အခန်း (၄၁၅+၄၁၆)
Vol. 30 Ch. 415+416
အပိုင်း (၄၁၅)
ကျန်းချုံး နိုးထလာခဲ့၏။ ဤအချိန်မှာတော့ သူက အသာပင် ရယ်မောလိုက်၏။ သူ၏မြေး ဦးခေါင်းကို ခပ်ဖော့ဖော့ ပင် ပုတ်လိုက်၏။ သူသည် ကျေးဇူးတင်စကားပြောရန် မလိုအပ်တော့ချေ။ ငရဲ၏ ဂိတ်တံခါးဆီမှ လွတ်မြောက်သည့်အချိန်၌ ကျန်းချုံးသည် ရေကဲ့သို့ပင် တည်ငြိမ်လာခဲ့၏။
သို့ပေမည့် သူက ကြီးမားသည့် အောင်ပွဲအတွက် အလွန်အမင်းလည်း စိတ်လှုပ်ရှားလျက်ရှိ၏။ သူ နောက်ဆုံးတော့ အနိုင်ရရှိခဲ့ပြီ။ ရှမ့်လန်က ထိုအရာကို တကယ်ပင် ပြုလုပ်နိုင်ခဲ့၏။ တကယ့်ကို အသက်ရှူ ရပ်လောက်စရာပင်။
အစကနေ အခုအချိန်ထိ ရှမ့်လန်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မပျက်စေခဲ့ချေ။ ရန်သူဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ် မည်သူ့ကိုမဆို ထိုကဲ့သို့ပင်ဖြစ်၏။ ကတိပေးခဲ့သည့်အတိုင်း အရာအားလုံးကို ပြုလုပ်နိုင်ခဲ့ပြီး ကောင်းကင်အား ငြင်းပယ်ရလောက်သည့် အလှည့်အပြောင်းမျိုးကိုပင် ဖန်တီးနိုင်ခဲ့၏။ သို့ပေမည့် ကျန်းချုံးမှာ ထိုအရာကို ထုတ်ဖော်မပြောရဲချေ။ သူ့အနေနှင့် ခံစားချက်များကို ထိန်းချုပ်ထားနိုင်မှသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထုတ်ကာပြောနေလည်း အဓိပ္ပာယ် ရှိမည်မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “မင်းသမီး... ဘာလို့ အရင်ဆုံး ထွက်မသွားသေးတာလဲ”
တော်ဝင်မင်းသမီး နင်ပုကျင်းသည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှု၏။ ထို့နောက် ကျန်းယွမ်၏လက်ကို အသာဆွဲကာဖြင့် အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။ သူဆက်ပြောမည့်စကားသည် နင်ပုကျင်း ကြားရန် သင့်တော်သည့် အရာမျိုးမဟုတ်သောကြောင့်ပင်။
ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်.. မင်းရဲ့ နောက်ထပ်အစီအစဉ်က ဘာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားကို သတ်ပစ်ဖို့ပဲ”
သူ၏အဖေကို ဆေးတိုက်ရန် ပြင်ဆင်နေသည့် ကျန်းချွင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့၏။ ဤမျှလောက် ပြုလုပ်တော့မည်လား။ ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ကြားရသည်ဆိုခြင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ လျှို့ဝှက်ချက်ကို ထိန်းချုပ်ထားရန် တစ်စုံတစ်ယောက်ကို သတ်ပစ်ရမည့် အခြေအနေမျိုးပင်။
သို့ပေမည့် ရှမ့်မှာ အံ့အားသင့်စရာကောင်းလွန်း၏။ ကောင်းကင်က ငြင်းပယ်ရလောက်သည့်အရာများကို တကယ်ပင် ပြုလုပ်နိုင်ခဲ့ပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် သူ ပိုင်ဆိုင်သည့်အရာကဲ့သို့ပင်။ ပထမဦးဆုံး ရွှမ်ဝူမြို့ထဲတွင် ထန်မိသားစုနှင့် တိုက်ခိုက်ခဲ့၏။ ပြီးနောက် သူ၏အဖေနှင့် ဆက်လက်တိုက်ခိုက်ခဲ့၏။
အနိုင်ရရှိပြီးသည့်နောက် နန်းမြို့တော်ဆီသို့ ရောက်ရှိလာကာ စုမိသားစုနှင့် တိုက်ခိုက်ပြန်၏။ ယခု စုနန် မသေသေးသော်လည်း အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားကို သတ်ဖြတ်ပစ်ရန် ပြင်ဆင်လျက် ရှိနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားကို သုတ်သင်ရှင်းလင်းပစ်မှသာ ကျုပ်တို့ ကျင်းမိသားစုဟာ အချိန်အတော်ကြာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မှာ။ ပြီးရင် ကျုပ်အနားယူမယ်။ ကျုပ်မိန်းမ မူလန်နဲ့အတူ အေးအေးဆေးဆေး တစ်ဘဝလုံး ငြိမ်းငြိမ်းချမ်းချမ်းနေတော့မယ်”
ကျန်းချုံးသည် အကူအညီကင်းမဲ့သလိုပင် ခံစားနေမိ၏။ သူက အိမ်ရှေ့စံမင်းသား၏ဘက်ခြမ်းမှ လူတစ်ယောက် ဖြစ်၏။ ကျူးကျွင်း၏ ရာထူးတိုးခြင်းကို ခံထားရသည့်လူတစ်ယောက်ဖြစ်သည်။
ခဏကြာပြီးနောက် ကျန်းချုံးက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားဆီမှာ ပြစ်ချက်တွေ ရှိတယ်ဆိုပေမဲ့ သူက တကယ့်ကို နှိုင်းယှဉ်လို့မရအောင် အားကောင်းတဲ့လူတစ်ယောက်ပဲ။ သူသာ နန်းပုလ္လင်ကို ဆက်ခံသွားမယ်ဆိုရင် ရွှဲ့ပြည်နယ် အတွက်တော့ ကောင်းကျိုးတွေရှိလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည် “တကယ်လား။ ဒါပေမဲ့ ရွှဲ့ပြည်နယ် ဘာဖြစ်မလဲ ကျုပ်ဂရုမစိုက်ဘူး”
ဟုတ်ပေ၏။ ရွှဲ့ပြည်နယ် ပိုမိုအားကောင်းလာစေရန် ကျန်းချုံး မျှော်လင့်မိ၏။ ထို့ကြောင့်ပင်လျှင် သူက ကျန်းရှစ်စီရင်စု ရောက်ရှိလာခဲ့ပြီး ပိုင်ရီမြို့ထဲတွင် သေဆုံးလုမတတ် ဖြစ်ခဲ့ခြင်းပင်။ သို့ပေမည့် ရှမ့်လန်၌ ရည်ရွယ်ချက် တစ်ခုတည်းသာရှိကြောင်း သူသိရှိပြီးဖြစ်၏။ လောကကြီးတွင် မည်သည့်ရန်ငြိုး၊ အာဃာတ ဟူ၍မှ မရှိချေ။
လောကကြီးထဲတွင် မည်သည့်ရန်ငြိုးမှ မရှိခြင်းဆိုသည်မှာ အားလုံးနှင့်အတူ သင့်တင့်လျှောက်ပတ်အောင် နေထိုင်ခြင်း ဖြစ်သည်။ သို့ပေမည့် ရှမ့်လန်သည် ရန်သူမရှိအောင် သတ်ဖြတ်ပစ်မည့်သူပင်။
ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်... အင်း အိမ်ရှေ့စံမင်းသားကို သစ္စာခံဖို့ ငါမင်းကို မဆွဲဆောင်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မင်းနဲ့အိမ်ရှေ့စံမင်းသားကြား ကိစ္စတွေက ဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေဆီ ရောက်ရှိနေပြီ”
