ပျက်စီးနေတဲ့ကမ္ဘာ
Vol. 20 Ch. 297
ဘုန်း...။
ယီယွင် ကြေးတံခါးကြီးဆီသို့ ချဥ်းကပ်သွားနေချိန်တွင် တံခါးသည် မြည်ဟီးသံပေးကာ ပွင့်သွားခဲ့လေ၏။
ရုတ်ခြည်းမှာပင် စကြာဝဠာ၏ မဟာတာအိုရင်းမြစ်များ ပါဝင်နေဟန်ရှိသည့် အားကောင်းသော ဖြစ်တည်မှုတစ်ခု အလုံးအရင်းထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် တံခါးကြီးက ခုနစ်ရောင်ခြယ်အလင်းများကို စုပ်ယူလိုက်ရာ သန့်စင်ယန်မီးငရဲထဲတွင် ခုနစ်ရောင်ခြယ်ဝဲကတော့တစ်ခု ထွက်ပေါ်လာရလေ၏။ စွမ်းအင်များ လှိုင်းထနေချိန်တွင် ယီယွင်က တုန့်ဆိုင်းမနေဘဲ ကြေးတံခါးကြီးဆီသို့ အမြန်သွားလေသည်။
မဝေးလှသောနေရာတွင် သန့်စင်ယန်စိတ်ဝိညာဥ်နှင့် တိုက်ခိုက်နေသည့် ရွှေကျီးကန်းမျိုးစိတ်သည် ကြေးတံခါးကြောင့် ထိတ်လန့်သွားလေ၏။
ရွှေကျီးကန်းမျိုးစိတ်က မြင်ကွင်းအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေလေသည်။ ရွှေကျီးကန်းမျိုးစိတ်က မီးငရဲထဲတွင် နှစ်ပေါင်းသောင်းချီကာ နေထိုင်လာခဲ့သော်လည်း မီးငရဲ အနက်ဆုံးပိုင်းတွင် ဤကဲ့သို့တံခါးမျိုး ပေါ်လာသည်အား မကြုံခဲ့ဖူးပေ။
ရွှေကျီးကန်းမျိုးစိတ် စက္ကန့်ဝက်ခန့်မျှ ငိုင်သွားချိန်တွင် သန့်စင်ယန်စိတ်ဝိညာဥ်၏ တိုက်ခိုက်မှုကြောင့် ၎င်း၏အမွေးတစ်အုပ် မီးလောင်သွားရလေ၏။
ရွှေကျီးကန်းမျိုးစိတ် စူးရှစွာအော်ကာ ဆုတ်ခွာသွားလေသည်။
သန့်စင်ယန်စိတ်ဝိညာဥ်က သိမြင်ခံစားနိုင်စွမ်းရှိသော်လည်း ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်တို့ ရှိမနေပေ။ ရုတ်တရက် ပွင့်လာသည့် ကြေးတံခါးက မည်သည့်အရာဖြစ်သည်ကို ၎င်းက မသိပေ။
၎င်းကို ရွှေကျီးကန်းမျိုးစိတ်က ပြင်းထန်စွာတိုက်ခိုက်၍ ၎င်းကလည်း ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ရခြင်း ဖြစ်လေသည်။ ယင်းကိစ္စမှလွဲ၍ ဘေးပတ်ဝန်းကျင်မှ အရာများက ၎င်းအတွက် အရေးမပါပေ။
ရွှေကျီးကန်းမျိုးစိတ်အဖို့ ကြေးတံခါးကို စူးစမ်းရန်အတွက် သန့်စင်ယန်စိတ်ဝိညာဥ်နှင့် သဘောတူညီချက်လုပ်ရန် မဖြစ်နိုင်ပေ။
ရွှေကျီးကန်းမျိုးစိတ်၏ စိတ်ထဲတွင် မီးငရဲကို သူ၏ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ မီးငရဲထဲမှ အရာအားလုံးကို သူ ပိုင်ဆိုင်လေ၏။ ရုတ်တရက် ပေါ်ထွက်လာသည့် ကြေးတံခါးသည်လည်း အရာအားလုံးထဲတွင် ပါဝင်လေသည်။
သူ၏ပစ္စည်းများအား သေးနုပ်သော လူသားက လုယူသွားများကို မည်သို့များ ခွင့်ပြုပေးနိုင်ပါမည်နည်း။
