သန့်စင်ယန်စိတ်ဝိညာဥ်
Vol. 20 Ch. 295
ယီယွင်က အလွန်စိတ်လှုပ်ရှားနေသော်လည်း သတိမပျက်ပေ။ သန့်စင်ယန်စိတ်ဝိညာဥ်က ကောင်းမွန်သော်လည်း ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးဖြစ်သည့် သူက သန့်စင်ယန်စိတ်ဝိညာဥ်အား စုပ်ယူရန်မှာ မဖြစ်နိုင်လုနီးပါးရှိသည်ကို သူ သိလေသည်။
သန့်စင်ယန်စိတ်ဝိညာဥ်ထဲတွင် ပါဝင်နေသည့် စွမ်းအင်များက သန်မာလွန်းလေပြီး သန့်စင်ယန်စိတ်ဝိညာဥ်ကို နေမင်းငယ်တစ်စင်းဟုပင် ဖော်ညွှန်း၍ရလေသည်။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးကသာ နေမင်းငယ်တစ်စင်းကို စုပ်ယူမိပါက ကိုယ်တွင်းပိုင်းတွင် လောင်ကျွမ်းခြင်းဖြင့် သေဆုံးရပေလိမ့်မည်။
သန့်စင်ယန်စိတ်ဝိညာဥ်ကို တိုက်ရိုက်စုပ်ယူခြင်းက သတ်သေခြင်းနှင့်မခြားပေ။ ပညာရှိများပင် ထိုသို့လုပ်ရဲခြင်းမရှိပေ။
ယီယွင် ဖတ်ဖူးထားသည့် စာအုပ်များထဲတွင် မှတ်တမ်းတင်ရေးသားထားသည်မှာ တိုင်အာနတ်ပြည်ထောင်ထဲမှ ပညာရှိတစ်ဦးက သန့်စင်ယန်စိတ်ဝိညာဥ်၏စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူရန်အတွက် ပျက်စီးခြင်းအရိုးအမတေထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့သည်။ သန့်စင်နေချိန်တွင် သန့်စင်ယန်စိတ်ဝိညာဥ်၏ အရိုင်းဆန်နေသော စွမ်းအင်များကြောင့် မီးဖို ပေါက်ကွဲသွားရဖူးလေ၏။
သန့်စင်ယန်စိတ်ဝိညာဥ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ယီယွင် သိသည်။ သူ့အဖို့ သန့်စင်ယန်စိတ်ဝိညာဥ်ဆီသို့ မဆင်မခြင် မသွားရဲပေ။ လက်ရှိတွင် ယီယွင် အားကိုးနိုင်သည့် တစ်ခုတည်းသောအရာမှာ ခရမ်းရောင်သလင်းကျောက် ဖြစ်လေ၏။
သန့်စင်ယန်စိတ်ဝိညာဥ်ကို အသုံးပြုရန် မဖြစ်နိုင်လေသောကြောင့် ခရမ်းရောင်သလင်းကျောက်အား အသုံးပြုကာ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို အဝေးမှသာ စုပ်ယူရပေမည်။ ယီယွင် ထိုအရာကိုတွေးကာ စိတ်ဓာတ်ကျနေ၏။
သန့်စင်ယန်စိတ်ဝိညာဥ်ထဲတွင် စွမ်းအင်များစွာ ပါဝင်နေသည်ဖြစ်ပြီး ယီယွင်၏ကျင့်ကြံမှုအဆင့်က အကန့်အသတ်ရှိလေသည်။ သူ့အဖို့ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်နှင့် တဖြည်းဖြည်းချင်း စုပ်ယူရန်မှာ မဖြစ်မနိုင်ပေ။ သူ၏ခန္ဓာကိုယ်က ထိုမျှစွမ်းအင်များစွာကို ထည့်မထားနိုင်ချေ။
