စုဝေးခြင်း
Vol. 78 Ch. 1207
ဖိုက်သွန်နှင့် ကတ်သရင်း တို့ကသာ ‘တံခါး’ကို မှတ်မိခဲ့ကြသည် မဟုတ်ပေ။ နတ်ဆိုးများ သက်တမ်းမှာ လူသားထက် ပိုရှည်လျား၏။ သာမန် အရပ်သားများပင် လွန်ခဲ့သော နှစ်၃၀၀ကျော်က အလားတူ ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ဖူးသည်။ သတင်း ထွက်လာသည်နှင့် နတ်ဆိုးဘုံ တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။
ယခု နတ်ဆိုးဘုံ၏ အင်ပါယာ ၃ခုက မဟာမိတ်အဖွဲ့ တည်ထောင် ခဲ့ကြသည်။ နတ်ဆိုးများက ရှားရှားပါးပါး ငြိမ်းချမ်းမှု နှင့် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု အချိန် ကာလ တစ်ခုကို ကြိုဆိုနေခဲ့ကြသည်။ မမျှော်လင့်ဘဲ ‘တံခါး’က အချိန် ဇယားထက် စော၍ ပေါ်လာခဲ့သည်။
ဆိုလိုသည်မှာ နှစ်၅၀၀တိုင်း တစ်ကြိမ် ဖြစ်ပွားသော လောကနှစ်ခု၏ စစ်ပွဲက ပိုမိုစောစီးစွာ ရောက်ရှိလာမည် ဟူ၍ပင်။
လူသားလောကမှ နတ်ဆိုးဘုံသို့ ပြန်၍ ရောက်လာသော နတ်ဆိုးလေ့ကျင့်သူများ ပါးစပ်မှ နတ်ဆိုးဘုံ၏ သာယာဝပြောမှုက လူသားလောကကို လိုက်၍ မီသွားပြီ ဖြစ်သည်။ နတ်ဆိုးများက လွန်ခဲ့သော နှစ်အနည်းငယ်၏ ငြိမ်းချမ်းသော အချိန်ကာလကို ပျော်မွေ့ခဲ့ကြသော်လည်း နေရောင် လွှမ်းခြုံနေသော လူသား လောကကို အောင်နိုင်ခြင်းက နတ်ဆိုးဘုံ၏ ရေတွက်၍ မရနိုင်သော နှစ်များတလျှောက် နက်ရှိုင်းစွာ အမြစ် တွယ်နေသော သဘောတရားများ ဖြစ်၏။ ၎င်းတွင် ရေတွက်၍ မရနိုင်သော မျိုးဆက်များ၏ မုန်းတီးမှု ပါဝင်နေသည်။ နီးကပ်လာသော စစ်ပွဲကို ရင်ဆိုင်ရာတွင် နတ်ဆိုးများ အရိုးထဲမှ စစ်တိုက်လိုသော သွေးများ ဆူပွက်လာခဲ့လေသည်။
အမှောင်လနေအိမ်တွင် သို့သို့လေး၏ မွေးဖွားခြင်းအတွက် ပွဲတော်အခြေအနေ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လူတိုင်း၏ မျက်နှာ၌ လေးနက်သော အမူအရာများ ပြသနေသည်။ အက်ဂ်လက်စ်၏ ခန္ဓာက ရုတ်တရက် ခပ်ရေးရေး တောက်ပလာ၏။
“ဆင့်ခေါ် စာချုပ်လား။” ချန်လွေ့က ထိုတောက်ပမှု၏ အထူး ဂုဏ်သတ္တိကို အကဲဖြတ်ပြီး ဖြစ်သည်။
“အင်း...” ယောက္ခထီး နဂါးဧကရာဇ်က ခေါင်းညိတ်လိုက်သည်၊ “ဒါ လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်က ချုပ်ခဲ့တဲ့ စာချုပ်ပဲ။”
ကတ်သရင်း အမြန်ဆုံး တုံ့ပြန်လိုက်ပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။ “အရှင် အက်ဂ်လက်စ်၊ ဒါက... အရင်တစ်ခေါက် လောကနှစ်ခုကြား စစ်ပွဲတုန်းကလား။”
“ဟုတ်တယ်။” အက်ဂ်လက်စ်က ခေါင်းညိတ်လိုက်သည်။ “ဒီစာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ သူတွေက နတ်ဆိုးဘုံ တစ်ခုတည်းက မဟုတ်ဘူး။ လူသားလောကက မျိုးနွယ်တွေလည်း ပါတယ်။ စာချုပ်ချုပ်သူရဲ့ စွမ်းအားက...”
