← Chapters

ကျင့်ကြံသူတစ်ယောက်၏ အကျဉ်းချုပ်တင်ပြချက်

Vol. 7 Ch. 82

ကျင့်ကြံသူတစ်ယောက်၏ အကျဉ်းချုပ်တင်ပြချက်

Vol. 7 Ch. 82

အဇူရာတိမ်ဂိတ်တံခါးရှေ့တွင် အဇူရာတိမ်ဂိုဏ်းသားများအားလုံး ချင်းယွင်ကျိကိုယ်တိုင်ဝင်လှုပ်ရှားခဲ့သည်ကို ကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့ဂိုဏ်းသခင်သည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို တစ်ချက်တည်းဖြင့် အမှောက်သိပ်‌ခဲ့ခြင်း ဖြစ်၏။

လင်းယွင်ကျိနှင့်အခြားအကြီးအကဲများတောင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ကြပေ။

“စီနီယာအစ်ကိုကြီးမလှုပ်ရှားတာ နှစ်ပေါင်းအတော်ကြာသွားပြီ သူ့စွမ်းအားကတော့ ပိုပိုပြီး နက်ရှိုင်းလာတယ်” ပိုင်ယွင်ကျိ ချစ်စဖွယ်ပြုံးလိုက်ကာ ပြောလိုက်သည်။

ပိလင်းကျိလည်း သူ့စီနီယာအစ်ကိုကြီးကိုအားကျသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့၏။

နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်သည် သူတို့ဆရာ သူတို့လေးစားအားကျရသူသာ မဟုတ်ပါလော။

“ဆရာက မိုက်လိုက်တာ!” စစ်ထူမင်ယွဲ့စိတ်လှုပ်ရှားစွာဖြင့် ကျန်းယန်ကိုပြောလိုက်သည်။

ချင်းယွင်ကျိ နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့သည်က နဂါးပျံအစောင့်တပ်ကိုဖြစ်ပြီး ထိုစဉ်က လူအရေအတွက်များခဲ့သော်လည်း သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်များသာ ဖြစ်ကြ၏။

သို့သော် အခုကတော့ မတူပေ။ တစ်ဖက်လူက နတ်ဝိညာဉ်အဆင့်ဖြစ်နေခဲ့သည်။

နတ်ဝိညာဉ်အဆင့်များသည် ဒုတိယတန်းစားအဆင့်ဂိုဏ်းများတွင် တည်ထောင်သူအဆင့်များဟု ပြော၍ရပြီး အခုတော့ ထိုနတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သူ့ဆရာက တစ်ချက်တည်းဖြင့် အမှောက်သိပ်လိုက်ကာ မြေပေါ်တွင်ခြေထောက်နှင့်နင်းထားခဲ့၏။

ကျန်းယန်ပင်အတော်လေးလေးစားအားကျသွားခဲ့ရသည်။ ဤနုပျိုသောလူအိုကြီးက ဒီလောက်ပြတ်ပြတ်သားသားလုပ်လိုက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

နတ်ဝိညာဉ်‌အဆင့်တစ်ယောက်မျက်နှာပေါ် ခြေထောက်နှင့်နင်းထားဖို့က…သူရောဘယ်အချိန်တွင် ထိုကဲ့သို့သောစွမ်းအားမျိုး ရှိလာနိုင်ပါမည်နည်း။

အခြေခံတည်ဆောက်ခြင်းအဆင့်လေးများကတော့ နတ်ဝိညာဉ်အဆင့်ဆိုတာ ဘာမှန်းမသိကြ၍ ထိုမျှတုန်လှုပ်သွားခြင်းမျိုးမရှ်ိကြပေ။ သို့သော် သူတို့စိတ်တော့လှုပ်ရှားနေခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့ဂိုဏ်းသခင်က ဂိုဏ်းဆီရောက်ရှိလာသော ဂိုဏ်းတိုင်းကိုဖိနှိပ်ထားခဲ့ခြင်းဖြစ်ပြီး ထိုဂိုဏ်းများက လက်တစ်ဖက်ပင်ပြန်ပြီးကြွမလာရဲ‌ခဲ့ပေ။

