ငါ့မျိုးရိုးနာမည်က ကျန်း၊ မောက်မာတဲ့ကျန်း!
Vol. 7 Ch. 80
ကျန်းယန် ဒေါသထွက်နေခဲ့သည်။ ထိုကောင်များသည် လူစု၍ သူတို့ကိုဝိုင်း၀န်းသတ်ဖြတ်ရန် ကြိုးစားခဲ့ပြီး ထိုကဲ့သို့သော လုပ်ရပ်မျိုးလုပ်ပြီးချိန်၌ပင် ဘာမှမဖြစ်ဘဲ ဒီတိုင်းလေးပြန်ထွက်သွားနိုင်မည်ဟု ထင်နေခြင်းပေလော။
သူချက်ချင်းပင် အမတသန့်စင်အမွှေးတိုင်အိုးကိုအသက်သွင်းလိုက်ပြီး အတင်းဖိနှိပ်ဖို့ ပြင်လိုက်လေသည်။
ကျိုးဟောင်နှင့်အခြားသူများ၏ အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့၏။ ကျန်းယန် အခုလောက်ကြီး ရိုင်းရိုင်းစိုင်းစိုင်း စည်းမဲ့ကမ်းမဲ့ပြုမူလိမ့်မည်ဟု သူတို့ထင်မထားမိခဲ့ကြပေ။
သူအံ့အားသင့်သွားပြီး အမြန်အော်ပြောလိုက်သည်။
“ငါတို့က ၀မ်လင်းဂိုဏ်းကပဲ မင်းကလန်ကျားအထွတ်အမြတ်မြေကို အပြစ်ပြုပြီးသွားပြီ အခု၀မ်လင်းဂိုဏ်းကိုပါထပ်ပြီးအပြစ်ပြုမယ်ဆိုရင် မင်းတို့အဇူရာတိမ်ဂိုဏ်း အမြစ်ဖြတ်သုတ်သင်ခံသွားရလိမ့်မယ်”
“၀မ်လင်းဂိုဏ်းလား” ကျန်းယန် စစ်ထူမင်ယွဲ့ကိုလှည့်ကြည့်လိုက်သည်။
ဒီနှစ်များအတွင်း ဤကမ္ဘာကြီးနှင့်ပတ်သက်ပြီးသူရရှိခဲ့သော ဗဟုသုတကအကန့်အသတ်ရှိပြီး သူသိထားသမျှက သူ့ဆရာနှင့်ဆရာဦးလေးများ ပြောထားသမျှသာဖြစ်၏။
ဥပမာဆိုရသော် သူ၀မ်လင်းဂိုဏ်းဟူသောအမည်ကိုတစ်ခါမှ မကြားခဲ့ဖူးပေ။
စစ်ထူမင်ယွဲ့အမူအရာပြောင်းလဲသွားပြီး လေးလေးနက်နက်ပြောလိုက်သည်။
“၀မ်လင်းဂိုဏ်းကလည်း ထိပ်တန်းအဆင့်ဂိုဏ်းတစ်ဂိုဏ်းပဲ သူတို့က လန်ကျားအထွတ်အမြတ်မြေထက်တောင် သန်မာတယ်”
ကျိုးဟောင်အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“ငါတို့၀မ်လင်းဂိုဏ်းက ဘာလို့လန်ကျားအထွတ်အမြတ်မြေထက် သန်မာလဲဆိုတော့ ငါတို့မှာ ဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ ပညာရှင်တွေလို့ ပြောလို့ရတဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ဘိုးဘေးတွေရှိနေလို့ပဲ မင်းတို့အဇူရာတိမ်ဂိုဏ်းမှာ အများဆုံးရှိလှ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူေလာက်ေပါ့ ငါတို့ဂိုဏ်းမှာတော့ တာအိုပေါင်းစည်းခြင်းအဆင့်တွေအများကြီးရှ်ိတဲ့အပြင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေလည်းရှိတယ် မင်းသာငါတို့ကိုအပြစ်ပြုရဲရင် ငါတို့ဘက်က တာအိုပေါင်းစည်းခြင်းအဆင့်နည်းနည်းလောက်လွှတ်လိုက်ရုံနဲ့ မင်းတို့အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးပစ်လို့ရတယ် အဲ့တော့ မင်းကပ်ဘေးကိုမဖိတ်ခေါ်ဖို့ ငါအကြံပေးချင်တယ်”