“အထူးအဆင့်လား...” ချန်လွေ့က ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ “အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေက စစ်ပွဲမှာ ဝင်ပြီး စွက်ဖက်လို့ မရတဲ့ အကြောင်းလား။ ဒါမှမဟုတ်... ‘ဟန်ချက်ညီမှု’ လို့ခေါ်တဲ့ အရာ ရှိနေတာလား။”
ဟန်ချက်ညီမှုက စစ်ပွဲရလဒ်ကြောင့် မရေမတွက်နိုင်သော နှစ်များတလျှောက် ထိန်းသိမ်းထားခဲ့သည်။
စစ်မှန်သော အနိုင်ရသူ ရှိခဲ့ပေ။ ယခင် သန်းခေါင်နေ အရှင်သခင်၏ အောင်ပွဲပင် မဟုတ်ခဲ့ပေ။ သူက လူသားလောကသို့ တန်းတန်း ဝင်ရောက်ပြီး အင်ပါယာများကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့၏။ နောက်ဆုံး သူသည်လည်း လမ်းတစ်ဝက်တွင်ပင် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ထိုသို့ လုံးဝမပြီးဆုံးနိုင်သော စစ်ပွဲ၏ အမှန်တရားမှာ နောက်ဆုံး အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှု မရှိခြင်းပင်။
တစ်ခုတည်းသော အဓိက သံစဉ်မှာ သက်ရှိများ ပျက်စီးခြင်းသာ။
ထိုပျက်စီးခြင်း၏ ရည်ရွယ်ချက်မှာ စတေးရန်အတွက် ဖြစ်သည်။
ချန်လွေ့က အက်ဂ်လက်စ်အပေါ်မှ ဆင့်ခေါ်ခြင်း စာချုပ်၏ စွမ်းအားကို ကြည့်ပြီး ပြောလိုက်လေသည်။ “အတူတူ သွားကြည့်ကြရအောင်။”
“ငါလည်း သွားမယ်။” ပါ့ဂ်လီအို၊ ရိုမန်နှင့် အခြားသူများလည်း အော်ပြော လိုက်ကြသည်။
အစ်ဇဘယ်လာ ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မက နေခဲ့မယ်။ အသီနာ၊ သော်သော်နဲ့ သို့သို့တို့အားလုံး ဒီမှာ ရှိနေကြတယ်လေ။ သူတို့တွေကို စောင့်ရှောက်ဖို့နဲ့ ကာကွယ်ဖို့ လိုတယ်။”
“ကျွန်မလည်း နေခဲ့မယ်။” ရှီရာက လှုပ်ရှားတော့မည့် အဲလစ်ကို ကြည့်နေ၏။ ထိုအရာက စိတ်လှုပ်ရှားစရာများကို သွားရောက် ကြည့်ရှုလိုခဲ့သော မင်းသမီး လိုလီလေးကို စိတ်ဓာတ်ကျသွားစေသည်။
အိုလီဖီးရက်စ်၊ ခရိုဘဲလက်စ်၊ ခီရာနှင့် အခြားသူများလည်း ကျန်ရစ်ခဲ့ကြသည်။
အစ်ဇဘယ်လာ ထိုနေရာတွင် နေခဲ့ရာ ချန်လွေ့က များစွာ စိတ်သက်သာရာ ရသွားသည်။ သူက ညွှန်ကြားချက် အချို့ကို ပေးခဲ့ပြီး လူတိုင်းကို ကျက်သရေ မျှော်စင်တွင် သိမ်းပြီး အလင်းတန်းသို့ ပျံထွက်သွားခဲ့သည်။ ဖိုက်သွန်က ခဏတာ တိတ်ဆိတ်နေပြီး နောက်မှ လိုက်ပါ သွားခဲ့သည်။
