ရွေးချယ်မှု
Vol. 78 Ch. 1203
‘မယုံနိုင်စရာ ဝိညာဉ်တည်ရှိမှု’ ဟူသော ဘွဲ့အမည်က ချန်လွေ့အား တိတ်တဆိတ် ထိတ်လန့်သွားစေသည်။
‘မေးခွန်း’အတွက်မူ သူ၏ စိတ်ထဲတွင် အလွန် များပြားနေသည်၏။
ခုနက ‘ဗီဒီယို’မှာ တုန်လှုပ်ဖွယ်ရာ ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော မေးခွန်းများစွာကို ပေါ်လာစေနိုင်သည်။ အကောင်ကြီးများ၏ တိုက်ခိုက်ရခြင်း၊ အလင်းတန်း၇ခု အပိုင်းပိုင်း ဖြစ်သွားခြင်း၊ ကောင်းကင်မှ ‘မျက်လုံး’ စသဖြင့်...
သို့သော် သူက ယခုတွင် မေးခွန်း တစ်ခုကိုသာ မေးမြန်းနိုင်၏။
ဘာမေးရမလဲ။
ချန်လွေ့ အမြန် တွေးတောလိုက်ပြီး နောက်ဆုံးတွင် မေးလိုက်သည်။
“ဆာ-လူစီဖာ... ခင်ဗျားက ဘာလို့ ကျုပ်ရဲ့ ကိုယ်ထဲမှာ ရှိနေရတာလဲ။”
ကျန်ရှိနေသော လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ပေသည်။ ချန်လွေ့နှင့် နီးကပ်စွာ ဆက်စပ်နေသော ထိုသို့ မေးခွန်းက အရေးအကြီးဆုံး ဖြစ်ပြီး ၎င်းမှာ သူ အမြဲ ကြောက်ရွံ့နေခဲ့သော အရာလည်း ဖြစ်၏။
ထိုမေးခွန်းက အမှန်တကယ်တွင် အဓိပ္ပာယ် အလွှာများစွာကို သွယ်ဝိုက်၍ ဖော်ပြနေသည်။ ခင်ဗျားက လူစီဖာလား။ ခင်ဗျားက ကျုပ်ကိုယ်ထဲ ရှိနေတာလား။ ဘာလို့ ရှိနေရတာလဲ။ ဘာလိုချင်တာလဲ။
ထိုယောက်ျားက ချန်လွေ့ မည်သည်ကို ဆိုလိုခြင်း ဖြစ်ကြောင်း ကောင်းကောင်း နားလည်ပြီး သူက သွယ်ဝိုက်စွာဖြင့် ပြောလိုက်သည်။ “ငါ့ကိုယ်ထဲမှာ မင်းက ဘာလို့ ရှိနေရတာလဲ ဆိုတာက မင်းကို ငါမေးရမှာ။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ။ တကယ်လို့ ခင်ဗျား ကျုပ်မေးခွန်းကို မဖြေချင်ဘူး၊ ဒါမှမဟုတ် အမှန်တရားကို မပြောရဲဘူး ဆိုရင် မမေးတော့ဘဲနဲ့ ကိုယ့်ဘာသာ အဖြေရှာမယ်။”
ထိုလေသံက အတော်လေးကို မယဉ်ကျေးလှပေ။ ဂေဘရီရယ်ပင်လျှင် မျက်ခုံးများကို ပင့်လိုက်သော်လည်း ထိုယောက်ျားက စိတ်အနှောင့်အယှက် ဖြစ်စရာ ဟူ၍ မထင်ခဲ့ပေ။ သူက ဂရုမထားဘဲ ပြောလိုက်သည်။ “ငါပြောတဲ့ ‘ကိုယ်’က မင်းရဲ့ လူသားကိုယ်မဟုတ်ဘူး၊ အစနဲ့အဆုံး တံဆိပ်၇ခုကို ပြောတာ။”
အစနဲ့အဆုံး တံဆိပ်၇ခု ဟုတ်လား။ ထိုထူးဆန်းသော အမည်က ချန်လွေ့အား ချက်ချင်းပင် အံ့အားသင့် သွားစေသည်။ အဆောင်ပစ္စည်း ၇ခုလား...
