← Chapters

မျက်နှာပေါ်တက်နင်းခြင်း

Vol. 7 Ch. 81

မျက်နှာပေါ်တက်နင်းခြင်း

Vol. 7 Ch. 81

စစ်ထူမင်ယွဲ့ အနည်းငယ်ကြောင်အသွားခဲ့သည်။ သက်တန့်ငါးများကိုဖမ်းတော့မည်ဟု သူမထင်ထားခဲ့ခြင်းဖြစ်ပြီး အခုတော့ အဘယ်ကြောင့် ထွက်ပြေးနေရပါသနည်း။

သူမအရင်ကသက်တန့်ငါးကိုမမြင်ဖူးသောကြောင့် သက်တန့်ငါးဘယ်လောက်ကြောက်ဖို့ကောင်းသလဲ မသိခဲ့ပေ။ ကျန်းယန် သူမကိုလက်ဆွဲပြေးသွားတာ တခဏကြာမှ သူမအသိပြန်၀င်သွားခဲ့၏။

“ညီမလေးကိုလွှတ်ဦး…” စစ်ထူမင်ယွဲ့ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး အရင်ကခံစားခဲ့ရသလို တူညီသောခံစားချက်မျိုးကို ပြန်ခံစားလိုက်ရလေသည်။

ကျန်းယန် သူမကိုလွှတ်လိုက်၏။ သူ့သက်တန့်ငါးဖမ်းမည့်အစီအစဉ်က အခုလိုအဆုံးသတ်သွားရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။ သက်တန့်ငါးများသည် အကုန်နီးနီးကန်ထဲမှ ထွက်လာကြသည့်ပုံပင်။

ထိုကလေးချီလီကလည်း မယုံရပေ။

မင်းပြောတော့ သက်တန့်ငါးတွေက ၃မီတာလောက်ရှည်တယ်ဆို ဒါကြီးက ၃မီတာလားဟ!

အကြီးဆုံး မကောင်းဆိုးဝါးသက်တန့်ငါးကြီးသည် ဘယ်လိုမှ ၃မီတာ မဖြစ်နိုင်ပေ။

“သက်တန့်ငါးတွေက အဲ့လောက်တုံးပုံတော့မပေါ်ဘူး ကြည့်ရတာ နောက်ထပ် ထပ်ဖမ်းဖို့ လွယ်တော့မယ့်ပုံမပေါ်ဘူး” ကျန်းယန် ခေါင်းယမ်းလိုက်ကာ

“ထွက်မသွားခင် နည်းနည်းလောက်တော့ထပ်ဖမ်းချင်သေးတာ ဒါပေမယ့် အခွင့်အရေးရှိတော့ပုံ မပေါ်ပါဘူး လျှို့ဝှက်နယ်မြေကထွက်ဖို့ပဲ ပြင်ဆင်ကြတာပေါ့”

လျှို့ဝှက်နယ်မြေက ပိတ်ချိန်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လူအားလုံးနီးနီးလည်း ထွက်သွားကုန်ကြပြီ ဖြစ်၏။ အဇူရာတိမ်ဂိုဏ်းကတော့ သူတို့ကတိကိုထိန်းသိမ်းသည့်အနေဖြင့် ကျန်းယန်တို့ကိုတမင်တကာနောက်ဆုံးတွင် ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လေဟာနယ်ကပုံပြောင်းသွားခဲ့ပြီး ကျန်းယန်တို့သုံးယောက် အဇူရာတိမ်ဂိုဏ်း ဂိတ်တံခါး၀တွင် ပြန်ပေါ်လာခဲ့ကြ၏။

ထိုအခိုက်တွင် ကျန်းယန် ကျိုးဟောင်နှင့်အခြားသူများကို မြင်လိုက်ရသည်။

သူတို့မျက်နှာများက နှင်းခဲလို ဖြူဖျော့နေခဲ့ကြ၏။ ကျန်းယန်ကိုမြင်သောအခါ သူတို့မျက်နှာပေါ်တွင် ဒေါသနှင့်ကြောက်ရွံ့မှုရောပြွန်းနေသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