နှစ်ယောက်လုံးက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်တွင် ရှိနေကြ၏။ ပျံသန်းခြင်းဖြစ်စေ၊ ရွှေ့ပြောင်းခြင်းဖြစ်စေ အမြန်နှုန်းမှာ အစွန်းဆုံးနီးပါး ဖြစ်သည်။ ဖိုက်သွန်က ပျံသန်းမှုတွင် ချန်လွေ့၏ မထင်မရှားအငွေ့အသက်က သူ့ဝိညာဉ်ကို မွန်းကြပ်လုနီးပါး ဖြစ်နေစေသည်ကို အမှန်တကယ် ခံစားမိလိုက်ရလေသည်။ ၎င်းမှာ သူ၏ စွမ်းအား အကုန်လုံးကို မထုတ်ဖော်သေးသည့်အချိန် ဖြစ်နေရာ သူ တိတ်တဆိတ် အံ့ဩမိသွားခဲ့သည်။
လျှပ်တပြက်အတွင်း သူတို့နှစ်ဦးက အမှောင်လနယ်မြေမှ ထွက်ခွာသွားခဲ့၏။ အလင်းတန်းက အမှောင်လနယ်မြေ၏ အရှေ့မြောက် ဘက်ခြမ်းတွင် ရှိနေသည်။ အကွာအဝေး ခန့်မှန်းချက်ကို အခြေခံ၍ ၎င်းမှာ ကြယ်ကြွေတမန် အင်ပါယာတွင် မဟုတ်လောက်ပဲ သွေးရောင်အင်ပါယာ၌ ဖြစ်လောက်သည်။
သွေးရောင်အင်ပါယာ၏ အရှေ့ဘက်မှ သွေးလက်သည်း နယ်မြေမှ မူလက မထင်မရှား နယ်မြေငယ်လေး တစ်ခု ဖြစ်သည်။
ထင်ထားသည့်အတိုင်း အလင်းတန်းက သွေးရောင်အင်ပါယာ၏ အရှေ့ဘက်ရှိ သွေးလက်သည်း နယ်မြေပေါ် ဆင်းသက် နေခဲ့လေသည်။
ဆိုလိုသည်မှာ ထိုနေရာက တိုက်ပွဲ ကွင်းပြင်သို့ အဓိကဝင်ပေါက် သို့မဟုတ် ထွက်ပေါက် ဖြစ်မည် ဟူ၍ပင်။
နတ်ဆိုးဘုံ ဗိုလ်ခြေက ထိုနေရာရှိ ‘တံခါး’မှတစ်ဆင့် လူသား လောကသို့ ဝင်ရောက်လိမ့်မည်။ သို့မဟုတ် လူသား လောက ဗိုလ်ခြေက ၎င်းမှ နတ်ဆိုးဘုံသို့ ခြေချလိမ့်မည်။
တံခါးဖွင့်လှစ်ခြင်း ချက်ချင်း မပြီးပေ။ ယခင် မှတ်တမ်းများအရ ၁၀ရက်ခန့် အချိန်ယူရသည်။
တံခါး၌ သာမန်လူများ ချဉ်းကပ်ခြင်းကို တားဆီးနိုင်သည့် အားကောင်းသော တွန်းလှန်မှုတစ်ခု ရှိနေ၏။
ထိုအချိန်တွင် သာမန်လူများက ဖြတ်သွားနေသော အလင်းစီးကြောင်း အချို့မှာ အလင်းတန်း ကိုယ်တိုင်၏ စွမ်းအင် မဟုတ်ဘဲ အလင်းတန်းထဲသို့ ဝင်ရောက်နိုင်သော လူများ ဖြစ်ကြောင်းကို မသိခဲ့ကြပေ။
ချန်လွေ့ အလင်းတန်း၏ ဧရိယာသို့ ဝင်ရောက်သွားရာ အထူးအားစက်ကွင်း တစ်ခုကို ခံစားမိလိုက်ပြီး ချက်ချင်းပင် အပြည့်အဝ သတိထားလိုက်သည်။
“မခုခံနဲ့။ ဒီအားစက်ကွင်းက တိုင်းပြည် အဆင့်အောက် လူတွေကို စစ်ထုတ်ဖို့ပဲ။” ဖိုက်သွန်၏ အသံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုအားစက်ကွင်းက အသေအချာပင် ချန်လွေ့ကို ခဏတာ ဝန်းရံလိုက်ပြီး သူ၏ တိုင်းပြည် စွမ်းအားကို အာရုံခံမိပြီးနောက် ပျောက်ကွယ်သွားခဲ့၏။