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ဒီကိစ္စကိုသတိထားကိုင်တွယ်မှ ဖြစ်မယ်” ကျန်းကျစ်ချိုးလည်း အကြံပေးလိုက်သည်။
ကျန်းယန်မျက်မှောင်ကြုံ့လိုက်ပြီး ကျိုးဟောင်ကိုကြည့်လိုက်ကာ
“မင်းတို့၀မ်လင်းဂိုဏ်းကတကယ်အံ့ဖွယ်ပါပဲ ဒါတောင် မင်းတို့ကအရှက်မရှိ ငါတို့လျှို့ဝှက်နယ်မြေထဲ၀င်လာသေးတယ်လား”
ကျိုးဟောင် စိတ်တိုသွားပြီး အော်ပြောလိုက်၏။
“ငါဝင်ချင်လို့ ၀င်လာတယ်လို့ထင်နေလားကွ ငါ့ဘိုးဘေးတွေကသာ ဒီလျှို့ဝှက်နယ်မြေကို စုံစမ်းထောက်လှမ်းဖို့ တာ၀န်မပေးခဲ့ရင် ဒီငမွဲနေရာကို အလုပ်ရှုပ်ခံပြီး လာနေမှာကိုမဟုတ်ဘူး”
ပြောနေရင်း သူတစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
သူဒီနေရာတွင် ဘာကိုမှမစုံစမ်းနိုင်သေးသလို အရိုက်ပင်ခံခဲ့ရသေး၏။
ကျန်းယန် ကြောင်သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေသည် တစ်ခုခုမှားယွင်းနေခြင်းပေလော။ ထိုလူများက ဒီနေရာတွင် ဘယ်အရာကို စုံစမ်းထောက်လှမ်းနေကြပါသနည်း။
၀မ်လင်းဂိုဏ်းသည် အင်အားကြီးမားလွန်းလှပြီး အဇူရာတိမ်ဂိုဏ်းအနေနှင့် လတ်တလောတော့ သွားမယှဉ်နိုင်လောက်ဘူးဟုလည်း ကျန်ယန်ခံစားလိုက်ရ၏။ သို့သော် အနိုင်ကျင့်ခံရပြီးချိန်၌ အနိုင်ကျင့်သူများကို ဒီတိုင်းပြန်လွှတ်လိုက်ခြင်းမှာ သူ့ပုံစံမဟုတ်ပေ။
သူအေးစက်စက်ပြောလိုက်သည်။
“ငါထပ်ပြောမယ် မင်းတို့သိုလှောင်လက်စွပ်တွေနဲ့ မှော်ရတနာတွေကိုငါ့လက်ထဲအပ်ခဲ့ မင်းတို့ရွှေအမြုတေတွေကိုချိတ်ပိတ် ငါကိုယ်တိုင်လာလုပ်ရရင် မင်းတို့ခန္ဓာကိုယ်တွေ အကောင်းအတိုင်းကျန်မကျန် အာမမခံနိုင်ဘူး ငါ ၃ အထိရေမယ် ရေပြီးလို့မှ မင်းတို့ငါပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်တော့ ငါကိုယ်တိုင်လုပ်ရလိမ့်မယ်! ၁!”
“မင်းတို့အဇူရာတိမ်ဂိုဏ်းကတကယ်ကြီး ပြဿနာဖြစ်ချင်နေတာလား” ကျိုးဟောင် စိတ်ရှုပ်ထွေးနေခဲ့၏။
“၂!”
“မင်းကလုံး၀အကျိုးအကြောင်းမသင့်တဲ့ကောင် တကယ့်စောက်ရူး! ကပ်ဘေးရောက်လာတဲ့အခါ မင်းနောင်တရရလိမ့်မယ်!”
“၃!”
“မလုပ်နဲ့ ငါတို့အရှုံးပေးတယ်!”
