ကလဲ့စားချေမှုစတင်ခြင်း
Vol. 7 Ch. 79
မိစ္ဆာသန္ဓေသားများသည် မူလခန္ဓာကိုယ်မှ အသိစိတ်တစ်မျှင်နှင့် မိစ္ဆာဝိညာဉ်စွမ်းအားများပေါင်းစပ်ဖွဲ့စည်းထားသောအရာများ ဖြစ်ကြသည်။
မိစ္ဆာဝိညာဉ်စွမ်းအားဆိုတာကလည်း မဟာတာအိုတစ်မျိုးသာဖြစ်သောကြောင့် ယခုလို ထိုမဟာတာအိုစွမ်းအားများ သူ့ကိုယ်ထဲရောက်သွားသောအခါ ကျန်းယန်သုံးထားသော စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်းပြန်ပြည့်သွားခဲ့ကြ၏။
သူမျက်လုံးဖွင့်လိုက်ချိန်၌ သူ့ရှေ့တွင်ကျန်းကျစ်ချိုးကိုမြင်လိုက်ရသောအခါ မေးလိုက်သည်။
“ဂျူနီယာညီမလေးရော ဘယ်မှာလဲ”
ကျန်းကျစ်ချိုး ဆွံ့အသွားခဲ့ပြီး အဓိပ္ပာယ်ပါပါပြောလိုက်၏။
“စီနီယာအစ်ကိုကြီး တစ်ခါတလေကျ အစ်ကိုကြီးအရမ်းကြီးဒဲ့တိုးဆန်လို့မရဘူး”
တစ်စုံတစ်ယောက်က သူ့ကိုဖက်ထားချိန်တွင် သူက အားကောင်းလိုက်တာ ဟုညည်းလိုက်ခြင်းသည် သင့်တော်သောအရာ ဖြစ်နိုင်ပါမည်လော။
ကျန်းယန် စိတ်ရှုပ်သွားခဲ့သည်။ သူက ဂျူနီယာညီမလေးရောဘယ်မှာလဲ ဟုသာမေးလိုက်မိခြင်းက ဘယ်နေရာတွင် ဒဲ့တိုးဆန်သွားပါသနည်း။
ခုနတုန်းက သူ့အာရုံကို မိစ္ဆာသန္ဓေသားအပေါ်တွင်သာ စိုက်ထားခဲ့သောကြောင့် သူ့အနီးနားတွင်ဘာတွေဖြစ်နေခဲ့လဲဆိုတာကို သူအသေးစိတ်မသိခဲ့ပေ။
သူကျန်းကျစ်ချိုးနှင့်အလုပ်ရှုပ်ခံစကားပြောမနေတော့ဘဲ တိုက်ရိုက်သာမေးလိုက်၏။
“ဂျူနီယာညီမလေးဘယ်သွားတာလဲ သူ့ကိုသွားရှာကြစို့ ပြီးရင် ငါတို့အမြန်ကလဲ့စားချေရမယ်!”
