ပြဿနာလမ်းလွှဲခြင်း
Vol. 20 Ch. 287
" ဟားဟားဟား... မင်းဖေဖေတော့ ရယ်ရင်းသေပြီ။ မင်းဖေဖေတော့ ရယ်ရင်းသေပြီ "
ချိုးနျို ရယ်ရင် ခုန်ဆွခုန်ဆွလုပ်ကာ..." ဖေဖေနျိုရဲ့ဘဝမှာ ဒီလောက်ကောင်းတဲ့ ပြပွဲမျိုးကို တစ်ခါမှမမြင်ဖူးဘူး "
" ညီလေးယီက တကယ်ကို ရှေ့ဖြစ်ဟောဆရာပဲ။ ကျေးဇူးကြောင့် ငါ ဒီဟာကို မှတ်တမ်းတင်ထားခဲ့တယ် " ချိုးနျိုက ယီယွင်၏ပခုံးအား ခပ်ပြင်းပြင်းရိုက်လိုက်ပြီး လက်ထဲမှ ရုပ်သံအစီရင်ပြားကို ဝမ်းသာအယ်လဲ လှုပ်ပြလိုက်သည်။ ယန်ဟောက်ရန်က အမှန်တကယ် ငတုံးတစ်ကောင် ဖြစ်ချေ၏။
ယီယွင်က ရယ်ကာဆိုသည်..." ငါ ဒီအတိုင်း ပြောလိုက်တာပါပဲ။ တကယ်ဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး။ ဒါက ဒဏ္ဍာရီလာ ပါးစပ်ပုပ်များလား "
" ဟားဟားဟား...ဘာကို ပါးစပ်ပုပ်လဲ။ ဒါက ဗုဒ္ဓပါးစပ်ကွ။ မင်းပြောသမျှ ဖြစ်လာတာချည်းပဲ။ သားရဲအမှတ်အသားက ဒီငတုံးကောင်ရဲ့ ပါးစပ်ထဲမှာ ဘာ့ကြောင့် မပေါက်ကွဲရတာလဲကိုပဲ ငါက တွေးနေတာ "
ထိုစကားကြောင့် ယီယွင် ကျောချမ်းသွားရလေ၏။ ချိုးနျိုက တကယ့်ကို လူယုတ်မာပင်။
သို့သော် သူက ယန်ဟောက်ရန်၏ ပါးစပ်ထဲတွင် ပေါက်ကွဲစေလိုလျှင်ပင် ယင်းကိစ္စက မဖြစ်နိုင်ပေ။ သုံးလက်မအဝေးက ယီယွင်၏အကန့်အသတ် ဖြစ်လေ၏။ သားရဲအမှတ်အသား ဖြစ်တည်လာလျှင် သားရဲအမှတ်အသားနှင့် ယန်ဟောက်ရန်၏တန်းထျန်တို့က ဆက်သွယ်မှု ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သားရဲအမှတ်အသား၏ စွမ်းအင်များတွင် ပိုင်ရှင်ရှိသွားပေမည်။ ထိုအချိန်သို့ရောက်လျှင် သားရဲအမှတ်အသားကို ထိန်းချုပ်မရတော့ပေ။
ယန်ဟောက်ရန်သည် ချိုးနျို၏လက်ထဲမှ ရုပ်သံအစီရင်ပြားကိုကြည့်ကာ လက်သည်းများ လက်ဖဝါးထဲသို့ စိုက်ဝင်သည်အထိ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေ၏။
ဒီနေ့ ဘာဖြစ်နေတာလဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
" သ...သခင်လေး... ဒါက မတော်တဆဖြစ်တာမလား " လက်ပါးစေတစ်ဦးက ယန်ဟောက်ရန်၏ ခက်ထန်သောအမူအရာကို သတိပြုမိပြီး အရဲကိုးကာ မေးလိုက်သည်။