အမတသန့်စင်အမွှေးတိုင်အိုးက တကယ်ကြီးကြီးမားလာကာ သူတို့အပေါ်ဖိအားသက်ရောက်လာသောအခါ ကျိုးဟောင်တို့ ဆက်မတောင့်ခံရဲတော့ပေ။
သူတို့တစ်ယောက်ပြီးတစ်ယောက် နာကျင်စွာဖြင့် သိုလှောင်လက်စွပ်များနှင့်မှော်ရတနာများကို ထုတ်ပေးလိုက်ကြရပြီး ရွှေအမြုတေများကိုချိတ်ပိတ်လိုက်ကာ အရှုံးပေးလိုက်ရလေသည်။
“ကျေးဇူးမသိတတ်တဲ့ကောင်တွေ!” ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ သူတို့ရွှေအမြုတေများအပေါ် နောက်ထပ်စည်းတစ်ခုပါ ထပ်ချထားလိုက်၏။
“ငါမင်းတို့နဲ့ ဘာရန်ညှိုးမှမရှိပေမယ့် မင်းတို့ကငါ့ကို လူတွေအများကြီးခေါ်လာပြီး ဝိုင်းသတ်ဖို့ ကြံစည်ခဲ့တယ် ပြီးတော့လည်း မင်းတို့ဂိုဏ်းနာမည်ကိုသုံးပြီးတောင် ငါ့ကိုခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သေးတယ် မင်းတို့၀မ်လင်းဂိုဏ်းမှာ အရှက်ရောရှိလားလို့ ငါတကယ်သိချင်မိတယ်”
၀မ်လင်းဂိုဏ်းသည် ဒီဂိုဏ်းသားလေးအနည်းငယ်အတွက် တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များကို အဇူရာတိမ်ဂိုဏ်းဆီ လွှတ်လိမ့်မည် မဟုတ်ပေ။
၀မ်လင်းဂိုဏ်းက ထိုမျှအထိအရှက်မဲ့လိမ့်မည်ဟု ကျန်းယန် မယုံပေ။
ကျိုးဟောင်နှင့်အခြားသူများကို ဖမ်းဆီးပြီးနောက် ကျန်းယန် ကျန်းကျစ်ချိုးတို့ဘက်လှည့်ကြည့်ကာ ညွှန်ကြားလိုက်၏။
“ဒီကောင်တွေကို ရေကန်ဘေးထိခေါ်သွားလိုက် အဲ့ဒီမှာငါ့ကိုစောင့်နေ ဒါပေမယ့် ရေကန်နားတော့ အရမ်းမကပ်နဲ့နော် ပြီးတော့ သူတို့ကိုအဲ့ဒီနေရာမှာပဲထားပြီး သေချာစောင့်ကြည့်ထား ငါအကုန်လုံးကိုဖမ်းမိပြီးရင် ကန်ဘေးမှာပဲ ပြန်ဆုံကြမယ်”
ကျန်းကျစ်ချိုးရင်ထဲအေးစိမ့်နေခဲ့လေသည်။ သူ့စီနီယာအစ်ကိုကြီးသည် ဤလူများကို ငါးစာအဖြစ်သုံးဖို့ကြံနေမှန်း သူသိနေခဲ့၏။
သူသည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သောကြောင့် သူ့ကိုယ်သူ လုံလောက်အောင်ကြမ်းတမ်းနေပြီဟု ထင်ခဲ့ပါသော်လည်း သူ့စီနီယာအစ်ကိုကြီးက ပိုပြီးပင်ကြောက်စရာကောင်းနေသေးသည်။