ကျန်းကျစ်ချိုး စစ်ထူမင်ယွဲ့ထွက်သွားသောဘက်ကိုလက်ညှိုးညွှန်ပြလိုက်ကာ သူကတော့ ဒီနေရာတွင်သာစောင့်နေရစ်တော့မည်ဟု ပြောလိုက်လေသည်။
ဒီတစ်ခေါက်တော့ ထိုနှစ်ယောက်ကြားတွင်၀င်မနေခြင်းက အကောင်းဆုံးဟု သူတွေးနေခဲ့မိ၏။
တကယ်တော့ စစ်ထူမင်ယွဲ့က အဝေးကြီးရောက်သွားခြင်းမျိုးမဟုတ်ပေ။ ရှက်ရွံ့ကာ ဘယ်သူနှင့်မှ မျက်နှာခြင်းမဆိုင်ရဲ၍သာ အနီးအနားတွင်ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။
မိစ္ဆာသန္ဓေသားသူမဆီပူးကပ်ခဲ့စဉ်က အစပိုင်းတွင် သူမအပြုအမူများက မျက်နှာပူစရာဖြစ်ခဲ့သော်လည်း ထိုအရာများက မထိတထိစနောက်မှုများနှင့် စကားများသာဖြစ်ပြီး အဆင်ပြေသေး၏။ သို့သော် နောက်ဆုံးတွင်တော့ ထိုမိစ္ဆာသန္ဓေသားက ခန္ဓာကိုယ်ချင်းပါထိတွေ့ခဲ့ပြီး ကျန်းယန်ကလည်းထိုအရာအပေါ် အတော်လေးသာယာနေပုံပေါ်သောကြောင့် သူမအလွန်အမင်းရှက်ရွံ့သွားခဲ့မိသည်။
ကျန်းယန် သူမဆီပျံသန်းလာသည်ကိုတွေ့သောအခါ သူမမျက်နှာနီရဲသွားခဲ့ပြီး ဟိုဘက်လှည့်သွားခဲ့ကာ ကျန်းယန်ကိုမျက်နှာချင်းဆိုင်မကြည့်ရဲခဲ့ပေ။
“နင်ပြန်မကောင်းသေးဘူးလား” ကျန်းယန် အံ့အားသင့်စွာမေးလိုက်၏။
သူမဒဏ်ရာရခဲ့သည်ကအချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး ငါးစွပ်ပြုတ်လည်း သောက်ထားခဲ့သေးသည်။ ဒါတောင် သူမကဘယ်လိုဖြစ်လို့ ပြန်မကောင်းသေးရပါသနည်း။
“ကောင်းသွားပြီ!” စစ်ထူမင်ယွဲ့ ရှုတည်တည်ပြန်ဖြေလိုက်၏။
“ဒါဆိုဘာစောင့်နေတာလဲ” ကျန်းယန် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“သွားရအောင် အဲ့ဒီကောင်တွေကိုရှာပြီး ကလဲ့စားချေကြမယ် သေခြင်းရှင်ခြင်းစာချုပ်မှာလက်မှတ်ထိုးမထားတဲ့ လူနည်းနည်းကလွဲပြီး ဘယ်ကောင့်ကိုမှအလွှတ်မပေးနဲ့ အကုန်လုံးကိုအမှောက်သိပ်ပစ်ရမယ် စာချုပ်မှာလက်မှတ်ထိုးမထားတဲ့ကောင်တွေကိုတော့ သူတို့သိုလှောင်လက်စွပ်တွေနဲ့ရတနာတွေကိုယူပြီး ငါးစာလုပ်ပစ်မယ်”
စစ်ထူမင်ယွဲ့ ဆွံ့အသွားခဲ့၏။ ဤအရာက လတ်တလော သူမစိတ်ပူသင့်သောအရာမဟုတ်ခဲ့ပေ။
သူမသတ္တိမွေး၍ ကျန်းယန်ကိုမရဲတရဲလှည့်ကြည့်ကာ ပြောလိုက်လေသည်။
“စီနီယာအစ်ကိုကြီး ခုနကဟာက ညီမလေးမဟုတ်ဘူးနော် အစ်ကိုကြီးကို ..ဖက်…ချင်တာ ညီမလေးမဟုတ်ဘူး”
ကျန်းယန်ရယ်မောလိုက်၏။
“နင့်ကိုထိန်းချုပ်နေတဲ့အရာတစ်ခုခုရှိနေလောက်တယ်ဆိုတာ ငါလည်းခန့်မှန်းမိပါတယ် အဲ့ဒီအရာက ငါ့ကိုထိန်းချုပ်ဖို့တောင် ကြိုးစားခဲ့သေးတယ် ဒါပေမယ့် ငါဖြေရှင်းလိုက်ပါပြီ”
သူ့ဂျူနီယာညီမကောင်းလေးက အဘယ်သို့ ကလက်တက်တက်ဖြစ်သွားနိုင်မှာလဲဟု သူတကယ်တွေးခဲ့မိသည်။
အခုတော့ ထိုသံသယများအားလုံးကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပြီး သူလည်းစိတ်အေးသွားခဲ့ရချေပြီ။
“ဟမ်” စစ်ထူမင်ယွဲ့ကျန်းယန်ကိုကြည့်လိုက်၏။
ဆိုတော့ အဲ့လိုကိုး!
