← Chapters

အမှန်တရား

Vol. 78 Ch. 1208

အမှန်တရား

Vol. 78 Ch. 1208

အထူးအဆင့်သို့ ခြေချနိုင်ခဲ့သူများမှာ စိတ်မရှည်သူများ မဟုတ်ကြဘဲ ရှိနေသော လူအများစုမှာ ထိုသို့သော မြင်ကွင်းမျိုးကို ကြုံတွေ့ခဲ့ဖူး၏။ သူတို့ထဲမှ အများအပြား နှစ်ပေါင်းအတော်ကြာ ရန်သူဟောင်းများ ဖြစ်သော်လည်း သူတို့အားလုံး တည်ငြိမ်သော သဘောထားဖြင့် ငြိမ်သက် သွားခဲ့ကြသည်။

နှစ်ဖက်လုံးတွင် ‘စက်ဝိုင်း’များ ရှိနေသည်။ ချန်လွေ့ဘက်မှ လူများသည် အုပ်စုငယ်လေး တစ်စုသာ ဖြစ်သော်လည်း ရိုင်ဇန်က ချဉ်းကပ်၍ မလာခဲ့ပေ။ စေတန်လည်း လွတ်လပ်လွတ်လပ် နေနေပြီး ခီလန်ယာနှင့် ပါဂရစ်ဇ်တို့က အုပ်စုကြောင့် ချန်လွေ့အား နှုတ်ဆက်ရန် အဆင်မပြေ ဖြစ်နေကြသည်။

အပြင်လူ အများစု၏ မျက်လုံးများတွင် နတ်ဆိုးဘုံ နဂါးဧကရာဇ် ဟူ၍ လူသိများသော နဂါးဧကရာဇ်၊ မျက်နှာလွှား ဝတ်ထားသော ကတ်သရင်းနှင့် အသစ်တက်လာသော သွေးရောင်အင်ပါယာ ဧကရီအရှင်မ တစ်ဖနီတို့မှလွဲ၍ ချန်လွေ့မှာ မျက်နှာသစ် တစ်ဦးသာ ဖြစ်သည်။ လူအနည်းငယ်က လာလာရီယာ၊ ပါ့ဂ်လီအိုနှင့် ရိုမန်တို့ကို သွေးရောင်အင်ပါယာတွင် ကျင်းပခဲ့သော ပြိုင်ပွဲမှ ပြိုင်ပွဲဝင်များအဖြစ် ရံဖန်ရံခါ မှတ်မိကြသည်။ စွမ်းအားအရ ဆိုလျှင် သူတို့အားလုံး လူသစ်များ ဖြစ်သင့်သည်။

ထိုလူသစ်များပင် အမှန်တကယ်တွင် အခြားမည်သူမျှ မရှိသကဲ့သို့ ရယ်နေကြပြီး သူတို့ ပတ်လည်မှ အားကောင်းသော လူများ မျက်မှောင်ကြုတ် လိုက်ကြသည်။ အကယ်၍ ကြီးမားသော နောက်ခံပံ့ပိုးမှု အက်ဂ်လက်စ်ကြောင့်သာ မဟုတ်ခဲ့ပါက သူတို့ကို ဆူပူကြိမ်းမောင်းနေလောက်ပြီ ဖြစ်၏။ သို့မဟုတ် သူတို့ကို ဟန့်တားရန် စွမ်းအားကို အသုံးပြုနေလောက်လေပြီ။

ချန်လွေ့က ပုံမှန်အတိုင်းပင် အခြား လူများ၏ အကြည့်များကို ဂရုမစိုက်ခဲ့ပေ။ သူက ကိုယ်ပိုင်လူများနှင့် ဘာမှမဖြစ်သလို စကားပြောနေခဲ့လေသည်။ ဖိုက်သွန်က စက်ဝိုင်းငယ်လေး၏ အပြင်ဘက် အစွန်ဆုံးတွင် ရှိနေပြီး ပရိသတ် ရပ်တည်ချက်ကို ထိန်းသိမ်းထားသည်။ မှန်ပေသည်။ ထိုအရပ်မြင့်မြင့် တိတ်ဆိတ် နေပုံရသော မိန်းမလှလေးမှာ ထိုစဉ်က စေတန်၊ ဆာရီရယ်နှင့် အခြား နတ်ဘုရား-ယောင် အထွတ်အထိပ်များမှ ငွေသေတ္တာကို လုယူသွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက် ပုဂ္ဂိုလ် ဖိုက်သွန် ဖြစ်မည်ဟု မည်သူမျှ စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။

