အဆုံးစွန်ထိဆုတ်ခွာခြင်း
Vol. 7 Ch. 86
ကျန်းယန်စကားက အဇူရာတိမ်မောင်နှမများကို ကြောင်အသွားစေခဲ့သည်။
အတန်ကြာသောအခါ လင်းယွင်ကျိ သတိပြန်၀င်သွားပြီးပြောလိုက်၏။
“မင်းအတည်ပြောနေတာ မဟုတ်ဘူးမလား”
မိစ္ဆာအကျော်အမော်အများအပြားကိုသာ ကမ္ဘာကြီးထဲလွှတ်ပေးလိုက်လျှင် ကမ္ဘာကြီးတစ်ခုလုံးဖရိုဖရဲဖြစ်ကုန်ကြပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ကမ္ဘာကြီးဘယ်လိုဖြစ်သွားမလဲ ဘယ်သူမှ မသိနိုင်ပေ။
ကျန်းယန်လေးလေးနက်နက်ပြောလိုက်သည်။
“ဆရာ ဆရာဦးလေးတို့ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက ကိုယ်ကျင့်တရားကိုအေခြခံပြီး လူလည်ကျတာ ခံနေရတာမဟုတ်ဘူးလား ဆရာတို့အဲ့တာကို နားမလည်ကြဘူးလား
အဲ့ဒီမိစ္ဆာပညာရှင်တွေကြောင့် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကမျိုးတုံးလုမတတ် သေေကြခဲ့ရတယ် အခုလည်း ကျွန်တော်တို့က သူတို့ကိုစောင့်ကြပ်ပေးနေရပြန်ပြီ ဒါပေမယ့် အခြားဂိုဏ်းတွေကကျွန်တော်တို့ကို ဘယ်လိုဆက်ဆံလဲ
သူတို့ကဒီအရာကို ကျွန်တော်တို့လုပ်ကိုလုပ်ရမယ့်တာ၀န်လို့ တွက်နေကြတာ
မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာကူညီမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော်တို့ကို ဖိနှိပ်ဖို့တောင်ကြိုးစားနေကြသေးတယ်
ဒါပေမယ့် သေချာတွေးကြည့်ရင် ဒီကိစ္စကြီးကတကယ်ရော ကျွန်တော်တို့နဲ့ သက်ဆိုင်နေလို့လား
ကျွန်တော်တို့က ဒီနေရာမှာ လူလည်ကျခံနေရသူတွေဆိုတာ ထင်ရှားတယ်
ကျွန်တော်တို့က သူတို့ငြိမ်းချမ်းနေဖို့အတွက် မိစ္ဆာတွေကို နှစ်တစ်ထောင်ကြာ စောင့်ကြပ်ပေးထားတယ် ဒါကို အဲ့ဒီခွေးကောင်တွေကကျေးဇူးတင်ရမယ့်အစား ကျွန်တော်တို့ကို တိုက်ခိုက်ချင်နေကြသေးတယ်
ဒီလိုသာဆိုရင်တော့ ကျွန်တော်တို့ဆက်ပြီးစောင့်ကြပ်နေစရာမလိုတော့ဘူး
ကျွန်တော်ဆို့ အဇူရာတိမ်ဂိုဏ်းမှာနယ်မြေ လီ ၃၀၀ပတ်လည်နဲ့ လူနည်းနည်းလေးပဲ ကျန်တော့တာ ကျွန်တော်တို့သွားချင်တဲ့နေရာကိုသွားလို့ရတယ်
အမတရတနာ ၇ခုနဲ့ ဆရာတို့ ၇ယောက်စွမ်းအားနဲ့ဆိုရင် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကို ဘယ်နေရာမှာမဆို ပြန်တည်ဆောက်လို့ရတယ်
အဲ့တာကြောင့် ကျွန်တော်တို့က အချိန်မရွေးဆုတ်ခွာလိုက်လို့ရတယ်