ကျန်းယန် ထပ်မေးလိုက်၏။
“အခြားပြဿနာတစ်ခုခုရှိသေးလား”
တစ်ခါလေးဖက်တာလေးပဲကို ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ!
“မရှိတော့ပါဘူး” စစ်ထူမင်ယွဲ့ခေါင်းခါပြလိုက်ကာ စိတ်ထဲတော့ အနည်းငယ်မကျေမနပ်ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့် သူမအတွက်အရေးကြီးသောအရာက သူမစီနီယာအစ်ကိုကြီးအတွက် ဘာမှအရေးမပါသလို ဖြစ်နေရပါသနည်း။
“သွားရအောင် ကလဲ့စားချေကြစို့ ငါ့နောက်ကလိုက်ခဲ့!” ကျန်းယန် အလောတကြီးပြောလိုက်၏။
“ဟုတ်ကဲ့” စစ်ထူမင်ယွဲ့ သူ့စိတ်ထဲကထူးဆန်းသောခံစားချက်ကိုဖိနှိပ်ထားလိုက်ပြီး ဟုတ်ကဲ့ ဟုသာပြန်ပြောလိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက် ကျန်းကျစ်ချိုးကိုသွားရှာခဲ့ပြီး သုံးယောက်အတူ လျှို့ဝှက်နယ်မြေထဲကလက်ကျန်လူတိုင်းကိုရှာဖွေရန် ထွက်ခွာလာခဲ့၏။
“ရပ်လိုက်စမ်း!” ထွက်ပြေးဖို့ကြိုးစားနေသော ရွှေအမြုတေအဆင့်တစ်ယောက်ကိုတွေ့သောအခါ ကျန်းယန် အော်ပြောလိုက်သည်။
သို့သော် သူပြောပြီးပြီးချင်းပင် ထိုလူက ပိုမြန်မြန်ထွက်ပြေးသွားခဲ့၏။
ထိုအခိုက်တွင် ကျန်းယန် နားလည်သွားခဲ့သည်။
အမတတုပ်နှောင်ကြိုးက သူ့အင်္ကျီလက်အိုးထဲမှ နဂါးတစ်ကောင်လိုပျံထွက်သွားခဲ့ပြီး ထွက်ပြေးသွားသော ကျင့်ကြံသူနောက်လိုက်သွားကာ ထိုလူ့ကို ခပ်တင်းတင်းတုပ်နှောင်ထားလိုက်၏။
ဖမ်းမိသွားသောအခါ ကျန်းယန် စိတ်တိုနေဟန်ဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ငါးစွပ်ပြုတ်ေသာက်ခဲ့တဲ့ ချန်းယွမ်မလား ဘာလို့ပြေးနေတာလဲ”
“မင်းလုပ်ခိုင်းတဲ့အခိုင်း မင်းဆီကိုလူတွေအများကြီးခေါ်လာပေးထားတယ်နော် မင်းငါ့ကိုထပ်ဖမ်းလို့မရတော့ဘူး!” ချန်းယွမ် ကြောက်လန့်နေသော မျက်နှာထားဖြင့်ပြောလိုက်ပြီး ကျန်းယန်က သူ့စကားသူတော့ ရုတ်သိမ်းမသွားလောက်ပါဘူးဟု တွေးနေမိ၏။
ကျန်းယန်၏ ၀င်္ကပါထဲတွင် လူပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး အချို့လည်း ဒုက္ခိတဖြစ်သွားခဲ့ရသည်။ သူတောင် တစ်ခုခုမှားနေတာသတိထားမိပြီး ထို၀င်္ကပါထဲ၀င်မသွားခဲ့မိ၍သာ အခုလိုအသက်ရှင်နေခဲ့ခြင်းဖြစ်၏။
