ဒယ်အိုးထဲက ခုန်ထွက်ပြီး မီးဖိုထဲ ခုန်ဆင်း
Vol. 20 Ch. 289
ယန်ဟောက်ရန်၏ ထူးဆန်းသောအော်သံကို ကြားလိုက်ရချိန်တွင် ယီယွင် ဝမ်းသာသွားလေ၏။ ထိုလူယုတ်မာသာ သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူကြောင့် ထိခိုက်သွားခဲ့ရပါက အားလုံးပျော်ရွှင်ရသော ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ယင်းက အကျိုးထူးဆောင်ခြင်းဖြစ်ပြီး ယန်ဟောက်ရန်က သူတို့အတွက် မွန်းစတာကြီးကို အချိန်အချို့ခန့် နှောင့်နှေးအောင်လုပ်ဆောင်နိုင်လိမ့်ည်။
ဟုတ်သည်။ ယန်ဟောက်ရန် မည်သို့ဖြစ်နေကြောင်း ယီယွင် အာရုံမစိုက်နိုင်မီတွင် ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရပြီး စွမ်းအင်လှိုင်းများက မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။
ယန်ဟောက်ရန်က အဆင့်မြင့် ပေါက်ကွဲအစီရင်ပြားကို ဖောက်ခွဲပစ်ခဲ့လေ၏။
ထိုအစီရင်ပြားက သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူကို အနည်းငယ်ခန့် ဟန့်တားနိုင်ခဲ့၏။ ထို့နောက်တွင် ယန်ဟောက်ရန်၏ ခန္ဓာကိုယ်မှ ရွှေရောင်ဖျော့ဖျော့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရုတ်ခြည်းမှာပင် သူ၏အမြန်နှုန်းများ တိုးတက်သွားခဲ့ပြီး ယီယွင်တို့ဆီသို့ ပြေးသွားလေ၏။
" ဒီလူယုတ်မာမှာ ခြောက်လှန့်စရာတွေ ရှိနေသေးတာပဲ " ယီယွင် ကျိန်ဆဲလိုက်သည်။
သို့သော် ယင်းက ကျိုးကြောင်းသင့်သည်။ ချူရှန်းနှင့် ချူလော့တို့ပင် အထူးအစီရင်ပြားများနှင့် အစီရင်မန္တာန်များ ဝယ်ထားကြသည်ဖြစ်ရာ ယန်ဟောက်ရန်အဖို့လည်း အဘယ့်ကြောင့်များ မဝယ်ရမည်နည်း။
ထိုကောင်ကဲ့သို့ လူစားမျိုးများက လေ့ကျင့်ရင်း အလွယ်တကူသေကြမည် မဟုတ်ပေ။
လက်ရှိအချိန်၌ ယီယွင်၏စိတ်ထဲတွင် အတွေးများစွာ ဖြစ်နေချိန်တွင် ချူရှောင်းရန် ပြောခဲ့သည် အေးစိမ့်ရေကန်ကို ရှေ့တွင်မြင်ရလာသည်။
မတ်စောက်သော ချောက်နံရံတစ်ခု၏အောက်တွင် အပြာရင့်ရောင် ရေကန်တစ်ခု ရှိလေသည်။ တောင်ကြားထဲတွင် လေပြင်းထန်သော်လည်း ကန်ရေပြင်ကမူ တည်ငြိမ်နေကာ လှိုင်ကြက်ခွပ်များပင် ဖြစ်မနေပေ။ အေးစိမ့်ရေကန်က အလွန်ပင် နိမိတ်မကောင်းသော ခံစားချက်ကို ပေးစွမ်းနေလေ၏။
" အဲ့ဒီမှာပဲ " ချူရှောင်းရန်က ဆိုလိုက်သည်။
လက်ရှိတွင် သူတို့အဖို့ အေးစိမ့်ရေကန်ထဲတွင် မည်သည့်အရာရှိကြောင်း ဆုံးဖြတ်နေရန် အချိန်မရှိပေ။ သူတို့က အေးစိမ့်ရေကန်ဆီသို့ အမြန်နှုန်းမြင့်ကာ ခုန်ဆင်းသွားကြလေ၏။
ဗွမ်း...။
