← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 30 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 30 Ch. 421-422

အပိုင်း (၄၂၁)

ထို့ကြောင့်ပင်လျှင် ဝူပြည်နယ်၏ မိန်းမလှထောင်ချောက်မှာ အရာမထင်ခဲ့ပေ။

ရှမ့်လန် တစ်စုံတစ်ယောက်ကို ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည့်အခါမှာတော့ အခြေခံအားဖြင့် လွတ်မြောက်နိုင်သည့် နည်းလမ်းဟူ၍ မရှိတော့ပေ။ ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ကျင်းရှိယန်အတွက် တရားမျှတပါရဲ့လား။ မမျှတချေ။

ကျင်းရှိယန်အပေါ်တွင် ရက်စက်ရာ ရောက်ပါသလား။ မဟုတ်ပေ။ လုံးဝရက်စက်ရာ မရောက်ပေ။

အမှန်တကယ် ရက်စက်ခြင်းဆိုသည်မှာ သစ္စာဖောက်မည်ကို ကြောက်၍ ထိုသူကို အချိန်မီ ခေါင်းဖြတ် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။ ဤကဲ့သို့ သစ္စာဖောက်မှုတွေ ပေါ်ပေါက်မလာခင်တည်းက ဖြစ်ပေါ်လာနိုင်သည့် မျိုးစေ့အညှောင့်ကို ဖယ်ရှားပစ်ခြင်းက စစ်မှန်သော ဂရုဏာတရားပင် ဖြစ်၏။ ကျင်းရှိယန်အပေါ် မမျှတမှုများ ရှိခဲ့သည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် တစ်သက်တာလုံး ထိုအကြောင်းအရာကို ဖုံးကွယ်ထားလိုက်ရုံသာ ရှိ၏။

...........

ဗျူဟာမှူး ဝူမူသည် ရဲတိုက်ကြီးအတွင်းသို့ ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်လိုစိတ် ရှိ၏။ သို့ပေမည့် သူ ထိုသို့ မပြုလုပ်နိုင်ကြောင်းလည်း ကောင်းကောင်းသိ၏။ ဗျူဟာမှူးသည် အလုံခြုံဆုံးနေရာ၌ နေထိုင်ရ၏။

လွန်ခဲ့သည့်ရက်များအတွင်း စိတ်ဆင်းရဲခဲ့ရသော ဝူယုက ရဲတိုက်ကြီးသို့ ဝင်ရောက်၍ ကျင်းရှိယန်နှင့် တွေ့ဆုံလိုစိတ် ရှိ၏။ သို့ပေမည့် သူမကလည်း ထိုသို့လုပ်၍ မဖြစ်နိုင်ချေ။ သူမက ကိုယ်ဝန်လွယ်ထားရပြီဖြစ်၏။ သူမ၏ ဝမ်းဗိုက်ထဲမှ ကလေးကို ကာကွယ်ရပေလိမ့်မည်။

ဝူစစ်တပ် အထူးရွေးချယ်ထားခဲ့သည့် လက်ရွေးစင်စစ်သည် ခြောက်ထောင်ကျော်တို့ကသည် လျင်မြန်စွာ ရွေ့လျားသွားကြ၏။ ခဏအတွင်းမှာပဲ သူတို့သည် ရဲတိုက်ကြီးအတွင်းထဲသို့ ဝင်ရောက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။

ကျင်းရှိယန်သည် တံခါးဝ၌ ရပ်ပြီး အပြင်ဘက်မှ ဝူမူနှင့် ဝူယုတို့ဆီသို့ လှည့်ကာ ကြည့်ရှုလိုက်၏။ ပတ်ဝန်းကျင်က အမှောင်ကျနေသော်လည်း ဝူယုသည် ကျင်းရှိယန်၏ အကြည့်ကို ခံစားမိ၏။ ထို့ကြောင့် နှုတ်ခမ်းကို စူပြီး လေထဲတွင် အနမ်းတစ်ပွင့် စေလွှတ်လိုက်သေးသည်။

ကျင်းရှိယန်သည် အလွန်ရှုပ်ထွေးနေသည့် မျက်နှာ အမူအရာဖြင့် ပြုံးလိုက်မိ၏။ ပြီးနောက် သူက ရဲတိုက်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။

ဝူယုက ရုတ်တရက် ပြောဆိုလိုက်သည်။ “ဗျူဟာမှူး.. ဒါက အရမ်းကို လွယ်ကူချောမွေ့နေတယ်လို့ မထင်ဘူးလား”

ဝူမူက ဆိုလိုက်၏။ “ဘာကို ဆိုလိုချင်တာလဲ”

“အမှောင်ကျတယ်ဆိုပေမဲ့ ကျွန်မတို့ စစ်သည် ခြောက်ထောင်လုံးက တိတ်တဆိတ် လှုပ်ရှားနိုင်ဖို့ တခြားချပ်ဝတ်တန်ဆာတွေ မဝတ်ဘဲ ကောက်ရိုးဖိနပ်တွေကိုပဲ ဝတ်ဆင်ထားတယ်။ ဒါပေမဲ့ ရဲတိုက်ထဲကို ဝင်တဲ့အချိန်မှာ ဘယ်သူမှ သတိမပြုမိခဲ့ကြဘူး။ ဒါက နည်းနည်း ပုံမှန်မဟုတ်သလို ခံစားမိစေတယ်”

“ရဲတိုက်ကြီးအပေါ်ကို ကြည့်လိုက်လေ” ဝူမူက ပြောလိုက်၏။

ဝူယုသည် ရဲတိုက်ကြီး၏ ထိပ်တည်နေရာသို့ မော့ကာ ကြည့်ရှုလိုက်၏။ ကျင်းမိသားစု၏ စစ်သည်များသည် ပုံမှန်အတိုင်း ကင်းလှည့်နေ၏။ ရဲတိုက်ကြီးထိပ်မှ စစ်သည်များက မြေပြင်ပေါ် သတိကြီးစွာဖြင့် စောင့်ကြည့် နေကြဆဲ ဖြစ်၏။ သို့ပေမည့် မီးပြတိုက်၏ အလင်းသည် တစ်ခါတစ်ရံမှသာ ထိုနေရာသို့ ရောက်ရှိ၏။ ထိုအရာကသည်လည်း ရန်သူလာရောက် တိုက်ခိုက်လာခြင်း ရှိမရှိ သိရှိရန် တစ်ခါတစ်ရံ မီးထိုးကာ ကြည့်ရှုခြင်း ဖြစ်၏။ အရာအားလုံးက ပုံမှန်အတိုင်းပင်။

ဝူမူက ပြောလိုက်သည်။ “အကြောင်းရင်းက ကျင်းရှိယန် တံခါးဖွင့်ပေးခဲ့လို့ပဲ။ ကျင်းမူလန်ကလည်း အနားယူ နေတယ်။ ဒီတော့ သူက ရဲတိုက်ထဲမှာ အဆင့်အမြင့်ဆုံး တပ်မှူးတစ်ယောက်အဖြစ် ကျန်ရှိခဲ့တာ။ တံခါးဖွင့်ဖို့ အကောင်းဆုံးအချိန်ကို သူ ကောင်းကောင်းသိတာပေါ့။”

ဝူယုက ပြုံးလျက်ဆိုလိုက်၏။ “ဟုတ်သားပဲ။ ကျွန်မ စိုးရိမ်လွန်နေတာပဲ ဖြစ်မှာ”

ထိုအခိုက်အတန့်မှာတော့ ရဲတိုက်ကြီးအတွင်းမှ ခေါင်းလောင်းသံကျယ်ကြီးက ထွက်ပေါ်လာ၏။ “ရန်သူ တိုက်ခိုက်ပြီ။ ရန်သူဝင်လာပြီ။ ရန်သူတွေ ဝင်လာကြပြီ”

အသံက အလွန်တရာ စူးရှ၏။ ပြီးနောက် ရဲတိုက်ကြီးတစ်ခုလုံးက ဆူညံသွားခဲ့၏။ ရဲတိုက်ကြီးထိပ်တွင် မီးအလင်းရောင်များ မရေမတွက်နိုင်အောင်ပင် များပြားစွာဖြင့် လင်းထိန်လာခဲ့သည်။