ထိုကဲ့သို့သောအခြေအနေကို ရင်ဆိုင်ခဲ့ရသူအဖို့ သူမည်သို့မကြောက်ဘဲနေပါတော့မည်နည်း။
“စိတ်ချပါ ငါမင်းတို့ကိုလွှတ်ပေးမယ်ပြောထားမှတော့ မင်းတို့ကောင်တွေလုံခြုံပါတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“ဒါပေမယ့် အခြားသူတွေကတော့ ကပ်ဘေးဆိုက်ပြီပဲ ငါ့ကိုပြော အဲ့ကောင်တွေဘယ်မှာလဲ”
“ငါ….သူတို့ထဲကအချို့က တောင်တစ်ဖက်ခြမ်းကိုထွက်ပြေးသွားတာတော့ ငါသိတယ် သူတို့မင်းကိုထပ်မထိရဲကြတော့ဘူး လျှို့ဝှက်နယ်မြေပြန်ဖွင့်တဲ့အချိန်ထိ ပုန်းနေကြဖို့ စီစဉ်နေကြတယ်” ချန်းယွမ် အားလုံးထုတ်ပြောလိုက်၏။
ကျန်းယန် လက်ကာပြလိုက်ပြီး
“ဟုတ်ပြီ မင်းသွားလို့ရပြီ ငါ့အတွက်သတင်းတွေထပ်ရှာပေးထား ငါတို့ကိုတိုက်ခိုက်ခဲ့တဲ့လူတစ်ယောက်ကိုမှ အလွတ်မပေးနိုင်ဘူး မင်းတို့လေးယောက်ကေတာ့ ဒီတစ်ခေါက်ကံကောင်းသွားတယ်”
ချန်းယွမ်ကိုလွှတ်ပေးပြီးသောအခါ ကျန်းယွမ်တို့တောင်ရှိရာအရပ်ဆီတိုက်ရိုက်ဦးတည်၍ ထွက်ခွာလာခဲ့ကြသည်။
တောင်ကြီးသည် မီတာတစ်ရာကျော်မြင့်ပြီး မညီမညာကျောက်တုံးများစွာနှင့်ဂူများစွာလည်း ရှိနေသောကြောင့် လူအနည်းငယ်ကိုထိုနေရာတွင် ရှာဖွေဖို့က မလွယ်ကူလှပေ။
ကျန်းယန်တို့ နှစ်ရက်ကြာရှာခဲ့တာတောင် ထိုလူများ၏ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပေ။
ကျန်းယန် အနည်းငယ်ဒေါသထွက်လာခဲ့ပြီး တိုက်ရိုက်သာ မေးလိုက်တော့၏။
“ဆရာ အဲ့ဒီကောင်တွေဘယ်မှာပုန်းနေတာလဲ”
ချင်းယွင်ကျိ ဆွံ့အသွားခဲ့သည်။
ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်အနေနဲ့ သူကိုယ်တိုင်၀င်ရှာပေခြင်းက သင့်တော်သောအရာတော့ မဟုတ်လောက်ပေ။
“ဆရာ ကျွန်တော်တို့ကအခုအိမ်တံခါး၀မှာလာအနိုင်ကျင့်တာကိုခံခဲ့ရတာ ဆရာက တိတ်ဆိတ်နေဦးမှာလား” ကျန်းယန် အတော်လေးဒေါသထွက်နေခဲ့၏။