ထိုယောက်ျားက စကားစလိုက်သည်။ “အစနဲ့အဆုံး တံဆိပ်၇ခုက မင်းသိတဲ့ အဆောင်ပစ္စည်း ၇ ခုပဲ။ သူတို့က အရာ အားလုံးကို လွှမ်းမိုးသွားတဲ့ တားမြစ် စွမ်းအားတစ်ခုနဲ့ ဆက်စပ်နေတယ်။ မင်း အရင်က ပုံရိပ်ယောင်ထဲမှာ ဒါကို မြင်တွေ့ခဲ့ပြီးပြီဆိုတာ ငါ ယုံကြည်တယ်။ သူတို့က ငါနဲ့ နီးကပ်စွာ ဆက်စပ်နေတဲ့ တခြားလျှို့ဝှက်ချက်တစ်ခုလည်း ရှိတယ်။ တံဆိပ် တစ်ခုချင်းစီမှာ ငါ့ရဲ့ဝိညာဉ် အပိုင်းအစတွေ ပါဝင်နေတယ်။ ဒါကြောင့် အဆောင်ပစ္စည်း ၇ခုက သွေးမျိုးဆက် အသင့်တော်ဆုံး အသိအမှတ်ပြုမှုကို ရွေးလိမ့်မယ်။ အဲဒီလို အသိအမှတ်ပြု ခံရသူတွေက အဲဒါကို အသက်သွင်းတဲ့ အခါမှာ သွေးမျိုးဆက်စွမ်းအား တစ်စိတ်တစ်ပိုင်းကို တံဆိပ် ၇ခုဆီ ပြန်ပေးလိမ့်မယ်။ တကယ်လို့ ဒါက ဒီအတိုင်း ဆက်သွားခဲ့ရင် တစ်နေ့နေ့မှာ ငါက လုံလောက်တဲ့ စွမ်းအား စုဆောင်းပြီး ဝိညာဉ် အပိုင်းအစတွေကို နိုးထစေပြီး ဖြည့်တင်းနိုင်လိမ့်မယ်။ စစ်မှန်တဲ့ နိုးထမှု တစ်ခုကို ရနိုင်ဖို့ပေါ့။ ကံဆိုးချင်တော့ ကိစ္ဏတွေက ခန့်မှန်းလို့ မရနိုင်ဘူး။ ငါက မင်းနဲ့ တွေ့ဆုံခဲ့တယ်။ မင်း မြေတံဆိပ်ကို ရတုန်းက ငြင်းပယ်တာ ခံခဲ့ရသင့်တယ်... ဒါပေမဲ့ ငါပြောခဲ့သလိုပဲ မင်းမှာ ‘မယုံနိုင်စရာ’ ဝိညာဉ်စွမ်းအား ရှိနေတယ်။ ဒါက အဲဒီဝိညာဉ် အပိုင်းအစရဲ့ အဲဒီ အစိတ်အပိုင်းကို တိုက်ရိုက် နိုးစေခဲ့တယ်။ ငါ့ကို ပိုပြီး မယုံကြည်နိုင် ဖြစ်စေတာက ငါ့ရဲ့ ဝိညာဉ်အပိုင်းအစက မင်း ဖိနှိပ်တာ တကယ် ခံနေရတာပဲ။ မင်း မြေတံဆိပ်ကို အတင်းအကျပ် ထိန်းချုပ်ဖို့ ထူးခြားတဲ့ ပေါင်းစပ် နည်းလမ်း တစ်ခုကိုတောင် သုံးနိုင်ခဲ့သေးတယ်။ အဲဒီတုန်းက မင်းရဲ့ စွမ်းအားက မယုံနိုင်စရာကောင်းအောင် နိမ့်ကျနေခဲ့တယ်။ တိုင်းပြည် မပြောနဲ့၊ မင်းက ပိုင်နက်ကိုတောင် နားမလည် နိုင်သေးဘူး။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဂေဘရီရယ်က အံ့အားအသင့်ဆုံး ဖြစ်နေခဲ့သည်။ ပိုင်နက်စွမ်းအားကိုတောင် နားမလည်သေးတဲ့ ပုရွက်ဆိတ် တစ်ကောင်က ‘သူ့’ရဲ့ ဝိညာဉ် အပိုင်းအစတွေကို ဖိနှိပ်နိုင်ခဲ့ပြီးတော့ အဆောင်ပစ္စည်း ၇ခုကို အတင်းအကျပ် အသုံးပြုနိုင်ခဲ့တယ်လား။ ဒါက ဘယ်လို သဘောတရားမျိုးလဲ။