“တိုက်ပွဲအတွက် ပြင်ဆင်ကြ။ တိုက်ပွဲအတွက် ပြင်ဆင်ကြ” ရဲတိုက်ကြီးတစ်ခုလုံးက အကြီးအကျယ် ပွက်လော ရိုက်သွားလေ၏။ ပြီးနောက် အတွင်းဘက်မှ တိုက်ခိုက်သည့်အသံ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ဝူမူသည် သက်ပြင်းရှည်ကြီးကို စိတ်သက်သာရာရသလိုပင် ချလိုက်မိသည်။ “အောင်မြင်သွားပြီပဲ။ ငါ သေသေချာချာ ရွေးချယ်ထားခဲ့တဲ့ လက်ရွေးစင် စစ်သည်ခြောက်ထောင်ကျော်တို့က ရဲတိုက်ကြီးထဲကို ရောက်သွားကြပြီ။ ကျင်းမိသားစုအတွက် အခွင့်အရေး မရှိတော့ဘူး”

ဝူယုက ပြောဆိုလိုက်၏။ “တကယ့်ကို ဇာတ်သိမ်းသွားခဲ့ပြီပဲ။ ရဲတိုက်ထဲမှာ စစ်သည်ပေါင်း သုံးထောင်တောင် မကျန်တော့ဘူး။ ပြီးတော့ သူတို့က အရမ်းကို ပင်ပန်းနွမ်းနယ်နေကြတယ်။ ဒီရဲတိုက်ကြီးသာ မခိုင်ခံ့ဘူးဆိုရင် သူတို့ရှုံးတာ ကြာပြီပေါ့။ အခု ရဲတိုက်တံခါးကလည်း ပွင့်သွားခဲ့ပြီ။ ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ နုရှောင့်မြို့ကို သိမ်းပိုက်ဖို့က ကျွန်မတို့အတွက် အရမ်းကို လွယ်ကူတဲ့ ကိစ္စဖြစ်သွားပြီ”

“အင်း... ကျင်းရှိယန်က ဒီတစ်ခါ ဦးဆောင်ပြီး လုပ်နိုင်ခဲ့တာပဲ”

ဝူမူက ပြောကာပြောလိုက်၏။ “စိတ်မပူနဲ့။ သူ အများကြီး ကြိုးစားခဲ့တာပဲ”

ရဲတိုက်ကြီးအတွင်းမှ တိုက်ခိုက်သံများက တစ်စနှင့်တစ်စ ပိုမို၍ ပြင်းထန်လာ၏။ ပြီးနောက် ရဲတိုက်၏တံခါးက ဖြည်းညင်းစွာဖြင့် ပြန်လည်ပိတ်သွားသည်။ “ဗျူဟာမှူး.. သူတို့ တံခါးပြန်ပိတ်သွားပြီ”

ဝူမူ၏ မျက်ခုံးများက တွန့်ကနဲဖြစ်သွား၏။ သူ ဆုံးဖြတ်ချက်တစ်ခုကို ချရပေတော့မည်။ စစ်ကူများကို ထပ်မံစေလွှတ်ရမည်လား။ အကယ်၍ စစ်ကူများကို ထပ်ကာ စေလွှတ်မည်ဆိုပါက စစ်သည်များက နေ့နေ့ညည တိုက်ခိုက်ခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်လျက် ရှိနေကြ၏။ ခဏလောက် တွန့်ဆုတ်ပြီးနောက်မှာတော့ ဝူမူသည် သတ္တိကြီးစွာဖြင့် စစ်ကူများကို ထပ်မံ စေလွှတ်ရန်သာလျှင် ဆုံးဖြတ်ချက်ချလိုက်၏။

“အင်း.. လျန်ချန်၊ ထန့်ရှောင်... မင်းတို့ စစ်သည် လေးထောင်ကို ဦးဆောင်ပြီး ရဲတိုက်ထဲကို ဝင်။ ဝူလင်းကို ကူညီဖို့ သွားကြ။ တစ်နာရီအတွင်း ရဲတိုက်ကိုသိမ်းပိုက်ပြီး ကျင်းမိသားစုရဲ့ စစ်တပ်ကို အမြစ်ဖြတ် သုတ်သင်ရမယ်”

“ကောင်းပါပြီ” ဝူမူ၏ တပ်မှူးနှစ်ဦးတို့က အထူးရွေးချယ်ထားခဲ့သည့် စစ်သည်လေးထောင်ကို ဦးဆောင်၍ ရဲတိုက် အတွင်းသို့ ထပ်မံကာ လိုက်သွားသည်။

ထိုအချိန်မှာတော့ ရဲတိုက်အတွင်း ဝူစစ်သည်ပေါင်း တစ်သောင်းကျော် ရောက်ရှိသွားပြီး ကျင်းမိသားစုတွင် အများဆုံး နှစ်ထောင်မှ သုံးထောင်ခန့်သာလျှင် ရှိ၏။ ဤတိုက်ပွဲကို အနိုင်ရရှိမှာ သေချာသွားခဲ့ပြီဖြစ်၏။

ဝူမူက စိတ်လှုပ်ရှားမိသော်လည်း လက်ဖက်ရည်ခွက်ကို အသာကောက်ယူ၍ အရသာခံကာ တစ်ငုံချင်းစီ သောက်သုံးလိုက်၏။ အောင်နိုင်မှုက ထင်ထင်ရှားရှား ဖြစ်တည်နေပြီဖြစ်၏။ ကျင်းမိသားစုသည် ပျက်စီးခြင်း၊ နုရှောင့်မြို့၏ ပိုင်ရှင်ပြောင်းလဲခြင်း .... အရာအားလုံး ဖြစ်တည်လာပေတော့မည်။

ဝူမူက စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးကို ထပ်မံချလိုက်မိ၏။ တိုက်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပြီး နောက်ဆက်တွဲ ဝမ်ကျားကျွန်းနှင့် ကျင်းချန်ကျွန်းကို သိမ်းပိုက်ခြင်းဆိုသည်မှာ သူ့အတွက် ထမင်းစား ရေသောက်သကဲ့သို့ပင် လွယ်ကူသည့်အရာ ဖြစ်ပေမည်။ လေ့ကျိုးကျွန်းစုလုံးကို မည်သည့်သို့ အုပ်ချုပ်ရမည် ဖြစ်ကြောင်းကိုပင် စဉ်းစားရန် အချိန်ကျရောက်လာခဲ့၏။

“အရှင်မင်းကြီး.... ကျုပ် အရှင့်ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး”

...........

ရဲတိုက်ကြီး၏ အတွင်းဘက်မှာတော့ ဝူစစ်သည်ပေါင်း တစ်သောင်းကျော်က အမှန်တကယ်ပင် မည်သူ့မှ တားဆီးနိုင်စွမ်း မရှိသည့် ပြိုင်ဘက်ကင်း စစ်သည်များကဲ့သို့ပင် ဖြစ်၏။ သူတို့သည် ထိုက်တန်သည့် ခုခံမှုမျိုးကိုပင် တစ်စုံတစ်ခုမှ မကြုံတွေ့ရခဲ့ချေ။ အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဆိုသော်လည်း ကျင်းမိသားစု၏ စစ်သည် တော်တော်များများတို့က မြို့ရိုးပေါ်မှာသာရှိပြီး ရဲတိုက်၏ အတွင်းဘက်တွင် စစ်သည်အများအပြား မရှိသောကြောင့်ပင်။

ခဏအကြာမှာတော့ ရဲတိုက်၏အတွင်းမှ ကျင်းမူလန်၏အသံက ထွက်ပေါ်လာ၏။ “သစ္စာဖောက်တွေက တံခါးဖွင့်ပေးလိုက်ပြီ။ မြို့ရိုးပေါ်မှာ စစ်သည်အနည်းငယ်ပဲ ချန်ထား။ ကျန်တဲ့စစ်သည်တွေ အကုန်လုံး အဓိက ခန်းမဆောင်ဆီကို လာစုကြ”

ကျင်းမူလန်၏ အမိန့်အတိုင်း ရဲတိုက်ထဲတွင် ရှိနေသည့် စစ်သည်အားလုံးက အဓိကခန်းမဆောင် ဆီသို့ တဖြည်းဖြည်း ဆုတ်ခွာကြ၏။