ချန်လွေ့ ဖိုက်သွန်ကို ခေါင်းညိတ်ပြပြီး ကျက်သရေ မျှော်စင်မှ လူတိုင်းကို ထုတ်လိုက်သည်။ ထိုလူများအနက်တွင် ရိုမန်နှင့် တစ်ဖနီတို့က အားအနည်းဆုံး ဖြစ်ကြသော်လည်း သူတို့က တိုင်းပြည် အဆင့် အထွတ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်ရာ ဖယ်ထုတ်ခံရမည် မဟုတ်ပေ။
အလင်းတန်းကို ကြည့်နေရင်းနှင့် အက်ဂ်လက်စ်အပေါ်မှ စာချုပ် အလင်းက ပိုတောက်ပလာပြီး သူက ပြောလိုက်၏။ “ဝင်ကြစို့။ အလင်းတန်းက နေရာလွတ် လမ်းကြောင်း တစ်ခုပါပဲ။ ပုံမှန်တော့ အန္တရာယ်မရှိဘူး။ တခြားသူတွေ မကြာခင် ရောက်လာနိုင်တယ်။”
ဇိုလာ မေးလိုက်သည်။ “ရှင် ပြောတဲ့ တခြားသူတွေထဲမှာ နတ်ဆိုးဘုံက အထူး အစွမ်းထက် ပုဂ္ဂိုလ်တွေ အကုန်လုံး ပါတာလား။”
“ငါ အကြိမ်အများကြီး ပါဝင်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်၃၀၀က အဓိက အင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ လွတ်လပ်တဲ့ လေ့ကျင့်သူတွေ အများကြီး ရောက်လာခဲ့ကြတာ။” အက်ဂ်လက်စ်က ရပ်တန့်သွားသည်။ “ရောက်လာခဲ့တာက နတ်ဆိုးဘုံ အင်အားစုတွေတင် မကဘူး။”
“နတ်ဆိုးဘုံတင် မကဘူး ဟုတ်လား။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ “မိတ်ဆွေဟောင်းတွေနဲ့ ဆုံရတော့မယ် ထင်တယ်။”
“တစ်ယောက်က ရောက်နှင့်နေပြီ။” ကောင်းကင်မှ အလင်းစီးကြောင်းတစ်ခုကို ဖိုက်သွန် တွေ့ပြီးနောက် လူတစ်ယောက် သူတို့ အရှေ့တွင် ပေါ်လာခဲ့သည်။
ထိုပုဂ္ဂိုလ်က ချန်လွေ့နှင့် ဖိုက်သွန်ကို မြင်ရာတွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ဖနီနှင့် ဇိုလာကို ခဏကြည့်ပြီး နောက်ဆုံးတွင် သူ၏အကြည့်ကို ချန်လွေ့ အပေါ်သို့ ထားလိုက်သည်။
“တကယ်မိတ်ဆွေဟောင်းပဲ။” ချန်လွေ့က အကြည့်ကို ရုပ်သိမ်းလိုက်၏။ “မတွေ့ရတာကြာပြီ။ စေတန်။ ခင်ဗျား ဒီအချိန်မှာ အကျိုးအမြတ်တွေ အများကြီး ရခဲ့ပုံပဲ။”
ရောက်ရှိလာသူမှာ စေတန် ဖြစ်သည်။ ချန်လွေ့က စေတန်၏ စွမ်းအားလည်း အတော်အတန် တိုးမြင့်လာခဲ့သည်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ပြောနိုင်၏။ သူက ပျက်စီးခြင်း ကိုယ်ထည်နှင့် ပေါင်းစပ်ရာတွင် အောင်မြင်မှု အချို့ကို ပြုလုပ်နိုင်ခဲ့ပုံ ရလေသည်။
တစ်ဖနီက စေတန်အား အဝေးမှ ဦးညွှတ်လိုက်၏။ “ဆရာ...”