“တကယ်လို့ ကျွန်တော်တို့မှာသာ အစွမ်းအစနည်းနည်းရှိမနေရင် ဂျူနီယာညီမလေးကဖျက်ဆီးခံလိုက်ရမှာ ပြီးတော့ ဆရာ့အချစ်ဆုံးတပည့်ကျွန်ဝောာ်လည်း ဒါဇင်နဲ့ချီတဲ့ရွှေအမြုတေအဆင့်တွေလက်ထဲမှာ သေသွားလောက်ပြီ
ကမ္ဘာပေါ်က ဂိုဏ်းတွေအားလုံးက ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းကိုအနိုင်ကျင့်ဖို့လွယ်တယ်လို့ ထင်နေကြတယ် တကယ်လို့ ကျွန်တော်တို့သာဒီတစ်ကြိမ် ပြင်းပြင်းထန်ထန်ပြန်မတိုက်ခိုက်ရင် သူတို့ကကျွန်တော်တို့ကို ပိုပြီးတွန်းအားပေးလာမှာပဲ
ဒီတစ်ခေါက်တော့ ဘာဖြစ်ဖြစ် ဒီကောင်တွေကို ကျွန်တော်တို့ကိုအပြစ်ပြုမိရင်ဘာဆက်ဖြစ်မလဲဆိုတာကို ပြကိုပြပေးရမယ်
တကယ်လို့ သူတို့ကကျွန်တော်တို့ကို လာထိရဲရင် ကျွန်တော်တို့က သူတို့ကိုပြန်ပြီးအမှောက်သိပ်ပစ်မယ်
ဆရာ ဒီကောင်တွေဘယ်မှာပုန်းနေတာလဲ အမြန်ပြောပြပါတော့
စိတ်ချပါ သေခြင်းရှင်ခြင်းစာချုပ်မှာလက်မှတ်ထိုးမထားတဲ့သူတွေကို မသတ်ပါဘူး ကျွန်တော်သူတို့ကိုလွှတ်ပေးမှာပါ”
သူ့ဘေးက စစ်ထူမင်ယွဲ့ကတော့မကျေမနပ်ဖြစ်နေခဲ့ပြန်သည်။ သူမအဖျက်ဆီးခံရလုနီးနီးဖြစ်သွားတယ်ဆိုတာ ဘာကိုဆိုလိုနေပါသနည်း။
ချင်းယွင်ကျိတခဏတိတ်ဆိတ်နေပြီးနောက်တွင်တော့ ကူကယ်ရာမဲ့စွာဖြင့် ထိုသူများပုန်းနေသောနေရာကို ပြောပြလိုက်လေသည်။
ဤနှစ်များအတွင်း သူတို့အဇူရာတိမ်ဂိုဏ်းသည် ထောက်ချောက်ထဲကျရောက်နေခဲ့ရပြီး မလှုပ်နိုင်မရှားနိုင်ဖြစ်နေခဲ့ကာ ပြဿနာပေါင်းများစွာနှင့်ရင်ဆိုင်နေခဲ့ရသောကြောင့် ဂိုဏ်းအတော်များများက သူတို့ကို အလေးဂရုမပြုကြတော့ပေ။
ဒီတစ်ကြိမ် အခြားဂိုဏ်းများပေါင်းကာ အဇူရာတိမ်ဂိုဏ်းတပည့်များကိုသတ်ဖို့ကြိုးစားခဲ့ခြင်းက ထိုအခြေအနေကို သက်သေပြနေခဲ့၏။ ထိုအတွက်ကြောင့် သူလည်းအနည်းငယ်တော့ဒေါသထွက်သွားခဲ့သည်။
အခုတော့ ကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေက သူတို့ဂိုဏ်း၏ပြဿနာများကို ဖြေရှင်းပေးတော့မည်ဖြစ်လေရာ သူဘာစိတ်ပူနေစရာ လိုပါတော့မည်နည်း။
ဒီတစ်ခေါက်တော့ အဇူရာတိမ်ဂိုဏ်းကဘယ်လိုရှေးဟောင်းဂိုဏ်းကြီးလဲဆိုတာကို တစ်ကမ္ဘာလုံးသိသွားအောင် ပြပေးလိုက်မယ်!
