‘သူ’
Vol. 78 Ch. 1202
ချန်လွေ့ ရုတ်တရက် သဘောပေါက် သွားခဲ့သည်။ ပုံရိပ်ယောင် အစီအစဉ်က ပြောင်းပြန်ဖြစ်နေရမှာ။
ဒါက ရုပ်ရှင် တစ်ကားကို အဆုံးကနေ နောက်ပြန်ကြည့်ရသလိုပဲ။
ဒါဆိုရင် အဖြစ်အပျက် အစဉ်လိုက်က ‘မျက်လုံး’ နေရာလွတ်မှာ ပွင့်လာတယ်။ ‘အကောင်ကြီးတွေ’ရဲ့ စွမ်းအားတွေက ဝါးမျိုတာ ခံလိုက်ရတယ်။ သူတို့ခန္ဓာတွေ အပိုင်းအပိုင်း ဖြစ်သွားခဲ့တယ်။ ပြီးတော့ တစ်ခုခုက ‘မျက်လုံး’ စွမ်းအားကို စုတ်ပြဲ စေခဲ့ပြီးတော့ ပျံ့ကျဲသွားစေခဲ့တယ်။ နောက်တော့ အကောင်ကြီးတွေကလည်း အားအင်ကုန်သွားပြီး ‘အလောင်းတွေ’ အဖြစ်ကို ပြောင်းသွားခဲ့တယ်။
‘အလောင်းတွေ’ အရင်က အဲဒီလို ထူးထူးဆန်းဆန်း ရပ်နေတာ ဒါကြောင့် ဖြစ်နေတာကိုး။
ထိုနားလည်မှုနှင့်အတူ ချန်လွေ့က နောက်ထပ် မြင်ကွင်းတွင် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့သည်။
လေဟာနယ်တွင် ဧရာမ‘မျက်လုံး’က တဖြည်းဖြည်း ပွင့်လာပြီး ‘အကောင်ကြီးများ’ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။
‘မျက်လုံး’ကို ဆင့်ခေါ်ခဲ့သော အရာက နောက်တစ်ခါ ပြန်ပေါ်လာခဲ့သည်။
ထိုခန္ဓာ အပိုင်းပိုင်း ဖြစ်နေသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ၎င်းက ထို‘အရာ’အဖြစ်သို့ စုစည်းသွားပြီး ယခင် ပျံ့ကျဲသွားသည်နှင့် အတူတူပင်။ ၎င်းမှာ အလင်းတန်း (၇)ခုနှင့် တူ၏။
တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းမှာ ထိုခန္ဓာ ပျက်စီးခြင်းမှ ဖြစ်လာခဲ့သော အရာဖြစ်ပြီး ၎င်းက ထိုသို့သော ‘ဧရာမ တည်ရှိမှုများ’ကို ဖျက်ဆီးနိုင်ရန်အတွက် လုံလောက်သည့် ‘မျက်လုံး’ကို ဆင့်ခေါ် ခဲ့လေသည်။ ထိုခန္ဓာက သေခြင်းတရားကို စတေး၍ ‘မျက်လုံး’ကို ဆင့်ခေါ်ခဲ့ခြင်းပင်။
အဲဒီခန္ဓာကိုယ်... အပိုင်းပိုင်း မဖြစ်ခင် ပုံရိပ်က သူ၏ အမြင်အာရုံတွင် စတင်၍ ပေါ်လာခဲ့သည်။
ထို‘ဧရာမတည်ရှိမှုများ’နှင့် ယှဉ်လျှင် ထိုခန္ဓာက အတော် သေးငယ်သော်လည်း မယုံနိုင်လောက်သော ရလဒ်များကို ဖြစ်စေခဲ့သည်မှာ ထိုကဲ့သို့ သေးငယ်ပြီး လျစ်လျူရှု ခံထားရသော ပုံရိပ်ပင်။
၎င်းမှာ နောက်ကျောတွင် အတောင်ပံ ၁၂ခု ရှိနေသော အရပ်ရှည်ပြီး ပိန်ပါးပါး အမျိုးသား တစ်ဦး ဖြစ်လေသည်။ အတောင်ပံများက တဝက် ဖြူပြီး တစ်ဝက် အနက်ရောင် ဖြစ်နေသည်။ သူက ကောင်းကင်မှ လက်လှမ်း၍ မမီနိုင်သော ထိုတည်ရှိမှုများကို မော့ကြည့်နေခဲ့သည်။
မျက်နှာနှင့် ခန္ဓာတို့ ဝါးနေသော်လည်း အကြည့်ထဲမှ ဇွဲလုံ့လကို ရှင်းလင်းစွာ မမြင်နိုင်လျှင်ပင် ခံစားမိနိုင်၏။
ထိုပုံရိပ် ခဏတာ ရပ်သွားပြီးနောက် နေရာလွတ် ပုံရိပ်က ဝေဝါးသွားခဲ့သည်။ နောက်ဆုံးတွင် သူက ရင်းနှီးသော နေရာ၊ တဲငယ်လေးဆီ တဖြည်းဖြည်း ပြန်လည် ရောက်သွားခဲ့သည်။
အလူစီယာ၏ စိတ်လှည့် တောအုပ်ထဲမှ တဲအိမ်ဆီသို့ပင်...