စေတန်တွင် ကောင်းမွန်သော အမြင် အာရုံ ရှိသည်။ သူက တစ်ဖနီနှင့် ချန်လွေ့ အကြား ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။ ချန်လွေ့က သူ့အား အင်ပါယာ ၃ခု အပေါ်တွင် အမှောင် နတ်ဘုရားကျောင်း အစီအစဉ်ကို ဆောင်ရွက်ခြင်းမှ တားဆီးခဲ့သည်ကို သတိရသောအခါ သူ ခနဲ့လိုက်၏။ “တစ်ဖနီ မင်း ပိုကြီးမားတဲ့ နောက်ခံ တစ်ခု ရှာတွေ့ခဲ့တဲ့ပုံပဲ။ ပြီးတော့ ငါတို့ အကြားက သဘောတူညီချက်က ပြီးမြောက်သွားပြီ။ ငါက မင်းရဲ့ ‘ဆရာ’ မဟုတ်တော့ဘူး။”
တစ်ဖနီ၏ အမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ ဆရာပါပဲ။”
စေတန်က ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူး။ မင်းမှာ ဧကရီတစ်ယောက်ရဲ့ စိတ်နေသဘောထား နည်းနည်း ရှိတယ်။ ပြီးတော့ မင်းရဲ့စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့် လုံးဝနီးပါး ရောက်နေပြီ။ တကယ်လို့ မင်းက အခု ငါ့ရဲ့ အကာအကွယ်အောက်ကို ပြန်လာဖို့ ရွေးချယ်ခဲ့ရင် မင်း အနာဂတ်မှာ အမှောင် နတ်ဘုရားကျောင်းရဲ့ နံပါတ်တစ် ပုပ်ရဟန်းမင်း ဖြစ်လာလိမ့်မယ်။”
တစ်ဖနီ စကား မပြောနိုင်ခင်မှာပင် ချန်လွေ့က ခပ်ပြတ်ပြတ် ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။”
စေတန်က ခနဲ့လိုက်သည်။ “ဟမ့်။ ၁၀နှစ် စာချုပ်သာ မရှိခဲ့ရင် ငါ မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အခုပဲ လုံးဝ ဖျက်ဆီးပစ်လိုက်မှာ။”
“ဆရာ ပြောတာ မှားတယ်။ ဆရာ နိုင်နိုင် ရှုံးရှုံး၊ ကျွန်မက ဆရာ့ကို လုံးဝ ကတိမပေးနိုင်ဘူး။” တစ်ဖနီ ဂရုမထားဘဲ ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မက သူ့ဇနီး ဖြစ်လို့ပဲ။”
ဇနီးဟုတ်လား။ စေတန် အံ့သြသွား၏။ သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံး သူငယ်အိမ်များ ကျုံ့သွားခဲ့သည်။
ချန်လွေ့၏ မျက်နှာက ယခင်ကဲ့သို့ တည်ငြိမ်နေခဲ့လေသည်။ သူသည် ယခု မည်သူ့ကိုမျှ မကြောက်တော့ပေ။ ငါ့ရဲ့ လျှို့ဝှက်သရုပ်တွေအားလုံးကို လောက သိသွားရင်တောင် ငါ ဘာကို ကြောက်ရွံ့ နေရဦးမှာလဲ။