သို့သော်လည်း သက်တန့်ငါး၏အရသာကိုပြန်စဉ်းစားမိသွားသောအခါ သူကျိုးဟောင်တို့ကို စိတ်အားထက်သန်စွာပင် ကန်ဘေးခေါ်သွားခဲ့လိုက်၏။
ကျန်းကျစ်ချိုးတို့ထွက်သွားတာကို ကြည့်နေပြီးနောက် ကျန်းယန် စစ်ထူမင်ယွဲ့ကိုညွှန်ကြားလိုက်သည်။
“ဒီသိုလှောင်လက်စွပ်တွေကိုသိမ်းထား နောက်တစ်ဖွဲ့ရှာကြတာပေါ့”
စစ်ထူမင်ယွဲ့ ပထမဆုံးအကြိမ်အနေဖြင့် ကျန်းယန်၏အခြားတစ်ဖက်ခြမ်းကိုမြင်လိုက်ရပြီးအနည်းငယ်တော့ အံ့အားသင့်သွားခဲ့၏။
မိုးပြာလကုန်သွယ်သမဂ္ဂနှင့် အဇူရာတိမ်ဧည့်ဂေဟာကိုတည်ထောင်ခဲ့ပုံက ကျန်းယန်၏စရိုက်သဘာ၀အမှန်ဟု သူထင်ခဲ့ပါသော်လည်း သူ့အစ်ကိုကြီးက သတ်ဖြတ်ရာတွင်လည်း ပြတ်သားနေခဲ့သည်။
နောက်ရက်များတွင်လည်း ကျန်းယန် သူတို့ကိုသတ်ဖို့ကြံခဲ့သော ရွှေအမြုတေအဆင့်များကိုလိုက်ဖမ်းခဲ့ပြီး အားလုံးပေါင်း ၁၂ယောက်တိတိ မိလာခဲ့၏။
ထိုအထဲက အချို့သည် လန်ကျားအထွတ်အမြတ်မြေကိုကူညီကာ စစ်ထူမင်ယွဲ့ကိုတိုက်ခိုက်ခဲ့ကြသူများ ဖြစ်ကြသည်။
၁၂ယောက်ထဲတွင် ၈ယောက်က သေခြင်းရှင်ခြင်းစာချုပ်တွင် လက်မှတ်ထိုးမထားခဲ့ပေ။
“မင်းတို့ကံကောင်းတယ် မင်းတို့အသက်တွေကိုတော့ ချမ်းသာပေးရတော့မှာပေါ့!” ကျန်းယန် ကျိုးဟောင်နှင့်အခြား ၈ ယောက်ကိုကြည့်လိုက်ကာ
“ဒီနေ့ကစပြီး မင်းတို့ငါ့ကိုမှတ်မိနေဖို့ မျှော်လင့်ပါတယ် ငါ့နာမည်က ကျန်းယန် ကျန်းက မောက်မာတဲ့ကျန်း ယန်ကလွှမ်းမိုးတဲ့ယန်စွမ်းအား အနာဂတ်ကျရင်တော့ ငါ့ရန်သူဖြစ်မလာခင် ဖြစ်သင့်မဖြစ်သင့် သေချာတွေးကြပေါ့ကွာ”
ထိုစကားပြောပြီးနောက် သူ သေခြင်းရှင်ခြင်းစာချုပ်တွင်လက်မှတ်ထိုးထားသူ လေးယောက်ကို ရေကန်ထဲပစ်ချလိုက်လေသည်။
သူတို့ဒန်တျန်များကိုချိတ်ပိတ်ခံထားရသောကြောင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများက သာမန်လူများနှင့်မခြားဖြစ်နေခဲ့၏။
စိတ်၀ိညာဥ်ရေကန်ထဲနစ်မြုပ်မသွားခင် ရွှေအမြုတေအဆင့် ၄ယောက် အသည်းအသန်ရုန်းကန်နေခဲ့ကြသည်။
ကျိုးဟောင်နှင့်အခြားသူများကတော့ မျက်နှာများဖြူဖျော့နေပြီး အခုလို ရွှေအမြုတေအဆင့်များကို အရှင်လတ်လတ်ငါးစာကျွေးသည့် အဖြစ်မျိုး သူတို့တစ်ခါမှ မမြင်ဖူးကြပေ။
