← Chapters

မိစ္ဆာသန္ဓေသားကျူးကျော်မှု

Vol. 7 Ch. 77

မိစ္ဆာသန္ဓေသားကျူးကျော်မှု

Vol. 7 Ch. 77

“အဇူရာတိမ်ဂိုဏ်းသခင် ခင်ဗျား ကျုပ်တို့ကိုဖြေရှင်းချက်မပေးတော့ဘူးလား”

ကျန်းဟီကွေ့ ခြေတစ်ဖက်နှင့်လက်တစ်ဖက်ဆုံးရှုံးထားသောလန်ကျားအထွတ်အမြတ်မြေမှ ရွှေအမြုတေအဆင့် ၂ယောက်နှင့် ကိုယ်တစ်ခြမ်းသာကျန်တော့သော တန်ယောင်ကွမ်းတို့ကိုတွေ့သွားခဲ့သည်။ ထို့နောက်သူဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“တကယ်လို့ အဇူရာတိမ်ဂိုဏ်းကဒီကိစ္စအတွက် ဖြေရှင်းချက်မပေးဘူးဆိုရင် ကျုပ်တို့လန်ကျားအထွတ်အမြတ်မြေကိုအပြစ်မပြောနဲ့”

ဂိုဏ်းအဝောာ်များများလည်း အဇူရာတိမ်ဂိုဏ်းကိုဒေါသတကြီးကြည့်ရှုနေခဲ့ကြသည်။

သူတို့တပည့်များသည် လျှို့ဝှက်နယ်မြေထဲသို့ ရတနာသွားရှာကြခြင်းဖြစ်ပြီး ကပ်ဘေးကိုသွားရှာကြခြင်းမဟုတ်ကြပေ။

အခုတော့ အခုလိုဖြစ်ရပ်ကြီးနှင့်ကြုံတွေ့ခဲ့ဪရချေပြီ။

သူတို့ ရတနာရှာတွေ့တာမတွေ့တာကကိစ္စတစ်ခုဖြစ်ပြီး သူတို့အမြတ်တနိုးပျိုးထောင်ပေးခဲ့ရသောရွှေအမြုတေအဆင့်တပည့်များကိုဆုံးရှုံးလိုက်ရတာက ကိစ္စတစ်ခုဖြစ်၏။

ဟွာလင်းကျိရှေ့တက်လာခဲ့ပြီး ကျန်းဟီကွေ့ကိုထူးဆန်းသောအမူအရာဖြင့်ကြည့်လိုက်ကာ

“စီနီယာအစ်ကိုကြီးကမေးလိုက်တယ် လန်ကျားအထွတ်အမြတ်မြေက ဖြေရှင်းချက်လိုချင်တာ သေချာလို့လားတဲ့”

ကျန်းဟီကွေ့ ဟွာလင်းကျိကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“ငါတို့ဂိုဏ်းရဲ့တပည့်တွေက ဒီလောက်ကြီးဆိုးတဲ့ထိဒဏ်ရာရခဲ့ကြတယ် အဲ့တာတောင် ငါတို့ကဖြေရှင်းချက်မရသင့်ဘူးလား ပြီးတော့ အခြားဂိုဏ်းတွေရဲ့ လူငယ်မျိုးဆက်တွေလည်း ဒဏ်ရာတွေရကုန်ကြတာမှ သူတို့ကျင့်ကြံခြင်းလမ်း‌ေကြာင်းကို ဖျက်ဆီးခံလိုက်ရသလိုပဲ…အဇူရာတိမ်ဂိုဏ်းက ငါတို့တပည့်တွေရဲ့ ဘေးကင်းရေးအတွက်အာမခံတယ်လို့ ပြောခဲ့တယ်မဟုတ်လား အခုတော့ သူတို့အကုန်အခုလောက်ကြီးထိဒဏ်ရာရကုန်ကြပြီ မင်းတို့ ငါတို့အားလုံးကိုဖြေရှင်းချက်ပေးဖို့လိုတယ်”