" ပိတ်ထားစမ်း " ယန်ဟောက်ရန် အော်ငေါက်လိုက်၏။ ထိုလက်ပါးစေ ချက်ချင်းငြိမ်သွားကာ ထပ်မဆိုရဲတော့ပေ။
မတော်တဆတစ်ခုက နှစ်ခါဖြစ်နိုင်လား။
နောက်ကွယ်က အကြောင်းအရင်းက ဘာလဲ။
ယန်ဟောက်ရန် အမှန်ပင် ရူးတော့ချေမည်။ မည်သည့်နေရာတွင် ပြဿနာရှိနေကြောင်းကို သူ မသိပေ။ သူ၏ဝိညာဥ်တွင် ပြဿနာရှိနေသည်ဟု သံသယဝင်မိနေ၏။ သူ၏ဝိညာဥ်က သားရဲအမှတ်အသား ဖွဲ့စည်းရန်အတွက် ရုတ်တရက်အတွင် မသင့်လျော်သွားခြင်း ဖြစ်ခဲ့လေသလော။ အကြောင်းအရင်းက မည်သို့ပင်ဖြစ်စေ ယနေ့အဖို့ ကျင့်ကြံရန်မသင့်တော့ဟု ယန်ဟောက်ရန်က ခံစားမိသည်။
ဆက်တိုက်ကျရှုံးမှုကို လျစ်လျူရှုထားလျှင်ပင် လက်ရှိ သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင် မလုပ်နိုင်ပေ။ ရှုထောင့်ပုံရိပ် ကျင့်ကြံရာတွင် တည်ငြိမ်သော စိတ်အခြေအနေ လိုအပ်လေ၏။
သူ့အား လူတစ်စုက ကြည့်နေလျက်ရှိပြီး လူတစ်ဦးက ရုပ်သံအစီရင်ပြား ကိုင်ထားချိန်တွင် သူသည် စင်မြင့်ပေါ်မှ လူပြက်တစ်ဦးပမာ ဖြစ်နေခဲ့လေ၏။
ယန်ဟောက်ရန်က ဆက်လက်ကြိုးစားလိုသော်လည်း အမည်မသိရသော အကြောင်းအရင်းကြောင့် တတိယအကြိမ်တွင်လည်း ကျရှုံးလိမ့်မည်ဟု သူ ခံစားနေရသည်။
ယန်ဟောက်ရန် အသက်ပြင်းပြင်းရှုကာ ဒေါသစိတ်များကို ဖြေလျော့လိုက်လေ၏။ သူ ခရမ်းရောင်ဓားကို လက်တွင်ကိုင်ကာ ချိုးနျိုဆီသို့ လျှောက်သွားလိုက်သည်။
" မင်း ဘာလိုချင်တာလဲ။ တိုက်ခိုက်ချင်တာလား " ချိုးနျိုက ယန်ဟောက်ရန်နှင့် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိပေ။ ထိုကောင်က မြေအဆင့် အဆင့်တစ်ရာဝန်းကျင်မှ လူတစ်ဦး ဖြစ်လေသည်။ ယီယွင်ပင် ထိုကောင့်အား မယှဥ်နိုင်ပေ။
" ငါ့ကို အစီရင်ပြားပေး။ ငါ မင်းတို့ကို ဒီနေရာ ပေးမယ် "
ကျင့်ကြံ၍ မရတော့လေသောကြောင့် ယန်ဟောက်ရန်က ထွက်ခွာရန် စီစဥ်ထားသည်။ ထိ့ကြောင့် ဤနေရာက ချိုးနျိုတို့အတွက် ကျန်ခဲ့မည်ဖြစ်သော်လည်း ချိုးနျို၏လက်ထဲတွင် သူ၏ သနားစဖွယ်စွမ်းဆောင်ရည် ရုပ်သံအစီရင်ပြား ကျန်နေခဲ့မည်ကို သူ မလိုလားပေ။
" ဟမ့် " ချိုးနျို နှာမှုတ်လိုက်၏။ သူက အစီရင်ပြားကို အသုံးပြုကာ ယန်ဟောက်ရန်ကို ဒဏ်ရာရစေသည်အထိ စော်ကားပြောဆိုလို၏။
