အခန်း (၄၁၇+၄၁၈)
Vol. 30 Ch. 417+418
အပိုင်း (၄၁၇)
ထိုစကားကို ကြားသည့်အချိန်မှာတော့ မြို့စားကြီးကျန့်ထော်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “ရှမ့်လန်.. စစ်တပ်အမိန့်ဆိုတာ လိုက်နာရတယ်။ ငါ မင်းကို မသတ်နိုင်ဘူး ထင်လို့လား။ ရန်သူနဲ့ ရင်ဆိုင်တဲ့အချိန်မှာ မင်းကို သတ်ဖြတ်ဖို့ဆိုတာ ဘာမှ ကြီးမားတဲ့အရာတစ်ခုမဟုတ်ဘူး”
ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ ဤကျန့်ထော်သည် ကျန့်ဟုန်ရှန်၏အဖေ ဖြစ်၏။ ထို့ကြောင့် ရွှမ်ဝူနယ်စားအိမ်တော်နှင့် တချို့သော ကံကြမ္မာ ရှိခဲ့၏။ ရှမ့်လန်က မူလအားဖြင့် ထိုသူ့ကို အသုံးပြုရန် စီစဉ်ထားခဲ့၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ထိုသူ့ကို မလိုအပ်တော့ချေ။
သူ ရှမ့်လန်သည် တကယ့်ကို အမြင်ကျဉ်းမြောင်းလွန်းသည့် လူတစ်ယောက်ဖြစ်ပြီး စိတ်သဘောထား သေးသိမ်၏။ ‘ခင်ဗျား ကျန့်ထော်က ကျုပ်ကို သတ်ပစ်မယ်လို့ ပါးစပ်က ထုတ်ဖော်ခဲ့တဲ့အတွက် ကျုပ် ခင်ဗျားကို အသက်ရှင်လျက် ထားတော့မှာ မဟုတ်ဘူး’
ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံး ကျုပ်ဆီမှာ စစ်သည် တစ်ယောက်တောင် ရှိတာမဟုတ်ဘူး။ ကျုပ်က ဘယ်လိုလုပ် စစ်သည်တွေကို ဦးဆောင်ပြီး သွားတိုက်ခိုက်ရမှာလဲ”
ကျန့်ထော်က အေးစက်စက်ပြောလိုက်၏။ “မင်းရဲ့စစ်တပ်က လူသောင်းချီရှိတယ်။ ဘာလို့ စစ်သည် မရှိရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အဲတာ ချင်ဘုရင် အာယုနာနာရဲ့စစ်တပ်လေ။ ကျုပ်အမိန့်ပေးလို့ မရဘူး။ ဘာကြောင့် ခင်ဗျား ကျန့်ထော် သွားပြီးတော့ စမ်းမကြည့်တာလဲ”
ကျန့်ထော်က အေးစက်စက်ပြောလိုက်၏။ “မင်းနဲ့အတူ စစ်သည်ပေါင်း နှစ်ရာကျော် ပါလာတယ် မဟုတ်လား။ စစ်သည်ပေါင်း နှစ်ရာကျော်က စစ်တပ်ပဲ။ ဒီတော့ ဒီလူတွေကို စုစည်းမယ်”
စစ်သည်တော် နှစ်ရာကျော်သည် သူ့ကို စောင့်ရှောက်ရန် လာကြသည့်လူများဖြစ်၏။ သူနှင့်အတူ သေဆုံးရန် မဟုတ်ချေ။ ရှမ့်လန်က ပြောလိုက်၏။ “အဲစစ်သည် နှစ်ရာကျော်ကလည်း ကျုပ်ဟာ မဟုတ်ဘူး။ အဲတာ တတိယ မင်းသမီး နင်ယန်ရဲ့ အစောင့်အရှောက်တွေပဲ။ ကျုပ်သူတို့ကို အမိန့်ပေးလို့မရဘူး။ မြို့တော်ဝန် တစ်ယောက်အနေနဲ့ ကျုပ်က စစ်တပ်မရှိတဲ့ အမိန့်ပေးနိုင်သူတစ်ယောက်ပဲ။ ကျုပ်ဆီမှာ စစ်သည် တစ်ယောက် တစ်လေတောင် မရှိဘူး။
ပြီးတော့ ကျုပ်က ဖျားနေတယ်။ အရမ်းအရမ်းကို ဖျားနေတာဗျ။ ဒါနဲ့ အရှင်လျန်ယုံနင် ခင်ဗျားရော ဖျားခဲ့တာ မဟုတ်လား။ ခင်ဗျားအဖျားက ဘယ်လိုဖြစ်လဲ။ ပြောပြစမ်းပါအုံး”
ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ အုပ်ချုပ်ရေးမှူး လျန်ယုံနင်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်သည်ဆိုလျှင်တောင် မျက်နှာကို မရိုက်နှက်သင့်ပေ။ ရှမ့်လန်သည် မျက်နှာကို ရိုက်နှက်ရုံသာမက မျက်နှာသွင်ပြင်တစ်ခုလုံးကိုပင် ကုတ်ခြစ်ခဲ့သေးသည်။ အရေခွံကိုပင် ခွာနေသလို ခံစားရသည်။
“ဟား ဟား ဟား”
မြို့စားကြီး ကျန့်ထော်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ “အရှင်လျန်.. ခင်ဗျား သိလား။ သူတို့က ကျုပ်တို့ကို ဝင်ပြီး အမှတ်ယူမှာစိုးရိမ်နေတာပဲ။ စုနန်ကို သူတို့ဘာသူတို့ ဖျက်ဆီးပြီး သူတို့ဘာသူတို့ အမှတ်ယူချင်တာ။ သူတို့ရဲ့ ကိုယ်ပိုင် လောဘအတွက် နိုင်ငံရဲ့အရေးကြီးတဲ့ကိစ္စရပ်ကို လက်လွှတ် ဖယ်ထားကြတယ်။ စုနန်ရဲ့ပုန်ကန်မှုကို မရှင်းလင်းနိုင်သေးဘူးဆိုပေမဲ့ ကျုပ်တို့က အစောကြီးတည်းက အတွင်းကြိတ် မီးလောင်ပြီး အခွင့်အာဏာအတွက် တိုက်ခိုက်နေကြရပြီ။ ဘယ်လောက် ရယ်စရာကောင်းလဲ”
လျန်ယုံနင်က အေးစက်စက် ပြောလိုက်သည်။ “ဒီလောကကြီးမှာလည်း ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက် နေခဲ့တာပဲ။ သာမန်အဆင့်ခြောက် အရာရှိလေးတစ်ယောက်က မြို့စားကြီးနဲ့ အုပ်ချုပ်ရေးမှုး နှစ်ယောက်ကို ဖိနှိပ်ဖို့ ကြိုးစားချင်နေတာပဲ။ ဒါကတော့ တကယ့်ကို ဆိုးဝါးတယ်”
ကျန့်ထော်က နှာခေါင်းရှုံ့လိုက်၏။ “ရှမ့်လန်.. မင်း အမှတ်လိုချင်တာနဲ့ ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်နေတာလား။ စုနန်ကို မင်းမရှိဘဲ ဖျက်ဆီးလို့ မရဘူးလို့ ထင်နေတာလား။ ဟာသပဲ။ အရှင်လျန်ယုံနင်.. ကျုပ်တို့နှစ်ယောက်သွားပြီး စုနန်ကို ဖျက်ဆီးကြမယ်”
လျန်ယုံနင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း.. နိုင်ငံရဲ့အရေးကိစ္စမှာ ဘယ်သူက ပိုပြီးသစ္စာရှိတယ် ဆိုတာ အရှင်မင်းကြီးကို သိစေရမယ်။ ဘယ်သူက လောဘကြီးပြီး ဘယ်သူက နိုင်ငံ့ရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ကလေးကစားစရာလို ပြုမူနေခဲ့တယ်ဆိုတာကို ဘုရင်မင်းမြတ် သိစေရမယ်”
“အင်း... နေမကောင်းဘူးဆိုနေမှတော့ ရှမ့်လန်.. မင်း ကောင်းကောင်းအနားယူထား။ လာမယ့် တိုက်ပွဲမှာ ပါဝင်ခွင့်ရှိမှာ မဟုတ်ဘူး။ ပြီးတော့ မင်းက အချိန်အတိုင်းအတာတစ်ခုထိ ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန် မဟုတ်ဘူး”
ရှမ့်လန်က ပြုံးလိုက်၏။ “ကောင်းပါပြီ .... ကောင်းပါပြီ”
လျန်ယုံနင်က ပြောလိုက်သည်။ “ကျန်းချုံးကလည်း ဒီမှာ အေးအေးဆေးဆေး နေလိမ့်မယ်။ ကောင်းကောင်း အနားယူတော့”
ပြီးနောက် အုပ်ချုပ်ရေးမှူး လျန်ယုံနင်နှင့် စစ်သူကြီးကျန့်ထော်တို့က ဒေါသတကြီး ထွက်ခွာသွားခဲ့၏။
ထိုနေ့မှစ၍ ထိုနှစ်ယောက်သည် ကျန်းရှစ်စီရင်စု၏ ပုန်ကန်မှုကို ဖြေရှင်းရန် အဓိကအခွင့်အာဏာများကို ပိုင်ဆိုင်သည်ဟု ဆိုကာ ထွက်ခွာသွားခဲ့ပြီဖြစ်၏။ ကျန်းချုံးနှင့်ရှမ့်လန်တို့ကို ဘေးတစ်ဖက်ဆီသို့ လွှတ်ပစ်ခဲ့သည်။
.........