“မင်းသေချာလား” ဟွာလင်းကျိဆက်မေးလိုက်သည်။

“ငါမင်းကိုထပ်ပြီးသတိပေးလိုက်မယ် မင်းဖြေရှင်းချက်လိုချင်တာသေချာလား မင်းတပည့်တွေကိုအရင်နှိုးပြီး ဘာတွေဖြစ်ခဲ့သလဲမမေးသင့်ဘူးလား”

ဟွာလင်းကျိ ဖြေရှင်းချက်စောင့်နေသောအခြားသူများဘက်လှည့်ကာ ထူးဆန်းစွာမေးလိုက်ပြန်၏။

“မင်းတို့လည်း ဖြေရှင်းချက်လိုချင်ကြတာလား”

အခြားသူများ ဟွာလင်းကျိ၏အမူအရာကို‌မြင်သောအခါ မပျော်မရွှင်ဖြစ်ကုန်ကြလေသည်။ ထိုအရာက ခွန်အားသုံးကာ သူတို့ကိုအနိုင်ကျင့်‌နေခြင်း မဟုတ်ပါလော။

ကျန်းဟီကွေ့အမူအရာလည်း ပြောင်းလဲသွားခဲ့၏။ သူဟွာလင်းကျိစကားများထဲမှ မူမမှန်တာတစ်ခုခုကို သတိထားမိသွားခဲ့သည်။

သို့သော် ဘယ်လိုမူမမှန်ခြင်းမျိုးက အခုလောက်ကြီးထိအခြေအနေကိုပြောင်းလဲသွားစေနိုင်ပါမည်နည်း။

ဟွာလင်းကျိ ဖြည်းဖြည်းချင်းမေးလိုက်၏။

“သေချာတွေးကြည့် အချို့လူတွေကဘာဒဏ်ရာမှမရှိဘဲ ရတနာတွေနဲ့ထွက်လာနိုင်နေကြတဲ့အချိန် ဘာလို့ဒီလူတွေက ဒီလောက်အခြေအနေဆိုးနေရတာလဲ ဒါပေမယ့် မင်းတို့ဖြေရှင်းချက်လိုချင်ရင်လည်း ငါကမင်းတို့ကို အမှန်တရားပေါ်ပေါက်သွားအောင် လုပ်ပေးနိုင်တယ်”

ကျန်းဟီကွေ့ အတန်ကြာတိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“တကယ်လို့ ငါတို့ဂိုဏ်းတပည့်တွေမှာ ပြဿနာတစ်ခုခုရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီပြဿနာက အဇူရာတိမ်ဂိုဏ်းရဲ့လျစ်လျူရှုထားမှုကြောင့် ဖြစ်ခဲ့ရတာလို့ ငါယုံတယ် အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းကဒီကိစ္စကို တာ၀န်ယူကိုယူရမယ်”

ဟွာလင်းကျိ နှာခေါင်းရှုံ့လိုက်၏။

“မင်းက ကြင်နာမှုကိုလက်မခံတတ်ဘူးပဲ မင်းကအမှန်တရားကိုသိချင်တာဆိုမှတော့ ငါကလည်းမင်းကိုဖြေရှင်းချက်ပေးရတော့မှာပေါ့”

သူ့လက်ကိုဝေ့ယမ်းလိုက်သောအခါ လူတိုင်းရှေ့မှောက်၌ တန်ယောင်ကွမ်း ကလူတစ်စုကိုဦး‌ေဆာင်၍ စစ်ထူမင်ယွဲ့ကိုတိုက်ခိုက်နေသော ပုံရိပ်များပေါ်ပေါက်လာခဲ့လေသည်။

