← Chapters

တစ်ကမ္ဘာလုံးကဂိုဏ်းတွေက ငါတို့ပျက်ဆီးတာကို မြင်ချင်နေကြတယ်

Vol. 7 Ch. 83

တစ်ကမ္ဘာလုံးကဂိုဏ်းတွေက ငါတို့ပျက်ဆီးတာကို မြင်ချင်နေကြတယ်

Vol. 7 Ch. 83

“ဒီလျှို့ဝှက်နယ်မြေခရီးစဉ်က ကျွန်တော့်ကို တစ်ကမ္ဘာလုံးက ဂိုဏ်းတွေက ကျွန်တော်တို့ပျက်ဆီးတာကိုမြင်ချင်နေတယ်ဆိုတာကို ပြသသွားခဲ့တယ်” ကျန်းယန် လေး‌လေးနက်နက်အမူအရာဖြင့် အစီရင်ခံလိုက်သည်။

“အဇူရာတိမ်ဂိုဏ်း ဒီနှစ်တွေအတွင်း ကျဆင်းလာမှုက ဂိုဏ်းငယ်လေးတွေများစွာကို မျှော်လင့်ချက်ပေးနေတာ သူတို့က ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ခွဲယူချင်နေကြတယ်

နောက်ပြီး အဲ့ဒီထဲမှာ လန်ကျားအထွတ်အမြတ်မြေနဲ့ ၀မ်လင်းဂိုဏ်းလို ထိပ်တန်းဂိုဏ်းကြီးတွေလည်း ပါနေတော့ ကျွန်တော်တို့အနေနဲ့ သတိဝီရိယအတော်ထားနိုင်မှတော်ကာကျမယ်…”

ချင်းယွင်ကျိအမူအရာထူးဆန်းသွားခဲ့သည်။ သူနားထောင်ချင်သည်က ထိုကိစ္စများမဟုတ်သော်လည်း ကျန်းယန်ကပြောနေမှတော့ သူလည်းနားထောင်ပေးဖို့သာ ဆုံးဖြတ်လိုက်၏။

ကျန်းယန် သူ့အတွေးများနှင့် လျှို့ဝှက်နယ်မြေထဲတွင် စူးစမ်း၍ရလာသမျှအချက်များကို သုံး၍ အဇူရာတိမ်ဂိုဏ်း၏ ပြုပြင်ပြောင်းလဲရေးအကြောင်း ဘက်ပေါင်းစုံမှ ဆွေး‌နွေးတင်ပြခဲ့သည်။ နောက်ဆုံးတွင်တော့ သူပြောလိုက်၏။

“ဒီလျှို့ဝှက်နယ်မြေခရီးကနေ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းရဲ့ ပြစ်ချက်အချို့ကို ကမ္ဘာကြီးကိုပြသလိုက်မိတယ် တကယ်လို့ နောက်ဆုံးမှသာ ဆရာ၀င်မပါခဲ့ရင် ကိစ္စတွေက အဆင်ပြေပြေပြီးသွားမှာမဟုတ်ဘူး

ဒါပေမယ့် ဆရာ၀င်ပါလိုက်တော့ အဲ့ဒီဂိုဏ်းတွေအကုန်လုံး ကျွန်တော်တို့ရဲ့တကယ့်ခွန်အားကို နားလည်သွားကြတယ်

တကယ်လို့ ဆရာက အချိန်တိုအတွင်း အဆင့်မချိုးဖြတ်နိုင်သေးဘဲ အဲ့ဒီဂိုဏ်းတွေက အကြီးအကဲတွေအဆင့်ချိုးဖြတ်နိုင်သွားရင်တော့ အဲ့ဒီအခါ ကျွန်တော်တို့ ပြဿနာတွေတက်ပြီပဲ

အဲ့တာကြောင့် အခုဆရာ့အတွက် အရေးအကြီးဆုံးတာ၀န်က အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်းအမြန်တိုးတက်အောင် တိုက်တွန်းပေးဖို့ပဲ ကျွန်တော်တို့မှာ ရှိသမျှအရင်းအမြစ်တွေအကုန်သုံးပြီး ဆရာတို့အဆင့်ချိုးဖြတ်နိုင်အောင် လုပ်သင့်တယ်လို့ ကျွန်တော်ကတော့ အကြံပေးချင်တယ်”

ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။

“မင်းက ငါ့ထက်ဂိုဏ်းသခင်လုပ်ဖို့ ပိုသင့်တော်တယ် ငါတကယ်ပြောတာ

ဒါပေမယ့် အခုတော့ မင်းဂိုဏ်းရဲ့ပြဿနာတွေကိုစိတ်ပူစရာမလိုသေးဘူး

ဒါပေါ့ မင်းပြောတဲ့ အကြီးအကဲတွေအဆင့်ချိုးဖြတ်ဖို့လိုတယ်ဆိုတဲ့ကိစ္စကလည်း အရေးကြီးတဲ့ကိစ္စပဲ သူတို့‌ေနှာင့်‌ေနှး‌ေနတာကြာပြီ အခုကျင့်ကြံခြင်းအပေါ်ပြန်ပြီး အာရုံစိုက်ရမယ့်အချိန်ရောက်လာပြီ

အဲ့တာတွေထားလိုက်ပါ ငါမင်းကိုတကယ်မေးချင်တာက မင်းလျှို့ဝှက်နယ်မြေထဲမှာ ထူးဆန်းတဲ့အရာတစ်ခုနဲ့ မရင်ဆိုင်ခဲ့ရဘူးလား မင်းဘယ်လိုခံစားရလဲ အဲ့ဒီအရာကမင်းအပေါ်သက်ရောက်မှုတစ်ခုခုရှိလား”

“အဲ့ဒီဟာက ကောင်းပါတယ်” ကျန်းယန် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ချင်းယွင်ကျိ ကျန်းယန်ကိုစိုက်ကြည့်ကာ မေးလိုက်၏။

“ကောင်းတာလား”

ကျန်းယန် စိတ်လှုပ်ရှားစွာ‌ပြောလိုက်၏။

“ဆရာ အဲ့ဒီအရာကကျွန်တော့်ကို ဘယ်လောက်တောင်အကျိုးရှိအောင်ကူညီခဲ့လဲ ဆရာစိတ်ကူးမိမှာတောင်မဟုတ်ဘူး အဲ့တာကြီး ကျွန်တော့်ကိုယ်ထဲ၀င်လာပြီးတော့ ကျွန်တော့်ရွှေအမြုတေကိုထိန်းချုပ်ဖို့ ကြိုးစားတယ် ကံဆိုးတာက ကျွန်တော့်ရွှေအမြုတေက ဗလာကြီးလေ ဘာတာအိုသ‌န္ဓေသားမှမှမရှိတာ အဲ့တော့ သူကျွန်တော့်ကိုထိန်းချုပ်လို့မရခဲ့ဘူး

ပြီးတော့ အဲ့ဒီထူးဆန်းတဲ့အရာကြီးရဲ့စွမ်းအားကို ကျွန်တော့်ရွှေအမြုတေက စုပ်ယူသွားတယ်

ရွှေအမြုတေကအဲ့တာကိုစုပ်ယူပြီးတဲ့အခါကျတော့ ကျွန်တော့်ရွှေအမြုတေရဲ့စွမ်းအားက အနည်းဆုံးဆယ်ပုံတစ်ပုံလောက်တိုးလာတယ်

တကယ်လို့ ကျွန်တော်သာ အဲ့လိုထူးဆန်းတဲ့အရာကြီးတွေနည်းနည်းထပ်ရခဲ့မယ်ဆိုရင် ကျွန်တော့်ရွှေအမြုတေက သန္ဓေသားကိုမွေးဖွားနိုင်ပြီးတော့ တာအိုစွမ်းအားကို စကျင့်ကြံနိုင်မှာ သေချာတယ်”

ချင်းယွင်ကျိ အနည်းငယ်ဆွံ့အသွားခဲ့၏။ ကျန်းယန် မိစ္ဆာသန္ဓေသားနှင့်ပတ်သက်ပြီး အခြားအတွေးများရှိနေမှာကို သူစိတ်ပူနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုကောင်စုတ်ကတော့ မိစ္ဆာသန္ဓေသားကို အစာအဖြစ်သာ သဘောထားနေခဲ့၏။

ကျန်းယန်ရွှေအမြုတေအဆင့်များကို ငါးစာအဖြစ်အသုံးပြုခဲ့သောကိစ္စကိုပြန်တွေးမိသောအခါ သူ့စိတ်ထဲခါးသက်သက်သာပြုံးလိုက်မိသည်။ ထိုကောင်လေးသည် ကိစ္စများကို ဘယ်တော့မှ သာမန်အတိုင်းမတွေးတတ်ပေ။