အစကတော့ ကျန်းယန်ကသူတို့ကိုရေကန်ဘေးတွင်ထားခြင်းက ငါးစာလုပ်ထားခြင်းမှန်း သူတို့မသိခဲ့ကြပေ။ သက်တန့်ငါးများပေါ်လာသောအချိန်မှ သူတို့အခြေအနေကို နားလည်သွားခဲ့ကြရ၏။ တကယ်တော့ သူတို့ကို ထိုကောင်က ငါးစာအဖြစ်အသုံးပြုသွားခြင်းပင်။

သူတို့သည် ၀မ်လင်းဂိုဏ်းတပည့်များဖြစ်ပြီး ထိုကဲ့သို့သော အဆင့်အတန်းနှင့်သူတို့က ငါးစာအဖြစ်အသုံးပြုခံခဲ့ရခြင်းပေလော။

ထိုအခိုက်တွင် သူတို့ကျန်းယန်ကို လူအရေခွံခြုံထားသော မိစ္ဆာတစ်ကောင်အဖြစ်သာ မြင်တော့သည်။

ကျိုးဟောင်က အမုန်းတရားများပြည့်နေသော အကြည့်ကိုမြင်ပြီး ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

သူလူတိုင်းကို ပေးချင်သည်မှာ သူ့ကိုတိုက်ခိုက်ရဲသည့်လူတိုင်းက တစ်ခုခုပြန်ဆုံးရှုံးဖို့လည်း ကြိုပြင်ထားသင့်သည်ဟူသော သင်ခန်းစာသာ ဖြစ်သည်။

ထိုကိစ္စကြောင့် သူ့ကမိစ္ဆာတစ်ကောင်ဟူသော ဂုဏ်သတင်းမျိုးထွက်သွားလည်း သူဂရုမစိုက်ပေ။

ထိုစဉ် လင်းယွင်ကျိ ကြေငြာလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေဖွင့်လှစ်ခြင်းအစီအစဉ်ကတော့ အခုပဲပြီးဆုံးသွားပါပြီ အနာဂတ်မှာ လျှို့ဝှက်နယ်မြေဖွင့်ဖို့ အစီအစဉ်ရှိလာခဲ့ရင် ဂိုဏ်းကအားလုံးကို အကြောင်းကြားပေးပါ့မယ်”

“ဘာ!” စုမင်ယန် အော်ပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေကပိတ်သွားပြီလား ငါတို့ဂိုဏ်းက ဘာလို့ ရွှေအမြုတေအဆင့်တစ်ယောက်ပဲ ပြန်ထွက်လာတာလဲ အခြားလူတွေကရော”

ဂိုဏ်းများစွာက ထိုကိစ္စအပေါ် အပြစ်တင်ပြောဆိုလာကြ၏။ သူတို့ဂိုဏ်းကတပည့်များလည်း ပြန်ပေါ်မလာခဲ့ကြပေ။

တကယ်တော့ ဘာဖြစ်ခဲ့သလဲဆိုတာကိုလည်း သူတို့သိနေခဲ့ကြသည်။

ကျန်းယန်ပြန်ထွက်လာတာကို မြင်လိုက်တာနှင့် သူတို့အစီအစဉ်ကျရှုံးသွားရမှန်း သူတို့နားလည်လိုက်၏။

လန်ကျားအထွတ်အမြတ်မြေကတပည့်များ၏အခြေအနေကို ကြည့်လိုက်ရုံနှင့် သူတို့တပည့်များလည်း ကပ်ဘေးနှင့်ကြုံလိုက်ရပြီမှန်း သူတို့ခန့်မှန်းမိကြသည်။

သို့သော် အခုလိုထုတ်ပြောလိုက်ရခြင်းမှာ တပည့်များ ဆံုးရှံုးလုိုက်ရ‌ေသာ ဂိုဏ်းများစွာ၏အရှိန်ကိုသုံး၍ အဇူရာတိမ်ဂိုဏ်းကိုဖိအားပေးတိုက်ခိုက်လိုသောကြောင့် ဖြစ်၏။