ထိုစဉ်က ‘အတွင်းလူများ’ထဲမှ တစ်ဦး ဖြစ်သည့် အလျောက် ဂေဘရီရယ်က အလွန် ရှင်းလင်းစွာ သိရှိလေသည်။ အစနဲ့အဆုံး တံဆိပ်၇ခုက အထူးခြားဆုံး တည်ရှိမှုတွေပဲ။ ‘သူ’ကလွဲပြီး နတ်ဘုရား တစ်ပါးတောင် တိုက်ရိုက်မသုံးနိုင်ဘူး။
ချန်လွေ့လည်း အဆောင်ပစ္စည်း ၇ခု၏ ‘အသိအမှတ်ပြုမှု’၌ ထိုသို့ လျှို့ဝှက်ချက် တစ်ခု ရှိနေကြောင်းကို နောက်ဆုံးတွင် နားလည်သွား၏။ တစ်ဖက်က ပြောခဲ့သော ‘မယုံနိုင်စရာ’ နည်းလမ်း အတွက်မူ သူက ၎င်းကို ကောင်းစွာ သိရှိသည်။ စူပါစနစ်၏ [ အထူးစိစစ်မှု]ပင်။
မေးစရာရှိတာက လူစီဖာ စူပါစနစ် အကြောင်းကို သိလား ဆိုတာပဲ။
ထိုယောက်ျား၏ အသံ ဆက်လက် ထွက်လာ၏။ “မင်း မတွေးမိလောက်တဲ့ အရာတစ်ခု ရှိသေးတယ်၊ အဲ့ဒါက မင်း အစနဲ့အဆုံး တံဆိပ်၇ခုရဲ့ အပိုင်းအစတွေ ပေါင်းစပ်လေလေ၊ ငါ့ရဲ့ဝိညာဉ်က ပိုပြီး ပြည့်စုံလေလေပဲ။ မင်း တံဆိပ် ၇ခုကို စုဆောင်းခဲ့တဲ့အခါ ငါ့ဝိညာဉ်က သဘာဝ သစ်ပင်ရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ နိုးထလာခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ စုပ်ယူထားတဲ့ သွေးမျိုးဆက်စွမ်းအား ပြတ်လပ်နေတာကြောင့် ဒီနိုးထမှုမျိုးက ငါ့စွမ်းအားကို ကုန်ဆုံးစေခဲ့တယ်။ ဒါက အန္တရာယ်ရှိတယ်။ ပြီးတော့ ငါက မင်းရဲ့ ဝါးမျိုတာကို အချိန်မရွေး ခံရနိုင်တယ်။ ဒြပ်စင်လောကမှာ ရာဖာတီနဲ့ မတွေ့ရခင် အထိပေါ့။”
“ရာဖာတီ...” ဂေဘရီရယ်က ထိတ်လန့် သွားခဲ့သည်။
“သူ့ရဲ့ ဝိညာဉ် အပိုင်းအစတွေက... လုံးဝပျက်စီးသွားခဲ့ပြီ။ သဘာဝသစ်ပင်ရဲ့ အကူအညီနဲ့ ငါ သူ့ရဲ့ နတ်ဘုရားဘဝ စွမ်းအား တစ်ပိုင်းတစ်စကို ပြောင်းလဲပြီး ဝိညာဉ် ပျက်စီးသွားမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့တယ်။ ပြီးတော့ အချိန် နည်းနည်း ဆွဲနိုင်ခဲ့တယ်။”
“ရှင် ရာဖာတီကို တကယ်ပဲ သတ်ခဲ့ပြီး သူ့ရဲ့ နတ်ဘုရားဘဝ တစ်ပိုင်းတစ်စကို ယူခဲ့တာလား။” ဂေဘရီရယ်၏ မျက်နှာ အမူအရာ ဖြူဖျော့သွားခဲ့သည်။
“ဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ၊ တီဇန်နီယာ။ သူ့ရဲ့ ရွေးချယ်မှုလည်း ဟုတ်တယ်။” ထိုယောက်ျား၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင် တစ်ခု ရှိနေသည်။ “သူ ပြန်ရှင်သန်လာတာက အသိစိတ်ရှိတာ မဟုတ်ဘူး။ ဒါက အလိုလို ဖြစ်နေရုံ သက်သက်ပဲ။ အရေးကြီးဆုံးက ဒီလောကမှာ နတ်ဘုရား မလိုအပ်ဘူး။”