ဒီလိုပစ္စည်းမျိုးကို ပျက်စီးခြင်းသားရဲတစ်ကောင်ကပဲ စားနိုင်လိမ့်မယ်။ ကြက်ပေါက်တစ်ကောင်က ဘယ်လောက်များ စားနိုင်မှာမလို့လဲ။
ငါ ဒါကို ထားပစ်ခဲ့ရမှာလား။
သူ နောင်တစ်ချိန်တွင် ဤနေရာသို့ ပြန်လာပါက သန့်စင်ယန်စိတ်ဝိညာဥ်သည်လည်း တည်နေရာပြောင်းသွားမည်ဖြစ်ပြီး ထပ်မံကာရှာဖွေရန် လွယ်ကူတော့မည်မဟုတ်ပေ။
ယီယွင်၏စိတ်ထဲတွင် အတွေးများရှုပ်နေကာ ခေါင်းကိုက်လာရသည်။ ပထမဆုံးအနေဖြင့် ခရမ်းရောင်သလင်းကျောက်က သူ့အား အလင်းစက်များဆီသို့ ပို့ဆောင်ပေးခဲ့သော်လည်း အစီရင်ကို ဖျက်ဆီးနိုင်ခြင်းမရှိပေ။ အခွင့်အရေးက သူ၏ရှေ့မှောက်တွင် ရှိနေသည့်တိုင်အောင် ဖမ်းဆုပ်နိုင်ခြင်းမရှိပေ။
ထို့နောက် သူ သန့်စင်ယန်စိတ်ဝိညာဥ်ကို တွေ့ခဲ့ရပြီး သုံးနိုင်ခြင်းမရှိပေ။ သူ၏ရှေ့မှောက်မှ ရတနာတောင်ကြီးကို မရွေ့နိုင်သည်မှာ ရူးချင်စရာပင်။
" ထားလိုက်ပါတော့... ငါ စုပ်ယူနိုင်သလောက်ပဲ စုပ်ယူမယ် "
ယီယွင်က စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစပ်ကာ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို စုပ်ယူရန် ကြိုးစားလိုက်သည်။ လက်ရှိ သူ၏စွမ်းအားနှင့် သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို စုပ်ယူမည်ဆိုပါက အလွန်တရာပင် အန္တရာယ်များသည်ကို သိလေသောကြောင့် တိုင်အာနတ်ကျင့်စဥ်ကို အမြင့်ဆုံးအထိ လည်ပတ်စေလေသည်။
ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားကို အသုံးပြုကာ သန့်စင်ယန်ချီတစ်လှိုင်းကို ယီယွင်က ဆွဲယူလိုက်သည်။ သို့သော် သန့်စင်ယန်ချီက အနည်းငယ်သာ တုန်ခါသွားပြီး အပြင်ထွက်မလာပေ။
ယီယွင် အနည်းငယ် မှင်တက်မိသွား၏။ သူက ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို စုပ်ယူခဲ့သော်လည်း ဘေးပတ်လည်မှ သန့်စင်ယန်ချီများကိုသာ စုပ်ယူနိုင်ခဲ့သည်။ သူက သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို စုပ်ယူနိုင်ခြင်းမရှိပေ။
ဘာလို့ ဒီလိုဖြစ်တာလဲ။