ရှမ့်လန်က ပြောလိုက်သည်။ “အဘိုးကျန်း.. သူက ကျုပ်မိန်းမကို ခိုးယူချင်တယ်။ ဒီလောက်ကြီးမားတဲ့ ကိစ္စရပ်ဆိုတာ ရှိပါအုံးမလား။ ပြီးတော့ ကျုပ် ခင်ဗျားကို ပြောပြမယ်။ သူက အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်နေတယ်။ အဲလိုသာ မဟုတ်ရင် သူ့မိသားစုတစ်ခုလုံး ဒီအချိန်မှာ သေဆုံးနှင့်နေပြီ”
ကျန်းချုံးက ပြောလိုက်၏။ “ဟုတ်တယ်။ အိမ်ရှေ့စံမင်းသားရဲ့ အကြံအစည်တွေက မှားယွင်းနေတယ်။ စုနန်နဲ့ တိုက်ပွဲပြီးတဲ့နောက်မှာ သူက ဒီဘာမှန်းမသိတဲ့ ယုတ္တိမတန်တဲ့ အကြံအစည်တွေအားလုံးကို လက်လျှော့ပေး ရတော့မယ်။ ပြီးတော့ ဘုရင်မင်းမြတ်က မင်းကို အရမ်းနှစ်သက်တယ်။ မင်းနဲ့ မင်းသမီး နင်ယန်တို့ရဲ့ ဆက်ဆံရေးအရဆိုရင် မင်းက သူ့ရဲ့သမက်တစ်ဝက်တောင် ဖြစ်နေပြီ”
ရှမ့်လန်က ပြောလိုက်သည်။ “အဘိုးကျန်း.. အိမ်ရှေ့စံမင်းသားက အစောကြီးတည်းက လှုပ်ရှားခဲ့ပြီးပြီ။ သူက ဓားပြကြီး နာကျည်းမှုကို စေလွှတ်ပြီး ကျုပ်ရဲ့ယောက္ခထီးကို သုတ်သင်စေခဲ့တယ်”
ထိုစကားကို ပြောပြောချင်းချင်း ကျန်းချုံးသည် အိပ်ယာမှပင် ရုတ်တရက် ထထိုင်လုမတတ်ဖြစ်သွား၏။ ခဏကြာပြီးနောက် သူက ပြောလိုက်၏။ “နာကျည်းမှုက အိမ်ရှေ့စံမင်းသားရဲ့လူလား”
ရှမ့်လန်က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းချုံးက ထပ်မံကာ လဲချလိုက်၏။ ဤအရာက မည်သို့မှ ဖြေရှင်း၍ မရနိုင်သည့် ရန်ငြိုးဖြစ်သွားခဲ့၏။ ကျိန်းသေပေါက်ပင်။ လောကကြီးထဲတွင် ရှမ့်လန်၏ အကြောင်းကို နားလည်ဆုံးသောသူတစ်ယောက်ကို လက်ညှိုးထိုးပြမည်ဆိုလျှင် ကျန်းချုံးပင် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်၏နှလုံးသားထဲတွင် လူအနည်းငယ်သာလျှင်ရှိ၏။ ကျန်သည့်လူများမှာ ခွေးနှင့်ဝက်များကဲ့သို့ပင်။ ကျင်းကျိုးသည် ရှမ့်လန်၏ ယောက္ခထီးတစ်ယောက်သာမကချေ။ ရှမ့်လန်၏မိသားစုလည်းဖြစ်၏။ အိမ်ရှေ့စံမင်းသားသည် ဓားပြကြီး နာကျည်းမှုကို အသုံးချပြီး ကျင်းကျိုးကို သတ်ဖြတ်ပစ်ရန် စေခိုင်းခဲ့၏။
“ဟင်း....” ကျန်းချုံးသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူက အိမ်ရှေ့စံမင်းသားဘက်မှဖြစ်သလို ကျူးမိသားစု၏ ပိုင်ဆိုင်ရာလည်းဖြစ်၏။ ဤအမှတ်အသားကို ပြောင်းလဲ၍မရနိုင်ခဲ့ချေ။ သို့ပေမည့် သူက ရှမ့်လန်နှင့် ရန်သူ မဖြစ်ချင်ပေ။
ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်နှင့် ရန်သူဖြစ်ရခြင်းက လုံးဝ အိပ်မက်ဆိုးတစ်ခုပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ဘာတစ်ခုကိုမှ လိုချင်စိတ် မရှိသောကြောင့်ပင်။ အာဏာ၊ ဂုဏ်သိက္ခာ၊ ရာထူးရာခံ၊ ပိုက်ဆံ မည်သည့်အရာကိုမှ သူက နှစ်သက်ခြင်း မရှိချေ။ သတ်ဖြတ်ခြင်း တစ်ခုကိုသာလျှင် အာရုံစိုက်သောသူ ဖြစ်သည်။
ဥပမာအားဖြင့် ဤတစ်ကြိမ် စုနန်ကို တိုက်ခိုက်ခြင်းပင်။ ရှမ့်လန်နှင့် ကျန်းချုံးတို့သည် စုနန်၏ ပြိုင်ဘက်ဖြစ်ခဲ့၏။ စုနန်၏ မျက်လုံးများက အခြေအနေတစ်ခုတည်းကို စူးစိုက်ကာ ကြည့်ရှုနေပြီး ချောင်ပြည်နယ်၊ ရွှဲ့ပြည်နယ်၊ ဝူပြည်နယ်၊ ချင်နိုင်ငံနှင့် အခြားသောသူများကိုလည်း ကြည့်ရှုနေခဲ့၏။ သူက ပိုက်ဆံ၊ စစ်သည်၊ နယ်မြေ စသည်ဖြင့် အရာအားလုံးကို လိုချင်၏။
သို့ပေမည့် ရှမ့်လန်မှာတော့ စုနန်ကို သတ်ဖြတ်မည့်အရာတစ်ခုတည်းကိုသာလျှင် အာရုံစိုက်ခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “အဘိုးကျန်း… ခင်ဗျား ဒီအချိန်မှာ ကောင်းကျိုးတွေ အများကြီး ပြုလုပ်ခဲ့ပြီးပြီ။ ဒီတော့ ဘုရင်မင်းမြတ်က ခင်ဗျားကို ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးရာထူး ပေးဖို့သေချာနေခဲ့ပြီ”
အရင်တုန်းက ကျန်းချုံးသည် ယန်ကျိုးစီရင်စု၏ အုပ်ချုပ်ရေးမှူး ဖြစ်ချင်ရုံသာရှိ၏။ သို့ပေမည့် ဤတစ်ကြိမ် မှာတော့ ကြီးမားသည့် ကောင်းကျိုးတစ်ခုကို ပြုလုပ်ခဲ့သောကြောင့် ပိုင်ရီခရိုင်တစ်ခုလုံးတွင် သူ၏ဂုဏ်သိက္ခာက ကြီးမားခဲ့၏။ ထို့ကြောင့် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး တည်နေရာသည် သူ့ထက် ပိုမိုကာ သင့်တော်မည့် လူဟူ၍ ရှိမည်မဟုတ်ချေ။
သို့ပေမည့် လက်ရှိအုပ်ချုပ်ရေးမှူး လျန်ယုံနင်မှာတော့ ကျိန်းသေပေါက် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ကျန်းချုံးက ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးနေရာကို ယူလိုက်သည်နှင့်တစ်ပြိုင်တည်း အိမ်ရှေ့စံမင်းသား ဂိုဏ်းဘက်သို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားပေလိမ့်မည်။ သူသည်သာ အိမ်ရှေ့စံမင်းသား၏ဘက်ခြမ်းတွင် နေထိုင်သည်ဆိုပါက ကျိန်းသေပေါက် ရှမ့်လန်နှင့် ရန်သူ ဖြစ်လာပေလိမ့်မည်။
ရှမ့်လန်ဘက် နေထိုင်ပါက အိမ်ရှေ့စံမင်းသား နှင့် ရန်သူဖြစ်လာပေမည်။ သူ့အဖြစ်က ဆူးကြားက ဘူးခါးလိုပင်။