“ကောင်းပြီ လူတိုင်းပဲတောင်ပေါ်ပြန်ကြမယ်!” လင်းယွင်ကျိ ပြုံးကာပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေဖွင့်လှစ်ခြင်းက ပြီးဆုံးသွားပြီ အခုက လူတိုင်းကျင့်ကြံခြင်းမှာ ပြန်အာရုံစိုက်ရမယ့်အချိန်ပဲ”

“ခဏနေပါဦး” ကျန်းယန် ရုတ်တရက်ပြောလိုက်၏။

“မပြန်ခင် အားလုံးကို ပြောစရာရှ်ိပါသေးတယ်”

လူတိုင်း၏ခြေလှမ်းများရပ်တန့်သွားခဲ့ကြသည်။

“အကြီးအကဲတွေတော့ မပါဘူး” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ဒါပေမယ့် အကြီးအကဲတွေကလွဲပြီးလူတိုင်းက မင်းတို့အခုကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အကျဉ်းချုပ်ပြန်ရေးရမယ်

လျှို့ဝှက်နယ်မြေထဲ၀င်ခဲ့တဲ့တပည့်တိုင်း မင်းတို့ကြုံတွေ့ခဲ့ရတာတွေ သင်ယူခဲ့ရတာတွေအ‌ေကြာင်း အကျဉ်းချုပ်တင်ပြချက်တစ်စောင်ရေးရမယ်”

ကျင့်ကြံခြင်းကအရေးကြီးသော်လည်း သူ့‌ဦးနှောက်ဆေးခြင်းလုပ်ငန်းစဉ်ကိုလည်း မေ့ပစ်ထား၍ မရသေးပေ။

“ညီမလေးတို့…ညီမလေးတို့ရော ရေးရမှာလား” စစ်ထူမင်ယွဲ့နှင့်ကျန်းကျစ်ချိုးတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ စိတ်ရှုပ်သွားခဲ့ကြသည်။

အကျဉ်းချုပ်တင်ပြချက်လား!

ကျင့်ကြံခြင်းတွင်ထိုကဲ့သို့သောအရာမျိုးလိုအပ်သည်ဟု သူတို့တစ်ခါမှ မကြားခဲ့ဖူးကြပေ။

“အင်း ရေးရမယ်” ကျန်းယန်ခပ်တည်တည်ပြောလိုက်၏။

“ဂျူနီယာညီလေးကျန်း အဇူရာတိမ်မြို့တော်ရဲ့ မြို့စားတစ်ယောက်အနေနဲ့ မင်းမှာကတာ၀န်ယူစရာတွေအများကြီးရှိတယ် အခုမင်းရဲ့အဇူရာတိမ်မြို့ကိုလာတဲ့အခြားဂိုဏ်းတွေကိုလည်း မင်းမြင်ခဲ့ပြီးပြီ ပြီးတော့ လျှို့ဝှက်နယ်မြေထဲမှာ မင်းကိုအမဲလိုက်တဲ့ကိစ္စမျိုးကိုလည်း ကြုံတွေ့ခဲ့ရပြီးပြီ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မင်းမှာအတွေးအမြင်တွေအများကြီးရှိနေမယ်လို့ ငါယုံတယ်

ပြီးတော့ ဂျူနီယာညီမလေးမင်ယွဲ့ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး နင့်မှာရော ခံစားချက်တွေမရှိဘူးလား လန်ကျားအထွတ်အမြတ်မြေကကောင်တွေပေါင်းပြီး နင့်ကိုဝိုင်းဖမ်းဖို့ ကြိုးစားခဲ့ကြတာလေ ဘယ်လိုခံစားရလဲ အဲ့ဒီတုန်းကခံစားခဲ့ရတဲ့ခံစားချက်တွေနဲ့ သင်ယူခဲ့ရတာတွေကို အကျဉ်းချုပ်ပြန်မရေးသင့်ဘူးလား

