မရဏလမ်း
Vol. 20 Ch. 298
ယီယွင်၏ လှုပ်ရှားမှုနည်းစနစ်သည် တဒင်္ဂလှုပ်ရှားမှုတွင် အောင်မြင်မှုကြီးအဆင့်သို့ ရောက်ရှိနေသည်ဖြစ်၍ သူ၏အမြန်နှုန်းက အဆင့်တူ စစ်သည်တိုင်းထက် သာလွန်လေသည်။ သို့သော် ရွှေကျီးကန်းမျိုးစိတ်နှင့် နှိုင်းယှဥ်လိုက်ပါက ထည့်ပြောရန်ပင် မတန်တော့ပေ။
သူတို့အကြား အကြွင်းမဲ့စွမ်းအား ကွာဟချက်ကြောင့် သူတို့၏ အမြန်နှုန်းများကလည်း အဆင့်တူတွင် ရှိမနေခဲ့ပေ။
ယီယွင် မည်မျှပင် မြန်ဆန်စွာသွားနေပါစေ ရွှေကျီးကန်းမျိုးစိတ်နှင့် ယှဥ်လိုက်လျှင်မူ လိပ်ပမာပင် နှေးကွေးလေ၏။
ဂီး...။
ရွှေကျီးကန်းမျိုးစိတ်က တောင်ပံများဖြန့်ကာ ယီယွင်ဆီသို့ တိုးဝင်လာသည်။ ရွှေကျီးကန်းမျိုးစိတ် လက်သည်းများ ထုတ်ထားလေပြီး ယီယွင်အား အသေသတ်လိုနေသည်။ သို့သော် ထိုအခိုက်တွင် ရွှေကျီးကန်းမျိုးစိတ်က ရုတ်တရက်ပင် ရပ်တန့်သွားခဲ့ပြီး ၎င်း၏ကျောပြင်တွင် မျက်နှာအရွယ် အပေါက်တစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရွှေကျီးကန်းမျိုးစိတ် အလွန်နာကျင်သွားသည့်အလား သွေးများ အန်ထုတ်လိုက်သည်။
ဘုန်း...။
ရွှေကျီးကန်းမျိုးစိတ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ကျောက်ခဲပိုင်းများစွာ လွင့်ပျံသွားလေ၏။
ယီယွင် အံ့အားသင့်သွား၏။ အဘယ့်ကြောင့် ရွှေကျီးကန်းမျိုးစိတ်က မြေပြင်ပေါ် ရုတ်တရက် ပြုတ်ကျသွားလေသနည်း။
သူ စွမ်းအင်မြင်ကွင်း ဖွင့်လိုက်သည်။ စွမ်းအင်မြင်ကွင်းထဲတွင် ရွှေကျီးကန်းမျိုးစိတ်၏ တစ်ကိုယ်လုံးအား စွမ်းအင်များ လောင်ကျွမ်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ပိုမိုတောက်ပသည့် စွမ်းအင်ပုံစံတစ်ခု ရှိနေလေ၏။
ယင်းက သန့်စင်ယန်စိတ်ဝိညာဥ် ဖြစ်လေ၏။
ဟုတ်သည်။ ရွှေကျီးကန်းမျိုးစိတ်က သန့်စင်ယန်စိတ်ဝိညာဥ်ကို အပြည့်အဝ အနိုင်ရခြင်းမရှိသေးပေ။ သန့်စင်ယန်စိတ်ဝိညာဥ်ကို ဝါးမျိုးပစ်လိုက်သည့်တိုင်အောင် ထိုနှစ်ခုက သေခြင်းနှင့်ရှင်ခြင်း တိုက်ပွဲကို ဆင်နွှဲနေကြဆဲပင်။
တိုက်ပွဲနေရာက အပြင်ဘက်မှ ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲသို့ နေရာပြောင်းသွားသည်သာ ကွာခြားသွားလေသည်။
တစ်ဖက်က သန့်စင်ယန်စိတ်ဝိညာဥ်ကို သန့်စင်လိုနေလေပြီး အခြားတစ်ဖက်ကမူ စွမ်းအင်များကို ရွှေကျီးကန်းမျိုးစိတ်၏ သွေးကြောများထဲသို့ ထိုးသွင်းကာ ရွှေကျီးကန်းမျိုးစိတ်ကို လောင်ကျွမ်းပစ်ရန် ကြိုးပမ်းနေခဲ့၏။
