← Chapters

အဆုံးစွန်အန္တရာယ်ထဲတွင် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 20 Ch. 299

အဆုံးစွန်အန္တရာယ်ထဲတွင် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 20 Ch. 299

ယီယွင် စုကျဲနှင့် ပထမဆုံးတွေ့ခဲ့စဥ်က သူ လင်ရှင်းထုံနှင့် လက်ရည်ယှဥ်နေခဲ့သည်။ လင်ရှင်းထုံက စွမ်းအားဖိနှိမ်ထားခဲ့ပြီး ယီယွင်ကို ရိုက်နိုင်ခဲ့သည့်တိုင်အောင် သူမက နတ်မိမယ်နှလုံးသားကျမ်းကို အသုံးပြုမိခဲ့၍ အရှုံးပေးခဲ့လေသည်။

ယင်းကိစ္စကြောင့် စုကျဲက ယီယွင်အတွက် ပစ္စည်းနှစ်ခု ချန်ထားပေးခဲ့၏။ တစ်ခုသည် ချီလင်သားရဲဦး​ခေါင်းဖြစ်ပြီး နောက်တစ်ခုက မန္တာန်ကဲ့သို့ အဝါရောင် အိမ်သာသုံးစက္ကူတစ်ရွက် ဖြစ်လေသည်။ သေရေးရှင်ရေး အခြေအနေတွင် မန္တာန်စာရွက်က ယီယွင်၏အသက်အား ကယ်တင်ပေးလိမ့်မည်ဟု ဆုကျဲက ပြောခဲ့ဖူးလေသည်။

ယင်းသည် နတ်အရိုင်းမြေထဲတွင် ယီယွင်၏နောက်ဆုံးဝှက်ဖဲ ဖြစ်လေ၏။ ယင်းသည် သူ မီးငရဲထဲ၌ အန္တရာယ်ကြားထဲတွင် စွန့်စားရဲနေရသည့် မှီခိုအားထားရာထောက်တိုင်လည်း ဖြစ်လေ၏။

လက်ရှိအချိန်၌ ရွှေကျီးကန်းမျိုးစိတ်နှင့် ရင်ဆိုင်ရချိန်တွင် ယီယွင်က စုကျဲ၏ မန္တာန်စာရွက်အပေါ်တွင်သာ အားကိုးမိသွားခဲ့သည်။

" အဖိုးကြီးစု... အဖိုးကြီးစု... ခင်ဗျားက လူတွေအပေါ်မှာ အမြတ်ထုတ်ရတာကို ကြိုက်ပြီးတော့ ကျုပ်အပေါ်မှာလည်း အမြတ်ထုတ်သွားခဲ့တယ်။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ကျုပ်အပေါ်မှာ အမြတ်မထုတ်ပါနဲ့ "

ယီယွင် ကျိတ်ဆုတောင်းကာ စုကျဲ၏ ညွှန်ကြားချက်အတိုင်း စွမ်းအင်အားလုံးကို အိတ်ငယ်ထဲသို့ ထိုးသွင်းလိုက်သည်။ သူက အထဲတွင်ရှိနေသည် မန္တာန်ကို အသက်သွင်းလိုက်လေ၏။

အိတ်ငယ်သည် လေထဲတွင် လွင့်မျောနေလျက်ရှိပြီး အိတ်ငယ်ထဲမှ အဝါရောင်မန္တာန်စာရွက်တစ်ခု ထွက်လာ၏။ အချိန်များက ရပ်တန့်သွားခဲ့သည့်အလားပင်။

ရွှေကျီးကန်းမျိုးစိတ်၏ ထက်ရှသောလက်သည်း ၊ ယီယွင်၏ မျက်နှာအမူအရာ ၊ ပျံသန်းနေသော အဝါရောင်စာရွက်... အရာအားလုံးက ရပ်တန့်နေသည့်အလားပင်။

ရှဲ...။

အသံဖျော့ဖျော့နှင့်အတူ အဝါရောင်စာရွက် မီးလောင်သွားခဲ့သည်။

ရွှေကျီးကန်းမျိုးစိတ်က ဆွဲဆောင်မှုမရှိသော အဝါရောင်စာရွက်ကို လုံးဝပင် လျစ်လျူရှုထားပြီး ယီယွင်ဆီသို့ လက်သည်းဆန့်ထုတ်ကာ တိုက်ခိုက်ခဲ့သည်။

