[ဓူဝံကြယ် အသွင်ပြောင်းခြင်း] ၏ ပေါင်းစပ်မှု
Vol. 78 Ch. 1205
“‘သူ’က ဒါပဲ ပြောခဲ့တာလား။” ဖိုက်သွန်က မှော်ဖဲချပ်ထံမှ အကြည့်ကို လွှဲလိုက်သည်။ သူက ချန်လွေ့အား မှော်ဖဲချပ်ကို လွှဲပေးရန် မတောင်းဆိုဘဲ တိတ်ဆိတ်သွားခဲ့သည်။
ချန်လွေ့က ၎င်းကို ဖိုက်သွန်ထံမှ မဖုံးကွယ်ခဲ့ပေ။ သူ စိတ်လှည့်တောအုပ်၌ အတွေ့အကြုံအကြောင်း ပြောပြခဲ့သည်။ မှန်ပေ၏။ သူက မှန်လောက အကြောင်း အကျဉ်းချုံး ဖော်ပြခဲ့သည်။ သူက ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောမှ မသိလိုက် မသိဘာသာ လမ်းညွှန်ခံခဲ့ရပြီး လူစီဖာနှင့် သေရေးရှင်ရေး အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ရပြီး နောက်ဆုံး ကံကောင်းကာ အနိုင်ရခဲ့ကြောင်း ပြောသည်။ ထို့နောက် ရှုံးနိမ့်သွားသော လူစီဖာနှင့် အန္တိမသော့က အလူစီယာ၏ ‘အမှောင်ထုဘုရင်’ မှော်ဖဲချပ်နှင့် ပေါင်းစပ်သွားခဲ့၏။
ဖိုက်သွန် ဂရုမထားပုံ ရသော်လည်း ချန်လွေ့က သုန်မှုန်နေခြင်းကို ခံစား နေရဆဲ ဖြစ်သည်။ မှန်လောကမှ ဖောက်ထွက်ပြီးနောက်တွင် ချန်လွေ့သည် ထိုထူးဆန်းသော လောက၏ ဆန်းကြယ်မှုများကို ပိုမို၍ နားလည် သဘောပေါက်ခဲ့သည်။ မှန်လောကသည် အမှန်တကယ်တွင် သူ၊ လူစီဖာနှင့် အလူစီယာတို့၏ အတွင်း အသိစိတ်များ ရောနှောနေသော လောက တစ်ခု ဖြစ်သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်ဝိညာဉ် ရောင်ပြန်ဟပ်မှု သာမကဘဲ လူစီဖာနှင့် အလူစီယာတို့ထံမှ ဝိညာဉ် အလင်းယိုင်ခြင်းလည်း ဖြစ်ပေသည်။
မှန်လောကတွင် ချန်လွေ့၏ ဝိညာဉ် ရောင်ပြန်ဟပ်မှုမှ ဖွဲ့စည်းထားသော အဓိကဇာတ်ကောင်များမှာ အသီနာ၊ ခီရာ၊ ဇိုလာ စသည်တို့ ဖြစ်ပြီး လူစီဖာ၏ ဇာတ်ကောင်များမှာ စေတန်၊ ဖိုက်သွန်၊ မိုက်ကယ်၊ ဂေဘရီရယ်၊ ရာဖယ်ရယ်နှင့် အခြားသူများ ဖြစ်သည်။ အကယ်၍ ဇာတ်ကောင်များမှာ လောက၏ ‘အသွေးအသွား’သဖွယ် ဖြစ်ပါက လောက တစ်ခုလုံး၏ ‘အရိုးစု’မှာ အလူစီယာ တည်ဆောက်ထားသော ဇာတ်ကောင်များ အကြား ပတ်သက်မှုနှင့် ဆန့်ကျင်ဘက် ဆက်ဆံရေးဖြင့် ဖွဲ့စည်းထားသည်။
သူတို့အထဲ ချန်လွေ့နှင့် လူစီဖာတို့က တစ်ဦးတည်းအဖြစ် ပေါင်းစပ်သွားပြီး လောက နှစ်ခု၏ အခန်းကဏ္ဍများကို ချိတ်ပေးသည့် အရာတစ်ခု ဖြစ်လာကာ လောကတစ်ခုလုံး၏ ဇာတ်ဆောင်လည်း ဖြစ်ပေသည်။