စောင့်ဆိုင်းနေစဉ်မှာပင် လူအများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိ၍ လာခဲ့ကြသည်။ ချန်လွေ့က ရင်းနှီးသော ပုံရိပ်တစ်ခုကို ထပ်မံ၍ တွေ့လိုက်ရသည်။ သွေးရောင်အင်ပါယာ ပထမဆုံး ဗိုလ်ချုပ်ဟောင်း ဂူစတက်ဗ်။ သူ၏ အမည်အရင်းမှာ ဘရေ့ဂက်ဆမ်မြူရယ် ဖြစ်ပြီး ဆမ်မြူရယ် တော်ဝင်မိသားစု၏ ခေါင်းဆောင်ပင်။

ဘရေ့ဂက်က သွေးရောင်အင်ပါယာ၏ သိုင်းပြိုင်ပွဲတွင် ရိုင်ဇန်နှင့် အသည်းအသန် တိုက်ခိုက်ခဲ့၏။ ၎င်းမှာ စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး သေသွားခဲ့သည်။ ချန်လွေ့ လက်ဆောင် ပေးခဲ့သော ပြန်လည် ရှင်သန်ခြင်း ဆေးရည်ဖြင့် သူ့ကို ကယ်တင်ခဲ့သူက ကတ်သရင်းပင် ဖြစ်သည်။ သူသည် ဆမ်မြူရယ် တော်ဝင် မိသားစုအား ရှင်သန်ရာ နေရာတစ်ခု ပေးမည်ဟုလည်း ကတိပေးခဲ့သောကြောင့် ဘရေ့ဂက်က အမျက်ဘုရင် ချပ်ကာကို ကတ်သရင်းအား ‘ငှားရမ်း’ခဲ့လေသည်။

ကတ်သရင်းက အသေအချာပင် သူ၏ တည်ခဲ့သည်။ လက်ရှိတွင် ဆမ်မြူရယ် တော်ဝင်မိသားစုတစ်ဝက်က အရိပ်နက် အင်ပါယာထဲတွင် နေထိုင်ကြလေသည်။ အခြားသော တစ်ဝက်မှာမူ သွေးရောင် အင်ပါယာမှ အက်စီဒေါမြို့တွင် ကျန်ရစ် နေခဲ့ကြသည်။

သွေးရောင်အင်ပါယာ ဧကရီအရှင်မ အသစ် တစ်ဖနီသည်လည်း ဆမ်မြူရယ် တော်ဝင်မိသားစုအပေါ် အတော်အတန် သည်းခံသော မူဝါဒတစ်ခု ကျင့်သုံးခဲ့သည်။ သူနှင့် ကတ်သရင်းတို့က ဘရေ့ဂက်အား အင်ပါယာ၃ခု မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာရန် ပူးတွဲ၍ အကြံပြု ခဲ့ကြသည်။ ယခု အင်ပါယာ ၃ခုသည် မဟာမိတ်ဖွဲ့ပြီးပြီဖြစ်ရာ နတ်ဆိုးဘုံသည် မကြုံစဖူး ညီညွတ်ပြီး ငြိမ်းချမ်းနေခဲ့၏။ ကြီးမားသော ရည်မှန်းချက်များ တစ်ခုခု ရှိခဲ့လျှင်ပင် အချိန်မှား မွေးလာခဲ့သည်ဟု ဆိုရပေမည်။ သို့တိုင်အောင် ဆမ်မြူရယ် တော်ဝင်မိသားစုက နောက်ဆုံးတွင် ရှင်သန်မှု အကျပ်အတည်း မရှိတော့ပေ။ သူတို့က အတော်အတန် ချောမွေ့စွာ မျိုးဆက်ပြန့်သွားပြီး ဖွံ့ဖြိုးနိုင်လေပြီ။