ကျင်းရှိယန်က အရှေ့မှာ လမ်းပြကာ ဦးဆောင်သွား၏။ သူ၏နောက်မှာ ဝူစစ်သည် တစ်သောင်းကျော်တို့သည် ကြီးမားပြင်းထန်လွန်းသည့် လူအရေအတွက် အရှိန်အဟုန်နှင့်တကွ အဓိကခန်းဆောင်ထဲသို့ လိုက်ဝင်ကြသည်။

“စစ်သူကြီးဝူလင်း... ဒီစစ်လေ့ကျင့်ရေးကွင်းကြီးကို ဖြတ်သွားပြီးရင် အဓိကခန်းဆောင်ကို ရောက်ပြီ။ ကျင်းမူလန်က ကျန်တဲ့စစ်သည်တွေကို ဦးဆောင်ပြီး အဲဒီမှာ နောက်ဆုံးခုခံမှုကို ပြုလုပ်နေမှာ။ ကျုပ်တို့ အဓိကခန်းဆောင်က ကျင်းမူလန်ကို ဖမ်းဆီးနိုင်မယ်ဆိုရင် ကျင်းမိသားစုရဲ့ ကျန်တဲ့စစ်သည်တွေက အညံ့ခံလိမ့်မယ်။ ဒါဆိုရင် နုရှောင့်မြို့ရဲ့ တိုက်ပွဲက ပြီးသွားပါပြီ”

ချောင်ထျန်းဝေ၏ ရဲတိုက်သည် အလှအပဆိုင်ရာ မည်သည့် တန်ဆာဆင်ထားခြင်းမှ မရှိဘဲ လုံခြုံရေး အရဦးစားပေး တည်ဆောက်ထားသည့် အရာဖြစ်၏။ ရဲတိုက်ကြီးအတွင်းတွင် ပန်းဥယျာဉ်များ၊ ရေကန်များ မရှိချေ။ အေးစက်သည့် ကျောက်တုံးကျောက်ခဲများသာ ရှိ၏။ အလယ်ဗဟိုရှိ အဓိက ခန်းဆောင်ကြီးသည် ချောင်ထျန်းဝေ ပုံမှန်အားဖြင့် လုပ်ငန်းကိစ္စများ ပြုလုပ်ဆောင်ရွက်ရာ နေရာဖြစ်၏။

အဓိကခန်းဆောင်ကြီး၏ အရှေ့မှာတော့ အလွန်ကြီးမားသည့် စစ်လေ့ကျင့်ရေးကွင်းကြီး တစ်ခုရှိ၏။ ထိုအရာက စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး စစ်သည်တစ်သောင်းခန့်ပင် သေသေချာချာ နေရာချ ထားနိုင်အောင် ကျယ်ပြောသည်။

ချောင်ထျန်းဝေသည် အဓိကရဲတိုက်ကြီး၏ မြင့်မားသည့် လသာဆောင်ပေါ်တွင် မတ်မတ်ရပ်ပြီး အောက်တွင် ရှိနေသည့် စစ်သည်များ လေ့ကျင့်နေသည်ကို ကြည့်ရှုလေ့ရှိ၏။

ထိုအချိန်မှာတော့ ဝူပြည်နယ်၏ စစ်သည်ပေါင်း တစ်သောင်းကျော်တို့က အဓိကခန်းမ၏ အရှေ့ စစ်လေ့ကျင့်ရေးကွင်းအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြ၏။ စစ်လေ့ကျင့်ရေးကွင်းကြီးက ကြီးမားသည်ဆိုသော်လည်း စစ်သည်တစ်သောင်းတို့ ဝင်ရောက်လာသည့်အချိန်မှာတော့ ပြည့်ကျပ်ညှပ်လုမတတ် ဖြစ်လို့နေသည်။

“စုစည်းကြ။ သေသေချာချာ တန်းစီကြ” ဝူလင်းက အော်ဟစ်လိုက်၏။

ဝူပြည်နယ်၏ စစ်သည်တစ်သောင်းကျော်တို့သည် ရဲတိုက်အတွင်းတွင် ရှိနေသည့် စစ်လေ့ကျင့်ရေးကွင်းတွင် တန်းစီလိုက်ကြ၏။ အဓိကခန်းဆောင်ထဲမှ လူများ တစ်ချက်ကလေးမှ လွတ်ထွက်မသွားစေရန် အလုံးစုံ ပိတ်ပင်ဝန်းရံထားလိုက်ကြသည်။

ကျင်းမူလန်သည် စစ်သည်နှစ်ထောင်၊ သုံးထောင်ခန့်ကို ဦးဆောင်၍ အဓိကခန်းမ၏ အတွင်း ရှိလို့နေ၏။

တပ်မှူးချုပ် ဝူလင်းက ပြောဆိုလိုက်သည်။ “သခင်မလေးကျင်းမူလန်... မင်း ငါတို့ရဲ့ ဝိုင်းရံခြင်းကို ခံထားရပြီ။ ခုခံကာကွယ်နေလည်း အလကားပဲ။ မင်းတို့ ဒုက္ခရောက်ပြီဆိုတာ သေချာပြီ။ ယခုချက်ချင်း လက်နက်ချလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”

“ဒီမြို့ကြီး တည်ရှိနေသရွေ့ ကျွန်မတို့ အသက်ရှင်မယ်။ မြို့ကြီးပျက်စီးသွားရင် ကျွန်မတို့လည်း သေမယ်” ကျင်းမူလန်၏ အသံက အဓိကခန်းဆောင်၏ အတွင်းမှ ထွက်ပေါ်လာခဲ့၏။

စစ်သူကြီးဝူလင်းက အေးစက်စက်နှင့် ပြုံးလိုက်၏။ ယခုအချိန်၌ သူနှင့် ကျင်းမူလန်တို့၏ကြားတွင် ခြားနားသည်မှာ နံရံလေးတစ်ချပ်သာလျှင် ရှိ၏။ ဤနံရံကလည်း မြို့ရိုး၏ တံခါးနံရံမျိုး မဟုတ်ချေ။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ချိုးဖောက်ဝင်ရောက်၍ ရ၏။ သို့ပေမည့် ကျင်းမူလန်က ယခုအချိန်ထိ စကားကြီးစကားကျယ်များကို ပြောဆိုလျက် ရှိနေတုန်းပင်။ သေချင်နေလေသည်လား။ ထိုသို့ဆိုလျှင် သူက ဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းပေးလိုက်ရုံသာလျှင် ရှိသည်။

“အဓိကခန်းဆောင်ထဲကို တစ်ရှိန်ထိုးဝင်ဖို့ ပြင်ကြ။ အားလုံးကို သတ်ပစ်” တပ်မှူး ဝူလင်းက အော်ဟစ် လိုက်၏။

“သတ် သတ်” စစ်သည်ပေါင်း တစ်သောင်းတို့သည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားကြ၏။ သူတို့၏ ဂုဏ်သတင်းက မကြာခင် ကျော်ကြားတော့မှာ ဖြစ်၏။ သူတို့သည် ဂုဏ်သိက္ခာ ကျော်ကြားအောင် မိမိဘာသာ ပြုမူနိုင်စွမ်းရှိသည့် အခြေအနေကို ပိုင်ဆိုင်နေ၏။ အဘယ်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ဤမြို့တော်ကြီးက ဝူပြည်နယ်၏ ပိုင်ဆိုင်မှုဖြစ်လာပေတော့မည်။ ထို့အပြင် ဗျူဟာမှူးဝူမူက သတိပေးထား ခဲ့သေး၏။ နုရှောင့်မြို့ကို သိမ်းပိုက်နိုင်သည်ဆိုလျှင် ကျင်းမိသားစု လက်ဝယ်ပိုင်ဆိုင်ထားသည့် ရွှေငွေရတနာများ အားလုံးကို ယူနိုင်သည်ဆိုသည့် အကြောင်းအရာပင်။ ကျင်းမိသားစုက ခေါင်းမာစွာ ခုခံနေသည်ဆို ဆိုသောကြောင့် သူတို့အနေနှင့် အမြစ်ပြတ်ချေမှုန်းရုံသာ တတ်နိုင်တော့၏။

“နေအုံး”