ထို့ကြောင့် စုနန် ဖျက်ဆီးမခံရသေးဘူးဆိုလျှင်တောင် ရှမ့်လန်သည် ကျန်းချုံးနှင့် ဆွေးနွေးရပေလိမ့်မည်။ အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ ထွက်ခွာသည်နှင့်တပြိုင်နက် ကျန်းချုံးသည် ဘယ်အရာကိုပဲ ပြုလုပ်ပြုလုပ် ခက်ခဲတော့မှာ ဖြစ်၏။
တိုက်ပွဲပြီးသွားလျှင် ဘုရင်မင်းမြတ်က သူ့ကို တကယ်ပဲ အထင်ကြီးလေးစား အားကိုးပေးတော့မည်။ သို့ပေမည့် သူ့အတွက် အတားအဆီးများ ဖြစ်ပေါ်လာပေလိမ့်မည်။ နန်းတွင်းအမှုထမ်းအဖြစ် နေထိုင်ရခြင်းက ဘုရင်မင်းမြတ်၏ သဘောကျမှုတစ်ခုတည်းပေါ်တွင် မှီခိုနေ၍ မဖြစ်နိုင်ချေ။
လောကတွင် မည်သည့်ကြီးမားသည့် အရာပဲဖြစ်ဖြစ် တည်ဆောက်ခြင်းက အရမ်းကို ခက်ခဲသည့်အရာပင် ဖြစ်၏။ ဖျက်ဆီးခြင်းကဲ့သို့ပင် မလွယ်ကူချေ။ ရှမ့်လန်၏ နည်းဗျူဟာမှာတော့ နတ်ဘုရား၊ ဗုဒ္ဓ၊ မည်သည့် အရာကိုပဲဖြစ်ဖြစ် ဖျက်ဆီးပစ်မှာဖြစ်၏။
ခဏလောက်ကြာပြီးနောက် ကျန်းချုံးက ပြောလိုက်၏။ “ဝူဝေမင်းကြီး ပျံ့ရှောင်း... ခင်ဗျား ကျုပ်ကို ယန်ကျိုးစီရင်စု အုပ်ချုပ်ရေးမှူး ဖြစ်စေချင်ခဲ့တာမဟုတ်လား။ ကျုပ် ယန်ကျိုးကို သွားမယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ယန်ကျိုးက ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့နယ်မြေတစ်ခုပဲ။ အဲဒီမှာ စီရင်စုသုံးခုပဲရှိတယ်။ တည်နေရာကလည်း ကျန်းရှစ်စီရင်စုရဲ့ တစ်ဝက်လောက်တောင် မရှိနိုင်ဘူး။ အဲမှာဆို ရာထူးရာခံက လက်ရှိထက် အဆင့်တစ်ဆင့် နိမ့်နေမှာပဲ”
ကျန်းချုံးက ပြောလိုက်၏။ “အနည်းဆုံးတော့ ငါ ရှမ့်ရဲ့ရန်သူ မဖြစ်တော့ဘူးပေါ့။ ပြီးရင် အိမ်ရှေ့စံမင်းသား ဘက်ခြမ်းရဲ့ သစ္စာဖောက်လည်း မဖြစ်တော့ဘူးလေ”
သူက စကားကို ဆုံးအောင်မပြောခဲ့ချေ။ ဘုရင်မင်းမြတ်သည် ကျိန်းသေပေါက် တဖြည်းဖြည်းနှင့် ကြီးရင့်လာခဲ့ပြီဖြစ်၏။ အနာဂတ်တွင် အိမ်ရှေ့စံမင်းသား နန်းပုလ္လင်ကို ဆက်ခံခဲ့ပါက အိမ်ရှေ့စံ မင်းသားဘက်ခြမ်းကို သစ္စာဖောက်ခဲ့သော ကျန်းချုံးသည် ခက်ခဲသည့်အရာများကို ရင်ဆိုင်ရမှာဖြစ်ပြီး အသက်ရှင်ရန်ပင် မဖြစ်နိုင်ချေ။
ပျံ့ရှောင်းက သူ့ကို ထာဝရ ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ အိမ်ရှေ့စံမင်းသား နင်ယီသည်သာ နန်းပုလ္လင်ကို ဆက်ခံခဲ့သည်ဆိုပါက ပျံ့နှင့် ကျုံးကလန် တို့သည် ကျိန်းသေပေါက် ကြီးမားသည့် ပြောင်းလဲမှုမျိုးကို ရင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အသံတစ်ခုထွက်ပေါ်လာခဲ့၏။ “အရှင်... ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူး အရှင်လျန် ဒီကိုရောက်လာပါတယ်”
ရှမ့်လန်နှင့်ကျန်းချုံးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ ပြီးနောက် သူတို့၏ မျက်လုံးများ ထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ ကျန်းချုံးက မနည်းရုန်းကန်ကာ မတ်တပ်ထရပ်ရင်း ပြောလိုက်၏။ “မြန်မြန် ငါ့ကို ထဖို့လုပ်ပေးအုံး။ အုပ်ချုပ်ရေးမှူးလျန်နဲ့သွားတွေ့ရမယ်”
ထိုအချိန်မှာပဲ စိုးရိမ်ပူပန်နေသည့် အသံတစ်ခုက အပြင်ဘက်မှထွက်ပေါ်လာခဲ့၏။ “မလုပ်ရဲပါဘူး။ အရှင်ကျန်းက နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးတော်ဆောင်ခဲ့တာလေ။ အခု ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာ ရရှိသွားပြီ။ ဘယ်လိုဖြစ်ပြီး ထရမှာလဲ”
ပြီးနောက် တံခါးပွင့်လာခဲ့ပြီး အရပ်ခပ်မြင့်မြင့် လူတစ်ယောက်က လှမ်းဝင်လာခဲ့၏။ ထိုသူက ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး လျန်ယုံနင်ပင်ဖြစ်၏။
ရှမ့်လန်ကို သူ ပထမဦးဆုံး မြင်ခဲ့ဖူးခြင်း ဖြစ်လေ၏။ ရှမ့်လန်က တကယ်ကို ကြည့်ကောင်းလွန်းလှသည်။
ရှမ့်လန်ကလည်း သူ့ကို ပထမဦးဆုံး မြင်ဖူးခဲ့ခြင်းဖြစ်၏။ ထိုသူက တကယ်ပင် ကြည့်ကောင်းလွန်းပြီး လေးထောင့်ကျကျ မျက်နှာနှင့် မုတ်ဆိတ်မွေးများ ရှိ၏။ ဓားကဲ့သို့သောပုံသဏ္ဌာန်နှင့် မျက်ခုံးမွေးများရှိပြီး မျက်လုံးကြီးကြီး၊ နှာခေါင်းမြင့်မြင့်နှင့် ကြည့်ရသည်မှာ ကျင်းကျိုးမြို့စားကြီးထက်ပင် ပိုမိုကာ ထည်ဝါသည့်ပုံ ပေါ်၏။
ဤသူက အဓိကမြေကမ္ဘာတွင်သာဆိုပါက ကျိန်းသေပေါက် လူကြီးလူကောင်းတစ်ယောက်၏ဇာတ်ရုပ်နှင့် သရုပ်ဆောင်ရမည့်လူမျိုးပင်။ ဤလူက တကယ့်ကို ကြီးမားသည့်နောက်ခံကို ပိုင်ဆိုင်၏။ သူ၏အဖေက အတိတ်တုန်းက နင်ယွမ်ရှန်း၏ အတိုင်ပင်ခံ ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ပြီး ကြီးမားလွန်းသည့် ကောင်းကျိုးများကို ပြုလုပ်ခဲ့သည်။
နင်ယွမ်ရှန်း နန်းပုလ္လင်သို့တက်ပြီးနောက် လျန်ရှီသည် မြို့စားကြီးဘွဲ့ကို ပေးအပ်ခြင်း ခံရ၏။ ထို့ကြောင့် လျန်ယုံနင်သည်လည်း မြို့စားကြီး၏သွေးမျိုးဆက်ဟု ပြောဆိုရပေလိမ့်မည်။ သို့ပေမည့် တော်ဝင်မျိုးနွယ်မှ မွေးဖွားလာခဲ့ခြင်း မဟုတ်သည့်အပြင် ဒုတိယတန်းစား ကျောင်းတော်သားဘွဲ့ တစ်ခုသာ ရှိသောကြောင့် သိပ်ပြီး အရာမထင်ခဲ့ချေ။