“ကောင်းပြီလေ။ အားလုံးနီးပါးက ရောက်နေပြီဆိုတော့ စလိုက်ကြတာပေါ့။” မိုက်ကယ်က ဦးစွာ စကားစလိုက်သည်။ သူ၏ အသံက လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်၍ သွားခဲ့သည်။ “အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ပါရစေ။ ရှိနေတဲ့လူအများစုက ကျုပ်ကို သိကြမှာပါ။ ကျုပ်က သိဒ္ဓိကျောင်းတော် ကောင်းကင်တမန်တော် မိုက်ကယ်ပါ။ သာမန် အခြေအနေအောက်မှာ ကျုပ် ကိုယ်စားပြုတဲ့ လူသား လောကနဲ့ နတ်ဆိုးဘုံတို့က ရန်သူတွေပဲ။ ကျုပ်တို့ ကြားမှာ နောက်ဆုံး တိုက်ပွဲ သေချာပေါက် ရှိမယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး။”

“အရင်စာချုပ်မှာ လက်မှတ်ထိုးဖူးတဲ့ လူတွေက နားလည်ကြမှာပါ။ အခုက ကျုပ်တို့ အားလုံး တကယ်တို က်ခိုက်ဖို့ အချိန် မဟုတ်သေးဘူး။ အထူးသဖြင့် ဒီတစ်ခေါက် ထူးထူးခြားခြား စောပြီးတော့ ပေါ်လာတဲ့ ‘တံခါး’ကြောင့်ပဲ။ ဒါက အချို့အရာတွေ ပိုဆိုးလာနေပြီ ဆိုတာကို ဆိုလိုနိုင်တယ်။ အဲဒါကြောင့် လူသား လောကနဲ့ နတ်ဆိုးဘုံကြားက စစ်ပွဲက အရေးကြီးတယ်။ ပြီးတော့ ဒီတစ်ခေါက် စစ်ပွဲရဲ့ ပြင်းအားနဲ့ အသေအကြေက အရင်ကထက် အများကြီး ပိုလိမ့်မယ်။” မိုက်ကယ် အကြည့်တွင် ဖျော့တော့တော့ ခြိမ်းခြောက်မှုတစ်ခု ပြသနေလေသည်။ သူ ကြည့်ရာနေရာတိုင်း အားနည်းသော လေ့ကျင့်သူများက ထိတ်လန့်တကြီး ခံစားမိရုံသာ ခံစားမိပြီး တည့်တည့် ကြည့်နိုင်ရန် ခဲယဉ်းလှပေသည်။

ချန်လွေ့က မိုက်ကယ်ထံမှ ထိုစကား အနည်းငယ်ကို ကြားရာတွင် မျက်မှောင် ကြုတ်လိုက်မိသည်။

“စည်းမျဉ်းတွေက အပြောင်းအလဲ များများစားစား မရှိဘူး။ အထူးအဆင့် အထက်နဲ့ သူတွေကို စစ်ပွဲမှာ ပါဝင်ဖို့ တားမြစ်ထားပြီးတော့ နောက်ကွယ်ကနေ စစ်ပွဲကို တိုးမြှင့်တင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ရမယ်။ တစ်ဖက်က ရှင်သန်မှုရဲ့ နောက်ဆုံး အခိုက်အတန့်ကို ရောက်မှပဲ ရလဒ်တချို့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်က လှုပ်ရှားနိုင်မယ်။ ဒီအထိကို နတ်ဆိုးဘုံက ကျုပ်ရဲ့ မိတ်ဆွေဟောင်းတွေ အပါအဝင် နတ်ဘုရား-ယောင်တွေ အားလုံးက သဘောတူညီချက် ရရှိထားပြီးပြီ။ ကျုပ်ကို အသေးစိတ် အကြောင်းရင်း မမေးနဲ့။ ခင်ဗျားတို့ အများစုက သိဖို့ အရည်အချင်း မရှိကြဘူး။ ဒါကို အကောင်အထည် ဖော်ဖို့ပဲ လိုတယ်။ တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် လူတိုင်း ဒီစာချုပ်မှာ လက်မှတ်ထိုးကြ။”