ထိုစဥ်တွင် မီးလောင်နေသော မန္တာန်စာရွက်ထဲမှ ရွှေရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။ ပေဝက်ခန့်ရှည်သော ရွှေရောင်ဓားအလင်းက ရွှေကျီးကန်းမျိုးစိတ်အား အံ့မခန်းအမြန်နှုန်းဖြင့် ခုတ်ပိုင်းလေသည်။

ရွှေကျီးကန်းမျိုးစိတ်မှာ အန္တရာယ်ကို အာရုံခံမိသွားပြီး သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ သို့သော် ယခုအခါတွင် ရွှေကျီးကန်းမျိုးစိတ်က အားကုန်နေပြီဖြစ်ပြီး အချိန်မီတုန့်ပြန်နိုင်ခြင်း မရှိတော့ပေ။

ရွှတ်...။

ဓားအလင်းက ရွှေကျီးကန်းမျိုးစိတ်၏ နှလုံးကို ရက်စက်စွာပင် ထိုးဖောက်သွားလေ၏။

သွေးများထွက်ကျလာသည်။

ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ် တုန်ယင်သွားလေ၏။ ဓားအလင်းက ရွှေကျီးကန်းမျိုးစိတ်၏ နှလုံးကို ထုတ်ချင်းဖောက် ထိုးဖောက်သွားခဲ့သည်။ ဓားအလင်း၏ အားအင်များက ကုန်သွားပြီဖြစ်သော်လည်း စွမ်းအင်များကမူ ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်ဝင်ရောက်သွားကာ မွှေနှောက်ပစ်ခဲ့လေ၏။

ရွှေကျီးကန်းမျိုးစိတ်သာ အမြင့်ဆုံးအ​ခြေအနေတွင်ဆိုပါက ထိုစွမ်းအင်ကို ဖိနှိမ်နိုင်သေးလေသည်။ သို့သော် လက်ရှိအချိန်တွင် ထိုစွမ်းအင်က သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်နှင့်အတူ ဖျက်ဆီးမှုလုပ်လေသည်။

ဂီး...။

ရွှေကျီးကန်းမျိုးစိတ်သည် နာကျင်စွာဖြင့် စူးရှစွာအော်လိုက်သည်။ ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ် ပေါက်ကွဲပေတော့မည်။

ပထမဆုံး ဒဏ်ခံရသူက ယီယွင် ဖြစ်လေ၏။ အသံလှိုင်းကြောင့် ယီယွင်၏နားစည် ပေါက်သွားကာ သွေးများပန်းထွက်လာသည်။

နားရွက်နှစ်ဖက်မှ နာကျင်မှ ယီယွင်ကို သက်ရောက်ခြင်းမရှိပေ။ ယခုအခါတွင် ယီယွင်က အလွန်တရာပင် တည်ငြိမ်နေ၏။ တပ်တစ်ထောင်ဓားမောက်အား ကိုင်ထားလျက်ဖြင့် သူ၏ခန္ဓာကိုယ်မှ ယွမ်ချီများ ပေါက်ကွဲထွက်လာသည်။

ယီယွင်၏စိတ်ထဲတွင် ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ထင်ဟပ်နေ၏။ သူ တဖြည်းဖြည်းချင်း ထိုးထွင်းသိမြင်လာခဲ့သည့် အဆုံးစွန်ဆုံး ဓားမောက်အမှန်တရားသည် သူ၏သတ်ဖြတ်လိုစိတ်နှင့် ပေါင်းစည်းသွားကာ ပေါက်ကွဲထွက်လာခဲ့၏။

ဘုန်း...။

ယီယွင်၏ကျောဘက်၌ နေအလင်းချီများ သိပ်သည်းသွားကာ ထန်တောင်ကြားပုံရိပ် ထွက်ပေါ်လာသည်။ ထန်တောင်ကြားပုံရိပ်ထံမှ နေအလင်းဖျော့ဖျော့ ဖြာဆင်းနေလေ၏။

လှပသောပန်းချီကား ပေါ်လာချိန်တွင် ယီယွင်၏လက်ထဲမှ တပ်တစ်ထောင်ဓားမောက်သည် မြည်ဟီးသံတစ်ခု ပေးလာခဲ့လေ၏။ တပ်တစ်ထောင်ဓားမောက်က ယီယွင်နှင့် တစ်သားတည်းပေါင်းစပ်လုနီးပါး ဖြစ်နေပုံပင်။