ထို့နောက် ကျန်းယန်ပေါ်လာကာ ထိုလူအုပ်ကိုခွဲပစ်လိုက်၏။

ထို့နောက်တွင်တော့ ထိုလူအုပ်ကပြန်စုစည်းမိသွားကာ ကျန်းယန်တို့ကိုသတ်ဖို့ချီတက်လာခဲ့ကြပြီး နောက်ဆုံးတွင် ၀င်္ကပါထောင်ချောက်နှင့်တွေ့ကာ အခုလိုအခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရသည်။

ထိုမြင်ကွင်းကိုမြင်ပြီးနောက် အဇူရာတိမ်ဂိုဏ်းကိုအပြစ်ပြောနေသူများ၏အကြည့်က ကျန်းဟီကွေ့ဆီ ရောက်ရှိသွားခဲ့၏။

လန်ကျားအထွတ်အမြတ်မြေက တပည့်များသည် တကယ်ကြီးသူတို့တပည့်များကိုခွန်အားသုံးအနိုင်ကျင့်တာ အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ အတင်းအကြပ်စေခိုင်းခဲ့ခြင်းပေလော။

အထူးသဖြင့် တန်ယောင်ကွမ်း၏မောက်မာလွန်းသောအပြုအမူများကို လူတိုင်းမျက်ဝါးထင်ထင်မြင်လိုက်ကြရသည်။

တန်ယောင်ကွမ်းကို မိစ္ဆာသန္ဓေသားကထိန်းချုပ်ထားမှန်း ဘယ်သူမှမသိသောကြောင့် လူတိုင်းက လန်ကျားအထွတ်အမြတ်မြေက မောက်မာသောကောင်သည် သူတို့တပည့်များကို ထိုလူအုပ်ထဲပါဖို့ အတင်းအကြပ်ခေါ်ခဲ့ကြသည်ဟုသာ ထင်နေခဲ့ကြ၏။

“လန်ကျားအထွတ်အမြတ်မြေတဲ့လား မှတ်သားလောက်ပါပေတယ် အထွတ်အမြတ်မြေလို့အခေါ်ခံရဖို့လည်း ထိုက်တန်ပါပေတယ်!”

ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာခဲ့သော်လည်း ဘယ်သူပြောလိုက်သလဲတော့ ဘယ်သူမှ မသိခဲ့ပေ။

ရှင်းလင်းစွာပင် လူအချို့သည် အခုထိလန်ကျားအထွတ်အမြတ်မြေကို ပေါ်တင်ကြီးတော့ အပြစ်မပြုရဲကြသေးပေ။

“ဟမ့်!” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ရှေ့ထွက်လာကာ သူ့တပည့်ကိုကယ်တင်လိုက်ပြီး သူ့တပည့်နိုးလာသောအခါ ပါးရိုက်လိုက်ပြီး ပြောလိုက်၏။

“စောက်ရူးကောင် မင်းအသုံးချခံလိုက်ရတာကိုတောင် မသိလိုက်ဘူးလား!”

ကျန်းဟီကွေ့ ထိုပါးရိုက်ချက်က သူ့မျက်နှာကိုရိုက်လိုက်သလိုခံစားလိုက်ရပြီး ပူစပ်ပူ‌ေလာင်ခံစားလိုက်ရသည်။

တန်ယောင်ကွမ်း အခုလိုလုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

လန်ကျားအထွတ်အမြတ်မြေ၏မျက်နှာသည် အိုးမည်းသုတ်ခံလိုက်ရပြီး ရှက်ဖွယ်အတိပင်။

ထိုကိစ္စကြောင့် သူဒေါသထွက်နေခဲ့၏။ သူတန်ယောင်ကွမ်းကို လျှို့ဝှက်နယ်မြေကိုထောက်လှမ်းသည့်ကိစ္စကိုသာ အဓိကထားလုပ်ရမည်ဟု ရှင်းရှင်းလင်းလင်းညွှန်ကြားခဲ့ကာ စစ်ထူမင်ယွဲ့ကိစ္စကိုတော့ အခွင့်အရေးရမှလုပ်သင့်သည်ဟု ပြောခဲ့သည်။ သို့သော် ထိုအရူးကဘာလို့သူ့စကားကိုနားမထောင်ခဲ့ရပါသနည်း။

