ခုနစ်ရောင်ခြယ်အလင်း
Vol. 20 Ch. 293
မီးငရဲထဲတွင် ငါးရောင်ခြယ်တိမ်မြူခိုးအလွှာများ ဖြစ်ပေါ်နေ၏။ သန့်စင်ယန်ချီများ လွန်ကဲစွာစုပုံလာခြင်းမှ ဖြစ်ပေါ်လာသည့် ထိုမီးတောက်များက ကြောက်စရာကောင်းလှသည်။
ဤမီးငရဲက နတ်အရိုင်းမြေထဲတွင် တည်ရှိနေသည့် နေမင်းတစ်စင်းဟု ယီယွင် ခံစားရသည်။ မီးငရဲထဲသို့ ဝင်ရသည်မှာ နေမင်းထဲသို့ ဝင်သွားရသကဲ့သို့ပင်။
ယီယွင်၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် သန့်စင်ယန်မီးတောက်များ၏ ပူပြင်းသောလောင်ကျွမ်းမှုကို ခံနိုင်ရည်မရှိပေ။ သူ့အဖို့ တစ်ခုတည်းသော မှီခိုစရာက ခရမ်းရောင်သလင်းကျောက် ဖြစ်လေ၏။ ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်ထိန်းချုပ်မှုကြောင့် မီးငရဲထဲမှ သန့်စင်ယန်မီးတောက်များကို သူ ကောင်းစွာပင် ခုခံနိုင်ခဲ့သည်။
ဝီ...။
ယီယွင်က ခရမ်းရောင်သလင်းကျောက်ကို စိတ်စွမ်းအားနှင် ချိတ်ဆက်လိုက်ပြီး ရွှေရောင်ဝဲကတော့တစ်ခု ဖန်တီးလိုက်သည်။ ထိုဝဲကတော့၏ပတ်လမ်းက အတွင်းဘက်သို့ ဦးတည်မနေဘဲ အပြင်ဘက်သို့သာ ဦးတည်နေသည်။
ယခင်က ယီယွင် ခရမ်းရောင်သလင်းကျောက်နှင့် ဖန်တီးခဲ့သည့် ဝဲကတော့များက စွမ်းအင်များစုပ်ယူရာတွင် အသုံးပြုခဲ့သည်ဖြစ်ပြီး ဤတစ်ကြိမ်တွင်မူ စွမ်းအင်များကို ခုခံရန်အတွက် အသုံးပြုခဲ့လေသည်။
သန့်စင်ယန်စွမ်းအင်လှိုင်းများက ဒီရေကျသည့်ပမာ ပျက်ပြယ်နေချိန်တွင် ယီယွင်က အဆုံးမရှိသော မီးငရဲထဲသို့ သွားနေလေ၏။
ကြယ်ကြွေဂိတ်ထဲတွင် မီးငရဲက အပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေလေ၏။ မီးငရဲက မြေအောက်ထဲသို့ နိမ့်ဆင်းနေလေသည်။ သူ အောက်သို့ဆင်းလေလေ လောင်ကျွမ်းနေသော မီးတောက်များ၏ အပူချိန်က ပိုမြင့်မားလေလေပင်။
ယီယွင်တွင် ကာကွယ်ပေးနေသည့် ခရမ်းရောင်သလင်းကျောက် ရှိနေသည့်တိုင်အောင် အပူကို ခံစားနေရဆဲပင်။
သန့်စင်ယန်ချီများက သိပ်သည်းလွန်းနေပြီး ယီယွင်၏စိတ်စွမ်းအားက အကန့်အသတ်ရှိလေသောကြောင့် သူ ခရမ်းရောင်သလင်းကျောက်အား ထိန်းချုပ်ရာတွင် မပြည့်စုံတော့ပေ။ တစ်ခါတစ်ရံတွင် သန့်စင်ယန်ချီများ ခရမ်းရောင်သလင်းကျောက်၏ အကာအကွယ်ကို ဖောက်ဝင်လာပြီး ယီယွင်၏ သွေးကြောများထဲသို့ စီးဆင်းသွားလေသည်။