ယီယွင် ရေကန်ထဲသို့ ရောက်ရှိသွားချိန်တွင် ရေအေးများ၏ အေးစိမ့်မှုကို ခံစားလိုက်ရ၏။ ယင်းက လူတစ်ဦး၏ ခြင်ဆီအထိပင် အေးခဲသွားနိုင်လောက်သည်။ ထိုမျှနိမ့်သော အပူချိန်တွင်ပင် အေးစိမ့်ရေကန်က အေးခဲမနေသည်မှာ အံ့ဩစရာဖြစ်ချေ၏။
ထိုမျှမကသေးဘဲ အေးစိမ့်ရေကန်၏ ရေများက စေးပျစ်သည်ဟု ယီယွင် ခံစားမိသည်။ ယင်းက ခံနိုင်ရည်စွမ်းလည်း ကြီးမားကာ အံ့ဩဖွယ်ကောင်းသည်။
ယီယွင် ဆက်မတွေးတော့ဘဲ ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လည်ပတ်စေလိုက်ရာ အေးစက်မှုများ ပျောက်ကွယ်သွားလေ၏။ သူက ရေကန်အနက်ပိုင်းထဲသို့ ငါးတစ်ကောင်ပမာ ကူးခပ်သွားလေ၏။
ယခင်က ယီယွင်သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းထဲမှ ရေပြင်ကျယ် နဂါးအကသိုင်းကွက်ကို လေ့ကျင့်ဖူးလေသောကြောင့် ရေနက်ပိုင်းများနှင့် ကျွမ်းဝင်မှုရှိသည်။
သူတို့ငါးယောက်က တစ်ဦးနှင့်တစ်ဦး ကူညီပေးကြလေ၏။ ချူရှန်းနှင့် ချူလော့တို့က ကျန်သုံးယောက်ထက် အားနည်းကြသော်လည်း သူတို့၏ ယွမ်ချီများ အသုံးပြုကာ အေးစိမ့်သော ကန်ရေကို ခုခံနိုင်ကြသည်။
ဗွမ်း...။
ရေကန်ထဲသို့ လေးလံသော အရာတစ်ခု ထပ်မံကျဆင်းလာသည်။ ယန်ဟောက်ရန်က လိုက်မီလာပေပြီ။
" ဒီလူယုတ်မာ.... ဒီလောကကြီးမှာ တရားမျှတမှုဆိူတာ မရှိတော့ဘူး။ ဒီကောင်က တကယ်ကို မသေနိုင်သေးဘူး " ချိုးနျို အံကျိတ်ကာ ဆိုလိုက်သည်။
လက်ရှိတွင်မူ သူတို့အတွက်ပင် ခြေချစရာမရှိလေသောကြောင့် ယန်ဟောက်ရန်ကို အရေးမစိုက်ကြတော့ပေ။ အားလုံးသည် အစွမ်းကုန်သုံးကာ ရေနက်ပိုင်းထဲသို့ ကူးခပ်သွားကြလေ၏။
မကြာမီတွင် ဘေးပတ်ဝန်းကျင်သည် မဲမှောင်လာလေ၏။ ကန်ရေသည် အလင်းရောင်ကို ပိတ်ဆို့နိုင်သည့် အားကောင်းသောစွမ်းရည် ရှိလေသည်။ ရေအနက် ဆယ်မီတာသို့ ဆင်းပြီးသွားချိန်တွင် သူတို့၏ရှေ့မှ သူတို့၏လက်ချောင်းများကိုပင် မမြင်ကြရတော့ပေ။
သူတို့က ရေထဲတွင် အားသုံးကူးခပ်နေသည့်တိုင်အောင် ကန်ရေသည် လှိုင်းအနည်းငယ်ပင် ဖြစ်မလာပေ။ နိမိတ်မကောင်းစွာပင် တိတ်ဆိတ်နေလေ၏။ ထူးခြားဆန်းကြယ်သော ကန်ရေအနက်ပိုင်းသည် သူတို့အား ဝါးမျိုပစ်တော့မည့် နတ်ဆိုးတစ်ကောင်၏ ပါးစပ်ကြီးတစ်ခုနှင့် ဆင်တူနေသည်။
ယခုအခါမှသာ ချူရှောင်းရန်က ဆက်လက်၍ စွန့်စားခြင်းမပြုတော့ဘဲ အဘယ့်ကြောင့် တစ်ဝက်ခန့်အထိသာ ဆင်းခဲ့ရကြောင်းကို ယီယွင် နားလည်သွားခဲ့သည်။ ရေကန်အနက်ပိုင်းက အားကောင်းလှသော မသက်မသာဖြစ်စိတ်ကို ပေးစွမ်းနေလေသည်။ အောက်တွင် မည်မျှအထိ နက်ရှိုင်းကြောင်းကို မည်သူကမျှ မသိနိုင်ပေ။
ရေသည် အသံ ၊ အလင်းနှင့် အာရုံခံနိုင်စွမ်းများကို ပိတ်ဆို့ထားလေပြီး အဆုံးမဲ့အမှောင်ထုသို့ ကျရောက်နေသည့်အလားပင်။ ယင်းက ဒဏ္ဍာရီလာ ငရဲမုခ်ဝအလားပင်။