“အဲ့တာက မိစ္ဆာသန္ဓေသားပဲ” ချင်းယွင်ကျိ ‌ဖြည်းဖြည်းချင်းပြောလိုက်၏။

“အဲ့တာက မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ မိစ္ဆာဝိညာဉ်စွမ်းအားကိုသုံးပြီး ဖန်ဆင်းထားတဲ့ ဖန်ဆင်းမှုတစ်ခုပဲ သူကကျင့်ကြံသူတစ်ယောက်ရဲ့စိတ်ကိုရှုပ်ထွေးသွားအောင် လုပ်ပစ်နိုင်တယ် အဲ့ဒီကျင့်ကြံသူရဲ့ခန္ဓာကိုယ် ညစ်ညမ်းသွားအောင်လည်းလုပ်နိုင်တယ် ပြီးရင်တော့ ခန္ဓာကိုယ်ကိုပါအပိုင်သိမ်းပစ်နိုင်တယ်”

ကျန်းယန်မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားကာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

“ကျွန်တော့်ဂျူနီယာညီမလေးအရမ်းထူးဆန်းနေတာ အံ့ဩစရာမရှိတော့ပါဘူး ကျွန်တော်ထင်တာက သူရောဂါတစ်မျိုးမျိုးရသွားတာလား ထင်နေတာ မိစ္ဆာသန္ဓေသားတစ်ကောင်ရဲ့ ထိန်းချုပ်တာကိုခံထားရမှန်း မသိခဲ့ဘူး အို မဖြစ်သေးပါဘူး အဲ့ဒီမိစ္ဆာက သူ့ကိုယ်ထဲမှာနေခဲ့တာဆိုရင် သူ့ခန္ဓာကိုယ်ညစ်ညမ်းသွားပြီလို့ ဆိုလိုနေတာမဟုတ်လား”

“ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ကကျ ဘာလို့ပျက်ဆီးသွားတဲ့လာလက္ခဏာမှ ရှိမနေတာလဲ ဆရာ ကျွန်တော့်ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်မပေးသင့်ဘူးလား”

ချင်းယွင်ကျိ သာမန်အတိုင်းပြောလိုက်သည်။

“မင်းမှာ တာအိုသန္ဓေသားမရှိ‌ေသးဘူး‌ေလ သူက၀င်ပူးချင်ရင်တောင် မင်းရွှေအမြုတေကိုမထိန်းချုပ်နိုင်ဘူး”

“ဟာ ကျွန်တော်သိပြီ ဘာမှအသုံးမ၀င်တဲ့‌‌ရွှေအမြုတေရှိနေတာက မကောင်းတာတော့မဟုတ်ဘူးပဲ” ကျန်းယန် လက်ခုပ်တီးလိုက်ကာ အသံခပ်ကျယ်ကျယ်ဖြင့် သူ့ကိုယ်သူချီးကျူးလိုက်၏။

“သေချာစဉ်းစားကြည့်ရင် အဖြူထည်ရွှေအမြုတေရှိနေတာက တာအိုရွှေအမြုတေထက်တောင် ပိုကောင်းနေသေးတယ်”

ချင်းယွင်ကျိ ချောင်းနှစ်ချက်ဟန့်လိုက်ပြီး ‌ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် မင်းပြောတာမမှားဘူး မင်းဂျူနီယာညီမလေးကိုလည်း စိတ်ပူစရာမလိုပါဘူး

သူ့ရွှေအမြုတေလည်း သက်ရောက်မှုမခံရဘူး အဲ့ဒီမိစ္ဆာသန္ဓေသားကအစကတည်းက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ လုပ်ခဲ့တာမဟုတ်ဘူးလေ ပြီးတော့ သူ့ရဲ့သိမ်‌မွေ့ယင်တာအိုမျိုးစေ့ကလည်း အလွယ်တကူ အစွန်းအထင်းဖြစ်သွားနိုင်တဲ့အရာမျိုး မဟုတ်ဘူး”

“ဒါဆိုရင်တော့ ကျွန်တော်စိတ်အေးရပါပြီ” ကျန်းယန် ချင်းယွင်ကျိကိုစိတ်၀င်တစားကြည့်လိုက်ကာ

“ဆရာ ဘာလို့မိစ္ဆာသန္ဓေသားက ကျွန်တော်တို့လျှို့ဝှက်နယ်မြေထဲ ရောက်နေတာလဲ အဲ့ဒီအရာရဲ့ ဇာစ်မြစ်က မရိုးရှင်းလောက်ဘူးမဟုတ်လား”