နောက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေ အခြားဂိုဏ်းတွေ ငါတို့ကိုဘယ်လိုဆက်ဆံလဲဆိုတာ မင်းတို့မတွေ့ခဲ့ရဘူးလား

လျှို့ဝှက်နယ်မြေထဲမဝင်ခဲ့တဲ့သူတွေတောင် အခြားဂိုဏ်းတွေ အခုပဲငါတို့ကိုဘယ်လိုအနိုင်ကျင့်ဖို့ကြိုးစားလဲ မြင်လိုက်ကြတယ်မလား

တကယ်လို့ ဂိုဏ်းချုပ်သာ၀င်မပါခဲ့ရင် ဘာတွေဖြစ်သွားနိုင်မလဲ

ဘာလို့မင်းတို့အားလုံးတိတ်ဆိတ်နေကြတာလဲ

ဒီကိစ္စကမင်းတို့ကိုတစ်ခုခုသင်မပေးလိုက်ဘူးလား

အဲ့တာကြောင့် လူတိုင်း အကျဉ်းချုပ်တင်ပြချက်တစ်စောင်စီ ရေးကိုရေးရမယ်

မင်းတို့မှာ အချိန် ၇ ရက်ရှိတယ် ပြီးရင် ငါ့ဆီတင်ပြကြ ပြီးအောင်ရေးနိုင်တဲ့သူတွေက ဂိုဏ်းအမှတ်တွေရရှိကြလိမ့်မယ် အမှတ်မြင့်နေလေလေ အနာဂတ်မှာ ပစ္စည်းကောင်းတွေပိုပြီးရနိုင်လေလေပဲနော်

ပြီးအောင်မရေးနိုင်တဲ့သူတွေကတော့ ဂိုဏ်းအမှတ်တွေ ဆုံးရှုံးရလိမ့်မယ်

တကယ်လို့ အမှတ်မပြည့်လို့ အနာဂတ်မှာအခွင့်အရေးတွေဆုံးရှုံးရရင်တော့ ကိုယ့်ကိုကိုယ်သာ အပစ်တင်ကြပေတော့!”

“ဟုတ်ပြီ အခုအားလုံးပဲတောင်ပေါ်ပြန်ပြီး ရေးလို့ရပါပြီ”

အခြေခံတည်ဆောက်ခြင်းအဆင့်များ ချက်ချင်းဆိုသလို တောင်ပေါ်ပြန်သွားခဲ့ကြလေသည်။

နှစ်၀က်ကြာ ကျန်းယန်ဦးဆောင်မှုအောက်တွင်နေထိုင်ပြီးနောက် သူတို့စီနီယာအစ်ကိုကြီး၏ ရုတ်တရက် တာ၀န်များပေးတတ်မှုနှင့် သူတို့နေသားကျနေခဲ့ကြပြီ ဖြစ်၏။

သို့သော် စစ်ထူမင်ယွဲ့နှင့်ကျန်းကျစ်ချိုးကတော့ ထူးဆန်းသလိုခံစားနေရကာ ထိုအခြေအနေနှင့် မရင်းမနှီးဖြစ်နေခဲ့သည်။

စစ်ထူမင်ယွဲ့ကတော်သေးဧ။်။ အရင်ကဒါမျိုးတစ်ခါရေးဖူးသောကြောင့် သူမတွင် အတွေ့အကြုံအများအပြား ရှိပေသည်။

ကျန်းကျစ်ချိုးကတော့ သူ့တစ်ဘ၀လုံးဒါမျိုးတစ်ခါမှမရေးဖူးသောကြောင့် လုံး၀ အစိမ်းသက်သက်ဖြစ်နေခဲ့၏။