သန့်စင်ယန်ဓာတ် သတ္တဝါနှစ်ခုလုံးက ယီယွင် ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။ ရွှေကျီးကန်းမျိုးစိတ်က သန့်စင်ယန်စိတ်ဝိညာဥ်ကို ရင်ဆိုင်ရင်းဖြင့် စွမ်းအားများစွာ ကုန်ထားသည့်တိုင်အောင် သူ့အား တစ်ချက်တည်းနှင့် သတ်နိုင်စွမ်းရှိသေးလေ၏။
ယီယွင်သည် ကီလိုမီတာတစ်ဒါဇင်ခန့် အဝေးမှ နန်းတော်ကို လှမ်းကြည့်နေရင်း သူ သွားနိုင်မည်မဟုတ်ဟု ခံစားနေရသည်။ သူ ပြန်လှည့်ကာ ခမ်းခြောက်နေသည့် ရေကန်ဆီသို့ ပြေးသွားလေသည်။
ရေကန်၏အောက်ခြေတွင် အမျိုးအမည်မသိ သတ္တဝါများ၏ အရိုးများနှင့် ပြည့်နေလေ၏။ ထိုအရိုးများက နှစ်ကာလပေါင်းများစွာ ဖြတ်ကျော်ထားခဲ့လေသည်။ အရိုးများ ဆွေးမြေ့လုနီးပါးဖြစ်နေဟန် ရှိနေသော်လည်း ကျောက်စိမ်းရောင် တောက်နေသေးလေသည်။
ယီယွင်က အရိုးများအကြားတွင် ပြေးလေသည်။
အချို့သော အရိုးများက တောင်တစ်လုံးတမျှ ကြီးမားလေပြီး အချို့အရိုးများကမူ လူသားနှင့် ဆင်တူလေ၏။ အရိုးများက လမ်းပိတ်ထားကြသော်လည်း ယီယွင်ကမူ တဒင်္ဂလှုပ်ရှားမှုနည်းစနစ်ကို အမြင့်ဆုံးအထိ အသုံးပြုကာ ပွတ်ကာသီကာ ပြေးလွှားနေလေ၏။
ဂီး...။
ရွှေကျီးကန်းမျိုးစိတ်က တောင်ပံများဖြန့်ကာ ယီယွင်၏နောက်သို့ ထပ်မံကာ လိုက်လေ၏။ ရွှေကျီးကန်းမျိုးစိတ်သည် အရိုးတောက လမ်းပိတ်ထားသည်ကို မြင်သော်လည်း အရိုးတောအုပ်ထဲသို့ ဒုံးကျည်တစ်စင်းပမာ တိုးဝင်လေသည်။
သို့သော် ရွှေကျီးကန်းမျိုးစိတ်က စက္ကန့်အနည်းငယ်ခန့် ပျံသန်းပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ စူးရှစွာအော်သည်။
ဘုန်း...။
ရွှေကျီးကန်းမျိုးစိတ်မှာ အရိုးပုံထဲသို့ ပြုတ်ကျသွားလေ၏။
အရိုးပိုင်းတစ်ခုက အလွန်ထက်မြလှသည်။ ရွှေကျီးကန်းမျိုးစိတ်၏ သံနက်ပမာ မာကျောလှသော တောင်ပံသည် ထိုအရိုးပိုင်း ထိုးဖောက်သည်ကို မခံနိုင်ခဲ့ပေ။ ဒဏ်ရာထံမှ သွေးများပန်းထွက်လာကာ ရွှေကျီးကန်းမျိုးစိတ်၏ မျက်နှာကို စင်သွားလေ၏။
ရွှေကျီးကန်းမျိုးစိတ်က ပြန်ထရန် ရုန်းကန်နေသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် သန့်စင်ယန်စိတ်ဝိညာဥ်က ရွှေကျီးကန်းမျိုးစိတ်၏ သွေးကြောများထဲသို့ လောင်ကျွမ်းနေဆဲပင်။
သန့်စင်ယန် သတ္တဝါနှစ်ခု၏ တိုက်ပွဲက အဆုံးအစွန်ဆုံး သေခြင်းနှင့်ရှင်ခြင်း အခြေအနေသို့ ရောက်ရှိနေသည်။
လူသားပေါက်စက အဝေးသို့ထွက်ပြေးနေသည်ကို မြင်လိုက်ရချိန်၌ ရွှေကျီးကန်းမျိုးစိတ်မှာ ဒေါသကြောင့် အမွေးများထောင်လာရသည်။