ဓားမောက်က လူ ၊ လူက ဓားမောက်။

" ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်နဲ့တစ်သားတည်း "

ယီယွင်နှင့် တပ်တစ်ထောင်ဓားမောက်တို့က သန့်စင်ယန်အလင်းတစ်ခု ဖြစ်လာခဲ့ပြီး ရွှေကျီးကန်းမျိုးစိတ်၏ ရင်ဘက်ဆီသို့ ပြေးဝင်သွားလေ၏။

ရွှေကျီးကန်းမျိုးစိတ်၏ ခုခံနိုင်စွမ်းက ပျက်စီးခြင်းသားရဲများ အားလုံးထဲတွင် အကောင်းဆုံးမဟုတ်သည့်တိုင်အောင် ၎င်း၏ အမွေးများက ဓားများပမာ မာကျောလေသည်။ ယင်းက ယီယွင် ထိုးဖောက်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ယီယွင်၏တိုက်ခိုက်မှုတွင် စွမ်းအင်အားလုံး ထည့်သွင်းထားလေ၏။ သူ တိုက်ခိုက်ရန် ရွေးချယ်လိုက်သည့်နေရာ ရွှေရောင်ဓားအလင်း ထိုးခွဲသွားသည့်နေရာ ဖြစ်လေသည်။ ယင်းနေရာတွင် ရွှေကျီးကန်းမျိုးစိတ်၏ ပြင်းထန်စွာ ဒဏ်ရာရနေသောနှလုံး ရှိနေလေသည်။

ရွှတ်...။

ယီယွင်၏တိုက်ခိုက်မှုက ရွှေကျီးကန်းမျိုးစိတ်၏ ဒဏ်ရာအတိုင်း လိုက်ပါသွားပြီး အသားများကို ထိုးခွဲသွားလေသည်။ ခြောက်ပေခန့်ရှည်သော ဓားမောက်သည် ရွှေကျီးကန်းမျိုးစိတ်အား တစ်ဝက်ခန့်အထိ ထိုးဖောက်သွားလေ၏။

ဘုန်း...။

ပြင်းထန်သော ကန်အားနှင့် ပေါက်ကွဲမှုတို့ကြောင့် တပ်တစ်ထောင်ဓားမောက် ကျိုးသွားရလေ၏။

ရွှေကျီးကန်းမျိုးစိတ်က မည်မျှပင်သန်မာပါစေ အသား၏ခုခံနိုင်စွမ်းက အကန့်အသတ်ရှိသည်။ ဓားမောက်က ထိုးဖောက်သွားပြီးနောက်တွင် ရွှေကျီးကန်းမျိုးစိတ်က သေလုမြောပါး ဟစ်အော်လေ၏။

ယီယွင် စိတ်လေးလံမှုများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ တပ်တစ်ထောင်ဓားမောက် ကျိုးသွားသည်ကို မြင်သောအခါတွင် သူက တုန့်ဆိုင်းမနေဘဲ တဒင်္ဂလှုပ်ရှားမှု အသုံးပြုကာ ဆုတ်ခွာသွားလေ၏။

တစ်ချိန်တည်းမှာပင် ရွှေကျီးကန်းမျိုးစိတ်၏ ဒေါသလက်သည်းချက်များ ကျဆင်းလာလေ၏။

ယခုသည် ရွှေကျီးကန်းမျိုးစိတ် သေအံ့ဆဲဆဲဖြစ်ပြီး ၎င်း၏ တိုက်ခိုက်မှုများက ကြီးစွာပင် နှေးကွေးနေကာ ယီယွင်၏ရင်ဘက်နားမှ ပွတ်ကာသီကာ ဖြတ်သွားလေသည်။

သို့တိုင်အောင်ပင် တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော လေအားက ယီယွင်၏ အကာအကွယ်ယွမ်ချီနှင့် ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်ရန် လုံလောက်လေသည်။

ယီယွင်၏ပခုံးမှ ခါးအထိ သွေးစင်းကြောင်းကြီးသုံးခု ပေါ်လာခဲ့၏။ ယီယွင်မှာ အပိုင်းပိုင်း ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

ယီယွင် လွင့်စဥ်သွားကာ မြေပြင်ပေါ်တွင် ဒလိမ့်ခေါက်ကွေး လည်ထွက်သွားလေ၏။ နာကျင်မှုနှင့် သွေးဆုံးရှုံးမှုတို့ကြောင့် ယီယွင် မူးဝေနေသည်။