ထိုသို့ဆိုလျှင်တောင်မှ စာပေပညာနှင့် သိုင်းပညာတွင် ထူးချွန်၏။ သို့ပေမည့် မထင်မှတ် ထားလောက်အောင်ပင် ဤသူက အိမ်ရှေ့စံမင်းသားကို သစ္စာဖောက်ခဲ့ပြီး စုနန်နှင့် ပူးပေါင်းခဲ့၏။ အတိတ်တုန်းက စုနန် ပုန်ကန်သည့်အချိန်တွင် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးက ပျောက်ကွယ် သွားခဲ့၏။
ဘုရင်မင်းမြတ်က အမိန့်သုံးခုကို ပေးပို့ကာဖြင့် စစ်တပ်ကို ဦးဆောင်ကာ ပုန်ကန်မှုကို ဖိနှိပ်ရန် ခိုင်းစေခဲ့၏။ ရလဒ်အားဖြင့် လျန်ယုံနင်သည် အရေးကြောင်း အခြေအနေမျိုးတွင် သုံးကြိမ်တိတိ တိုက်တိုက်ဆိုင်ဆိုင်ပဲ နေမကောင်းဖြစ်ခဲ့သည်။
စုနန်၏ကြေညာချက်က လောကကြီးတစ်ခုလုံးကို ပြန့်နှံ့သွားသည့်အချိန်တွင် ကျန်းရှစ်စီရင်စုတစ်ခုလုံး၏ နေရာတိုင်းတွင် ထိုအရာကို လိုက်လံကာ ကပ်ထားသည့်အချိန်၌ အုပ်ချုပ်ရေးမှူးရုံး၌ လူပင် မရှိခဲ့ချေ။ အုပ်ချုပ်ရေးမှူးရုံး၏ အပြင်ဘက်တွင်ပင် ထိုစာတမ်းကို ကပ်သွားသေး၏။
လျန်ယုံနင်သည် ဒေါသထွက်ဟန်ပြပြီး လူပေါင်းများစွာတို့ကို ခေါ်ဆောင်ကာဖြင့် ထိုစာရွက်များကို လိုက်လံကာ ဖြုတ်သိမ်းခဲ့၏။ ထို့အပြင် ထိုကဲ့သို့စာတမ်းများကို လိုက်လံကပ်ခဲ့သည့် လူများကိုလည်း ဖမ်းဆီးခဲ့သည်။
ဘုရင်မင်းမြတ်သည် ဤပုန်ကန်မှုကို ဖိနှိပ်ရန်အတွက် စစ်သည်များကို ခေါ်ဆောင်ပြီး သွားရောက် တိုက်ခိုက်ရန်အတွက် ထပ်သလဲလဲပြောဆိုခဲ့၏။ သူကတော့ အပြင်းဖျားလျက်ရှိနေသောကြောင့် အိပ်ရာထဲတွင် လဲနေခဲ့၏။
သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်သည်နှင့်တပြိုင်နက် ပုန်ကန်မှုကို ရှင်းလင်းပစ်မည်ဟု လျှောက်တင်ခဲ့၏။ အိပ်ရာထဲမှာ လှဲပြီး မလှုပ်ရှားခဲ့ချေ။ ထိုသို့ဆိုလျှင် လျန်ယုံနင်သည် စုနန်၏ အောက်ဆွဲဖြစ်မည်လား။ ဤလိုတော့ သုံးသပ်၍မရနိုင်ခဲ့ချေ။
ထို့အပြင် စုနန်သည် ညီလာခံထဲတွင် ကြီးမားလွန်းသည့်အာဏာကို ပိုင်ဆိုင်သည့်လူတစ်ယောက်ဖြစ်၏။ စုနန်နှင့် ဘုရင်မင်းမြတ်တို့ ကြားထဲတွင် သူ မည်သို့လိုက်ရမှန်း မသိသလိုပင်ဖြစ်နေ၏။ သို့ပေမည့် သူနှင့် စုကလန်ဆိုသည်မှာ ခွဲခြား၍ရသည့်အရာမျိုး မဟုတ်ချေ။ ပတ်သက်မှုက တကယ့်ကို ရင်းနှီးပြီး နှစ်ဖက်သားသည် မကောင်းသည့်အရာများကို အတူတူပြုလုပ်ခဲ့ကြ၏။
သူ ဤကဲ့သို့သော ရာထူးရာခံကို ရရှိခဲ့ခြင်းမှာ စုနန်ကြောင့်လည်း မကင်းချေ။ ရာထူးကို ရရှိခဲ့ပြီးသည့်နောက် သူက စုနန်၏ စေခိုင်းရာများကို လိုက်လံပြုလုပ်ခဲ့ရသည်။ သူ၏ဘဝဖြတ်သန်းပုံမှာ ရှုပ်ထွေးလွန်းခဲ့သည်။
ဤနေရာဆီသို့ လာရောက်ပြီး အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ရခြင်းက တကယ့်ကို ခက်ခဲလှ၏။ မြောက်ဘက်ပိုင်းတွင် ကြီးမားလွန်းသည့် အခွင့်အာဏာကို ပိုင်ဆိုင်သည့် ကျုံးရန်တည်ရှိနေပြီး တောင်ဘက်ပိုင်းတွင်တော့ တကယ့်ကို မြွေပွေးစုကလန်တည်ရှိနေ၏။
လျန်ယုံနင်သည် အုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်သည်ဆိုသော်လည်း ထိုသူနှစ်ယောက်တို့၏ကြားထဲတွင် အသက်ရှူမဝသလိုပင် ခံစားနေမိ၏။ ထို့ကြောင့် သူ့အနေနှင့် စုနန် ကိုသာလျှင် မှီခိုခဲ့ရ၏။ စုကလန်၏ ကူညီမှုနှင့်အတူ သူ အုပ်ချုပ်ရေးမှူးတစ်ယောက်၏ အာဏာက ပိုမိုကာ ကြီးမားလာခဲ့ပြီး ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်း တည်နေရာတစ်ခုလုံးတွင် ပြောရေးဆိုခွင့်ရသူဖြစ်လာခဲ့သည်။
ပြီးနောက် စုကလန်သည် ထပ်တလဲလဲဖြင့် ပိုမိုကာ ကြီးမားလာခဲ့ပြီဖြစ်၏။ ကျွန်ကုန်သွယ်မှုလုပ်ငန်းများ၊ ထို့အပြင် ဘိန်းစိုက်ပျိုးမှု စသည်ဖြင့် အရာအားလုံးတို့ကို ပြုလုပ်သည်။ ထိုအရာများနှင့်ပတ်သက်၍ လျန်ယုံနင်က ဝေစုများကို ရရှိခဲ့၏။
သူသည် စုကလန်၏ရေထဲသို့ဆွဲချခြင်း ခံခဲ့ရသည့်ပုံပင်။ ထိုသူများနှင့် အဆက်အသွယ် မည်သို့ဖြတ်ရမည်နည်း။ လမ်း၏အဆုံးဘက်ဆီသို့ သူဆက်လက်၍ လျှောက်လှမ်းရန် လိုအပ်၏။ စုနန် ကျိန်းသေပေါက် အနိုင်ယူသွားရန် မျှော်လင့်နေမိခဲ့၏။ ထိုသို့ဆိုလျှင် လျန်ယုံနင်သည် မုန်တိုင်းများကြားထဲတွင် ပိုမိုတိုးတက်လာခဲ့ပြီး နယ်စားကြီး ဘွဲ့ထူးကိုပင် ရရှိရန်သေချာသည်။
သို့ပေမည့် ရှမ့်လန်နှင့် ကျန်းချုံးတို့က အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး စုကလန်၏ မဟာမိတ်အဖွဲ့ အဓိက အင်အားစုကြီးတစ်ခုလုံးကို တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
အိပ်ရာထဲတွင် လဲနေသည့် လူတစ်ယောက်ဆီသို့ ကောင်းကင်ပေါ်မှ ကပ်ဘေးကြီးကျဆင်းလာခဲ့ပြီဖြစ်၏။
လျန်ယုံနင်က အချိန်အကြာကြီးတွေးတောခဲ့၏။ လက်ရှိအချိန်တွင်လည်း သူ အဆုံးစွန်ထိ ဒုက္ခရောက်ပြီလား သို့မဟုတ် သူ့ကို ကယ်တင်၍ရနေသေးသည်လား။
ခဏလောက် တွေးတောပြီးနောက် သူ့ကို ကယ်တင်၍ ရသေးကြောင်း ခံစားမိ၏။ သူ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေသောကြောင့် အိပ်ရာထဲတွင် လဲနေခြင်း ဖြစ်၏။ သူ ရုတ်တရက် ပြန်လည်ကောင်းမွန်ပြီးသည့်နောက် စစ်သည်လေးထောင်ကျော်ကို ဦးဆောင်ကာဖြင့် ဒုက္ခပေးနေသည့်လူများကို သွားရောက်ကာ တိုက်ခိုက်မည်။