သို့သော် ယီယွင်က ဆိုလေသည်..." သူ့ကို ပေးလိုက်ပါ "
" ညီလေးယီ... " ချိုးနျိုက ယီယွင်ကို ကြည့်လိုက်သည်။ ယန်ဟောက်ရန်က မျက်စိစပါးမွေးစူးစရာဖြစ်ပြီး ထိုကောင့်အား စော်ကားခြင်းမပြုရလျှင် နှမြောစရာဟု သူ ထင်မိသည်။ သို့သော် ယီယွင်က ပြောနေလေသောကြောင့် သူ အစီရင်ပြားကို ပေးလိုက်ရန် ဆုံးဖြတ်လိုက်လေ၏။
ယီယွင်က ချိုးနျိုအား အသံပို့လွှတ်သည် ..." အမှိုက်ကစ ပြဿဒ်မီးလောင်တဲ့။ သူ့ကို ပြောင်ပြောင်တင်းတင်း ရန်စနေဖို့မလိုပါဘူး။ ယန်ဟောက်ရန်မှာလည်း သူ့ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာရှိတယ်။ သူသာ ငါတို့ကို တကယ်တိုက်ခိုက်ချင်ရင် ငါတို့တွေက သူ့ကို မနိုင်ဘူး "
" သခင်လေးဟောက်ရန်က ဒီတစ်ကြိမ်မှာ တကယ်ပဲ မတော်တဆဖြစ်သွားတာပဲ နေမှာပါ " ယီယွင်က ယန်ဟောက်ရန်ကို ပြောလိုက်လေ၏။ ယန်ဟောက်ရန်က အစီရင်ပြားကိုယူကာ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ချိုးနျိုက ကျိတ်ကာပြောလိုက်သည်..." နှမြောစရာပဲကွာ။ ယန်ဟောက်ရန်ကို သဘောကျနေကြတဲ့ မိန်းကလေးတွေက အများကြီးပဲ။ ငါသာ သူတို့တွေကို ဒီအစီရင်ပြား ပြလိုက်မယ်ဆိုရင် သူတို့တွေရဲ့ အမူအရာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါ တကယ်သိချင်မိတယ်။ ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့်က သားရဲအမှတ်အသား ဖွဲ့စည်းတာ နှစ်ကြိမ်ဆက်တိုက် ကျရှုံးသွားခဲ့တယ်။ ဟားဟားဟား... ယန်ဟောက်ရန် ဘာဖြစ်နေတာလဲဆိုတာကို ငါ သိချင်မိသား "
ချိုးနျို စိတ်အားတက်ကြွနေ၏။ ချိုးနျိုက အခဲမကျေသေးဘဲ ယီယွင်အား မေးလိုက်သည်..." ငါ ပြောရဦးမယ်။ ညီလေးယီက သဘောကောင်းလွန်းနေတယ်။ ဘယ်လိုဖြစ်ပြီး မင်းက အစီရင်ပြားကို သူ့ဆီ အလွယ်တကူပြန်ပေးလိုက်ရတာလဲ "
ယီယွင်က ရယ်မောကာဆိုသည်..." မင်းအဖို့ လူသားတစ်ယောက်အနေနဲ့ စည်းထားဖို့လိုတယ်။ ဒါ့အပြင် ငါတို့က ဘာမှမနစ်နာဘူးလေ "
ချူရှန်းက သံယောင်လိုက်ကာ..." ညီလေးယီ ပြောတာ မှန်တယ်။ ဒီကိစ္စကို ကျေအေးလို့မရတဲ့အထိ တွန်းပို့နေစရာမလိုပါဘူး "
ချူလော့က ပြောသည်..." မောင်လေးယီယွင်က ပါရမီကောင်းပေမဲ့ နှိမ့်ချတတ်တယ်။ သူက စိတ်ထားကောင်းပြီး သဘောလည်းကောင်းတယ်။ ဒါမျိုးက ရှားတယ် "