ချန်လွေ့၏ စိတ်က မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ဖြစ်နေသည်။ သူက ခုနကမှာ စုစည်းထားသော စိတ်စွမ်းအား ‘ဗီဒီယို’ တစ်ခုမျှသာ ဖြစ်ပြီး ၎င်းမှာ မပြည့်စုံကြောင်း ကောင်းစွာ သိသည်။ သို့သော် ထိုသို့မပြည့်စုံသော ပုံရိပ်က တုန်လှုပ်ဖွယ်ကောင်းသော လျှို့ဝှက်ချက် တစ်ခုကို၊ အနည်းဆုံး လျှို့ဝှက်ချက် ထောင့်တစ်နေရာကို ဖော်ပြခဲ့သည်။
နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်...
အရင်က ဘာဖြစ်ခဲ့တာလဲ။
‘မျက်လုံး’က ဘာအဆင့် တည်ရှိမှုလဲ။
မျက်လုံးကို ဆင့်ခေါ်ခဲ့သူက...
ချန်လွေ့ ထိုအကြောင်း တွေးနေစဉ်ပင် အန္တရာယ် အရိပ်အယောင် တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။
မျက်လုံး တစ်စုံက သူ၏ရှေ့တွင် သူ့ကို ကြည့်နေခဲ့လေသည်။ ထို‘ဗီဒီယို’ထဲမှ အမျိုးသား၏ မျက်လုံးပင်။
ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး။ အစစ်အမှန်ပဲ... ပြင်းပြသော အန္တရာယ်ကို အာရုံခံမိရင်း ချန်လွေ့၏ သတိထားမှု ရုတ်တရက် မြင့်တက်လာခဲ့သည်။ သူက ထိုမျက်လုံးကို သတိဖြင့် ကြည့်နေခဲ့သည်။ သို့သော်လည်း နေရာလွတ် စွမ်းအား တစ်မျိုးမျိုးကြောင့် ဖြစ်ပေလိမ့်မည်။ [သရုပ်ခွဲမျက်လုံး]တွင် အထူး အချက်ပြမှု မရှိခဲ့ပေ။
ထိုမျက်လုံးတွင် အထူး ဖိအားပေးမှုများ မရှိသော်လည်း မည်သည့် အရာကိုမျှ မဖုံးကွယ်နိုင်သည့်အလား သိမြင်နိုင်စွမ်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ နက်ရှိုင်းလှသော စိတ်ခံစားချက်များက ထိုအထဲတွင် ဝှက်ထားသည်။ လျစ်လျူရှုမှု၊ ဝမ်းနည်းမှု၊ ချစ်ခင်မှု... ငြီးငွေ့မှု အငွေ့အသက် တစ်ခုပင် ရှိနေသေးသည်။ ဆန့်ကျင်ဘက် ခံစားချက် အမျိုးမျိုးက မယုံနိုင်စရာ ကောင်းလောက်အောင် အရာ တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်နေ၏။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
ထိုသို့သော ထူးခြားသည့် အကြည့်ဖြင့် ချန်လွေ့က ထိုမျက်လုံးကို ပထမဆုံး အကြိမ် တွေ့ရခြင်းကို သေချာသော်လည်း ၎င်းကို တစ်နေရာရာတွင် ယခင်က မြင်တွေ့ခဲ့ဖူးသကဲ့သို့ ရင်းနှီးနေခဲ့သည်။
ဟုတ်တယ်။ ချန်လွေ့က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ နောက်ဆုံးတွင် သတိရသွား၏။
ဒြပ်စင်လောက။ သဘာဝသစ်ပင်။
