← Chapters

ကြယ်ကြွေဂိတ်

Vol. 20 Ch. 290

ကြယ်ကြွေဂိတ်

Vol. 20 Ch. 290

ထူးဆန်းသော ငါးများ၏ မျက်လုံးများက အလင်းရောင် တောက်ပလာခဲ့လေသောကြောင့် သူတို့ငါးယောက်သည် ငါးမီတာပတ်လည်ခန့်အား ဝိုးတဝါးမြင်နိုင်သွားကြလေ၏။ သူတို့ငါးယောက်က ကျောချင်းကပ်ထားကာ ငါးအုပ်ကို မျက်နှာမူထားကြလေ၏။

ယီယွင် ထိုက်ခန်းလေးကို တင်းကျပ်စွာကိုင်ထားသည်။ ယခုအခါ၌ သူ အလွန်တရာပင် တည်ငြိမ်နေလေ၏။ သူတို့သာ ဦးစွာတိုက်ခိုက်ပါက အပိုင်းပိုင်းဖြစ်အောင် အကိုက်ခံရမည်ဖြစ်ကြောင်း သူ သိလေသည်။

" ငါတို့ရဲ့အောက် မီတာတစ်ရာလောက်မှာ ဝဲကတော့ကြီးသုံးခု ရှိတယ်။ ငါ့ရဲ့လေးနဲ့မြားကို အချက်ပြအဖြစ် သုံးမယ်။ ငါ မြားပစ်လိုက်တာနဲ့ ငါတို့တွေ အဲ့ဒီကိုသွားကြမယ်။ မင်းတို့ အောက်ကိုထိုးဆင်းတာ အရှိန်မြင့်ဖို့အတွက် မင်းတို့ရဲ့ သိုလှောင်လက်စွပ်ထဲက အလေးဆုံးပစ္စည်းတွေ ထုတ်ထားကြ။ တစ်ချိန်တည်းမှာ မင်းတို့ရဲ့ ယွမ်ချီတွေကို အမြင့်ဆုံးအထိ လည်ပတ်ထားကြ။ ငါတို့တွေ ဝဲကတော့တွေထဲကို ဝင်ရလောက်တယ် "

လက်ရှိတွင် ပြေးလမ်းမရှိချေ။ ဝဲကတော့များက အမည်မသိ အန္တရာယ်များ ပြည့်နေနိုင်သော်လည်း ငါးစာ ဖြစ်ရသည်ထက်စာလျှင် ပိုကောင်းသေးပေသည်။

" ကောင်းပြီ "

ချိုးနျိုနှင့် အခြားသူများက သဘောတူလိုက်ကြသည်။ သူတို့က ယီယွင်၏ အချက်ပြမြားကို အာရုံစိုက်ကာ စောင့်နေကြလေ၏။

ယီယွင် လက်ကိုယမ်းလိုက်ရာ လက်ဝါးထဲတွင် ပစ္စည်းတစ်ခု ပေါ်လာသည်။ ယင်းက သားရဲမျှားမြက် ဖြစ်လေ၏။

ယန်ဟောက်ရန်က သားရဲမျှားမြက်ကို ချန်ထားခဲ့သည်ဖြစ်ပြီး ၎င်းက နှစ်နာရီခန့်အထိ အာနိသင်ကျန်သေးသည်။ ယီယွင်က ထိုအရာကို လုပ်တော့မည်ဖြစ်လေရာ အဆုံးထိသာ လျှောက်ပေတော့မည်။ သူ သားရဲမျှားမြက်ထဲသို့ ယွမ်ချီထိုးသွင်းကာ အနံ့များ ပိုမိုပြင်းထန်လာအောင် လုပ်လိုက်လေ၏။

ထို့နောက်တွင် သားရဲမျှားမြက်ကို လေလိုက်မြား၏ မြားခေါင်းတွင် လျင်မြန်စွာ ထိုးထည့်လိုက်သည်။ ထို့နောက်တွင်မူ သူ လေးကြိုးအားဆွဲကာ မြားတံထဲတွင် ယွမ်ချီများ အကုန်ထည့်သွင်းပြီး ပစ်လွှတ်လိုက်လေ၏။