“ပျက်စီးခြင်းနဲ့ ဖန်တီးခြင်း ဇစ်မြစ်ကို ယူနစ်တစ်ခုတည်း ပေါင်းစပ်ထားတဲ့ မင်းက အသင့်တော်ဆုံး ကိုယ်ထည်ပဲ။” ထိုယောက်ျား၏ အကြည့်က ချန်လွေ့ထံ ပြန်ရောက်သွားသည်။ “ကံကြမ္မာထဲမှာ ငါတို့က ဟိုးကတည်းက ရှင်းပြလို့မရတဲ့ အချိတ်အဆက်တချို့ ရှိနိုင်လောက်တယ်။ ဥပမာ ပြောရရင်တော့ မျိုးဆက်သစ်ပေါ့။ ပိုပြီး တိတိကျကျပြောရရင် သမီး...”
နောက်ဆုံးစကားက ချန်လွေ့အတွက် နောက်ထပ် ကြီးမားသော တုန်လှုပ်စရာ တစ်ခု ဖြစ်သည်။ သူက သော်သော်၏ ‘နတ်ဘုရားကောင်းချီးနှလုံးသား’နှင့် ဖိုက်သွန်၏ သော်သော်အပေါ် အထင်လွဲမှားခြင်းကို ရုတ်တရက် တွေးမိလိုက်သည်။ ဇာမဏီငယ်လေး၏ နတ်ဘုရား မျိုးဆက်သစ် သွေးမျိုးဆက် အမွေဆက်ခံခြင်းက တကယ်တမ်း သူ့ဆီက ဆင်းသက်လာတာ...
“သမီး ဟုတ်လား...” ဂေဘရီရယ်က မေးလိုက်မိသည်။
ချန်လွေ့ စကားပြောမည် ပြင်လိုက်စဉ် ထိုယောက်ျားက ဆက်ပြောလိုက်သည်။ “ကံဆိုးချင်တော့ ငါ့ရဲ့ဝိညာဉ်စွမ်းအားက အရမ်းကို အားနည်းနေတယ်။ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရင်တောင် ငါ့ရဲ့ စွမ်းအားက အများကြီး ကျသွားလိမ့်မယ်။ အချိန်တိုအတွင်း ပြန်ကောင်းမွန်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အလူစီယာနဲ့ ငါ အလောင်းအစားတစ်ခုကို လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ငါ မင်းကို ရှုံးနိမ့်ခဲ့ပြီး အလူစီယာကိုလည်း ရှုံးနိမ့်ခဲ့တယ်။ မင်းက ဘယ်လို တည်ရှိမှုမျိုးလဲ ဆိုတာကို ငါ အခုထိ နားမလည်နိုင်သေးဘူး။ ဒါပေမဲ့ မင်းက မင်းကိုယ်တိုင်ရဲ့ တည်ရှိမှုကို နားလည်နေပြီ။ ဒါကြောင့် ငါ့ရဲ့တည်ရှိမှု အဓိပ္ပာယ်ကိုလည်း ပြောင်းလဲနိုင်ပြီ။”
ယခုအချိန်အထိ ချန်လွေ့၏ စိတ်ထဲမှ ပဟေဠိများစွာ နောက်ဆုံးတွင် ဖြေရှင်းပြီး ဖြစ်သည်။ မှန်လောက အတွေ့အကြုံက ငါ့ခန္ဓာကို ပိုင်ဆိုင်ဖို့ အလောင်းအစား တစ်ခု ဖြစ်နေတာကိုး။ တကယ်လို့ ငါက အသက် အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ရင် မှန်လောကမှာ ထာဝရ အကျဉ်းချ ခံရလိမ့်မယ်။ လူစီဖာရဲ့ ဝိညာဉ်က ငါ့ရဲ့ ခန္ဓာကိုယ်ကို အပိုင်ယူလိမ့်မယ်။
မှန်လောကကို အလူစီယာနဲ့ လူစီဖာတို့ ပူးပေါင်းပြီး အသက်သွင်းခဲ့တာ ဖြစ်မယ်။