စကား ပြီးဆုံးပြီးနောက် ကြိုတင်၍ ပြင်ဆင်ပြီးဖြစ်သော စာချုပ် တစ်ခုက မိုက်ကယ်၏ အရှေ့တွင် ပေါ်လာပြီး ဖျော့တော့တော့ ရွှေရောင်အလင်းကို ထုတ်လွှတ်နေ၏။ ‘မိတ်ဆွေဟောင်း’ စေတန်သည် မိုက်ကယ်၏ စကားများကို မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ဘဲ သဘောတူ လက်ခံခဲ့သည်။

စွမ်းအားကြီးမားသူ အများစုမှာ လွန်ခဲ့သောနှစ်၃၀၀ သို့မဟုတ် ပို၍ပင် ကြာမြင့်ချိန်ကတည်းက ‘လူဟောင်းများ’ ဖြစ်ကြရာ ထိုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြစ်သည်။ သူတို့က စာချုပ်ကို လက်မှတ်ထိုးရန် ရှေ့သို့ တိုးလာမည် ပြင်လိုက်စဉ်တွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ “ခဏနေကြပါဦး။”

လူတိုင်း ထိုကဲ့သို့ ပြောခဲ့သော သူကို ကြည့်လိုက်ကြသည်။ ၎င်းမှာ နတ်ဆိုးဘုံ အုပ်စုမှ အသံကျယ်ကျယ် လူများထဲမှ တစ်ဦး ဖြစ်၏။ သူက တိုင်းပြည်အဆင့်သို့ ယခုမှ တက်လှမ်းသွားသော လူသစ်တစ်ဦး ဖြစ်နိုင်ဖွယ် ရှိသော်လည်း သူသည် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် မိုက်ကယ်ကို မေးခွန်း ထုတ်ရဲခဲ့သည်။ အချို့ လူများက ဝမ်းသာအားရ ဖြစ်သော အသွင်အပြင်များ ရှိနေကြသည်။

“အကြောင်းရင်းကို သိချင်တယ်။” ချန်လွေ့က မိုက်ကယ်ကို တည့်တည့် ကြည့်လိုက်သည်။

ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့က စိတ်လှည့် တောအုပ်မှ ယူသွားခဲ့သော အရာများ၌ သိသာထင်ရှားသော အကျိုး သက်ရောက်မှု ရှိခဲ့သည်မှာ သေချာ၏။ မိုက်ကယ်တွင် ဒဏ်ရာများ မရှိတော့ပေ။ အမှန်မှာ သူ၏စွမ်းအားက အတိုင်းအတာ တစ်ခုအထိ တိုးမြင့်လာခဲ့သည်။ ၎င်းမှာ ဖန်တီးခြင်း ကိုယ်ထည်မှ အကျိုးကျေးဇူး တစ်ခု ဖြစ်နိုင်ပေသည်။

မိုက်ကယ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အလင်းအုပ်စုမှ တစ်စုံတစ်ယောက်က မထီမဲ့မြင် လှောင်ရယ်လိုက်လေသည်။ ထိုသူမှာ ငွေဆံပင်နှင့် ယောက်ျားတစ်ဦး ဖြစ်ပြီး သူ၏ စွမ်းအားမှာ အမှန်တကယ်တွင် နတ်ဘုရား-ယောင် အထွတ်အထိပ်တွင် ရှိနေသော်လည်း ချန်လွေ့၏ မျက်လုံးတွင် ထိုယောက်ျား၏ စွမ်းအားမှာ ကောင်းကင် တမန်တော် သုံးပါးထက် အားနည်း၏။

ငွေဆံပင်နှင့် ယောက်ျားက ချန်လွေ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။ “မင်း ခုနက မိုက်ကယ် ပြောတာကို မကြားဘူးလား။ နတ်ဆိုးဘုံက မျိုးဆက် တစ်ခုပြီးတစ်ခု တကယ် ပိုဆိုးလာတာပဲ။ စေတန်၊ မင်းကို ဒီလိုမသိနားမလည်ဘဲ ကြောက်ရွံ့မှုမရှိတဲ့ ကောင်တွေ ဝန်းရံနေတာလား။”