ခန္ဓာကိုယ်ထဲသို့ သန့်စင်ယန်ချီ အနည်းငယ်ခန့်မျှ ဝင်လာရုံနှင့်ပင် ယီယွင်မှာ ကိုယ်တွင်းအင်္ဂါများ မီးလောင်သည့်ပမာ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က လောင်ကျွမ်းမှုကြောင့် ကျွမ်းသွားရတောမည်ကဲ့သို့ ခံစားချက်တစ်ခုတည်းကိုသာ ခံစားမိလေတော့သည်။
" အတော်အစွမ်းထက်တဲ့ သန့်စင်ယန်ချီ "
ယီယွင် မျက်လုံးမှိတ်ကာ သူ၏ယွမ်ချီများကို ပြင်းထန်စွာ လည်ပတ်စေလိုက်သည်။ ခရမ်းရောင်သလင်းကျောက်နှင့် တိုင်အာနတ်ကျင့်စဥ်တို့ကို အသုံးပြုမှသာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် သန့်စင်ယန်ချီများကို ထိန်းချုပ်နိုင်သည်ဆိုရုံမျှ ရှိခဲ့လေသည်။ ထို့နောက် သူ သန့်စင်ယန်ချီကို သန့်စင်ရင်း သွေးကြောများထဲတွင် လည်ပတ်စေပြီး တန်းထျန်ထဲတွင် စုဆောင်းကာ သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ် လုပ်ဆောင်ခဲ့သည်။
အနည်းငယ်သော သန့်စင်ယန်ချီများက သူ့အပိုင် ဖြစ်လာခဲ့ချိန်တွင် သူ၏ယွမ်ချီများက ထူထဲလာသည်ဟု ယီယွင် ခံစားလိုက်ရ၏။ သူ၏ တိုင်အာနတ်ကျင့်စဥ်လည်း တိုးတက်လာခဲ့သည်။
သူသည် ဤမီးငရဲထဲတွင် တိုင်အာနတ်ကျင့်စဥ်ကို ကာလကြာရှည်စွာ ကျင့်ကြံမည်ဆိုပါက ပိုမိုလွယ်ကူပေလိမ့်မည်။
သို့သော် ဤနေရာက အန္တရာယ်များလွန်း၏။ ခရမ်းရောင်သလင်းကျောက်ကြောင့်သာ မဟုတ်ခဲ့ပါက သူ ဤနေရာတွင် ကျင့်ကြံချိန်တွင် သန့်စင်ယန်ချီများက သူ၏သွေးကြောများကို အလွယ်တကူပင် လောင်ကျွမ်းပစ်ပေလိမ့်မည်။
ယီယွင် ဂရုစိုက်ကာ ခရီးဆက်နေလျက်ရှိပြီး စွမ်းအင်မြင်ကွင်းကို ဖွင့်ထားကာ ဘေးပတ်လည်အား သတိထားနေခဲ့သည်။
မီးငရဲထဲတွင် အရိုင်းဆန်နေသော စွမ်းအင်များကြောင့် လူတစ်ဦး၏ အာရုံခံနိုင်စွမ်းနှင့် အမြင်အာရုံတို့မှာ ကြီးစွာပင် အားနည်းသွားရလေ၏။ ယင်းက ယီယွင် တစ်ဦးတည်းမဟုတ်လေဘဲ ပျက်စီးခြင်းသားရဲပင် တူညီသောပြဿနာကို ကြုံတွေ့ရသည်။ ဤနေရာသို့ ပညာရှိတစ်ဦး ရောက်လာလျှင်ပင် တူညီသောပြဿနာကို ကြုံရမည်သာဖြစ်ချေ၏။