ယီယွင်က လျှာဖျားကို ကိုက်ကာ သတိဝင်လာအောင် လုပ်လိုက်လေ၏။ ဤနေရာတွင် မူးဝေနေခြင်းသည် သေခြင်းနှင့် မခြားနားကြောင်းကို သူ သိလေ၏။

ယီယွင်က စွမ်းအင်မြင်ကွင်းကို ထိန်းထားသည်ဖြစ်ပြီး ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ဝရုန်းသုန်းကားဖြစ်ခြင်း ပိုတိုးလာသည်ကို မြင်လိုက်ရသည်။

သန့်စင်ယန်စိတ်ဝိညာဥ်က ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်အား ဖောက်ထွက်ရန် ကြိုးစားနေဆဲပင်။

လက်ရှိတွင် ရွှေကျီးကန်းမျိုးစိတ်က ၎င်း၏ သန့်စင်ယန်သွေးများကို လောင်ကျွမ်းထားခဲ့ပြီးဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သန့်စင်ယန်စိတ်ဝိညာဥ်နှင့် နောက်ဆုံးရင်ဆိုင်မှုတွင် အကျိုးဆက်က အရေးမကြီးတော့ပေ။

ယီယွင်၏ အဆက်မပြတ် တိုက်ခိုက်မှုများက ရွှေကျီးကန်းမျိုးစိတ်၏ အသက်ကို သေလုမြောပါး ဖြစ်စေခဲ့သည်။ ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲမှ ဝရုန်းသုန်းကားဖြစ်နေသည့် စွမ်းအင်များက ထိန်းချုပ်၍မရတော့ဘဲ ပေါက်ကွဲထွက်လာပေတော့မည်။

" မကောင်းဘူး "

ယီယွင် နာကျင်မှုကိုတောင့်ခံကာ အံကျိတ်လိုက်၏။ သူ မြေပြင်ပေါ်တွင် လှိမ့်လိုက်လေပြီး အချင်းခုနစ်မီတာ ၊ ရှစ်မီတာခန့်ရှိသည့် အနက်ရောင်သစ်ပင်၏နောက်သို့ သွားလိုက်လေသည်။

ယီယွင် သစ်ပင်ကြီး၏နောက်သို့ လှိမ့်ဝင်လိုက်သည့် အချိန်မှာပင် ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။

ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်ထဲမှ သန့်စင်ယန်စွမ်းအင်များ ပေါက်ကွဲသွားခဲ့လေ၏။ ရွှေကျီးကန်းမျိုးစိတ်၏ အတွင်းပိုင်းထဲတွင် သွေးနှင့်အသားများ လောင်ကျွမ်းခံလိုက်ရသည်။

ရွှေကျီးကန်းမျိုးစိတ်၏ ခန္ဓာကိုယ်က အလွန်မာကျောလေသောကြောင့် ထိုသို့ပေါက်ကွဲမှုနှင့်ပင် တစ်စစီဖြစ်မသွားခဲ့ပေ။ အသားပမာဏများစွာ ကျန်သေးသည့်တိုင်အောင် နှစ်ပိုင်းပေါက်ကွဲသွားခဲ့၏။

ပေါက်ကွဲအားလှိုင်းနှင့်အတူ သွေးသားအပိုင်းအစများက အရပ်မျက်နှာအားလုံးသို့ လွင့်စဥ်သွားသည်။ သစ်ပင်၏နောက်မှ ယီယွင်သည် တုန်ခါမှုကို ခံစားလိုက်ရပြီးနောက် သစ်ပင်၏ပင်စည် ဖွာထွက်သွားပြီး အမြစ်များ ပျက်စီးသွားကာ သစ်ပင်ကြီး လဲကျလာသည်။

ဝုန်း...။

လူဆယ်ယောက်ဖက်စာခန့် သစ်ပင်ကြီး ထက်ဝက်ကျိုးကျသွားပြီး အပေါ်ပိုင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ယီယွင်က သစ်ငုတ်တိုနှင့် ကျိုးနေသော ပင်စည်တို့အကြားမှ နေရာလပ်တွင် ဝင်ခိုကာ ပြုတ်ကျလာသော ပင်စည်ကြီးကို တိမ်းရှောင်လိုက်သည်။