နောက်ထပ်တုန်လှုပ်စရာကိစ္စတစ်ခုမှာ အဇူရာတိမ်ဂိုဏ်းက အဘယ်ကြောင့် သူ့တပည့်များကို စိတ်ဝိညာဉ်အဆင့်ရတနာတွေအများကြီးပေးထားရပါသနည်း။

ထိုဂိုဏ်းကကောင်များသည် လွန်ခဲ့သော ဆယ်စုနှစ်များဆီကကိစ္စမျိုးထပ်ဖြစ်မှာ မကြောက်ခြင်းပေလော။

သုန်မှုန်နေသောမျက်နှာဖြင့် သူလန်ကျားအထွတ်အမြတ်မြေမှ တပည့်များကိုဆွဲခေါ်သွားခဲ့သည်။ သူ့ဒေါသကိုထိန်းချုပ်ထားပြီး ထိုကောင်များကို အရင်ကယ်ဖို့ လိုနေသေး၏။

အဇူရာတိမ်ဂိုဏ်းက ပြသခဲ့သော ပုံရိပ်များအပေါ်တွင်တော့ သူသံသယမရှ်ိခဲ့ပေ။ လျှို့ဝှက်နယ်မြေထဲတွင် လူပေါင်းများစွာ ကျန်နေသေးဆဲဖြစ်ပြီး ထိုကဲ့သို့သောကိစ္စမျိုးတွင် တစ်ယောက်ယောက်ကိုစစ်ဆေးမေးမြန်းလိုက်သည်နှင့် အမှန်တရားကိုဖုံးကွယ်ထားလို့ ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းက ထိုကိစ္စမျိုးအပေါ် လိမ်လည်၍ရမည်မဟုတ်ပေ။ သူစိတ်တိုနေသည်က အဘယ်ကြောင့် ထိုကဲ့သို့သောကိစ္စမျိုးဖြစ်ခဲ့ရသလဲဟုတွေးပြီး စိတ်တိုနေခြင်းသာ ဖြစ်သည်။

ဟွာလင်းကျိ အေးစက်စက်ပြောလိုက်၏။

“ငါတို့ဒီလူတွေကို ကယ်တင်ခဲ့တာနဲ့တင် ငါတို့အဇူရာတိမ်ဂိုဏ်းက ဘယ်လောက်စည်းကမ်းလိုက်နာနေသလဲ မင်းတို့သိသင့်နေပြီ စောင့်နေပါ ဒီကိစ္စတွေအကုန်ပြီးသွားရင်တော့ မင်းတို့ဂိုဏ်းတွေဆီကို တစ်ခေါက်လောက်အလည်လာခဲ့မယ် ဒီလောက်လူတွေအများကြီးက အဇူရာတိမ်ဂိုဏ်းတပည့်တွေကို ပစ်မှတ်ထားနေတာ မင်းတို့က အဇူရာတိမ်ဂိုဏ်းကို အလွယ်တကူအနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြတာလား”

ဂိုဏ်းပေါင်းများစွာ၏အမူအရာများပြောင်းလဲသွားခဲ့၏။ အထူးသဖြင့် အချို့ ဒုတိယတန်းစား တတိယတန်းစားဂိုဏ်းများဖြစ်ပြီး သူတို့မျက်နှာတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့ အဇူရာတိမ်ဂိုဏ်းကိုအပြစ်ပြုမိခဲ့ကြချေပြီ။ သူတို့ဘာဆက်လုပ်သင့်ပါသနည်း။