ထိုအခိုက်တွင် ကျန်းယန်ကို သူတို့စိတ်ထဲတွင် မိစ္ဆာဘုရင်တစ်ကောင်အဖြစ် မြင်လာမိကြ၏။
အထူးသဖြင့် ရွှေအမြုတေအဆင့်များကို ရေကန်ထဲမှ ကြီးမားလှသောသတ္တဝါကြီးများက အရှင်လတ်လတ်ဝါးမြိုပစ်လိုက်တာကို မြင်လိုက်ရသောအခါ သူတို့မောက်မာမှုများ လုံး၀ပျောက်ကွယ်သွားခဲ့ရလေသည်။
“မင်းတို့ ၈ယောက် ကန်ဘေးမှာငြိမ်ငြိမ်ထိုင်နေကြ ခွင့်ပြုချက်မရရင် တစ်ယောက်မှမလှုပ်နဲ့ နောက်ရက်တွေလည်း လျှို့ဝှက်နယ်မြေပြန်ဖွင့်တဲ့အချိန်အထိ ဒီလိုပဲထိုင်နေရမယ်” ကျန်းယန် ရွှေအမြုတေအဆင့် ၈ ယောက်ကို မှာလိုက်၏။
ထို့နောက် သူ ကျန်းကျစ်ချိုးနှင့်စစ်ထူမင်ယွဲ့တို့က ကန်ဘေးတွင် ပုန်းအောင်းလိုက်ကြသည်။
ထိုမြင်ကွင်းကိုအရင်ကမမြင်ဖူးခဲ့သော စစ်ထူမင်ယွဲ့ မေးလိုက်၏။
“စီနီယာအစ်ကိုကြီး ညီမလေးတို့ဘာလို့ပုန်းနေတာလဲ”
“ငါးဖမ်းမလို့!” ကျန်းယန် ရေကန်ကိုမမှိတ်မသုန်ကြည့်ရှုနေရင်း
“ရေကန်ထဲမှာ သက်တန့်ငါးတွေရှိတယ် ပြီးတော့ အဲ့ကောင်တွေက ကျင့်ကြံသူတွေကိုစားတာ…ငါ ၂ကောင်တော့ ခက်ခက်ခဲခဲဖမ်းထားပြီးပြီ နောက်ထပ်ရှိဦးမလား ကြည့်ကြတာပေါ့”
စစ်ထူမင်ယွဲ့ မျက်လုံးများပြူးကျယ်သွားကာ သူ့အစ်ကိုကြီးက တကယ့်နတ်ဆိုးပဲဟု တွေးမိသွားခဲ့လေသည်။
သို့သော် ဤအဖွဲ့ကတန်ယောင်ကွမ်းနှင့်ပေါင်းကာ သူမကိုတိုက်ခိုက်ခဲ့ပုံကို ပြန်စဉ်းစားမိသောအခါ ငါးစာလုပ်ဖို့ တန်ယောင်ကွမ်းကပိုသင့်တော်သည်ဟူ၍ပင် ခံစားလိုက်ရ၏။
ကျန်းယန်၏လုပ်ရပ်များကိုစောင့်ကြည့်နေသော ချင်းယွင်ကျိ အကြိမ်ကြိမ်ခေါင်းခါယမ်းလိုက်ပြီး
“ငါဒီကောင်လေးကို တပည့်အဖြစ်ခေါ်ခဲ့မိတာ အံ့ဩစရာမရှိတော့ပါဘူး သူကငါနဲ့တကယ်တူတာကိုး ငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ ခံတပ်အဖြစ် ဒီလိုတပည့်တစ်ယောက်တော့ ရှိနေဖို့လိုတယ်”
ထို့နောက် သူ့အေးစက်စက်အကြည့်က တောင်အောက်ဆီ ရောက်ရှိသွားခဲ့သည်။
၀မ်လင်းဂိုဏ်း၊လန်ကျားအထွတ်အမြတ်မြေ…ဒီကောင်တွေက ငါတို့ဂိုဏ်းတပည့်တွေကို ဒုက္ခပေးရုံတင်မကဘူး ငါတို့လျှို့ဝှက်နယ်မြေကိုပါ လာထောက်လှမ်းချင်နေတာလား!