ထိုလောကတွင် ‘ချန်လွေ့’အပေါ် ဂေဘရီရယ်နှင့် ဖိုက်သွန်တို့၏ ခံစားချက်များက လူစီဖာအပေါ်လည်း ဖြစ်ပြီး စစ်မှန်သော အလင်းယိုင်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။
စိတ်လှည့်တော်အုပ်မှ ဂေဘရီရယ်၏ စကားများနှင့် လုပ်ဆောင်ချက်များအရဆို လူစီဖာ၊ စေတန်၊ မိုက်ကယ်၊ ဖိုက်သွန်နှင့် အခြားသူများက အစပိုင်းတွင် အဖွဲ့ တစ်ခုတည်း ဖြစ်ခဲ့သည်။ မှန်လောကရှိ ဆက်ဆံရေး ကဲ့သို့ပင်။ အထူးသဖြင့် ဂေဘရီရယ် မေးခွန်းထုတ်ခဲ့သော ‘ရှင် ဘာလို့ သက်ကြွေခဲ့တာလဲ’ ဟူသော စကားတွင် အသုံးပြုခဲ့သော ဘွဲ့အမည်မှာ ‘နတ်ဘုရားတွေရဲ့ အရုဏ်ဦးကြယ်၊ နံနက်ခင်း သားတော်၊ အဝင့်ကြွားဆုံး ကောင်းကင်တမန်တော်’ ဖြစ်နေခဲ့ရာ လူစီဖာသည် ထိုစဉ်က အစွမ်းအထက်ဆုံး ကောင်းကင်တမန်တော် ဖြစ်ရပေမည်။
စေတန်၊ ဖိုက်သွန်၊ အက်ဘက်ဒွန်နှင့် အခြားသူများက ကောင်းကင်တမန်များ ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် အချို့သော မတော်တဆမှုကြောင့် ‘သက်ကြွေ’ရန် ရွေးချယ်ခဲ့ကြပြီး ဆန့်ကျင်ဘက် အဖွဲ့သို့ ရောက်ခဲ့ကြရာ မိုက်ကယ်၊ ဂေဘရီရယ်နှင့် အခြားသူများနှင့် ရန်သူများ ဖြစ်လာသည်။
ဂေဘရီရယ်က လူစီဖာ၏ ‘သက်ကြွေခြင်း’ကြောင့် အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ သူက ထိုသို့ အမှန်တရားကို မယုံကြည်နိုင်ခဲ့ဟု ဆို၍ ရနိုင်သည်။ သတ္တိနှင့် အချိန်အခါကြောင့် သူ လူစီဖာကို တိုက်ရိုက် မရင်ဆိုင် နိုင်ခဲ့ပေ။ ယနေ့မှသာ ထိုမေးခွန်းကို မေးခဲ့ခြင်း ဖြစ်သည်။
ဂေဘရီရယ်နှင့် ယှဉ်လျှင် အမြဲတမ်း တိတ်ဆိတ်ပြီး သူ့ကိုယ်သူ ဖော်ပြရာတွင် မတော်သော ဖိုက်သွန်က တိတ်ဆိတ်စွာ လိုက်နာရန်နှင့် အတူတူ ‘သက်ကြွေ’ရန် ရွေးချယ်ခဲ့သည်။
အမှောင်ထုထဲကို ကျသွားခဲ့ရင် ကျွန်မ ရှင့်ကို ထာဝရ အဖော်ပြုပေးမယ်။
သူက ချန်လွေ့ကို ‘သူ’ ဖြစ်ကြောင်း ဆုံးဖြတ်ပြီးနောက် တစ်ချိန်က အတူတကွ ပျက်စီးလိုခဲ့သော ထိုမောက်မာသည့် အမျိုးသမီးက သူ့ကို စိတ်ရောကိုယ်ပါ လိုက်နာရန် ရွေးချယ်ခဲ့သည်။ သူက ကြိုးကြိုးစားစား အကူအညီပေးရင်း အသက်ရင်းကာ တိုက်ခိုက်ခဲ့သည်။