ယီယွင်၏စွမ်းအင်မြင်ကွင်းက ကီလိုမီတာငါးဆယ် ပတ်လည်ခန့်ရှိသည်။ ထိုဧရိယာအတွင်းမှ အန္တရာယ်အရိပ်အယောင်တိုင်းကို သူ ရှင်းလင်းစွာပင် မြင်နိုင်လေ၏။
တောင်ငယ်တစ်လုံး အရွယ်ခန့်ရှိသည့် ပျက်စီးခြင်းသားရဲတစ်ကောင်ကို ယီယွင် မြင်လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်တွင် နီရဲသော ကြေးခွံများ ဖုံးလွှမ်းနေ၏။ ၎င်းက ကျောက်ဆောင်နီတစ်ခုနှင့် ဆင်တူလေပြီး မီးငရဲထဲတွင် ငြိမ်သက်စွာ ချောင်းမြောင်းနေလေသည်။ ၎င်း၏ ဦးခေါင်းနှင့် ခြေလက်များကို မမြင်ရလေဘဲ ကြေးခွံချပ်ဝတ်ထဲသို့ ထည့်သွင်းထားလေ၏။
ထိုကြေးခွံနီ ပျက်စီးခြင်းသားရဲအား နတ်အရိုင်းမြေစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်ကို ယီယွင် မတွေ့မိပေ။ သူက သတိအကြီးဆုံးထားကာ ထိုပျက်စီးခြင်းသားရဲကို ကွင်းရှောင်သွားခဲ့သည်။
မီးငရဲ၏ ကတော့ပုံသဏ္ဌာန်ကြောင့် ထိပ်ပိုင်းထက်စာလျှင် အောက်ခြေက ပိုကျဥ်းလာလေသည်။ ယီယွင် ဒေါင်လိုက်အတိုင်း ဆင်းနေသည်ဖြစ်၍ မီးငရဲ၏ နံရံများကို မြင်နေရသည်။ နံရံများက ထူးဆန်းသည့် မညီညာသော ကျောက်အပိုင်းအစများ ဖြစ်လေသည်။ ကျောက်သားများက နီရဲသော သံပူတုံးပမာပင် အနီရောင်အဆင်းရှိသည်။
" အိုး... မီးငရဲထဲမှာ ပျက်စီးခြင်းသားရဲတွေရဲ့ အရိုးအကြွင်းအကျန်တွေတောင် ပြာဖြစ်အောင် လောင်ကျွမ်းခံရပေမဲ့ ဒီကျောက်သားတွေကတော့ လုံးဝအဆင်ပြေနေတာလား "
ယီယွင်က ထူးဆန်းသည်ဟု ထင်မိသွားကာ နံရံများကို စူးစမ်းကြည့်ရန် အာရုံခံနိုင်စွမ်းကို အသုံးပြုလိုက်သည်။ သို့သော် နံရံက မည်သည့်ထူးခြားချက်မျှ ရှိမနေပေ။ ၎င်းတို့က သာမန်ကျောက်များပမာပင်။
" တကယ်ကို စိတ်ဝင်စားစရာပဲ "
ယီယွင် ရုတ်တရက်ပင် အတွေးတစ်ခုရလာ၏။ ပုံမှန်အခြေအနေအရဆိုလျှင် ဤမီးငရဲက ပြင်ပကမ္ဘာနှင့် နယ်နိမိတ်စည်းတစ်ခု ရှိမနေသင့်ပေ။ နယ်နိမိတ်စည်းတစ်ခု ရှိနေမည်လျှင်ပင် ထိုနယ်နိမိတ်စည်းအား သန့်စင်ယန်စွမ်းအင်များကြောင့် လောင်ကျွမ်းသွားသင့်သည်။