လျန်ယုံနင်နှင့် ကျန့်ထော်တို့ ထွက်ခွာသွားခဲ့ပြီးနောက် ကျန်းချုံးက ပြုံးကာ ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ။ ဟုတ်တယ်နော်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. အံ့အားသင့်စရာပဲ။ အရှက်မဲ့မှုနဲ့ပတ်သက်ပြီး ကျုပ်ရဲ့နားလည်မှုတွေကို ထပ်တလဲလဲနဲ့ အမြင်အာရုံတိုးစေတဲ့လူတွေ အမြဲတမ်း ပေါ်လာခဲ့တာပဲ။ ဒါပေမဲ့လည်း အရှက်မရှိဘဲနဲ့ နန်းမြို့တော်ထဲမှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒီလူနှစ်ယောက်ရဲ့နှလုံးသားထဲမှာ ကြောက်စရာကောင်းတဲ့ အဖျက်မိစ္ဆာတွေ ရှိနေတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “စုနန်ကို ဖျက်ဆီးပြီး ကျန်းယွမ်နယ်စားကြီးအိမ်တော်ကို အပိုင်သိမ်းမယ်။ အဲလိုလုပ်ပြီး ဘုရင်မင်းမြတ်ရဲ့ အပြစ်ပေးမှုကို ရှောင်ရှားချင်တာ”
ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ လျန်ယုံနင်နှင့် ကျန့်ထော်တို့သည် ကျိန်းသေပေါက် ထိုင်ပြီးသေဖို့ မစောင့်ချင်ကြပေ။ သူတို့ကိုယ်သူတို့ ကယ်တင်၍ ရနိုင်သည်ဆိုပါက ကျိန်းသေပေါက် ကယ်တင်နိုင်၏။
တကယ်တော့ စုနန်ကို ဖျက်ဆီးရုံနှင့် မလုံလောက်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က ဤနှစ်ယောက်ကို အတော်ပင် မုန်းတီးနေသောကြောင့်ပင်။
ဘုရင်မင်းမြတ် သူတို့အပေါ် စိတ်ပြောင်းသွားနိုင်သည့်အရာ တစ်ခုတည်းသာလျှင်ဖြစ်၏။ ထိုအရာက စစ်သည်အင်အားနှင့် တည်နေရာပိုင်နက်ပင်ဖြစ်၏။ စုနန်၏ ပုန်ကန်မှုက တကယ့်ကို ပြင်းထန်၏။ ရွှဲ့ပြည်နယ်၏ အနောက်ဘက်ပိုင်းတစ်ခုလုံးက တည်ငြိမ်အေးချမ်းရန် လိုအပ်လျက်ရှိနေ၏။ သူတို့၏ အသက်ကို ကယ်တင်ရန်အလို့ငှာ ကျန့်ထော်နှင့်လျန်ယုံနင်တို့သည် ရှုပ်ထွေးမှုများကို ဆက်လက်ပြုလုပ်ရန် စီစဉ်ထားခဲ့၏။
စုနန်ကို ဖျက်ဆီးပြီးနောက် သူတို့က ဖောက်ထွင်း၍ မရနိုင်သည့် ကျန်းယွမ်နယ်စားကြီး၏ အိမ်တော်ထဲသို့ ဝင်ရောက်ပြီး ဤနေရာတွင် အခြေချရန် စဉ်းစားထားမိ၏။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့ ရောက်ရှိလာသည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့က ဆက်လက်ကာ တိုက်ခိုက်ရပေဦးမည်။
ထိုအချိန်မှာပဲ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် တကယ့်ကို အခွင့်အရေးကောင်းကို ရရှိရန် မစောင့်မျှော် နိုင်ခဲ့ကြချေ။ စစ်ဘုရင်တစ်ယောက်၏ ရူးသွပ်မှုကို ဘယ်တော့မှ အထင်မသေးနှင့်။ အန္တရာယ်နှင့် ရင်ဆိုင်သည့် အချိန်မှာတော့ ကျန့်ထော်က အသက်ရှင်ရန်သာမကချေ။ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ချင်စိတ်ပင် ရှိနေ၏။
စုမိသားစု တည်နေရာသို့ အစားဝင်ပြီး ထိုနေရာမှ အမြင့်တစ်နေရာဆီသို့ လှမ်းတက်ရန် ပြင်ဆင်နေ၏။ သို့ပေမည့် ကောင်းကင်ဘုံသည် ထိုကဲ့သို့ ရူးသွပ်နေသည့် လူများကို ဖျက်ဆီးရန် အစီအစဉ်ရှိလို့နေသည်။
ကျန်းချုံးက ပြောလိုက်၏။ “ကံကောင်းစွာနဲ့ ရှမ့်က သူတို့နဲ့ ရှင်းရှင်းကင်းကင်း နေထားခဲ့တာပဲ။ မဟုတ်လို့ရှိရင် ကျုပ်တို့ စစ်သည်တွေအားလုံး သူတို့ကြောင့် ဖျက်ဆီးခံရလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီနှစ်ယောက်က နယ်စားကြီးအိမ်တော်ကို စက္ကန့်မလပ် တိုက်ခိုက်ဖို့ ကြိုးစားကြ လိမ့်မယ်။ တကယ့်ကို ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ။ ဒါပေမဲ့ နယ်စားကြီးအိမ်တော်ရဲ့ လိပ်ခွံကြီးက တကယ့်ကို ကြီးမားလွန်းတယ်။ ဝင်ပြီးကိုက်ခဲဖို့ လွယ်ကူတဲ့အရာ မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်၏။ “သူတို့ရဲ့စစ်တပ်က စုနန်ရဲ့အိမ်တော်ကို လေးကြိမ်၊ ငါးကြိမ်လောက်တိုက်ခိုက်တယ် ဆိုရင် ဆိုးဆိုးရွားရွား ဒုက္ခရောက်လိမ့်မယ်”
ရှမ့်လန်နှင့် ကျန်းချုံးတို့ ခန့်မှန်းသည်မှာ အမှန်ပင်ဖြစ်၏။ လျန်ယုံနင်နှင့် ကျန့်ထော်တို့က ကြီးမားသည့် အရေးကို ခံစားလျက်ရှိနေကြ၏။ ရှမ့်လန်က အနိုင်ယူသွားခဲ့ပြီး စုနန်၏ အဓိကအင်အားစုကြီး ဖျက်ဆီးခံရပြီဆိုသည့် သတင်းက မပြန့်နှံ့သေးချေ။ သို့ကြောင့် အချိန်ရှိနေသေးသည်။
သူတို့သည် အခြေအနေကို အခွင့်အရေးယူပြီး အချိန်အတိုင်းအတာ အတောအတွင်း စုနန်ကို သုတ်သင် ရှင်းလင်းပစ်ရန် ကြိုးစားရပေလိမ့်မည်။ ထို့အပြင် နယ်စားအိမ်တော်ကို အပိုင်သိမ်းပြီး ထိုနေရာကို အစားထိုး ဝင်ရောက်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့၌ အသက်ရှင်ရန် အခွင့်အလမ်းတည်ရှိနေသေး၏။
သတင်းသာ ပျံ့နှံ့သွားသည်ဆိုပါက ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့ကလည်း နောက်ဆုတ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အကျိုးဆက်က မခန့်မှန်းနိုင်လောက်အောင်ပင်။ ဘုရင်မင်းမြတ်၏ သတ်ဖြတ်လိုသည့်ဒေါသများက သူတို့ဆီသို့ ကျဆင်းလာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ကပ်ဘေးကျပြီဖြစ်၏။ အကူအညီ မဲ့သည့်အခြေအနေမျိုးကို ထိုင်စောင့်ရသည်ထက် အသက်ရှင်သန်နိုင်ရန် ရဲရဲတင်းတင်းနှင့် ပြုမူဆောင်ရွက် ရပေလိမ့်မည်။
ပိုင်ရီမြို့မှ ထွက်ခွာပြီးနောက် ကျန့်ထော်က ပိုင်ရီနယ်စပ်ဂိတ်တံခါးကို စောင့်ကြပ်နေသည့် စစ်သည်တော်များကို ခေါ်ဆောင်ခဲ့၏။ စုစုပေါင်း စစ်သည်ပေါင်း နှစ်သောင်းကျော်ပင်။ တစ်ယောက်တစ်လေမှ မကျန်ခဲ့ချေ။ လျန်ယုံနင်ကလည်း စစ်သည်ပေါင်းငါးထောင်ကို ဦးဆောင်၍ သူတို့ မဟာမိတ်အဖွဲ့ နှစ်သောင်းခွဲတို့သည် အရှိန် အမြန်ဆုံးနှုန်းဖြင့် နယ်စားကြီးအိမ်တော်ဆီသို့ ဦးတည်နေ၏။ အချိန်နှင့်အမျှ အရေးကြီးလျက် ရှိနေ၏။
.....