ထိုအချက်မှ ကြည့်လျှင် ချန်လွေ့သည် အမြဲတမ်း ဖော်ပြရာတွင် ညံ့ဖျင်းသော ဖိုက်သွန်က ဂေဘရီရယ်ထက် လူစီဖာ အပေါ်တွင် ပိုနက်ရှိုင်းသော ခံစားချက်များ ရှိသည်ဟု ယုံကြည်နေသည်။
ကံဆိုးစွာပင် ချန်လွေ့က ချန်လွေ့သာ ဖြစ်နေဆဲဖြစ်ပြီး သူ၏ စိတ်ထဲမှ ‘သူ’ မဟုတ်ပေ။ အမှန်တကယ်၌ စစ်မှန်သော ‘သူ’ ပေါ်ပေါက်လာပြီးနောက် ဖိုက်သွန်၏ အမည်ကို အစမှအဆုံး လုံးဝ မပြောခဲ့ပေ။
“အမ်... နောက်ဆုံးတော့ ‘သူ’က စွမ်းအားတွေ ကုန်ဆုံးသွားပြီးတော့ အကြာကြီး မရှိနိုင်တော့ဘူး။ အဲဒါကြောင့် သူက ဂေဘရီရယ်ကို တကယ်လို့ တခြား လောကတစ်ခု ရှိခဲ့ရင် သူ၊ ဂေဘရီရယ်၊ ရာဖာတီ... ပြီးတော့ ခင်ဗျားနဲ့ တခြားလူ အများအပြား နောက်တစ်ခါ ဆုံကြမယ်လို့ ပြောတယ်။” ချန်လွေ့က အသေအချာပင် လိမ်ညာခဲ့၏။ လူစီဖာ၏ မူရင်း စကားတွင် ဖိုက်သွန် မပါခဲ့ပေ။
ထိုအရာက အဖြူရောင် မုသားတစ်ခု ဖြစ်၏။
ချန်လွေ့က လူစီဖာနှင့် ဖိုက်သွန် အကြား ဆက်ဆံရေး မည်သို့ဖြစ်ကြောင်း မသိခဲ့ပေ။ မသိရသေးသော ဇာတ်လမ်း များစွာ ရှိနိုင်သည် သို့မဟုတ် ၎င်းမှာ အစမှအဆုံးအထိ တစ်ဖက်သတ်မျှလည်း ဖြစ်နိုင်သည်။ သူက ဖိုက်သွန် ထိုသို့ ဖြစ်နေသည်ကို မကြည့်နေနိုင်ခဲ့ပေ။ အနည်းဆုံးတော့ သူ၏ စိတ်ထဲတွင် ဖိုက်သွန်က ဘေးချင်းယှဉ် တိုက်ခိုက် ခဲ့သော မိတ်ဖက်တစ်ဦး ဖြစ်ပြီး မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်။
ဖိုက်သွန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ထိုးထွင်းမြင်နိုင်သော အကြည့်က သူ့အား အနည်းငယ် အပြစ်ရှိ သလို ခံစားစေပြီး သူက အရာအားလုံးကို သိမြင်သွားသည့်အလား ထင်ရ၏။
ဖိုက်သွန်က ချန်လွေ့ကို ခဏတာ စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ သူက ခါးသီးမှု အားလုံးနှင့် မှောင်မိုက်မှု အားလုံးကို ဝှက်ထားလိုက်သည်။ “ကျွန်မ ဒီမှာနေပြီး ကလေးမွေးတဲ့အထိ အသီနာကို ကူညီ ပေးမယ်။ ပြီးရင် ကျွန်မ ခဏလောက် ထွက်ခွာသွားချင်တယ်။”
“ကျေးဇူးတင်ပါတယ်။” ချန်လွေ့က မည်သည့် နှစ်သိမ့်စကားလုံးများ မဆို မလိုအပ်ကြောင်း သိသည်။ “တကယ်လို့ ခင်ဗျား စာချုပ်ကို ပယ်ဖျက်ချင်ရင် ကျုပ်...”