သူတို့ဂိုဏ်းများ၏ အမြင့်ဆုံးကျင့်ကြံခြင်းက နတ်ဝိညာဉ်အဆင့်သာဖြစ်ပြီး ထိုသူများက ဂိုဏ်းကိုဦးဆောင်ကြသူများ ဖြစ်ကြ၏။ ထိုအခြေအနေတွင် သူတို့အဇူရာတိမ်ဂိုဏ်း၏မေးခွန်းများကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။

သူတို့‌စိတ်ထဲတွင် ထိုတပည့်များကိုသာ ကြိတ်၍ကျိန်ဆဲနေပြီး ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲ တွေးတောနေခဲ့ကြသည်။

တန်ယောင်ကွမ်းကို ကုသနေရင်း ကျန်းဟီကွေ့ ရုတ်တရက်သူ့ကိုယ်ပေါ်ကတစ်ခုခုတုန်ခါသွားတာကို ခံစားမိလိုက်ကာ သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့၏။

ထိုပစ္စည်းက ဂိုဏ်းသခင်ကိုယ်တိုင်ပေးအပ်ထားသော ပစ္စည်းဖြစ်ကာ ထိုပစ္စည်းတုန်ခါသွားပါက ဂိုဏ်းတွင်ကိစ္စကြီးတစ်ခုခုဖြစ်သွားပြီဟုဆိုလိုနေခြင်းဖြစ်ပြီး သူဂိုဏ်းကိုချက်ချင်းပြန်ရမည် ဖြစ်သည်။

သူအချိန်ဆွဲမနေရဲပေ။ ချက်ချင်း လှေပျံကိုထုတ်ကာ တပည့်များကိုလှေပျံပေါ်တင်လိုက်ပြီး လန်ကျားအထွတ်အမြတ်မြေဆီ ပြန်သွားခဲ့၏။

လူအုပ်ကြီးကတော့ ကျန်းဟီကွေ့ရှက်လွန်း၍ ထွက်ပြေးသွားသည်ဟု ထင်နေကြပြီး တီးတိုးနှာခေါင်းရှုံ့နေခဲ့ကြသည်။

“ဟာသပဲ ဒါတောင် သူတို့ကိုယ်သူတို့ အထွတ်အမြတ်မြေလို့ခေါ်နေသေးတယ်!”

ထိုအချိန်တွင် လျှို့ဝှက်နယ်မြေထဲတွင်တော့ ရွှေအမြုအတေအဆင့်များ သူတို့ရှေ့ရှိ သွေးအလိမ်းလိမ်းဖြင့် မြေပြင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းအစုံအလင်မရှိတော့သော အလောင်းများကိုကြည့်ကာ မျက်နှာများဖြူဖျော့နေခဲ့ကြ၏။

သူတို့၏ ရွှေအမြုတေအဆင့်ဒါဇင်နှင့်ချီပါ၀င်ခဲ့သောမဟာမိတ်ကြီးက အခုလိုအဆုံးသတ်သွားရလိမ့်မည်ဟု သူတို့ထင်မထားမိခဲ့ကြပေ။

အထူးသဖြင့် လီချီဖြစ်ပြီး သူကျန်းယန်ကိုကြောက်ရွံ့မှုများပြည့်နေသော မျက်နှာထားဖြင့် ကြည့်ရှုနေခဲ့သည်။

သူအစကတော့ ကျန်းယန်ကိုဒီတစ်ကြိမ်အလဲထိုးနိုင်ပြီဟု ထင်ထားခဲ့ခြင်းဖြစ်ပြီး အခုလိုကြီး အဆုံးသတ်သွားလိမ့်မည်ဟု လုံး၀ထင်မထားခဲ့မိပေ။

သူ့နှလုံးသားထဲရှိ ကျန်းယန်အပေါ်ကြောက်ရွံ့မှုက ထိုးတက်နေခဲ့ပြီး သူကျန်းယန်ကိုလုံး၀မဆန့်ကျင်ရဲတော့ပေ။