ရွှေကျီးကန်းမျိုးစိတ်က ဟစ်အော်ကာ လူသားပေါက်စကို သတ်ရန်အတွက် သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သန့်စင်ယန်စိတ်ဝိညာဥ်က ရွှေကျီးကန်းမျိုးစိတ်ကို အဆက်မပြတ်တိုက်ခိုက်ကာ အမွေးများနှင့် အသားများကို လောင်ကျွမ်းပစ်နေ၏။
ရွှေကျီးကန်းမျိုးစိတ်က အားကောင်းသော်လည်း သန့်စင်ယန်စိတ်ဝိညာဥ်က ကိုင်တွယ်ရန်လွယ်ကူသည့်အရာ မဟုတ်ပေ။ သန့်စင်ယန်စိတ်ဝိညာဥ်က လူသားပညာရှိများပင် ကိုင်တွယ်ရန်ခက်ခဲသည့်အရာ ဖြစ်လေ၏။
ရွှေကျီးကန်းမျိုးစိတ်က အလျင်လိုကာ ဒေါသထွက်နေသည်။ ၎င်းက သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ လုံးဝရုန်းမထွက်နိုင်ချေ။ ကြေးတံခါးမှ အကျိုးအမြတ်များကို ယီယွင်က ယူသွားမည်ကိုလည်း စိုးရိမ်နေရသေးလေ၏။
ဂီး...။
ရွှေကျီးကန်းမျိုးစိတ်က စူးရှစွာအော်ကာ သန့်စင်ယန်စိတ်ဝိညာဥ်ကို ထက်ရှသော လက်သည်းများနှင့် အရူးအမူးတိုက်ခိုက်လေသည်။ ရွှေကျီးကန်းမျိုးစိတ်က သူနာကိုယ်နာ နည်းလမ်းမျိုးကို အသုံးပြုနေလေ၏။
ရှဲ...ရှဲ...။
သန့်စင်ယန်စိတ်ဝိညာဥ်က ရွှေကျီးကန်းမျိုးစိတ်၏ အသွေးအသား ပမာဏများစွာကို လောင်ကျွမ်းပစ်နေသော်လည်း ရွှေကျီးကန်းမျိုးစိတ်က ဒဏ်ရာများကို လျစ်လျူရှူထားကာ သန့်စင်ယန်စိတ်ဝိညာဥ်ကို ဖမ်းဆုပ်ကာ ဝါးမျိုပစ်လိုက်လေ၏။
အစောပိုင်းကသာ ရွှေကျီးကန်းမျိုးစိတ်က တူညီသောနည်းလမ်းကို အသုံးပြုခဲ့မည်ဆိုလျှင် စွမ်းအင်များ မကုန်ခမ်းသေးသည့် သန့်စင်ယန်စိတ်ဝိညာဥ်က ရွှေကျီးကန်းမျိုးစိတ်၏ တစ်ကိုယ်လုံးကို ပြာကျသည်အထိ လောင်ကျွမ်းပစ်ပေလိမ့်မည်။
ရွှေကျီးကန်းမျိုးစိတ်က အမှားများမှ သင်ယူထားခဲ့သည်။ သန့်စင်ယန်စိတ်ဝိညာဥ်ကို ဤနည်းလမ်း အသုံးပြုကာ သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ကို ရွှေကျီးကန်းမျိုးစိတ်က သိသည်။
သို့သော် ရွှေကျီးကန်းမျိုးစိတ်တွင် ရွေးချယ်စရာမရှိတော့ပေ။ ရွှေကျီးကန်းမျိုးစိတ်က သွေးများကို လောင်ကျွမ်းစေကာ အားကုန်ထုတ်သုံးခဲ့ပြီး သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ ထွက်ပေါ်လာသည့် မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံယူလိုက်မှသာ သန့်စင်ယန်စိတ်ဝိညာဥ်ကို ယာယီထိန်းချုပ်နိုင်သွားခဲ့သည်။
ဤအခွင့်အရေးကို အရယူကာ လူသားပေါက်စကို သတ်ရလိမ့်မည်။ လူသားများက အားနည်းသည်ဖြစ်၍ ရွှေကျီးကန်းမျိုးစိတ်က ချက်ချင်းပင် သတ်ပစ်နိုင်သည်။ ထို့နောက်ပိုင်းမှသာ ရွှေကျီးကန်းမျိုးစိတ်က အစာအိမ်ထဲတွင်ရှိနေသည့် သန့်စင်ယန်စိတ်ဝိညာဥ်ကို တဖြည်းဖြည်းချင်း ကိုင်တွယ်ရပေမည်။
ဂီး...။
ရွှေကျီးကန်းမျိုးစိတ်က စူးရှစွာအော်ကာ ကြေးတံခါးဆီသို့ ပျံသန်းသွားလေ၏။
...................