“မလိုဘူး။” ဖိုက်သွန် တဖြည်းဖြည်း ခေါင်းခါပြီး လှည့်ထွက်သွားခဲ့သည်။
နောက်ပိုင်း အချိန်တွင် ဖိုက်သွန်က ပို၍ စကားနည်းသွားပုံ ရသော်လည်း သူသည် ကတိကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူက အမှောင်လတွင် နေထိုင်ခဲ့ပြီး စုဆောင်းထားသော ပစ္စည်းများကို သုံး၍ အသီနာအား ပျက်စီးခြင်း ကိုယ်ထည်နှင့် ပေါင်းစပ်ခြင်း လျှို့ဝှက် ပညာရပ်ကို သင်ကြားပေးခဲ့သည်။ ဖိုက်သွန်က ထိုလျှို့ဝှက် ပညာရပ်ကို ပျက်စီးခြင်း စာအုပ်၌ ပုန်းအောင်းနေစဉ် မရေမတွက် နိုင်သော နှစ်များတစ်လျှောက် နားလည် သဘောပေါက်ခဲ့သည်။ သူက ပျက်စီးခြင်း စွမ်းအားကို ပြောင်းလဲ ထိန်းသိမ်းရန် ငွေသေတ္တာကို အသုံးချနိုင်ခဲ့သည်။
ပျက်စီးခြင်း ကိုယ်ထည်က ပျက်စီးခြင်း စာအုပ်ကို ထိန်းသိမ်းထားသော ရတနာ ဖြစ်ထိုက်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ ထိုကဲ့သို့ လျှို့ဝှက်ပညာရပ်ကို လေ့ကျင့်ပြီးနောက် အသီနာ စွမ်းအားက ကိုယ်ဝန်ဆောင်၍ တိုင်းပြည်အဆင့် အထွတ်အထိပ်အဆင့်သို့ နောက်တစ်ကြိမ် ခုန်တက်သွားခဲ့သော်လည်း စွမ်းအား ထိန်းချုပ်မှု လွတ်သည့် အခြေအနေမျိုး သိသိသာသာ လျော့ကျသွားခဲ့သည်။
အက်ဂ်လက်စ်က အမှောင်လသို့ ရောက်ရှိလာခဲ့လေသည်။ အကြောင်းမှာ သူက ယခင်တစခါ [လတိုင်းပြည်] တိုက်ပွဲအတွင်း သတိမေ့မြောနေစဉ်တွင် ဖိုက်သွန် ပေးအပ်ခဲ့သော ဆာရီရယ်၏ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ဝိညာဉ် စွမ်းအား အစအန ရရှိခဲ့၍ပင်။ နဂါးကျွန်းသို့ ပြန်ရောက်ပြီးနောက်တွင် အက်ဂ်လက်စ်က လေ့ကျင့်မှု၌ သူ့ကိုယ်သူ မြှုပ်နှံထားခဲ့သည်။ စွမ်းအားအစအနကို ချေဖျက်ပြီးနောက် သူက ဒဏ်ရာများကို ကုသနိုင်ခဲ့ရုံသာမက နတ်ဘုရား-ယောင် အဆင့် အလယ်ပိုင်းသို့ တက်လှမ်းရန် အစွန်းကိုလည်း ထိတွေ့နိုင်ခဲ့သည်။ ယခု သူ အမှောင်လသို့ ရောက်ရှိလာခဲ့သည်မှာ ဖိုက်သွန်မှ အကြံဉာဏ် တောင်းခံရန်သာ ဖြစ်သည်။
သို့သော် ယခုနေရာသို့ ရောက်လာပြီး နောက်တွင် အက်ဂ်လက်စ်၏ ယုံကြည်မှု နောက်တစ်ကြိမ် ထိခိုက်ခံလိုက်ရသည်။ ဇိုလာ၏ စွမ်းအားက မမျှော်လင့်ဘဲ နတ်ဘုရား-ယောင် အထွတ်အထိပ်သို့ ခုန်တက်သွားခဲ့ပြီး ချန်လွေ့က သာမန် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ကျော်လွန်သွားပြီ ဖြစ်သည်။