ဖောက်...ဖောက်...ဖောက်...။

သစ်ပင်နှင့် သွေးစက်များက မြေပြင်ပေါ်သို့ ကျသွားလေ၏။ ယီယွင်၏ ဘေးပတ်လည်မှ အရာအားလုံးကို သွေးမိုး ဖုံးလွှမ်းထားလေ၏။

ပြီးသွားချေပြီ။

သူ၏စွမ်းအင်မြင်ကွင်းထဲတွင် ရွှေကျီးကန်းမျိုးစိတ်က လုံးဝပင် အသက်မဲ့နေ၏။ သန့်စင်ယန်စိတ်ဝိညာဥ်သည်ပင် အသက်စွမ်းအားများ မရှိတော့ပေ။

လက်ရှိတွင် ယီယွင်က ပြင်းထန်စွာ ဒဏ်ရာရထားလေ၏။ သူ၏နားစည် ပျက်စီးထားပြီး ရင်ဘက်တွင် ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးသုံးခု ရှိနေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ ခုတ်ပိုင်းခံထားရကာ အတွင်းပိုင်းထဲတွင် သွေးထွက်နေ၏။ သစ်ပင်ကြီးနောက်တွင် နေခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက နောက်ဆုံးပေါက်ကွဲမှုတွင် ယီယွင် သေရလိမ့်မည်။

ယီယွင် သစ်ပင်ငုတ်တိုပေါ်တွင် မှီထိုင်နေ၏။ သူ လက်တစ်ချောင်းပင် မလှုပ်ချင်ဘဲ အိပ်ချင်နေသည်။ သို့သော် ယခုက အိပ်နေရမည့်အချိန် မဟုတ်ပေ။ သူ လုပ်ဆောင်ရန်လိုသည့် အရေးကြီးသောအရာများ ရှိနေသေးသည်။

ယီယွင်၏လက်ချောင်းများ တုန်ခါသွားကာ သိုလှောင်လက်စွပ်ထဲမှ ကုသရေးအမတေတစ်ခု ထုတ်ယူလိုက်သည်။ ယင်းသည် သူ ဝယ်ယူခဲ့သည့် ဈေးကြီးသော ကုသရေးဆေးဝါး ဖြစ်လေ၏။ ၎င်းက သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် နားစည် ဒဏ်ရာများကို ကုသပေးနိုင်သည်။

ကုသရေးအမတေကို ခက်ခဲစွာ မျိုချပြီးသည့်နောက် ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြန့်ကျတ်သွားပြီး ဒဏ်ရာများကို ပြန်လည်ကုစားပေးနေသည်ဟု ခံစားလိုက်ရသည်။

ကုသရေးအမတေကြောင့် ယီယွင်မှာ ယွမ်ချီအချို့ကို ပြန်လည်ရရှိလာခဲ့သည်။ ထို့နောက်တွင် ဈေးကြီးသောဆေးများ ထုတ်ယူကာ သူ၏ဒဏ်ရာများတွင် လိမ်းပေးလိုက်လေ၏။

ယီယွင်က သိုလှောင်လက်စွပ်ထဲမှ အကောင်းဆုံးဆေးများကို ကုန်ကျမှုအား ထည့်မတွက်ဘဲ အသုံးပြုနေသည်။ သူ လျင်မြန်စွာ ပြန်လည်သက်သာလိုသည်။ သူ၏နောက်ထပ်တာဝန်အတွက် အခြေအနေကောင်းနေရန် လိုအပ်လေ၏။

ဆယ်စက္ကန့်ခန့်အကြာတွင် ယီယွင် သစ်ပင်ငုတ်တိုကို ကိုင်ကာ မတ်တက်ရပ်လိုက်သည်။ သူ ရွှေကျီးကန်းမျိုးစိတ်၏ အလောင်းဆီသို့ လျှောက်သွားလိုက်လေ၏။

ယီယွင် အသက်ပြင်းပြင်းရှုကာ လက်သီးဆုပ်လိုက်သည်။

ယီယွင် လက်လျော့လုနီးပါးဖြစ်ခဲ့သည့် သားရဲတစ်သောင်းပုံရိပ်က ယခုအခါတွင် မျှော်လင့်ချက်အလင်းရောင်ကို တွေ့လာရပေပြီ။