ဒြပ်စင် နတ်ဘုရားမ ရာဖာတီကို ပျက်စီးစေခဲ့တဲ့ အဲဒီယောက်ျား။
အဲဒါ တကယ် သူပဲ။
ထိုယောက်ျား၏ မျက်နှာသွင်ပြင်နှင့် ခန္ဓာလည်း တဖြည်းဖြည်း ထင်ရှား၍ လာခဲ့သည်။ မျက်လုံးက ချန်လွေ့အား အချိန် အကြာကြီး တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေပြီးမှ စကားလုံး တစ်ခွန်းကို ပြောလိုက်သည်။
“ငါ ရှုံးသွားတယ်။”
ချန်လွေ့ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထပ်မံ၍ တုန်လှုပ် သွားခဲ့သည်။ အကြောင်းမှာ အလူစီယာ ပျောက်ကွယ်မသွားခင်တွင် ပြောခဲ့သော နောက်ဆုံး စကားကို တွေးမိသွား၍ပင်။
ဟုတ်တယ်။ မင်း နိုင်တယ်။
ငါလည်း နိုင်သွားတယ်။
ပထမပြောသော ‘မင်း နိုင်တယ်’ မှာ ချန်လွေ့ကို ရည်ညွှန်းခြင်း ဖြစ်နေပြီး နောက်ပိုင်း ပြောခဲ့သော ‘ငါ နိုင်သွားတယ်’ မှာ အလူစီယာကိုယ်တိုင်ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
မူလက ချန်လွေ့သည် အလူစီယာ မည်သည်ကို ဆိုလိုကြောင်း နားမလည် ခဲ့သော်လည်း ရှေ့မှ ထိုယောက်ျား၏ ‘ငါ ရှုံးသွားတယ်’ ဟူသော စကားကြောင့် အဖြစ်အပျက် တစ်ခုလုံးကို ဆက်စပ်မှု ရှိသွားစေပြီး ရှင်းလင်းသွားစေခဲ့သည်...
ထိုအခိုက်အတန့်တွင် ချန်လွေ့က တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
မှန်လောက၌ အဓိကသော့ချက်ပုဂ္ဂိုလ် သုံးဦးထဲမှ တစ်ဦးကို ရွေးချယ်စဉ်က အလူစီယာက အခြားအရာတစ်ခုကိုလည်း ပြောခဲ့သည်။ ဒီအလောင်းအစားက အရေး အကြီးဆုံး အခိုက်အတန့်ကို ရောက်နေပြီ။
ဟုတ်တယ်။ အလောင်းအစား။
“ငါ့မှာ အချိန် မရှိတော့ဘူး။” ထိုယောက်ျား၏ အသံ နောက်တစ်ကြိမ် ထွက်လာပြီး နက်ရှိုင်းသော ဆွဲဆောင်မှု တစ်ခုကို ထုတ်ဖော်နေသည်။ “ငါ မင်းတို့ တစ်ယောက်ချင်းစီအတွက် မေးခွန်း တစ်ခု ဖြေပေးနိုင်တယ်။ တစ်ခုတည်းပဲ။”
မင်းတို့ တစ်ယောက်ချင်းစီ ဟုတ်လား။ ချန်လွေ့က တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်ပြီး ဘေးမှ တောအုပ်တွင် လှပသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သူသည် လှပသော ပုံသဏ္ဌာန်ကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းထားပေးသည့် ငွေရောင် ချပ်ကာအကျပ် ဝတ်ထားလျက် သူရဲကောင်း ဆန်နေသည်။ သူ၏လက်ထဲ ခရုပတ်ပုံ ခရမ်းရောင် ဓားတစ်ချောင်းကို ကိုင်ထား၏။
ဂေဘရီရယ်...