အက်ဂ်လက်စ်၏ သမီးနှစ်ဦး ဖြစ်သော လာလာရီယာနှင့် အိုလီဖီးရက်စ်တို့၏ စွမ်းအားက သူ့ကို ပြုံးစေခဲ့သည်။ အနာကျင်ဆုံး လက်ထပ်ခြင်းအရဆိုလျှင် မိန်းကလေး နှစ်ဦးထဲမှ တစ်ဦးမှာ အသိတရားမဲ့သော ကပ်စေးနဲသူ ဖြစ်ပြီး အခြား တစ်ဦးမှာ အမျိုးသမီးများကိုသာ ကြိုက်သော ထူးဆန်းသည့်သူ တစ်ဦး ဖြစ်သည်။ နဂါးဧကရာဇ် ဖခင်က လက်ထပ်ခြင်းကိစ္စအပေါ် အဆက်မပြတ် လျစ်လျူရှုခြင်း ခံရသောအခါ ထောင့်တွင် ပုန်းပြီး စက်ဝိုင်းများ ရေးဆွဲနိုင်ရုံသာ တတ်နိုင်ခဲ့လေသည်။
အမှောင်လတွင် နေထိုင်ရခြင်း၏ အကျိုးကျေးဇူးများမှာ အတော်လေး ထင်ရှားလျှပေသည်။ အချိန်ဥပဒေသ၏ အထူး လေ့ကျင့်ရေးကွင်းပြင် တစ်ခုတည်းကပင် မလွန်ဆန်နိုင်သော ‘အကျိုးကျေးဇူး’ တစ်ခု ဖြစ်လေသည်။ အကြီးအကဲ မစ်-နဂါးနက်နှင့် တင်းကျပ်ပြီး ထိန်းချုပ်တတ်သော ဇနီး ရှိသည့် နဂါးပြာတို့က အစပိုင်းတွင် ကြားဖြတ်ပြောမိသည်ကို ယဉ်ကျေးစွာ တောင်းပန်နေဆဲ ဖြစ်သည်။ နောက်ပိုင်း သူတို့က ထိုစကားများကို မပြောခဲ့ဟန် ဆောင်လိုက်ကြပြီး အရှက်မရှိဘဲ ထွက်ခွာသွားရန် ငြင်းဆန်ခဲ့ကြသည်။
မိတ်ဆွေများ အနေဖြင့် ချန်လွေ့က ထိုအရာကို သေချာပေါက် စိတ်ထဲမှာ မထားပေ။ သူက ဂျူလီယာနှင့် ဒန်နီရယ်တို့ကို ချိတ်ဆက်ထားသူများ ဖြစ်ရန် အတင်းအကျပ် မပြုလုပ်ခဲ့ပေ။ နတ်သူငယ်တစ်ပိုင်းစုံတွဲ တေးလို့စ်နှင့် အယ်လ်တာနီတို့မှာ သူတို့၏စစ်မှန်သော ဆုံးဖြတ်ချက်ကို ကမ်းလှမ်းခဲ့၍ သူတို့က ကျွန်-သခင် စာချုပ်တစ်ခု ကမ်းလှမ်းခြင်း ခံခဲ့ရပြီး ကြယ်တစ်ပွင့် တိုးမြှင့်မှုကို လက်ခံရရှိခဲ့သည်။
တေးလို့စ်နှင့် အယ်လ်တာနီတို့က ပထမဆုံး နတ်ဆိုးဘုံသို့ ရောက်ရှိလာစဉ် အနည်းငယ် မလုံမခြုံ ဖြစ်နေပုံ ရသော်လည်း နတ်ဆိုးဘုံ၏ မြင်ကွင်းမှာ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေ၏။ အသွင်အပြင်မှလွဲ၍ နတ်ဆိုးများက လူသား မျိုးနွယ်များနှင့် များများစားစား မကွာခြားပေ။ နတ်သူငယ် မျိုးနွယ်စု စာပေတွင် ထပ်ခါတလဲလဲ အထင်သေး ခံခဲ့ရသော အမှောင် နတ်သူငယ်ပင်လျှင် စိတ်ကူးထားသလို ဆိုးသွမ်းခြင်း မရှိခဲ့ပေ။ လူသားလောက နတ်သူငယ်များကဲ့သို့ လွှမ်းမိုးသော မောက်မာမှုများ မရှိနေဘဲ ဆက်ဆံရန် ပိုမို၍ လွယ်ကူပုံရသည်။ ၎င်းက သွေးမျိုးဆက်ကြောင့် တစ်ချိန်က အထင်သေးခြင်း ခံခဲ့ရသော နတ်သူငယ် တစ်ပိုင်းအား ပြင်းထန်သော ပိုင်ဆိုင်စိတ် ဖြစ်စေခဲ့သည်။