ဖောင်း...။

ရေထဲတွင် လေးကြိုးခတ်သံက မိုးခြိမ်းသံပမာ ပေါ်ထွက်လာလေ၏။ သားရဲမျှားမြက် ပါရှိနေသည့် လေလိုက်မြား ပြေးထွက်သွားလေသည်။ ယီယွင် မြားပစ်လိုက်သည့်အရပ်က ယန်ဟောက်ရန် ထွက်ပြေးနေသည့်နေရာ ဖြစ်လေသည်။

ငါးအုပ်က မြားတံပမာပင် ကူးခပ်သွားကြလေ၏။

" ပြေးတော့ "

ယီယွင် ပြောစရာပင်မလိုဘဲ ချူရှောင်းရန်တို့က ယွမ်ချီများ ဖောက်ခွဲကာ ရေနက်ထဲမှ ဝဲကတော့များဆီသို့ ကူးခတ်သွားကြလေ၏။

ယီယွင်၏ကျောဘက်၌ ထူးဆန်းသောငါးများ အနည်းငယ်ခန့် ကျန်နေသေးသည်။ ယီယွင်တို့က ထွက်ပြေးရန် ကြိုးပမ်းနေကြခြင်းကြောင့် ငါးများက လိုက်ကြလေသည်။

" ချိုးနျို "

ချူရှောင်းရန် အော်လိုက်လေရာ ချိုးနျိုက သိုလှောင်လက်စွပ်ထဲမှ ဒိုင်းကြီးတစ်ခု ထုတ်ယူလိုက်လေ၏။ ဒိုင်းကြီးက ဦးဆောင်မှုကြောင့် ထူးဆန်းသောငါးများကို ၇၅% ခန့် ဖယ်ရှားနိုင်ခဲ့သည်။ သူတို့အား ထူးဆန်းသောငါးများက ဝိုင်းထားကြခြင်းသည် ခြိမ်း​ခြောက်မှုတစ်ခု မဟုတ်တော့ပေ။

ချူရှောင်းရန်ကလည်း ဓားကိုထုတ်ကာ ခုတ်ပိုင်းနေလေ၏။ ဓားချီသည် သူတို့အား ပိတ်ဆို့ထားသည် ထူးဆန်းသောငါး ငါးကောင်ကို ထိုးဖောက်သွား၏။ သူတို့ငါးယောက်က ရေနက်ထဲမှ ဝဲကတော့များဆီသို့ မနားတမ်း ကူးခပ်သွားကြလေ၏။

သူတို့ ဆယ်မီတာခန့် ဆင်းလာပြီးနောက်တွင်မူ အားကောင်းသော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရ၏။ ဝဲကတော့များက သူတို့အား စုပ်ယူနေခြင်းကြောင့် သူတို့ကိုယ်သူတို့အား ထိန်းချုပ်မရတော့ပေ။

ရေစီးကြောင်းက မြန်ဆန်လွန်းလှ၏။ ထူးဆန်းသောငါးများက ဝဲကတော့များ၏ ရေစီးအားနှင့် ကြုံတွေ့ရချိန်တွင် လှည့်ထွက်သွားကြလေ၏။

ယီယွင်တို့တစ်သိုက်မှာမူ မုန်တိုင်းထဲမှ ဒိုက်မှော်များပမာ ဖြစ်နေရလေ၏။ သူတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ်၍မရတော့ မြန်နှုန်းမြင့်သော ရေစီးအားကြောင့် မြေအောက်ထဲသို့ စုပ်ယူခံနေရသည်။

ဝေါ...။

ယီယွင်တို့တစ်သိုက်မှာ အကန့်အသတ်မဲ့သော လိုဏ်ခေါင်းထဲသို့ ဝင်သွားကြရလေ၏။ လိုဏ်ခေါင်းကလည်း ပိတ်ပိန်းမဲမှောင်နေသည်ဖြစ်ပြီး ယီယွင်က စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ ဘေးပတ်လည်အား ကြည့်နေရသည်။ လိုဏ်ခေါင်းက မီတာသုံးဆယ်ခန့်ကျယ်ကာ ကျောက်နံရံများက ချောမွေ့နေလေ၏။