ယီယွင် ထိုအချက်ကို နားမလည်သလို ဆက်လက်၍လည်း မတွေးတော့ပေ။ မမြင်ရသော ဥပဒေသတစ်မျိုးက မီးငရဲကို ကန့်သတ်ထားခြင်းကြောင့် နယ်နိမိတ်စည်းအား မလောင်ကျွမ်းခြင်းဖြစ်မည်ဟုသာ ယီယွင် ခံစားမိသည်။
မီးငရဲထဲသို့ တစ်ဆယ်ကီလိုမီတာ အနက်သို့ရောက်ချိန်တွင် ယီယွင်၏ မြင်ကွင်းထဲသို့ တစ်စုံတစ်ခု ဝင်လာခဲ့သည်။ ယီယွင် အာရုံစိုက်ကာ ကြည့်လိုက်လေရာ အရိုးစုတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။
အရိုးစုက ဆယ်မီတာကျော်ရှည်ပြီး အတော်ပင် မပြည့်စုံလှပေ။ ယင်းက မည်သည့်ပျက်စီးခြင်းသားရဲဖြစ်ကြောင်း သူ မပြောနိုင်ပေ။
သန့်စင်ယန်စွမ်းအင်များက ထိုအရိုစုကို လောင်ကျွမ်းထားပြီး အက်ကြောင်းများ ပြည့်နေလေ၏။ ပျက်စီးခြင်းစွမ်းအင်များလည်း လောင်းကျွမ်းခံထားရလေပြီး ပျက်စီးခြင်းသားရဲ၏ အရိုးစုမှာလည်း မကြာမီတွင် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံရလောက်သည်။
မီးငရဲတွင် မည်သည့် ပျက်စီးခြင်းသားရဲအလောင်းမျှ ကျန်ရှိမနေပေ။ ပျက်စီးခြင်းသားရဲတစ်ကောင်၏ ရတနာများပြည့်နေသော အလောင်းကို ဤနေရာမှ သန့်စင်ယန်မီးတောက်များ ဖြည်းညင်းစွာ ဖျက်ဆီးကြလေ၏။
" အတော်ကို နှမြောစရာပဲ "
ယီယွင် အသာခေါင်းယမ်းလိုက်သည်။ သန့်စင်ယန်မီးတောက်များကသာ လောင်ကျွမ်းခြင်းမပြုပါက သူ့အဖို့ အမျိုးအမည်မသိ ပျက်စီးခြင်းသားရဲ၏အလောင်းကို ပြန်သယ်သွားကာ မှော်နဂါးကြေးပြားများစွာနှင့် လဲလှယ်နိုင်လောက်သည်။ ထိုကြွယ်ဝမှုက အရင်းအမြစ်များစွာနှင့် လဲလှယ်၍ရလေ၏။
ယီယွင် ရင်နာနေရသည်။
" ထားလိုက်ပါလေ... ခရမ်းရောင်သလင်းကျောက် ရှိနေတဲ့ ငါ့ရဲ့ရည်မှန်းချက်တွေကို ဒီလိုအခွင့်အလမ်းမျိုးအပေါ်မှာ ကန့်သတ်မထားသင့်ဘူး။ ဒါက အမည်မသိ ပျက်စီးခြင်းသားရဲတစ်ကောင်ရဲ့ အရိုးစုတစ်လောက်ပါပဲ။ ငါ့ရဲ ကိုယ်ပိုင်သိုင်းပညာလမ်းစဥ်နဲ့ဆိုရင် အနာဂတ်မှာ ဒီလိုအရိုးမျိုးတွေကို ပြန်တွေးကြည့်ဖို့မလိုဘူး။ ငါ့ရဲ့ရည်မှန်းချက်က မသေးဘူး။ ဒီပျက်စီးခြင်းသားရဲရဲ့အလောင်းကို မရရင်တောင် ဘာမှမဖြစ်ဘူး "
............