အဖွဲ့က စကားပြောနေချိန်တွင် ယီယွင်ကမူ ကျိတ်ရယ်နေလေ၏။ သူတို့ ချီးကျုးနေသည်ကို ယီယွင်က တည်ငြိမ်စွာပင် ခံယူနေလေ၏။ သူ ပြုံးနေရင်းဖြင့် ချူရှောင်းရန် ကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။ ချူရှောင်းရန်က သူ့အား အဓိပ္ပါယ်ဖော်မရသော အကြည့်များဖြင့် စူးစိုက်ကာကြည့်နေ၏။
ယီယွင် ရင်ထိတ်သွားရသည်။ ထိုကလေးမက တစ်ခုခုအား မြင်သွားခဲ့လေသလော။ သို့သော် ချူရှောင်းရန်က တစ်ခုခုမှားနေသည်ဟု ဝိုးတဝါးခံစားမိနေလျှင်ပင် ယင်းက ခန့်မှန်းချက်မျှသာ ဖြစ်လေ၏။ သူမတွင် သက်သေမရှိပေ။
" ပြောကာမှပဲ ဒီကောင်တွေ သားရဲမျှားမြက်ကို ယူမသွားကြဘူး " ယီယွင်က သားရဲမျှားမြက်ကို သတိပြုမိသွားကာ စကားခေါင်းစဥ်ကို အမြန်ပြောင်းလိုက်သည်။ သူသည် ချူရှောင်းရန် များစွာမတွေးအောင် လုပ်ရပေမည်။
သူ သားရဲမျှားမြက်၏ နံဘေးသို့ လျင်မြန်စွာရောက်ရှိသွားကာ ကောက်ယူလိုက်လေ၏။
ချူလော့က ဆိုသည်..." နင်ယူလိုက်တဲ့ သားရဲမျှားမြက်မှာ အာနိသင်တွေ အများကြီးမကျန်တော့ဘူး။ သားရဲမျှားမြက်ကို မီးရှို့ပြီးသွားရင် အာနိသင်က နှစ်နာရီကနေ လေးနာရီလောက်အထိပဲ ခံတယ်။ ပြီးတော့ ဥက္ကာခဲချောက်ထဲမှာဆိုရင် သားရဲမျှားမြက်က အရမ်းကိုအန္တရာယ်များတယ်။ နင် မကိုင်တွယ်နိုင်တဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်ကို မျှားခေါ်မိသွားနိုင်တယ် "
ချူလော့က ပြောနေသည့်တိုင်အောင် ယီယွင်ကမူ သားရဲမျှားမြက်ကို သိမ်းထားခဲ့လေ၏။ သိုလှောင်လက်စွပ်ထဲတွင် သားရဲမျှားမြက်၏ အနံ့များကို ဖြတ်တောက်ပစ်နိုင်လေသောကြောင့် ပျက်စီးခြင်းသားရဲများကို ဆွဲဆောင်မိမည်အား စိတ်ပူရန်မလိုပေ။
ယခုတွင် သူတို့က ဥက္ကာခဲချောက်တစ်လွှားတွင် အကောင်းဆုံးတောင်ကြားကို ရရှိခဲ့ပေပြီ။ ဤနေရာတွင် ခန္ဓာကိုယ်များထဲ၌ သန့်စင်ယန်စွမ်းအင်များ ကြွယ်ဝစွာရှိနေသည့် ပျက်စီးခြင်းသားရဲများနှင့် လေ့ကျင့်ရပါက များစွာပင် အချိန်ကုန်သက်သာပေလိမ့်မည်။
သူတို့ တောင်ကြားထဲသို့ ဝင်သွားခဲ့ကြလေ၏။
.................