မြေအောက်လိုဏ်ခေါင်းက လိုဏ်ခေါင်းအဖြောင့် မဟုတ်လေဘဲ လိုဏ်ခေါင်းအခွဲများ များစွာပင်ရှိလေသည်။ ရေစီးကြောင်း အမြန်နှုန်းကြောင့် ယီယွင်က သွားလိုသည့် ဦးတည်ချက်အား ထိန်းချုပ်နိုင်လေသည်။ လိုဏ်ခေါင်းအခွဲတစ်ခုအား ဖြတ်ပြီးသည့်နောက်တွင်မူ နံဘေးမှ ချူရှောင်းရန်နှင့် အခြားသူများ မရှိတော့သည်ကို ယီယွင် သတိပြုမိသွားကာ ပြောစရာမဲ့သွားရလေ၏။

" ရေစီးကြောင်းက အရမ်းအားကောင်းတယ်ဆိုတော့ ထွက်ပေါက်တစ်ခု ရှိလောက်မယ်။ မြေအောက်မြစ် ဒါမှမဟုတ် မြေအောက်ရေကန်တစ်ခုဆီ ဦးတည်နေတာ ဖြစ်လောက်မယ် " ယီယွင် သူ့ကိုယ်သူအား ဖြေသိမ့်ပေးနေ၏။ ဝဲကတော့တွင် ထွက်ပေါက်မရှိပါက သူ့အဖို့ အဆုံးမဲ့လိုဏ်ခေါင်းထဲတွင် သေရပေလိမ့်မည်။

ပြင်းထန်သော ရေစီးကြောင်းက သူ့အား ဆယ့်ငါးမိနစ်ခန့် သယ်သွားပြီးနောက်တွင်မူ ရေစီးကြောင်းက အေးစက်မှုများ ပြေလျော့လာကာ နွေးလာခဲ့လေ၏။

ထိုစဥ်တွင် တဝုန်းဝုန်းမြည်ဟီးသံများကို ယီယွင် ကြားလိုက်ရသည်။ သန်မာသော အင်အားတစ်ခုက ပစ်ပေါက်လိုက်သည်ဟု သူ ခံစားလိုက်ရသည်။ ရုတ်တရက်ပင် တောက်ပလာခဲ့လေသောကြောင့် ယီယွင် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ လေထဲတွင်ရှိနေကြောင်း သိလိုက်ရသည်။

ငါ ထွက်လာပြီ။

ယီယွင် အသက်ပြင်းပြင်းရှုကာ ခန္ဓာကိုယ်အား ဆန့်လိုက်သည်။ သူက ကောင်းကင်ထက်သို့ ပြန်လည်ပျံသန်းနိုင်သည့် ငှက်တစ်ကောင်ပမာ ဖြစ်နေလေ၏။

ယီယွင် နောက်သို့လှည့်ကြည့်လိုက်ရာ ကြီးမားသော အပေါက်ကြီးတစ်ခုထံမှ ရေများထွက်ကျနေပြီး ရေတံခွန်ပမာ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ရေတံခွန်မြင်ကွင်းကြောင့် ယီယွင် တုန်လှုပ်သွားရ၏။ သူ၏အောက်တွင် တိမ်နီတစ်အုပ် ရှိနေလေ၏။ ရေတံခွန်ကြီးက တိမ်နီအုပ်ကို ဖြတ်သန်းကာ စီးဆင်းနေလျက်ရှိပြီး မီတာသုံးထောင်ခန့်မြင့်သော ရေတံခွန်တစ်ခုအလားပင်။

ဝီး...။

ယီယွင် မြန်ဆန်သော အမြန်နှုန်းဖြင့် ပြုတ်ကျသွားလေ၏။ သူ တိမ်စိုင်နီများကို ဖြတ်ကျော်ပြီးနောက်တွင် လေပူများကို ခံစားလိုက်ရသည်။ သူ့အား တိုးဝှေ့နေသည့် သန့်စင်ယန်ချီများက တောင်ကြားထဲကထက် ဆယ်ဆပိုမိုကာ ကြွယ်ဝလေသည်။

ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံထားသည့်တိုင်အောင် သန့်စင်ယန်ချီ၏ စွမ်းအားများကို ခံစားနေရဆဲပင်။ သူ သန့်စင်ယန်ချီများကို စုပ်ယူလိုက်ချိန်တွင် တန်းထျန်ထဲ၌ မီးတောက်များ ပြည့်နေသည့်ပမာ ခံစားလိုက်ရလေ၏။

အတော်မြင့်တာပဲ... ။

ယီယွင် တိမ်စိုင်နီများကို ဖြတ်ကျော်ပြီးနောက်တွင် အောက်ခြေမှ မြေပြင်ကို မြင်လိုက်ရသည်။ ယင်းက အနည်းဆုံး မီတာထောင်ချီကာ မြင့်လေသည်။ သူ မြင့်မားသော တောင်ကမ်းပါးတစ်ခုမှ စတင်ကာပြုတ်ကျလာ၏။

​​မြေပြင်နှင့် နီးလာချိန်တွင် ယီယွင်က မြားကို ဒေါင်လိုက်အနေအထားရှိနေသည့် ကျောက်ဆောင်တစ်ခုဆီသို့ ပစ်လွှတ်လိုက်သည်။ မြားတံနောက်တွင် ကြိုးတစ်ချောင်း ချည်ထားလေ၏။

မြားအားနှင့်အတူ ယီယွင်က ကြိုးကိုကိုင်ကာ တစ်ပတ်လှည့်လိုက်ပြီး မြေပြင်ပေါ်သို့ လွယ်ကူစွာဆင်းသွားလေသည်။

ယီယွင် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ ယင်းက ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်သည့် ထူးဆန်းသော ကမ္ဘာတစ်ခု ဖြစ်နေလေ၏။ ကောင်းကင်တွင် တိမ်စိုင်နီများ ရစ်သိုင်းနေလေသည်။

တောင်ထွတ်ကြီးက အတားအဆီးမရှိ ဆန့်တန်းနေပြီး တိမ်စိုင်များအောက်တွင် သက်ဝင်လှုပ်ရှားနေ၏။ အနီရောင် သစ်ပင်တစ်အုပ်ကိုလည်း သူ မြင်နေရသည်။

အဝေးတွင်မူ အနီရောင် ကျတ်တီးမြေတစ်ခုရှိပြီး မီးတောက်များက ကောင်းကင်အထိ ရောက်နေလေ၏။ ယင်းက မရဏမြေတစ်ခုအလားပင်။ ရှင်သန်ခြင်းနှင့် မရဏတို့အကြားတွင် ရှင်းလင်းလှသည့် နယ်နိမိတ်တစ်ခု ရှိနေလေသည်။

အဝေးမှ ထွက်ပေါ်လာနေသော သားရဲများ၏ ဟိန်းဟောက်သံများက ကမ္ဘာကို တုန်ဟီးစေလေသည်။

မြင်ကွင်းကြောင့် ယီယွင် ရင်သပ်ရှုမော ဖြစ်နေရသည်။ ဤကဲ့သို့ မြေအောက်ကမ္ဘာတစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ မြေအောက်ကမ္ဘာတစ်ခုက ဤမျှလောက်အထိ ကျယ်ဝန်းလေသလော။

" ဒါက ဥက္ကာခဲချောက်ထဲမှာပဲလား "

ယီယွင် တွေးနေချိန်တွင် ကောင်းကင်ထက်မှ လူတစ်ဦး ပြုတ်ကျလာလေ၏။ ယီယွင် လှမ်းကြည့်လိုက်ရာ ယင်းက ချူရှောင်းရန် ဖြစ်နေလေ၏။

ဝီး...။

ဓားချီက လေထုအား ဖြတ်တောက်သွားလေ၏။ ချူရှောင်းရန်က ဓားချီ၏ကန်အားကို မှီခိုကာ မြေပြင်ပေါ်သို့ အလွယ်တကူ ဆင်းသက်လာခဲ့သည်။ ယီယွင်ကဲ့သို့ပင် သူမသည်လည်း ဤကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် အံ့ဩခြင်းများ ပြည့်နေလေ၏။