သူ ထိုစကားများ ပြောလိုက်သည်နှင့် အလင်းအုပ်စုမှ ရယ်သံများ ပေါက်ကွဲ ထွက်လာခဲ့သည်။ နတ်ဆိုးဘုံ လူများစွာ၏ မျက်နှာအမူအရာများမှာ မကြည့်ကောင်း ဖြစ်နေ၏။

စေတန်က ငွေဆံပင်နှင့် ယောက်ျားကို အမျိုးသားကို လုံးဝကို ဂရုမစိုက်ခဲ့ပေ။ သူက လှောင်ပြောင်သော အမူအရာကို ပြသခဲ့ပြီး ရှင်းပြရန်ပင် စိတ်မဝင်စားခဲ့ပေ။

“သူက ဘယ်သူလဲ။” ချန်လွေ့က ငွေဆံပင်နှင့် ယောက်ျားကို မသိ၍ ဖိုက်သွန်ကို မေးလိုက်၏။

“မင်း ငါ ဘယ်သူလဲ ဆိုတာကိုတောင် မသိဘူးလား။” ငွေဆံပင်နှင့် ယောက်ျားက နှာမှုတ်လိုက်သည်။ “ဒါပေမဲ့ မင်းလို ပုရွက်ဆိတ်တွေက ဒီအဆင့်ကို ထိတွေ့ဖို့ အရည်အချင်းမရှိဘူး။ စေတန်၊ ဆာရီရယ် ဒါမှမဟုတ် အက်ဘက်ဒွန်ကို ငါနဲ့ စကား လာပြောခိုင်းလိုက်။”

ဖိုက်သွန်က ပြန်ဖြေပေးလိုက်သည်။ “သူ့ရဲ့နာမည်က ရာဂူရယ်လ်။ သူက ပုံပြင်တွေပဲ ပြောတတ်တဲ့ ငကြောက် တစ်ယောက်ပဲ။ ဘာမှ မဟုတ်ဘူး။”

ရာဂူရယ်လ် ဒေါသ ထွက်သွားခဲ့သည်။ “မင်းက ဘယ်သူလဲ။ ငါ့ကို နှိမ့်ချပြီး ပြောရဲတယ်။ ဒီလိုမျိုး အရေးကြီးတဲ့ အချိန်မှာ ငါ မင်းလို ပုရွက်ဆိတ်တွေကို မသတ်ရဲဘူးလို့ မထင်နေနဲ့။”

“ဘယ်မျက်လုံး ပြန်ကောင်းပြီလား။” ဖိုက်သွန်က အေးစက်သော အပြုံးကို ပြသခဲ့သည်။ “ကံဆိုးလိုက်တာ။ ရှင်က အခုထိ မျက်စိကန်းနေတုန်းပဲ။ ကျွန်မကို နောက်တစ်ခါ ကော်ထုတ်စေချင်လို့လား။ ဒီတစ်ခါ ညာမျက်လုံးကိုပါ ကော်ထုတ် ပေးမယ်။”

ရာဂူရယ်လ် သိမ့်သိမ့်တုန်သွားပြီး ထိတ်လန့်သော အမူအရာကို ပြသခဲ့သည်။ “မင်း... မင်းက ဖိုက်သွန်ပဲ...”

နတ်ဆိုးဘုံ ဘက်ခြမ်းတွင် ဝါရင့် အထူး အစွမ်းထက်ပုဂ္ဂိုလ်များ မရှားပါးလှပေ။ သူတို့က ဖိုက်သွန်ဟူသော အမည်ကို ကြားရာတွင် တုန်လှုပ်သွားခဲ့ကြသည်။ ထိုအရာမှာ ဒဏ္ဍာရီလာ စေတန်နှင့် တူညီသော အဆင့်တွင် ရှိနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း သူတို့က သူ့အား အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