ဤလျှို့ဝှက်နယ်မြေခရီးပြီးဆုံးသွားပြီးနောက် သူတို့စီနီယာအစ်ကိုကြီး၏နောက်ထပ်တစ်ဖက်ခြမ်းကိုမြင်တွေ့ခဲ့ရသောကြောင့် သူတို့နှစ်ယောက်၏ ကျန်းယန်အပေါ် လေးစားမှုက အဆုံးစွန်ထိရောက်ရှိနေခဲ့သည်။

ထို့ကြောင့် စီနီယာအစ်ကိုကြီးပေးထားသောတာ၀န်ကိုကျေပွန်အောင်တော့ လုပ်ရပေလိမ့်မည်။ သူတို့စိတ်ထဲ စိတ်ရှုပ်ထွေးမှုနှင့် စိတ်၀င်စားမှုတို့ ရောပြွန်းနေခဲ့၏။

လူတိုင်းကိုတာ၀န်ပေးပြီးနောက် ကျန်းယန် သူ့ဆရာဦးလေးများကိုစုကာ ငါးစွပ်ပြုတ်ခွဲပေးနေစဉ်‌တွင် ချင်းယွင်ကျိအသံထွက်ပေါ်လာခဲ့သည်။

“ကောင်စုတ်လေး ဒီကိုယူလာခဲ့စမ်း!”

“လာပြီ လာပြီ ဆရာ!” ကျန်းယန် အလျင်အမြန်ပင် ချင်းယွင်ကျိထံရောက်ရှိသွားခဲ့၏။

ရောက်ရောက်ချင်းပင် သူငါးစွပ်ပြုတ်တစ်ပန်းကန်ထုတ်လိုက်ကာ

“ဒီမှာပါ ဆရာ နည်းနည်းစားလိုက်ပါဦး ကျွန်တော်အခြားဆရာဦးလေးတွေအတွက်လည်း ဝေစုခွဲထားပေးပြီးသွားပြီ နောက်တစ်ကောင်လောက်ထပ်မဖမ်းနိုင်လိုက်တာတော့ ဆိုးတာပဲ မဟုတ်ရင် ကျွန်တော်တို့ ဒီထက်ပိုစားရမှာ”

ချင်းယွင်ကျိ ခပ်ဟဟရယ်မောလိုက်ကာ

“မင်းကစိတ်ကောင်းရှိတဲ့ ကောင်လေးပဲ”

လျှို့ဝှက်နယ်မြေထဲ စိတ်ဝိညာဉ်ရေကန်ထည့်ခဲ့သူက သူဖြစ်သောကြောင့် သက်တန့်ငါးအကြောင်းကိုသိပေသည်။

သို့သော် သူကထိုကဲ့သို့သောရတနာများအပေါ် စိတ်၀င်စားခြင်းမရှိပေ။ ထိုအရာများက ဂိုဏ်း၏ လူငယ်မျိုးဆက်များအတွက်သာ ဖြစ်၏။

သူကျေနပ်နေမိသည်က ကျန်းယန်က သူရခဲ့သောအကျိုးအမြတ်များကို ဂိုဏ်းကအကြီးအကဲများကိုမမေ့မလျော့ခွဲဝေပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

လိမ္မာလိုက်တဲ့ တပည့်လေး!

ထိုအဖြစ်ကြောင့် သူ့အရင်ကတပည့်နှစ်ယောက်ကို သူမတွေးမိဘဲ မနေနိုင်ခဲ့ပေ။ လူတွေက အမှန်တကယ်ပင် တစ်ယောက်နှင့်တစ်ယောက်မတူညီကြပေ။

ကျန်းယန် ရယ်မောလိုက်၏။

“ဆရာ အဲ့လိုမပြောပါနဲ့ ဆရာတို့က ကျွန်တော့်ကိုကောင်းကောင်းပျိုးထောင်ပေးခဲ့ကြတာပဲလေ ကျွန်တော်ကအနည်းဆုံးဒီလောက်လေးတော့ လေးစားမှုပြန်ပေးရမှာပေါ့”