၎င်း၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တမျှ သေးငယ်လှသော သတ္တဝါလေးကို အလွယ်တကူပင် သတ်ပစ်နိုင်သည်။ ထို့ကြောင့်ပင် ရွှေကျီးကန်းမျိုးစိတ်က သန့်စင်ယန်စိတ်ဝိညာဥ်ကို ဝါးမျိုကာ ယီယွင်ကိုသတ်ရန် လိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤမျှအထိ အချိန်ကြာနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရွှေကျီးကန်းမျိုးစိတ်မှာ ခန္ဓာကိုယ်ထဲတွင် သန့်စင်ယန်စိတ်ဝိညာဥ် ကြာကြာရှိနေလေလေ သေခြင်းနှင့် ပိုမိုနီးကပ်လာလေလေဟု ခံစားနေရသည်။
ရွှေကျီးကန်းမျိုးစိတ်က တစ်ခဏမျှ တွေဝေနေပြီးနောက် သန့်စင်ယန်စိတ်ဝိညာဥ်ကို အာရုံစိုက်ကာရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေ၏။ ရွှေကျီးကန်းမျိုးစိတ်က သန့်စင်ယန်စိတ်ဝိညာဥ်ကို အပြည့်အဝ ဝါးမျိုပြီးမှသာ လူသား၏နောက်သို့ ထပ်မံကာ လိုက်လိုသည်။
လက်ရှိတွင် ရွှေကျီးကန်းမျိုးစိတ်အတွက် သန့်စင်ယန်စိတ်ဝိညာဥ်ကို ဝါးမျိုရန်ကသာ အရေးအကြီးဆုံး ဖြစ်လေ၏။ ထိုသို့လုပ်ဆောင်လျှင် ရွှေကျီးကန်းမျိုးစိတ်၏ သွေးနှင့် သွေးကြောများ ပိုမိုစင်ကြယ်သွားမည်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ခြေတစ်ချောင်းပင် ထွက်လာနိုင်လောက်သည်။ ထိုသို့ဆိုလျှင် ရှေးဟောင်း ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင် ဖြစ်လာလိမ့်မည်။
သို့သော် ထိုအခိုက်တွင် လူသားက ခမ်းခြောက်နေသော ရေကန်ထဲမှ ထွက်ခွာသွားကာ တောင်တစ်လုံးဆီသို့ အပြေးသွားနေသည်ကို ရွှေကျီးကန်းမျိုးစိတ်က မြင်လိုက်ရသည်။
တောင်သည် ဓားတစ်လက်ပမာပင် မြေပြင်မှ ထိုးထွက်နေလေ၏။ တောင်က အလွန်မတ်စောက်ပြီး တောင်ထိပ်တွင် နန်းတော်တစ်ခု ရှိနေသည်။
ရွှေကျီးကန်းမျိုးစိတ်က နန်းတော်ကို မသိသော်လည်း နန်းတော်၏ဖြစ်တည်မှုက အားကောင်းသည်ကို ဝိုးတဝါးခံစားမိသည်။ နန်းတော်ထဲတွင် မဟာအခွင့်အလမ်းများ ရှိနေသည့်ပုံပင်။
လူသားက နန်းတော်ထဲသို့ ဝင်သွားခဲ့ပြီး နန်းတော်တံခါးကို ပိတ်နိုင်သွားခဲ့ပါက ၎င်းအဖို့ နန်းတော်ထဲသို့ ဝင်နိုင်မည်မဟုတ်တော့ပေ။ အခွင့်အလမ်းများနှင့်လည်း လွဲချော်သွားပေလိမ့်မည်။
ရွှေကျီးကန်းမျိုးစိတ်က တောင်ပံများ ဖြန့်လိုက်သည်။ လူသားကို သတ်ဖြတ်ရန်အတွက် စက္ကန့်တစ်ရာခန့် စွန့်စားရသည်မှာ ထိုက်တန်လေပြီး နန်းတော်ထဲမှ အခွင့်အလမ်းများကို ကာကွယ်ရပေမည်။
ရွှေကျီးကန်းမျိုးစိတ်သည် ခန္ဓာကိုယ်ထဲတွင် သန့်စင်ယန်စိတ်ဝိညာဥ်က ဖျက်ဆီးနေသည်ကို သည်းခံကာ စူးရှစွာအော်၍ ပျံသန်းသွားလေ၏။