ကျင်းရှိယန်က ပြောလိုက်သည်။ “သခင်မလေး ကျင်းမူလန်ကို လက်နက်ချဖို့ ဖျောင်းဖျလိုက်အုံးမယ်။ ကျုပ်တစ်ယောက်တည်း ဝင်လိုက်ပါ့မယ်”

ဝူလင်းက အံ့အားသင့်သွား၏။ “ကျင်းရှိယန်.. မင်းဝင်သွားရင် မင်းကို သူတို့က အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိမ့်မယ်နော်”

ကျင်းရှိယန်က ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ကျင်းမိသားစုရဲ့ နောက်ဆုံးကျန်တဲ့ ဒီစစ်သည်တွေအကုန်လုံး သတ်ဖြတ်ခံရမှာ ကျုပ်မကြည့်နိုင်ဘူး။ ကျုပ်ဝင်ပြီး သူတို့ကို လက်နက်ချဖို့ ဖျောင်းဖျပါရစေ”

ဝူလင်းသည် စိတ်ထဲမှာ အေးစက်စက် ပြုံးလိုက်မိ၏။ ‘ကျင်းရှိယန်.. မင်းက ပြည့်တန်ဆာလုပ်နေပြီးတော့မှ သီလရှင်ဝတ်ချင်နေတဲ့ ကောင်မျိုးပဲ။ မင်းသူတို့ကို ပွင့်ပွင့်လင်းလင်း သစ္စာဖောက်ခဲ့ပြီးပြီ။ ဘယ်လိုလုပ်ပြီး သခင်ဟောင်းအပေါ် သစ္စာရှိနေရတာလဲ။ သူတို့အားလုံး သေဆုံးသွားမှာကို ဘယ်လိုဖြစ်ပြီး မကြည့်ရက်နိုင်သလို လုပ်နေရတာလဲ’

သို့ပေမည့် ဤအပြုအမူသည် ကျင်းရှိယန်အပေါ်တွင် ထားရှိသည့် ဗျူဟာမှူး ဝူမူ၏ သုံးသပ်ချက်နှင့် တကယ်ပဲ ကိုက်ညီ၏။ ဂုဏ်သိက္ခာနှင့် ကြွယ်ဝချမ်းသာမှုကို လိုချင်သော ကျင်းရှိယန်သည် စာရိတ္တ၏ အခြေခံစည်းမျဉ်း ကိုတော့ ဘယ်တော့မှ ဖောက်ဖျက်လိမ့်မည် မဟုတ်ချေ။ ထိုအရာက ရယ်ရွှင်စရာကောင်းသည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ အမူအကျင့်ပင် ဖြစ်သည်။

ဝူလင်းသည် ကျင်းရှိယန် သူ၏အသက်ကို စတေးသွားမည်ဖြစ်ကြောင်း နားလည်မိ၏။ ထိုကဲ့သို့ ပြုလုပ်မည်ဆိုလျှင်ပင် သူက တားဆီးလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျင်းရှိယန်သည်သာ ဝူမူ၏ဘက်ဆီသို့ ပါသွားသည်ဆိုပါက သူ ဝူလင်း၏ ရာထူးနေရာကို ခြိမ်းခြောက်လာနိုင်သည် မဟုတ်ပါလား။

“ကဲ... သေချာစဉ်းစားပြီးပြီဆိုရင်လည်း သွားလေ”

ဝူလင်းက ပြောလိုက်၏။ “ဒါပေမဲ့ အထဲမှာ သေသွားရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့”

ကျင်းရှိယန်က လက်သီးနှစ်ဖက်ကို ဆုပ်ကာဖြင့် ဂါရဝပြုလိုက်သည်။ “သခင်မလေး ကျင်းမူလန်.. ကျုပ် ကျင်းရှိယန်ပါ။ ကျုပ်တို့ နှစ်ယောက်ချင်း ညှိနှိုင်းဆွေးနွေးလို့ရလား။ သခင်မလေးမူလန်... ဒီတိုက်ပွဲမှာ မျှော်လင့်ချက် မရှိတော့ပါဘူး။ လက်နက်ချလိုက်ကြပါတော့။ ကျင်းမိသားစုရဲ့ နောက်ဆုံး အင်အား၊ အသက်တွေကို ထိန်းသိမ်းနိုင်ဖို့ သခင်မလေး ဒီစစ်တပ်ကို ဦးဆောင်ပြီး ကိုယ့်ပိုင်နက်နယ်မြေဆီ ပြန်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

ထိုစကားကို ကြားသည့်အခါမှာတော့ စစ်သူကြီးဝူလင်းသည် စိတ်ထဲတွင် အေးစက်စက်သာ ပြုံးလိုက်မိ၏။ ‘အင်း.. အိပ်မက်ထဲမှာပဲ ရမယ်’

ကျင်းမူလန်ကို ဖမ်းဆီးပြီး သူမ၏ သိုင်းပညာနှင့် အရိုးအကြော၊ အရွတ်များ အားလုံးကို ဖျက်ဆီးပစ်မှာဖြစ်၏။ ပြီးနောက် ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံမင်းသားနင်ယီဆီသို့ ပေးပို့ရပေမည်။ ကျင်းမိသားစု၏ နောက်ဆုံးစစ်တပ်က အဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရခြင်း၊ ထိုနှစ်မျိုးသာလျှင် ရှိ၏။ ပြန်လွှတ်ပေးဖို့ဆိုသည်မှာ အလုံးစုံ မဖြစ်နိုင်ချေ။

ကျင်းမူလန်က အေးစက်စက်နှင့် လှမ်းအော်လိုက်၏။ “ကျင်းရှိယန်... ရှင်က တကယ့်ကို သစ္စာဖောက်ပဲ။ ပြီးတော့ သေသေချာချာ စဉ်းစားတာ ပိုကောင်းမယ်နော်။ ဝင်လာပြီဆိုတာနဲ့ အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မှာ”

ကျင်းရှိယန်က ပြောလိုက်သည်။ “ကျုပ်တစ်ယောက်တည်းပါပဲ။ သခင်မလေး ကြိုက်သလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ပြောခဲ့တဲ့စကားတွေ အကုန်လုံးက နှလုံးသားထဲကနေ လာတာပါ။ ကျင်းမိသားစုဆီမှာ အခွင့်အရေး ဆိုတာ မရှိတော့ဘူး။ ဒီတော့ လက်နက်ချလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

ကျင်းရှိယန်သည် အဓိကခန်းဆောင်၏ လှေကားထစ်များ အဆုံးထိသို့ အသာပင် လျှောက်သွားပြီး တံခါးတစ်ချပ်ကို အသာတွန်းဖွင့်၏။ သူ၏လက်ကို မြှောက်ကာ အထဲသို့ လှမ်းဝင်လိုက်၏။

အတွင်း၌ ကျင်းမူလန်၏အသံက ပေါ်လာသည်။ “သူ့ကို ဖမ်းလိုက်စမ်း”

ရုတ်တရက် ဝင်ရောက်လာသော ကျင်းရှိယန်က ချက်ချင်းပင် အဖမ်းခံလိုက်ရ၏။

‘ဘုန်း’ ပြီးနောက် တံခါးက ပြန်လည်ကာ ပိတ်သွားသည်။

အပိုင်း (၄၂၂)

“ဟား ဟားဟား ဟား”

စစ်သူကြီးဝူလင်းက ဆိုလိုက်၏။ “ကျင်းမူလန်က တကယ့်ကို ရဲစွမ်းသတ္တိရှိတာပဲ။ သေတော့မယ်ဆိုတာတောင် မသိဘူး။ ဒီပါးလွှာတဲ့ တံခါးလေးတစ်ချပ်နဲ့ ငါ့ရဲ့ စစ်သည်ပေါင်း တစ်သောင်းကျော်ကို တားဆီးချင်နေသေးတယ်။ အိပ်မက်မက်နေတာပဲ ဖြစ်မယ်”

“ကျင်းမူလန်.. ကျုပ် ငါးကနေ စရေမယ်။ တစ် ရောက်တဲ့အထိသာ တံခါးမဖွင့်ဘူးဆိုရင် အားလုံးကို သတ်ပစ်မယ်။ ငါး လေး သုံး နှစ် တစ်”

ရေတွက်မှု ပြီးဆုံးသွားသည်။

“အားလုံးပဲ တိုက်ခိုက်ကြ” စစ်သူကြီးဝူလင်းက ဟစ်အော်လိုက်၏။

ထိုအချိန်မှာပဲ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း....