သူသည် ကျန်းချုံးနှင့် ရှမ့်လန်တို့ကို နှလုံးသားထဲမှ အလွန်တရာ မုန်းတီးသည်ဆိုသော်လည်း သူ၏မျက်နှာပေါ် တွင်တော့ တကယ့်ကို ချစ်ခင်လေးစားသည့်အမူအရာမျိုး ပြသထား၏။ ကျန်းချုံးတစ်ယောက် အိပ်ရာထဲမှ မတ်တပ်ထရပ်ရန် ပြင်ဆင်နေသည့်အချိန်မှာတော့ အလောတကြီးဖြင့် ရှေ့သို့လှမ်းတက်ကာ ကျန်းချုံးကို အိပ်ရာပေါ်သို့ အသာမှီပေးလိုက်၏။
“အင်း... ဖျားနာမှုဆိုတာက တောင်ကြီးပြိုဆင်းလာသလို့ပဲ။ တကယ့်ကို ခက်ခဲတဲ့အရာတစ်ခုပဲ။ ကျုပ်တောင်မှ နှစ်ဝက်နီးပါးလောက် ဒုက္ခရောက်ခဲ့တယ်။ ငရဲခန်းရဲ့တံခါးဆီကို ရောက်ပြီးတော့မှ ပြန်လှည့်လာခဲ့ရတာ”
လျန်ယုံနင်သည် ကျန်းချုံး၏လက်ကို အသာကိုင်ကာဖြင့် မျက်ရည်များရစ်သိုင်းနေသည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။ “အင်း သခင်ကျန်း… ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ခဲ့ရတာလဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် ကျုပ် နန်းမြို့တော်မှာ ခင်ဗျားကို တွေ့တုန်းက ခင်ဗျားက တကယ့်ကို တောက်တောက်ပပနဲ့ နေထိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ အခုတော့ စုတ်ပြတ်သတ်နေတာပဲ”
အပိုင်း (၄၁၆)
ဟုတ်ပေ၏။ လွန်ခဲ့သည့်နှစ်အနည်းငယ် ... ကျန်းချုံးနှင့် နန်းမြို့တော်တွင် တွေ့သည့်အချိန်က သူသည် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးဖြစ်နေပြီ ဖြစ်၏။ ကျန်းချုံးမှာတော့ အဆင့်ငါး ရာထူးနှင့် အမှုထမ်းတစ်ယောက်အဖြစ်သာ ရှိနေသေး၏။ ထို့ကြောင့် မျက်လုံးထဲတွင်ပင် မထည့်ခဲ့ချေ။
တကယ်တမ်းတွင် အချိန်ကာလများက တိုက်စားသွားခဲ့၏။ လက်ရှိအချိန်မှာတော့ ကျန်းချုံးသည် ကြီးမားလွန်းသည့် အလားအလာကို ပိုင်ဆိုင်လျက်ရှိနေပြီး သူလျန်ယုံနင်ကတော့ ပြီးဆုံးပြီဖြစ်၏။
“အင်း... ခင်ဗျားကတော့ ရှမ့် မဟုတ်လား” လျန်ယုံနင်သည် ရှမ့်လန်ကို ရင်းနှီးဖော်ရွေစွာဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။
ရှမ့်လန်က အပြုံးတုတစ်ခုကို ဖန်တီးထား၏။ သူ့ကို ကြည့်ရှုရသည်မှာ အေးစက်နေသည့်ပုံပင်။ ပြောရမည်ဆိုလျှင် သူသည် မြို့တော်ဝန်လေး တစ်ယောက်သာလျှင်ဖြစ်၏။ အုပ်ချုပ်ရေးမှူး တစ်ယောက်၏ရှေ့တွင် မတ်မတ်ရပ်ဖို့ အရည်အချင်းပင် မရှိခဲ့ချေ။ သို့ပေမည့် ဤနေရာတွင် မောက်မာဝင့်ကြွားစွာ ထိုင်လျက် ရှိနေပြီး ထပြီးနှုတ်ဆက်သည့် ဟန်ပန်အမူအရာမျိုးလည်း မရှိကြချေ။ အမြဲတမ်း ထိုကဲ့သို့ပင်ဖြစ်၏။ ရှမ့်လန်က မောက်မာလွန်း၏။
လျန်ယုံနင်သည် တစ်ဖက်လူ၏ အပြုအမူကို စိတ်တိုမိ၏။ ထို့အပြင် ဒေါသလည်း ထွက်မိ၏။ ဤရှမ့်လန်ဆိုသည့် ကောင်သည် တကယ့်ကို ဆိုးဝါးသည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် မျက်နှာပေါ်မှ အပြုံးကလည်း မထီမဲ့မြင ်အပြုံးမျိုးပင်။ ကံကောင်းစွာဖြင့် ကျန်းချုံးက သူ့ကို နားလည်လွယ်သည့် လူတစ်ယောက်ဖြစ်၏။ သူ့ကို ခက်ခဲသည့် အရာမျိုး မပေးခဲ့ချေ။
လျန်ယုံနင်က ပြောလိုက်၏။ “စုနန် ပုန်ကန်တော့မယ်လို့ ကျုပ်ကြားတဲ့အချိန်မှာ တကယ်ပဲ ကြောက်လန့် သွားခဲ့တယ်။ ချပ်ဝတ်ကို ကောက်ဝတ်ပြီး စစ်သည်တွေ ခေါ်တိုက်ခိုက်ဖို့ ပြင်ခဲ့တယ်။ ခင်ဗျားတို့ကို ကျုပ် လာ ကူညီဖို့ပေါ့။ ဒါပေမဲ့ ကျုပ်ရဲ့အမှားပါပဲ။ ကျုပ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သုံးစား မရခဲ့ဘူးလေ။ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်သည်ပေါင်း လေးထောင်ကျော်ကို ခေါ်ပြီးတော့ ပုန်ကန်မှုမှာ ပါဝင်တဲ့ လူအနည်းငယ်ကို တိုက်ခိုက်ရုံပဲ တတ်နိုင်ခဲ့တယ်”
ကျန်းချုံးက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး.. ခင်ဗျားက သစ္စာရှိပြီး မှန်ကန်တဲ့လူတစ်ယောက်ပါပဲ။ ဒီတော့ ခင်ဗျား တစ်ယောက်တည်း ခံစားနေရမှာကို ကျုပ် သိတာပေါ့။ ဘာပဲပြောပြော ခင်ဗျားဒီကို ရောက်လာပြီ ဆိုမှတော့ ပိုင်ရီမြို့ရဲ့ ကာကွယ်ရေးကိစ္စရပ်တွေ အကုန်လုံးကို ခင်ဗျားဆီ လွှဲပေးထားမယ်”
အုပ်ချုပ်ရေးမှူးလျန်ယုံနင်က ပြောလိုက်သည်။ “မဟုတ်သေးပါဘူး။ အရာအားလုံးက ကိုယ်ကျွမ်းကျင်ရာ ကိုယ်ရှိကြတာပဲ။ သခင်ကျန်းက ကျော်ကြားလွန်းတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်နေပြီ။ ပိုင်ရီစီရင်စု တစ်ခုလုံးရဲ့ ကာကွယ်ရေးကို ခင်ဗျားဆီ လက်လွှဲပေးထားမှပဲဖြစ်မယ်။ ကျုပ် စစ်သည်ပေါင်း ငါးထောင်ကျော်ကို ခေါ်ဆောင် လာခဲ့တယ်။ ခင်ဗျားရဲ့လက်အောက်ကို ထည့်ပေးထားမယ်။”
ငါးထောင်ဟုတ်လား။ ဤအရာက ကြွားဝါပြောဆိုခြင်းပင် ဖြစ်ပေလိမ့်မည်။ သူခိုးဂျပိုးများ ခေါ်ဆောင်လာလျှင်တောင်မှ တစ်ဖက်လူ၌ လူငါးထောင်မရှိကြောင်း သူတို့ သိရှိပြီးဖြစ်၏။
ပြီးနောက် အပြင်ဘက်ဆီမှ တစ်စုံတစ်ယောက်က သတင်းပေးပို့လာသည်။ “ပင်းရှစ်မြို့စားကြီး ကျန့်ထော် ရောက်လာပါပြီ”
တံခါးဖွင့်လာခဲ့၏။ ပြီးနောက် အရပ်ရှည်ရှည်နှင့် ကြီးမားမြင့်မြတ်လွန်းသည့် ခန္ဓာကိုယ်ပုံစံနှင့် လူတစ်ယောက် ဝင်ရောက်လာခဲ့၏။ သူသည် လျန်ယုံနင်အပေါ်တွင် လိုက်လျောညီထွေ အပြုအမူမျိုး မရှိချေ။ တိုက်ရိုက်ဆိုသလိုပဲ ကျန်းချုံး၏ အိပ်ရာဘေးသို့ လျှောက်လှမ်းလာကာ ပြောလိုက်၏။ “အင်း.. အရှင်ကျန်း ခင်ဗျား ဘယ်လိုဖြစ်ရတာလဲ”