စေတန်က ထပ်ဖြည့်ပြောလိုက်သည်။ “မင်းက ကန်းနေတာ အမှန်ပဲ။ ငါ မင်းကို စကားလုံးတွေ အများကြီး ပြောပြီးတော့ လေကုန်မခံချင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်မယ်။ မင်း စကားပြောချင်တဲ့ ဆာရီရယ်နဲ့ အက်ဘက်ဒွန်က ဒီလူရဲ့ လက်ထဲမှာ သေသွားခဲ့ကြပြီ။”

ထိုစကား ထွက်ပေါ် လာသည်နှင့် ရာဂူရယ်လ် သာမက ကောင်းကင်တမန် သုံးပါးကလည်း တုန်လှုပ်သွားကြသည်။ ဆာရီရယ်ပြီးတော့ အက်ဘက်ဒွန်လည်း သူ့လက်ထဲမှာ သေသွားခဲ့တာလား...

ချန်လွေ့က ရာဂူရယ်လ်ကို ကြည့်ပင် မကြည့်ဘဲ မျက်လုံးများကို မိုက်ကယ် အပေါ်သို့ ကြည့်လိုက်သည်။ “ကျုပ် အဖြေကို သိချင်တယ်။”

ထိုတစ်ကြိမ်တွင် ရာဂူရယ်လ် ဘာမှ မပြောရဲတော့သော်လည်း မိုက်ကယ်က ခနဲ့လိုက်သည်။ “မင်းက ‘သူ’ ဟုတ်မဟုတ် ဆိုတာကို မသိဘူး။ ဒါပေမဲ့ မင်း အဖြေကို သိသိ၊ မသိသိ၊ အတူတူ ဖြစ်မှာပဲ။”

“ဘာလို့လဲ။” ချန်လွေ့က သူ့ကို အချိန် အကြာကြီး ဒုက္ခပေးခဲ့သော မေးခွန်းကို တိုက်ရိုက် မေးလိုက်၏။ နတ်ဆိုးဘုံ၏ ငြိမ်းချမ်းရေးကို သူက ကြီးကြီးမားမား ခက်ခက်ခဲခဲနှင့် ယူဆောင်လာခဲ့ရသည်။ မှန်ပေသည်။ သူက ၎င်းကို ထိုသို့ စစ်မီးများဖြင့် လောင်ကျွမ်းမသွားစေချင်။ ထို့အပြင် သူက နတ်ဆိုးဘုံနှင့် လူသား လောကအကြား မုန်းတီးမှုကို အမြဲတမ်း ဖြေရှင်းလိုခဲ့သည်။ အထူးသဖြင့် လောက နှစ်ခု၏စစ်ပွဲကို ကြိုးကိုင်ခြယ်လှယ်ခြင်း အကြောင်း အမှန်တရားကို သိရှိသွားခဲ့ပြီး နောက်တွင် ဖြစ်သည်။

သူက လောကနှစ်ခု အကြား စစ်ပွဲကို အခြေခံကျကျ ဖြေရှင်းလိုခဲ့သည်။ သူက မရေမတွက်နိုင်သော အသက်များသည် အမည်မသိ အကြောင်းရင်း အချို့ကြောင့် အဆက်မပြတ် ပျက်စီးသွားစေလိုစိတ် မရှိခဲ့ပေ။ ထိုအသက်များတွင် ‘အာသာ’၏ ဖခင်၊ ညီမ၊ ထို့ပြင် ချန်လွေ့ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အခြားသူများ ပါဝင်နိုင်၏။

“ဘာလို့လဲဆိုတော့ မင်းမှာ အဲဒါကို ပြောင်းလဲနိုင်မယ့် စွမ်းအား မရှိလို့ပဲ။”

မိုက်ကယ်၏ စကားက ချန်လွေ့အား မျက်မှောင် ကြုတ်သွားစေသည်။ သူက လက်သီးကို ဖြည်းဖြည်းချင်း ဆန့်လိုက်ပြီး ကိုယ်ပေါ်မှ ခရမ်းရောင်ကြယ်အလင်း တိုးပွားလာခဲ့လေသည်။ ခမ်းနားသော အရှိန်အဟုန်က နေရာလွတ် တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွား၏။ ချန်လွေ့ကို ဗဟိုပြုလျက် ရပ်တန့်၍ မရနိုင်သော၊ အားကောင်းသော အားစက်ကွင်းတစ်ခုက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေ့ကျင့်သူအားလုံး တွန်းလှန်ခြင်းခံရပြီး လွင့်စင်သွားခဲ့ကြသည်။