" အားလုံးရှိရဲ့လား " ချူရှောင်းရန်က ယီယွင်ဆီသို့ အသံပို့လွှတ်လိုက်သည်။
ရေအနက် မီတာနှစ်ရာသို့ ရောက်ရှိသွားခဲ့ချိန်တွင် သူတို့က ဆယ်မီတာခန့်စီ ဝေးကွာနေပြီး အခြားသူတစ်ဦး၏ တည်ရှိမှုကို သိနိုင်ရန်ခက်ခဲနေ၏။
စစ်သည်များက အမှောင်ထဲတွင် မြင်နိုင်ကြသော်လည်း အလင်းရောင်ဖျဖျကို လိုအပ်သေးသည်။ အလင်းရောင်မရှိသည့် ပတ်ဝန်းကျင်တွင် စစ်သည်များအဖို့ မည်သည့်အရာမျှ မမြင်နိုင်ပေ။ ထို့အပြင် ရေကန်ထဲတွင် ယွမ်ချီလှုပ်ခတ်မှုမှာလည်း အားကောင်းစွာပင် ထိုင်းမှိုင်းစေလေ၏။ ချူရှောင်းရန်၏ အသံပို့လွှတ်မှုသည်ပင် ထိုင်းမှိုင်းမှုကြောင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေရလေသည်။
" ရှိတယ် " ယီယွင် အသံပို့လိုက်သည်။
သူ စွမ်းအင်မြင်ကွင်းကို ဖွင့်ထားသော်လည်း ကို့ရို့ကားယားနိုင်သည့် ရေကန်ထဲတွင် စွမ်းအင်မြင်ကွင်းအား အသုံးပြုရသည်မှာ ကုန်းပေါ်ထက်စာလျှင် ကြီးစွာပင်ကျဆင်းနေလေ၏။ သို့သော် ဤသည်က ချူရှောင်းရန်နှင့် အခြားသူများထက် ပိုကောင်းနေသေးပေသည်။
သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက သူတို့၏နောက်သို့ လိုက်နေဆဲဖြစ်သည်ကို ယီယွင်က ဦးစွာမြင်ခဲ့လေသည်။ ယီယွင်၏အထက် ရေထုထဲတွင် သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူ ရှိနေလေ၏။
သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက ရေနက်ထဲမှ အမည်မသိအရာကို ကြောက်ရွံ့နေသည့်အလားပင် နှေးသွားခဲ့လေပြီး မြန်ဆန်စွာ ဆင်းလာဝံ့ခြင်းမရှိတော့ပေ။
ပျက်စီးခြင်းသားရဲ အများစုက နိမိတ်မကောင်းသော နေရာဒေသများတွင် လူသားများထက် အာရုံခံနိုင်စွမ်း ပိုကောင်းကြလေ၏။ ယင်းက သတင်းကောင်းတစ်ခု ဖြစ်ချေ၏။
သို့သော် ယီယွင်တို့အဖွဲ့က ရေနက်ထဲသို့ ဆင်းနေကြဆဲပင်။ သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက ရုတ်တရက်ပင် ရူးသွပ်သွားကာ သူတို့နောက်သို့ လိုက်မလာနိုင်ဟု မည်သူကမျှ အာမမခံနိုင်ပေ။
" အိုး...ယန်ဟောက်ရန်လား " ယီယွင် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ သူ၏စွမ်းအင်မြင်ကွင်းထဲတွင် ယန်ဟောက်ရန်ကို မြင်နေရသည်။ ကန်ရေ၏ အမှောင်ထုကြောင့် ယန်ဟောက်ရန်က သူတို့နှင့် မီတာတစ်ရာခန့်ခြားကာ ရှိနေလေသည်။
" ဒီလူယုတ်မာ... "
အစပိုင်းကတည်းကပင် ယန်ဟောက်ရန်က လေ့ကျင့်ရေးမြေကို မောင်ပိုင်စီးထားခဲ့လေ၏။ ယီယွင်က လှည့်ကွက်သုံးကာ ယန်ဟောက်ရန်အား မောင်းထုတ်ပြီးနောက်တွင် မမျှော်လင့်စွာဖြင့်ပင် ယန်ဟောက်ရန်က သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူကို ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့အားလုံးကို အပြတ်ရှင်းပစ်လုနီးပါး ဖြစ်ခဲ့ရလေသည်။
