မီးငရဲ
Vol. 20 Ch. 292
ကြယ်ကြွေဂိတ် အတွင်းပိုင်းက အလွန်တရာပင် အန္တရာယ်များလေသည်။ ယီယွင်က တစ်ကိုယ်တော်ခရီးစဥ် စတင်ခဲ့လေ၏။ ကြယ်ကြွေဂိတ်ထဲတွင် လက်ရှိ သူ၏စွမ်းအားက လှိုင်းလုံးကြီးတစ်ခုထဲမှ သေးငယ်သော ရေပွက်တစ်ခုမျှသာဖြစ်ကြောင်းကို သူသိသည်။ သူက အချိန်မရွေး ပျက်စီးနိုင်လေ၏။
သူ လွန်စွာပင် သတိထားရပေမည်။ ယီယွင်က စွမ်းအင်မြင်ကွင်းကို တစ်ချိန်လုံးဖွင့်ထားပြီး မြင်သမျှကို မှတ်သားထားလေ၏။
ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်ထိန်းချုပ်နိုင်စွမ်းက ပြင်ပကမ္ဘာမှ စွမ်းအင်များအပေါ်တွင် သက်ရောက်သည်သာမက သူ၏အတွင်းပိုင်းမှ စွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်လေသည်။ ယီယွင်က ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ ခန္ဓာကိုယ်ထဲမှ ယွမ်ချီအားလုံးကို စုစည်းထားလေ၏။ ထိုခံစားချက်သည် သူ့တွင် မမြင်ရသော အမြှေးပါးတစ်ခု ရှိနေသည့်ပမာပင်။ ၎င်းက ယီယွင်ကို ဖုံးလွှမ်းထားလေပြီး သူက လောကကြီးနှင့် သီးခြားဖြစ်နေသည့်ပမာပင်။
သူ ကျောက်တုံးတစ်ခုပေါ်တွင် သတိထားကာ နားနေလေ၏။ စွမ်းအင်မြင်ကွင်းကြောင့် ယီယွင်က အစွမ်းထက်သော ဖြစ်တည်မှုများကို အာရုံခံနိုင်စွမ်း မြင့်မားနေသည်ဖြစ်ပြီး ၎င်းတို့ကို အလွယ်တကူပင် ကြိုတင်ကာရှောင်ရှားနိုင်ခဲ့သည်။
ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းသားရဲတစ်ကောင်က သူ့အား အဝေးမှကြည့်နေသည်ဟု ယီယွင်က တစ်နည်းနည်းဖြင့် ခံစားမိနေသည်။ ယီယွင်က မလှုပ်မယှက်ဖြင့် ဖြည်းညင်းစွာ အသက်ရှုနေလျက်ရှိပြီး ကျောက်တုံးတစ်ခုအလားပင်။
ယီယွင်က စွမ်းအင်မြင်ကွင်းကို ဖြည်းညင်းစွာ ဖယ်ရှားပစ်လိုက်သည်။ သူ နတ်မျက်လုံးဆံကို ဖွင့်လိုက်ပြီး စွမ်းအင်မြင်ကွင်းနှင့်အတူ အသုံးပြုကာ ဘေးပတ်လည်အား ကြည့်လိုက်သည်။ ငါးကီလိုမီတာပတ်လည်တွင် ပျက်စီးခြင်းသားရဲများ မရှိကြောင်း အတည်ပြုပြီးသည့်နောက် သူ လျင်မြန်စွာ ခရီးဆက်လေသည်။
ယီယွင်က အခက်အခဲများကို ကျော်လွှားရန်အတွက် စွမ်းအင်မြင်ကွင်းနှင့် ကြယ်ကြွေဂိတ်မှ ပေးစွမ်းထားသော ဖုံးကွယ်နည်းလမ်းမျိုးစုံတို့ကို အဖန်တလဲလဲ အသုံးပြုခဲ့ရသည်။ သူ မီးငရဲဆီသို့ ခရီးနှင်ရာတွင် ဆယ်ကီလိုမီတာခန့်သာ ခရီးပေါက်သေးသော်လည်း ဤအခြေအနေအထိ နှစ်ရက်တင်းတင်း အသုံးပြုခဲ့ရသည်။
မီးငရဲနှင့် နီးကပ်လာချိန်တွင် ယီယွင်မှာ နှစ်ရက်တိတိ အနားမယူရသေးပေ။ သူက တစ်ချိန်လုံးလိုပင် သတိကြီးစွာထားလျက်ရှိပြီး နဖူးတွင် ချွေးများသီးနေသည်။