သူတို့နှစ်ဦးကို ပို၍အံ့ဩစေသည်မှာ နတ်ဆိုးဘုံ၏ သာယာဝပြောမှု ဖြစ်သည်။ အမှောင်လနယ်မြေ၏ သာယာဝပြောမှုက သိဒ္ဓိအင်ပါယာ နှစ်ခု၏ မြို့တော်များထက် မနိမ့်ကျပေ။ သူတို့က နတ်ဆိုးဘုံ၏ အင်ပါယာ ၃ခုသည် အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး ဖွံ့ဖြိုးတိုးတက်မှုများက ပို၍ပင် လျင်မြန်လိမ့်မည့် အကြောင်းကို ကြားလိုက်ရသည်။ သို့သော် ထိုအရာ အားလုံးက ‘သခင်’မှာ ဧကရီအရှင်မ သုံးပါး၏ တစ်ဦးတည်းသော ကြင်ရာတော် မင်းသားဖြစ်ကြောင်း သိလိုက်ရချိန်ကဲ့သို့ တုန်လှုပ်ဖွယ် မကောင်းခဲ့ပေ။ ထိုကဲ့သို့ ကြီးမားသော နောက်ခံဖြင့် တေးလို့စ်နှင့် အယ်လ်တာနီတို့က နတ်ဆိုးဘုံတွင် စိတ်ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့သည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် လပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
လွန်ခဲ့သောလများအတွင်း ချန်လွေ့က အမှောင်လမှ လုံးဝ မထွက်ခွာခဲ့ပေ။ သူက အသီနာ၏ ဘေးတွင် အချိန်တိုင်း ရှိနေခဲ့သည်။ မှန်လောကတွင် သူသည် အသက်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည် သဘောပေါက်ခဲ့ပြီး ၎င်းမှာ စူပါစနစ်မှ ကြယ်စင်စု တစ်ခုလုံး၏ အသက်စွမ်းအားကို ၁၀ဆမက မြှင့်တင် ပေးခဲ့သည်။ ထိုအဆင့်မြှင့်တင်မှုက မမျှော်လင့်ထားသော ပြောင်းလဲမှု တစ်ခုကို ယူလာပေးခဲ့သည်။ ၎င်းမှာ သူကိုယ်တိုင်နှင့် [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ပေါင်းစပ်သွားခြင်း ဖြစ်သည်။
ထိုမတိုင်ခင် [ဓူဝံကြယ် အသွင်ပြောင်းခြင်း]က အချိန်နှင့် အသုံးပြု အကြိမ်အရေအတွက် ကန့်သတ်ချက် မရှိခဲ့သော်လည်း ယခု [ဓူဝံကြယ် အသွင်ပြောင်းခြင်း]က အသက်ထဲသို့ အပြည့်အဝ ပေါင်းစပ်သွားပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူက တမင်တကာ အသွင်မပြောင်းဘဲ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားကို ထုတ်ဖော်နိုင်လေပြီ။
ကြယ်သံချပ်ကာကို ဝတ်ပြီးနောက်တွင် သူ၏ စွမ်းအားက နောက်ထပ် တိုးမြှင့်မှု တစ်ခုကို ရရှိပေလိမ့်မည်။ ထိုသို့သော တိုးမြှင့်မှုမှာ ယခင်က အဆင့်ကြီးကို ဖြတ်ကျော်နိုင်စွမ်းကဲ့သို့ မဟုတ်ဘဲ ၎င်းမှာ အဆင့်ငယ်၏ တိုးတက်မှုနှင့် ညီမျှသည်။ ဆိုလိုသည်မှာ ကြယ်သံချပ်ကာကို ဝတ်ပြီးနောက်တွင် သူက အနည်းဆုံး အဓိက ဒြပ်စင်သံတမန်များ၏ SSSS အဆင့်သို့ ရောက်ရှိနိုင်သည်။ ထိုအရာမှာ [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ပေါင်းစပ်မှု အသက်မသွင်းရသေးပေ။ သို့တိုင်အောင် ချန်လွေ့က အဓိက ဒြပ်စင်သံတမန် ၅ပါး ပူးပေါင်းမှုကို အနိုင်ရရန် ယုံကြည်၏။
