← Chapters

ဓားမောက်နဲ့ တစ်သားတည်း

Vol. 20 Ch. 288

ဓားမောက်နဲ့ တစ်သားတည်း

Vol. 20 Ch. 288

" ယန်ဟောက်ရန်က ကောက်ကျစ်တဲ့ကောင်ပဲ " ယီယွင် စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။

ဤတောင်ကြားက ဥက္ကာခဲချောက် အနက်ပိုင်းထဲသို့ ဦးတည်နေလေသည်။ ယုတ္တိကျကျဆိုရလျှင် ယန်ဟောက်ရန်သာ တောင်ကြားထဲမှထွက်ခွာပြီး ညအိပ်ရန်အတွက် စခန်းချရန်နေရာအား ရှာဖွေလိုပါက ဥက္ကာခဲချောက် နယ်နိမိတ်အပြင်ဘက်ဆီသို့သာ ဦးတည်ရပေလိမ့်မည်။

ထိုကောင်က ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းသားရဲတစ်ကောင်နှင့် ဆုံတွေ့ပြီးနောက်တွင် ပြင်ပဆီသို့သာ ထွက်ပြေးသင့်လေ၏။ အကယ်၍ ထိုမွန်းစတားက ဥက္ကာခဲချောက်၏ နယ်နိမိတ်ထဲမှ ထွက်ခွာလိုခြင်းမရှိခဲ့လျှင် ထိုကောင် အသက်ရှင်နိုင်လောက်သည်။ သို့သော် ယန်ဟောက်ရန်က ဆန့်ကျင်ဘက်အား ရွေးချယ်ခဲ့ပြီး ဥက္ကာခဲချောက်ထဲသို့ ထွက်ပြေးလာခဲ့သည်။

ဥက္ကာခဲချောက် အပြင်ဘက်တွင် ထွက်ပြေးလွတ်မြောက်နိုင်ခြေမှာ အလွန်သေးငယ်လှသည်ဟု ယန်ဟောက်ရန်က ယုံကြည်ထားသည်မှာ ရှင်းလင်းလှသည်။ ထိုကောင်က အခြားသူများဆီသို့ပါ ပြဿနာကို လွှဲပြောင်းပေးလာခဲ့ချေ၏။

" ဘာဖြစ်တာလဲ ယီယွင် " ချူရှောင်းရန်က မေးလိုက်သည်။ သို့သော် သူမ မေးလိုက်ချိန်မှာပင် ယီယွင်၏ အဖြေစကားကို မလိုအပ်တော့ပေ။ အကြောင်းကမူ ယန်ဟောက်ရန်က သူမတို့ဆီသို့ ပြေးလာနေသည်အား မြင်လိုက်ရခြင်းကြောင့်ပင်။ ယန်ဟောက်ရန်၏နောက်တွင် ရွှေရောင်ပင့်ကူကြီးတစ်ကောင် ရှိနေလေ၏။ ပင့်ကူကြီးတွင် ကျားကဲ့သို့ အစင်းကြောင်းများ လွှမ်းခြုံနေလေပြီး ဦးခေါင်းတွင် မျက်စိသုံးလုံး ရှိနေလေသည်။ ၎င်း၏ခန္ဓာကိုယ်က တောက်ပနေလေ၏။

" မျက်စိသုံးလုံးပင့်ကူ " ချူရှောင်းရန်က စိတ်ထဲတွင် အချက်အလက်များ ရှာဖွေကြည့်လိုက်ရာ မျက်စိသုံးလုံးပင့်ကူနှင့် ကိုက်ညီနေသည်ကို တွေ့ရှိသွားလေသည်။ သို့သော် မျက်စိသုံးလုံးပင့်ကူတွင် ကျားကဲ့သို့ အစင်းကြောင်းများ မရှိသလို တောက်ပနေခြင်းလည်း မရှိပေ။