ယီယွင်က စုပ်ယူအားကို တိုးမြင့်လိုက်သည်။ ခရမ်းရောင်သလင်းကျောက်ထဲတွင် ခရမ်းရောင်ဝဲကတော့ ပေါ်လာသည်။ သို့တိုင်အောင်ပင် သန့်စင်ယန်စိတ်ဝိညာဥ်က တုန့်ပြန်မှုမရှိပေ။ ခုနစ်ရောင်ခြယ်ပန်းက အနည်းငယ် တုန်ခါသွားကာ ပွင့်ချပ်များက ပိတ်သွားတော့မည့်ဟန် ရှိနေလေသည်။
ဘယ်လို...။
ပွင့်ချပ်များ တဖြည်းဖြည်းချင်း ပိတ်လာခဲ့ပြီး သန့်စင်ယန်စိတ်ဝိညာဥ်ကို လွှမ်းခြုံသွားတော့မည်ကို မြင်တွေ့ကာ ယီယွင် ကြောင်အနေ၏။
ဘာတွေဖြစ်နေတာလဲ။
သူက သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို မစုပ်ယူရသေးမီတွင် သန့်စင်ယန်စိတ်ဝိညာဥ်ကို လက်လွှတ်ရတော့မည်တဲ့လား။
ခုနစ်ရောင်ခြယ်ပန်းက မီးငရဲတွင် ရှင်သန်ပေါက်ရောက်နေသည်ဖြစ်၍ ခုနစ်ရောင်ခြယ်ပန်းအား တိုက်ခိုက်သည်မှာ အရာမဝင်နိုင်ဟု ယီယွင်က မှန်းဆထားသည်။ သူသာ ရုတ်တရက် တိုက်ခိုက်လိုက်ပါက ခုနစ်ရောင်ခြယ်ပန်း၏ တန်ပြန်တိုက်ခိုက်မှုကိုပင် ခံရနိုင်သည်။
ခုနစ်ရောင်ခြယ်ပန်းက ထိတွေ့ခံစားနိုင်စွမ်း ရှိနေသည့်ပုံပင်။
ဟုတ်တယ်...ထိတွေ့ခံစားနိုင်စွမ်းပဲ။
နောက်ဆုံးတွင် သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များကို အဘယ့်ကြောင့် စုပ်ယူ၍မရသည်ကို ယီယွင် နားလည်သွားခဲ့လေ၏။ ခရမ်းရောင်သလင်းကျောက်က ပိုင်ရှင်မရှိသည့် စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း အခြားသက်ရှိတစ်ခု ပိုင်ဆိုင်ထားသည့် စွမ်းအင်များကိုမူ လုယူ၍မရပေ။
သန့်စင်ယန်စိတ်ဝိညာဥ်က ထိတွေ့ခံစားနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သန့်စင်ယန်စိတ်ဝိညာဥ်တွင် အသက်ရှိနေသည်မှာ ပြောရန်ပင်မလိုလေသောကြောင့် ခရမ်းရောင်သလင်းကျောက်က သန့်စင်ယန်စိတ်ဝိညာဥ်နှင့် ဆုံတွေ့ရာတွင် ဘာမျှမတတ်နိုင်ခြင်း ဖြစ်လေ၏။
သူ သွေးအန်လုမတတ် ဖြစ်သွားရလေ၏။
သောက်ကျိုးနည်းလှချေသည်။
သူ အလင်းစက်အစီရင်ကို ရှာတွေ့ခဲ့သော်လည်း ဖြိုဖျက်နိုင်ခြင်းမရှိပေ။ သူ သန့်စင်ယန်စိတ်ဝိညာဥ်ကို မြင်နေရသော်လည်း ယူမရလေသောကြောင့် စိတ်ပျက်နေရ၏။ သူက မြင်သာမြင်ကာ မကြင်ရပေ။
သူ များစွာအားစိုက်ခဲ့ရသည်မှာ ထိုင်ကြည့်နေရန်အတွက်ပေလော။
ယီယွင် စိတ်ရူးပေါက်နေ၏။ သူ စိတ်မထိန်းနိုင်ဘဲ ခုနစ်ရောင်ခြယ်ပန်းအား တပ်တစ်ထောင်ဓားမောက်နှင့် ပြေးခုတ်လိုက်ချင်စိတ် ဖြစ်နေလေသည်။