“တကယ့်‘အက်ဂ်ယော’ပဲ။ သိပ်ကောင်းတဲ့ အစီအစဉ်။ သိပ်ကောင်းတဲ့ နည်းလမ်းတွေ။ ငါ တောင် အရှုံးပေးရမယ်။” စေတန်က ရုတ်တရက် ရယ်လိုက်သည်။ “ဒီလိုမျိုး ပြိုင်ဘက် တစ်ယောက်နဲ့ဆိုရင် ဘဝက အထီးကျန် နေမှာမဟုတ်ဘူး။”
ချန်လွေ့၏ မျက်လုံးက အသိအမှတ် ပြုသော အမူအရာကို ပြသလိုက်မိသည်။ ပြိုင်ဘက်၏ ရှုထောင့်မှ ကြည့်လျှင် စေတန်က ရက်စက်ပြီး အကွက်ချ တတ်သော်လည်း အပြုအမူမှာ ရန်သူများ အနက် လေးစားစရာ အကောင်းဆုံးပင်။
သူနှင့် စေတန်တို့က မည်သို့မှ မိတ်ဆွေများ ဖြစ်လာနိုင်မည် မဟုတ်သော်လည်း ပြိုင်ဘက်များ ဖြစ်နိုင်သည်။ အသိအကျွမ်း ဖြစ်ရခြင်းမှာ အလဟဿ မဖြစ်ပေ။
ချန်လွေ့က လက်ကို တဖြည်းဖြည်း မြှောက်ပြီး မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ဝိုင်ပုလင်း နှစ်လုံးက သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။ သူက တစ်လုံးကို စေတန်ထံသို့ ပစ်ပေးလိုက်သည်။
ဖိုက်သွန် မျက်မှောင်ကြုတ်လိုက်၏။ အကြောင်းမှာ သူ၏ လက်ထဲတွင်လည်း ပုလင်းတစ်လုံး ရှိနေ၍ပင်။
“ကျူပ်ရဲ့ သရုပ်ကို ထပ်ရှင်းပြစရာ မလိုတော့ဘူး။” ချန်လွေ့က ဝိုင်ပုလင်းကို မြှောက်ပြီး စကားနှစ်ခွဖြင့် ပြောလိုက်၏။ “‘သက်ကြွေသူ’ အတွက်။”
ထူးဆန်းသော အလင်းတန်း တစ်ခုက စေတန်၏ မျက်လုံးများထဲ လက်ခနဲ ဖြစ်သွားသည်။ သူလည်း ဝိုင်ပုလင်းကို မြှောက်လိုက်၏။ “‘သက်ကြွေသူ’ အတွက်။”
ဖိုက်သွန်က အတိတ်မှ တစ်စုံတစ်ခုကို ပြန်လည် သတိရသွားပုံ ရသည်။ သူ၏ လက်များ အနည်းငယ် တုန်ခါသွားပြီး ပုလင်းကို မမြှောက်ခဲ့ပေ။
စေတန်က သူ၏ခေါင်းကို မော့လိုက်ပြီး ဝိုင်ကို အကုန် မော့သောက်လိုက်ကာ ဝိုင်ပုလင်းကို အမှုန့်အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်သည်။ “ငါ ဒီလိုမျိုး မခံစားရတာ အတော်ကြာခဲ့ပြီ။ ငါတို့ကြားက တိုက်ပွဲမှာ မင်းကို သတ်ရတာ ဒါမှမဟုတ် မင်းရဲ့ လက်ထဲမှာ သေရတာက ဘာနောင်တမှ ရှိလာမှာ မဟုတ်ဘူး။”