အရိုးပိုင်း ဖောက်သည်ကို ခံထားရသည့် တောင်ပံတစ်ဖက်တွင် သွေးကြောများနှင့် အရိုးများ ဒဏ်ရာရနေ၏။ ယင်းဒဏ်ရာက ရွှေကျီးကန်းမျိုးစိတ်၏ အမြန်နှုန်းကို များစွာထိခိုက်စေသည့်တိုင်အောင် ယီယွင်ထက်မူ ပိုမြန်နေသေးလေ၏။ ရွှေကျီးကန်းမျိုးစိတ်အဖို့ ယီယွင်ကို အမီလိုက်ရန်အတွက် စက္ကန့်နှစ်ဆယ်သာ လိုအပ်သည်။
လက်ရှိအချိန်၌ ယီယွင်က တောအုပ်တစ်ခုထဲသို့ ရောက်ရှိနေသည်။ တောအုပ်သည် လုံးဝတိတ်ဆိတ်နေကာ ခြောက်သွေ့နေသော သစ်ပင်များနှင့် ပြည့်နေလေ၏။ သစ်ပင်များက ကျိုးနေသော လှံရှည်များပမာပင် ကောင်းကင်ထက်သို့ ထိုးထွက်နေကြ၏။
ရွှေကျီးကန်းမျိုးစိတ်မှာ သစ်တောက ခြောက်သွေ့နေသည့်တိုင်အောင် ဝင်တိုးရဲခြင်းမရှိဘဲ တောအုပ်၏အထက်တွင်သာ ဝဲနေသည်။ ထို့ကြောင့် ရွှေကျီးကန်းမျိုးစိတ်က ယီယွင်ကို အမီမလိုက်နိုင်ချေ။
ယီယွင် တောအုပ်သေကို အကာအကွယ်အဖြစ် အသုံးပြုကာ နန်းတော်ဆီသို့ သွားနေလေသည်။ သို့သော် ရွှေကျီးကန်းမျိုးစိတ်က ယီယွင်ကို မျက်ခြေအပြတ်မခံပေ။
ဝီး...။
ရွှေကျီးကန်းမျိုးစိတ်က သတိပေးခြင်းမရှိဘဲ မီးလုံးတစ်ခု မှုတ်ထုတ်လေသည်။ ယင်းက ဥက္ကာခဲတစ်လုံး ကြွေကျလာသည့်အလားပင်။
အိုး... ။
ယီယွင် ကြီးစွာထိတ်လန့်သွားရ၏။ မီးငှက်က ထိုသို့တိုက်ခိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ တောအုပ်သေကလည်း မီးလုံးကို ခံနိုင်ရည်မရှိပေ။
ယီယွင် အံကျိတ်လိုက်ပြီး အောင်မြင်မှုကြီးအဆင့် တဒင်္ဂလှုပ်ရှားမှုကို အကန့်အသတ်အထိ တိုးမြင့်ကာ ဦးတည်ရာအရပ် ပြောင်းလဲလိုက်ပြီး ဘေးဘက်သို့ ခြေလှမ်းလိုက်သည်။
ဘုန်း...။
မီးလုံး ပေါက်ကွဲသွားကာ အစွမ်းထက်သော ပေါက်ကွဲအားလှိုင်းများ ထွက်ပေါ်လာ၏။ ယီယွင်က တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲများကို ခံနေရဆဲပင်။ သူ့အား ပြင်းထန်သော အားတစ်ခု ဝင်ဆောင့်လာသည်ဟု ခံစားလိုက်ရပြီး ခန္ဓာကိုယ်သည် ကောက်ရိုးတစ်စပမာ လွင့်စဥ်သွားလေ၏။
ဖျောင်း...။
ယီယွင် သစ်ပင်ကြီးတစ်ပင်နှင့် ဝင်ဆောင့်မိသည်။ သစ်ပင်၏ပင်စည် တုန်ခါသွားရပြီး ယီယွင်မှာ ကျောတွင် နာကျင်မှုကို ခံစားရသည်။ သူ ပြုတ်ကျသွားကာ ကိုယ်တွင်းအင်္ဂါများ ပြောင်းပြန်လန်လုမတတ် ခံစားလိုက်ရသည်။
သူ တပ်တစ်ထောင်ဓားမောက်ကို အားပြုကာ ထရပ်လိုက်သည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများကျဆင်းလာ၏။
အတော်ကို ကြောက်ဖို့ကောင်းတဲ့ အားအင်...။