စုနန်သည် သူ၏ နယ်စားအိမ်တော်အတွင်းတွင် တာဝန်ယူလျက်ရှိနေ၏။ ချင်နိုင်ငံ၏ မြင်းသည်တော်ပေါင်း တစ်သောင်းကျော်တို့ ကျန်းရှစ်စီရင်စုထဲသို့ ဝင်ရောက်လာချိန်တည်းက သတင်းပေးပို့ချက်များကို သူ ရရှိခဲ့ပြီး ဖြစ်သည်။
ချင်ဘုရင် အာယုထိုင်သည် ရှမ့်လန်နှင့် အာယုနာနာတို့အား တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးတွင် ဝိုင်းပတ်ကာ ပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့၏။ ပြီးနောက် စစ်သူကြီးချုပ် ရှုပုတိုင် အပါအဝင် စစ်သည်ပေါင်း သောင်းကျော်ကို စုကလန်နှင့် ပူးပေါင်းရန် စေလွှတ်ခဲ့သည်ဆိုသည့် သဘောပင်။
ထိုသတင်းကို ရသည့်အချိန်မှာတော့ စုနန်က အလွန်ပျော်ရွှင်မိ၏။ ချင်ဘုရင် အာယုထိုင်သည် နောက်ဆုံးတွင် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ချက်ချင်းပဲ စစ်ကူများကို ပေးပို့ကာ ကူညီစေခဲ့၏။ ထို့ကြောင့် စုနန်က မတားဆီးခဲ့ချေ။ ရွှေဒင်္ဂါးများကိုပင်လျှင် လှမ်းကာပေးပို့ပြီး ရှေ့သို့ဆက်လက်ကာ သွားစေခဲ့၏။
သို့ပေမည့် ဘာမှန်းမသိဘဲ စုနန်က တစ်စုံတစ်ခု မှားယွင်းနေသည်လို ခံစားမိ၏။ တကယ့်ကို မသက်မသာ ခံစားနေရခြင်းပင်။ သို့ပေမည့် မည်သည့်အကြောင်းရင်းကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ သူ၏သား စုကျန့်ထင်ဆီမှ လက်ရေးစာ တည်ရှိသည်ဆိုလျှင်တောင်မှ သူက ထိုအရာကို မသက်မသာသလို ခံစားနေမိသည်။
ချင်ဘုရင်အာယုထိုင်သည် သူ့စစ်တပ်၏ အရှိန်အဝါကို တကယ် နှစ်ခြိုက်သဘောကျသူတစ်ယောက်ဖြစ်၏။ သူ၏ စစ်တပ်ကြီးကို ယခင်တည်းက နှစ်ပိုင်း ပိုင်းဖြတ်မှု မလုပ်ခဲ့ချေ။ အဘယ်ကြောင့် ယခုလုပ်ရသနည်း။ ပိုမို၍ အရေးကြီးမားသည်မှာ စုကလန်၏ သတင်းပို့ချက်များထဲတွင် အရေးကြီးသည့် တစ်စုံတစ်ယောက်မှ ပါဝင် မလာခဲ့ခြင်းပင်။
နှစ်ရက်ကြာမြင့်ပြီးနောက် သူက နယ်ခြားစောင့် အစောင့်ဆီမှ သာမန်သတင်းပို့ချက်များကိုသာ လက်ခံ ရရှိခဲ့၏။ နှင်းတောင်ကြီးထဲတွင် တကယ့်ကို ကြီးမားသည့် ငလျင်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည် ဆိုသော သတင်းပင်။ ထိုသတင်းကို ရရှိစဉ်က သာမန်သာ ဖြစ်သည်ဟု သူ တွေးခဲ့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုနှင့် ဆက်စပ်မိချိန်မှာတော့ စုနန်၏ကျောရိုးမကြီးက စိမ့်တက်သွားခဲ့၏။ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ခံစားမိ၏။
သူက ရှုပုထိုင် ဦးဆောင်သည့် ချင်ဘုရင်၏ မြင်းသည်တော်များကို တားဆီးရန် အမိန့်ပေးလိုက်၏။ ထိုတင်သာ မကသေးချေ။ စုရုံကို မြင်းသည်တော်ပေါင်း နှစ်ထောင်ကျော် ဦးဆောင်ပြီး ရှုပုထိုင်၏ မြင်းတပ်ကြီး နောက်သို့ လိုက်စေခဲ့သည်။
စုနန်က ချင်နိုင်ငံထဲတွင် ဘာတွေဖြစ်ခဲ့ကြောင်း သေသေချာချာ မသိချေ။ သို့ပေမည့် မသက်မသာ ခံစားနေမိ၏။ ပြီးနောက် သူက ထိုအရာ၏ရလဒ်ကို စောင့်စားနေရသည်မှာ တစ်နှစ်ကျော်မျှ စောင့်စားနေရသကဲ့သို့ပင် ခံစားမိ၏။
စိတ်ထဲတွင် အထပ်ထပ်အခါခါ ဆုတောင်းနေခဲ့သည်။ ‘ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ နတ်ဘုရားတွေက စုကလန်ကို ကောင်းချီးပေးပါစေ။ ဒီလိုဆိုးဝါးတဲ့ အခြေအနေမျိုး မဖြစ်ပါစေနဲ့။ နတ်ဘုရားတွေ ကျေးဇူးတင်ပါတယ်။ နတ်ဘုရားတွေ ကောင်းချီးပေးပါ’
ပြီးနောက် စုနန်က တစ်ညလုံးလုံးမအိပ်ခဲ့ချေ။ စိုးရိမ်ပူပန်စွာဖြင့် စောင့်လျက်ရှိ၏။ ကြောက်လန့်မှုပေါင်း များစွာနှင့်ပင်။ သူ တွက်ချက်ထားသည့်အရာအားလုံး မှားယွင်းပါစေဟု မျှော်လင့်နေ၏။
သို့ပေမည့် ညနက်သန်းခေါင်မှာတော့ စုရုံသည် မြင်းသည်တော် ဒါဇင်ချီကို ဦးဆောင်ကာဖြင့် ကျန်းယွမ်နယ်စား အိမ်တော်ထဲသို့ ပြေးဝင်လာခဲ့သည်။
မီးများထွန်းညှိပြီးသည့်နောက်မှာတော့ စုနန်သည် တစ်ဖက်လူများ၏ မျက်နှာကို လှမ်းကာ မြင်နေရ၏။ ချက်ချင်းပဲ စုနန်၏ ကျောရိုးမကြီးက စိမ့်တက်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံးကလည်း အေးစက်သွား၏။
ဘာတွေ ဖြစ်နေသနည်း။ ကျေးဇူးပြုပြီး သတင်းဆိုးများ မဖြစ်ပါစေရန် ဆုတောင်းမိ၏။ သတင်းဆိုးသာ ဖြစ်ပါက ကြီးမားသည့် ကပ်ဘေးကြီးတစ်ခုပင်။
ထိုအချိန်မှာတော့ မောက်မာလွန်းသည့် စုနန်သည် နတ်ဘုရားများကို ဒူးထောက်ထိုင်ချကာ စိတ်ထဲတွင် တောင်းဆုပြုလျက် ရှိနေသည်။
‘နတ်ဘုရားများ စုကလန်ကို ကောင်းချီးပေးပါစေ။ သတင်းဆိုးမဖြစ်ပါစေနဲ့’