သူတို့၏ ခေါင်းအပေါ်သို့ ဘာမှန်းမသိသည့် အရာများ ပြုတ်ကျလာခဲ့သည်။

ဘုန်း၊ ဘုန်း၊ ဘုန်း... စစ်လေ့ကျင့်ရေးကွင်း၏ ပတ်ပတ်လည်ရှိ တံခါးအားလုံးက ပိတ်သွားခဲ့၏။ စစ်သူကြီးဝူလင်းက ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ သူက ခေါင်းကို မော့ကာ ကြည့်ရှုလိုက်၏။ စစ်လေ့ကျင့်ရေးကွင်း၏ အပေါ်ဘက် တည်နေရာတစ်ခုလုံးတွင် သစ်သားပျဉ်ပြားများနှင့် အလုံပိတ်ထားသည်ကို မြင်ရ၏။ အပေါ်ဘက် လေဟာနယ်တစ်ခုလုံး၏ တစ်ဝက်လောက်က ပိတ်ထား၏။

“ဘယ်လိုဖြစ်ပြီးတော့ စစ်လေ့ကျင့်ရေးကွင်းရဲ့ အပေါ်တစ်ဝက်လောက်ကို ပိတ်ထားရတာလဲ။ ကျင်းမိသားစုက ဘာတွေ ဖျန်းချင်နေတာလဲ။ အဆိပ်တွေ ဖျန်းချင်နေတာလား။ ဒါပေမဲ့ လောကကြီးမှာ ဒီလောက်များတဲ့ အဆိပ်ဆိုတာ ဘယ်လိုလုပ်ရှိမှာလဲ။ လူတစ်သောင်းလောက်ကို တစ်ခါတည်း သတ်နိုင်တဲ့ အဆိပ် ဘယ်မှာလဲ”

“မဟုတ်ဘူးကွ။ ဒါ ဂျုံမှုန့်တွေပဲ။ ဒါဂျုံမှုန့်တွေပဲ” ဝူစစ်သည်တစ်ယောက်သည် သူ၏နှုတ်ခမ်းကို လျှာနှင့်အသာ သပ်ကာဖြင့် ဆိုသည်။

ဝူလင်းသည် လက်ကို အသာဖြန့်ပြီး လက်ဖဝါးတွင် ရှိနေသည့် ဂျုံမှုန့်များကို အနံ့ခံကြည့်၏။ ဤအရာက ဂျုံနံ့ ထွက်၏။ ပြီးနောက် ထိုဂျုံမှုန့်များက လတ်ဆတ်ပြီး ခြောက်သွေ့နေ၏။ ဂျုံဆိုသည်မှာ ဝိုင်ချက်ရန် သို့မဟုတ် ဂျုံထမင်းများ ပြုလုပ်ရန် အသုံးပြုသည့် အရာမဟုတ်ပါလား။ အဘယ့်ကြောင့် အမှုန့်ဖြစ်အောင် ကြိတ်ထားရသနည်း။

“ဟား ဟားဟား ဟား”

ကျင်းမိသားစုက ရူးသွပ်သွားခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်ယံတစ်ခုလုံး ဂျုံမှုန့်များကို ဖြန့်ကျဲနေ၏။ သူတို့ စားစရာ မရှိမည်ကို စိုးရိမ်နေ၍လား။ သို့မဟုတ် သူတို့ မည်သူ့ကိုမှ မမြင်ရအောင် အဖြူရောင် ဂျုံမှုန့်များဖြင့် မျက်လုံးများကွယ်အောင် ဖန်တီးထားချင်သည်လား။ ထိုအရာများက သူတို့၏ မျက်လုံးများကို ကွယ်သွားစေမည်ဆိုလျှင်တောင်မှ စက္ကန့်ပိုင်းလောက်သာလျှင် ဖြစ်ပေလိမ့်မည်။ ဘာတစ်ခုမှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ကျင်းမိသားစုသည် လောက်လွှဲအသေးများဖြင့် ဆက်တိုက်ဆိုသလို ပစ်လွှတ်ပြန်၏။ စစ်သည်ရာပေါင်းများစွာ တို့သည် ထိုလောက်လွှဲများနှင့် ရူးမတတ် ပစ်နေကြ၏။ မျက်စိတစ်မှိတ် အတွင်း တစ်ဝက်တစ်ပျက် ပိတ်ထားသည့် ကြီးမားလွန်းသော စစ်လေ့ကျင့်ရေးကွင်းတစ်ခုလုံးက ဂျုံမှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။

ဂျုံမှုန့်အိတ် ထောင်ပေါင်းများစွာ၊ ကီလိုဂရမ်သိန်းပေါင်းများစွာတို့က ဤနေရာထဲသို့ လွင့်စင်လျက် ရှိနေ၏။ အဖြူရောင် အငွေ့များက ဖုံးဖုံးထနေ၏။ စစ်လေ့ကျင့်ရေးကွင်းတစ်ခုလုံးသည် အဖြူရောင်ကွင်းကြီးတစ်ခု ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။

“ထွီ ထွီ မစားကြနဲ့ကွ။ မစားကြနဲ့တော့။ တိုက်ဖို့ပြင်ကြတော့။ ခန်းမဆောင်ထဲကို ဖောက်ဝင်။ ပြီးရင် ကျင်းမိသားစုရဲ့ စစ်တပ်တွေအကုန်လုံးကို သတ်ပစ်တော့”

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဝူပြည်နယ်၏ စစ်သည်ပေါင်း တစ်သောင်းကျော်တို့က ရူးမတတ်ပင် ဝင်ရောက်ကာ တိုက်စစ်ဆင်ကြ၏။

သို့ပေမည့် ကျင်းမိသားစုသည် ဂျုံမှုန့်များ ပစ်ပေါက်ခြင်းကို လက်ရှိအခြေအနေ၌ ရပ်တန့်သွားခဲ့ကြ၏။ ပြီးနောက် ခြေသံများကို ကြားရ၏။ ထိုခြေသံများက အနောက်ဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားသည့် ခြေသံမျိုးပင်။

ပြီးသည့်နောက် ဝှစ်၊ ဝှစ်.. မီးမြားများ ရုတ်တရက် ကျရောက်လာခဲ့သည်။

တပ်မှူးဝူလင်းက အံ့အားသင့်စွာဖြင့် အော်လိုက်၏။ “ဘာလို့ မြားတွေ ပစ်နေတာလဲ”

မီးမြားပေါင်း တစ်ဒါဇင်ကျော်တို့ အောက်သို့ ကျဆင်းလာသည့်အချိန်မှာတော့ အောက်တွင် ပြည့်နှက်လျက် ရှိနေသည့် ဂျုံမှုန့်များနှင့် ထိတွေ့သွား၏။ ပြီးနောက် ဂျုံမှုန့်များအားလုံးက စတင်ကာ မီးစွဲလောင်တော့သည်။

ဘုန်း။ ဘွမ်း၊ ဘွမ်း၊ ဘုန်း...