စကား ပြောပြီးနောက်တွင် သူက အလင်းစီးကြောင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတန်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ချန်လွေ့က လူအုပ်ကို ကြည့်လိုက်ပြီး အလင်းတန်းဘက် လျှောက်သွားခဲ့သည်။ လူတိုင်းက နောက်မှ အနီးကပ် လိုက်ပါ သွားခဲ့ကြသည်။
ထိုပုံရိပ်များ အလင်းတန်း အထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက်တွင် ဖိုက်သွန်က သူ၏လက်ထဲမှ ဝိုင်ပုလင်းကို ကြည့်လိုက်ပြီး အဆို့ကို တိတ်တဆိတ် ဖယ်ကာ တစ်ကျိုက်တည်း မော့လိုက်၏။
အလင်းတန်းထဲ ဝင်ရောက်ပြီးနောက် အလယ်တွင် ခန်းမတစ်ခုနှင့် ဆင်တူသော နေရာလွတ် တစ်ခုသို့ မရောက်ရှိခင် လမ်းကြောင်းရှည် တစ်ခု ရှိနေသည်။ ထိုသို့ နေရာလွတ်က အလွန်ကြီးမားပြီး လူသန်းပေါင်းများစွာကို ဆံ့နိုင်၏။
မျက်နှာချင်းဆိုင်တွင် နေရာလွတ်၏ နောက်ထပ် လမ်းကြောင်း တစ်ခုကို မြင်တွေ့နိုင်ပြီး ၎င်းက လူသားလောကသို့ ဦးတည်နေမှာ အသေအချာပင်။
ထိုအချိန် နေရာလွတ်တွင် လူများစွာ ရှိနှင့်ပြီးဖြစ်ကာ နှစ်ဖက် ခွဲခြားထားသည်။ ထိုလူများ၏ အရေအတွက်မှာ ချန်လွေ့ စိတ်ကူးထားသည်ထက် ပိုများနေသည်။ ထိုတစ်ကြိမ် ပြောင်းလဲမှုမှာ ရုတ်တရက် ဖြစ်လွန်းလှသည်။ လေ့ကျင့်သူများစွာက အချိန်မီ မရောက်လာနိုင်ခဲ့ကြပေ။
စွမ်းအားအရဆိုလျှင် ၎င်းမှာ ပိရမစ်များ ကဲ့သို့ ဖြစ်သည်။ တိုင်းပြည်အဆင့်များမှာ အများဆုံးဖြစ်ပြီး နတ်ဘုရားတစ်ပိုင်း အဆင့်များမှာ တိုင်းပြည်အဆင့်၏ ဆယ်ပုံ တစ်ပုံထက် ပိုနည်းကာ နတ်ဘုရား-ယောင် အဆင့်များမှာ ပို၍ပင် ရှားပါး၏။
မရောက်ရှိလာသေးသော လူများစွာ ရှိနေဆဲ ဖြစ်သော်လည်း အခြေခံအားဖြင့် လူသား လောကနှင့် နတ်ဆိုးဘုံမှ အထူး အစွမ်းထက်ပုဂ္ဂိုလ် အားလုံးနီးပါးသည် ထိုနေရာတွင် စုဝေးနေကြသည်။
ချန်လွေ့နှင့် စေတန်တို့က နတ်ဆိုးဘုံ ဘက်ခြမ်းတွင် ရှိနေကြသည်။ ရိုင်ဇန်နှင့် အခြားသူများသည်လည်း ထိုနေရာတွင် ရှိနေကြသည်။ လူသားလောက အုပ်စု၏ မျက်နှာချင်းဆိုင်တွင် နဂါးတောင်ကြားမှ နဂါးဧကရာဇ် ပါဂရစ်ဇ်၊ နတ်သူငယ် မျိုးနွယ်စုမှ ခီလန်ယာနှင့် ထို့အပြင် အစွမ်းအထက်ဆုံး ကောင်းကင်တမန် ၃ပါး အပါအဝင် ရင်းနှီးသော မျက်နှာ အများအပြား ရှိနေသည်။ ချန်လွေ့နှင့် အခြားသူများ ပေါ်လာရာ သူတို့က ချက်ချင်း လှမ်းကြည့်လိုက်ကြ၏။