ချင်းယွင်ကျိ တခဏတိတ်ဆိတ်နေပြီးနောက် တိုက်ရိုက်မဖြေခဲ့ဘဲ ထိုအစား ပြန်မေးလိုက်သည်။

“ကျန်းယန် ငါတို့အဇူရာတိမ်ဂိုဏ်းကဆင်းရဲတယ်လို့ မင်းထင်လား”

ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“ဆရာ ဆရာပြောနေတာက စိတ်ဝိညာဉ်ကျောက်တုံးနဲ့ငွေအကြောင်းဆိုရင်တော့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ထက် ဆင်းရဲတဲ့ဂိုဏ်းရှိမှာမဟုတ်တော့ဘူး ဒါပေမယ့် စိတ်ဝိညာဉ်ရတနာတွေအကြောင်းဆိုရင်တော့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ထက် ချမ်းသာတဲ့ဂိုဏ်းအများကြီးမရှ်ိဘူး

ဒါပေါ့ ကျွန်တော်ပြောတာက အရင်တုန်းကအခြေအနေကိုပြောတာ

ကျွန်တော်ပြုပြင်ပြောင်းလဲပြီးတဲ့နောက်မှာတော့ ဂိုဏ်းကပိုပြီးတိုးတက်လာတယ် အရင်းအမြစ်တွေ ရန်ပုံငွေတွေလည်း ပိုများများရှိလာတယ်”

ချင်းယွင်ကျိ အသာအယာပြုံးလိုက်ကာ ပြောလိုက်သည်။

“နှစ်ငါးထောင်လောက်တည်မြဲခဲ့တဲ့ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ ဒီလောက်ဆင်းရဲနေတာ ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား”

“ဆရာ့စီမံခန့်ခွဲမှုစွမ်းရည်က ထူးဆန်းတာကြောင့်လို့ ကျွန်‌တော်ကထင်နေတာ” ကျန်းယန် ခပ်တည်တည်ပြောလိုက်၏။

“ခွေးကောင်လေး!” ချင်းယွင်ကျိ ရယ်ရယ်မောမောဆူဆဲလိုက်ပြီး အဓိကအချက်ကို‌သွားလိုက်သည်။

“မင်းဆရာအသက်ဘယ်လောက်ရှိပြီလို့ထင်လဲ ပြောကြည့်”

ကျန်းယန် တခဏတွန့်ဆုတ်သွားကာ ချင်းယွင်ကျိကို သေချာအကဲခတ်လိုက်ပြီး ပြောလိုက်၏။

“ဂိုဏ်းရဲ့သမိုင်းအရ ဆုံးဖြတ်ရရင် ဆရာက အနည်းဆုံးအသက်၃၀၀တော့ကျော်လောက်ပြီ ဒါပေမယ့် ဆရာ့ကိုယ်ပေါ်မှာအသက်အရွယ်ကြီးရင့်နေတဲ့အရိပ်အယောင်ဘယ်နေရာမှာမှမတွေ့ရဘူး အဲ့တာကြောင့် ကျွန်တော်အတိအကျတော့မပြောတတ်ဘူး”

ရုတ်တရက် သူ့အမူအရာပြောင်းလဲသွားကာ သောကရောက်သွားဟန်‌ဖြင့် ထုတ်မေးလိုက်သည်။

“ဆရာ ဆရာပြဿနာတွေနဲ့ကြုံခဲ့ရလို့ ဆရာ့သက်တမ်းကအဆုံးသတ်ရောက်ဖို့ နီးလာတာလား”

ဤအ‌ေခြအ‌ေနက သူ့ဆရာ သူ့နောက်ဆုံးဆန္ဒကိုဖွင့်ဟနေသည်နှင့် အဘယ်ကြောင့်တူနေရပါသနည်း။

ချင်းယွင်ကျိအမူအရာချက်ချင်းမည်းမှောင်သွားခဲ့၏။ သူဆူလိုက်လေသည်။

“မင်းအရင်သေသွားတောင် ငါကမသေဘူးကွ! တစ်နေကုန် ဘာအဓိပ္ပာယ်မရှိတာတွေတွေးနေတာလဲ ရှိဖူးသမျှတပည့်တွေထဲ မင်းကငါ့ကိုခေါင်းကိုက်အောင်အလုပ်ဆုံးပဲ…မင်းကိုဘာလို့တပည့်အဖြစ်ခေါ်ခဲ့မိလဲ ငါတကယ်ကိုမသိတော့ဘူး မင်းကဆက်တိုက်ငါ့တာအိုနှလုံးသားကိုဖျက်ဆီးနေတာပဲ….ဒီတိုင်းသာဆက်သွားနေရင် ငါအသက်တိုရရင်တောင် မင်းကြောင့်ပဲကွ”