ကြောက်လန့်တုန်လှုပ်လျက် ရှိနေသည့် စုရုံ အထဲသို့ လှမ်းဝင်လာခဲ့၏။ စုရုံသည် မြေပေါ်သို့ လဲကျလုမတတ်ပင်။ “အရှင်၊ အရှင်.. သွားပြီ၊ သွားပြီပဲ။ ချင်နိုင်ငံက ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ အာယုနာနာက ချင်နိုင်ငံရဲ့ဘုရင်မ ဖြစ်သွားခဲ့တယ်။ ကျန်းရှစ်စီရင်စုထဲကို ဝင်လာတဲ့စစ်သည်ပေါင်း တစ်သောင်းကျော်က ရှမ့်လန် ခေါ်လာခဲ့တဲ့ စစ်သည်တွေပဲ။
စစ်သူကြီး စုရွှင်ရဲ့ စစ်တပ်တွေက ပိုင်ရီမြို့ကို အားကုန်ဝင်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရှမ့်လန်က မြင်းသည်တော် တစ်သောင်းကျော်ကို ခေါ်ဆောင်ပြီး နောက်က တိုက်ခဲ့တယ်။ ဒါကြောင့် စုရွှင်ရဲ့ စစ်တပ်က အလစ်ငိုက် မိသွားခဲ့တယ်။
အခု ခံလိုက်ရပြီ။ အကုန်လုံး ဖျက်ဆီးခံရလုနီးပါးပဲ။ စုရွှင်က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ပိုင်ရီမြို့ တိုက်ပွဲက ကျုပ်တို့ရှုံးနိမ့်ခဲ့တယ်”
အဆုံးသတ်မှာတော့ စုရုံ၏အသံက ခြောက်ကပ်နေ၏။ သူက မြေပေါ်တွင် ဒူးထောက်ထိုင်ချပြီး မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။
မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် စုနန်၏ခေါင်းတစ်ခုလုံးက ထူဝေသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် အပူချိန်မှ မရှိတော့သကဲ့သို့ပင်။ သူ၏ရှေ့တွင် ရှိနေသည့်အရာရာက မှောင်မိုက်နေ၏။ အတွင်းအားကို အသုံးပြုပြီး ဝမ်းဗိုက်ထဲမှ လိမ့်တက်လာသည့်သွေးများကို ပြန်လည်ကာ ဖိနှိပ်ထားခဲ့ရ၏။
တကယ့်ကို ထူးထူးခြားခြား ဆိုးဝါးသည့်နာကျင်မှုက နှလုံးသားထဲတွင် ဖြစ်ပေါ်လာခဲ့၏။ မည်သို့မှ မနေနိုင်ခဲ့ချေ။ ရုတ်တရက် သွေးများအန်ထွက်လာခဲ့၏။ စုနန်၏ အမြင်အာရုံ တစ်ခုလုံးက မှောင်မဲပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
……..
တစ်နာရီကျော် ကြာမြင့်ပြီးနောက် စုနန်က နိုးထလာခဲ့၏။ သူသည် အိပ်ရာရှေ့တွင် ဒူးထောက်ကာ ထိုင်နေသည့် လူတစ်စုကို မြင်လိုက်ရ၏။ မျက်နှာထက်တွင်လည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေ၏။ စုကလန်၏ နှလုံးသားထဲတွင် စုနန်က နတ်ဘုရားသဖွယ်ဖြစ်ပြီး မည်သို့မှ မရှုံးနိမ့်နိုင်သည့် ပုဂ္ဂိုလ်ကြီးပင်။
ဘုရင်မင်းမြတ်နှင့် ရင်ဆိုင်သည့် နေရာတွင်ပင် အထက်စီးမှ ရင်ဆိုင်နိုင်ခဲ့၏။ ချင်ဘုရင် သေဆုံးသွားသည့် အချိန်တွင် စုကလန်၏ ကပ်ဘေးကြီးက ကျဆင်းခဲ့ပြီ ဖြစ်၏။ သို့ပေမည့် စုနန်၏ ဦးဆောင်မှုအောက်တွင် ထိုကပ်ဘေးဆိုသည်မှာ အသာလေးပင် ရှောင်လွှဲနိုင်ပေမည်။
စုနန်၌ လူဦးရေ ရာကျော်သာရှိ၏။ သို့ပေမည့် သူသည် နန်းမြို့တော်ထဲတွင်ပင်လျှင် ပွင့်ပွင့်လင်းလင်းနှင့် အားလုံးသောသူတို့ကို သတ်ဖြတ်ခဲ့ပြီး ဗာမေလီယန် ဂိတ်တံခါးဆီမှ ပြန်ထွက်လာခဲ့၏။ နန်းမြို့တော်ကြီး တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ခဲ့သူ ဖြစ်၏။
မည်မျှ အံ့အားသင့်စရာ ကောင်းလိုက်သနည်း။ ရွှဲ့ပြည်နယ်၏ အာဏာပိုင်များကို ဆုတ်ဖြဲပစ်ခဲ့ပြီး ဝူနှင့် ချောင်ပြည်နယ်တို့အား လွယ်လွယ်ကူကူဖြင့် ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့သည်။
ရွှဲ့ပြည်နယ်တစ်ခုလုံး အန္တရာယ်ကျရောက်အောင် ဖန်တီးနိုင်ခဲ့ပြီးနောက် စုနန်သည် လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်တော့မည့်သကဲ့သို့ပင်။ စုနန်က စုကလန်၏ အသက်ဝိညာဉ်ပင် ဖြစ်၏။
ယခု စုကလန်၏ အသက်ဝိညာဉ်က သွေးအန်ပြီး ပြိုလဲကျခဲ့၏။ စုကလန်မှ လူများအနေနှင့် အဘယ်သို့ မကြောက်လန့်ဘဲ နေမည်နည်း။
စုနန်သည် ရုတ်တရက် သူ၏စောင်ကို ဖယ်ခွာကာဖြင့် အိပ်ရာမှ ထရပ်လိုက်သည်။ “ငါမသေသေးဘူး မဟုတ်လား။ ဘာကြောင့် ငိုနေရတာလဲ”
ဒေါသတကြီး ဆူငေါက်သံသည် အားလုံးသော သူတို့ကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူတို့၏ ပြိုင်ဘက်ကင်း ခေါင်းဆောင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အားလုံးက စုနန်ကို ချီးကျူးသလို လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့၏ မျက်လုံးထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။ ယခင်တုန်းက ဤခေါင်းဆောင်သည် စုကလန်ကို ဦးဆောင်ကာဖြင့် ကပ်ဘေးတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့၏။ ယခုအချိန်တွင်လည်း ကျော်ဖြတ်နိုင်မှာ သေချာသည်။
“အားလုံးထကြ။ စုကလန်က ပျက်စီးမခံရသေးဘူး။ အင်း...လုပ်စရာရှိတာ သွားပြီးလုပ်ကြ”
စုနန်က ပြောလိုက်၏။ “အဓိက လူအနည်းငယ်လောက် စာကြည့်ခန်းထဲကို လိုက်ခဲ့ကြ”
အားလုံးက နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
စုနန်က စာကြည့်ခန်းထဲသို့ လှမ်းဝင်လိုက်ပြီး စုကလန်၏တိုက်ရိုက်မျိုးဆက်များကလည်း အထဲသို့ လျှောက်ဝင်ခဲ့၏။
.......