ချင်းယွင်ကျိထံမှ သတင်းအချက်အလက်များရရှိခဲ့သောကြောင့် ကျန်းယန်အတော်လေးယုံကြည်မှုရှိနေခဲ့သည်။
ထို့ေနာက် ကျောက်တုံးများဖြင့် ဖုံးကွယ်ထားသောကြောင့် သေချာမစစ်ဆေးပါက မြင်တွေ့ဖို့မလွယ်သော ဂူအ၀င်ပေါက်တစ်ခုဆီ သူရောက်ရှိလာခဲ့၏။
“ဒီနေရာမှာပုန်းနေရုံနဲ့ ငါကရှာမတွေ့နိုင်တော့ဘူးထင်နေတာလား ထွက်ခဲ့ကြစမ်း မင်းတို့ထွက်မလာရင် ဂူတစ်ခုလုံးကိုဖောက်ခွဲပစ်မယ်” ကျန်းယန် ဂူအ၀င်၀မှ အော်ပြောလိုက်ကာ ခြိမ်းခြောက်လိုက်လေသည်။
ဂူထဲရှိ ကျိုးဟောင်နှင့်၀မ်လင်းဂိုဏ်းမှအခြားသူများ၏အမူအရာများ ရုတ်ချည်းပြောင်းလဲကုန်ကြ၏။
ငါတို့ နေရာကောင်းမှာပုန်းနေတာမဟုတ်ဘူးလား ဘယ်လိုလုပ်ရှာတွေ့သွားတာလဲဟ!
တောင်ကြားတိုက်ပွဲထဲတွင် တတိယအဆင့်ရတနာအဆင့်အကာအကွယ်ရတနာ၏ ကျေးဇူးကြောင့် သူတို့လွတ်မြောက်ခဲ့ရသည်။ သို့သော်လည်း အဇူရာတိမ်ဂိုဏ်းမှလူများနှင့် ရင်ဆိုင်၍ ဖြစ်တော့မည် မဟုတ်မှန်း သူတို့သိ၏။
ထို့ကြောင့်လည်း လျှို့ဝှက်နယ်မြေကိုပင် ဆက်မရှာဖွေတော့ဘဲ ဂူတစ်လုံးရှာကာ လျှို့ဝှက်နည်းစနစ်တစ်ခုကိုသုံး၍ ပုန်းအောင်းနေခဲ့ကြခြင်းဖြစ်သည်။
သို့သော်အခုတော့သူတို့ကိုရှာတွေ့သွားခဲ့ချေပြီ။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် ကျိုးဟောင်နောက်ဆုံးတွင် ထွက်လာခဲ့ကာ အားတင်း၍ ပြောလိုက်၏။
“မင်းငါတို့ကိုအပြစ်ပြုလို့မရပါဘူး ငါတို့နဲ့မဆန့်ကျင်တာမင်းတို့အတွက်အကောင်းဆုံးပါပဲ နောက်ဆုံးတော့ ငါတို့အားလုံးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲလေ ဒီပွဲကို သရေလို့မှတ်လိုက်ရင်ရော”
“လစ်လိုက်တော့!” ကျန်းယန် ဒေါသထွက်သွားပြီး အမတသန့်စင်အမွှေးတိုင်အိုးကို ထုတ်လိုက်လေသည်။
“မင်းတို့ သိုလှောင်လက်စွပ်တွေအားလုံးနဲ့ မှော်ရတနာတွေကိုထုတ်ပေး ပြီးရင် ရွှေအမြုတေတွေကိုချိတ်ပိတ်ထားလိုက်…ငါတို့အဇူရာတိမ်ဂိုဏ်းက မင်းတို့ကို အသက်မသေစေရဘူးလို့ အာမခံထားပေမယ့် တစ်ခုခုမဆုံးရှုံးစေရဘူးလို့ အာမခံမထားဘူး”