လင်းယွင်ကျိ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“လျှို့ဝှက်နယ်မြေမဖွင့်ခင်ကတည်းက လျှို့ဝှက်နယ်မြေကမဖွင့်တာကြာပြီမလို့ အရမ်းအန္တရာယ်များကြောင်း ငါမင်းတို့ကို မပြောခဲ့ဘူးလား

အစကတော့ အဇူရာတိမ်ဂိုဏ်းက မင်းတို့တပည့်တွေရဲ့ လုံခြုံရေးကိုတာ၀န်ယူပေးမလို့ပဲလေ ဒါပေမယ့် မင်းတို့ပဲသေခြင်းရှင်ခြင်းစာချုပ်မှာ လက်မှတ်ထိုးသွားတာ မဟုတ်လား အဲ့တာကြောင့် မင်းတို့တပည့်တွေ သေတာရှင်တာက သူတို့ကိုယ်တိုင်ပဲတာ၀န်ယူရမယ့် ကိစ္စပဲ

မင်းတို့က ဒါကိုနားမလည်ရလောက်အောင်တုံးနေရင်တော့ မင်းတို့တပည့်တွေကလည်း ငတုံးတွေမလို့ လျှို့ဝှက်နယ်မြေထဲမှာ သေသွားတာနေမှာပေါ့”

စုမင်ယန် ဒေါသတကြီး အော်ပြောလိုက်သည်။

“ဂိုဏ်းပေါင်းများစွာကတပည့်တွေ မင်းတို့လျှို့ဝှက်နယ်မြေထဲမှာ သေသွားခဲ့ရတာ အဇူရာတိမ်ဂိုဏ်းကဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခုပေးကိုပေးရမယ် မဟုတ်ရင်တော့ ငါတို့အဆိုးမဆိုနဲ့ မင်းတို့လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ရဲ့ ပါရမီရှင်တပည့်တွေကိုဆုံးရှုံးခဲ့ရတာ မင်းတို့ငါတို့ကိုပြန်ပြီးအလျော်ပေးကိုပေးရမယ်”

အခြားမဟာမိတ်ဂိုဏ်းများလည်း အလျော်ပေး‌ဖို့ အော်ပြောလိုက်ကြ၏။

ထိုစဉ် အခြားမဆိုင်သောဂိုဏ်းများကတော့ ဘေးတွင်သာရပ်နေပြီး ရှုပ်ထွေးနေသော အမူအရာများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

သူတို့တပည့်များသည် လုံခြုံဘေးကင်းစွာ ပြန်လာခဲ့ရုံသာမက ကောင်းကင်ရတနာများစွာကိုတောင် ပြန်ယူလာခဲ့ကြသေးသည်။

ထိုရတနာများကသူတို့ဂိုဏ်းများအတွက် အလွန်အကျိုးရှိသောရတနာများ ဖြစ်ကြ၏။

အခုလို ကောင်းကင်ဒဏ္ဍာရီဂိုဏ်းနှင့်အခြားဂိုဏ်းများက အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်နေကြချိန်တွင် ထိုဘေးကကြည့်နေသူများသည် ဤအဖြစ်အပျက်မှ သူတို့အကျိုးအမြတ်ရနိုင်မရနိုင် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

လင်းယွင်ကျိ စုမင်ယန်ကို အေးစက်စက်စိုက်ကြည့်လိုက်ကာ မေးလိုက်၏။

“မင်းက ဘယ်လိုလျော်ကြေးမျိုးလိုချင်တာလဲ”

စုမင်ယန် သူ့သွားဖြူဖြူများပေါ်သည်အထိ ပြုံးဖြဲဖြဲလုပ်လိုက်ပြီး

“မင်းတို့အဇူရာတိမ်ဂိုဏ်းမှာ ရတနာလက်နက်တွေအများကြီးရှ်ိတယ်မဟုတ်လား ငါတို့ဂိုဏ်းက ပါရမီရှင်နှစ်ယောက်ဆုံးရှုံးခဲ့ရတာဆိုတော့ လျော်ကြေးက စိတ်ဝိညာဉ်အဆင့်ရတနာနှစ်ခုပဲ”

သူ့စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်ကြီး အဝေးသို့လွင့်ထွက်သွားခဲ့လေသည်။

“ဂျွတ်…”