အပိုင်း (၄၁၈)
စာကြည့်ခန်းအတွင်းမှာတော့ စုနန်က မှန်တစ်ခုကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေ၏။ ဤမှန်က ကောင်းကင်တာအိုအဖွဲ့အစည်း၏ လေလံပွဲတွင် ကြီးကြီးမားမား ပေးဆပ်ပြီး ဝယ်ယူခဲ့ရသည့် အရာလည်း ဖြစ်ပြီး စုနန် မျက်နှာ၏ အသေးစိတ်အချက်တစ်ခုချင်းစီကို သက်သေပြနေ၏။
“ငါတကယ်ပဲ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတာလား” စုနန်က သက်ပြင်းချလိုက်၏။ အသွင်အပြင်ကို ထိန်းသိမ်းထားသည့် နေရာ၌ သူက အတော်ဆုံး ဖြစ်၏။ သူက အသက် ၆၀ ကျော် နီးပါးခန့် ရောက်ရှိနေပြီ ဆိုသော်လည်း အသက် ၄၀ နီးပါးခန့်သာ ထင်ရ၏။ သူ၏နုပျိုမှုသည် ထိပ်ဆုံးအခြေအနေ၌ အစဉ်အမြဲ တည်ရှိခဲ့သည်။
နန်းမြို့တော်တွင်ရှိစဉ်က အိုမင်းရင့်ရော်သည့် ပုံစံမျိုး ဟန်ဆောင်ရသည်ကို နှစ်ခြိုက်၏။ တကယ်တမ်းမှာတော့ သူက အသက် ၆၀ နီးပါးခန့် ရှိ၏။ သို့ပေမည့် သူက အသက် ၈၀ နီးပါးခန့် ဖြစ်အောင် ဟန်ဆောင်ခဲ့၏။
ယခု သူက မူရင်း တည်ရှိမှုထက် အနည်းငယ် အိုမင်းသွားပုံ ပေါ်လာသည်။
ပုန်ကန်ခြင်းဆိုသည်မှာ တကယ့်ကို ဆိုးဝါးသည့် အရာတစ်ခု ဖြစ်၏။ နေ့စဉ်နေ့တိုင်း သွေးနှင့် ချွေးများကို ပြန်လည်ကာ ပေးဆပ်နေရ၏။ နှစ်လနီးပါးခန့်သာ ရှိသေးသော်လည်း တကယ်တမ်း သူက အသက်နှစ်ဆယ်နီးပါး ပိုမိုကာ အသက်ကြီးမားသွားခဲ့သည့် ပုံပင်။
စုကလန်၏ အဓိကအင်အားစုကြီးက ဖျက်ဆီးခံခဲ့ရပြီး ချင်နိုင်ငံ၏ အင်အားစုကလည်း ခေါင်းဆောင် ပြောင်းလဲသွားခဲ့သည်။
“ချင်နိုင်ငံမှာ ဘာတွေဖြစ်ကုန်တာလဲ” စုနန်က မေးမြန်းလိုက်၏။
စုရုံက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ဘာသတင်းမှ မကြားရပါဘူး။ ဒါပေမယ့် စုနင် ဖမ်းဆီးခံထားရတာကို တစ်စုံတစ်ယောက်က မြင်ခဲ့တယ်”
စုနန်က သက်ပြင်းချကာ ပြောလိုက်၏။ “အာယုထိုင် သေသွားလောက်ပြီ။ ရှမ့်လန် သတ်တာပဲနေမယ်။ တော်ဝင်နှင်းတောင် ငလျင်လှုပ်မှုက ဘာဖြစ်တာလဲ”
“နှင်းပြိုတာပါ”
စုရုံက ပြောလိုက်သည်။ “စစ်သည်တော်တွေ စုံစမ်းကြည့်သလောက်ဆိုရင် နှင်းတောင်ကြီးတစ်ခုလုံးက နှင်းတွေပြိုကျလာခဲ့တာတဲ့။ ချင်ဘုရင်အာယုထိုင်ရဲ့ စစ်တပ်တစ်ခုလုံးက အဲဒီနှင်းပြိုမှုကြောင့် မြေမြှုပ်ခံ လိုက်ရတာပဲ”
စုနန်သည် သက်ပြင်းရှည်ကြီးကိုပင် ချလိုက်မိ၏။ ရှမ့်လန်က တကယ့်ကို ရက်စက်လွန်းလှ၏။ နှင်းပြိုမှုမှာ အပြောသာ လွယ်ကူ၏။ ဤကဲ့သို့ဖြစ်အောင် မည်သို့ လုပ်ခဲ့သနည်း။ တကယ်ပင် ကောင်းကင်နှင့် မြေပြင်က ဤစွမ်းအင်များကို ထုတ်ဖော်အသုံးပြုကာ ရန်သူများကို ဖျက်ဆီးခဲ့သည်လား။ ဤကောင်လေးက တကယ့်ကို ကြောက်မက်ဖွယ်ရာပင်။
အာယုနာနာသည် ချင်ဘုရင် ဖြစ်လာခဲ့၏။ ရှုပုထိုင်နှင့် တခြားသောသူများသည် သူမ၏အောက်တွင် အညံ့ခံခဲ့၏။ ချင်နိုင်ငံအတွက် တခြားသော မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိတော့ချေ။ စုကလန်၏ အဓိကအင်အားစုကလည်း ပျက်စီးသွားခဲ့၏။
စုနန်က ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာ စစ်သည် ဘယ်လောက်ကျန်သေးလဲ”
စုကျန်က ပြန်လည်ကာ ဖြေဆို၏။ “ငါးထောင်လောက် ကျန်သေးတယ်”
ငါးထောင်သာလျှင် ကျန်ရှိတော့၏။ စုကလန် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိချိန်တွင် တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ တပ်ကူနှင့် ကုန်သည်များအပါအဝင် စုစုပေါင်း လူလေးသောင်းပင် ကျော်ခဲ့သေး၏။ ယခုအချိန်မှာတော့ လူ ငါးထောင်သာလျှင် ကျန်ရှိတော့သည်။
လွန်ခဲ့သည့် လဝက်တုန်းက ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည့် စုကလန်အတွက် ထိုအရေအတွက်မှာ ရယ်မောစရာပင် ဖြစ်၏။ သို့ပေမည့် ကောင်းကင်ပေါ်မှ ငရဲခန်းဆီသို့ ကျဆင်းလာခဲ့သည့် အမြန်နှုန်းက တကယ့်ကို မြန်ဆန်လွန်း၏။ ထိုအရာကို တွေးမိပြီးနောက် စုနန်သည် နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထွက်ချင်စိတ်ပင် ပေါက်၏။
သူက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူတို့ စုကလန်သည် ရှမ့်လန်ကို မည်ကဲ့သို့သောနည်းဖြင့် ရန်စခဲ့သနည်း။ ရှမ့်လန်ကြောင့်သာ မဟုတ်ပါက ကြီးမားသည့် အကျိုးဆက်ကို ခံစားရလိမ့်မည် မဟုတ်ချေ။
စာတစ်စောင်ကြောင့်သာ မဟုတ်ပါက သူတို့ ကျင်းမိသားစု၏ အိမ်တော်ထဲ ဝင်ပြီး တိုက်ခိုက်ခြင်းကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ထိပ်တန်းလျှို့ဝှက် သတင်းပို့ချက်များအရဆိုလျှင် ကျင်းမိသားစုသည် နယ်စားကြီး စုကျန်ဆီမှ လျှို့ဝှက်စာကို မဖျက်ဆီးခဲ့ချေ။ ဆိုလိုသည်မှာ သူတို့၏ သေကွင်းသေကွက်သည် ကျင်းမိသားစု လက်ထဲ၌ ရှိနေသေးခြင်းပင်။
ကျင်းကျိုးက စာကို ဖျက်ဆီးခဲ့ပြီးပြီဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ့ဆီ ရောက်ရှိလာသည့် သတင်းအချက်အလက်နှင် ပတ်သက်လျှင် စုနန်ကို မယုံကြည်ခဲ့သေးပေ။ ထို့အပြင် ကျင်းကျိုး ဆိုသည်မှာ ယုံကြည်ရလောက်သည့် စာရိတ္တပိုင်ရှင် ဖြစ်သည် မဟုတ်ပါလား။