ဒါဆိုရင် အလူစီယာက ငါ့ကို ‘သစ်သား’ ဖဲချပ်ကို ပေးခဲ့တုန်းက သဘာဝသစ်ပင်ကို ကယ်တင်ဖို့မကဘဲ လူစီဖာရဲ့ ပြန်လည် မွေးဖွားခြင်းအတွက်လည်း ပါတာပေါ့။
ဒါပေမဲ့ ဘာလို့ မှန်လောကထဲမှာ အလောင်းအစားတစ်ခု ရှိနေသေးတာလဲ။
ထိုအချိန် ထိုယောက်ျား၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်လာနေသည်။ သူက ခီလန်ယာကို ကြည့်လိုက်၏။ “အလူစီယာရဲ့ သမီး။ မင်း အဖေမှာ သူ့ကို ပေးစရာ တစ်ခုခုမရှိဘူးလား။”
ဖခင်၏ မူလ ညွှန်ကြားချက်များကို တွေးမိပြီး ခီလန်ယာ နိုးထလာခဲ့သည်။ သူက သေတ္တာငယ်လေး တစ်လုံးကို လျင်မြန်စွာ ထုတ်လိုက်ပြီး ချန်လွေ့အား ကမ်းပေးလိုက်သည်။ “ဒါက ကျွန်မအဖေ ရှင့်ကို ချန်ထားခဲ့တဲ့ နောက်ဆုံးအရာပဲ။”
ဒါက အဲဒီခြောက်လုံးပြူး မဟုတ်ဘူး မလား။ ချန်လွေ့က သေတ္တာကို ယူလိုက်သည်။ ၎င်းကို ဖွင့်ပြီးနောက်တွင် သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ဒါက အဲဒါပဲ။
‘ကြမ္မာတိုက်ပွဲ’ မှော်ဖဲချပ်တစ်ချပ်...
ထပ်ပြီးတော့လား။
ချန်လွေ့က ကတ်၏ နောက်ကျောမှ ပုံစံကွက်ကို အနည်းငယ် ရင်းနှီးသည်ဟု ရုတ်တရက် ခံစားမိလိုက်ပြီး ၎င်းမှာ ဧရာမ တည်ရှိမှုကို သတ်ဖြတ်ရန် ‘မျက်လုံး’ကို ဆင့်ခေါ်ခဲ့သောအရာ ဖြစ်သည့်အလား ထင်နေရသည်။
သူသည် ကတ်ကို တဖြည်းဖြည်းချင်းင လှန်လိုက်သည်။ ၎င်းမှာ ဖရိုဖရဲအုပ်စုမှ အမြင့်ဆုံး အဓိကဖဲချပ်၊ အမှောင်ထုဘုရင် ဖြစ်နေ၏။
“ဒါက မင်းအနိုင်ရခဲ့တဲ့ လောင်းကြေးပဲ။ မှတ်ထား။ မင်း အန္တိမသော့ကို သုံးဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှာကို သိရမယ်။ မင်းမှာ အရာအားလုံးရဲ့ ပျက်စီးခြင်းကို ခံယူနိုင်မယ့် သတ္တိလည်း ရှိရမယ်...” ထိုယောက်ျား၏ အသံက တဖြည်းဖြည်း အားနည်းသွားခဲ့သည်။
အန္တိမသော့ ဟုတ်လား။ ချန်လွေ့က ခဏတာ လန့်သွား၏။ ထိုယောက်ျား၏ အရိပ်က ပို၍ပို၍ပင် ပါးလွှာလာခဲ့သည်။ ဖဲချပ်က ထိုယောက်ျား၏ ကျန်ရှိနေသော ဝိညာဉ်ကို စုပ်ယူနေသည့်အလား ဖျော့တော့စွာ တောက်ပနေ၏။