လောကကြီးတစ်ခုလုံး တုန်လှုပ်စေနိုင်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်အထက်ဆီပင် မီးတောက်ကြီးက ထိုးတက်သွားခဲ့၏။ ညကောင်းကင်ယံ တစ်ခုလုံးပင် လင်းထိန်သွား၏။

ဤပေါက်ကွဲမှု၏ အားအင်အဆင့်က ရှမ့်လန်၏ ယမ်းမှုန့်များထက်ပင် ပိုမိုကာ ကျော်လွန်သွားခဲ့၏။ မီတာထောင်ပေါင်းများစွာ ရှိသော တည်နေရာကြီးတစ်ခုလုံးသည် မီးတောက်များ၏ ဝါးမြိုခြင်းကို ခံခဲ့ရ၏။ လောကကြီးတစ်ခုလုံး တုန်ခါသွားနိုင်လောက်သည့် ပေါက်ကွဲမှုကြီးပင်။ ဆင့်ကဲပေါက်ကွဲမှုများမှာလည်း ဆက်တိုက်ဆိုသလို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေ၏။ မီးတောက်များကလည်း ကောင်းကင်ပေါ်သို့ တစ်ခုပြီး တစ်ခု ထိုးတက်နေသည်။

မျက်စိတစ်မှိတ်အတွင်း မရေတွက်နိုင်သည့် ဝူစစ်သည်များသည် ရုတ်တရက် ပေါက်ကွဲမှုကြောင့် လွင့်စင်သွား ခဲ့ကြပြီး အများစုမှာတော့ မြေပေါ်၌ လူးလိမ့်နေ၏။

ဘုန်း၊ ဘုန်း... ပတ်ဝန်းကျင်ရှိ တံခါးအားလုံးကလည်း ပေါက်ကွဲမှုဒဏ်ကို မခံနိုင်ဘဲ လွင့်စင်ထွက်ကုန်သည်။

လောကကြီးထဲတွင် ဂျုံမှုန့်ပေါက်ကွဲမှုများ ဆိုသည်မှာ ရှိခဲ့ဖူး၏။ တခြားတိုင်းပြည်များတွင်လည်း ထိုကဲ့သို့ ကြီးမားသည့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားခဲ့ဖူး၏။ စတုရန်းမီတာ သိန်းပေါင်းများစွာ ကျယ်ဝန်းသော ကောက်ပဲသီးနှံ သိုလှောင်ရုံကြီးပင်လျှင် တိုက်ရိုက် လွင့်စင်ပြီး ပျက်စီးသွားခဲ့ဖူး၏။

တည်နေရာ အကျယ်အဝန်းသည် ဤစစ်လေ့ကျင့်ရေးကွင်းကြီးထက် ဆယ်ဆမက ပိုမိုကာ ကြီးမားကျယ်ပြန့်သည်။ သို့ပေမည့် ဂျုံမှုန့် ပေါက်ကွဲမှုမှာ ထူးခြားသည့် ကြောက်လန့်စရာကိစ္စရပ်များ ပါဝင်နေ၏။ မီးတောက်များက တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းပြီး သက်ရောက်မှု အကွာအဝေးကလည်း ကြောက်မက်ဖွယ်ရာပင်။

သို့ပေမည့် သေဆုံးနိုင်သည့် အန္တရာယ်မှာတော့ မြင့်မားခြင်း မရှိချေ။ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာကြီးအတွင်း၌ ကြီးမားပြင်းထန်လွန်းသည့် ပေါက်ကွဲမှုကြီး ဖြစ်သွားပြီး တုန်လှုပ်ဖွယ်ရာ မီးတောက်များ ထိုးတက်နေ၏။

သို့ပေမည့် အနီးပတ်ဝန်းကျင်ရှိ နံရံများကိုတော့ ပျက်စီးဆုံးရှုံးမှု မရှိစေခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ ဤနေရာက တစ်ဝက်နီးပါးလောက် အလုံပိတ်ထားသည့် နေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ပေါက်ကွဲမှုသည် လေဟာနယ်အတွင်း ဆက်တိုက်ဆိုသလို ဒုက္ခပေးနေသည်။

“အား.. အား”

ရဲတိုက်၏ ခန်းမရှေ့ စစ်လေ့ကျင့်ရေးကွင်းကြီးအတွင်းရှိ ဝူစစ်သည်တစ်သောင်းခန့်သည် မြေပြင်ပေါ်၌ လူးလိမ့်လျက် ရှိနေပြီး အဆက်မပြတ် အော်ဟစ်ငြီးငြူနေကြ၏။ ဤမြင်ကွင်းကို ကြည့်ရှုရသည်မှာ သနားစရာကောင်းလှ၏။ နေရာအနှံ့၌လည်း သွေးများ ပျံ့ကျဲလျက် ရှိနေပြီး ခန္ဓာကိုယ်ကို မီးလောင်ကျွမ်းခံရသည့် အနံ့ဆိုးများကလည်း ထွက်ပေါ်နေ၏။

ပေါက်ကွဲမှုကြောင့် ချက်ချင်းသေဆုံးသွားသူသည် ရာဂဏန်းခန့်သာလျှင် ရှိ၏။ သို့ပေမည့် အများစုမှာတော့ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများကို ရရှိခဲ့ပြီး လူးလိမ့်နေ၏။ တချို့က ပေါက်ကွဲမှုကြောင့် ဦးနှောက် ပျက်စီးမှုနှင့် နားစည်ပေါက်ပြဲမှုများ ဖြစ်ကုန်သည်။

ထိုအရာက အဆိုးရွားဆုံးပင် ဖြစ်၏။ မည်သည့်အရာကိုမှ မကြားရတော့ဘဲ ခန္ဓာကိုယ်ကလည်း မီးလောင်ကျွမ်းနေ၏။ တကယ့်ကို ပြင်းထန်လွန်းသည့် နာကျင်မှုကို ခံစားနေရ၏။ မြေပြင်ပေါ်တွင် အသည်းအသန် လူးလိမ့်လျက် ရှိနေပြီး ဆိုးရွားစွာ အော်ဟစ်နေကြ၏။

တပ်မှူးဝူလင်းသည် မြေပြင်ပေါ်တွင် နာကျင်စွာ တွားသွားကာ ရုတ်တရက် ထထိုင်လိုက်၏။ တကယ့်ကို ဆိုးရွားလွန်း၏။ သူမြင်နေရသည့် မြင်ကွင်းကလည်း ကြမ်းတမ်းလွန်းလ၏။ အဓိက ခန်းမဆောင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တံခါးပေါင်းများစွာတို့က လွင့်စင်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ခန်းမဆောင်တစ်ခုလုံး၌ မည်သူတစ်ဦးတစ်ယောက်မှ မရှိချေ။ ကြည့်ရသည်မှာ ဤခန်းမဆောင်ကြီး၏ အောက်တွင် မြေအောက်ခန်းများ စီစဉ်ထားခြင်းသာဖြစ်မည်။

ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် ကျင်းမူလန်နှင့် ကျန်သည့်စစ်သည်အားလုံးတို့က မြေအောက်ခန်းထဲသို့ ဆင်းသက် သွားခဲ့၏။ ထို့ကြောင့် ပေါက်ကွဲမှုက သူတို့ကို သက်ရောက်မှု လုံးဝမရှိခဲ့ချေ။ တကယ့်ကို အံ့ချီးဖွယ်လောက်သည့် ပရိယာယ် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်၏။ ကျင်းရှိယန်၏ သစ္စာဖောက်မှုကလည်း အတုအယောင်တစ်ခုသာလျှင် ဖြစ်၏။

အရာအားလုံးသည် ဝူပြည်နယ်၏ အဓိကတပ်မကြီးကို ရဲတိုက်ကြီးဆီသို့ မျှားခေါ်ရန် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အထဲသို့ ရောက်ရှိသည်နှင့် တပြိုင်နက် တစ်ခါတည်း အမြစ်ဖြတ် သုတ်သင်ခဲ့သည်။

တပ်မှူး ဝူလင်းက အော်ဟစ်လိုက်၏။ သို့ပေမည့် သူတို့က မတ်မတ်ပင် မရပ်နိုင်ခဲ့ကြချေ။ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်ကျွမ်းလျက် ရှိနေခြင်းကို သူတို့က ခံနိုင်ရည်ရှိ၏။ သို့ပေမည့် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့သော ဦးနှောက်ထိခိုက်မှုနှင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုတစ်ခုလုံးက ရှုပ်ထွေးသွားခဲ့၏။ ထို့ကြောင့် မတ်မတ် မရပ်နိုင်ခဲ့ကြတော့ချေ။ မြေပြင်ပေါ်တွင် လဲလျောင်းနေစဉ်မှာပဲ ခေါင်းတစ်ခုလုံး မူးဝေပြီး အော့အန်လျက် ရှိနေကြ၏။

“အား အား”

လူပေါင်းတစ်သောင်းတို့က မြေပြင်ပေါ်တွင် အော်ဟစ်ငြီးငြူနေ၏။ ဤမြင်ကွင်းသည် ကမ်းပေါ်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည့် ငါးအုပ်များကဲ့သို့ ထင်မှတ်ရ၏။ တကယ့်ကို တဖျပ်ဖျပ် လူးလို့နေသည်။