အခြားဂိုဏ်းတွေကို ပြောလိုက်ပါ ကျွန်တော်တို့ကိုဆက်ပြီးစောင့်ကြပ်စေချင်သေးတယ်ဆိုရင် သူတို့ဘက်က ဒီနှစ်တစ်ထောင်အတွင်းကျွန်တော်တို့သုံးခဲ့ရတဲ့ အရင်းအမြစ်တွေအတွက် လျော်ကြေးပြန်ပေးကိုပေးရမယ်လို့ မပေးရင် ကျွန်တော်တို့က အမတရတနာတွေယူပြီး ထွက်သွားရမှာပဲ အဲ့ဒီအခါကျ သူတို့မိစ္ဆာတွေနဲ့ဘယ်လိုရင်ဆိုင်မလဲ ကျွန်တော်သိချင်မိတယ်”
အဇူရာတိမ်မောင်နှမ ၇ဖော် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ဒီကိစ္စကို ဒီလိုနည်းဖြင့် ဖြေရှင်းလို့ရသည်ဟု သူတို့တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
ချင်းယွင်ကျိ တွန့်ဆုတ်စွာမေးလိုက်၏။
“တကယ်လို့ သူတို့ကသဘောမတူရင်ရော”
“ဆရာ မိစ္ဆာသန္ဓေသားတစ်ကောင်က လန်ကျားအထွတ်အမြတ်မြေကတပည့်နဲ့ ချိတ်ဆက်မိသွားတယ်လို့ ဆရာပဲပြောခဲ့တာလေ သူတို့ဒီကိစ္စကို သတိထားမိမှာသေချာတယ်”
ကျန်းယန် တည်တည်ကြည်ကြည်ပြောလိုက်သည်။
“အဇူရာမဟာတိမ်၀င်္ကပါမှာ အနာအဆာတစ်ခုခုရှိလာလို့ မိစ္ဆာသန္ဓေသားကထွက်လာတာလို့ သူတို့တွေးမှာသေချာတယ်
ဒီလိုဆိုမှတော့ ကျွန်တော်တို့လုပ်ဖို့လိုတာက အဲ့ဒီအဟုန်ကိုယူပြီး နောက်ကနေနည်းနည်းထပ်တွန်းလိုက်ဖို့ပဲ
တကယ်လို့ သူတို့ကအဇူရာတိမ်ဂိုဏ်းကိုခြိမ်းခြောက်ရဲရင်တော့ ကျွန်တော်တို့ဘက်ကလည်း ဆုတ်ခွာဖို့ အသင့်ပြင်ထားရလိမ့်မယ်”
ထိုနေရာအရောက်တွင် ကျန်းယန်လေသံက ရက်စက်ကြမ်းကြုတ်သွားခဲ့ကာ
“ဆရာ ဆရာဦးလေးတို့ ကျွန်တော့်ကို ရိုးရိုးသားသားပြောခွင့်ပြုပါ…ဆရာတို့ ရက်စက်ကြမ်းကြုတ်ဖို့လိုလာတဲ့အခါ ရက်စက်ကိုရက်စက်ရမယ် တကယ်လို့ ဆရာတို့ နောက်တစ်ကြိမ်ထပ်ကျရှုံးသွားရင် ဆရာတို့ကို အဲ့ဒီလူတွေက လုံး၀ဝါးမြိုပစ်ကြလိမ့်မယ် ကျွန်တော်တို့မှာကလည်း ဘာမှမကျန်လုနီးနီးပါပဲ…ဆုံးရှုံးစရာမရှိတော့တဲ့လူက ဆုံးရှုံးစရာတစ်ခုခုရှိနေသေးတဲ့လူကိုမကြောက်ဘူး ဒီကိစ္စက သူတို့ဂိုဏ်းကြီးတွေစိတ်ပူရမယ့် ကိစ္စပဲ
ကျွန်တော်ဒီကိစ္စကို အတည်ပြောနေတာ တကယ်လို့ သူတို့ဆရာတို့ကိုသေတဲ့အထိဖိအားေပးတွန်းပို့လိုက်လို့ ဂိုဏ်းမှာကျွန်တော်တစ်ယောက်တည်းကျန်ခဲ့တော့ရင်တော့ ကျွန်တော်ကတကယ်ကြီးအားလုံးကိုလွှတ်ချခဲ့မှာ ကောင်းကင်ကြီးပြိုကျလာရင်တောင် ကျွန်တော်ဂရုမစိုက်ဘူး တစ်ချက်မှာလက်မတွန့်ဘဲ ဆုတ်ခွာပစ်မှာ”
ကိုယ်ကျင့်တရားနဲ့ အကြပ်ကိုင်တာလား!
တကယ်လို့ ငါ့မှာကိုယ်ကျင့်တရားရှိမနေရင် မင်းတို့ငါ့ကိုဘယ်လိုအကြပ်ကိုင်မှာလဲ!
