← Chapters

ခရမ်းရောင်သလင်းကျောက်၏ တုန်ခါမှု

Vol. 20 Ch. 291

ခရမ်းရောင်သလင်းကျောက်၏ တုန်ခါမှု

Vol. 20 Ch. 291

နှစ်သန်းပေါင်းဆယ်ချီအတွင်း မရေမတွက်နိုင်လောက်သော အစွမ်းထက်ပုဂ္ဂိုလ်များက တစ်လက်မချင်းစီတိုင်းကို မြေလှန်ရှာဖွေကာ ကြယ်ကြွေဂိတ်ကို စူးစမ်းရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း ဂူဝင်ပေါက်ကို မတွေ့ခဲ့ကြပေ။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူမအဖို့ ကံကောင်းလိမ့်မည်ဟု ချူရှောင်းရန်က မထင်မိပေ။

ချူရှောင်းရန်က ဆိုသည်..." ကြယ်ကြွေဂိတ်ထဲမှာ အားကောင်းတဲ့ ပျက်စီးခြင်းသားရဲတွေ ရှိတယ်။ ပျက်စီးခြင်းသားရဲ အများစုရဲ့ စွမ်းအားတွေက ငါတို့ ထင်ထားတာထက်ကို ကျော်လွန်ကြတယ်။ အဲ့ဒီပျက်စီးခြင်းသားရဲတွေနဲ့ တိုက်ခိုက်ဖို့ကို အသာထားဦး သူတို့ပေးတဲ့ ဖိအားတွေကိုတောင် ငါတို့တွေ ခံနိုင်ရည်မရှိဘူး "

" အခုက ကြယ်ကြွေဂိတ်ထဲကနေ ထွက်သွားဖို့ပဲ အရေးကြီးတယ်။ ငါတို့တွေ ကံမကောင်းခဲ့ရင် ဒီမှာပဲ သေရနိုင်တယ် "

ချူရှောင်းရန်၏အမူအရာ လေးနက်နေ၏။ ကြယ်ကြွေဂိတ်မှ ထွက်နိုင်ရန်မှာ သူတို့၏ ကံကောင်းမှုအပေါ် မူတည်လေသည်။ ဤနေရာတွင်ရှိသည့် အရေအတွက်မသိရသော ပျက်စီးခြင်းသားရဲများက သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူထက်ပင် ပိုမိုအားကောင်းကြလေ၏။ သူတို့အား အုပ်စုဖွဲ့ကာ တိုက်ခိုက်လာပါက ထွက်ပြေးရန်မဖြစ်နိုင်ပေ။ သေရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယီယွင် ခေါင်းညိတ်လိုက်၏။ သူ ချူရှောင်းရန်ကို စကားပြောရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ခရမ်းရောင်သလင်းကျောက်က လှုပ်ခတ်နေလေ၏။

ခရမ်းရောင်သလင်းကျောက်က သူ၏နှလုံးထဲသို့ ဝင်သွားပြီးကတည်းက ငြိမ်းချမ်းစွာပင် အိပ်စက်နေခဲ့သည်။ ၎င်းက သူ၏နှလုံးနှင့်အတူ တုန်ခါနေခဲ့၏။ တုန်ခါမှုတိုင်းက နာရီလက်တံပမာပင် တိကျမှုရှိသည်။ အနည်းငယ်မျှပင် ချွို့ယွင်းမှုမရှိပေ။

အကြီးအကဲကျန်းကဲ့က သူ၏ခန္ဓာကိုယ်အား နတ်မျက်လုံးသုံးကာ နှစ်ကြိမ်တိတိ စစ်ဆေးခဲ့ချိန်တွင်ပင် ခရမ်းရောင်သလင်းကျောက်က တုန့်ပြန်မှုမရှိခဲ့ပေ။

ခရမ်းရောင်သလင်းကျောက် ရုတ်တရက် တုန်ခါလာသည်မှာ မူမမှန်ဟု ယီယွင် ခံစားမိသည်။

ဘာဖြစ်နေတာလဲ။

ယီယွင် စိတ်ငြိမ်အောင်လုပ်ပြီး မည်သည့်အရာကြောင့် တုန်ခါမှုဖြစ်ရသည်ကို သရုပ်ခွဲကြည့်ရန် ကြိုးပမ်းလိုက်သည်။ ခရမ်းရောင်သလင်းကျောက်၏ ဇာစ်မြစ်က ဤကမ္ဘာထဲရှိ တစ်စုံတစ်ခုနှင့် အားပျော့သောဆက်သွယ်မှု ရှိနေသည်ဟု ယီယွင် ဝိုးတဝါးခံစားမိသည်။