ရှုပ်ပွနေသော ဆံပင်နှင့် ချပ်ကာပေါ်မှ အက်ကွဲကြောင်းများအရ ဂေဘရီရယ် ထိုနေရာသို့ ရောက်လာရန် မလွယ်ခဲ့ပေ။ သို့သော်လည်း ရာဖယ်ရယ်၏ ပုံရိပ်ကို မတွေခဲ့ပေ။ ရာဖယ်ရယ်က စိတ်လှည့် တောအုပ်၏ ပုံရိပ်ယောင် အစီအရင်တွင် ပိတ်မိနေဆဲ ဖြစ်ပုံရသည်။
ဂေဘရီရယ်က ပုံမှန်အတိုင်း မျက်လုံး မမှိတ်ထားဘဲ လေထဲတွင် ရပ်နေသော ထိုယောက်ျားကို ငေးကြောင်နေရင်းနှင့် စိုက်ကြည့်ရုံ ကြည့်နေခဲ့သည်။
ထိုအချိန် အရှေ့မှ တဲအိမ်၏ တံခါး ပွင့်လာခဲ့သည်။ ၎င်းမှာ အလူစီယာ မဟုတ်ဘဲ ခီလန်ယာ ဖြစ်သည်။
ချန်လွေ့သည် တစ်ချိန်က မာရီယာ ပြောသည်ကို ကြားဖူး၏။ ခီလန်ယာက အလူစီယာ၏ တိုက်ရိုက် တပည့်သာ မကဘဲ သူ၏သမီးလည်း ဖြစ်သောကြောင့် သူသည် ထိုနေရာရှိ စိတ်လှည့်အစီအရင်မှ ကင်းလွတ် နိုင်လောက်ပေသည်။ သူက ယခင် မြှားပစ်ကွင်းမှ တဲထဲသို့ တိုက်ရိုက် ရောက်လာသည်မှာ အံ့ဩစရာမဟုတ်ပေ။
ခီလန်ယာ ကောင်းကင်ကို အံ့ဩစွာ ကြည့်လိုက်သည်။ ၎င်းမှာ ထူးခြားသော တည်ရှိမှု ဖြစ်သင့်ကြောင်း နားလည်ရန် သူ့အတွက် အချိန်အကြာကြီး ယူခဲ့ရသည်။ ထိုယောက်ျား ယခင်က ပြောခဲ့သည်ကို ကြားခဲ့ပြီးနောက် သူက သတ္တိကိုမွေးကာ မေးလိုက်သည်။ “ဆာ။ ကျွန်မလည်း မေးခွန်းတစ်ခု မေးလို့ရမလား။”
“ရတာပေါ့။ အလူစီယာရဲ့ သမီး။” ထိုယောက်ျားက ခီလန်ယာ၏ သရုပ်ကို သိရှိထားပုံရသည်။
“ကျွန်မရဲ့အဖေ ဘယ်ကို သွားခဲ့လဲ ဆိုတာ သိခွင့် ရှိမလား။”
“သူက မင်းရဲ့ မျက်လုံးတွေရှေ့မှာ နောက်တစ်ခါ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူးတော့။ တိတိကျကျ ပြောရရင် သူက ‘အစ’ တစ်မျိုးမျိုးကို အဆုံးသတ် ချင်တဲ့ နေရာတစ်ခုဆီကို သွားခဲ့တယ်။ ကံဆိုးချင်တော့ ရလဒ်က သူ့ကိုယ်သူ အဆုံးသတ်သွားနိုင်ခြေများတယ်။” ထိုယောက်ျားက သက်ပြင်းချလိုက်သည်။ “ကံကြမ္မာကို တာဝန် ထမ်းဆောင်တဲ့ လမ်းညွှန်သူ တစ်ယောက်အနေနဲ့ သူက တကယ်တော့ ကံကြမ္မာကို ပြောင်းပြန် လှန်ဖို့ ရည်ရွယ်ခဲ့တယ်။ ဒါက တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါက သူ ရွေးခဲ့တဲ့ လမ်းကြောင်းပဲ။”