အဇူရာတိမ်မောင်နှမ ၇ဖော် ကျန်းယန်ကို တုန်လှုပ်ကာ စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြသည်။ ထိုကလေးဒီလောက်ရက်စက်လိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။
တစ်ယောက်နှင့်တစ်ယောက်အကြည့်ခြင်းဖလှယ်လိုက်ကြပြီး အတန်ကြာအထိ သူတို့စကားမပြောနိုင်ခဲ့ကြပေ။
အတန်ကြာတိတ်ဆိတ်ပြီးမှ ချင်းယွင်ကျိ မေးလိုက်၏။
“ဒီလိုပြောလိုက်တာတောင်မှ အခြားဂိုဏ်းတွေက ငြင်းနေဦးမယ်ဆိုရင်ရော”
ကျန်းယန် ပြန်ဖြေလိုက်သည်။
“ဆရာ အခြားဂိုဏ်းတွေက မိစ္ဆာတွေထွက်လာရင် ကြုံရမယ့်ပြဿနာတွေကိုေတာင့်ခံဖို့ ပြင်ဆင်ထားနိုင်မယ်လို့ ဆရာထင်လား”
“ဘယ်ထားနိုင်ပါ့မလဲ” ချင်းယွင်ကျိ ခေါင်းယမ်းလိုက်သည်။
“အဲ့ဒီမိစ္ဆာပညာရှင်တွေ စထွက်လာကတည်းက ငါတို့အဇူရာတိမ်ဂိုဏ်းကပဲ ထောင်ချောက်ထဲဖမ်းထည့်ထားခဲ့တာ အခြားဂိုဏ်းတွေအပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ဖူးဘူး”
ကျန်းယန် မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး
“အရင်ကစွမ်းအားကြီးလွန်းတဲ့ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းချုပ်တောင်မိစ္ဆာတွေသတ်ဖြတ်တာကိုခံလိုက်ရတာ တကယ်လို့ အဲ့ဒီမိစ္ဆာတွေသာ သူတို့မပြင်ဆင်နိုင်သေးခင် အပြင်ထွက်လာရင် သူတို့ဂိုဏ်းတွေဂိုဏ်းလုံးကျွတ်ရှင်းခံရနိုင်ချေ မြင့်မသွားဘူးလား
အဲ့ဒီလိုအခြေအနေမှာ သူတို့အတွက် လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ လျော်ကြေးပေးမယ်လို့ ဆရာထင်လား မပေးဘူးလို့ ထင်လား”
ဟွာလင်းကျိခေါင်းယမ်းလိုက်ကာ
“သူတို့က လျော်ကြေးပေးချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာ မိစ္ဆာအန္တရာယ်အတွက် ကြိတ်ပြင်ဆင်နေရင်ရော သူတို့ပြင်ဆင်မှုပြီးသွားတာနဲ့ အဇူရာတိမ်ဂိုဏ်းကိုပြန်ပြီး မခြိမ်းခြောက်နိုင်ဘူးလား”
ကျန်းယန် အေးအေးဆေးဆေးပြုံးလိုက်ကာ
“ပြင်ဆင်ဖို့က နှစ်တွေအများကြီးလိုမှာမဟုတ်လား
အဲ့ဒီနှစ်တွေအတွင်းမှာ သူတို့ပေးတဲ့အရင်းအမြစ်တွေက အဇူရာတိမ်ဂိုဏ်းကို တစ်ဖန်ပြန်ပြီး ကြီးထွားလာဖို့ ကူညီပေးလိမ့်မယ်”
“ကျွန်တော်တို့မှာ ပါရမီရှင်တပည့်တွေ ဒါဇင်နဲ့ချီပြီးရှိတယ် ပြီးတော့ ကျွန်တော့်ဆရာရဲ့ကျင့်ကြံခြင်းကလည်း အံ့ဩစရာကောင်းအောင် စွမ်းအားကြီးတယ် ဆရာဦးလေးတိုင်းမှာလည်း တာအိုပေါင်းစည်းခြင်းအဆင့်ကိုတက်လှမ်းဖို့ အခွင့်အရေးတွေအပြည့်အ၀ရှိနေတယ်
နောက်နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းရဲ့ခွန်အားက လုံး၀ပြောင်းလဲသွားလိမ့်မယ်
အဲ့ဒီအချိန်ရောက်သွားရင်တော့ အဲ့ဒီဂိုဏ်းတွေ၀င်စွက်ဖက်ချင်ရင်တောင် နှစ်ခါပြန်စဉ်းစားရလိမ့်မယ်
အဲ့ဒီလိုခွန်အားမျိုးရှိလာရင် ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုအကြောင်း ပြန်ပြောနိုင်ပြီ!”