ဖောင်း...။
လေးကြိုးခတ်သံတစ်ခုနှင့်အတူ ငှက်နီကြီးတစ်ကောင်အား ထိုက်ခန်းလေးနှင့် ပစ်ချခဲ့သည်။ ယင်းသည် ယီယွင်၏ အငိုက်ဖမ်းတိုက်ခိုက်မှု ဖြစ်လေသည်။
ယင်းသည် လူသားများ၏ နှလုံးနှင့်အသည်းကို စားရသည်အား နှစ်သက်ကြသည့် မီးသိမ်းငှက် ဖြစ်လေ၏။ ယီယွင်၏ ယခင်ဘဝတွင် လူရိုင်းမျိုးနွယ်အချို့မှ သင်္ဂြိုဟ်ခြင်းအစဥ်အလာ ဒဏ္ဍာရီများကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့သည် သေဆုံးပြီးသူ၏ အလောင်းများကို မီးသိမ်းငှက်များကို အစာကျွေးခြင်းအားဖြင့် သေပြီးသူ၏ဝိညာဥ်ကို ကောင်းကင်ဘုံသို့ ရောက်ရှိစေသည်။
လေလိုက်မြားက မီးသိမ်းငှက်၏ ဝမ်းဗိုက်အား ထိုးဖောက်သွားလေ၏။ မီးသိမ်းငှက် မသေမီတွင် လဲကျသွားခြင်းမရှိဘဲ ယီယွင်အား ၎င်း၏ထက်ရှသောခြေသည်းများနှင့် တိုက်ခိုက်ခဲ့လေ၏။
သို့သော် ယီယွင်က ကောင်းစွာပင် ကြိုတင်ပြင်ထားခဲ့၏။ သူက မီးသိမ်းငှက်ကို တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်ပိုင်းခဲ့သည်။
" ကောင်းလိုက်တဲ့ လေးပစ်ကျွမ်းကျင်မှု " ချိုးနျိုက ချီးကျူးလိုက်လေ၏။ သူက ယီယွင်၏တိကျမှုကို ချီးကျူးနေခြင်းမဟုတ်လေဘဲ ယီယွင်၏ခွန်အားကို ချီးကျူးနေခြင်း ဖြစ်လေသည်။ မီးသိမ်းငှက်အား ထိုးဖောက်သွားနိုင်သည့် မြားတံ၏နောက်ကွယ်မှ ခွန်အားက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုလိုလေသည်။
ယီယွင်က စကားမဆိုဘဲ စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေလိုက်သည်။ ခရမ်းရောင်အလင်း လှည်ပတ်လာကာ မီးသိမ်းငှက်၏ သန့်စင်ယန်ချီများသည် သားရဲအမှတ်အသားအဖြစ် ဖွဲ့စည်းသွားလေ၏။
လက်ရှိအချိန်၌ တောင်ကြားထဲတွင် ယီယွင်က မီးတောဝက်နှစ်ကောင်နှင့် မီးသိမ်းငှက်တစ်ကောင် သတ်ထားလေသည်။ သားရဲအမှတ်အသားများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ချိန်တွင် သားရဲတစ်သောင်းပုံရိပ်၏ ရှုထောင့်ပုံရိပ် ဖြစ်တည်လာရန်အတွက် များစွာလိုနေသေးသည်ဟု ခံစားရလေသည်။
" ဒီလေ့ကျင့်ရေးခရီးကို ဆက်လုပ်လို့မရတော့ပုံပဲ။ ငါ တိုင်အာနတ်မြို့ကိုပြန်ပြီး အခြားဆန်းကြယ်ပုံရိပ်နည်းစနစ်နဲ့ လဲလှယ်ဖို့လိုနေပြီ " ယီယွင် ထိုသို့တွေးနေချိန်တွင် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တွင် သားရဲရိုင်းတစ်ကောင်၏ အော်သံကို ကြားလိုက်ရလေ၏။
" ဘာဖြစ်တာလဲ "
ယီယွင် သတိအနေအထားရှိနေ၏။ နံဘေးမှ ချိုးနျိုနှင့် ချူရှောင်းရန်တို့က သူတို့၏ လက်နက်များကို တင်းကျပ်စွာကိုင်ထားကြသည်။
သတ်ဖြတ်လိုစိတ်တစ်ခု ပျံ့နှံ့လာလေ၏။
ယီယွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။ သူ၏မြင်ကွင်းထဲ၌ တောက်ပသော မီးစွမ်းအင်တစ်ခု ရှိနေလေ၏။ ယင်းအရာကြောင့် ယီယွင် ရင်ထိတ်သွားရသည်။ ဘုရင်အဆင့်နီးပါး ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းသားရဲတစ်ကောင်က သူတို့ဆီသို့ ပြေးလာနေချေ၏။ ထို့အပြင် ယန်ဟောက်ရန်က ပျက်စီးခြင်းသားရဲ၏ရှေ့တွင် ပြေးနေလေသည်။