အရိုးကျိုး‌ေကြသံနှင့်အတူ အပြာရောင်တာအို၀တ်စုံကို၀တ်ဆင်ထားသော ချင်းယွင်ကျိက စုမင်ယန် မျက်နှာကို‌ေမြကြီး‌ေပါ်ကပ်ကာ ခြေထောက်နှင့်ဖိနင်းထားသော မြင်ကွင်းက အားလုံးမြင်ကွင်းရှေ့တွင် ပေါ်လာခဲ့၏။ သူ့ခြေထောက်အောက်က စုမင်ယန်ကိုကြည့်လိုက်ပြီး ချင်းယွင်ကျိ အေးစက်စက်ပြောလိုက်သည်။

“လျော်ကြေးလား မင်းကဘာလျော်ကြေးမျိုးလိုချင်တာလဲ မင်းတို့နောက်ဆုံးတစ်ခေါက် အဇူရာတိမ်ဂိုဏ်းကိုလာတုန်းက မင်းတို့ကို ပါးမရိုက်မိအောင် ငါမနည်းထိန်းထားခဲ့ရတာ အခုတော့ မင်းတို့ကထပ်ကန်တက်လာပြန်ပြီပေါ့ ဒီလူအိုကြီးက ဒီလောက်သဘောကောင်းမယ်လို့ မင်းတို့တကယ်ကြီး ထင်နေတာလား”

ဘေးနားကလူတိုင်း ထိုမြင်ကွင်းကြောင့် ငေးကြောင်နေခဲ့ကြ၏။

နတ်ဝိညာဉ်အဆင့်ဖြစ်သော စုမင်ယန်က ထိုမျှအားနည်းနေခြင်းပေလော။

နတ်ဝိညာဉ်အဆင့်တစ်ယောက်က ဘာမှမခုခံနိုင်ခင် ပါးရိုက်ခံလိုက်ရကာ မြေကြီးပေါ်တွင် မျက်နှာကိုခြေထောက်နှင့်တက်နင်းထားခြင်းကို ခံနေခဲ့ရသည်။

“ဘယ်သူလျော်ကြေးလိုချင်သေးလဲ ရှေ့တက်ခဲ့ကြ” ချင်းယွင်ကျိ ခေါင်းမော့ကာ လူအုပ်ကြီးထဲရှိလူတစ်ယောက်ချင်းစီကို ကြည့်၍ မေးလိုက်၏။

“ငါသေချာမကြားလိုက်ဘူး ခုနက လျော်ကြေးလိုချင်တယ်လို့အော်တဲ့ကောင်တွေက ဘယ်ကောင်တွေလဲ”

သူ့အကြည့်ဖြတ်သွားသည်နှင့် လျော်ကြေးလိုချင်သည်ဟု အော်ခဲ့ကြသူတိုင်း အလိုလိုနောက်သို့‌ခြေလှမ်းများစွာ ဆုတ်သွားခဲ့ကြသည်။

ဘေးကကြည့်နေကြသူများပင် ချင်းယွင်ကျိ အကြည့်ကိုရင်မဆိုင်ရဲကြပေ။

နတ်ဝိညာဉ်အဆင့်တစ်ယောက်ပင် အခုလို ဖိချေခံလိုက်ရလေရာ ချင်းယွင်ကျိက အနည်းဆုံးတာအိုပေါင်းစည်းခြင်းအဆင့်ရှိမှန်း လူတိုင်းသိ‌ရှိနေခဲ့ကြချေပြီ။

ထိုကဲ့သို့သော သူတစ်ယောက်ရှေ့တွင် ဘယ်သူက အဆင်အခြင်မဲ့ပြုမူရဲပါမည်နည်း။

ထိုအခိုက်တွင် ကျန်းယန်ရှေ့ထွက်လာပြီး ခုနကအသံအကျယ်ဆုံးအော်ခဲ့သော လူများကိုလက်ညှိုးထိုးပြလိုက်ကာ

“ဆရာ သူတို့ပဲ သူတို့ကခုနတုန်းကလျော်ကြေးပေးဖို့ အသံအကျယ်ဆုံးအော်ခဲ့တဲ့လူတွေ”