ယီယွင် ထိုက်ခန်းလေးကို တင်းကျပ်စွာကိုင်ထားကာ ခပ်မျှင်းမျှင်း အသက်ရှုနေ၏။ ကြယ်ကြွေဂိတ်ထဲတွင် ထိုက်ခန်းလေးနှင့် တပ်တစ်ထောင်ဓားမောက်တို့က သူ၏ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများသာ ဖြစ်လေ၏။ သူသာ ပျက်စီးခြင်းသားရဲများနှင့် ကြုံလာခဲ့ရလျှင် ဤလက်နက်နှစ်ခုက ကစားစရာများထက် မပိုပေ။
လက်ရှိ ယီယွင်၏တည်နေရာက မီးငရဲကို လုံးလုံးမြင်နေရပေပြီ။
မီးငရဲသည် နှစ်သန်းပေါင်းဆယ်ချီအထိ လောင်ကျွမ်းနေသော ထာဝရမီးတောက်များနှင့် ပြည့်နေသည်ဟု ဆိုကြသော်လည်း စင်စစ်တွင်မူ ယီယွင် မီးငရဲနှင့် နီးကပ်လာချိန်၌ မီးငရဲက မီးတောက်များ လောင်ကျွမ်းနေခြင်းမဟုတ်ကြောင်း မြင်ခဲ့ရလေ၏။ မီးငရဲက ငါးရောင်ခြယ်အလင်းများနှင့် ပြည့်နေလေသည်။
ငါးရောင်ခြယ်အလင်းတန်းများ သန့်စင်ယန်ချီများမှ ဖြစ်တည်လာခဲ့ခြင်းပင်။ မီးငရဲထဲတွင် ငါးရောင်ခြယ်အလင်းတန်းများက တိမ်စိုင်များပမာ ကခုန်နေလေ၏။ ယင်းက ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေသည့်ပမာ ဖြစ်နေလေသည်။
သန့်စင်ယန်ချီက မီးနှင့်ဆင်တူသော်လည်း မီး မဟုတ်ပေ။ သစ်ကိုင်းတစ်ခုအား မီးရှို့လိုက်ပါက အမှောင်ထဲတွင် အလင်းရောင်နှင့် နွေးထွေးမှုကို ပေးစွမ်းလေ၏။ ယင်းက မီး ဖြစ်လေပြီး သန့်စင်ယန်ဟု မခေါ်ပေ။ ကြယ်တစ်လုံး လောင်ကျွမ်းချိန် ၊ နေအလင်းတန်း ထုတ်လွှတ်ချိန်ကိုသာ သန့်စင်ယန်ဟု ခေါ်လေ၏။
သန့်စင်ယန်က မီးကို ဖန်တီးပေးနိုင်သော်လည်း မီးကမူ သန့်စင်ယန်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်ခြင်းမရှိပေ။
ယီယွင်က ခန္ဓာကိုယ်ထဲမှ ယွမ်ချီများကို အဆက်မပြတ်ပင် ချိန်ညှိပေးနေ၏။ မီးငရဲထဲသို့ မသွားမီတွင် သူ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလိုသည်။
အိုး...ဒါက...။
ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ ခရမ်းရောင်သလင်းကျောက်အား စိတ်စွမ်းအားနှင့် ထိတွေ့စေလိုက်ရာ သူ၏ခန္ဓာကိုယ်စွမ်းအင်များက ပြင်ပလောကနှင့် သီးခြားဖြစ်သွားပြီး အသက်အောင့်ထားလိုက်သည်။
မီးငရဲထဲတွင် ပျက်စီးခြင်းသားရဲ ခြောက်ကောင် ၊ ခုနစ်ကောင်ခန့် ခုန်ပေါက်နေသည်ကို သူ မြင်နေရသည်။ ၎င်းတို့က ဖြတ်သွားနေချိန်တွင် မီးငရဲ၏ သန့်စင်ယန်ချီများကို ရှုသွင်းနေကြလေ၏။
၎င်းတို့က သုံးမီတာခန့်မြင့်သော မီးမျောက်များဖြစ်သည်ကို ယီယွင် စွမ်းအင်မြင်ကွင်းမှတစ်ဆင့် ရှင်းလင်းစွာပင် မြင်နေရသည်။ မီးမျောက်အားလုံးက တောင့်တင်းသန်မာကြပြီး စိမ်းရွှေရောင်မျက်လုံးများ ရှိကြသည်။
မီးငရဲကို အလွယ်တကူဖြတ်သွားနိုင်ပြီး သန့်စင်ယန်ချီများကို ရှုသွင်းနေကြသည့် ထို့ကဲ့သို့ ပျက်စီးခြင်းသားရဲများက သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူထက် ပိုမိုအားကောင်းကြမည်မှာ သေချာလေသည်။
" ဒီမျောက်တစ်အုပ်က တကယ့်ပြဿနာပဲ "