ကျန်းချုံးက ရယ်မောလိုက်၏။ ကျန့်ထော်သည် ရှမ့်လန်၏ရှေ့ဆီသို့ ရောက်သည့်အချိန်မှာတော့ ပုခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “ကောင်လေး... ဒီတိုက်ပွဲမှာ ကောင်းကောင်းတိုက်ခဲ့တာပဲ။ ရွှမ်ဝူနယ်စားကြီးကို မျက်နှာမပျက်စေခဲ့ဘူး”
ချီးတဲ့မှ... ဤရိုက်ပုတ်ချက်သည် ရှမ့်လန်၏ ပုခုံးတစ်ခုလုံးကို ထုံကျင်သွားစေခဲ့၏။ ထို့အပြင် တစ်ဖက်လူက သူရဲကောင်းဆန်စွာဖြင့် မောက်မာဝင့်ကြွားစွာ ဟန်ထုတ်လျက် ရှိနေ၏။ တကယ့်ကို ကြီးမားမြင့်မြတ်လွန်းသည့် အကြီးအကဲတစ်ယောက်က လာရောက် ချီးကျူးနေသကဲ့သို့ပင်။
“အင်း... အုပ်ချုပ်ရေးမှူးလျန်လည်း ဒီမှာ ရောက်နေတာလား”
ကျန့်ထော်က လက်သီးဆုပ်ကာဖြင့် နှုတ်ဆက် လိုက်၏။
လျန်ယုံနင်သည် ပြန်လည်ကာ နှုတ်ဆက်လိုက်သည်။
ကျန့်ထော်က စားပွဲတစ်လုံးပေါ်တွင် အသာထိုင်ချကာ ပြောလိုက်၏။ “တိုက်ပွဲကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပဲ။ ကျုပ်ကိုယ်တိုင် စစ်သည်ပေါင်းသောင်းခြောက်ထောင်ကို ဦးဆောင်ပြီး စုကျန်ကို တစ်ခါတည်း နောက်ကလိုက် တိုက်ခိုက်ခဲ့တယ်။ သူထွက်ပြေးရာ လမ်းတစ်လျှောက်လုံးကို ကျုပ်လိုက်ပြီး တိုက်ခိုက်ခဲ့တယ်။ သရဲတစ္ဆေတွေလို အော်ဟစ်ပြီးပြေးတာပဲ။ စစ်သည်အရေအတွက် တော်တော်များများကို ချန်ထားခဲ့ပြီးမှပဲ လွတ်သွားခဲ့ကြတယ်။ သူတို့လူသုံးထောင်လောက် သေဆုံးခဲ့ကြတယ်”
ဤနေရာတွင် တကယ့်ကို ဝင့်ကြွားစွာ လာရောက်ကြွားဝါခြင်း ဖြစ်၏။ အမှတ်ယူခြင်းကို ပြောဆိုရပေလိမ့်မည်။
“အုပ်ချုပ်ရေးမှူးလျန်.. ခင်ဗျားစစ်သည် ဘယ်လောက်လောက် ခေါ်လာခဲ့တာလဲ” ကျန့်ထော်က မေးမြန်းလိုက်၏။
“ငါးထောင်ပါ”
ကျန့်ထော်က ထပ်မံကာ မေးမြန်းလိုက်သည်။ “အုပ်ချုပ်ရေးမှူးကျန်း.. ခင်ဗျားဆီမှာ စစ်သည်ဘယ်လောက်ရှိလဲ”
ကျန်းချုံးက ပြောလိုက်၏။ “နှစ်ထောင်လေ။ ဒါပေမဲ့ တစ်ထောင်လောက်က ပိုင်ရီမြို့မှာအစောင့်အဖြစ် နေဖို့ ကျန်ခဲ့လိမ့်မယ်”
ကျန့်ထော်က ရှမ့်လန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ကောင်လေး... မင်းဆီမှာ စစ်သည် ဘယ်လောက်ရှိလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း သန်းသုံးထောင်လောက်တော့ ရှိတယ်”
ကျန့်ထော်သည် အံကိုကြိတ်ကာဖြင့် အင်္ကျီလက်ထဲရှိ လက်သီးကို ဆုပ်လိုက်မိ၏။ ဤခွေးသူတောင်းစားလေးကို တစ်ခါတည်း ထကာထိုးနှက်ချင်စိတ်ပင် ပေါက်သွားမိ၏။ သမက်တော်လေး တစ်ယောက်သာဖြစ်၏။ သို့ပေမည့် ယခုကဲ့သို့ မောက်မာဝင့်ကြွားစွာဖြင့် လှောင်ပြောင်နေသေး၏။ ယခုအချိန်ထိ မည်ကဲ့သို့ အသက်ရှင်နေမှန်းပင် မသိခဲ့ချေ။
ကျန့်ထော်က ပြောလိုက်၏။ “ဒါဆိုရင် စုစုပေါင်း သုံးသောင်းပေါ့။ စုနန်ရဲ့စစ်သည်တွေက ရှုံးနိမ်ပြီးနောက်မှာ ငါးထောင်အောက်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ နယ်စားကြီးအိမ်တော်က ဖောက်ထွင်းမရအောင် အားကောင်းတယ်။ လွယ်လွယ်ကူကူ တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး။ ကျုပ်တို့ ဘယ်လိုဆက်ပြီး တိုက်ခိုက်မလဲဆိုတာ ဆွေးနွေးကြရအောင်”
ကျန်းချုံးက ပြောလိုက်သည်။ “ပင်းရှစ်နယ်စားကြီးက စစ်ပွဲပညာမှာ ကျွမ်းကျင်တဲ့လူတစ်ယောက်ပဲ။ ခင်ဗျား ပြောပါ”
ကျန့်ထော်က ပြောလိုက်၏။ “အင်း... စုနန်စစ်တပ်ကြီးရဲ့ အဓိကအင်အားကို ဖျက်ဆီးခဲ့ပြီးပြီဆိုပေမဲ့ သူတို့ရဲ့ အသိုက်ကတော့ ကျန်သေးတယ်။ နောက်ဆုံးတိုက်ပွဲက အရေးကြီးတယ်။ မြွေဆိုတာ ခေါင်းမရှိဘဲနဲ့ အသက်ရှင်လို့မရဘူး။ ဒီတော့ ကျုပ်တို့အနေနဲ့ ကျုပ်တို့ထဲက အုပ်ချုပ်သူတစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်”
ရှမ့်လန်က မည်သို့မှမနေနိုင်ဘဲ ကြောင်အသွားမိ၏။ ဤကျန့်ထော်က ဤမျှလောက် ရဲတင်းလှချည်လား။ အရင်တုန်းက ဘုရင်မင်းမြတ်၏အမိန့်ကို လိုက်နာသလို ဟန်ဆောင်ပြီး တိတ်တဆိတ်နှင့် ကြိတ်ကာ ဖယ်ရှားခဲ့၏။ စုကျန်ကို ဟန်ပြအနေနှင့်သာ တိုက်ခိုက်ခဲ့ပြီး ကျန်းချုံးသေလျှင်တောင်မှ လှည့်မကြည့်ခဲ့ချေ။
ယခုအခြေအနေတစ်ခုလုံး ပြောင်းပြန်လှန်သွားသည့် အခြေအနေမှာတော့ လာရောက်ကာ ဟန်ရေးပြနေသည်။ ထိုသို့ဟန်ရေးပြသည် ဆိုလျှင်တောင်မှ သိမ်သိမ်ငယ်ငယ်နှင့် လာရောက်ခြင်း မဟုတ်ချေ။ သူကိုယ်တိုင် လာရောက် ဦးစီးမည်ဆိုသည့် အဓိပ္ပာယ်မျိုးပင် ဖြစ်၏။ တကယ့်ကို စစ်သူကြီး တစ်ယောက်၏ ဟန်ပန် အမူအရာမျိုးပင်။ တိုက်ခိုက်သည့်နေရာတွင် လိပ်ကဲ့သို့တိုက်ခိုက်ခဲ့ပြီး အမှတ်ယူသည့် နေရာတွင်တော့ ဗာမေလီယန်ငှက်ကြီးတစ်ကောင်ကဲ့သို့ပင်။
ကျန့်ထော်၏စကားကို ကြားသည့်အချိန်မှာ လျန်ယုံနင်သည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွား၏။ ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်၏။ “ဟုတ်တယ်။ နာမည်ခံဆိုတာ အရေးမကြီးဘူး။ တိုက်ပွဲမှာ အရေးကြီးဆုံးက စုနန်ကို သုတ်သင်ပစ်ဖို့ပဲ။ ကျုပ်တို့ ပူးပေါင်းမှုမှာ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့ လိုအပ်တယ်”