" ဒီနေရာက..." ချူရှောင်းရန် မျက်မှောင်ကုတ်လိုက်၏။ သူမ၏ရှေ့မှ မြင်ကွင်းနှင့် သူမ၏မှတ်ဥာဏ်များကို နှိုင်းယှဥ်ကြည့်နေလေ၏။ တဖြည်းဖြည်းချင်းဖြင့် ဤကမ္ဘာက မည်သည့်အရာဖြစ်သည်ကို သူမ အကြမ်းဖျင်း နားလည်လာခဲ့သည်။

" ဒါက ကြယ်ကြွေဂိတ် ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ် "

ကြယ်ကြွေဂိတ်လား။

ယီယွင် အံ့အားသင့်သွား၏။ သူ ကြယ်ကြွေဂိတ်အား သိလေသည်။ နှစ်သန်းပေါင်းဆယ်ချီခန့်က ဥက္ကာခဲချောက်ထဲသို့ ကြယ်ကြီးတစ်လုံး ပြုတ်ကျခဲ့သည်။ ထိုကြယ်ကြီး၏ အတွင်းပိုင်းသည် ကြယ်ကြွေဂိတ်ဖြစ်ပြီး ထိုနေရာတွင် သန့်စင်ယန်မီးတောက်များ ထာဝရတောက်လောင်နေသည်။

ကြယ်ကြွေဂိတ်က ဥက္ကာခဲချောက်၏အတွင်းပိုင်း ဖြစ်လေသည်။ တိုင်အာနတ်မြို့ထဲတွင် ဖြန့်ဝေပေးထားသည့် ကြယ်ကြွေဂိတ်၏ အကြောင်းများက အလွန်တရာပင် နည်းပါးလေ၏။ ထိုသို့ဖြစ်ရသည်မှာ သာမန်ကျင့်ကြံသူများက ဘယ်သောအခါမျှ ဝင်လေ့မရှိသောကြောင့်ပင်။

" ငါတို့က တကယ်ပဲ ကြယ်ကြွေဂိတ်ထဲမှာလား။ ကြယ်ကြွေဂိတ်ဆိုတာ အာကာသထဲကနေ ကြယ်တစ်လုံး ကြွေကျလာလို့ ဖြစ်ပေါ်လာခဲ့တဲ့ အက်ကြောင်းကြီး မဟုတ်ဘူးလား။ ဥက္ကာခဲတစ်လုံးက ကမ္ဘာတစ်ခု ခွဲဖွင့်ပေးလိုက်တာလား "

ယီယွင် အံ့ဩဘနန်း ဖြစ်နေသည်။ ဥက္ကာခဲတစ်လုံးက မည်မျှပင်ကြီးပါစေ ပိုမိုကြီးမားသည့် အက်ကြောင်းတစ်ခုကိုသာ ဖြစ်စေလိမ့်မည်ဟု ယီယွင် မူလက ထင်ထားခဲ့သည်။ နှစ်သန်းပေါင်းဆယ်ချီခန့်ကတည်းကပင် အက်ကြောင်းထဲ၌ သန့်စင်ယန်မီးတောက်များက ထာဝရတောက်လောင်နေသော်လည်း ယင်းက ငရဲမှ မီးတောက်များပမာသာ ဖြစ်လေ၏။

သို့သော် မျက်စိရှေ့မှ မြင်ကွင်းအားလုံးက ဥက္ကာခဲတစ်လုံးကြောင့် ဖြစ်လာရသည်ကို သူ ယုံကြည်ရခက်နေလေ၏။ ဤသို့ ကျယ်ဝန်းသော ကမ္ဘာကြီးက ​မြေအောက်တွင်လော ၊ မြေပြင်ပေါ်တွင်လော။

မြေပြင်ပေါ်တွင်ဆိုပါက သူ ဥက္ကာခဲချောက်တွင် လှည့်ပတ်သွားခဲ့စဥ်က အဘယ့်ကြောင့် ဤကမ္ဘာကြီးကို မမြင်ခဲ့ရလေသနည်း။