အောင်နိုင်ခြင်းပင်။ ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။
အမှန်မှာ ချန်လွေ့က အနည်းငယ် စိတ်ပျက်နေဆဲ ဖြစ်သည်။ အကြောင်းမှာ သူက နတ်ဘုရား-ယောင် အဆင့်သို့ တက်လှမ်းပြီးနောက် အသွင်ပြောင်းလျှင် နတ်ဘုရားအဆင့် အထက်သို့ တက်လှမ်း နိုင်လိမ့်မည်ဟု ထင်မြင်ခဲ့၍ပင်။ သို့သော် ထိုပြောင်းလဲမှုက [ဓူဝံကြယ် အသွင်ပြောင်းခြင်း] အတိုင်းအတာ အတွင်း၌ ရှိနေသေးသည်။ ၎င်းမှာ ပုံမှန်နှင့် အသွင်ပြောင်း အခြေအနေ အကြား ပေါင်းစပ်မှုမျှသာ ဖြစ်သည်။ အတိတ်က ‘ဒရာဂွန်ဘော’ ရုပ်ပြများ ကဲ့သို့ပင် စွန်းဝူခုန်းနှင့် သူ၏သားက ဒေါသ မထွက်သော ပုံမှန်အခြေအနေတွင် စူပါ ဆိုင်ယန်ပုံစံကို ထိန်းသိမ်းထားသလိုပင်။
၎င်းက [ဓူဝံကြယ်အသွင်ပြောင်းခြင်း] သည် စစ်မှန်သော အတားအဆီးတစ်ခုသို့ ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်းကိုလည်း ဆိုလိုပေသည်။ ၎င်းမှာ ကြယ်ခြောက်ပွင့် အဆင့်မြှင့်တင်မှု၏ အမြင့်ဆုံး အဆင့် ဖြစ်သည်။ သူက ကြယ်ခုနစ်ပွင့် ဆင့်ကဲ ပြောင်းလဲခြင်းသို့ ဖောက်ထွက်နိုင်သ၍ နတ်ဘုရား-ယောင် အားလုံးကို အမှန်ပင် ကျော်လွန်နိုင်ပြီး ပို၍ပင် မြင့်မားသော အဆုံးစွန်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
အဆောင်ပစ္စည်း ၇ခုသည် အန္တိမသော့ အဖြစ်သို့ ပြောင်းလဲသွားပြီး ‘အမှောင်ထုဘုရင်’တွင် ‘ချိပ်ပိတ်’ခြင်း ခံထားရသောကြောင့် အသုံးဝင်ခဲ့သော ကျွမ်းကျင်မှုများကို မသုံးနိုင်တော့ပေ။ သို့သော် ၎င်းတို့မှာ ပြင်ပအရာများသာ ဖြစ်သည်။ သူတို့ကို အမှန်တကယ် စွန့်လွှတ်ပြီးနောက် သူ၏စိတ်အခြေအနေ ပို၍ပင် အသုံးချနိုင်ပေမည်။
ချန်လွေ့က ဟင်းလင်းပြင်ထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သော ‘မျက်လုံး’ကို တွေးမိလိုက်ရာ ရုတ်တရက် တုန်လှုပ်သွား၏။
၎င်းမှာ မည်သည့်အရာ ဖြစ်ကြောင်း သူ ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။
“ဘာလို့ ဒီလောက် စိတ်ရှုပ်နေတာလဲ။” ကတ်သရင်း၏ အသံက သူ၏ဘေးတွင် ထွက်ပေါ်လာသည်။