သန္ဓေပြောင်းသားရဲတစ်ကောင်လား။

ချူရှောင်းရန် အသက်ပြင်းပြင်းရှုလိုက်၏။ နတ်အရိုင်းမြေထဲတွင် ပျက်စီးခြင်းသားရဲပေါင်းစုံ ရှိလေသည်။ တစ်ခါတစ်ရံတွင် ရတနာတစ်ခုကို စားမိခြင်းကဲ့သို့သော ကံကောင်းမှုမျိုးနှင့် အခြားအကြောင်းအရင်းများကြောင့် သန္ဓေပြောင်းတတ်ကြလေ၏။ သန္ဓေပြောင်းအများစုက မူလမျိုးစိတ်ထက် ပိုမိုသန်မာကြလေသည်။

မူရင်း မျက်စိသုံးလုံးပင့်ကူကပင် သန်မာနေသည်ဖြစ်ပြီး ၎င်းအား ယှဥ်နိုင်စွမ်းမရှိသည်ကို ချူရှောင်းရန် သိလေသည်။ သန္ဓေပြောင်းထားသည့် မျက်စိသုံးလုံးပင့်ကူဆိုလျှင် သာ၍ပင်ဆိုးသေးချေ၏။ ယန်ဟောက်ရန် ထွက်ပြေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

သူတို့က တောင်ကြားထဲတွင်ရှိနေပြီး လမ်းကြောင်းတစ်ခုသာ ရှိလေသည်။ သန္ဓေပြောင်းပင့်ကူထံမှ သူတို့ ပြေးမတော့လျှင် ဤနေရာတွင် သေရလိမ့်မည်။

" မပြေးကြနဲ့... ငါနဲ့အတူ တိုက်ခိုက်ပြီးတော့ ဒီကောင်ကြီးကို သတ်ကြမယ် " ချူရှောင်းရန်တို့၏နောက်မှ ယန်ဟောက်ရန်က အော်လိုက်သည်။ သူက အမောဖောက်နေသော လေသံဖြင့် ဆိုလေသည်..." ငါ ဒီမွန်းစတားနဲ့ တိုက်ခိုက်ခဲ့တယ်။ ငါက ဒီမွန်းစတားကို မယှဥ်နိုင်ပေမဲ့ အများကြီးနိမ့်မနေဘူး။ မင်းတို့သာ ကူညီပေးရင် အောင်မြင်မယ်လို့ အာမခံတယ်။ ငါတို့သာ ဆက်ပြီးထွက်ပြေးနေမယ်ဆိုရင် တဖြည်းဖြည်းချင်းနဲ့ ဒီမွန်းစတား သတ်တာကို ခံရမှာပဲ "

ယန်ဟောက်ရန် ပြောသည်မှာ အဓိပ္ပါယ်ရှိလေသောကြောင့် ချူရှန်း ရပ်လုနီးပါး ဖြစ်သွားရလေ၏။ သူတို့က ဥက္ကာခဲချောက် အနက်ပိုင်းထဲသို့ ပြေးနေကြခြင်းဖြစ်၏။ အနက်ပိုင်းထဲသို့ရောက်လေလေ မွန်းစတာများ ပိုများလေလေဖြစ်ပြီး မွန်းစတာများ၏ ခွန်အားများလည်း ပိုတိုးလာလေလေ ဖြစ်လာပေလိမ်မည်။ ယင်းက သတ်သေခြင်းနှင့်မခြားပေ။

သူတို့သာ ရပ်တန့်ပြီး အသက်လုတိုက်ခိုက်ပါက အသက်ရှင်နိုင်ရန် အခွင့်အရေးရှိသည်။

" ဒီကောင့်စကားကို မယုံကြနဲ့ "

ချူရှန်း တုန့်ဆိုင်းနေချိန်တွင် ယီယွင်က အသံပို့လွှတ်လာသည်..." ဒီကောင်က မင်းကို သူ့နောက်မှာ ချန်ထားခဲ့ချင်လို့ နှေးအောင်လုပ်နေတာ။ မင်း ရပ်လိုက်မိလို့ ဒီကောင်က မင်းကို လိုက်မီလာပြီဆိုတာနဲ့ ထိပ်ကနေထွက်ပြေးသွားမယ်ဆိုတာ ငါ အာမခံတယ် "