ကျန်းယန် အမြန်ပြောလိုက်၏။

“စိတ်မဆိုးပါနဲ့ ဆရာရယ် ဆရာကသန်မာပြီး သက်တမ်းတွေလည်းအများကြီးရှိပါတယ် ဆရာ့အတွက် ကျွန်တော့်ကြောင့် သက်တမ်းနည်းနည်းလောက်ဆုံးရှုံးရတာက ဘာမှကိစ္စရှိမှာမဟုတ်ပါဘူး ပြီးတော့ ဒီနေ့ဆရာ့အပြုအမူတွေကထူးဆန်းနေတယ်လေ ဆရာဘာပြောဖို့ကြိုးစားနေတာလဲ”

ချင်းယွင်ကျိ သူ့ကိုအကြိမ်အနည်းငယ်ကြည့်လိုက်ပြီး အကူအညီမဲ့စွာခေါင်းယမ်းလိုက်ကာ

“ငါအသက်ရှင်လာခဲ့တာ နှစ်ပေါင်း ၉၀၀ကျော်သွားခဲ့ပြီ…လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက ငါငါ့ဆရာကိုယ်စားတပည့်နည်းနည်းခေါ်လာခဲ့တယ် သူတို့က မင်းစီနီယာဦးလေးတွေပဲ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလည်း ငါနောက်ထပ်တပည့် ၂ယောက်ထပ်လက်ခံခဲ့တယ်….ကောင်စုတ်လေး ဒီလောက်နှစ်တွေအကြာကြီးအသက်ရှင်လာခဲ့တဲ့လူတစ်ယောက်က ဂိုဏ်းကိုဘယ်လိုအုပ်ချုပ်ရမလဲ မသိဘူးလို့ မင်းတကယ်ထင်လား ငါကမင်းလောက်ငွေရှာမတော်ရင်တောင် ဂိုဏ်းဘဏ္ဍာတိုက်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲကျန်တော့တဲ့ထိ အခြေအနေဆိုးသွားမယ်လို့ မင်းထင်လား”

“ဒါဆို ဘာလို့လဲ” ကျန်းယန်မေးလိုက်ပြီး လုံး၀လည်း ပဟေဠိဖြစ်နေခဲ့သည်။

သူ့အကြီးအကဲများက စီးပွားရေးဉာဏ်ထိုမျှမထက်သော်လည်း ဝိညာဉ်အခြေတည်အဆင့်နှင့်တာအိုပေါင်းစည်းခြင်းအဆင့်များဖြစ်သောကြောင့် သူတို့ ဉာဏ်ရည်ကအရမ်းကြီးတော့ ဆိုးမနေသင့်ပေ။

ချင်းယွင်ကျိဖြည်းဖြည်းချင်းပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ငါတို့ထဲကဘယ်သူ့မှာမှ အချိန်ပိုမရှိလို့လဲ! ငါတို့တစ်ယောက်ချင်းစီမှာ ကျေပွန်အောင်ဖြည့်ဆည်းပေးရမယ့်တာ၀န်တွေရှိနေတယ် အဲ့တာကြောင့် ငါတို့ကငွေရှာတာလို ဂိုဏ်းကိစ္စအသေးအမွှားလေးတွေကို အာရုံမစိုက်နိုင်ခဲ့ဘူး အထူးသဖြင့်ငါပေါ့ ငါအဇူရာတိမ်ဂိုဏ်းထဲက အလွယ်တကူထွက်သွားလို့မရဘူး အဲ့တာကြောင့် ဂိုဏ်းကအခုလိုအခြေအနေထိ ရောက်သွားခဲ့ရတာပဲ”

ကျန်းယန် တုန်လှုပ်သွားခဲ့သည်။

“အဇူရာတိမ်ဂိုဏ်းမှာ ဘာတွေဖြစ်သွားခဲ့တာလဲ”

သူရုတ်တရက် လင်းယွင်ကျိပြောခဲ့ဖူးသော အဇူရာတိမ်ဂိုဏ်းကလွန်ခဲ့သောနှစ်တစ်ထောင်ကအပြောင်းအလဲကြီးတစ်ခုနှင့်ကြုံတွေ့ခဲ့ရသည်ဟူသောစကားကို သတိရသွားခဲ့၏။ သူအလျင်အမြန်ပင်မေးလိုက်သည်။

“အဲ့တာက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကကိစ္စနဲ့ဆက်စပ်နေလား အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲဆရာ”

All Chapters