မတူညီသောကမ္ဘာမှလာသူဖြစ်သောကြောင့် သူ့စိတ်ထဲတွင် အကြီးအကဲများကို လေးစားမှုပေးရမည်ဟူသောအသိက သံမှိုလိုစွဲနေခဲ့သည်။ ထိုလုပ်ရပ်၏ အကျိုးဆက်အနေဖြင့် သူ့ဆရာနှင့်အကြီးအကဲများကလည်း သူ့ကိုပြန်ပြီး ကြင်ကြင်နာနာဆက်ဆံပေးခဲ့၏။

ချင်းယွင်ကျိအတွက်ထိုကဲ့သို့သောအစားအစာမျိုးကို စားဖို့မလိုသော်လည်း သူကျန်းယန်ပေးသောငါးစွပ်ပြုတ်ကိုသောက်လိုက်လေသည်။ ထို့နောက် သူမေးလိုက်၏။

“ဆိုတော့ မင်းကနောက်ဆုံးတော့ အမတသန့်စင်အမွှေးတိုင်အိုးရဲ့ သခင်အဖြစ်အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီပေါ့”

ကျန်းယန် ရယ်ကျဲကျဲလုပ်လိုက်ကာ

“အဲ့ဒီစီနီယာကခေါင်းမာပေမယ့် ကျွန်တော်ဒုက္ခရောက်တဲ့အခါကျတော့ ကျွန်တော့်ကိုအတော်လေး ကြည့်ရှုစောင့်ရှောက်ပေးတယ် အဲ့တာကြောင့်လည်း သူကျွန်တော့်ကို အသိအမှတ်ပြုလိုက်တာထင်တယ်”

ချင်းယွင်ကျိ အကူအညီမဲ့စွာသက်ပြင်းချလိုက်ကာ

“ဒီ‌ခွေးကောင်လေးကတော့”

သူတို့ဂိုဏ်း၏ ရတနာအများအပြားသည် ကျန်းယန်၏သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ထိုရတနာများတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိကြသောကြောင့် သူတို့ဆီမှ သခင်အဖြစ်အသိအမှတ်ပြုခြင်းကိုခံရဖို့ကတော့ မလွယ်လှပေ။

ကျန်းယန်၏ခွန်အားနှင့်ဆိုလျှင် သူတို့ကို အတင်းဖိနှိပ်၍ အသိအမှတ်ပြုခိုင်းဖို့က ပိုလို့တောင် မဖြစ်နိုင်သေးသည်။

သို့သော် ထိုကောင်လေးက လုံး၀ကွဲပြားသောနည်းလမ်းကိုရွေးချယ်ခဲ့ပြီး နေ့စဉ်နေ့တိုင်း ထိုရတနာစိတ်ဝိညာဉ်များနှင့်စကားပြောကာ အရှုံးပေးဖို့ ငြင်းဆန်ခဲ့ပြီး ထိုစိတ်ဝိညာဉ်များနှင့် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့၏။

ချင်းယွင်ကျိနှင့်အခြားသူများ ထိုဖြစ်ရပ်ကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

အစကတော့ ထိုကောင်လေးရက်နည်းနည်းကြာရင် အရှုံးပေးသွားမှာပါဟု သူတို့ထင်ခဲ့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ ကျန်းယန်က ထိုအလုပ်ကို ဆယ်နှစ်လုံးလုံး အရှုံးမပေးဘဲ ဆက်လုပ်သွားခဲ့၏။

ဆယ်နှစ်လောက် အဆက်မပြတ်ကြိုးစားခဲ့ပြီးနောက်တွင်တော့ သူစိတ်ဝိညာဉ်ရတနာအတော်များများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရလေသည်။

ထိုကဲ့သို့သော သည်းခံနိုင်မှုမျိုးနှင့် မြဲမြံသောတာအိုနှလုံးသားမျိုးကြောင့် ချင်းယွင်ကျိပင် ကျန်းယန်ကို အံ့အားသင့်သွားခဲ့ရ၏။