ယီယွင်က ကျောက်တုံးတစ်ခုအား ကျောမှီထားကာ လှုပ်ရှားခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်က ပိတ်မထားခဲ့ပါက သူ့အား မီးမျောက်တစ်ကောင်ကောင်က သတိပြုမိသွားခြင်းဖြင့် အဆုံးသတ်ရမည်မှာ သေချာလှသည်။
ကြယ်ကြွေဂိတ်သို့ ရောက်လာချိန်တွင် သူ၏စွမ်းအားက သေးနုပ်လွန်းလှသည်ဟု ယီယွင် ခံစားရသည်။ ကြုံရာတွေ့ရသည့် သားရဲများကပင် သူ့အား အပြတ်ရှင်းပစ်နိုင်သည်။ ယင်းအဖြစ်ကြောင့် ယီယွင်က မီးငရဲကို စုံစမ်းစစ်ဆေးရန် ပိုမိုခိုင်မာလာရသည်။ မည်သည့်အရာက ခရမ်းရောင်သလင်းကျောက်အား ခေါ်နေကြောင်းကို သူ သိလိုသည်။
သူ ငြိမ်သက်စွာ စောင့်နေခဲ့လေ၏။
သို့သော် မီးမျောက်များက ဤနေရာတွင် ကျင့်ကြံရသည်ကို နှစ်သက်နေကြပုံပင်။ များစွာသော ပျက်စီးခြင်းသားရဲများ နေနှင့်လတို့၏ အဆီအနှစ်များကို စုပ်ယူရင်းဖြင့် လချီ ၊ နှစ်ချီ ကြာသည်အထိ ကျင့်ကြံတတ်လေသည်။
ယီယွင်၏ဆံပင်မှ ချွေးသီးကြီးများ ကျဆင်းနေ၏။ ယီယွင် ငြိမ်သက်စွာပင် အချိန်ကို ရေတွက်နေခဲ့သည်။ လက်ရှိအချိန်အထိ သူ ခန့်မှန်းခြေအားဖြင့် နာရီနှစ်ဆယ်ခန့် စောင့်ဆိုင်းခဲ့ရသည်။
တွက်ကြည့်ပါက သူ ကြယ်ကြွေဂိတ်ထဲတွင် သုံးရက်ကြာမြင့်ခဲ့ပေပြီ။ သူ ဤနေရာတွင် ကြာကြာနေလေလေ မတော်တဆဖြစ်နိုင်ခြေ ပိုများလေလေပင်။ သုံးရက်သုံးည အနားမယူရသေးလေသောကြောင့် ယီယွင်၏ ရုပ်ခန္ဓာကိုယ်စွမ်းအား စတင်ကျဆင်းလာခဲ့သည်။ စိတ်စွမ်းအားသည်လည်း တင်းမာမှုမြင့်ရာမှ နွမ်းနယ်လာ၏။
ယီယွင် အံကျိတ်ထားကာ သတိမလွတ်ပေ။ သူ စွမ်းအင်မြင်ကွင်းကို မပြတ်ဖွင့်ထား၏။ ယင်းက သူ၏အသက်အတွက် မှီခိုရမည့် ထောက်တိုင်တစ်ခုပမာပင်။ စွမ်းအင်မြင်ကွင်းသာ မရှိလျှင် ယီယွင်အဖို့ ချောင်းမြောင်းနေသည့် ပျက်စီးခြင်းသားရဲများကို နတ်မျက်လုံးဆံမျှဖြင့် မြင်နိုင်မည်မဟုတ်ပေ။
အချိန်နှစ်နာရီ ထပ်မံကုန်ဆုံးသွားခဲ့၏။ ထိုစဥ် စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာသည်။
ဂီး...။
ယင်းက ငှက်အော်သံအလားပင်။ သို့သော် ထိုအော်သံ၏ မြည်ဟီးသံက ယီယွင် တွေးနိုင်သည်ထက် ကျော်လွန်နေလေ၏။ ထိုငှက်အော်သံက လေထဲတွင် မြင်ရသောလှိုင်းများ ဖြစ်ပေါ်သွားစေလေ၏။
ထိုအော်သံကြောင့် ယီယွင်၏ သွေးစီးဆင်းမှုများ ဗြောင်းဆန်သွားရ၏။ သူ၏နှလုံးခုန်နှုန်း စည်းချက်လွဲသွားရသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ နာကျင်သွားရပြီး နားနှစ်ဖက်မှ သွေးများကျဆင်းလာသည်။
ဘာမွန်းစတားလဲ။
ယီယွင် တွေးနေချိန်မရှိပေ။ သူ အမတေတစ်ခု အမြန်စားကာ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ထိန်းချုပ်လိုက်ရ၏။ ထိုစဥ် မီးငရဲထဲတွင် လေပြင်းများ ဖြစ်ပေါ်လာ၏။ လေပြင်းများကြောင့် ငြိမ်းအေးနေသော ငါးရောင်ခြယ် သန့်စင်ယန်မီးတောက်များ ကသောင်းကနင်းဖြစ်သွားရသည်။