ထိုကိစ္စနောက်ကွယ်မှ တရားခံက အသက်ရှင်နေဆဲဖြစ်သော်လည်း လက်ပါးစေများကမူ သေဆုံးသွားခဲ့ရ၏။
သို့သော် လက်ရှိတွင် ယီယွင်က ယန်ဟောက်ရန်ကို မယှဥ်နိုင်သေးပေ။ သူ လက်စားချေလိုလျှင်ပင် ထိုကောင့်အား မရိုက်နိုင်သေးပေ။ သူက ထိုကောင့်ကို ရိုက်နိုင်ခဲ့လျှင်ပင် တိုင်အာနတ်မြို့၏ စည်းကမ်းများကြောင့် ယန်ဟောက်ရန်ကို မည်သည့်အရာမျှ လုပ်ဆောင်၍မရပေ။
ယီယွင် ယန်ဟောက်ရန်အကြောင်း မတွေးတော့ပေ။ သူသည် ရေနက်ပိုင်းထဲတွင် မည်သည့်အရာများ ရှိနေကြောင်းကို သိနိုင်ရန်အတွက် စွမ်းအင်မြင်ကွင်း ဖွင့်ကာ အာရုံစိုက်ထားခဲ့သည်။
ရေအနက် မီတာတစ်ရာခန့်တွင် ဂူကြီးသုံးခု ရှိနေလေသည်။ ဂူဝတွင် ပြင်းထန်သော ရေစီးကြောင်းများဖြစ်နေပြီး ရေများကို ဂူထဲသို့ စုပ်ယူနေသည်။ ယင်းကြောင့် ဝဲကတော့ကြီးသုံးခု ဖြစ်ပေါ်နေလေ၏။
ထိုဝဲကတော့သုံးခုက မည်သည့်နေရာအား ဦးတည်နေကြောင်းကို ယီယွင် မသိသော်လည်း အားကောင်းသော မသက်မသာစိတ်ကို ခံစားရလေသည်။
ထိုကဲ့သို့ ဂူတစ်ခု၏အနက်က အတိုင်းအဆမသိအောင် နက်ရှိုင်းလေ၏။ စစ်သည်တစ်ဦးက ရေထဲတွင် အချိန်ကြာမြင့်စွာ နေနိုင်သော်လည်း အကန့်အသတ်မရှိ နေနိုင်သည်မဟုတ်ပေ။ ဂူက အလွန်နက်ရှိုင်းကာ အောက်ခြေမရှိဘဲ အမည်မသိရသော လျှို့ဝှက်မြေအောက်ဆီသို့ ဦးတည်နေသည်ဆိုပါက သူတို့အဖို့ မြေအောက်ရေအနက်ထဲတွင် သေသွားဖို့ရာများလေ၏။
ယီယွင် ဦးစွာတွေးမိသည်မှာ အခြားအရပ်မျက်နှာတစ်ခုသို့ ဦးတည်ချက်ပြောင်းကာ ထွက်ပြေးရန်ပင်။ သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူ၏ ခြိမ်းခြောက်မှုက ကြီးစွာလျော့နည်းသွားပြီဖြစ်ရာ သူတို့အဖို့ အတိုင်းမသိ နက်ရှိုင်းလှသော ဂူများထဲသို့ဝင်ရောက်ကာ အန္တရာယ်အဖြစ်ခံနေရန် အကြောင်းအရင်းမရှိပေ။ ရေနက်ထဲတွင် သူတို့ သွားနိုင်သည့် အခြားလမ်းကြောင်းများ ရှိနိုင်လေ၏။
ထိုသို့ဖြင့် ယီယွင်က ဘေးပတ်လည်အားကြည့်ကာ အခြားလမ်းကြောင်းများ ရှာနေချိန်တွင် ကျောရိုးများ စိမ့်တက်သွားရသည်။ သူတို့နှင့် မီတာငါးဆယ်အကွာ ရေနက်ထဲတွင် ထူးဆန်းသော ငါးတစ်အုပ်က သူတို့အား စက်ဝိုင်းပုံစံ ဝိုင်းထားကြလေ၏။
ငါးတစ်ကောင်ချင်းစီက တစ်ပေစီခန့် ရှည်ကြသည်။ ငါးများက ရေထဲတွင် ငြိမ်သက်နေကြပြီး အဖွဲ့စုနေကြသည်။ ၎င်းတို့တွင် ပယင်းရောင် မျက်လုံးများရှိပြီး သူတို့အား မမှိတ်မသုန် ကြည့်နေကြသည်။ ၎င်းတို့က တိတ်ဆိတ်သောပုံစံခြင်း ချဥ်းကပ်လာနေကြ၏။ ဤအခြေအနေက ထိတ်လန့်စရာပင်။