တစ်ချိန်တည်းမှာပင် အဆောင်ပစ္စည်း ၇ခုက လေထဲမှ အလိုလို ပျံဝဲလာပြီး ထူးဆန်းသော အရာတစ်ခု အဖြစ်သို့ ပေါင်းစပ်သွားသည်။ ၎င်းမှာ ‘မျက်လုံး’ကို ဆင့်ခေါ်ခဲ့သော အရာပင်။ ၎င်းမှာ လူစီဖာ ပြောခဲ့သော အန္တိမသော့ပင် ဖြစ်သည်။ ‘အမှောင်ထုဘုရင်’၏ နောက်ကျောမှ ပုံစံကွက် လက်သွားပြီး အဆောင်ပစ္စည်း ၇ခု ပေါင်းစပ်မှု၏ ဆန်းကြယ်သော ‘သော့’ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားကာ ကတ်ထဲတွင် သိမ်းဆည်းခံလိုက်ရသည်။
“ခဏနေဦး၊ လူစီဖာ။” ဂေဘရီရယ် တစ်စုံတစ်ခုကို သိရှိသွားခဲ့သည်။ သူက ထိုယောက်ျား၏ အမည်ကို ပထမဆုံး အကြိမ်အဖြစ် ကျယ်လောင်စွာ အော်ခေါ် လိုက်သည်။ “ကျွန်မမှာ ပြောစရာတွေ အများကြီး ရှိနေသေးတယ်...”
“တကယ်လို့ တခြားလောတစ်ခု ရှိခဲ့ရင် မင်း၊ ငါ၊ ရာဖာတီနဲ့ တခြားလူအများအပြား နောက်ထပ်တစ်ကြိမ် တွေ့ဆုံကြဦးမှာ...” လူစီဖာ နောက်ဆုံး စကားကို ပြောပြီး နောက်တွင် သူ၏ ပုံရိပ် လုံးဝပျောက်ကွယ် သွားခဲ့သည်။ ‘အမှောင်ထုဘုရင်’ ဖဲချပ် အပေါ်မှ အလင်းလည်း ပျောက်သွား၏။
အလင်းရောင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဟုတ်မဟုတ် ဆိုသည်ကို မသိရဘဲ ချန်လွေ့က စိတ်သက်သာရာ ရသွားသည်ဟု ခံစားမိလိုက်ရသည်။ သူ့ကို ဖိနှိပ်ထားခဲ့သော စွမ်းအား ပျောက်ကွယ် သွားပုံရလေသည်။
ဂေဘရီရယ်က ချန်လွေ့၏ လက်ထဲမှ ‘အမှောင်ထုဘုရင်’ကို မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်ပြီး ကိုယ်ထဲမှ ခွန်အားအကုန် ကုန်ဆုံး သွားသည့်အလား ထင်ရသည်။ အခြား တစ်ဖက်တွင်မူ ခီလန်ယာ၏ လက်ထဲတွင် ပစ္စည်းများစွာ ရှိနေသည်။ “ဒါက ရေခဲမှို။ ပြီးတော့ ဧကရီအရှင်မ လစ်ဗ်ကိုဆီက ရှင်တောင်းခဲ့တဲ့ သက်တန့် ကာလာလီလီတွေပဲ။”
ရေခဲမှို၏ အသွင်အပြင်မှာ လင်ဇီးမှိုနှင့် အနည်းငယ် ဆင်တူ၏။ ကြည်လင်နေပြီး ဖျော့တော့သော အအေးဓာတ် ထုတ်လွှတ် နေသည်။ သက်တန့် ကာလာလီလီများမှာ နှင်းကဲ့သို့ ဖြူဖွေးသောအရောင် ရှိ၏။ ၎င်းက မြင်းခွာတစ်ခုနှင့်တူပြီး အရောင် ၆ရောင် အရွက်များ ရှိသောကြောင့် ထိုသို့ အမည်ရခြင်း ဖြစ်သည်။
ဖျော့တော့တော့ အရောင်စုံမြူခိုးတစ်ခု ချန်လွေ့၏ လက်ထဲတွင် ပေါ်လာပြီး ရေခဲမှိုနှင့် သက်တန့် ကာလာလီလီများ ကြယ်စင်စု ဥယျာဉ်ထဲသို့ သိမ်းဆည်း လိုက်လေသည်။ ထိုသို့ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်းနှင့် နှိုင်းယှဉ်လျှင် ထိုအရာမှာ အကြီးမားဆုံး ရရှိမှုပင်။ အသီနာအတွက် လိုအပ်သော ပစ္စည်းအားလုံး နောက်ဆုံး စုစည်းမိပြီ ဖြစ်လေ၏။