သို့ပေမည့် တစ်ဖက် လျှို့ဝှက်စာများက သူ့ဆီသို့ ထပ်တလဲလဲ ရောက်ရှိလာခဲ့၏။ ထိုအချိန်မှာတော့ စုနန်က မည်သို့မှ မနေနိုင်တော့ချေ။ ဤလျှို့ဝှက်စာသာ ပေါက်ကြားသည်ဆိုပါက ကျိန်းသေပေါက် ကပ်ဘေးသင့်မည် ဖြစ်ကြောင်း သူ နားလည်မိ၏။ ထို့ကြောင့် ကျင်းမိသားစုကို သူ ပစ်မှတ်ထားခဲ့ခြင်းပင်။
ထို့ကြောင့် ရှမ့်လန်၏ ယခုလုပ်ရပ်များသည် စုနန်၏ လုပ်ရပ်ပေါ်တွင် အခြေပြုပြီး ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
သူက ပထမဦးတုန်းက အထက်စီးမှ ရယူပြီး ထပ်တလဲလဲဆိုသလို ကျင်းမိသားစုကို ဒုက္ခရောက်အောင် ကြံစည်ခဲ့၏။
ကျင်းမိသားစု လျှို့ဝှက်စာကို မဖျက်ဆီးခဲ့ဟူသော သတင်းအချက်အလက်ကို မည်သူက စုနန်ဆီ ပေါက်ကြားစေခဲ့သနည်း။ ယင်ယွမ်အဖွဲ့အစည်းသာလျှင် ဖြစ်သည်။
ဟုတ်ပေ၏။ ယင်ယွမ်အဖွဲ့အစည်းပင်။
ကျင်းကျိုးနယ်စားကြီးသည် လျှို့ဝှက်စာကို အစောကြီးတည်းက ဖျက်ဆီးခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် လျှို့ဝှက်စာတွင် ပါဝင်သည့် အကြောင်းအရာများကို ယင်ယွမ်အဖွဲ့အစည်းက အဘယ်သို့ သိရသနည်း။ ထိုအရာကို နတ်ဘုရားများသာ သိရှိပေလိမ့်မည်။
သို့ပေမည့် နောက်ဆုံးမှာတော့ မိသားစုနှစ်ခုသည် ကြီးမားသည့် ရန်သူတော်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်က စုကလန်ကို လက်စားချေခဲ့ခြင်း ဖြစ်၏။
လွန်ခဲ့သည့် လအနည်းငယ် ... ရှမ့်လန် နန်းမြို့တော်ထဲ ဝင်ရောက်လာသည့်အချိန်တွင် စုကလန်ကို ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်ခဲ့၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အားလုံးသောသူတို့က ရယ်မောခဲ့၏။ လမ်းဘေးခွေးတစ်ကောင် ဟောင်လျက် ရှိနေသည်ဟု သတ်မှတ်ခဲ့ခြင်းပင်။ စုနန်ကလည်း ထိုကဲ့သို့ တွေးတောခဲ့သည်။
သို့ပေမည့် လအနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ ရှမ့်လန်က တကယ်ပင် စုကလန်ကို ဤကဲ့သို့သော အခြေအနေမျိုးထိ ရောက်အောင် ပြုလုပ်နိုင်ခဲ့၏။ သို့ပေမည့် ထိုအရာအားလုံးက အရေးမပါတော့ချေ။ ဖြစ်ပြီးသည့်ကိစ္စရပ် ဖြစ်သောကြောင့်ပင်။ အရေးကြီးဆုံး အခိုက်အတန့်က စုကလန်ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
တစ်ဖက်လူများ ရှေ့ကို လှမ်းတက်လာသည်နှင့် တပြိုင်နက် စုကလန်၏ လွန်ခဲ့သည့် နှစ်ပေါင်း ရာချီ တည်ရှိ ခဲ့သည့် အမွေအနှစ်နှင့် ဖြစ်တည်မှုများက ရှင်းလင်းခံရပေလိမ့်မည်။ သူတို့ ဘာလုပ်ရမည်နည်း။ ဤကဲ့သို့သော အရေးကြောင်းအခြေအနေကို မည်ကဲ့သို့သော ပုံစံမျိုးနှင့် ကျော်ဖြတ်ရမည်နည်း။
သူတို့၏ရှေ့တွင် ရှိနေသည့် အခြေအနေသည် သေခြင်းသာလျှင် ရှိပုံပေါ်၏။ စုကလန်သည် ဆိုးဆိုးဝါးဝါး သေဆုံး ရပေလိမ့်မည်။ စုနန်သည် ဦးနှောက်ကို မြန်မြန်ဆန်ဆန် အလုပ်ပေးနေသည်။
“အရှင်.. ကျုပ်တို့မိသားစုရဲ့ ရဲတိုက်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတည်းက တည်ဆောက်ခဲ့တာ။ တောင်မြင့်ကြီးပေါ်မှာ တည်ရှိပြီးတော့ ဖောက်ထွင်းဖျက်ဆီးလို့ မရနိုင်ဘူး”
စုရုံက ပြောလိုက်၏။ “ပြီးတော့ ရဲတိုက်ပေါ်ကို တက်တဲ့လမ်းက တစ်လမ်းပဲ ရှိတယ်။ ဒီရဲတိုက်ကြီးရဲ့ ဘေးမှာ ချောက်ကမ်းပါးကြီးပဲ ရှိတာကြောင့် သူတို့ ဟိုဘက်ကနေ တွယ်တက်ဖို့လည်း မဖြစ်နိုင်ဘူး”
စုကျန်က ပြောလိုက်သည်။ “ဒါကတော့ အမှန်ပဲ။ ကျုပ်တို့ရဲတိုက်ထဲမှာ ရေနဲ့ အစားအစာတွေလည်း လစ်ဟင်းနေတာ မဟုတ်ဘူး။ ဒီတော့ နှစ်အနည်းငယ်လောက် ခုခံထားဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး။ အစောင့် ငါးထောင်က အများကြီးမဟုတ်ဘူး ဆိုပေမဲ့ နှစ်အနည်းငယ်လောက် ခုခံထားဖို့တော့ လွယ်ကူတယ်။ လူတစ်ယောက် ဒီနေရာမှာ စောင့်ကြပ်နေမယ်ဆိုရင် လူတစ်ထောင်လောက် ဝင်ပြီး ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ရန်သူပေါင်း သောင်းနဲ့ချီလာပြီဆိုရင်တောင် ကျုပ်တို့ရဲတိုက်ကြီးကို ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး အရှင်”
ဤစကားက မမှားယွင်းချေ။ စုကလန်၏ ရဲတိုက်ကြီးမှာ တကယ့်ကို ကြီးမားပြီး ဖြိုဖျက်ရန် ခက်ခဲသည့် အရာဖြစ်၏။ ပြောရမည်ဆိုလျှင် နုရှောင့်မြို့၏ ရဲတိုက်ကြီးထက်ပင် ပိုမိုကာ မာကျောပြီး ကြီးမား၏။ ထိုကဲ့သို့သော ရဲတိုက်ကြီးကို ဝင်ရောက်တိုက်ခိုက်ဖို့ ဆိုသည်မှာ တိုက်ခိုက်သူများအတွက်တော့ အိပ်မက်ဆိုးပင် ဖြစ်ပေမည်။
စုနန်က အသာပင် ပြောလိုက်၏။ “ရန်သူတွေက တားဆီးထားရုံပဲလုပ်ပြီး မတိုက်ခိုက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ နင်ယွမ်ရှန်းက စစ်သည်တွေကို တောက်လျှောက်ဆိုသလို စေလွှတ်ပြီး ပိုင်ရီစီရင်စုတစ်ခုလုံးကို ထိန်းသိမ်းထားလိမ့်မယ်။ ရေ၊ အစားအသောက်နဲ့ အခွန်အခတွေ မရှိဘူးဆိုရင် ငါတို့ စုကလန်က ဘာဆက်လုပ်လို့ ရမှာလဲ။ ဒါဆိုရင် ဒီရဲတိုက်ကြီးကို စောင့်ကြပ်နေလို့လည်း ဘာထူးတော့မှာလဲ”
ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ တည်နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ ရွှဲ့ဘုရင်သည် တကယ်တမ်း ရဲတိုက်ကြီးကို တိုက်ခိုက်ရန် မလိုအပ်ချေ။ တားဆီးထားရုံနှင့်ပင် လုံလောက်သည်။