သူ၏စွမ်းအင်မြင်ကွင်းမှတစ်ဆင့် သန္ဓေပြောင်းမျက်စိသုံးလုံးပင့်ကူ၏ စွမ်းအားကို ယီယွင် ခံစားမိသည်။ ယင်းက သူတို့ ကလေးအဖွဲ့ ကိုင်တွယ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ လူသားအရှင်သခင်တစ်ဦး ရောက်လာမှသာ မျက်စိသုံးလုံးပင့်ကူကို ကိုင်တွယ်နိုင်လောက်မည်။

" အရှေ့ တစ်ဆယ်ကီလိုမီတာလောက်မှာ ရေကန်တစ်ခု ရှိတယ်။ ကန်ရေက အရိုးခိုက်အောင်အေးပြီး ကြောက်စရာကောင်း နက်တယ်။ ငါတို့တွေ ကန်ထဲကိုဆင်းရင် လွတ်နိုင်လောက်တယ် " ပြေးနေရင်းဖြင့် ချူရှောင်းရန်က တည်ငြိမ်စွာဆိုလိုက်သည်။ သူမက ရေခဲဥပဒေသကို ကျင့်ကြံနေသူဖြစ်၍ ဥက္ကာခဲချောက်ထဲမှ အလွန်အေးသောနေရာများကို ရင်းနှီးလေသည်။

" မင်း အဲ့ဒီရေကန်ထဲကို ဆင်းပြီးစူးစမ်းဖူးလား " ယီယွင်က မေးလိုက်သည်။

" သိပ်မများဘူး။ ငါ မီတာရာပိုင်းလောက်ပဲ ဆင်းကြည့်ဖူးတယ်။ အောက်ကိုဆင်းလေလေ မဲမှောင်လာလေလေဆိုတော့ ဘယ်ကိုရောက်မလဲဆိုတာ ငါ မသိတော့လို့ ဆက်မဆင်းတော့ဘူး။ မြေအောက်မြစ်တစ်ခုဆီကို ဦးတည်နေတာ ဖြစ်လောက်မယ် " ချူရှောင်းရန်က အမြန်ပြောလိုက်သည်။

" တစ်ဆယ်ကီလိုမီတာဆိုတော့ ငါတို့တွေ လုပ်နိုင်လောက်တယ်။ စွန့်စားကြည့်တာပေါ့ " ယီယွင် ဆုံးဖြတ်ချက်ချလိုက်၏။ သူတို့၏ခွန်အားနှင့် အမြန်နှုန်းအပြည့်သွားပါက တစ်ဆယ်ကီလိုမီတာအား စက္ကန့်တစ်ရာ ၊ နှစ်ရာအတွင်း ရောက်နိုင်လောက်သည်။

ချူရှန်းနှင့် ချူလော့တို့တွင် အမြန်နှုန်းအစီရင် ရှိလေသောကြောင့် သူတို့အား အမီလိုက်နိုင်သည်။ ထိုသို့သာမဟုတ်ပါက ယီယွင်သည်လည်း ထိုနှစ်ယောက်ကို ဂရုစိုက်ပေးနိုင်မည်မဟုတ်ပေ။

ယန်ဟောက်ရန်က သူတို့အားလုံးထက် ပိုမြန်လေသောကြောင့် လိုက်မီလာခဲ့လေ၏။

" ဒီမျိုးမစစ်တစ်သိုက်က ကောက်ကျစ်တာပဲ။ ဒါပေမဲ့ အဲ့ဒါက အသုံးမဝင်ဘူး။ ငါက မင်းတို့အားလုံးကို ကျော်တက်နိုင်သေးတယ် " ယန်ဟောက်ရန် အံကျိတ်လိုက်၏။ သူသည်လည်း အေးစိမ့်ရေကန်ကို သိလေသည်။

တစ်ဆယ်ကီလိုမီတာ ၊ ရှစ်ကီလိုမီတာ ၊ ငါးကီလိုမီတာ...။

အေးစိမ့်ရေကန်နှင့် နီးလာခဲ့သော်လည်း သူတို့နှင့် မျက်စိသုံးလုံးပင့်ကူတို့ အကြားမှ အကွာအဝေးကလည်း နီးကပ်လာခဲ့သည်။