နတ်ဝိညာဉ်အဆင့်အချို့နှင့် ဝိညာဉ်အခြေတည်အဆင့်များ ဖြူဖျော့သွားကြပြီး ခေါင်းကိုသာ အကြိမ်ကြိမ်ခါယမ်းနေခဲ့ကြသည်။

“ငါတို့မဟုတ်ပါဘူး ငါတို့ဘာမှမပြောခဲ့ဘူးနော် ငါတို့ကိုမစွပ်စွဲနဲ့”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။

သူကထိုအခွင့်အရေးကိုသုံးကာ အားလုံးကိုဖိနှိပ်ပြချင်ခြင်းဖြစ်ပြီး အကုန်လုံးကို ရှင်းပစ်လိုခြင်းတော့ မဟုတ်ပေ။

သူ့ခြေထောက်အောက်က စုမင်ယန်‌မျက်နှာကိုငုံ့ကြည့်လိုက်ပြီး သူအေးစက်စက်ပြောလိုက်သည်။

“မင်းတို့ကြံစည်ထားတဲ့ အသေးအမွှားအကြံအစည်လေးတွေကို ငါမသိဘူးမထင်နဲ့ ငါလျစ်လျူရှုထားခဲ့တာက ၀င်ပါရမှာ ပျင်းလွန်းလို့ပဲ တကယ်လို့ ဒီလူအိုကြီးသာ ၀င်ပါဖို့ဆုံးဖြတ်ခဲ့ရင် မင်းတို့တွေ အကျိုးဆက်ကိုရင်ဆိုင်နိုင်မယ်လို့ ထင်လား”

ခြေထောက်နှင့်နင်းခံထားရသော စုမင်ယန် ဘာမှမပြောခဲ့ပေ။ မပြောရခြင်းမှာ သူပြန်မပြောရဲသောကြောင့်ဖြစ်ပြီး ထိုအခိုက်တွင် သူလှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။

သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်ပါသော်လည်း လုံး၀ မလှုပ်နိုင်ခဲ့ပေ။ သူ့စိတ်ဝိညာဉ်စွမ်းအားများကိုပင် မလည်ပတ်နိုင်ခဲ့ဘဲ သူ့အဖြစ်က လက်ညှိုးဖြင့်ဖိခံထားရသော ပုရွက်ဆိတ်တစ်ကောင်လိုဖြစ်နေကာ အချိန်မရွေး သေသွားနိုင်ပေသည်။

ထိုအချိန်တွင် သူနှင့်ချင်းယွင်ကျိကြားက ကြီးမားလွန်းသော ခွန်အားကွာဟမှုကို သူနားလည်သွားခဲ့ပြီး ခါးသက်သက် မျှော်လင့်ချက်မဲ့မှုကို ခံစားနေခဲ့ရ၏။

ဒါကိုမသိဘဲ သူက ချင်းယွင်ကျိလိုလူရှိနေသော အဇူရာတိမ်ဂိုဏ်းကို အကောက်ကြံဖို့ကြံစည်ခဲ့သေးသည်။ ဘယ်လောက် ရူးမိုက်ခဲ့ပါသနည်း။

“လစ်လိုက်တော့ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုပြောလိုက် အဇူရာတိမ်ဂိုဏ်းကိုလာပြီး သူကိုယ်တိုင်ဖြေရှင်းချက်ပေးရမယ်လို့” ချင်းယွင်ကျိ အေးစက်စွာ ဆက်ပြောလိုက်သည်။

“မဟုတ်ရင်တော့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဒီကုန်းမြေတိုက်ကြီးပေါ်မှာ ဆက်ပြီးတည်ရှိနေစရာ အကြောင်းမရှိတော့ဘူး”

ပြောပြီးသည်နှင့် သူ့ခြေဖဝါးကိုမလိုက်၏။

စုမင်ယန် ဘာမှပြန်မပြောရဲခဲ့ဘဲ လွတ်မြောက်သွားသည်နှင့် တချိုးတည်း လစ်ပြေးလေတော့သည်။ အနိုင်ကျင့်ခံရ‌ေသာ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာကတော့ ပူစပ်ပူလောင်ဖြစ်နေခဲ့၏။