ကျန့်ထော်က ပြောလိုက်သည်။ “အင်း.. အရှင်လျန်က ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးလေ။ အဆင့်အမြင့်ဆုံး ရာထူးကို ယူထားတာ။ ဒီတော့ အရှင်လျန်ကို ဒီနေရာရဲ့အုပ်ချုပ်သူအဖြစ် ကျုပ် အာမခံပေးပါတယ်”
လျန်ယုံနင်က ပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်က နန်းတွင်းအရာရှိတစ်ယောက်ပဲ။ စစ်ပွဲနဲ့ ပတ်သက်ပြီး ကျုပ် တစ်ခါမှ တိုက်ခိုက်ခဲ့ဖူးတာမဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ယူရမှာလဲ။ ကျုပ်က မြို့စားကြီး ကျန့်ထော်ကိုပဲ တာဝန်ပေးချင်ပါတယ်။ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး ကျော်ကြားတဲ့ စစ်သူကြီး တစ်ယောက်ပဲ။ ပြီးတော့ ဒီလိုနေရာမျိုးက ခင်ဗျားနဲ့ပဲ ထိုက်တန်ပါတယ်”
ပြီးနောက် လူနှစ်ယောက်က အငြင်းပွားလျက်ရှိ၏။ ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အာမခံပေးလျက်ရှိနေ၏။ ဆယ့်ငါးမိနစ်ကျော် ငြင်းခုံပြီးသည့်နောက် မည်သည့် ရလဒ်မှ မထွက်ခဲ့ချေ။
နောက်ဆုံးမှာတော့ လျန်ယုံနင်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး ကျန်းချုံး၊ အင်း.. မြို့တော်ဝန် ရှမ့်လန်.. ခင်ဗျားတို့ နှစ်ယောက်လုံးလည်း စကားပြောခွင့်ရှိပါတယ်။ စစ်သူကြီးကျန့်ထော်က စစ်ပွဲအတတ်ပညာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ။ သူက ဒီနေရာမှာ အသင့်တော်ဆုံး လူတစ်ယောက် ဟုတ်တယ်မလား”
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “အင်း.. ကျုပ်ကတော့ အဲလိုမထင်ပါဘူး”
အားလုံးတို့က သူတို့က ရှမ့်လန်ကို လှမ်းကြည့်လိုက်၏။ တရားဝင် ပါးပိတ်ရိုက်ခြင်းပင်ဖြစ်၏။ သင့်တော်ပါရဲ့လား။
ကျန့်ထော်၏ အမူအရာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “သခင်လေးရှမ့် ပြောတာ အမှန်ပဲ။ ကျုပ်က ဒီနေရာရဲ့ခေါင်းဆောင်နေရာနဲ့ မထိုက်တန်ပါဘူး။ အင်း.. ဒီကိစ္စကို အုပ်ချုပ်ရေးမှူးလျန် လုပ်တာ အကောင်းဆုံး ဖြစ်တော့မယ်”
လူနှစ်ယောက်သည် အစောကြီးတည်းက သဘောတူညီမှု ရရှိထားပုံပေါ်၏။ ဘုရင်မင်းမြတ်၏ မျက်လုံးထဲတွင် နှစ်ယောက်လုံးက အပြစ်ရှိသူများဖြစ်၏။ ဤအဖွဲ့၏ခေါင်းဆောင် နေရာကို ရရှိပါက စုနန်ကို ရှင်းလင်းပစ်သည့် နေရာတွင် အကျိုးထူး ဆောင်ခဲ့သူများ ဖြစ်လာပေမည်။
သူတို့က ကြီးမားသည့်ကောင်းကျိုးကို ပြုလုပ်ခဲ့၏။ ဘုရင်မင်းမြတ် အပြစ်ပေးသည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား အပြစ်ပေး၍ မရတော့ချေ။ ကျန့်ထော်သည် ဤခေါင်းဆောင်ဆိုသည့်နေရာကို ရယူရန် ဆုံးဖြတ်ထားခဲ့၏။ သို့ပေမည့် သူ မရနိုင်ဘူးဆိုလျှင်တောင်မှ လျန်ယုံနင် ရအောင် ပြုလုပ်ရပေလိမ့်မည်။ လျန်ယုံနင်၏ အပြစ်က ဘုရင်မင်းမြတ်အတွက် ပိုမိုကာ ကြီးမား၏။
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “အင်း.. အရှင်လျန်ယုံနင်ကလည်း ဒီနေရာနဲ့ သင့်တော်တဲ့လူလို့ ကျုပ် မထင်ဘူး”
ချက်ချင်းပဲ လျန်ယုံနင်နှင့် ကျန့်ထော်တို့၏ မျက်နှာများက ပျက်ယွင်းသွား၏။
လျန်ယုံနင်က ပြောလိုက်သည်။ “အင်း ... အရှင်ကျန်းချုံးက ဒီတိုက်ပွဲကို လှလှပပနဲ့ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ သူရဲ့ ရာထူးအဆင့်က နိမ့်ပါးတယ်ဆိုတော့ ခေါင်းဆောင်အဖြစ် ထားဖို့မသင့်တော်ဘူး။ ပြီးတော့ အရှင်ကျန်းချုံးက အိပ်ရာထဲမှာ လဲနေတာဆိုတော့ ပြန်ပြီးအားမွေးဖို့ လိုသေးတယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ်ထင်တာကတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်နေရာအတွက် အသင့်တော်ဆုံးက ကျုပ်ပဲ”
“ဖွီး” ကျန်းချုံးသည် သောက်နေသည့်ဆေးများပင် အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။
ရှမ့်လန်သည် သူ့အား အငြှိုးအတေးကြီးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
‘အရှင်ကျန်း ခင်ဗျားနဲ့ ကျုပ်နဲ့က တစ်ဖက်တည်းလေ။ ခင်ဗျား ကျုပ်ကို ဒီလိုအထင်သေးတာတော့ မသင့်တော်ဘူးမလား’
ကျန်းချုံးက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း မဟုတ်ချေ။ ရုတ်တရက် ဖြစ်သွားသောကြောင့် မအောင့်အီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ကြောင်အသွားခဲ့၏။ ရှမ့်လန် ဤသမက်တော်လေးက အဘယ်ကြောင့် ယခုအချိန်ထိ အသက်ရှင်နေရသနည်း။
ဤကဲ့သို့ အရှက်မဲ့သည့် လူတစ်ယောက်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ မိမိကိုယ်ကိုယ် ပြန်လည်ကာ အာမခံနေသေးလား။ ရှမ့်လန် အသက်မည်မျှ ရှိသနည်း။ ရာထူးအဆင့် မည်မျှရှိသနည်း။ မည်သည့်နေရာကို တာဝန်ယူထားသနည်း။ ကျန်းယွမ်မြို့၏ မြို့တော်ဝန် ဆိုသည်မှာ အဆင့်ခြောက်ရာထူးရာခံ တစ်ခုသာလျှင် ဖြစ်၏။
သူ ကျန့်ထော်သည် မြို့စားကြီးတစ်ယောက်ဖြစ်ပြီး လျန်ယုံနင်ကလည်း ပြည်နယ်အုပ်ချုပ်ရေးမှုး တစ်ယောက်ဖြစ်၏။ ကျန်းချုံးသည် ပိုင်ရီမြို့၏အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်ပြီး ကျန်းရှစ်စီရင်စု၏ အမိန့်ပေးသူ တစ်ယောက်လည်း ဖြစ်၏။ ထိုသို့ဆိုလျှင်တောင် တတိယအဆင့် ရာထူးရာခံကိုသာ ပိုင်ဆိုင်၏။