ရွှေကျီးကန်းမျိုးစိတ်က အားကုန်နေသည့်တိုင်အောင် မီးလုံးပစ်လွှတ်ကာ သူ့အား သနားစဖွယ်အခြေအနေသို့ရောက်အောင် တိုက်ခိုက်နိုင်နေသေးလေ၏။
ဟူး...။
ရွှေကျီးကန်းမျိုးစိတ်က ယီယွင်နှင့် ကိုးမီတာအကွာမှ ရှင်းလင်းနေသော နေရာဆီသို့ ဆင်းသက်လာသည်။
ရွှေကျီးကန်းမျိုးစိတ်၏ တောင်ပံသည် သွေးအလူးလူးဖြစ်နေပြီး အသက်စွမ်းအင်မှာလည်း ဖရိုဖရဲဖြစ်နေ၏။ ရွှေကျီးကန်းမျိုးစိတ်၏ မျက်လုံးများကလည်း အာရုံစိုက်နိုင်ခြင်း မရှိတော့သလို သိမ်းငှက်မျက်လုံးကဲ့သို့ စူးရှနေခြင်းလည်း မရှိတော့ပေ။ ရွှေကျီးကန်းမျိုးစိတ်က အကန့်အသတ်သို့ ရောက်လုနီးပါးဖြစ်နေသည်မှာ ထင်ရှားလေသည်။
ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်နှစ်မျိုးက တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေလျက်ရှိပြီး ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်အား ပေါက်ကွဲစေလုနီးပါး ဖြစ်နေသည်ကို ယီယွင် စွမ်းအင်မြင်ကွင်းမှတစ်ဆင့် မြင်နေရသည်။
ဒီရွှေကျီးကန်းမျိုးစိတ်က ထက်ပြီးတော့ တောင့်ခံနိုင်မှာမဟုတ်တော့ဘူး။
ထိုအခြေအနေတွင်ပင် ယီယွင်က ရွှေကျီးကန်းမျိုးစိတ်ကို ကိုင်တွယ်နိုင်ခြင်း မရှိသေးပေ။ ရွှေကျီးကန်းမျိုးစိတ်က သာမန်တိုက်ကွက်တစ်ခုက ယီယွင်ကို စိစိညက်ညက် ကြေသွားစေနိုင်လေ၏။
တစ်နည်းဆိုရသော် ယီယွင်က ငြိမ်နေသည့် ရွှေကျီးကန်းမျိုးစိတ်ကို တိုက်ခိုက်မည်ဆိုလျှင်ပင် ရွှေကျီးကန်းမျိုးစိတ်၏ အကာအကွယ်ကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
ယင်းသည် စွမ်းအားကွာခြားချက်၏ မျှော်လင့်ချက်မဲ့ရမှု ဖြစ်လေ၏။
လက်ရှိတွင် ရွှေကျီးကန်းမျိုးစိတ်၏ ပယင်းရောင်မျက်ဝန်းများက မီးဝင်းဝင်းတောက်နေလျက်ရှိပြီး ယီယွင်အား စူးစိုက်ကြည့်နေသည်။ ဓားသွားပမာ ထက်ရှလှသော လက်သည်းနှစ်ဖက်က ယီယွင်အား လှမ်းကုတ်လေ၏။
လက်သည်းထံမှ သန့်စင်ယန်စွမ်းအင်များက လှောင်အိမ်တစ်ခု ဖွဲ့စည်းကာ ယီယွင်အား ပိတ်လှောင်လိုက်သည်။ ထိုအခြေအနေ၌ ယီယွင် ရှောင်နိုင်ခြင်းမရှိတော့ပေ။
ရိုးရှင်းသော ကုတ်ချက်တစ်ခုက ယီယွင်ကို တို့ဖူးသဖွယ် ပိုင်းဖြတ်သွားချေမည်။
ထိုတစ်ခဏတွင် ယီယွင် အလွန်တရာပင် တည်ငြိမ်သွားလေ၏။ သူ၏ခန္ဓာကိုယ်တွင် အမြဲဆောင်ထားသည့် အိတ်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
အိတ်ငယ်ပေါ်တွင် " ယို့ " ဟူသော စကားလုံးတစ်ခုကို ချည်ပန်းထိုးထားလေ၏။ အလုံပိတ် အိတ်ငယ်ထဲတွင် ယီယွင်အတွက် စုကျဲ ချန်ထားပေးခဲ့သည့် အသက်ကယ်မန္တာန် ရှိလေသည်။