ထိုယောက်ျား၏ အဖြေမှာ နက်နဲပြီး နားလည်ရ ခက်ခဲသော်လည်း ချန်လွေ့က အလူစီယာ မသေသေးကြောင်း နားလည် သွားခဲ့သည်။ ထိုအစား သူ ထွက်သွားရန် ရွေးချယ်ခဲ့သည်။ သို့သော် ချန်လွေ့က ဖီနိုအီရာထံမှ အလူစီယာက အချို့သော အထူး ကန့်သတ်ချက် တစ်မျိုးမျိုးကို ခံနေရပြီး စိတ်လှည့်တောအုပ်မှ ထွက်၍ မရနိုင်ကြောင်း ကြားခဲ့ဖူးသည်။ ဒါဆို အခုဆိုရင် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက တောအုပ်နှင့် နတ်သူငယ် မျိုးနွယ်စုရဲ့ ငွေလကောင်းကင်မြို့တော်ကနေ ထွက်သွားပြီ။ ဒါက ဘာကို ဆိုလိုတာလဲ။
ချန်လွေ့ ပြန်မလာခင် အထူးသဖြင့် မှန်လောက ရွေးချယ်မှုများက ယခု လောကမှ အစစ်အမှန် လူများကို သတ်နိုင်ကြောင်း သိရှိသွားသောအခါ အလူစီယာ အပေါ်တွင် ဒေါသနှင့် သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေခဲ့သည်၊ အကြောင်းမှာ ၎င်းမှာ သူ အစွမ်းကုန် ကာကွယ်လိုသော အသီနာနှင့် ကလေး၏ အသက်ကို ခြိမ်းခြောက်ခဲ့၍ပင်။
သို့သော် ယခုတွင် ချန်လွေ့၏ မုန်းတီးမှု တဖြည်းဖြည်းနှင့် မှေးမှိန်သွားခဲ့သည်။ ကိစ္စများက ယခင်က ထင်ထားသလောက် မရိုးရှင်းပေ။ သို့ဖြင့် သူက အလူစီယာ မည်သို့သော ကဏ္ဍမှ ပါဝင်ခဲ့ကြောင်းကို ပိုပို၍ စိတ်ရှုပ်ထွေးလာခဲ့သည်။
သို့တိုင် ခီလန်ယာက အနည်းငယ် ပိုနားလည်နေပြီး ဝမ်းနည်းစွာ ခေါင်းကို ငုံ့ထားလိုက်သည်။
“တီဇန်နီယာ...” ထိုယောက်ျား၏ မျက်လုံးများက ဂေဘရီရယ်ထံသို့ လှည့်သွားခဲ့လေသည်။ ထိုအမည်က ဂေဘရီရယ်အား အနည်းငယ် တုန်လှုပ် သွားစေပြီး သူက တဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
လေထဲမှ ထိုယောက်ျားကို ကြည့်ရင်း ဂေဘရီရယ်၏ ငွေ-နီရောင် မျက်လုံး သူငယ်အိမ်များထဲမှ ရှင်းပြ၍ မရနိုင်သော စိတ်ခံစားမှုက ပိုမို၍ အားကောင်းလာပြီး ထိုယောက်ျား၏ မျက်လုံးများကိုသာ စိုက်ကြည့်နေခဲ့လေသည်။