မြေအောက်တွင်ဆိုလျှင် အဘယ့်ကြောင့် သူ၏ဦးခေါင်းထက်တွင် ကောင်းကင်နှင့် တိမ်တိုက်များ ရှိနေရလေသနည်း။

ချူရှောင်းရန်က ဆိုသည်..." အဲ့ဒါက ဥက္ကာခဲအစစ် မဟုတ်ဘူး။ မျက်နှာပြင်ပုံစံအရ ပြောကြတာတွေပဲ။ ဥက္ကာခဲချောက်ထဲ ကြွေကျသွားခဲ့တဲ့ ကြယ်က ပြိုင်စံရှားကျွမ်းကျင်သူတစ်ဦး စွန့်ပစ်ခဲ့တဲ့ ဂူတစ်လုံး ဖြစ်နိုင်တယ်လို့ ငါ့အဖေပြောတာကို ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းဆယ်ချီတုန်းက ဒီဂူဟာ ကောင်းကင်ကနေ ပြုတ်ကျလာပြီးတော့ ဥက္ကာခဲချောက်နဲ့ ကြယ်ကြွေဂိတ်ကို ဖြစ်ပေါ်စေခဲ့တာပဲ "

" ဘယ်လို "

ယီယွင် တုန်လှုပ်သွားရ၏။ ပြိုင်စံရှားကျွမ်းကျင်သူတစ်ဦး စွန့်ပစ်ထားခဲ့တဲ့ ဂူတစ်လုံးတဲ့လား။

ဂူတစ်လုံးက ဥက္ကာခဲချောက်ကို ဖြစ်စေနိုင်တာလား။ နှစ်သန်းပေါင်းဆယ်ချီအထိ လောင်ကျွမ်းနေတဲ့ သန့်စင်ယန်မီးတောက်တွေကို ဖြစ်စေနိုင်တာလား။ ခမ်းနားထည်ဝါပြီး စိတ်ကူးယဥ်ဆန်တဲ့ ကမ္ဘာတစ်ခုကို ဖြစ်စေနိုင်တာလား။

အဲ့ဒီကျွမ်းကျင်သူ စွန့်ပစ်ခဲ့တဲ့ ဂူက ဘယ်လိုအဆင့်မျိုးလဲ။ အဲ့ဒီကျွမ်းကျင်သူရဲ့ ဂူထဲမှာ ဘယ်လိုအမွေအနှစ်မျိုးတွေ ကျန်ခဲ့လိမ့်မလဲ။

" အဲ့ဒါကို တွေးမနေနဲ့တော့ "

ယီယွင်၏ အတွေးများကို နားလည်နေသည့် ချူရှောင်းရန်က သက်ပြင်းချကာ... " ရှေးအချိန်ကတည်းက တိုင်အာနတ်ပြည်ထောင်ရဲ့ ပညာရှိတွေဟာ ဒီဆန်းကြယ်ဂူရဲ့ ဝင်ပေါက်ကိုတွေ့ဖို့ မျှော်လင့်ပြီးတော့ ဥက္ကာခဲချောက်ကို စူးစမ်းရှာဖွေဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ မတွေ့ခဲ့ကြဘူး။ ဒါကြောင့် ကြယ်ကြွေက ဂူတစ်လုံးဖြစ်တယ်ဆိုတာကလဲ ထင်ကြေးတစ်ခုပဲ။ ဟုတ်လား ၊ မဟုတ်ဘူးလားဆိုတာကို ပြောဖို့က မဖြစ်နိုင်ဘူး "

" အဲ့ဒါက တကယ်ပဲ ဂူတစ်လုံးဖြစ်နေခဲ့ရင်တောင် ငါတို့ရဲ့ ကံကောင်းမှုက ဘယ်လောက်ပဲ မိုးကောင်းကင်ကို ဖီဆန်နေပါစေဦးတော့ ဂျူနီယာတွေဖြစ်တဲ့ ငါတို့ရဲ့ နိမ်ကျတဲ့အစွမ်းအစတွေနဲ့ဆို ဂူထဲကို ဝင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး "

All Chapters