ထိုအခိုက်တွင် ယီယွင် ကျောချမ်းမှုအား ခံစားလိုက်ရသည်။ သူ၏ စွမ်းအင်မြင်ကွင်းထဲတွင် မူမမှန်သော အခြားလှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာ၏။ ယင်းအရာက သတ်ဖြတ်လိုစိတ်များ ပြည့်နေလေပြီး သူ့ဆီသို့ တည့်မတ်စွာလာနေသည်။
ပျက်စီးခြင်းသားရဲတစ်ကောင်။
ယီယွင် တုန့်ဆိုင်းမနေဘဲ ခုန်ထွက်ကာ အဝေးသို့ပြေးလေ၏။ တစ်ချိန်တည်းမှာပင် သူ၏စွမ်းအင်များကို ပိတ်လှောင်ရန်အတွက် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ အသက်ရှုထိန်းညှိလိုက်သည်။
မီးငရဲမှ မည်သည့်ပျက်စီးခြင်းသားရဲကိုမဆို သူ မယှဥ်နိုင်ကြောင်း သိလေသည်။
ဂီး...။
ယီယွင် နားအူမတတ် စူးရှသော ငှက်အော်သံတစ်ခုကို ကြားလိုက်ရ၏။
ထိုငှက်သံအား ရင်းနှီးနေသည်။ ယီယွင် ရင်ထိတ်သွားရ၏။ ယင်းသည် မီးငရဲ အပြင်ဘက်ပိုင်းတွင် တွေ့ခဲ့ရသည့် မီးငှက် ဖြစ်လေ၏။
မီးငှက်က ကြီးမားသောခွန်အားရှိသည့် မီးမျောက်ကိုပင် တစ်ချက်တည်း စုတ်ဖြဲပစ်ကာ စားပစ်နိုင်လေသည်။
ယီယွင်က လှည့်မကြည့်ဘဲ စွမ်းအင်မြင်ကွင်းကိုဖွင့်ကာ နောက်မှ အခြေအနေများကို ကြည့်နေခဲ့လေ၏။
မီးများတောက်လောင်နေသည့် ငှက်ကြီးတစ်ကောင်က တောင်ပံများဖြန့်ကာ ဆင်းလာနေသည်ကို သူ မြင်နေရသည်။ ငှက်၏ တောင်ပံများက တောက်ပလှပြီး သက်တံ့မီးတောက်တစ်ခု အမျှင်တန်းကာ ရှိနေလေသည်။ ငှက်ကြီး၏ ဦးတည်ရာက ခုနစ်ရောင်ခြယ်ပန်း ရှိနေသည့် ချိုင့်ဝှမ်းထဲသို့ ဖြစ်လေသည်။
ဝုန်း...။
မီးငှက်၏ ခြေသည်းများက ခုနစ်ရောင်ခြယ်ပန်း၏ ရိုးတံအား ကုတ်ထားလိုက်လေပြီး ခုနစ်ရောင်ခြယ်ပန်း၏ ပွင့်ဖက်များကို ၎င်း၏ ထက်ရှသော နှုတ်သီးဖြင့် ကိုက်လေသည်။
ဝုန်း...။
ခုနစ်ရောင်ခြယ်ပန်း၏ အူတိုင်ထံမှ ခုနစ်ရောင်ခြယ်မီးတောက်တစ်ခု ထွက်ပေါ်လာကာ မီးငှက်ဆီသို့ တည့်တည့်ပြေးဝင်သည်။ ယင်းက သန့်စင်ယန်စိတ်ဝိညာဥ်၏ ပြန်လည်တိုက်ခိုက်မှု ဖြစ်လေ၏။
မီးငှက်က သတိအပြည့်ရှိနေကာ စူးရှစွာအော်လိုက်သည်။ မီးငှက်၏ အမွေးများက မြားတံများပမာ ထောင်လာလေ၏။
ဝီး...။