ထိုအချိန်မှာပဲ ကျင်းမူလန်က ကျင်းမိသားစု၏ စစ်သည် နှစ်ထောင်ကျော်ကို ဦးဆောင်၍ မြေအောက်ခန်းဆီမှ အပေါ်သို့ ရုတ်တရက် တက်လာခဲ့၏။ ခန်းမဆောင်ထဲသို့ ပြေးဝင်လာခဲ့ပြီးနောက် အပြင်ဘက် စစ်လေ့ကျင့်ရေးကွင်း ဆီသို့ ရောက်ရှိလာ၏။ ပြီးနောက် သူတို့က ဝင်ရောက်ကာ တိုက်ခိုက်တော့၏။

ဝူစစ်သည်များသည် ခုခံနိုင်စွမ်း လုံးဝမရှိကြတော့ချေ။ မြေပြင်ပေါ်တွင် လဲလျောင်းပြီး နာကျင်စွာ အော်ဟစ် နေသောကြောင့် လွယ်လွယ်ကူကူနှင့် အသတ်ခံနေကြရ၏။ စုစုပေါင်း လူပေါင်း သုံးထောင်ကျော်လောက်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်မှာတော့ .....

“ရပ်ကြ”

ကျင်းမူလန်သည် သူမ၏လက်ကို မြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ “သူတို့မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။ လက်နက်တွေကို သိမ်းပြီး အားလုံးကို ကြိုးတုပ်ကြ။ ဖမ်းကြ”

ကျင်းရှိယန်က တစ်စုံတစ်ခု ဝင်ရောက်ကာ ပြောဆိုလိုသော်လည်း နှုတ်ဆိတ်နေလိုက်၏။ မူလအားဖြင့် ဤလူ အားလုံးသည် အသတ်ခံရသင့်၏။ သို့ပေမည့် သခင်မလေးက ထိုသူတို့ကို သတ်ရန်မပြောသဖြင့် ထိုသူတို့ကို လိုက်လံ မသတ်ဖြတ်တော့ချေ။

ခဏအကြာမှာတော့ ဝူစစ်သည် ထောင်ပေါင်းများစွာတို့သည် လက်နက်များ သိမ်းဆည်းခံရပြီး ဖမ်းဆီးခံလိုက်ရ၏။

..................

ပေါက်ကွဲမှုကြီး မဖြစ်ခင်က ဝူစစ်တပ်၏ ဗျူဟာမှူးဝူမူသည် ရဲတိုက်အတွင်းမှ တိုက်ခိုက်သံများက တဖြည်းဖြည်း တိုးညှင်းသွားခဲ့ကြောင်း သိရှိလိုက်ရ၏။ တိုက်ပွဲပြီးဆုံးတော့မည်ဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။ ထိုအချိန်မှာပဲ ကောင်းကင်ယံတစ်ခုလုံး လင်းထိန်လာခဲ့၏။ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

သူသည် စစ်တုရင်ခုံတစ်ခုကို ခင်းကျင်းလိုက်ပြီး ဝူယုနှင့် စစ်တုရင်ကစားရန် စီစဉ်လိုက်၏။ နုရှောင့်မြို့ တိုက်ပွဲသည် ရှစ်ရက်၊ ရှစ်ညတိုင်တိုင် ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ပြီးဆုံးသွားပြီဖြစ်၏။

“မင်းနဲ့ ကျင်းရှိယန်ရဲ့ မင်္ဂလာပွဲကို နုရှောင့်မြို့မှာ ကျင်းပမှာလား။ ဒါမှမဟုတ် ဝူပြည်နယ်မှာ ကျင်းပမှာလား” ဝူမူက ပြုံးကာ မေးမြန်းလိုက်၏။

ဝူယုက ဖြေလိုက်သည်။ “နုရှောင့်မြို့မှာ ကျင်းပတာ ပိုကောင်းမယ်။ ဒါက သူ့ရဲ့အိမ်နဲ့ ပိုတူတယ် မဟုတ်လား”

ဝူမူက ပြောလိုက်၏။ “ဒါဆိုရင် ကျင်းမူလန်နဲ့ တွေ့ဆုံဖို့တောင် နည်းနည်းမျှော်လင့်နေပြီ။ ဒီထူးခြားလွန်းတဲ့ အမျိုးသမီးက သုံ့ပန်ဖြစ်လာတဲ့အချိန်မှာ ဘာစကားတွေပြောမလဲ ငါ နားထောင်ချင်နေပြီ။ ပြီးတော့ ဟိုရှမ့်လန်.. ခွေးကောင်လေးက ဦးနှောက်ကောင်းတယ်လို့ သူ့ကိုယ်သူ ထင်နေတာပဲ။ တကယ်တမ်း သူ့ရဲ့မိန်းမ ငါ့လက်ထဲ ရောက်နေတယ်ဆိုတာ သိရင် ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်နေမလဲ မြင်ယောင်ကြည့်မိပါရဲ့”

လူတစ်ယောက်သည် စိတ်ကျေနပ်မှု အရှိဆုံးအခြေအနေတွင် စိတ်ကြီးဝင်တတ်၏။ ပုံမှန်အားဖြင့် ဝူမူက ထိုကဲ့သို့သော စကားလုံးများကို ပြောဆိုသည့် လူတစ်ယောက် မဟုတ်ပေ။ သို့ပေမည့် ယခု အောင်မြင်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီး ဂုဏ်ကျက်သရေလည်း ကြီးမားစွာရရှိတော့မည် ဖြစ်သောကြောင့် မိမိစိတ်ကို မထိန်းချုပ်နိုင်ခဲ့ချေ။

ထိုအချိန်မှာပဲ ဘုန်း၊ ဘုန်း၊ ဘုန်း..

သူ၏ရှေ့ ရဲတိုက်ကြီး၌ ပြင်းထန်သော ပေါက်ကွဲမှုကြီးများ အဆက်မပြတ် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး မြေပြင်တစ်ခုလုံးက တုန်ခါသွားခဲ့၏။ ဝူမူ၏ ရှေ့ရှိ စစ်တုရင်ခုံပေါ်မှ စစ်တုရင်ရုပ်အားလုံး ပြိုလဲသွားခဲ့သည်။

ရဲတိုက်၏ အလယ်ဗဟိုဆီမှ မီးတောက်မီးညွန့်များက ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးပင်လျှင် လင်းထိန်သွားခဲ့၏။

ဝူမူက ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ သူက အံ့အားကြီးစွာဖြင့် ပြောလိုက်မိသည်။ “ဘာဖြစ်တာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ မြန်မြန် ရဲတိုက်ထဲကို ဝင်ကြ။ ရဲတိုက်ထဲကို ဝင်”

အမိန့်ပေးပြီးသည့်နောက် ဝူမူက ချက်ချင်းပဲ အမိန့်ကို ပြန်လည်ကာ ပြင်ဆင်လိုက်၏။ “မဟုတ်သေးဘူး။ ရဲတိုက်ထဲ မဝင်နဲ့အုံး။ အားလုံး သေသေချာချာ ပြင်ဆင်ထား။ အပြင်ဘက်မှာပဲ စောင့်”

ထိုအချိန်မှာပဲ နုရှောင့်မြို့၏ ရဲတိုက်ကြီးကို ဝန်းရံထားခဲ့သည့် စစ်သည်ပေါင်း သောင်းချီတို့က စတင်ကာ လှုပ်ရှားလာခဲ့ကြ၏။ ချက်ချင်းပဲ စစ်သည်ပေါင်း တစ်သောင်းကျော်တို့က အိပ်ရာမှ နိုးထလာခဲ့ပြီး တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေကြသည်။

ဘုန်း၊ ဘုန်း..