အချိန် အတော် ကြာပြီးနောက်တွင် ဂေဘရီရယ်က မေးလိုက်သည်။ “ရှင် ဘာလို့ အဲဒါကို ရွေးချယ်ခဲ့တာလဲ။”
ထိုယောက်ျား၏ မျက်လုံး နူးညံ့သွားပြီး သက်ပြင်းချလိုက်၏။
ထိုမေးခွန်းက ဂေဘရီရယ်၏ စိတ်ထဲ ဖိနှိပ်ထားခဲ့သော အရာအချို့ကို ထုတ်လွှတ်လိုက်ပြီး သူ၏မျက်နှာပေါ်မှ တည်ငြိမ်မှုက ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။ အထိန်းအချုပ် လွတ်လုနီးပါးဖြစ်သော စိတ်လှုပ်ရှားမှုသာ ရှိနေခဲ့သည်။ “နတ်ဘုရားတွေရဲ့ အရုဏ်ဦးကြယ်၊ နံနက်ခင်းရဲ့ သားတော်၊ အဝင့်ကြွားဆုံး ကောင်းကင်တမန်တော်၊ ရှင် ဘာလို့ သက်ကြွေဖို့ ရွေးချယ်ခဲ့တာလဲ။ ကျွန်မရဲ့ ရဲဘော်ရဲဘက်ဟောင်းနဲ့ မိတ်ဖက်ဟောင်း၊ ကျွန်မ... ရှင် ဘာလို့ ကျွန်မကို ထားခဲ့ဖို့ ရွေးခဲ့ရတာလဲ။”
ဂေဘရီရယ်သည် မေးခွန်း သုံးခုကို ဆက်တိုက် မေးခဲ့သော်လည်း ၎င်းမှာ အမှန်တကယ်တွင် တစ်ခုသာ ဖြစ်၏။
ရွေးချယ်မှု...
ချန်လွေ့က စိတ်လှည့် တောအုပ်သို့ ဝင်ရောက်စဉ် သူက ဂေဘရီရယ်အား အကယ်၍ အရာများကို ဆုံးရှုံးခဲ့ပါက သေခြင်းကို ရင်ဆိုင်ရန် ရွေးချယ်ခြင်းက ပိုကောင်းသည်ဟု ပြောခဲ့ကြောင်းကို သတိရသွားလေသည်။ ဂေဘရီရယ်က ‘ရွေးချယ်’ဟူသော စကားလုံးကို ကြားရာ စိတ်ခံစားချက်များ ထူးထူးဆန်းဆန်းပင် လှုပ်ရှားသွားခဲ့သည်။ သူ၏ အကြည့်ထဲ နက်ရှိုင်းသော ဝမ်းနည်းမှု ရှိနေပုံရ၏။
၎င်းမှာ သူက ချန်လွေ့ကို ‘သူ’အဖြစ် မှတ်ယူနေသောကြောင့်ပင်။ သူ၏ စိတ်ထဲ ‘ရွေးချယ်မှု’မှာ အကြီးမားဆုံး အထုံးအဖွဲ့ ဖြစ်လေသည်။
ချန်လွေ့က မှန်လောကတွင် ဂေဘရီရယ်ကို ငိုကြွေးစေခဲ့သော ‘ဟေရှာယကျမ်း’မှ စာပိုဒ် တစ်ပိုဒ်ကို ရုတ်တရက် တွေးမိလိုက်လေသည်။ “အို တောက်ပသောကြယ်၊ နံနက်ခင်းရဲ့ သားတော်၊ အဘယ်ကြောင့် ကောင်းကင်မှ သက်ကြွေဆင်းခဲ့သနည်း။ တိုင်းနိုင်ငံတွေ အောင်နိုင်ခဲ့တဲ့သင်က မြေပြင်ပေါ်ကို ဆင်းသက်ခဲ့တယ်...”