ရုတ်ခြည်းမှာပင် ယီယွင်တို့၏ရှေ့၌ မျောက်ဝံကြီးတစ်ကောင် သတိပေးခြင်းမရှိဘဲ ပေါ်လာခဲ့လေ၏။ ယင်းက သွေးပြာမျောက်ဝံ ဖြစ်သည်။

အားလုံး တုန်လှုပ်သွားရ၏။ ယခင်က ယန်ဟောက်ရန်သည် သားရဲမျှားမြက် အသုံးပြုကာ သွေးပြာမျောက်ဝံကို မျှားခေါ်ခဲ့ပြီး သတ်ခဲ့ဖူးသည်။ ယန်ဟောက်ရန်က သန်မာသော်လည်း သွေးပြာမျောက်ဝံကို အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ခဲ့ရလေ၏။

ချိုးနျိုနှင့် ချူရှောင်းရန်တို့အဖို့ သွေးပြာမျောက်ဝံကို သတ်နိုင်ရန်မှာမူ အလွန်ခက်ခဲလေသည်။ သွေးပြာမျောက်ဝံ၏ ခုခံနိုင်စွမ်းက မီးသတ္တုပုရွက်ဆိတ်ထက် များစွာပိုမိုကာ အားကောင်းလေ၏။

သွေးပြာမျောက်ဝံ ရုတ်တရက်ပေါ်လာကာ သူတို့၏လမ်းအား ပိတ်ထားခြင်းသည် အိပ်မက်ဆိုးတစ်ခု ဖြစ်လေ၏။

" ဆိုးတာပဲ "

အချိန်က အရေးကြီးလေ၏။ ချူရှန်းနှင့် ချူလော့တို့မှာ သွေးပြာမျောက်ဝံကို မြင်လိုက်ရချိန်တွင် ကြောက်စိတ်မွှန်သွားကြလေ၏။

စက္ကန့်အနည်းငယ်ခန့်မျှ ရပ်မိသွားလျှင်ပင် သူတို့၏နောက်မှ မျက်စိသုံးလုံးပင့်ကူကြောင့် သေရပေလိမ့်မည်။ ယန်ဟောက်ရန်ပင် ဆယ်စက္ကန့်ခန့် အချိန်ယူကာ သတ်ခဲ့ရသည့် မွန်းစတားကို သူတို့ မည်သို့ကျော်ဖြတ်ရမည်နည်း။

သူတို့ ထိတ်ပျာနေချိန်တွင် ပုံရိပ်တစ်ခုက ရှေ့သို့ပြေးထွက်သွားသည်။ ယီယွင်က တပ်တစ်ထောင်ဓားမောက်ကို ကိုင်ကာ ခုန်ထွက်သွားလေ၏။

လက်ရှိအချိန်၌ သူ၏မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေသော်လည်း စိတ်ကမူ တည်ငြိမ်နေ၏။ သူ၏စိတ်ထဲတွင် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို ပြန်မြင်ယောင်နေသည်။ ယခုအခါတွင် ဓားမောက်အမှန်တရားက အလွန်တရာပင် ကြည်လင်ပြတ်သားလာခဲ့၏။

ဘုန်း...။

ယီယွင်၏ကျောဘက်တွင် နေအလင်းချီများ ပေါက်ကွဲထွက်လာကာ ထည်ဝါခမ်းနားသော ထန်တောင်ကြားပုံရိပ် ပေါ်လာလေ၏။ တပ်တစ်ထောင်ဓားမောက်က ယီယွင်၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်သွားသည့်အလားပင် ဓားမောက်နှင့်တစ်သားတည်း ဖြစ်သွားရလေ၏။

" ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်နဲ့ တစ်သားတည်း "

ယီယွင်၏တစ်ကိုယ်လုံးနှင့် တပ်တစ်ထောင်ဓားမောက်တို့က တောက်ပသော ဓားအလင်းတစ်ခု ဖြစ်သွားခဲ့ပြီး သွေးပြာမျောက်ဝံအား ခုတ်ပိုင်းလေသည်။ သွေးပြာမျောက်ဝံက ဟစ်အော်ကာ ယီယွင်ကို ရိုက်ချလေ၏။