ဇိုလာ၊ ဖိုက်သွန်နှင့် အခြားသူများက သူ၏ စိတ်ခေါ်ဆိုမှုကို လက်ခံရရှိခဲ့ကြ၍ အက်ဂ်လက်စ်နှင့်အတူ စောစောစီးစီး နောက်ဆုတ်သွားခဲ့ကြပြီး ဖြစ်သည်။

နတ်ဘုရား-ယောင် အထွတ်အထိပ် အများအပြားလည်း လန့်သွားကြသည်။ အကြောင်းမှာ သူတို့၏ခန္ဓာများကလည်း ထိုဧရာမ အားစက်ကွင်း၏ အောက်တွင် မသိစိတ်ဖြင့် နောက်သို့ ရွေ့လျားနေ၍ပင်။

မိုက်ကယ်နှင့် အခြားသူများက ထိုသို့ ဖိနှိပ်ခြင်းခံရရန် ဆန္ဒမရှိဘဲ [ယုံကြည်မှု ချပ်ကာ]များက သူတို့၏ ကိုယ်ပေါ်တွင် တစ်ချိန်တည်းတွင် ပေါ်လာခဲ့သော်လည်း သူတို့က ပို၍ပို၍ အားစိုက်ထုတ်ရသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သူတို့က စွမ်းအား ချန်ထားရန် လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

ပျက်စီးခြင်း အလင်းရောင် စေတန်၏ မျက်လုံးများတွင် ပေါ်လွင်လာပြီး နာရီ ကဲ့သို့သော အပြားတစ်ခု သူ၏နောက်တွင် ပေါ်လာခဲ့၏။ ချပ်ပြားတွင် ထူးဆန်းသော ညွှန်တံတစ်ခု ရှိနေလေသည်။

မိုက်ကယ်က တောင်ပံ၁၂ခုနှင့် ဧရာမ နိမိတ်ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲ၍ သွားခဲ့သည်။ သူက လက်ထဲတွင် နေကဲ့သို့ ထွန်းလင်းနေသော သိဒ္ဓိ လက်ဝါးကပ်တိုင် ဓားကို ကိုင်ထား၏။

ဂေဘရီရယ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီ ဖြစ်သည်။ သူ ရှိနေသော နေရာလွတ်က ငွေ-နီရောင်တို့ ရောယှက် နေသော လောကတစ်ခု ဖြစ်လာခဲ့သည်။ ထိုခရုပတ် ပုံစံများက သူ၏လက်ထဲမှ သိဒ္ဓိတေးသံဓားနှင့် ပေါင်းစပ်သွားခဲ့သည်။

ရာဖယ်ရယ်၏ လက်နှစ်ဖက်လုံးတွင် ငွေရောင်တုတ်ရှည်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူ၏ ပတ်လည်မှ နေရာလွတ်က အလင်းရောင်နှင့် အပူဖြင့် တောက်ပနေခဲ့လေသည်။ တောက်ပသော သိဒ္ဓိသတ္တဝါများစွာက ပတ်ပတ်လည်တွင် ပျံသန်းနေကြ၏။

ရာဂူရယ်လ်က ခရာပုံသဏ္ဌာန် အရာ တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏ ခြေဖဝါးအောက်မှ နေရာလွတ်က ရေခဲ အဖြစ်သို့ စုစည်းသွားပြီး သူ၏ပတ်လည်မှ အေးစက်သော လေထဲ၌ အတောင်ပံများ ရှိသော ကောင်းကင်တမန် ပုံရိပ်များ ပေါ်လွင်နေသည်။