သူနှင့် လျန်ယုံနင်တို့၏ရှေ့တွင် တော်ရုံရာထူးနှင့် အရာရှိများပင် မတ်တပ်မရပ်ရဲကြချေ။
အဆင့်ခြောက် ရာထူးရာခံတစ်ယောက်အနေနှင့် ဤအဖွဲ့၏ခေါင်းဆောင် ဖြစ်ချင်သည်လား။ လျန်ယုံနင် နှင့် သူသည် မိမိကိုယ်ကိုပင် အာမခံခဲ့ခြင်း မရှိခဲ့ချေ။ တစ်ယောက်နှင့်တစ်ယောက်သာ အပြန်အလှန် အာမခံခဲ့ခြင်းသာ ရှိသည်။ သို့ပေမည့် ရှမ့်လန်ကတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း အာမခံလျက်ရှိ၏။
ရှမ့်လန်က ကြောင်အသွားခဲ့သည်။ “ဘာကြောင့်လဲ။ ကျုပ်က ခေါင်းဆောင် မဖြစ်နိုင်ဘူးလား”
အရှက်မဲ့သည့်လူနှင့် ရင်ဆိုင်သည့်နေရာမှာတော့ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ငြင်းပယ်ရန် စကားလုံးပင် ရှာမတွေ့ခဲ့ချေ။
ရုတ်တရက် ကျန့်ထော်က အေးစက်စက်ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးကျန်းချုံး.. ခင်ဗျားက ဘယ်လိုထင်လဲ”
မျက်လုံးများက လျှပ်စီးကဲ့သို့ပင် ကျန်းချုံးကို စူးစိုက်ကြည့်ရှုနေ၏။ လူလေးယောက် တည်ရှိနေသည် ဆိုသော်လည်း အုပ်ချုပ်ရေးမှူး တည်နေရာကို အစောကြီးတည်းက ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်သလိုပင်။ ကျန်းချုံးအနေနှင့် သူ၏မျက်နှာကို ထောက်ရပေလိမ့်မည်။
ကျန်းချုံးက ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ ဤနေရာတွင် ရှိနေသည့် ကျန်းချုံး၏ ဂုဏ်သိက္ခာများသည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ ဇာတ်ဆရာအလိုကျ ကရပေတော့မည်။
“အင်း.. ကျုပ်က သခင်လေး ရှမ့်လန်ကိုပဲ အုပ်ချုပ်သူခေါင်းဆောင်အဖြစ် ထောက်ခံချင်တယ်”
ထိုစကားကို ပြောပြီးပြီးချင်းမှာပဲ ကျန်းချုံးသည် သူ၏မျက်နှာကို အုပ်ကာကာ ထားချင်မိ၏။ တကယ့်ကို အရှက်ရဖွယ်ရာပင်။
ထိုစကား ထွက်ပေါ်လာသည့်အချိန်မှာတော့ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အ သွား၏။ ‘ခင်ဗျား ခင်ဗျား... ဒီထက်ပိုပြီး အရှက်လေး နည်းနည်းလောက်ရှိလို့ မဖြစ်ဘူးလား။ ကျန်းချုံး.. ခင်ဗျားက အစဉ်အမြဲ လေးလေးနက်နက် တည်တည်ငြိမ်ငြိမ် နေတတ်တဲ့လူတစ်ယောက်ပဲ။ ခင်ဗျားပါးစပ်ကနေ ဒီလိုစကားမျိုး ထွက်လာတယ်။ အပြင်လူတွေ ဝိုင်းပြီး ရယ်မောကြမှာကို မစိုးရိမ်ဘူးလား’
သို့ပေမည့် ပြောရမည်ဆိုလျှင် ကျန်းချုံး ဘာကို ဆိုလိုသနည်း။
ရုတ်တရက် လျန်ယုံနင်၏ မျက်နှာတစ်ခုလုံးက သုန်မှုန်သွားခဲ့သည်။
“အုပ်ချုပ်ရေးမှူးကျန်းချုံး.. စုနန်ရဲ့ပုန်ကန်မှုကို ဖြေရှင်းတယ်ဖို့ကို မျက်လုံးထဲမှာ ကလေးကစားစရာလို ထင်နေတာလား”
လျန်ယုံနင်က အေးစက်စက်ပြောလိုက်၏။ “ကျုပ်ကတော့ မြို့စားကြီးကျန့်ထော်ကို ခေါင်းဆောင်အဖြစ် တာဝန်ယူစေချင်တယ်။ ပြီးတော့ စုနန်ကို သုတ်သင်ရှင်းလင်းတဲ့နေရာမှာ သူ ခေါင်းဆောင်လိမ့်မယ်”
ကျန့်ထော်ကလည်း အံကိုကြိတ်လိုက်သည်။ “ဒါဆိုရင် မဟာမိတ်အဖွဲ့အတွက် ကျုပ်က ခေါင်းဆောင် အဖြစ် ကျုပ်ကိုယ်ကျုပ် အာမခံပေးမယ်။ ဘုရင်မင်းမြတ်ရဲ့ အမိန့်ကလည်း ရှင်းလင်းတယ်။ ပိုင်ရီစီရင်စုတစ်ခုလုံးကို ကျုပ်အမိန့်ပေးမယ်။ ကျန်းချုံးက ကျုပ်ရဲ့အကူလုပ်လိမ့်မယ်”
မှန်ပေ၏။ ထိုအရာက အမှန်ပင်ဖြစ်၏။ ဆက်တိုက်ဆိုသလို တစ်ယောက်နှင့်တစ်ယောက် ငြင်းပယ်နေသည် ဆိုပါက ကြားထဲက ခွေးဝဲစားက ပလ္လင်ပေါ်ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် သူ ခပ်တည်တည်ဖြင့် နေရာဝင်ယူလိုက်၏။
ထိုအချိန်မှာတော့ ကျန့်ထော်သည် ရှမ့်လန်ကို အဆုံးစွန်ထိ မုန်းတီးလျက်ရှိ၏။ သူ ကျန့်ထော်သည် ဂုဏ်သိက္ခာကို ဂရုစိုက်တတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူက အရှက်မကင်းမဲ့ချင်ပေ။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အရှက်ကင်းမဲ့စွာဖြင့် ပြုမူနေရသည်။
လျန်ယုံနင်က ပြောလိုက်၏။ “ကျုပ်တို့လေးယောက်ထဲမှာ နှစ်ယောက်က ကျန့်ထော်ကို အာမခံပေးပြီး ခေါင်းဆောင်အဖြစ် အာမခံပေးတယ်။ ကျုပ်တို့ နှစ်ယောက်လုံးကလည်း အဆင့်မြင့်အရာရှိတွေပဲ။ ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ကစပြီး စုနန်ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ မြို့စားကြီးကျန့်ထော်က တာဝန်ယူပေလိမ့်မယ်”
ဤအချိန်မှာတော့ လူနှစ်ယောက်သည် တိုက်ရိုက်ဆိုသလိုပင် အခွင့်အရေးများကို အပိုင်စီးကြတော့သည်။
ကျန့်ထော်က ပြောလိုက်၏။ “နိုင်ငံရဲ့အရေးအရာနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျုပ် တာဝန်ဝတ္တရားတွေကို ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူး”
ရုတ်တရက် ခပ်မတ်မတ်ထိုင်လိုက်၏။ သူ၏ မျက်နှာဆီမှ ဂုဏ်သိက္ခာ ထည်ဝါလွန်းလှသည့်အမူအရာများ ပေါ်ပေါက်လာခဲ့သည်။
“ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန် ရှမ့်လန်နားထောင် ... မင်းရဲ့စစ်တပ်တွေ အားလုံးကို စုစည်းထားဖို့အမိန့်ပေးမယ်။ ချက်ချင်း ကျန်းယွမ်နယ်စားအိမ်တော်ကို တိုက်ခိုက်ဖို့ထွက်ခွာကြမယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မသွားပါဘူး”