သို့သော် ယီယွင်က မြန်ဆန်လွန်းလှပြီး သွေးပြာမျောက်ဝံ၏ ရိုက်ချက်က သူ့အား မထိမီတွင် ယီယွင်၏ဓားမောက်က သွေးပြာမျောက်ဝံကို ခုတ်မိနေပေပြီ။

ရွှတ်...။

ကောင်းကင်ထက်တွင် သွေးရောင်ဓားအလင်း တောက်ပသွား၏။ ဓားအလင်းက အလင်းရောင်ကို ဝါးမျိုသွားသည့်အလားပင် ဘေးပတ်လည်တွင် မဲမှောင်သွားခဲ့လေ၏။ တစ်လောကလုံးတွင် ဓားမောက်တစ်လက်သာ ကျန်ခဲ့သည့်အလားပင်။

သွေးပြာမျောက်ဝံ၏ခန္ဓာကိုယ် တုန်ယင်သွားကာ သွေးများပြန့်ကျဲသွားလေ၏။ ယီယွင်၏တိုက်ခိုက်မှုက သွေးပြာမျောက်ဝံကို အထက်မှအောက်အထိ နှစ်ပိုင်းဖြတ်သွားခဲ့လေ၏။ သွေးပြာမျောက်ဝံ နှစ်ခြမ်းကွဲထွက်သွားကာ ကျောက်ဆောင်များနှင့် ရိုက်မိသွားလေ၏။

ယီယွင်နှင့်ဓားမောက်က သွေးပြာမျောက်ဝံကို ဖြတ်ကျော်သွားခဲ့ပြီး သူ၏တစ်ကိုယ်လုံး သွေးများစိုရွှဲနေသည်။

အိုး...။

ယီယွင်၏နောက်မှ ချိုးနျိုနှင့် ချူရှောင်းရန်တို့ တုန်လှုပ်သွားရ၏။ ချူရှန်းနှင့် ချူလော့တို့မှာ သူတို့၏မျက်စိများကို မယုံနိုင်ကြပေ။ ယခင်က ယီယွင်သည် သားရဲများကို သတ်ဖြတ်ခဲ့သော်လည်း အများစုသည် လှည့်ကွက်ပါလေ၏။ သူက ပျက်စီးခြင်းသားရဲများ၏ အားနည်းချက်များကိုသာ တိုက်ခိုက်ခဲ့သည်။ ကြောက်မက်ဖွယ်ရာ ခုခံနိုင်စွမ်းရှိသည့် သွေးပြာမျောက်ဝံအား ခေါင်းမှစ၍ နှစ်ပိုင်းဖြတ်ပစ်ခဲ့ခြင်းမျိုးကို ယီယွင် တစ်ခါမျှပင် မတိုက်ခိုက်ဖူးခဲ့ပေ။

နောက်မှပြေးနေသည့် ယန်ဟောက်ရန်ပင် နှလုံးခုန်နှုန်း မှားယွင်းသွားရသည်။ ဤတိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ သူ၏ အသန်မာဆုံး တိုက်ခိုက်မှုသည်ပင် ထိုကဲ့သို့ ထိခိုက်မှုမျိုးကို မပေးနိုင်ပေ။

ဟုတ်သည်။ တိုက်ခိုက်မှုစွမ်းအားဆိုသည်မှာ လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည် ကဏ္ဍတစ်ခုသာ ဖြစ်လေ၏။ ယန်ဟောက်ရန်က ရှုထောင့်ပုံရိပ် ၊ ဥပဒေသ ထိုးထွင်းသိမြင်မှု ၊ ယွမ်ချီပမာဏ စသည့်အရာများတွင် ယီယွင်ထက် သာလွန်လေ၏။