မီးငှက်၏ ခြေသည်းများက လေထဲတွင်ဝဲသွားကာ သန့်စင်ယန်စိတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်သည်။ မီးငှက်သည်ပင် သန့်စင်ယန်မီးတောက်၏ လောင်ကျွမ်းမှုကို ခံနိုင်ရည်မရှိပေ။ မီးငှက်၏ ခြေသည်းများတွင် အရေပြားအချို့ ကွာကျသွားက သွေးသံရဲရဲ ပေါ်ထွက်လာသည်။
မီးငှက်၏ ကျောပေါ်မှ ဒဏ်ရာဟောင်း ပြန်ပွင့်သွားပြီး သွေးများကျဆင်းလာခဲ့သည်။
မီးငရဲအပြင်ဘက်တွင် မီးငှက်ကို မြင်ခဲ့စဥ်က ၎င်း၏ကျောပေါ်မှ ဒဏ်ရာသည် အဝတ်လျှော်ဇလုံအရွယ်ခန့်ရှိသည့် သွေးစွန်းအပေါက်ကြီးတစ်ခုဖြစ်ကြောင်း ယီယွင် မှတ်မိနေသေးသည်။ သွေးစွန်းအပေါက်ကြီးတွင် မီးလောင်ရာများရှိနေကာ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကိုပင် မြင်နေရလေသည်။ မီးငှက်က ဒဏ်ရာကုစားရန်အတွက် မီးမျောက်များကို စားခဲ့လေ၏။
ယခုအခါ၌ မီးငှက်က သန့်စင်ယန်စိတ်ဝိညာဥ်ကို ဖမ်းယူရန်ကြိုးစားနေသည်ကို မြင်လိုက်ရချိန်တွင်မူ မီးငှက်၏ကျောပေါ်မှ အပေါက်ကြီးအား သန့်စင်ယန်စိတ်ဝိညာဥ်က ချန်ထားပေးခဲ့ခြင်းသာ ဖြစ်ရလိမ့်မည်ဟု ယီယွင် နားလည်သွားသည်။
မီးငှက်က ယခင်ကတည်းကပင် မီးငရဲအတွင်းပိုင်းထဲ ရောက်လာခဲ့ပြီး သန့်စင်ယန်စိတ်ဝိညာဥ်ကို ရှာတွေ့ထားခဲ့ခြင်း ဖြစ်ရပေမည်။ မီးငှက်က သန့်စင်ယန်စိတ်ဝိညာဥ်ကို စားလိုသော်လည်း သန့်စင်ယန်စိတ်ဝိညာဥ်ကြောင့် ဒဏ်ရာရခဲ့လေသည်။
" ငါသာ ဒီမွန်းစတားကြီးရဲ့ ပါးစပ်ဝက အစာကို လုယူဖို့ကြိုးစားခဲ့ပြီး ငါ့ကို ရှာတွေ့သွားခဲ့မယ်ဆိုရင် ငါ တစ်စစီဖြစ်သွားလိမ့်မယ် " ယီယွင် ကျောချမ်းသွားရ၏။ ကျေးဇူးတင်စရာကောင်းစွာဖြင့်ပင် သူ့တွင် စွမ်းအင်မြင်ကွင်း ရှိနေခဲ့သည်။ မီးငရဲထဲတွင် ပျက်စီးခြင်းသားရဲအားလုံး၏ အာရုံခံနိုင်စွမ်းများ အားနည်းကြသည်။ ယီယွင်ကမူ စွမ်းအင်မြင်ကွင်းကြောင့် မီးငှက်ကို အစောကြီးကတည်းကပင် ရှာတွေ့ထားခဲ့၏။ သူသာ စက္ကန့်ဝက်ခန့် နောက်ကျသွားပါက အရိုးပင်ကျန်မည်မဟုတ်ပေ။
မီးငှက် စူးရှစွာဟစ်အော်ကာ အတောင်ပံအား တဖျပ်ဖျပ်ခတ်၍ ကသောင်းကနင်း ပျံသန်းနေလေရာ မီးငရဲထဲတွင်
ခုနစ်ရောင်ခြယ်မီးတောက်များ ပျံ့နှံ့သွားလေ၏။ ယီယွင်က အဝေးတွင်ရှိနေသည့်တိုင်အောင် မျက်နှာကို အပူဟပ်မိသည်အား ခံစားမိနေ၏။ ပြင်းထန်သော လေများကြောင့် ခရမ်းရောင်သလင်းကျောက်၏ အကာအကွယ်မှာ ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရသည်။