သားရဲတစ်သောင်းပုံရိပ်၏ ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းရန်အတွက် ရှေးဦးမျိုးစိတ်သားရဲတစ်ကောင် လိုအပ်သည်။ ယခင်က သူ သန့်စင်ယန်သားရဲများစွာ သတ်ဖြတ်ခဲ့ပြီး စုပ်ယူခဲ့သော်လည်း ယင်းတို့က ရှုထောင့်ပုံရိပ်အတွက် သေးငယ်သောပမာဏသာ ရှိလေသည်။

ယခုအခါ၌ ယီယွင်တွင် အခွင့်အရေးရလာပေပြီ။

သူ မျက်လုံးမှိတ်လိုက်ပြီး စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်ဆီသို့ ပို့လိုက်သည်။

ယီယွင်၏စိတ်ထဲတွင် သားရဲတစ်သောင်းပုံရိပ်၏ ကျမ်းစာများ ထင်ဟပ်နေပြီး ယီယွင်၏လက်များက ချိတ်စည်းတစ်ခု စတင်ဖော်ဆောင်ကာ ရွှေကျီးကန်းမျိုးစိတ်ထံမှ သန့်စင်ယန်စွမ်းအင်များကို စတင်ထုတ်ယူလေသည်။

ရှေးဦးမျိုးစိတ်သားရဲ၏ သားရဲအမှတ်အသားကို ဖွဲ့စည်းရသည်မှာ အပြောထက်က အလုပ်က ပိုခက်လေသည်။ သို့သော် ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့်ဆိုလျှင်မူ စွမ်းအင်များတွင် ပိုင်ရှင်မရှိသရွေ့ စွမ်းအင်များက ထိန်းချုပ်ရခက်လျှင်ပင် ပြဿနာမရှိပေ။

ငြိမ်သက်တိတ်ဆိတ်နေသော တောအုပ်ထဲတွင် ရွှေရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် သန့်စင်ယန်စိတ်ဝိညာဥ်ထံမှ သန့်စင်ယန်စွမ်းအင်များကိုလည်း ခရမ်းရောင်သလင်းကျောက်က စုပ်ယူနေလေ၏။ ယင်းစွမ်းအင်များက သားရဲအမှတ်အသားနှင့် ပေါင်းစည်းနေကာ ရုပ်လုံးပေါ်လုနီးပါး ဖြစ်လာသည်။ ယင်းက မမျှော်လင့်သော ပေါင်းစည်းမှုတစ်ခု ဖြစ်လေသည်။

တောအုပ်ထဲမှ ရွှေရောင်အလင်းသည် နတ်ရတနာတစ်ခု မွေးဖွားလာတော့မည့်အလားပင် ပိုမိုတောက်ပလာလေ၏။ အခြားသူများသာ ဤဖြစ်ရပ်ကို မြင်သွားကြပါက တုန်လှုပ်သွားကြပေလိမ့်မည်။ အကြောင်းမူကား ပညာရှိများ၏ ရှုထောင့်ပုံရိပ်ကို အဆင့်မြင့်တင်လျှင် ထိုမျှတောက်ပသော နတ်အလင်းမျိုး မဖြစ်ပေါ်နိုင်လေသောကြောင့်ပင်။

ရွှေရောင်အလင်းထံမှ မီးငှက်တစ်ကောင် ပျံသန်းထွက်ပေါ်လာသည်။ သိမ်းငှက်နှုတ်သီး ၊ ကျီးကန်းမျက်လုံး ၊ တောင်ပံနီနှင့် ခြေသုံးချောင်း...။

ခြေသုံးချောင်းရွှေကျီးကန်း...။

မီးငှက်၏ ဘိုးဘေးသွေးမျိုးဆက်ကြောင့် သို့မဟုတ် သန့်စင်ယန်စိတ်ဝိညာဥ်ကို ပေါင်းစည်းပေးလိုက်ခြင်းကြောင့် ရွှေကျီးကန်းမျိုးစိတ်၏ သားရဲအမှတ်အသားက အမှန်တကယ်ပင် ခြေသုံးချောင်းရွှေကျီးကန်းပုံစံ ဖြစ်နေလေ၏။

ယင်းအဖြစ်ကြောင့် ယီယွင် ကျေနပ်အံ့အားသင့်သွားရသည်။ ခြေသုံးချောင်းရွှေကျီးကန်း သားရဲအမှတ်အသားက သူ၏ကိုယ်ပိုင် ရှုထောင့်ပုံရိပ်ကို ဖွဲ့စည်းရန်အတွက် လုံလောက်လေသည်။

All Chapters