အခြားသူများလည်း ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြ၏။ စိတ်ဝိညာဉ်အဆင့်ရတနာက ကောင်းတာမှန်သော်လည်း ထိုအရာကိုကိုင်ဆောင်ဖို့ အသက်ရှင်နေဖို့လည်း လိုနေသေးသည်။

သူတို့မမြင်ရသော နေရာတစ်ခုတွင်တော့ အရိပ်တစ်ခုကောင်းကင်ကိုမော့ကြည့်ကာ ဟိန်းဟောက်နေခဲ့၏။

ထိုအရိပ်က တန်ယောင်ကွမ်းကို၀င်ပူးထားခဲ့သော မိစ္ဆာသန္ဓေသားဖြစ်သည်။

တန်ယောင်ကွမ်း လျှို့ဝှက်နယ်မြေမှ ဆွဲထုတ်ခံခဲ့ရစဉ်က သူလည်းလွတ်မြောက်ပြီဟု ထင်မြင်သွားခဲ့ကာ မိစ္ဆာသန္ဓေသားပျော်သွားခဲ့၏။ သို့သော်လည်း မျှော်လင့်မထားဘဲ ချင်းယွင်ကျိက သူ့ကိုတန်ယောင်ကွမ်း၏ အသိစိတ်ပင်လယ်ထဲမှ အတင်းဆွဲထုတ်ကာ လျှို့ဝှက်နယ်မြေထဲ ပြန်လွှင့်ပစ်လိုက်သည်။

ထို့ကြောင့် မိစ္ဆာသန္ဓေသားအလွန်ဒေါသထွက်နေကာ ချင်းယွင်ကျိကိုအော်‌ဆဲနေခဲ့ခြင်းဖြစ်၏။ သို့သော် သူ့တွင်အော်ဆဲဖို့ကလွဲ တတ်နိုင်တာတော့ မရှိပေ။

တောင်ကြားထဲရှိ စိတ်ဝိညာဉ်အဆင့်ရတနာများ၏အစွမ်းကို အစွမ်းကုန်အသက်သွင်းခဲ့သော ကျန်းယန်တစ်ယောက် ထွက်ပေါ်လာသောရလဒ်ကို ကျေနပ်နေခဲ့လေသည်။

တကယ်လို့ တစ်ယောက်ယောက်က သူ့ကိုသတ်ရဲလျှင် အသတ်ခံရဖို့လည်း ပြင်ဆင်ထားသင့်၏။

သို့သော် ထိုတိုက်ခိုက်မှုကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအားများလည်း အတော်လေးကုန်ခမ်းသွားခဲ့ရသည်။

သူငါးစွပ်ပြုတ်ကိုထုတ်ကာ သူ့စိတ်ဝိညာဉ်စွမ်းအားများကို ပြန်ဖြည့်တင်းဖို့ ပြင်လိုက်၏။ ထိုစဉ် နူးညံ့လှသောခန္ဓာကိုယ်လေးတစ်ခုက သူ့ကိုကျောဘက်မှ ပွေ့ဖက်လိုက်လေသည်။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးကတကယ်ကို အံ့အားသင့်စရာကောင်းတာပဲ”

စစ်ထူမင်ယွဲ့အသံနောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။

ကျန်းယန်လည်းရုတ်တရက်တိုက်ခိုက်ခံလိုက်ရမှု‌ေကြာင့် သူ့ခန္ဓာကိုယ်တောင့်တင်းသွားခဲ့၏။

ထိုစဥ် ထိုအခြေအနေကို အခွင့်အကောင်းယူကာ မိစ္ဆာအရိပ်တစ်ကောင်သည် စစ်ထူမင်ယွဲ့ ကိုယ်ထဲမှတစ်ဆင့် ကျန်းယန်ကိုယ်ထဲ ၀င်သွားခဲ့လေသည်။

All Chapters