ယနေ့တွင် ယီယွင်ကို စော်ကားမိခဲ့ပြီးနောက် ယီယွင် အသက်ရှင်ခဲ့ပါက သူ့အား ပြင်းထန်သောပုံစံဖြင့် လက်စားလာချေလိမ့်မည်ဟု ယန်ဟောက်ရန် ခံစားမိလာသည်။ ထိုအရာကို တွေးမိသွားကာ ယန်ဟောက်ရန်၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာရ၏။

" အဆင်ပြေရဲ့လား ယီယွင် " ချူရှောင်းရန်က လှုပ်ရှားမှုနည်းစနစ် အသုံးပြုကာ ပြေးလွှားနေရင်း မေးလိုက်သည်။

ထိုတိုက်ခိုက်မှုကြောင့် ယီယွင် လုံးဝပင်နွမ်းနယ်နေ၏။ ပြီးခဲ့သည့်နှစ်လလုံး ဓားမောက်သင်္ချိုင်း၏ ဓားမောက်အမှန်တရားများကို နားလည်စေရန် အပတ်တကုတ်ကြိုးစားပြီးနောက်တွင် သူ ပထမဆုံးအကြိမ် ထုတ်သုံးခဲ့ခြင်း ဖြစ်လေ၏။

ဓားမောက်လမ်းစဥ်သည် သတ်ဖြတ်ခြင်းကို အနှစ်သာရအဖြစ် ထားလေ၏။ ပြိုင်ဘက်ကင်းတဲ့ စိတ်ဓာတ် ရှိနေမှသာ အခြားကဏ္ဍတွေမှာလည်း ပြိုင်ဘက်ကင်းလိမ့်မယ်။

ဓားမောက်သင်္ချိုင်း၏ ပိုင်ရှင်ဖြစ်သူ ချန်ထားခဲ့သည့် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု၏ ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်း၏တိုက်ခိုက်မှု ဖြစ်လေ၏။ ဓားမောက်အမှန်တရားကို နေအလင်းချီနှင့် စွမ်းအားပံ့ပိုးပေးလိုက်ချိန်တွင် တိုက်ခိုက်မှု၏ ဖျက်ဆီးနိုင်စွမ်းက နှစ်ဆတိုးသွားမည်မှာ သံသယဖြစ်ရန်မလိုပေ။

သို့သော် ယီယွင်၏ ခရမ်းသွေးနယ်ပယ် ကျင့်ကြံမှုအဆင့်တွင် ဤတိုက်ခိုက်မှုကို စွမ်းအားပံ့ပိုးပေးရန်အတွက် ယွမ်ချီများ များစွာအသုံးပြုရသည်။ တိုက်ခိုက်မှုတစ်ခုနှင့်ပင် သူ၏ယွမ်ချီတစ်ဝက်ခန့် ကုန်ခမ်းသွားခဲ့ရပြီး ဆက်လက်တိုက်ခိုက်ရန် အခက်ကြုံနေရသည်။

အကယ်၍ သူသာ ယွမ်အုတ်မြစ်ချနယ်ပယ် ကျင့်ကြံမှုရှိနေပါက တူညီသောတိုက်ခိုက်မှုကို ဆယ်ကြိမ်လုပ်ဆောင်ရလျှင်လည်း ပြဿနာမရှိပေ။ ယင်းကြောင့်ပင် ယီယွင်က ​မြေအဆင့် အဆင့်တစ်ရာအတွင်းမှ ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့် ကျွမ်းကျင်သူများကို မတိုက်ခိုက်နိုင်သေးခြင်း ဖြစ်လေသည်။

ယီယွင်က သွေးပြာမျောက်ဝံကို တစ်ချက်တည်း သတ်ဖြတ်ပြီးနောက်တွင် ချူရှန်း ၊ ချိုးနျိုနှင့် အခြားသူများမှာ ကြီးစွာပင် စိတ်အားတက်ကြွလာကြ၏။ သူတို့က အေးစိမ့်ရေကန်ဆီသို့ တဟုန်ထိုး​ပြေးသွားကြလေ၏။

သို့သော် ထိုအခိုက်တွင် ယန်ဟောက်ရန်က နောက်ကနေ ထူးဆန်းသောအသံတစ်ခု ပေးလာခဲ့သည်။

All Chapters