" ကြောက်စရာပဲ " မီးငှက်နှင့် သန့်စင်ယန်စိတ်ဝိညာဥ်တို့၏ တိုက်ပွဲကြောင့် ယီယွင် တုန်လှုပ်နေသည်။
ယီယွင် စိတ်ပျက်နေရ၏။ သူ၏အားနည်းခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။ မီးငရဲထဲတွင် သူ ကြုံတွေ့ခဲ့ရသည့် ကံကောင်းမှုများကိုမူ ယူသွားနိုင်မည်မဟုတ်ပေ။
ယီယွင် သက်ပြင်းချရင်း တစ်စုံတစ်ခုကို ခံစားမိသွားကာ ခြေလက်များ အေးခဲသွားလေ၏။ သတ်ဖြတ်လိုစိတ်တစ်ခုက သူ့ထံသို့ ကျရောက်လာသည်ဟု ခံစားခဲ့ရပေသည်။
" အဲ့ဒါက ဘာလဲ "
ယီယွင် စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ ကြည့်လိုက်လေရာ ငါးကီလိုမီတာပတ်လည်တွင် ချောင်းမြောင်းနေသည့် ပျက်စီးခြင်းသားရဲများ ရှိမနေပေ။ မီးငှက်နှင့် သန့်စင်ယန်စိတ်ဝိညာဥ်တို့သာ ရှိလေသည်။
ထိုသတ်ဖြတ်လိုစိတ်က မီးငှက်ထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေ၏။ မီးငှက်က သူ့အား ရှာတွေ့သွားချေပြီ။
ယီယွင် ပင့်သက်ရှိုက်လိုက်သည်။ သူ၏တည်ရှိမှုကို လုံးဝဖုံးကွယ်ထားသည်ကိုပင် သန့်စင်ယန်စိတ်ဝိညာဥ်နှင့် တိုက်ခိုက်နေဆဲဖြစ်သည့် မီးငှက်က သူ့အား ရှာတွေ့သွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။
မီးငှက်က ဒီလောက်အထိ အာရုံခံထက်မြက်တာလား။
ဟုတ်သည်။ မီးငှက်က နှစ်ပေါင်းသောင်းချီပြီး အသက်ရှင်လာခဲ့သူ ဖြစ်ေလ၏။ မီးငှက်က စကားမပြောနိုင်သော်လည်း အသိဥာဏ်ရှိလေသည်။
သန့်စင်ယန်စိတ်ဝိညာဥ်ကို ဝါးမျိုးပြီးသွားလျှင် အားအနည်းဆုံး ဖြစ်နေလိမ့်မည်ကို မီးငှက်က သိလေသည်။ မီးငှက်သာ သေလုမြောပါး ဒဏ်ရာရသွားခဲ့ပါက မီးမျောက်သည်ပင် မီးငှက်ကို သတ်ပစ်နိုင်လေသည်။
ထို့ကြောင့် မီးငှက်က သန့်စင်ယန်စိတ်ဝိညာဥ်နှင့် လုံးထွေးနေချိန်တွင် နောက်တစ်ယောက်က ဝင်ရောက်အမြတ်ထုတ်သွားမည်ကို ကာကွယ်ရန်အတွက် အနီးနားတွင် မည်သည့်ခြိမ်းခြောက်မှုကိုမျှ အရှိမခံပေ။
ထို့ကြောင့် မီးငှက်က သန့်စင်ယန်စိတ်ဝိညာဥ်နှင့် တိုက်ခိုက်နေချိန်၌ ၎င်း၏ အာရုံခံနိုင်စွမ်းများကို အထက်မြက်ဆုံး လုပ်ဆောင်ထားခဲ့သည်။ မီးငှက်က ဘေးပတ်ဝန်းကျင်အား စစ်ဆေးကြည့်ချိန်တွင် ယီယွင်ကို ရှာတွေ့သွားခဲ့လေ၏။