လှပသောအမွေးတောင်များရှိပြီး အတောင်ဖြန့်လျှင် ဆယ်မီတာကျော်ရှည်သော သက်တံ့ရောင် မီးငှက်တစ်ကောင်က မီးငရဲအနက်ပိုင်းထဲမှ ပျံသန်းလာနေသည်။
ထိုမီးငှက်က ဇာမဏီနှင့် ဆင်တူသည်။ ၎င်းတွင် ထက်ရှသော လက်သည်းများရှိပြီး ခန္ဓာကိုယ်တွင် မီးများတောက်လောင်နေ၏။ ယခုအခါတွင် မီးငှက်၏ အတောင်ခတ်မှုကြောင့် မီးငရဲထဲတွင် မီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေလေ၏။
မီးငရဲထဲတွင် ကစားနေသော မီးမျောက်များက မီးငရဲအနက်ပိုင်းထဲမှ မီးငှက် ပျံသန်းလာနေသည်ကို မြင်သောအခါတွင် ထူးဆန်းသော အော်သံတစ်ခုပေးကာ တကွဲတပြား ထွက်ပြေးကြသည်။
မီးငှက်က ခပ်အေးအေးပင်ရှိနေပြီး လက်သည်းများဆန့်ထုတ်ကာ မီးမျောက်နှစ်ကောင်အား လျှပ်ပြက်သည့်ပမာ ဖမ်းယူသွားပြီး ပျံသန်းသွားလေ၏။
ဂါး...ဂါး...။
မီးမျောက်များက ဒေါသတကြီး အော်နေကြသည်။ ၎င်းတို့ကလည်း ပျက်စီးခြင်းသားရဲများ ဖြစ်လေသောကြောင့် ရှောင်တခင် တိုက်ခိုက်ခံရချိန်တွင် ပြန်လည်ခုခံကြသည်။
၎င်းတို့၏သန်မာသော လက်မောင်းများက မီးငှက်၏ လက်သည်းများကို ဖမ်းဆုပ်ကာ ချိုးပစ်လိုကြသော်လည်း မရခဲ့ပေ။ လက်သည်းများက မီးမျောက်များ၏ အူများကို ထက်ရှသော ဓားမောက်တစ်ချောင်းပမာ ဖြတ်တောက်သွားလေ၏။
မီးမျောက်နှစ်ကောင်၏ ဒွါရအပေါက်များအားလုံးမှ သွေးများ ကျဆင်းလာပြီး တွန့်လိမ်နေလျက်ရှိသည်။
မီးငှက်က မီးမျောက်နှစ်ကောင်၏ အလောင်းများကို ကျောက်တောင်တစ်ခုပေါ်သို့ ချီသွားခဲ့လေ၏။ မီးငှက်က ကျောက်တောင်ပေါ်သို့ ဆင်းသက်သွားလေရာ ကျောက်စိုင်ခဲနီများစွာ ပဲ့ကျသွားရလေ၏။
" ဒါဘာငှက်လဲ။ သွေးသက်တံ့တောင်ပံလား "
နတ်အရိုင်းမြေခန်းမ ၆ ထဲတွင် ထားရှိထားသည့် သန့်စင်ယန် ရှေးဦးမျိုးစိတ်ရုပ်ထုကို ယီယွင် တွေးမိသွားသည်။ ထိုရုပ်ထုက သွေးသက်တံ့တောင်ပံဖြစ်၏။ သို့သော် ယှဥ်ကြည့်မည်ဆိုလျှင် ဤမီးငှက်နှင့် မတူသည့်အရာအချို့ ရှိနေလေသည်။
" ဒီငှက် ဒဏ်ရာရနေတာလား "
ယီယွင်က မီးငှက်၏ကျောပြင်အား ကြည့်နေသည်။ လှံနှင့် ထိုးစိုက်ထားသကဲ့သို့သော မြင်မကောင်းစရာ ဒဏ်ရာကြီးတစ်ခု ရှိနေလေ၏။ ဒဏ်ရာက လက်ဆေးကန်အရွယ်ခန့် ရှိလေသည်။ ဒဏ်ရာတစ်ဝိုက်မှ အသားများ ပွင့်ထွက်နေပြီး အရိုးဖြူများနှင့် ကိုယ်တွင်းအင်္ဂါများကို မြင်နေရသည်။ ဒဏ်ရာအဖျားပိုင်းတွင် မီးလောင်ကျွမ်းရာအချို့ ရှိနေလေ၏။ ယင်းအဖြစ်ကြောင့် ယီယွင် ရင်ထိတ်သွားရသည်။ ဤမျှသန်မာသော မီးငှက်ကို မည်ကဲ့သို့ ဖြစ်တည်မှုမျိုးက ဒဏ်ရာရစေခဲ့လေသနည်း။
ဒဏ်ရာက အသစ်ဖြစ်လေပြီး မီးငရဲထဲတွင် မီးငှက် ဒဏ်ရာရခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။
"ဒီမီးငရဲ..."