ထိုဆက်သွယ်မှုက သူ့အား ထိုအရာကို လိုက်လံရှာဖွေရန် ညွှန်ကြားနေပုံပင်။

" ဘာများဖြစ်မလဲ "

ယီယွင် သိချင်မိနေ၏။ ဆက်သွယ်မှုက မည်သည့်နေရာမှ ဖြစ်လာသည်ကို သူ ရှာဖွေလို၏။ သို့သော် ကြယ်ကြွေဂိတ်က အန္တရာယ်များသည်ကို သူ သိလေသည်။

သူ၏ ခရမ်းသွေးနယ်ပယ် ကျင့်ကြံမှုအဆင့်မျှဖြင့် ကြယ်ကြွေဂိတ်အား ဖြတ်သွားရသည်မှာ ပုရွက်ဆိတ်တစ်ကောင်က လူစည်ကားသောလမ်းအား ဖြတ်သွားသည်နှင့် ဆင်တူလေသည်။ သတိမထားပါက စိစိညက်ညက်ကျေသွားပေလိမ့်မည်။

ထိုစဥ် ကောင်းကင်ထက်မှ လူအချို့ ပြုတ်ကျလာလေ၏။

ချိုးနျို ၊ ချူရှန်း ၊ ချူလော့တို့ ဆက်တိုက်ပင် ကျလာခဲ့လေ၏။ လိုဏ်ခေါင်းထဲမှ များစွာသော လမ်းကြောင်းများက နောက်ဆုံးတွင် ကြယ်ကြွေဂိတ်ဆီသို့ ပို့ဆောင်ပေးပုံရလေသည်။

ချူရှန်းနှင့် ချူလော့တို့က မျက်နှာများ ဖြူလျော်နေလေ၏။ သူတို့က စွမ်းအင်များစွာ ကုန်ခမ်းထားကြောင်း သိသာလေသည်။ သူတို့က ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးအားကြည့်ကာ အံ့အားသင့်နေကြလေ၏။

ချူရှောင်းရန်က ချိုးနျိုတို့အား ရှင်းပြခဲ့လေသည်။ ယီယွင်ကမူ အတွေးနက်နေ၏။ သူက ခရမ်းရောင်သလင်းကျောက်ကို စိတ်စွမ်းအားနှင့် ထိတွေ့စေပြီး အမည်မသိရသော ညွှန်ကြားချက်အား ကြိုးစားရှာဖွေကြည့်နေ၏။

" ယီယွင်... သွားကြရအောင် " ထိုစဥ် ယီယွင်၏ နားထဲတွင် ချူရှောင်းရန်၏အသံ မြည်ဟီးသွားလေ၏။ သူမ၏လက်ထဲတွင် ရေးဆွဲပြီးခါစ မြေပုံတစ်ခု ရှိနေသည်။

သူမက မြေပုံကိုကြည့်ကာ ဆိုသည်..." ငါ ကြယ်ကြွေဂိတ်အကြောင်းကို သိထားတာက အရမ်းနည်းတယ်။ ငါ့မှတ်ဥာဏ်ကို သုံးပြီးတော့ ခန့်မှန်းလမ်းကြောင်းတစ်ခု ဆွဲထားတယ်။ အားလုံးကို အပြင်ခေါ်ထုတ်သွားနိုင်မလား ဆိုတာကိုတော့ ငါလဲမသိဘူး "

အဖွဲ့ထဲတွင် ချူရှောင်းရန်က ကြယ်ကြွေဂိတ်အကြောင်း အသိဆုံးသူ ဖြစ်လေ၏။ စမ်းတဝါးဝါး သွားနေရသည်ထက်စာလျှင် သူမ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်သည်က ပိုကောင်းလေသည်။

" သွားကြမယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် အတူပူးပေါင်းဖို့လိုတယ် " ချူရှောင်းရန်က ဆိုလိုက်လေပြီး စတင်ကာလျှောက်သွားလေသည်။ ချိုးနျိုတို့ကလည်း နောက်မှလိုက်သွားကြ၏။