ထိုရက်များတွင် အသီနာက ကလေး မွေးဖွားတော့မည် ဖြစ်သည်။ သူ၏ လွှမ်းမိုးသော ခွန်အားကြောင့် ပျက်စီးခြင်း စွမ်းအားက မွေးဖွားစဉ်တွင် ဖိနှိပ်ရန် အလွန်ပင် ခက်ခဲသည်။ သာမန် သားဖွား သမားတော်များက ၎င်းကို လုံးဝမခံနိုင်ဘဲ အနားမကပ်ခင်ပင် ပျက်စီးသွားလိမ့်မည်။ ကတ်သရင်း တစ်ဦးတည်းသာ ကလေး မွေးဖွားခြင်း အတွေ့အကြုံ ရှိသောကြောင့် ကတ်သရင်းက အသီနာကို ကိုယ်တိုင် မွေးဖွားပေးရန် အဆင်သင့်ဖြစ်နေစေရန် အရိပ်နက် အင်ပါယာမှ အထူးတလည် ပြေးလာခဲ့သည်။ ကတ်သရင်း သာမက ရှီရာနှင့် တစ်ဖနီတို့လည်း အမှောင်လသို့ ရောက်ရှိလာခဲ့ကြလေသည်။
“နတ်ဘုရား-ယောင် တော်ဝင် ဧကရီ အရှင်မ တစ်ယောက်က ဆရာမဝတ်စုံကို ဝတ်ပြီးတော့ ဓာတ်ပုံ... ဟီးဟီး.. တချို့ ရိုက်ခဲ့ရင် ဘယ်လိုပုံစံ ဖြစ်နေမလဲလို့ စဉ်းစားနေတာပါ။” ချန်လွေ့က နောက်သို့ ပြန်လှည့်ပြီး ပြုံးကာ ဧကရီအရှင်မ၏ လက်ကို ကိုင်လိုက်၏။
ဖိုက်သွန်နှင့် ဇိုလာတို့၏ လမ်းညွှန်မှု အောက်တွင် ကတ်သရင်း၏ စွမ်းအားက မကြာသေးခင်က နတ်ဘုရား-ယောင် အဆင့်သို့ အောင်မြင်စွာ တက်လှမ်း သွားခဲ့သည်။ ထိုအရာမှာ သော်သော်၏ ကောင်းချီးကြောင့်ပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်သို့ ဖောက်ထွက်၍ ကတ်သရင်းကို လိုက်မီရန် အမြဲပင် လိုလားခဲ့သော ဆရာသခင် ပါ့ဂ်လီအိုက လုံးဝ လက်လျှော့ လိုက်ရသည်။
“ရှင် ဘာမကောင်းတဲ့ အတွေးတွေ တွေးနေတာလဲ။” ကတ်သရင်း ချိုမြိန်စွာ ပြုံးပြီး ညုတုတုနှင့် ကြည့်လိုက်သည်။ “ရှင့်ရဲ့ ညစ်ညမ်းတဲ့ အကြည့်အရဆိုရင် အဲဒီလို ‘ဓာတ်ပုံ’မျိုးက သေချာပေါက် သင့်တော်တဲ့အရာ မဟုတ်ဘူးဆိုတာကို မြင်နေရတယ်။”
“ကိုယ်က ညစ်ညမ်းတယ် ဟုတ်လား။” ချန်လွေ့က သူ့ကိုယ်သူ လက်ညှိုး ထိုးပြလိုက်သည်။ “မျက်ခုံးထူထူနဲ့ မျက်လုံးကြီးကြီး ကိုယ့်လိုမျိုး ဇာတ်ကောင်က တော်လှန်ရေးမှာ ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ။”
“ရှင် ပြောတာကို နားမလည်ပေမယ့် ကတ်သရင်းရဲ့ အမြင်ကိုတော့ ကျွန်မ သဘောတူတယ်။” ရှီရာ လျှောက်လာပြီး တစ်စုံတစ်ယောက်၏ ညစ်ညမ်းသော အကြည့်ကို တွေ့လိုက်ရကာ သူ စကား မပြောခင် တစ်ခါတည်း ငြင်လိုက်၏။ “ကျွန်မ ရှင့်ရဲ့ မကောင်းတဲ့ စိတ်ကူးကို ဖြည့်ဆည်းပေးမှာ မဟုတ်ဘူး။ စဉ်းတောင် မစဉ်းစားနဲ့။”
ချန်လွေ့ ပြုံးဖြီးဖြီးနှင့် လုပ်လိုက်သည်။ သူက စကားပြောတော့မည် ပြင်လိုက်စဉ် တစ်ဖနီ အလျင်စလို ရောက်လာခဲ့သည်။ “ကတ်သရင်း၊။ မြန်မြန်လုပ်။ အသီနာ မွေးတော့မယ်ထင်တယ်။”