ဒီနေရာတွင် သူတခဏလေးတောင် မနေနိုင်တော့ပေ။

ထို့အပြင် ချင်းယွင်ကျိပြောစကားအရ ထိုလူကြီးသည် သူတို့ဂိုဏ်းတည်ထောင်သူကိုတကယ်ကြီး သိရှိနေခြင်းပေလော။

‌တကယ်တော့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုယ်တိုင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ချင်းယွင်ကျိ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး အကြံအစည်ထဲတွင်ပါခဲ့သော အခြားဂိုဏ်းများကိုကြည့်လိုက်ကာ

“မင်းတို့ကတော့ မင်းတို့ဖာသာအလိုက်သိတာပိုကောင်းလိမ့်မယ်” သူပေါ့ပေါ့ပါးပါးပြောလိုက်၏။

ထို့နောက် ရိုးရှင်းစွာပင် မြင်ကွင်းမှပျောက်ကွယ်သွားခဲ့လေသည်။

သူရည်ညွှန်းပြောခဲ့သော ဂိုဏ်းများကတော့ ချွေးအေးများထွက်သွားကြပြီး အကြိမ်ကြိမ်ဦးညွှတ်အရိုအသေပေးကာ ကြောက်လန့်တကြား လစ်ပြေးသွားခဲ့ကြ၏။

အစကတည်းက ထိုကိစ္စတွင်မပါ၀င်ခဲ့ကြသူများကတော့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ကံကောင်းစွာဖြင့် သူတို့ဂိုဏ်းများ ဒီနေ့အနိုင်ကျင့်မခံလိုက်ရပေ။

ထို့နောက်တွင်တော့ ဂိုဏ်းတစ်ဂိုဏ်းပြီးတစ်ဂိုဏ်း အဇူရာတိမ်ဂိုဏ်းကိုကျေးဇူးတင်စကားပြောကာ ထွက်ခွာသွားခဲ့ကြ၏။

တကယ်လည်း သူတို့ကျေးဇူးတင်သင့်ပေသည်။ အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲက သူတို့ရခဲ့သော ကောင်းကင်ရတနာများက အဇူရာတိမ်ဂိုဏ်းကို သူတို့ပေးခဲ့ရသည့်ဈေးထက် အများကြီး ပိုတန်နေခဲ့၏။

ထို့ကြောင့် သူတို့ကျေးဇူးတင်တာက သဘာ၀သာဖြစ်သည်။ သို့သော် ချင်းယွင်ကျိပေါ်မလာခဲ့ရင်တော့ ကျေးဇူးတင်ဖို့ကိုတောင် ထိုလူများမေ့လျော့သွားကောင်း သွားနိုင်နေသေး၏။

အခုတော့ အဇူရာတိမ်ဂိုဏ်း၏အင်အားကို သတိထားမိသွားပြီး အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်းနှင့်သူတို့ဂိုဏ်းများ၏ဆက်ဆံရေးကိုပင် ပြန်သုံးသပ်ရပေတော့မည်။

အခြားဂိုဏ်းများထွက်ခွာသွားသောအခါ စစ်ထူဟောင်နန်လည်း ထွက်ခွာဖို့ ပြင်လိုက်သည်။

သူ့သမီးကဒီနေရာတွင် လုံခြုံနေပြီဖြစ်သောကြောင့် သူ့သမီးအတွက်တော့ ဘာမှဆက်ပြီး စိတ်ပူနေစရာမလိုတော့ပေ။

ယခုအခါ သူ့အာရုံများအားလုံးက အဖွဲ့၀င်ကဒ်ဆီသို့သာ ရောက်ရှိနေခဲ့၏။

လက်ကျန်ငွေကိုရှင်းပြီး ‌အဖွဲ့၀င်ကဒ်တစ်ထောင်ကိုလက်ခံရရှိပြီးသောအခါ ယွင်ထန့်အင်ပါယာတွင် အဖွဲ့၀င်စနစ်ကိုအသက်သွင်းဖို့ စစ်ထူဟောင်နန် ပျော်ရွှင်စွာ အလျင်အမြန်ပြန်သွားခဲ့လေသည်။

All Chapters