ယီယွင် အသက်အောင့်လိုက်၏။ မီးငရဲထဲတွင် မီးငှက်အား ဒဏ်ရာရစေခဲ့သည့် တစ်စုံတစ်ခု ရှိနေလေသည်။ ထိုသို့ဆိုလျှင် သူ ဝင်သွားလိုက်ပါက....။
ထိုကဲ့သို့ ဖြစ်တည်မှုမျိုးက သူ့အား သတ်ပစ်ရန်အတွက် ၎င်း၏ခွန်အား ၁% ခန့်ကိုသာ သုံးရန်လိုအပ်သည်။
လက်ရှိတွင် ကျောက်တောင်ထိပ်ပေါ်မှ မီးငှက်က မီးမျောက်နှစ်ကောင်၏ အလောင်းများကို စတင်ကာ စားသောက်နေလေ၏။ မီးငှက်က မီးမျောက်များ၏ ခြေလက်များကို ဆွဲဖြုတ်ပစ်ကာ မျိုချပစ်သည်။
မီးငှက်က မီးမျောက်များ၏ ခန္ဓာကိုယ်ထဲမှ သန့်စင်ယန်စွမ်းအင်များကို စုပ်ယူနေလျက်ရှိပြီး ဒဏ်ရာသည်လည်း တဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသည်။
ပျက်စီးခြင်းသားရဲအများစုတွင် အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းများ ရှိကြလေသည်။ မီးငှက်သည်လည်း ခြွင်းချက်မဟုတ်သည့်တိုင်အောင် ၎င်း၏ကျောဘက်မှ ဒဏ်ရာတွင် ဆန်းကြယ်သော စွမ်းအင်အချို့ ရှိနေပုံရလေ၏။ ဒဏ်ရာ ပြန်လည်သက်သာလာသည်နှင့် ဒဏ်ရာက ထပ်မံကာ ပွင့်ထွက်သွားပြန်သည်။ ယင်းဖြစ်ရပ်က ထပ်ခါတလဲလဲ ဖြစ်နေလေ၏။
" ဒါဆို မီးငှက်က မီးမျောက်တွေကို စားရတဲ့အကြောင်းအရင်းက ဒဏ်ရာသက်သာစေဖို့ပေါ့။ ဒါဆို ဘာက မီးငှက်ကို ဒဏ်ရာရစေခဲ့တာလဲ "
ယီယွင် မီးငရဲဆီသို့ လှမ်းကြည့်လိုက်သည်။ မီးမျောက်များက မီးငရဲ၏အပြင်ဘက်မှ ထွက်ပြေးသွားသည်မှာ ကြာခဲ့ပေပြီ။ လောင်ကျွမ်းနေသော ငါးရောင်ခြယ်မီးတောက်များသာ ကျန်ရှိခဲ့လေ၏။
မီးငှက်က မီးမျောက်များကို စားပြီးသည့်နောက်တွင် အတောင်ပံများဖြန့်၍ ပျံသန်းထွက်ခွာသွားခဲ့လေသည်။
ယီယွင် ထိုက်ခန်းလေးကို တင်းတင်းဆုပ်ကိုင်ပြီး ခန္ဓာကိုယ်သည် လျှပ်တပြက်လှုပ်ရှားသွားကာ မီးတောက်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့သည်။