" ငါတို့ အဝိုင်းခံထားရတယ် " ယီယွင် အသံပို့လွှတ်လိုက်၏။
" ဘယ်လို " ချူရှောင်းရန်နှင့် အခြားသူများက ထူးဆန်းသော ငါးများကို အာရုံခံမိခြင်းမရှိပေ။
" ငါပုံစံမျိုး ရေနေ ပျက်စီးခြင်းသားရဲတစ်အုပ်ပဲ။ နတ်အရိုင်းမြေစာအုပ်ထဲမှာ ဒီပျက်စီးခြင်းသားရဲတွေအကြောင်းကို အသေးစိတ်ဖော်ပြထားတာ မရှိဘူး။ ဒီရေကန်ထဲမှာ အနည်းဆုံး အကောင်တစ်ရာလောက်ရှိတယ် "
ထိုငါးများက သေးငယ်ကြသော်လည်း ယီယွင်ကမူ ယခင်ဘဝမှ လက်ဝါးအရွယ်ခန့် အသားစားငါးများအကြောင်း မမေ့သေးပေ။ ၎င်းတို့သာ အုပ်စုကြီးတစ်ခု ဖြစ်သွားခဲ့ပါက သေချာပေါက်ပင် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
" ရေနေ ပျက်စီးခြင်းသားရဲတွေလား " ချူရှောင်းရန်နှင့် အခြားသူများမှာ အကန်းများသဖွယ် ဖြစ်နေလေသောကြောင့် ထူးဆန်းသော ငါးများကို မမြင်နိုင်ကြပေ။
ယီယွင်က သားရဲများကို မည်သို့အာရုံခံနိုင်နေကြောင်းကို သူတို့ မသိပေ။ သို့သော် ယီယွင်က ပြောနေသည်ဖြစ်ရာ ယင်းကိစ္စက အမှားမဖြစ်နိုင်ပေ။
" ဘယ်မှာလဲ " ချိုးနျိုက သိုလှောင်လက်စွပ်ကို တစ်ချက်ထိလိုက်ပြီး သူ၏လက်နက်ကို အသင့်ပြင်ထားလိုက်သည်။
ယီယွင် မျက်နှာမဲ့နေ၏။ ရေအနက် မီတာရာချီတွင် ကြီးမားသောရေဖိအားနှင့် ကိုက်ခဲသော အေးစိမ့်မှုများ ရှိနေသည်။ ရေကလည်း ထိုင်းမှိုင်းချွဲပျစ်နေလေ၏။ ပတ်ဝန်းကျင်ကလည်း အာရုံခံနိုင်စွမ်းများကို ပျောက်ကွယ်စေလေသောကြောင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ၂၀% ၊ ၃၀% ခန့် ကျဆင်းစေလေသည်။
ဥပမာဆိုရသော် ချိုးနျို၏လက်နက်က ဧရာမဒိုင်းကာတစ်ခု ဖြစ်လေသည်။ ရေအောက်ထဲတွင် ငါးတစ်အုပ်ကို ချိုးနျိုက လေးလံသော ဒိုင်းတစ်ခုဖြင့် မည်သို့သော ထိခိုက်နိုင်စွမ်းများ ပေးနိုင်လိမ့်မည်ကို ယီယွင် မခန့်မှန်းနိုင်ပေ။
ထို့အပြင် ဤငါးများက ရေအောက်ထဲမှ သဘာဝလူသတ်သမားများ ဖြစ်ကြလေ၏။ ရေအောက်ထဲတွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်လေသည်။ ရေရှည်ဆိုလျှင် သူတို့ငါးယောက်အဖို့ အဖွဲ့လိုက်တိုက်ခိုက်ရန် အခွင့်အရေးနည်းပါးသွားပေလိမ့်မည်။
ယီယွင်၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်နေလေ၏။ ထိုစဥ် ငါးများ၏ ပယင်းရောင် မျက်လုံးများက တောက်ပလာခဲ့လေရာ ချူရှောင်းရန်နှင့် အခြားသူများက ရေမွန်းစတားများကို မြင်လိုက်ကြရသည်။
ချူရှောင်းရန်နှင့် အခြားသူများ မွန်းကျပ်သွားလေ၏။ သူတို့ အမှန်တကယ်ပင် အဝိုင်းခံထားရချေသည်။ သူတို့က ဒယ်အိုးထဲက ခုန်ထွက်ပြီး မီးဖိုထဲ ခုန်ဆင်းမိခဲ့ချေပြီ။