ချန်လွေ့က ခေါင်းကို လှည့်လိုက်ကာ ငိုင်နေသော ဂေဘရီရယ်ကို ကြည့်ရင်း သက်ပြင်းချပြီး ‘အမှောင်ထုဘုရင်’ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ကာ သိုလှောင်ဂိုဒေါင်ထဲ သိမ်းလိုက်၏။
ဂေဘရီရယ်က ရုတ်တရက် သတိ ပြန်ဝင်လာခဲ့လေသည်။ ချန်လွေ့ကို ကြည့်နေသော သူ၏ အကြည့်က ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ထုတ်လွှတ်နေသည်၏။ သူက ခရမ်းရောင် ချွန်ထက်သော ခရုပတ်ဓားကို မြှောက်ပြီး လေထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ချွန်ထက်သည့် ချီစွမ်းအင် တစ်ခုကို ရေးဆွဲလိုက်သည်။ “အဲဒါကို ထားခဲ့။”
ချန်လွေ့က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ခီလန်ယာကို နောက်တွင် ကာကွယ်ပေးလိုက်သည်။ ထိုအခိုက်တွင် ဘေးမှ နေရာလွတ်က လှုပ်ရှားသွားပြီး ရာဖယ်ရယ် ပေါ်လာခဲ့သည်။
“ဂေဘရီရယ်။ ငါ ဒီမှာ သိဒ္ဓိမီးလျှံ ကျောက်တုံးကို တွေ့ခဲ့ပြီ။ ပြီးတော့ အလင်းစီးကြောင်း နွယ်ပင်ကိုတောင် တွေ့ခဲ့တယ်။ ဒါတွေနဲ့ နှင်းဒဲလက်ပန်းနဲ့ ဖော်စပ်ထားတဲ့ ဆေးရည်နဲ့ ဆိုရင်တော့ မိုက်ကယ်တင်မကဘူး၊ ဖန်တီးခြင်း ကိုယ်ထည်ရဲ့ တန်ပြန်မှုကြောင့် ဖြစ်ခဲ့တဲ့ ငါတို့နှစ်ယောက် အပေါ်က ပြင်းထန်တဲ့ ဒဏ်ရာတွေလည်း သိပ်မကြာခင် ပြန်ပြီး ကောင်းလာနိုင်ပြီ။” ရာဖယ်ရယ် အသံက အံ့ဩမှုများဖြင့် ပြည့်နှက်နေလေသည်။ သူက ထိုစကားအနည်းငယ်ကို ပြောပြီး နောက်တွင် ရုတ်တရက် ကွင်းပြင်ပေါ်မှ အခြေအနေကို တွေ့လိုက်ရသည်။ သူ လက်ခနဲ ဖြစ်သွားပြီး ချက်ချင်းဆိုသလို ဂေဘရီရယ်၏ ဘေးတွင် ပေါ်လာခဲ့သည်။ သူ၏လက်ထဲတွင် ငွေရောင် တုတ်ရှည် တစ်ချောင်းကို ကိုင်ထားသည်။ သူ၏ အရှိန်အဝါက ချန်လွေ့အပေါ် ချက်ချင်း အသေမှတ်လိုက်သည်။
ရာဖယ်ရယ်၏ စကားများအရ သူတို့ ငွေလကောင်းကင်မြို့တော်သို့ ‘လည်ပတ်’ ရခြင်း၏ အကြောင်းအရင်းကို ချန်လွေ့ နားလည်သွားခဲ့လေသည်။ ဖိုက်သွန် မျှော်လင့်ထားသလိုပင် ဒြပ်စင်လောက ပြောင်းလဲချိန်၌ ကောင်းကင်တမန်တော် သုံးပါးက ဖန်တီးခြင်းစာအုပ် စွမ်းအားကို အသက်သွင်းရန် ဖန်တီးခြင်းကိုယ်ထည် အရဲစွန့် သုံးခဲ့ကြပြီး ကမ်းပါးဖြူပေါ်မှ သောင်းကြမ်းနေခဲ့သော အလင်းဒြပ်စင်ကို တည်ငြိမ်စေခဲ့သော်လည်း သူတို့က တန်ပြန် သက်ရောက်မှု များစွာကိုလည်း ရရှိခဲ့သည်။ ပြန်လည်၍ ကောင်းမွန်ရန် အတွက် ပစ္စည်းအချို့မှာ အလူစီယာ၏ နေရာတွင်သာ ရရှိနိုင်ရာ သူတို့ကိုယ်တိုင် ယခုနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