ထိုစာပိုဒ်က ဂေဘရီရယ်၏ လက်ရှိ မေးခွန်းနှင့် အမှန်တကယ်တွင် အံ့ဩဖွယ် ကောင်းလောက်အောင် ထပ်တူကျနေ၏။
ဒါက တစ်စုံတစ်ယောက်ရဲ့ ကျဆုံးမှုကို ဖော်ပြနေတာလား။
ထိုစာပိုဒ်က ယနေ့ ဂေဘရီရယ်၏ ‘ကျဆုံးမှု’နှင့် ထပ်တူကျနေပုံ ရလေသည်။ ချန်လွေ့၏ မှတ်ဉာဏ်မှ ထိုဝေဝါးဝါး အမည်အပါအဝင် ကိစ္စများက ယခင်ထက် ပိုမို ထင်ရှားလာခဲ့သည်။
သမ္မာကျမ်းစာမှ အရုဏ်ဦးကြယ်၊ ဒဏ္ဍာရီလာထဲမှ အစွမ်းအထက်ဆုံးနှင့် အမြင့်ဆုံးအဆင့် ကောင်းကင်တမန်နှင့် အကျော်ကြားဆုံး သက်ကြွေသူ။ သူ၏ ယခင် လောကထဲမှ ဘာသာရေးနှင့် ဒဏ္ဍာရီများတွင် မကြာခဏ ပေါ်လာလေ့ ရှိသည်။
အနောက်တိုင်း ဘာသာရေးနှင့် အလွန် မရင်းနှီးသော ချန်လွေ့ပင်လျှင် ၎င်းနှင့် ရင်းနှီးပေသည်။
အချို့လူများက သူ့ကို စေတန်နှင့် အထင်မှားကြသော်လည်း ဂန္ထဝင်များစွာ၌ သူတို့နှစ်ဦးက အမှန်တွင် တစ်ယောက်စီ ဖြစ်ကြသည်။
အထူးသဖြင့် ယခုလောက၌ ဖြစ်သည်။
ဒါက အဲဒီယောက်ျားရဲ့ နာမည်လား။
သို့သော် ဆာရီရယ်က ချန်လွေ့ကို တစ်စုံတစ်ယောက်အဖြစ် အထင်လွဲခဲ့ပြီး ဖိုက်သွန်၏ ဝါးမျိုခြင်းမခံရခင် အသက်ကို ချမ်းသာပေးရန် တောင်းခံစဉ်က စကား တစ်လုံးကို ထိတ်လန့်စွာ ပြောခဲ့ဖူးသည်။ “လူ...”
ဟုတ်တယ်။
ဒါက ‘သူ’ပဲ ဖြစ်ရမယ်။
ထိုစဉ် ထိုယောက်ျားက ဂေဘရီရယ် မျက်လုံးများကို နက်ရှိုင်းစွာ ကြည့်နေပြီး စကားစပြောလိုက်သည်။ “တီဇန်နီယာ၊ မင်းက ဒီကိစ္စကို ဘယ်တုန်းကမှ မလွှတ်ချခဲ့ဘူး။ အဲဒီတုန်းက မင်း ငါ့ကို မေးခွန်းထုတ်ဖို့ သတ္တိမရှိခဲ့ဘူး။ ပြီးတော့ အခု နောက်ဆုံးတော့လည်း... ဒါဆိုရင် ငါ မင်းကို တရားဝင် ဖြေပေးမယ်။ ငါ့ရဲ့ ရဲဘော်ရဲဘက်ဟောင်းနဲ့ မိတ်ဖက်ဟောင်း၊ ငါ့ကို တိတ်တဆိတ် စောင့်ကြည့်ခဲ့တဲ့ အမျိုးသမီး... တောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့ ရွေးချယ်မှု ဖြစ်လို့ပဲ။”
ထိုအဖြေက အဖြေ မရှိခြင်းနှင့် အတူတူ ဖြစ်သော်လည်း ဂေဘရီရယ်က အဖြေ တစ်ခုကို ရသွားပုံရပြီး မျက်ရည်တစ်စက် မျက်လုံးထောင့်နားမှ တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့လေသည်။
“စိတ်မကောင်းပါဘူး။ တီဇန်နီယာ၊ ငါ မင်းအတွက် နောက်ထပ် မေးခွန်းတွေကို မဖြေပေးနိုင်တော့ဘူး။” ထိုယောက်ျားက မျက်လုံးကို ဂေဘရီရယ်ထံမှ လွှဲလိုက်ပြီး ချန်လွေ့ အပေါ်သို့ ကျရောက်သွားခဲ့၏။ “အခု... မင်းရဲ့ အလှည့်ပဲ။ မယုံနိုင်စရာ ဝိညာဉ်တည်ရှိမှု။”