့် တစ်စစီ ဆွဲဖြုတ်ကာ အသတ်ခံရခြင်းပင်။

All Chapters