အား...။
နောက်ထပ်အော်သံ ပေါ်လာသည်။ ပျက်စီးခြင်းသားရဲကြောင့် ယန်ဟောက်ရန်၏ လက်ပါးစေတစ်ဦး မြေကြီးထဲသို့ မြုပ်ဝင်သွားကာ တစ်ကိုယ်လုံး ကျိုးကြေသွားလေ၏။
ယီယွင် ကြောင်အနေသည်။ နှစ်ပေါင်းသန်းချီအတွင်း နတ်အရိုင်းမြေထဲတွင် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည်ကို သူ ယခင်က ကြားခဲ့ဖူးသော်လည်း နတ်အရိုင်းမြေထဲတွင် ကျင့်ကြံသူတစ်ဦး သေဆုံးရသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခဲ့ခြင်း ဖြစ်လေသည်။
" ကယ်ပါဦး သခင်လေး "
ယန်ဟောက်ရန်၏ ကျောဘက်ထံမှ သွေးပျက်နေသော အော်သံတစ်ခု ထွက်ပေါ်လာသော်လည်း ယန်ဟောက်ရန်ကမူ အရေးမစိုက်ချေ။ ဤတစ်ကြိမ်တွင် နောက်လိုက်များ လုံလောက်စွာ ခေါ်မလာမိခဲ့သည်ကိုသာ သူ ဒေါသထွက်နေခဲ့သည်။ သူ့တွင် နောက်လိုက်များ ပိုများလေလေ သူ၏နောက်မှ မွန်းစတားကြီး ပိုမိုနှောင့်နှေးလေလေပင်။ တစ်စက္ကန့်မျှ နှောင့်နှေးသွားလျှင်ပင် ကောင်းချေသည်။
သို့သော် အဆင်ပြေချေ၏။ ယီယွင်နှင့်အပေါင်းအပါများက ဤတောင်ကြားထဲသို့ ဝင်သွားကြသည်ကို သူ မှတ်မိနေသေးသည်။ ယီယွင် ၊ ချူရှောင်းရန်နှင့် အခြားသူများက သူ၏လက်ပါးစေများထက် ပိုမိုသန်မာကြလေ၏။ ထိုကောင်များနှင့် ပူးပေါင်းပါက သူ့အတွက် အသက်ရှင်နိုင်ခြေ များစွာမြင့်မားသွားပေမည်။
ထိုအတွေးနှင့်အတူ ယန်ဟောက်ရန်က ယီယွင်တို့ဆီသို့ အမြန်နှုန်းတင်ကာ ပြေးသွားလိုက်လေသည်။
ယီယွင်က အော်လိုက်သည်..." ပြေးကြ "
ယီယွင်က ပြောပြောဆိုဆိုနှင့်ပင် လှည့်ကာထွက်ပြေးလေ၏။
ဟမ်...။
ချူရှောင်းရန်နှင့် ချိုးနျိုတို့တွင် ယီယွင်၏စွမ်းအင်မြင်ကွင်း မရှိလေသောကြောင့် အဖြစ်အပျက်များကို မသိကြပေ။ သို့သော် အော်သံကို ကြားလိုက်ရပြီး ယီယွင်၏တုန့်ပြန်မှုကို မြင်လိုက်ရချိန်တွင် သူတို့က တုန့်ဆိုင်းမနေဘဲ ယီယွင်၏နောက်သို့လိုက်ကာ ထွက်ပြေးကြလေ၏။
ချူရှန်းနှင့် ချူလော့တိုကလည်း နှောင့်နှေးမနေကြပေ။ အဖွဲ့ထဲတွင် သူတို့က အားအနည်းဆုံး ဖြစ်လေ၏။ ယီယွင် ဖြူလျော်နေသည်ကို မြင်ရချိန်တွင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု ပေါ်လာပြီဖြစ်ကြောင်း သူတို့ နားလည်သွားခဲ့သည်။
ထိုကဲ့သို့ တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရပါက သူတို့အဖို့ တစ်စက္ကန့်အတွင်း အသတ်ခံရပေလိမ့်မည်။
သူတို့သည် မီးသတ္တုပုရွက်ဆိတ်နှင့် ရင်ဆိုင်ခဲ့ရစဥ်က အသုံးမပြုခဲ့ရသည့် အသက်ကယ်ဝှက်ဖဲဖြစ်သော မြန်နှုန်းမြင့်အစီရင်ပြားကို မသုံးရသေးလေသောကြောင့် အနည်းငယ်ခန့် တွန့်ဆုတ်နေခဲ့သည်။ လက်ရှိအချိန်၌ ထိုအစီရင်ပြားက သူတို့အား ကူညီပေးနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်လေသည်။