စုနန်က ပြောလိုက်၏။ “အင်း.. ဒီလိုအခြေအနေမျိုးထိ ဖြစ်လာပြီဆိုတော့ ရဲတိုက်ကြီးရဲ့ မာကျောမှုက သိပ်ပြီး အရေးကြီးတဲ့အရာမဟုတ်ဘူး။ ရဲတိုက်ကြီးက ဘယ်လောက်ပဲ မာကျောမာကျော အသုံးမဝင်ဘူး။ လောကကြီးမှာ ဖြိုချလို့ မရနိုင်တဲ့ ရဲတိုက်ဆိုတာ မရှိဘူး။ ချောင်ထျန်းဝေရဲ့ ရဲတိုက်ကြီးကို ကြည့်လိုက်။ သူတို့လည်း ပြိုကျခဲ့ရတာပဲ”
စုနန်က မျက်လုံးမှိတ်လိုက်၏။ ကျန်းယွမ်နယ်စားကြီး၏ ရဲတိုက်ကြီးက ဖောက်ထွင်း၍ မရနိုင်ခဲ့ချေ။ သို့ပေမည့် ပွက်ပွက်ဆူလျက်ရှိနေသည့် သံထည်အိုးကြီးနှင့် ဆင်တူ၏။ ထိုအရာက လုံခြုံသည့် အရာဖြစ်သလို အန္တရာယ်များသည့် အရာလည်း ဖြစ်၏။ ရဲတိုက်ကြီး၏ ကာကွယ်မှုအောက်တွင် သူတို့အနေနှင့် ပုန်းအောင်းပြီး ခုခံထားနိုင်သည်။ သို့ပေမည့် ထိုအရာကြီးက ပူလောင်လျက် ရှိနေသည့် အရာဖြစ်သောကြောင့် ကျိန်းသေပေါက် တဖြည်းဖြည်းနှင့် သူတို့ သေဆုံးရပေလိမ့်မည်။
စုနန်က ထပ်မံကာ ပြောဆိုလိုက်သည်။ “အခြေအနေက ငါတို့ဘက်ကို မပါလာဘူးဆိုရင် ရဲတိုက်ကြီးက ဘယ်လောက်ပဲ မာကျောမာကျော အသုံးမဝင်တော့ဘူး”
သူ၏ခြေလှမ်းများက ပိုမို မြန်ဆန်လာခဲ့သလို သူ၏ အသက်ရှူနှုန်းများကလည်း မြန်ဆန်လာခဲ့၏။ သူက ဆုံးဖြတ်ချက်ကို ချခဲ့ပြီး ဖြစ်၏။ တကယ်ကို မခန့်မှန်းနိုင်သည့် တုန်လှုပ်ဖွယ်ရာ ဆုံးဖြတ်ချက်ပင်။
ဤဆုံးဖြတ်ချက်က တကယ့်ကို ခက်ခဲ၏။ မိမိလက်ကို မိမိ ဖြတ်တောက်လိုက်သည့် သူရဲကောင်းတစ်ယောက် ကဲ့သို့ပင်။ သို့ပေမည့် ဆုံးဖြတ်ချက်ကို ချပြီးပြီ ဖြစ်သောကြောင့် သူက မျက်လုံးကို မှိတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။
သူ ဤသို့ ဖြတ်သန်းရမှာလား။ ကျိန်းသေပေါက် ဖြတ်သန်းရပေလိမ့်မည်။ သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
စုနန်က ပြောလိုက်၏။ “ငါတို့ ရဲတိုက်ကြီးကို စွန့်ခွာပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး နောက်ဆုတ်ကြမယ်။ ကလန်တစ်ခုလုံးကို ရွှဲ့ပြည်နယ်ထဲမှာ ထားခဲ့မယ်။ ချင်နိုင်ငံကို ဖြတ်သန်းပြီး အနောက်ဘက်ဒေသဆီ ခိုလှုံကြမယ်”
ထိုစကားစု ထွက်ပေါ်လာချိန်မှာတော့ အားလုံးသောသူတို့က တုန်လှုပ်သွားခဲ့၏။ မယုံကြည်နိုင်သလိုပင်။
‘ဘာ... ရဲတိုက်ကြီးကို စွန့်ခွာမယ် ဟုတ်လား’
အရှင် ရူးသွပ်သွားလေသည်လား။ ရဲတိုက်ကြီးသည် ရန်သူများ တိုက်ခိုက်လို့ မရနိုင်လောက်အောင် မာကျော၏။ နှစ်အနည်းငယ်လောက် ခုခံထားဖို့ ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
သို့ပေမည့် ကြည့်ရသည်မှာ အစတည်းက အလျော့ပေးခဲ့ပုံပေါ်၏။ နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့သည့် အခြေခံများကို တခြားသောသူကို ဤကဲ့သို့ ပေးရမည်လား။ သူတို့အိမ်မှ ထွက်ခွာသည့် အချိန်တွင် တခြားသောသူများက ပျော်ပျော်ရွှင်ရွှင်နှင့် သူတို့အိမ်၌ တက်နေတော့မည် မဟုတ်ပါလား။ စုကလန်သားများသည် ရဲတိုက်ကြီးမှ မခွာချင်ပေ။ ထို့အတူ အနောက်ပိုင်းဒေသဆီသို့ ထွက်ခွာ သွားချင်စိတ်လည်း မရှိချေ။ သို့ပေမည့် သူတို့၏ ခေါင်းဆောင်က ဤသို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့၏။
စုနန်က ဆုံးဖြတ်ချက် ပိုင်နိုင်စွာဖြင့် ပြောဆိုလိုက်သည်။ “အင်း.. ရဲတိုက်ကို စွန့်ခွာမယ်ဆိုရင် စုကလန် လွတ်မြောက်နိုင်လိမ့်မယ်။ အသက်ရှင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။ ရဲတိုက်ထဲမှာ ပိတ်မိနေမယ်ဆိုရင်တော့ ငါတို့ ကျိန်းသေပေါက် သေလိမ့်မယ်”
စုကျန်က ပြောလိုက်၏။ “အစ်ကိုကြီး.. ဒီရဲတိုက်ကြီးနဲ့ဆိုရင် ကျုပ်တို့ အနည်းဆုံး နှစ်အနည်းငယ်လောက်တော့ ခုခံနိုင်တယ်နော်”
စုနန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး .. ငါတို့ ခုခံနိုင်မှာ မဟုတ်ဘူး။ ရဲတိုက်ထဲမှာ ငါတို့ ပိတ်မိနေပြီ ဆိုတာနဲ့ ကျိန်းသေပေါက် ငါတို့ရဲ့ နယ်မြေအားလုံးကို ဆုံးရှုံးမယ်။ လူတွေအားလုံးရဲ့ စိတ်နှလုံးကလည်း ရှုပ်ထွေးနေကြမယ်။ ငါတို့ ကျိန်းသေပေါက် ရှုံးမှာပဲ။”
စုရုံက ပြောလိုက်၏။ “ဒါဆိုရင် စုကလန်ရဲ့ စစ်တပ်က ဘယ်သူ့ကို သစ္စာခံရမှာလဲ”
စုနန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ လောကကြီးမှာ သစ္စာရှိတဲ့အားကိုးရာ ဆိုတာ မရှိဘူး။ ကိုယ့်လမ်းကိုယ် လျှောက်ရမှာ။ ပြီးတော့ ဒီရဲတိုက်ကြီးကို ငါတို့ နှစ်အနည်းငယ်လောက် ခုခံထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်ဝက်တောင် မဖြစ်နိုင်ဘူး။ ငါတို့ဆီမှာ အစားအသောက်တွေ နှစ်နှစ်၊ သုံးနှစ်စာ တည်ရှိနေတယ်၊ လုံလောက်နေတယ် ဆိုရင်တောင်မှ အထဲမှာ ခုခံနေတဲ့ လူတွေရဲ့ စိတ်နှလုံး အားနည်းလာပြီဆိုရင် ခဏလေးနဲ့ ငါတို့ ပြိုကျမှာပဲ။”
စုနန်၏ စကားလုံးများက အစစ်အမှန်တရားကို ဖော်ညွှန်းပြသ၏။ လူတို့၏ နှလုံးသားဆိုသည်မှာ ရေကဲ့သို့ပင် ယုံကြည်ရသည့် အရာမျိုး မဟုတ်ချေ။ အားကောင်းပြီး သင့်တော်သည့် နေရာတစ်ခုကို ပိုင်ဆိုင်သည် ဆိုပါက လူတို့ကလိုက်ပါလာပေလိမ့်မည်။ သို့ပေမည့် ဆိုးဝါးသည့်အရာမျိုးကို ကြုံဆုံရချိန်မှာတော့ တစ်ယောက်ပြီး တစ်ယောက်က သစ္စာဖောက် ထွက်ခွာသွားပေလိမ့်မည်။