လက်ရှိတွင် ယီယွင်က ကြေးတံခါး၏နောက်မှ လောကထဲသို့ အပြေးဝင်သွားခဲ့လေ၏။
ဝှစ်...။
ဝေဝါးသေယ အလင်းတစ်ခု တောက်ပသွားလေပြီး ယီယွင်မှာ ထွင်းဖောက်မြင်နေရသော အလွှာတစ်ခုအား ဖြတ်ကျော်ခဲ့ရသည်ဟု ခံစားလိုက်ရသည်။ သူ၏ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားရ၏။
တံခါးထဲတွင် ယီယွင် ထင်ထားသကဲ့သို့ အင်မော်တယ်ဂူ ရှိမနေပေ။ ယင်းသည် တောင်တန်းများ ၊ မြစ်များ ၊ ရေကန်များ ၊ တောအုပ်များ ရှိနေသည့် ကမ္ဘာအစစ်တစ်ခု ဖြစ်လေ၏။ တောင်များက ပြိုကျနေခြင်း ၊ မြစ်များက ပျက်စီးနေခြင်း ၊ ရေကန်များက ခမ်းခြောက်နေခြင်း ၊ သစ်တောများက ပြုန်းတီးနေခြင်းသည်သာ အပြစ်ပြောစရာရှိသည်။
သူ မြင်နေရသမျှက တုန်လှုပ်ဖွယ်ကောင်းလွန်းနေ၏။ ဤသည်က ပျက်စီးနေသော ကမ္ဘာတစ်ခု ဖြစ်လေသည်။
ယီယွင် မြေပြင်ပေါ်တွင် ပြေးနေသည်။ လေထဲတွင် ရှေးကျသော်လည်း သန့်စင်နေသည့် ယွမ်ချီများ ရှိနေခြင်းကြောင့်သာ ယီယွင်မှာ သူ့၏ခန္ဓာကိုယ်အား ဆေးကြောပေးနေသည်ဟု ခံစားနေရလေ၏။
တစ်ချိန်က ကြီးကျယ်ခမ်းနားသော နေရာတစ်ခုဖြစ်ခဲ့သည့် ဤကမ္ဘာကြီးတွင် ဘာမျှမကျန်တော့ခြင်းကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
သို့သော် ယီယွင်က ဤကမ္ဘာကို အသေးစိတ်စူစမ်းနေလိုစိတ် မရှိပေ။ ဤကမ္ဘာထဲတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ကာ ယီယွင်က အစွမ်းကုန်ပြေးနေလေ၏။
ကြေးတံခါးက မည်သည့်အချိန်တွင် ပြန်ပိတ်လိမ့်မည်ကို ယီယွင် မသိပေ။ ကြေးတံခါး ပွင့်နေသည်မှာ ရွှေကျီးကန်းမျိုးစိတ်က သူ့နောက်သို့ အချိန်မရွေးလိုက်လာနိုင်သည်ဟု ဆိုလိုလေ၏။
ယီယွင်က ခမ်းခြောက်နေသော ရေကန်တစ်ခုထဲတွင် ပြေးလွှားနေသည်။ ရေကန်၏ အစွန်းတစ်ဖက်တွင် ပြိုပျက်နေသော နတ်နန်းတော်တစ်ခု ရှိလေသည်။
ရှေးကျသော ကျောက်နံရံများက အက်ကွဲနေသော်လည်း ကျောက်စိမ်းပမာ တောက်ပနေဆဲပင်။ အတိုင်းအဆမသိရသော အချိန်ကာလသည်ပင် ဤကျောက်နံရံကို အပွန်းအပဲ့ဖြစ်အောင် မလုပ်နိုင်ခဲ့ပုံပင်။
ပျက်စီးနေတဲ့ နတ်နန်းတော်တစ်ခု...။
ယီယွင် မြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေ၏၏ အဆောက်အဦ အပျက်အစီးကို ကြည့်နေရင်းဖြင့် နှစ်ပေါင်းထောင်ချီသော အတွေ့အကြုံများက မပျောက်ပျက်သေးဘဲ သိမြင်ခံစားနိုင်သေးသည်ဟု ထင်ရသည်။ နတ်နန်းတော်က အပျက်အစီးတစ်ခု ဖြစ်သွားခဲ့သည့်တိုင်အောင် ကြီးမြတ်မှုနှင့် ခြိမ်းခြောက်နိုင်စွမ်းရှိမှုတို့ကို ခံစားနေရဆဲပင်။