‌နောက်ဆုံးတွင် ဘယ်သူက အသက်မဲ့သောအရာ၀တ္ထုကြီးများကို ဆယ်နှစ်လုံးလုံး မပျက်မကွက်စကားပြောနေနိုင်ပါမည်နည်း။

ထိုဖြစ်ရပ်ကြောင့် သူတို့ကျန်းယန်အပေါ် လေးစားသွားခဲ့ကြပြီး ထို့ကြောင့်လည်း သူတို့စိတ်ဝိညာဉ်ရတနာများကို ပြန်မတောင်းခဲ့ကြခြင်းဖြစ်၏။

ထို့နောက် ချင်းယွင်ကျိပြောလိုက်သည်။

“အမတသန့်စင်အ‌မွှေးတိုင်အိုးက လွန်ခဲ့တဲ့ နှစ် ၁၇၀၀ တုန်းက အကြီးအကဲတစ်ယောက်ရဲ့ အသက်ကယ်ရတနာဖြစ်ခဲ့တာ အဲ့ဒီပုဂ္ဂိုလ်က အမတနယ်ပယ်ကိုတက်လှမ်းနိုင်လုနီးနီးဖြစ်ခဲ့တယ်

သူ့မှာရည်မှန်းချက်အကြီးကြီးလည်း ရှိခဲ့သေးတယ် သူက အမတသန့်စင်အမွှေးတိုင်အိုးကို အမတရတနာအဖြစ် ဆင့်ကဲပြောင်းလဲလာစေချင်ခဲ့တာ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး

အဲ့ဒီအချိန်ကတည်းကစ နှစ်ထောင်ချီအတွင်း အမတသန့်စင်အမွှေးတိုင်အိုးရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရတဲ့သူ အနည်းငယ်ပဲရှိခဲ့တယ်

အခုသူကမင်းကိုသခင်အဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတာ အချက်နှစ်ချက်ကြောင့်ပဲ တစ်ချက်က မင်းကိုဂရုစိုက်လို့ပဲ နောက်တစ်ချက်က မင်းကိုယုံကြည်လို့ပဲ သူ့ကိုစိတ်မပျက်စေနဲ့”

ကျန်းယန်မျက်လုံးများ တောက်ပသွားခဲ့သည်။ သူအားရပါးရရယ်မောလိုက်ကာ

“စိတ်မပူပါနဲ့ ဆရာ ဘယ်တော့မှစိတ်မပျက်စေရဘူး တစ်နေ့ကျရင် ကျွန်တော်ကသူ့ကိုတကယ်ကြီး အမတရတနာအဖြစ်ဆင့်ကဲပြောင်းလဲသွားအောင် လုပ်ပစ်မယ် သူ့နာမည်နဲ့လိုက်အောင် တကယ်ကြီး အမတသန့်စင်အမွှေးတိုင်အိုး ဖြစ်လာလိမ့်မယ်”

သူ့စိတ်ဆုံးဖြတ်ထားမှုကိုခံစားမိသောကြောင့် ကျန်းယန်လက်ထဲက အမွှေးတိုင်အိုးပင်အနည်းငယ်တုန်ခါသွားခဲ့၏။

ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြလိုက်ပြီးနောက် တခဏရပ်နေပြီးမှ မေးလိုက်ပြန်သည်။

“ဆိုတော့ …ဒီလျှို့ဝှက်နယ်မြေခရီးနဲ့ပတ်သက်ပြီး မင်းမှာဘယ်လိုအတွေးအမြင်တွေရှိလဲ”

ကျန်းယန် တောင့်တင်းသွားခဲ့၏။

သူအခုပဲလူတိုင်းကို အကျဉ်းချုပ်တင်ပြချက်ရေးဖို့ စေခိုင်းခဲ့ခြင်းဖြစ်ပြီး အခုတော့ ထိုအရာက သူ့ဆီတည့်တည့်ကြီး ပြန်လှည့်လာခဲ့ချေပြီ။

၀ဋ်ဆိုတာ တကယ်မြန်မြန်လည်တာပဲ!

All Chapters