" ဘာဖြစ်နေတာလဲ ယီယွင် " ချူရှောင်းရန်က ယီယွင် မလှုပ်သည်ကို သိသွားကာ မေးလိုက်လေ၏။

ယီယွင် သက်ပြင်းဖွဖွချကာ အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မီးတောက်ပင်လယ် ရှိနေသည်။ ထိုမီးတောက်ပင်လယ်က သန့်စင်ယန်မီးတောက်များ တောက်လောက်နေသည့် ထာဝရမီးတောက်ငရဲတစ်ခု ဖြစ်လေ၏။

ခရမ်းရောင်သလင်းကျောက်ကို တုန်ခါစေသည့် အရင်းအမြစ်က မီးတောက်ပင်လယ်ထဲတွင် ရှိနေသည်ဟု ယီယွင် ဝိုးတဝါးခံစားမိသည်။ ချူရှောင်းရန် ရွေးချယ်ထားသည့် လမ်းကြောင်းက မီးတောက်ပင်လယ်နှင့် ဆန့်ကျင်ဘက်အရပ် ဖြစ်နေလေ၏။

မီးတောက်ပင်လယ်အား မရဏမြေဟု ဆိုနိုင်လေပြီး ချူရှောင်းရန်က ရှင်သန်ခြင်းမြေအား ရွေးချယ်ထားလေသည်။ ချူရှောင်းရန်၏ နောက်သို့လိုက်လျှင် ရှင်သန်နိုင်ရန်အခွင့်အရေး ကြီးမားသော်လည်း ယီယွင်က ထိုသို့လုပ်လိုခြင်းမရှိပေ။

သူက ဆိုသည်..." မင်းတို့တွေ သွားနှင့်ကြတော့။ ငါ ယာယီမထွက်ခွာသေးဘူး "

ချူရှောင်းရန်က နားကြားမှားသည်ဟု ထင်မိသွားကာ..." နင် ဘာပြောလိုက်တာလဲ "

" ငါ အဲ့ဒီကိုသွားပြီး ကြည့်ချင်တယ် " ယီယွင်က မီးတောက်ပင်လယ်အား လက်ညှိုးထိုးပြလိုက်သည်။ ချူရှောင်းရန် လုံးဝမှင်တက်မိသွား၏။ ချိုးနျို ၊ ချူရှန်း ၊ ချူလော့တို့က ယီယွင်အား မယုံကြည်မ်ုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

" ဘာတွေတွေးနေတာလဲ ညီလေးယီ။ ငါ စိတ်ထင်ရာတွေးပြီး ဦးဆောင်ရမယ်ဆိုရင်တောင် အဲ့ဒီနေရာကို ဘယ်တော့မှမသွားဘူး " ချိုးနျိုက နားမလည်နိုင်စွာ ဆိုလိုက်သည်။

" ဟုတ်တယ် ညီလေးယီ။ ဒါက နောက်စရာကိစ္စ မဟုတ်ဘူး။ ဒါက ကြယ်ကြွေဂိတ်နော် ဥက္ကာခဲချောက်ရဲ့ အပြင်ဘက်ပိုင်း မဟုတ်ဘူး။ ဥက္ကာခဲချောက်ရဲ့ အပြင်ဘက်ပိုင်းဆိုရင်တောင် ငါတို့က စမ်းတဝါးဝါးနဲ့ မသွားရဲဘူး။ ဒါက သေသွားနိုင်တယ် " ချူရှန်းက ဆိုသည်။

သို့သော် ယီယွင်က စိတ်ပိုင်းဖြတ်ပြီးပေပြီ။ ခရမ်းရောင်သလင်းကျောက် ခုန်နေခြင်းမှာ မည်သည်ကိုဆိုလိုကြောင်း သူ မသိသော်လည်း ထိုနေရာသို့သွားကာ စစ်ဆေးမကြည့်ပါက နောင်တရလိမ့်မည်ဟု အလိုလိုခံစားမိနေသည်။

သိုင်းပညာလမ်းစဥ်က အခက်အခဲများ ပြည့်နှက်နေ၏။ ယီယွင်တွင် မိုးကောင်းကင်အား ဖီဆန်နိုင်သောပစ္စည်းဖြစ်သည့် ခရမ်းရောင်သလင်းကျောက် ရှိနေသည့်တိုင်အောင် ပေါ့လျော့ဝံ့ခြင်းမရှိပေ။ သူ အားစိုက်ထုတ်ကာ ကြိုးစားရန်လိုအပ်လေ၏။