အတိတ်တွင် ဤနေရာက မည်မျှလောက်အထိ ခမ်းနားခဲ့မည်ကို မှန်းဆရန်ခက်လှသည်။ ယင်းက မဟာဧကရာဇ်တစ်ပါး၏ နန်းတော်တစ်ခုပင် ဖြစ်လောက်သည်။
ယီယွင် ရပ်မနေရဲပေ။ သူ အပျက်အစီးများကို ကွင်းရှောင်သွားခဲ့သည်။ အပျက်စီးများ၏နောက်တွင် ခမ်းခြောက်နေသော မြစ်ကြမ်းပြင်တစ်ခု ရှိနေလေ၏။
မြစ်သည် တစ်ဆယ်ကီလိုမီတာခန့် ကျယ်ဝန်းလေပြီး ခမ်းခြောက်နေသည်မှာ နှစ်ပေါင်းမရေနိုင်တော့ပေ။ ယီယွင် သိထားသရွေ့အရ မြစ်တစ်စင်း ခမ်းခြောက်သွားလျှင် ဖုန်များသဲများ ပြည့်လာကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
သို့သော် ဤမြစ်က ထိုသို့မဟုတ်ပေ။
ယီယွင် မြစ်ကြမ်းပြင်ထဲသို့ ငုံ့ကြည့်လိုက်ချိန်တွင် အသည်းအေးသွားရလေ၏။ မြစ်ကြမ်းပြင်ထဲတွင် အရိုးများ တောင်လိုပုံနေသည်။ အရိုးအများစုသည် အမည်မသိရသော သတ္တဝါများ ဖြစ်လေ၏။ ထိုအထဲတွင် လူအရိုးများလည်း ပါဝင်လေသည်။ အချို့သော အရိုးများကမူ တောက်ပနေကြလေ၏။
အရိုးတစ်ခုက နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင်အောင် တောက်ပနေသည်ဆိုပါက ထိုသူ အသက်ရှင်နေချိန်တွင် မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။ သို့သော် ထိုကဲ့သိုလူတစ်ဦးနှင့် သတ္တဝါများအားလုံး သေသွားခဲ့ချေပြီ။
ဤကမ္ဘာကြီးသည်ပင် ပြိုပျက်လုဆဲဆဲ ဖြစ်နေလေ၏။
စာအုပ်များအရဆိုလျှင် နတ်အရိုင်းမြေထဲသို့ ကြီးမားသော ကြယ်တစ်လုံး ကြွေကျလာပြီး ဥက္ကာခဲချောက် ဖြစ်ပေါ်လာရခြင်းပင်။ ထိုသို့ဆိုလျှင် ဤကမ္ဘာက များစွာမကြီးနိုင်လောက်ပေ။ ထိုသို့သာမဟုတ်ပါက နတ်အရိုင်းမြေတစ်ခုလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
ပျက်စီးနေသော ကမ္ဘာကြီး၏ အစွန်အဖျားပိုင်းမျှသာ ပြုတ်လာခဲ့သည်လည်း ဖြစ်နိုင်လေ၏။
ထိုသို့ဆိုလျှင် မူရင်းကမ္ဘာကြီးက မည်သို့ဖြစ်သွားလေသနည်း။ အဘယ့်ကြောင့် ထိုကမ္ဘာ၏အပိုင်းအစက စကြာဝဠာကို ဖြတ်ကျော်ကာ နတ်အရိုင်းမြေထဲသို့ ကျဆင်းလာရလေသနည်း။
ယီယွင် ယုံကြည်ရန်ခက်ခဲနေသော်လည်း အတိတ်ကာလများ၌ ဤကမ္ဘာထဲတွင် နေထိုင်သူများက ထူးခြားသောပုဂ္ဂိုလ်များ ဖြစ်လိမ့်မည်မှာ သေချာလေသည်။
တိုင်အာနတ်ပြည်ထောင်ပင် နှိုင်းယှဥ်၍မရပေ။
ယီယွင်က စိတ်ထဲတွင် အတွေးများစွာရှိနေသော်လည်း ပြေးလွှားခြင်းမှာမူ နှေးသွားခြင်းမရှိပေ။
" အိုး...ဒါက..."