အဇူရာတိမ်ဂိုဏ်း၏ခွန်အားက တစ်နေ့တခြားတိုးတက်လာနေသည်ဖြစ်လေရာ လုံလောက်သောခွန်အားရှိသွားလျှင် သူတို့ဘာကိုကြောက်နေဖို့ လိုဦးပါမည်နည်း။
ကြောက်ရွံ့မှုတိုင်းက ခွန်အားမလုံလောက်ခြင်းကသာ လာခြင်းဖြစ်သည်။
အဇူရာတိမ်မောင်နှမ ၇ဖော် ဆွံ့အသွားခဲ့ကြပြန်၏။
အတန်ကြာတွေးပြီးနောက် ချင်းယွင်ကျိ ပြတ်ပြတ်သားသားပြောလိုက်လေသည်။
“ဒုတိယညီလေး မင်းလန်ကျားအထွတ်အမြတ်မြေကိုသွားပြီး ကျန်းယန်ပြောသလို အတိအကျသွားပြောလိုက်”
“အစ်ကိုကြီး ကျွန်တော့်ကိုတကယ်သွားစေချင်တာလား” လင်းယွင်ကျိ ငေးကြောင်ကြောင်ဖြင့် ပြန်မေးလိုက်၏။
သူ့စီနီယာအစ်ကိုကြီး ကျန်းယန်၏ရူးသွပ်စရာကောင်းသည့် အစီအစဉ်ကို အကောင်အထည်ဖော်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
ချင်းယွင်ကျိ ကျန်းယန်ဘက်လှည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ဒီနေ့ကစပြီး မင်းကျင့်ကြံခြင်းကိုငါကိုယ်တိုင်ကူညီမယ် နောက်သုံးနှစ်အတွင်း ဝိညာဉ်အခြေတည်အဆင့် ဒါမှမဟုတ် နတ်ဝိညာဉ်အဆင့်ကိုရောက်ကိုရောက်ရမယ် မင်းမှာယုံကြည်ချက်ရှိလား မင်းတစ်ယောက်တည်းကပဲ အဇူရာတိမ်ဂိုဏ်းရဲ့ ပြဿနာကိုအမှန်တကယ်ဖြေရှင်းနိုင်မှာ အတွင်းပိုင်းပြဿနာတွေသာမရှိရင် ငါတို့ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး”
မူလအပျက်အဆီးရွှေအမြုတေက မိစ္ဆာများကိုရင်ဆိုင်ဖို့ အရေးအကြီးဆုံးသော့ချက်ဖြစ်သောကြောင့် သူဒီဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။
သုံးနှစ်က လုံလောက်သင့်၏။
ကျန်းယန် လေးလေးနက်နက်ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ ကျွန်တော် သုံးနှစ်အတွင်း နတ်ဝိညာဉ်အဆင့်ကိုရောက်ကိုရောက်ရမယ်!”
လင်းယွင်ကျိလည်း အခြားသူများကိုလိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ
“ကောင်းပြီ ကျွန်တော်လန်ကျားအထွတ်အမြတ်မြေကို သွားမယ်!”
ထို့နောက် သူဓားပျံကိုစီးနင်းစွာ ထွက်ခွာသွားခဲ့လေသည်။
ချင်းယွင်ကျိ အခြားသူများကိုကြည့်လိုက်ပြီး ခပ်တင်းတင်းပြောလိုက်၏။
“အခု မင်းတို့အားလုံးလည်း သွားကျင့်ကြံကြတော့ အဆင့်ချိုးဖြတ်ဖို့က ငါတို့အတွက်အရေးအကြီးဆုံး ကိစ္စပဲ”
အခြားသူ ၅ယောက်လည်း ခေါင်းညိတ်ပြကာ အသီးသီးထွက်ခွာသွားခဲ့ကြသည်။
“မင်းက ငါနဲ့လိုက်ခဲ့” ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။
“ဆရာ ကျွန်တော် ကျင့်ကြံဖို့ဆရာနဲ့ပူးပေါင်းနိုင်ပေမယ့် ဂိုဏ်းကိစ္စတွေကိုလည်း လွှတ်ထားလို့မရသေးဘူး” ကျန်းယန် အမြန်ပြောလိုက်သည်။