“မိုက်ကယ်...” စေတန်က ပထမဆုံး ခနဲ့လိုက်သည်။ “မင်းရဲ့ စွမ်းအား တိုးတက်မှုက တကယ် စိတ်ပျက်စရာပဲ။ အနှစ်၃၀၀ရဲ့ ယုံကြည်မှု စွမ်းအားက မင်းကို ဒီအဆင့်ပဲ ရောက်စေခဲ့တာလား။”
မိုက်ကယ်က အကြည့်ကို ချန်လွေ့ထံမှ စေတန်ထံသို့ လွှဲလိုက်ပြီး သူတို့၏ မျက်လုံးများ အကြားတွင် ဖျော့တော့သော လျှပ်စီးမီးပွားတစ်ခု လင်းလက်သွား၏။ “မင်း စမ်းကြည့်ချင်လို့လား။”
‘နတ်ဘုရားနှင့်အနီးစပ်ဆုံးပုဂ္ဂိုလ်’ဟု မိမိကိုယ်မိမိ အခိုင်အမာ ပြောဆိုသော မိုက်ကယ်က လူသားလောကမှ အစွမ်း အထက်ဆုံး နတ်ဘုရား-ယောင်အဆင့် ဟူ၍လည်း လူသိများပြီး စေတန်မှာမူ နတ်ဆိုးဘုံမှ အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင်အဆင့် ဖြစ်၏။ သူတို့ နှစ်ဦးအကြား ရန်ငြိုးကို သူတို့နှစ်ဦးစလုံး ကောင်းကင်တမန်များ ဖြစ်ခဲ့ကြသည့် ခေတ်သို့ ခြေရာခံနိုင်သည်။ ထိုကဲ့သို့ တွေ့ဆုံမှုက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေမှာ သဘာဝပင်။
ဂေဘရီရယ်က မျက်လုံးများ မှိတ်လျက် အေးစက်စွာ ပြောလိုက်သည်။ “ဒါက တိုက်ခိုက်ရမယ့် နေရာ မဟုတ်ဘူး။ တိုက်ခိုက်ချင်ရင် အပြင်မှာ တိုက်ခိုက်ပါ။”
၎င်းက သူ၏ ကြားနေ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။ စေတန်ရော၊ မိုက်ကယ်ပါ အခြေအနေကို ထပ်မံ မဆွပေးတော့ဘဲ တစ်ချိန်တည်းတွင် မဲ့ပြုံး ပြုံးလိုက်ကာ ထိုကိစ္စကို ယာယီ လွှတ်ချလိုက်သည်ဟု မှတ်ယူနိုင်ပေသည်။
နှစ်ဖက်လုံးမှ စွမ်းအားအကြီးဆုံးသော ချုပ်တည်းမှုကို ဥပမာတစ်ခု အနေဖြင့် ယခင်က ရန်လိုနေခဲ့သော ‘အလင်းရောင်’ နှင့် ‘အမှောင်ထု’ တို့သည် နောက်ထပ် ကြီးမားသော ပဋိပက္ခများ မရှိခဲ့ကြပေ။ သို့တိုင် လာလာရီယာ၏ ထူးဆန်းသော ရယ်သံက နှစ်ဖက်လုံးမှ နဂါးဧကရာဇ်များကို တစ်ချိန်တည်းတွင် အနည်းငယ် စိုးရိမ်သွားစေသည်။
နောက်တစ်ဆင့်မှာ စောင့်ဆိုင်းရန်ပင်။ အားလုံးနီးပါးက ရောက်ရှိလာရာ အဓိက အကြောင်းအရာသို့ လျှောက်လှမ်းရန် အချိန်ကျရောက်လေပြီ။