သူ ဆက်လက်၍ ခရီးနှင်နေချိန်တွင် ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်ချက်က ပြတ်တောက်နေဆဲပင်။ သို့သော် သူ၏ဦးတည်ချက်က အလွန်ရှင်းလင်းလေပြီး မီးငရဲ၏ အဆုံးသတ်တွင် ရှိလေသည်။
ကီလိုမီတာအနည်းငယ်ခန့် ဆင်းလာပြီးသည့်တိုင်အောင် ယီယွင်က သတိထားနေဆဲပင်။ ထိုစဥ်တွင် သူက အလွှာပါးတစ်ခုကို ဖြတ်မိသွားသည့်ပမာ ခံစားလိုက်လေ၏။
ထိုအလွှာပါး၏အောက်တွင်မူ သန့်စင်ယန်မီးတောက်များက ပုံစံထင်ရှားလာပြီး မူရင်း ငါးရောင်ခြယ်မှ ခုနစ်ရောင်ခြယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုခုနစ်ရောင်ခြယ်အလင်းက ကမ္ဘာပေါ်တွင် အလှဆုံး တိမ်တိုက်များနှင့် ဆင်တူလှသည်။ ၎င်းတွင် ထူးခြားဆန်းကြယ်မှုနှင့် လှပမှုတို့ ပြည့်နှက်နေသော်လည်း အန္တရာယ်လည်း ပြည့်နေပေ၏။
သန့်စင်ယန်မီးတောက်များ အတူစုစည်းကာ ငှက်များနှင့် သားရဲများ၏ ပုံစံများ ဖြစ်ပေါ်နေကြသည်။ ၎င်းတို့က အလွန်တရာပင် အသက်ဝင်လှပြီး မီးတောက်များထဲတွင် စိတ်ဝိညာဥ်အရိပ်အငွေ့ ရှိနေသည့်ပမာပင်။
ထိုမျှအနက်ပိုင်းအထိ ရောက်ရှိလာချိန်တွင် ယီယွင်မှာ ခရမ်းရောင်သလင်းကျောက်ကို ထိန်းချုပ်ရန်အတွက် ရုန်းကန်လာရလေ၏။ ပိုမိုများပြားသော သန့်စင်ယန်ချီများ ခရမ်းရောင်သလင်းကျောက်၏ ခုခံမှုကို ထိုးဖောက်လာကာ ယီယွင်၏သွေးကြောများထဲ ဝင်ရောက်လာကြ၏။
ကြမ်းတမ်းသော ထိုစွမ်းအင်များကို တောင့်ခံရန်အတွက် ယီယွင်မှာ အလွန်ပင် နာကျင်ရလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ယွမ်ချီများ ပိုမိုထူထဲလာခဲ့သည်။ ယင်းအဖြစ်ကြောင့် ယီယွင်မှာ ထူးဆန်းစွာပင် ပျော်နေမိသည်။ ဤမီးငရဲတွင် ကျင့်ကြံရသည့် နာကျင်မှုနှင့် သာယာမှုတို့က စကားလုံးနှင့်ပင် ဖော်မပြနိုင်ပေ။
ရုတ်ခြည်းမှာပင် ခရမ်းရောင်သလင်းကျောက်က အနည်းငယ်ခန့် ပြင်းထန်စွာ ခုန်လာခဲ့သည်ကို ယီယွင် ခံစားလိုက်ရသည်။ ယင်းက သေးငယ်သောအပြောင်းအလဲသာ ဖြစ်သည့်တိုင်အောင် ယီယွင်မှာမူ ပျော်ရွှင်နေလေ၏။
" အဲ့ဒီမှာလား "
ယီယွင်က ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်ချက်အတိုင်း လိုက်ပါသွားပြီး မီးတိမ်တိုက်များကို ဖြတ်ကျော်သွားလေသည်။ သူ ရှေ့ဆက်သွားလေလေ နောက်ဆုံးအားထုတ်မှုတွင် မကျရှုံးစေရေးအတွက် ပိုမိုဂရုစိုက်ရလေလေပင်။