“ကျွန်တော့်ဦးနှောက်ဆေးတဲ့ အဆင့်တွေကိုရပ်လို့မရဘူး ကျွန်ဝောာ်တို့မှာ အပြင်ပိုင်းပြဿနာတွေအများကြီးရှိနေတာ အတွင်းပိုင်းပြဿနာသာပေါ်လာရင် ကျွန်တော်တို့ အဆုံးသတ်သွားလိမ့်မယ်”
ချင်းယွင်ကျိ တခဏတွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပြီ ကိစ္စတစ်ခုခုပေါ်လာရင် မင်းထွက်ပြီးကိုင်တွယ်လိုက်”
ထိုကိစ္စေလးများလောက်က ကျန်းယန်ကျင့်ကြံခြင်းကိုထိခိုက်နိုင်မှာမဟုတ်ဘူးလို့ သူယုံကြည်ပေသည်။
“အခုတော့ ငါနဲ့လိုက်ခဲ့”
ထို့နောက် သူကျန်းယန်ကို အဇူရာတိမ်ဂိုဏ်း အတွင်းပိုင်းတစ်နေရာသို့ ခေါ်သွားပြီး မိစ္ဆာစွမ်းအင်များ အလွန်သိပ်သည်းသောနေရာတစ်ခုကို ရွေးချယ်လိုက်၏။
“မင်းဒီနေရာမှာ ကျင့်ကြံရမယ်”
ထိုနေရာသို့ အခြားသူများ ၀င်လာလျှင်တော့ မိစ္ဆာစွမ်းအင်များ၏ ဖုံးလွှမ်းခြင်းကိုခံရပြီး စိတ်ဝိညာဉ်ညစ်ညမ်းသွားစေနိုင်ပေသည်။
သို့သော် ကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေကတော့ ထိုအရာကိုစုပ်ယူနိုင်၏။
ကျန်းယန် ခေါင်းညိတ်ပြလိုက်ပြီး တရားစထိုင်လိုက်လေသည်။
ထို့နောက် မူလအပျက်အဆီးရွှေအမြုတေကိုအသက်သွင်းကာ စတင်စုပ်ယူလေတော့၏။
“ဟီးဟီး ဒီခွေးကောင်လေးက ဘယ်ကရောက်လာတာလဲ ငါတို့မိစ္ဆာစွမ်းအင်တွေကို စုပ်ယူရဲတယ်လား ဒီကောင်သေလမ်းရှာနေတာပဲ သူ့ကိုယ်သူတကယ်ကြီးငါတို့လိုအမျိုးအစားထင်နေတာလား”
“ဟားဟား ဒီကောင်တွေတော့ ရူးကုန်ပြီ ဒီနည်းလမ်းကိုသုံးပြီး ငါတို့မိစ္ဆာစွမ်းအင်တွေကုန်ပြီး ပင်ပန်းကုန်အောင်လုပ်နေတာလား ငါတို့တော့ လွတ်ခါနီးပြီထင်တယ်”
“သူကမိစ္ဆာစွမ်းအင်တွေကို စုပ်ယူချင်မှတော့ သူ့ကိုထပ်ပေးလိုက်ကြတာပေါ့…ပေါက်ကွဲသွားဖို့ လုံလောက်တဲ့အထိပေါ့ကွာ!”
မရေတွက်နိုင်သော အတွေးများက လေဟာနယ်ကိုဖြတ်သန်း၍ ဟိန်းထွက်လာခဲ့သည်။ သို့သော် ချင်းယွင်ကျိ အရာအားလုံးကို ချိတ်ပိတ်ထားသောကြောင့် ကျန်းယန်ထိုအသံများကို မကြားရခဲ့ပေ။
ထိုအခိုက်တွင် ချင်းယွင်ကျိ သူ့ကြောက်မက်ဖွယ်အရှိန်အဝါကြီးကိုထုတ်လွှတ်ကာ နယ်မြေတစ်ခုလုံးကို ဖိနှိပ်ထားရင်း မိစ္ဆာပညာရှင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
မိစ္ဆာစွမ်းအင်များ ဒီရေလို ကျန်းယန်ကိုယ်ထဲတစ်လှိုင်းပြီးတစ်လှိုင်းတိုး၀င်လာတာကို သူစောင့်ကြည့်နေခဲ့၏။ မိစ္ဆာစွမ်းအင်များက ကျန်းယန်ကို အန္တရာယ်မဖြစ်စေနိုင်တာ သူသိသော်လည်း မလွယ်ကူမှုကိုခံစားနေရပြီး ကျန်းယန် အခြေအနေကို သေချာဂရုတစိုက် အနီးကပ် အာရုံစိုက်ထားနေခဲ့ရသည်။
စာစဉ်တစ်အုပ်ပြီး၏… နောက်တစ်အုပ်မျှော်…..