ရဲတိုက်ကြီးအတွင်းမှ နောက်ထပ်ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ မီးလုံးကြီးများကလည်း ပေါ်ပေါက်လာခဲ့၏။

ဝူမူ၏ မျက်နှာက ဖြူဖျော့လျက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အတွေးများက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။

သူ ထောင်ချောက်မိသွားခဲ့သည်လား။ ကျင်းရှိယန်၏ သစ္စာဖောက်မှုက အတုအယောင် ဖြစ်နေသည်လား။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က ဝူစစ်တပ်ကို အဓိကရဲတိုက်အတွင်းသို့ မျှားခေါ်ပြီး တစ်ခါတည်း သတ်ဖြတ်ရန် ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် ပေါက်ကွဲမှုကြီးက ဘာကို ရည်ညွှန်းနေသနည်း။ ကျင်းမိသားစု၌ ဤကဲ့သို့ လက်နက်မျိုး မရှိချေ။ ရှိသည်ဆိုပါကလည်း အဘယ့်ကြောင့် ယခင်တုန်းက မသုံးခဲ့ရသနည်း။

ဂျုံမှုန့်ပေါက်ကွဲမှုဆိုသည်မှာ အလုံပိတ်ထားသည့် အခန်းတစ်ခုထဲတွင် ဖြစ်ရန် မလိုချေ။ သို့ပေမည့် ပွင့်ပွင့်လင်းလင်း မြေပြင်နေရာတွင်လည်း ထိုကဲ့သို့သော ပေါက်ကွဲမှုမျိုးဖြစ်အောင် ပြုလုပ်၍ မရချေ။ တစ်ဝက်လောက် အလုံပိတ်ထားမှသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အထဲသို့ ခေါ်ဆောင်ပြီးမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ ဝူယု၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေ၏။ “သူ ကျွန်မကို လိမ်ခဲ့တာပဲ။ လိမ်ခဲ့တာပဲ” ပြီးနောက် သူမ၏ အမြင်အာရုံအားလုံးက မဲမှောင်သွားခဲ့၏။ သူမက သတိလစ်မေ့မြောပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

...........

ရှမ့်လန်က မြင်းသည်တော် တစ်သောင်းကို ဦးဆောင်ပြီး နောက်မှ လိုက်ပါနေခဲ့၏။ နှစ်ရက် အကြာမှာပဲ သူက သတင်းကို ရရှိ၏။ စုနန်သည် သူ၏မျိုးနွယ်သားများကို ခေါ်ဆောင်ကာဖြင့် ရွှဲ့ပြည်နယ်ဆီမှ လွန်ခဲ့သည့် သုံးရက်တည်းက ထွက်ပြေးသွားခဲ့ခြင်းပင်။ သူတို့က ရှမ့်လန်ထက် ၄၈ နာရီ စော၍ ထွက်ခွာသွား၏။ အားလုံးသောသူတို့က မြင်းတပ်သားများ ဖြစ်၏။

၄၈ နာရီတိတိ နောက်မှ လိုက်ခဲ့၏။ ရှမ့်လန်က မူးဝေဝေပင် ခံစားနေမိ၏။ ၄၈ နာရီ... အနည်းဆုံး မိုင်ပေါင်း ၄၀၀ ခန့် ရှေ့မှပြေးနှင့်ပြီဖြစ်၏။ လိုက်မီရန် မဖြစ်နိုင်တော့ချေ။

သုံးရက်အတွင်း စုနန်၏ မျိုးနွယ်စုတစ်ခုလုံးက အနောက်ဘက်ဒေသထဲသို့ ဝင်ရောက်သွားပေမည်။ ထိုသို့ဆိုလျှင် ပင်လယ်ထဲသို့ ရောက်ရှိသွားသည့် နဂါးများကဲ့သို့ပင် ပျောက်ကွယ်သွားမှာပေမည်။ မည်သူမှ လိုက်လံ ဖမ်းဆီးနိုင်တော့မည် မဟုတ်သလို မည်သူ့ကိုမှလည်း သတ်ဖြတ်နိုင်တော့မည် မဟုတ်ချေ။

ရှမ့်လန်သည် အံကို တင်းတင်းကြိတ်လိုက်မိ၏။ အရာအားလုံးက သူ အလွန်မာနကြီးပြီး မောက်မာခဲ့သောကြောင့် ဖြစ်ခဲ့ရခြင်းပင်။ ကျန့်ထော်နှင့် စုနန်တို့ အချင်းချင်းသတ်ဖြတ်မည်ကို သူက လိုလားခဲ့၏။ ထို့ကြောင့်ပင်လျှင် စုနန်က ၄၈ နာရီ စောပြီး လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ စုနန်အား လွတ်မြောက်ခွင့် ပေးလိုက်သည် ဆိုခြင်းမှာ နောက်နှစ်အနည်းငယ်အကြာတွင် ကျိန်းသေပေါက် ကြီးကြီးမားမားနှင့် ပြန်လည် ရောက်ရှိလာရန် ခွင့်ပြုလိုက်ခြင်းပင် ဖြစ်၏။

မဟုတ်သေးပေ။ လုံးဝ မဖြစ်နိုင်ပေ။ စုနန်၏ မျိုးနွယ်တစ်ခုလုံးကို သူ အမြစ်ဖြတ် သုတ်သင်ရပေလိမ့်မည်။ စဉ်းစားရမည်။ သူ ဘာလုပ်ရမည်နည်း။ သူ ဘာလုပ်သင့်သနည်း။ ရှမ့်လန်က မျက်လုံးကို မှိတ်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

“မဟုတ်သေးဘူး။ အခွင့်အရေး ရှိနေသေးတယ်”

ရှမ့်လန်က ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “တပ်တွေအားလုံး တောင်ဘက်ခြမ်းကို သွားမယ်။ အနောက်ဘက်ကို မလိုက်နဲ့တော့”

ဝူလဲ့သည် ရုတ်တရက် ထိုစကားကို ကြားသည့်အချိန်မှာတော့ ကြောင်အသွားမိခဲ့သည်။ “သခင်လေး.. စုနန်က အနောက်ဘက်ကို ပြေးတာလေ။ တောင်ဘက်ကို သွားရင် ကျွန်မတို့ ပိုပြီးဝေးသွားမှာ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အနောက်ဘက်ကို လိုက်နေမယ်ဆိုရင် ဘယ်လိုမှ လိုက်မီမှာ မဟုတ်တော့ဘူး။ တောင်ဘက်ကို သွားရမယ်။ ပတ်ပြီးတော့ သူတို့ရှေ့ကနေ တားရမယ်”

ဝူလဲ့က ဆိုသည်။ “ဒါကတော့ မဖြစ်နိုင်ဘူးနဲ့ တူတယ်။ တည့်တည့်သွားတာတောင် လိုက်မမီဘူး။ ဒီလို စက်ဝိုင်းပုံစံကြီးပတ်ပြီး နောက်ကလိုက်မယ်ဆိုရင်တော့ ဘယ်လိုမှ လိုက်မီဖို့ ဖြစ်မှာမဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ငါတို့နောက်က တောက်လျှောက် လိုက်နေတယ်ဆိုရင် စုနန်ရဲ့ ကင်းထောက်တွေက သူ့ဆီကို တောက်လျှောက် သတင်းပို့နေမှာပဲ။ ငါတို့ မလိုက်တော့ဘူးဆိုတာ သိရင် သူက စိတ်ကို ဖြေလျှော့လိုက်လိမ့်မယ်။ ပြီးတော့ သူ့ရဲ့လောဘက တက်လာလိမ့်မယ်။ သူက လမ်းမှာရှိတဲ့ ချင်နန်းတော်ထဲဝင်ပြီး ရွှေငွေရတနာတွေကို ဝင်ယူလိမ့်မယ်”

ဒီရွှေငွေရတနာတွေက ချင်ဘုရင်အဆက်ဆက် လုယူထားခဲ့တဲ့ ရတနာတွေဖြစ်ပြီး ရတနာတိုက် ဘယ်မှာရှိတယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ စုနန်က အနောက်ဘက်ဒေသကို သွားဖို့ လောနေတယ်။ ဒါပေမဲ့ ချင်နိုင်ငံနန်းတော်မှာ ဘယ်အစောင့်အကြပ်မှ ရှိတာ မဟုတ်ဘူး။ ရွှေတွေလုယူဖို့ သူ့အတွက် အရမ်းကို လွယ်ကူတယ်။ ဒီလို အဆီတစ်ဝင်းဝင်းနဲ့ ဝက်သားတုံးကြီးကို သူ ဘယ်တော့မှ လက်လွှတ်ပေးမှာ မဟုတ်ဘူး”

All Chapters