“ခင်ဗျားတို့ နှစ်ယောက်လုံး ဒဏ်ရာရ ထားတာပဲ။ ဒါဆိုရင် ခင်ဗျားတို့က ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။” ချန်လွေ့က ခပ်ပေါ့ပေါ့ ပြောလိုက်စဉ် သူ၏ကိုယ်ပေါ်မှ ကြယ်အလင်းရောင် ထွန်းလင်းလာသည်။ နှစ်ဆတိုးလာသော အသက်စွမ်းအားနှင့် သူ၏ စိတ်ထဲမှ အချို့သော ဖိနှိပ်မှု ပျောက်သွားခြင်းက ကြယ်အလင်းထဲမှ အငွေ့အသက်ကို ယခင်ကထက် ပိုမို၍ အားကောင်းလာစေခဲ့သည်။ အဆများစွာ ပိုအားကောင်းနေ၏။ ထိုအရာမှာ [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ပေါင်းစပ်မှု အသက်မသွင်းရသေးပေ။
မှန်လောက အထဲတွင် ‘တည်ရှိမှု’ ဉာဏ်အလင်းပွင့်ခြင်းက ပုံရိပ်ယောင်မှ လွတ်မြောက်ရန်ကဲ့သို့ ရိုးရှင်းပုံ မရပေ။
အငွေ့အသက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားရင်း ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့၏ မျက်နှာအမူအရာများ တစ်ချိန်တည်း ပြောင်းလဲသွားခဲ့သည်။ ဒီရန်သူ ကြောက်စရာကောင်းလွန်းတယ်။ သူ့ကို တွေ့တိုင်း သူ့ရဲ့ခွန်အား တစ်စစီ တိုးလာသည်။ သူ့ရဲ့ အခုအခြေအနေက မြှားပစ်ကွင်းမှာ ရှိနေတုန်းကထက်ကို အများကြီး ပိုအားကောင်းနေပြီ။
“ဂေဘရီရယ်။ ခင်ဗျား မဖြစ်မနေ တိုက်ခိုက်မယ်ဆိုရင် ကျုပ် သက်ညှာမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုပဲ ပြောချင်တယ်။ ဒါက ‘သူ့’ ရွေးချယ်မှုပဲ။”
‘ရွေးချယ်မှု’ ဟူသော စကားလုံးက ဂေဘရီရယ်၏ ပျော့ကွက်ကို ထိမှန်သွားပုံ ရလေသည်။ သူ၏ ခန္ဓာကိုယ် တုန်သွားပြီး လက်ထဲမှ သိဒ္ဓိတေးသံဓား အားနည်းစွာ ပြုတ်ကျသွားခဲ့လေသည်။ ရာဖယ်ရယ်၏ ရှုပ်ထွေးနေသော အကြည့်အောက်တွင် ဂေဘရီရယ်က သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။ ရာဖယ်ရယ်က ချန်လွေ့ကို သံသယဖြင့် ကြည့်လိုက်ပြီး နောက်ဆုံး ဂေဘရီရယ် အနောက်သို့ လိုက်ပါသွားခဲ့သည်။ သူတို့ နှစ်ဦး၏ ပုံရိပ်များက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့၏။