စုကျန်က ပြောလိုက်၏။ “အစ်ကိုတော်တို့.. ရဲတိုက်ကို ခုခံကာကွယ်ဖို့ လူတွေကို ဦးဆောင်ပါ။ ကျုပ်က လူတွေကို ဦးဆောင်ပြီး အနောက်ပိုင်းဒေသကို သွားမယ်။ ကိုယ့်နာမည်ကိုယ် ရေးထိုးတော့မယ်”
စုနန်က ပြောလိုက်၏။ “အင်း.. ဒီကိစ္စက ပိုပြီးတောင် အဓိပ္ပာယ်မဲ့သေးတယ်။ ဒီလိုအခြေအနေမျိုးမှာ စုကလန်ကို နှစ်ပိုင်းခွဲလို့ မဖြစ်နိုင်ဘူး။ စုကလန်ရဲ့ နှစ်ပေါင်းရာချီ အခြေခံတွေက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို အကြိမ်ပေါင်းများစွာ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒီနှစ်ပေါင်းရာချီ အခြေခံတွေဆိုတာ ရဲတိုက်ထဲမှာ ရှိတာ မဟုတ်ဘူး။ ငါတို့ဆီမှာပဲ ရှိတာ။ ငါတို့သာ အနိုင်ရမယ်ဆိုရင် နေရာတိုင်းက ငါတို့ရဲ့ ရဲတိုက်ပဲ။ ငါတို့သာ ရှုံးနိမ့်သွားမယ်ဆိုရင် ငါတို့ရဲ့ ရဲတိုက်က ငါတို့ရဲ့ အကျဉ်းထောင် ဖြစ်လာလိမ့်မယ်။ ဒီတော့ ရဲတိုက်အပြင်ကို ခုန်ထွက်ပြီး အသက်ရှင်ဖို့ နည်းလမ်းကို စဉ်းစားရမယ်”
စုရုံက အော်ဟစ်လိုက်၏။ “အရှင် ဘာပဲပြောပြော၊ အရှင် ဘာပဲလုပ်လုပ်၊ ဒီနောက်လိုက်က နောက်က လိုက်ပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့ ချောင်နိုင်ငံကို သွားနိုင်တယ်။ အနောက်ပိုင်းဒေသရဲ့ လူတွေက လူရိုင်းတွေပဲ။ အရှင့်ကို အဲဒီကလူတွေက အထင်သေးကြလိမ့်မယ်။ တကယ်လို့ ချောင်ပြည်နယ်ကို သွားမယ်ဆိုရင် အရှင်က နယ်စားတစ်ယောက်တော့ ဖြစ်နိုင်သေးတယ်”
စုနန်က ခေါင်းကို ခါယမ်းလိုက်သည်။ “ချောင်ကလည်း ထူးမခြားနားပဲ။ စုကလန်ကို သုတ်သင်ရှင်းလင်းဖို့ သူတို့အတွက် အရမ်းလွယ်ကူတယ်။ ငါ တစ်ချိန်တုန်းက စစ်သည်တွေကို ဦးဆောင်ပြီး ချောင်ပြည်နယ်ဆီ ဝင်ရောက်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ဟုတ်တယ်။ ငါ နယ်စား ဖြစ်လာနိုင်ခဲ့တယ်။ တစ်ယောက်ပြီး တစ်ယောက်ကို ငါ အနိုင်ယူပြီးတော့ စုမိသားစုက ကြီးမားတဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ပြီး ချောင်ပြည်နယ်ထဲမှာ အရှိန်အဝါကြီးကြီးနဲ့ နေထိုင်နိုင်မယ်။
ဒါပေမဲ့ ငါတို့က ကြီးမားတဲ့ ဖိအားဒဏ်ကို ခံရမယ်။ ချောင်ပြည်နယ်က ငါတို့ကို လမ်းဘေးခွေးတွေလို ဆက်ဆံလိမ့်မယ်။ ငါတို့မိသားစုရဲ့ သစ္စာရှိမှုတရားကို သူတို့က ယုံကြည်မှာ မဟုတ်ဘူး။ အချိန်အနည်းငယ် ကြာပြီဆိုတာနဲ့ ကျိန်းသေပေါက် ဒုက္ခပေးလိမ့်မယ်။
ပြီးတော့ သူတို့က အားကောင်းတဲ့လူတွေကိုပဲ ခိုလှုံစေချင်မှာပေါ့။ ချောင်ပြည်နယ်က ပညာတတ် အသိုင်းအဝိုင်း နိုင်ငံတစ်ခု။ သူတို့ရဲ့စည်းကမ်းတွေကလည်း တင်းကျပ်လွန်းတယ်။ ငါတို့ စုကလန်ရဲ့ လက်ကျန် အားအင်အဆင့်ကို အမှီခိုပြုပြီး သူတို့နဲ့ သွားရောက်ပူးပေါင်းဖို့ဆိုတာ အခုအချိန်မှာ မဖြစ်နိုင်တော့ဘူး။
ဒါပေမဲ့ အနောက်ပိုင်းဒေသက လူတွေကတော့ ခြားနားတယ်။ အဲဒီနေရာမှာ လမ်းဘေးသူခိုးတွေ၊ တေလေဂျပိုးတွေအပြင် နဂါးတွေလည်း ရောစပ်ပြီး တည်ရှိနေတယ်။ ငါတို့ အသက်ရှင်ဖို့ အသင့်တော်ဆုံး ရှုပ်ထွေးနေတဲ့ လောကကြီးတစ်ခုပဲ။
ဒါပေမဲ့ တခြားသော မျိုးနွယ်ကလူတွေ ဖြစ်တာကြောင့် စုကလန် အခြေချပြီးရင် ကျိန်းသေပေါက် ခွဲခြားခြင်း ခံရလိမ့်မယ်။ ငါတို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး အခြေအနေတစ်ခုကို ပူးပေါင်းတည်ဆောက်ရလိမ့်မယ်”
စုနန်၏စကားများက အစစ်အမှန်ကို ပြောဆိုခြင်း ဖြစ်၏။ သမွေးရပ်မြေတွင် တခြားသော နိုင်ငံသားများနှင့် တိုက်ခိုက်သည် ဆိုပါက နဖူးမှသွေး မြေပြင်ပေါ် ကျသည်အထိ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်၏။ ကိုယ်နှင့်မဆိုင်သည် ဆိုလျှင်တောင် တခြားသောနိုင်ငံသားဆိုပါက ဝင်ရောက်ကာ ရိုက်နှက်တတ်သည့် အလေ့အကျင့် ရှိ၏။
ထို့ကြောင့် တခြားသော နိုင်ငံဆီသို့ သွားရောက်သည့် အချိန်တွင် သူတို့ကို တခြားသောသူများက နွေးနွေးထွေးထွေး နှင့် ပွေ့ဖက်ကြိုဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သွားသည့်နေရာတွင် မိမိက ခေါင်းဆောင် မဟုတ်သလို အားနည်းသည့် လူတစ်ယောက်လည်း ဖြစ်၍ မရချေ။ ပိုမို၍ စည်းစည်းလုံးလုံးနှင့် နေထိုင်မှ ဖြစ်ပေလိမ့်မည်။
“အရှင်.. ကျုပ်တို့ အနောက်ပိုင်းဒေသကို သွားပြီးရင် ... အနာဂတ်မှာ ဒီကို ပြန်လာတိုက်ခိုက်မှာလား”
စုနန်က ပြောလိုက်၏။ “ပြန်လာမှာပေါ့။ ကျိန်းသေပေါက် ပြန်လာရမှာ။ အများဆုံး ဆယ်နှစ်ပဲ။ ဆယ်နှစ် ပြီးသွားရင် ငါတို့ လမ်းတစ်လျှောက်မှာ ရှိတဲ့ အရာအားလုံးကို ဖြေရှင်းရမယ်။ ရွှဲ့ပြည်နယ် တစ်ခုလုံးကို ကျိန်းသေပေါက် ရှုပ်ထွေးစေရမယ်”
“နင်ယွမ်ရှန်းက မီးနဲ့ကစားရတာကို ကြိုက်တယ်။ အလောင်းအစား လုပ်ရတာကို ကြိုက်တယ်။ တစ်နေ့မှာ သူကိုယ်တိုင် ရှုပ်ထွေးသွားလိမ့်မယ်။ နန်းပလ္လင်အတွက် တတိယမင်းသားနဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ ကြားမှာရှိတဲ့ အခြေအနေကို ဖြေရှင်းလို့ မရအောင် လုပ်ရမယ်။ ဒါဆိုရင် ရွှဲ့ပြည်နယ်က ပိုပြီး ရှုပ်ထွေးပြီ။ အဲဒီလို အချိန်ကောင်းမှာ ငါတို့ ပြန်လာရမယ်”