သိုင်းပညာ လေ့ကျင့်ကြသည့် လူများစွာသည် ၁% သာရှိသည့် ကံကောင်းမှုဖြစ်ရပ်အတွက်ဖြင့် ဆန်းကြယ်နယ်မြေများထဲတွင် အသက်စွန့်ကာ စွန့်စားရှာဖွေကြရသည်။ ထိုသူများတွင် လမ်းညွှန်ချက်များ မရှိသလို ဆန်းကြယ်နယ်မြေများထဲတွင် မည်သည့်အရာအား ရလိမ့်မည်ကိုလည်း မသိကြပေ။

ထိုသူများနှင့် နှိုင်းယှဥ်ကြည့်ပါက ယီယွင်တွင် ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်ချက် ရှိနေသေးချေသည်။ သူက များစွာပိုကောင်းနေပေ၏။

သိုင်းပညာလမ်းစဥ်ဆိုသည်မှာ မိုးကောင်းကင်ကို ရင်ဆိုင်တိုက်ခိုက်ရခြင်း ဖြစ်လေ၏။ ကံကောင်းမှုဖြစ်ရပ်နှင့် ကြုံနေရသည်ကိုပင် အန္တရာယ်ကြောင့် တိုက်ခိုက်ခြင်းမပြုခဲ့ပါက သိုင်းပညာကိုလည်း စွန့်လွှတ်ပစ်သင့်လေသည်။

" ယီယွင်... တကယ်ပဲ စိတ်ပိုင်းဖြတ်ပြီးပြီလား။ ဒဏ္ဍာရီထဲက ကျွမ်းကျင်သူရဲ့ ဂူဝင်ပေါက်ကို ရှာဖို့အတွက် တွေးနေတာတော့ မဟုတ်ဘူးမလား။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းဆယ်ချီကတည်းက ကြယ်ကြွေဂိတ်ထဲက မီးငရဲကို အစွမ်းထက်ပုဂ္ဂိုလ်တွေ ရှာဖွေပြီးသွားပြီဆိုတာ နင်သိထားဖို့လိုတယ်။ သူတို့ရဲ့ အာရုံခံနိုင်စွမ်းတွေ ၊ စွမ်းအားတွေ ကဏ္ဍအားလုံးက နင့်ထက် သာနေခဲ့တာတောင် မီးငရဲထဲမှာ ဘာမှရှာမတွေ့ခဲ့ကြဘူး " ချူရှောင်းရန်က ယီယွင်ကို အလေးအနက် ကြည့်လိုက်သည်။

သူမက ယီယွင်ကို နားမလည်နိုင်ပေ။ ယီယွင်က ပါရမီထူးနေလျှင်ပင် ဘာဖြစ်သေးသနည်း။ ဆန်းကြယ်နယ်မြေများကို စူးစမ်းရှာဖွေရာတွင် ခရမ်းသွေးနယ်ပယ် ဂျူနီယာတစ်ဦးက ပညာရှိတစ်ဦးကို အဘယ်သို့များ ယှဥ်နိုင်ပါမည်နည်း။

" ဟုတ်တယ် " ယီယွင် ခေါင်းညိတ်လိုက်၏။

ချူရှောင်းရန် စိတ်ပျက်သွားရသည်။ ယီယွင်က မည်သည့်အရာကိုလုပ်ရန် ကြိုးပမ်းနေ​ကြောင်းကို သူမ မသိပေ။ သူမ ယီယွင်ကို သိထားသရွေ့အရဆိုလျှင် ယီယွင်က ကျိုးကြောင်းဆက်စပ်တတ်သော လူတစ်ဦး ဖြစ်လေ၏။

" ကောင်းပြီလေ။ နင်က စိတ်ပိုင်းဖြတ်ပြီးပြီဆိုတောလဲ ငါ့အနေနဲ့ နင် ကံကောင်းပါစေလို့ ဆုတောင်းပေးရုံပဲ ရှိတော့တယ် " ချူရှောင်းရန်က ယီယွင်နှင့်အတူ အသက်စွန့်မည်မဟုတ်ပေ။ ယင်းက သေကြောင်းကြံနေခြင်းသာ ဖြစ်လေ၏။

" ငါလည်း မင်းတို့တွေ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် " ယီယွင် ဆိုလိုက်သည်။

ချူရှောင်းရန် သက်ပြင်းချကာ..." မျှော်လင့်ရတာပါပဲ "