သူတို့က စွမ်းအား ထုတ်ဖော်သည်နှင့် ခရမ်းရောင် ကြယ်အလင်းက သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သို့သော် ဖိသိပ်ထားသော ကြယ်အလင်းရောင်က ပို၍ပို၍ တောက်ပ လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းတွင် ကြယ်စင်စုတစ်ခုက လူတိုင်း၏ အမြင် အာရုံတွင် ပေါ်လာခဲ့သည်။

ကြယ်စင်စုထဲတွင် တောက်ပသော နက္ခတ်တာရာများသည် အလယ်ဗဟိုမှ ချန်လွေ့ထံသို့ တဖြည်းဖြည်း စုစည်း၍ သွားခဲ့သည်။ မိုက်ကယ်နှင့် အခြားသော သူများ ဖိအားတိုးလာသည်ဟု ခံစားမိစဉ် သူတို့၏ တိုင်းပြည်များကလည်း တုန်ခါပြီး စတင်၍ မှေးမှိန်လာခဲ့သည်။

တိုက်ပွဲကို ကြည့်နေသော အထူးအဆင့် လေ့ကျင့်သူအားလုံး တုန်လှုပ်သွားကြ၏။ လူတစ်ဦး၏ စွမ်းအားဖြင့် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ၅ဦးကို ဖိနှိပ်ထားနေခြင်းပင်။

ရာဂူရယ်လ်က ပထမဆုံး လဲကျ၍ သွားခဲ့သည်။ ရေခဲလောကမှာ ပထမဆုံး ပြိုလဲသွားခဲ့ပြီး သူက အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူ၏မျက်နှာအမူအရာ လုံးဝကို ဖြူဖျော့နေပြီး ကြီးမားသော ဆုံးရှုံးမှု ခံခဲ့ရသည်မှာ အသေအချာပင်။ အခြားလေးဦးမှာ ပို၍ အားစိုက်ရသည်ဟု ခံစားမိကြသည်။

“ရှင့်ရဲ့ စွမ်းအားက ဒီလောက်အထိကို ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ လူတိုင်းကို အနိုင်ယူခဲ့ရင်တောင်မှ ဒါက အသုံးမဝင်ဘူး။ ရှင်က ရလဒ်ကို ပြောင်းလဲနိုင်မှာမဟုတ်သေးဘူး။” ၎င်းမှာ ဂေဘရီရယ်၏ အသံ ဖြစ်သည်။ သူက အစွမ်းအထက်ဆုံး မဟုတ်သော်လည်း သူတော်စင်တိုက်ခိုက်ရေးနှလုံးသားမှာ အထူးခြားဆုံး ဖြစ်နေရာ အတော်အတန် စိတ်အေးနေခဲ့သည်။ “ရှင်နဲ့ ဖိုက်သွန် အဲဒီနေ့က ကမ်းပါးဖြူကို လာခဲ့တုန်းက ကျွန်မတို့နဲ့ ချုပ်ထားခဲ့တဲ့ စာချုပ်ထဲက အလဲအလှယ်အပြင် တခြားအပိုဒ်ကို မှတ်မိသေးလား။”

ချန်လွေ့က စွမ်းအားကို ထိန်းလိုက်၏။ “မှတ်မိတာပေါ့။”

ထိုအပိုဒ်မှာ အနာဂတ်တွင် အရေး အကြီးဆုံး ဘုံရန်သူကို ရင်ဆိုင်ရာတွင် အဖွဲ့(ခ)က အဖွဲ့(က) နှင့် ခြွင်းချက်မရှိ ချက်ချင်းပင် မဟာမိတ် ဖွဲ့စည်းရမည် ဟူ၍ပင်။

“ဒါဆိုရင် မင်း စာချုပ်ကို ဖြည့်ဆည်းဖို့ အချိန်ကျပြီ။” မိုက်ကယ်၏ အသံလည်း ထွက်ပေါ်လာခဲ့၏။

ချန်လွေ့ လန့်သွားပြီး နောက်ဆုံးတွင် စွမ်းအားကို ရပ်တန့်လိုက်၏။ သူက အကြီးမားဆုံး အမှန်တရားဖြစ်သော လောကနှစ်ခု၏ စစ်ပွဲ အကြောင်းရင်းကို နားလည်သွားလေပြီ။ ‘စတေးခံ....’

All Chapters