ယီယွင်၏ မျက်ဝန်းများ တောက်ပသွားလေ၏။ သူ အဝေးတွင် တောင်တစ်လုံးကို မြင်လိုက်ရသည်။ တောင်သည် နတ်ဓားတစ်လက်ပမာပင် ကောင်းကင်ပြာကို ထိုးဖောက်နေလေ၏။
တောင်ထိပ်တွင် နှင်းများလွှမ်းနေကာ နန်းတော်တစ်ခုလည်း ရှိနေလေသည်။ ယင်းက ပြိုပျက်ခြင်းမရှိသည့် အကောင်းပကတိ နန်းတော်တစ်ခု ဖြစ်လေ၏။ နန်းတော်က ခပ်ဖျော့ဖျော့တောက်ပနေကာ ငြိမ်းအေးသာယာမှုကို ခံစားရစေသည်။
" တောင်က မပြိုသလို တောင်ပေါ်မှာလည်း အကောင်းပကတိဖြစ်နေသေးတဲ့ နန်းတော်တစ်ခု ရှိနေတယ် "
နန်းတော်ထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များ ချန်ထားခဲ့သည့် အမွေအနှစ်များ ရှိနိုင်လောက်လေသလော။
ထိုစဥ်တွင် ကျောဘက်ဆီမှ စူးရှသောအော်သံတစ်ခုကို ယီယွင် ကြားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်ရာ ရွှေကျီးကန်းမျိုးစိတ်က ဟစ်အော်ရင်းဖြင့် တောင်ပံများဖြန့်ကာ သူ့ဆီသိုလာနေသည်ကို မြင်လိုက်ရသည်။
ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်တွင် မီးများလောင်နေပြီး မြင့်မားသောအမြန်နှုန်းဖြင့် ခရီးနှင်နေလေ၏။ ရွှေကျီးကန်းမျိုးစိတ်၏ မျက်ဝန်းတွင် ဒေါသများ ပြည့်နေသည်။ ရွှေကျီးကန်းမျိုးစိတ်က ယီယွင်ကို တစ်စစီလုပ်ပစ်လိုသည့်ဟန် ရှိနေလေ၏။
" ပြဿနာပဲ "
ယီယွင် အရေပြားများ ထုံထိုင်းသွားရသည်။ လက်ရှိတွင် ရွှေကျီးကန်းမျိုးစိတ်က သူ့အား လိုက်နေချေသည်။ ရွှေကျီးကန်းမျိုးစိတ်၏ အမြန်နှုန်းအရ သူ နန်းတော်ဆီသို့ မရောက်နိုင်မီတွင် ရွှေကျီးကန်းမျိုးစိတ်က သူ့အား လိုက်မီသွားပေလိမ့်မည်။
ယီယွင် အံကျိတ်ကာ အမြန်နှုန်းကို အဆုံးအစွန်အထိ တိုးမြင့်လိုက်သည်။
မီးများလောင်နေသည့် ရွှေကျီးကန်းမျိုးစိတ်က သူ၏နောက်မှ လိုက်နေခဲ့ချေ၏။