လျှို့ဝှက်နယ်မြေကိစ္စပြီးဆုံးသွားကာ ဂိုဏ်းထဲတွင် အရာအားလုံး အခြေပြန်ကျသွားပြီဆိုတာနှင့် သူအပြင်ထွက်ပြီး သူ့တည်ရှိမှုကို အများသိအောင် ပြဖို့တော့ လိုလာခဲ့ချေပြီ။
စိတ်ဝိညာဉ်ရေကန် အနက်ပိုင်းထဲတွင် အနီရောင်အရိပ်များကူးလူးသွားလာနေခဲ့ကြပြီး သူတို့ကြမ်းကြုတ်သောမျက်လုံးများက ကမ်းခြေပေါ်ရှိ လူများဆီသို့သာ ရောက်ရှိနေခဲ့ကြသည်။
သူတို့ညီအစ်ကိုနှစ်ယောက်ကို ဆုံးရှုံးပြီးပြီဖြစ်သောကြောင့် ဤထောင်ချောက်ထဲထပ်အကျခံလို့တော့ မဖြစ်တော့ပေ။
သို့သော်လည်း သူတို့ဤဆွဲဆောင်မှုကို တောင့်မခံနိုင်ကြပေ။
အထူးသဖြင့် အရေအတွက်က ၈ ယောက်တောင်ဖြစ်နေပြီး ထိုလူများကမလှုပ်မယှက်ရှိနေကြသော အခါမျိုးတွင်ဖြစ်၏။ ထိုအရာက ငါးစာချထားခြင်းဖြစ်မှန်းလည်း ထင်ရှားနေခဲ့ပြန်သည်။
အနီရောင်အရိပ်များ လှုပ်လှုပ်ရွရွဖြစ်နေသော်လည်း လှုပ်တော့မလှုပ်ရှားခဲ့ပေ။
လျှို့ဝှက်နယ်မြေပိတ်တော့မည့်အချိန်သို့ နီးကပ်လာသောအခါ ကျန်းယန် အနည်းငယ်စိတ်တိုလာခဲ့၏။
ဒီသက်တန့်ငါးတွေက ရူးနေပုံတော့မရဘူးပဲ ငါးစာကိုအခုထိ လာမဟပ်ကြသေးဘူး!
ထိုစဉ် ရုတ်တရက်ဆိုသလို စိတ်ဝိညာဉ်ရေကန်လှိုင်းများထန်လာခဲ့ပြီး အနီရောင်အရိပ်များက ကြမ်းကြုတ်ေသာအမူအရာများဖြင့် ထိုးတက်လာခဲ့ကြလေသည်။
သက်တန့်ငါးများ ပေါ်ပေါက်လာခဲ့ချေပြီ။
ဒီတစ်ကြိမ်တွင်တော့ တစ်ကောင်နှစ်ကောင်သာမဟုတ်ဘဲ ဒါဇင်နှင့်ချီပြီးပေါ်လာခဲ့ခြင်း ဖြစ်၏။
ငါးအုပ်ခေါင်းဆောင်သည် ရောင်စုံလင်းပိုင်အသွင်အပြင်ရှိပြီး ကြမ်းကြုတ်သောမျက်လုံးများရှိကာ ဒါဇင်နှင့်ချီသောငါးအုပ်ကို ဦးဆောင်လာခဲ့သည်။ သူတို့အုပ်လိုက်ကြီး ကမ်းခြေကလူများဆီ ဦးတည်လာနေသောကြောင့် ကန်ထဲတွင် လှိုင်းများထလာခဲ့ရခြင်း ဖြစ်၏။
“ဘုရားသခင်!” ကျန်းယန်ငေးကြောင်သွားခဲ့သည်။
သူငါးဖမ်းဖို့ ဒီနေရာတွင်ပုန်းနေခြင်းဖြစ်ပါသော်လည်း ထိုမျှအများကြီးကျ…
“စီနီယာအစ်ကိုကြီး အမြန်ဖမ်း အမြန်ဖမ်း သူတို့လာနေပြီ! အများကြီးပဲ!” စစ်ထူမင်ယွဲ့ရေကန်ကိုလက်ညှိုးညွှန်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“အရူးမရဲ့ ပြေးဟ!” ကျန်းယန် စစ်ထူမင်ယွဲ့ကိုဆွဲခေါ်ကာ လှည့်ပြေးလေတော့သည်။
သက်တန့်ငါးတစ်ကောင်ကပင် ရွှေအမြုတေအဆင့်တစ်ယောက်နှင့် ညီမျှ၏။ အခုလို သက်တန့်ငါးအုပ်လိုက်ကြီး အထူးသဖြင့် ရှေ့ဆုံးကငါးကြီးမျိုးကို သွားဖမ်းဖို့ ကြံလျှင်တော့ ထိုအရာက သေလမ်းရှာနေခြင်းသာ ဖြစ်နေပေလိမ့်မည်။