ယီယွင်တွင် လျှို့ဝှက်ချက်ရှိနေသည်ဟု ချူရှောင်းရန်၏ အလိုလိုသိစိတ်က ပြောနေသည်။ ယီယွင်၏ အန္တရာယ်သိနိုင်စွမ်းနှင့် အန္တရာယ်အခြေအနေကို ကိုင်တွယ်နိုင်စွမ်းတို့က အခြားသူများထက် ကျော်လွန်နေ၏။

ယီယွင်က အန္တရာယ်ကို ကြိုမြင်နေနိုင်သည်ဆိုလျှင် အသက်ရှင်လျက် ပြန်လာနိုင်ခြေ များလေ၏။

ချူလော့က တစ်ခုခုပြောလိုခဲ့သော်လည်း ယီယွင်က ထိုက်ခန်းလေးကို ကျောတွင်လွယ်ကာ မီးငရဲဆီသို့ စတင်ကာသွားနေပေပြီ။

" ရန်လေး... မင်း ဒီအတိုင်း... " ချူရှန်းက တစ်ဝက်တစ်ပျက် ပြောလိုက်သည်။ အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် မီးတောက်များက ကောင်းကင်အထိ တိုးဖောက်နေခြင်းနှင့်အတူ ယီယွင်၏ ကျောပြင်အား ကြည့်နေရသည်မှာ အထီးကျန်သောခံစားချက်ကို ဖြစ်ပေါ်စေလေသည်။

ပူပြင်းသောလေထုက အလင်းရောင်ကို တွန့်လိမ်နေစေလေသည်။ ယီယွင်၏ပုံရိပ်က လျင်မြန်စွာပင် ဝေဝါးသွားခဲ့လေ၏။

ချူလော့က ယီယွင်ကို အကြိမ်ပေါင်းမနည်း တားလိုခဲ့သော်လည်း သူမ၏ပါးစပ်ကို ဖွင့်နိုင်ခြင်းမရှိခဲ့ပေ။

" ငါတို့က သူ့ကို သွားခွင့်ပေးလိုက်တော့မှာလား။ ကြယ်ကြွေဂိတ်ကို စူးစမ်းရှာဖွေတဲ့အချိန်မှာ ပညာရှိတွေတောင် သေကြရတယ်လို့ ငါကြားဖူးတယ် " ယီယွင်ကဲ့သို့ ဖွံ့ဖြိုးဆဲအရွယ် ဆယ်ကျော်သက်တစ်ဦးက အဘယ့်ကြောင့် မီးငရဲဆီသို့ သွားလိုနေရကြောင်းကို ချူလော့ နားမလည်နိုင်ပေ။

ချူရှောင်းရန်က ဆိုသည်..." ပညာရှိတွေ သေရတာက မီးငရဲထဲကို အနက်ပိုင်းထဲအထိ သွားခဲ့ကြလို့ပဲ။ ယီယွင် အဲ့ဒါကို သိထားပြီးတော့ သေကြောင်းကြံတဲ့ အရာမျိုးတွေကို မလုပ်လောက်ပါဘူး။ ဒါပေမဲ့ သူ အသက်ရှင်လျက် ပြန်လာနိုင်ဖို့က ခက်ခဲသွားပြီ။ သူ သွားရဖို့တွန်းအားပေးနေတဲ့ အကြောင်းပြချက် ရှိနေတာလည်း ဖြစ်နိုင်တာပဲ "

ချူရှောင်းရန်က ထိုခန့်မှန်းချက်ကို ရလာပြီးနောက် ယီယွင်အကြောင်း တွေးနေသည်ကို ရပ်လိုက်သည်။

" သွားကြရအောင်။ ငါ မှန်းတာမမှားဘူးဆိုရင် ဒါက ကြယ်ကြွေဂိတ်ရဲ့ အပြင်ဘက်ပိုင်း ဖြစ်လိမ့်မယ်။ ငါတို့တွေ ကံမဆိုးရင်တော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်နိုင်လိမ့်မယ် "

" ကောင်းပြီ " ချူလော့ ၊ ချိုးနျို ၊ ချူရှန်းတို့က ယီယွင်ကို နင့်နင့်သီးသီး တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့ကာ ကြယ်ကြွေဂိတ်၏ ထွက်ပေါက်ဆီသို့ ဦးတည်ခဲ့ကြလေသည်။

All Chapters