← Chapters

မျှော်လင့်ချက်

Vol. 78 Ch. 1209

မျှော်လင့်ချက်

Vol. 78 Ch. 1209

အသူရာချောက်နက်...

အကြီးမားဆုံး ပြဿနာ...

နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ရေတွက်လို့ မရနိုင်တဲ့ အသက်တွေ ယူသွားခဲ့တဲ့ လောကနှစ်ခုကြား စစ်ပွဲက တကယ်တမ်း အသူရာချောက်နက်ကို ချိပ်ပိတ်ဖို့အတွက် ဖြစ်နေခဲ့တာပဲ။

မူလက ချန်လွေ့၏ ခန့်မှန်းချက်တွင် အသူရာချောက်နက်ကို ချိပ်ပိတ်ထားသည့် နေရာက ဒြပ်စင်လောက ဟူ၍ ထင်ခဲ့သော်လည်း ယနေ့ ချိပ်ပိတ်ခြင်း၏ အမှန်တရား နောက်ဆုံး ဖော်ထုတ်ခြင်း ခံလိုက်ရသည်။ ဒါဆို ဒြပ်စင်လောကမှာ ချိပ်ပိတ်ထားခဲ့တာက...

ချန်လွေ့က တစ်စုံတစ်ခုကို မသဲမကွဲ နားလည်သွားခဲ့သည်။ အမှန်တရားကို ဖုံးအုပ်ထားခဲ့သော မြူခိုးများ၏ တစ်စိတ်တစ်ပိုင်း ရှင်းလင်းသွားပုံရသည်။

၎င်းမှာ ဖိုက်သွန် သို့မဟုတ် အခြား လူများက ၎င်းကို လျှို့ဝှက်ထားရန် ကြိုးစားနေသောကြောင့် လုံးဝမဟုတ်ပေ။ မိုးရီ ပထမဆုံးအကြိမ် ဒြပ်စင်လောက၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့စဉ်က အခြေအနေအရ အချို့သော အရာများမှာ မမြင်နိုင်သော ‘စည်းမျဉ်း’ တစ်ခုခုကြောင့် သက်ရောက်မှု ရှိနေပေသည်။ ၎င်းကို ပြောထွက်သည်နှင့် ထိုစဉ်က မိုးရီကဲ့သို့ ပျက်စီးသွားရပေလိမ့်မည်။

“တကယ်လို့ မင်းက မင်းရဲ့ စွမ်းအားကို ပြချင်တယ်ဆိုရင် မင်းရဲ့ ပန်းတိုင်က အောင်မြင်ပြီးနေပြီ။ ဒါပေမဲ့ တကယ်လို့ မင်းက စစ်ပွဲ ဒါမှမဟုတ် စာချုပ်ကို ရပ်တန့်ချင်တယ်ဆိုရင် မင်းရဲ့ ပန်းတိုင် ဘာပဲဖြစ်ဖြစ် မင်းက လောကတစ်ခုလုံးရဲ့ ရန်သူနဲ့ အပြစ်သား တစ်ယောက်ပဲ။” ရာဖယ်ရယ်က ခနဲ့သံဖြင့် ပြောလိုက်၏။ “မင်းရဲ့ စွမ်းအားက တကယ့်ကို အံ့ဩစရာ ကောင်းတယ်။ တစ်ယောက်ချင်း တိုက်ပွဲမှာ ငါတို့ထဲက ဘယ်သူမှ မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမဲ့ သိပ်ပြီး မြောက်မနေနဲ့။ တကယ်လို့ ငါတို့ ကောင်းကင် တမန်တော် သုံးပါးက ပေါင်းစပ်တိုင်းပြည် လျှို့ဝှက်ပညာရပ်ကို သုံးပြီး [နတ်ဝင်သည်အခင်းအကျင်း] ကို အသက်သွင်းခဲ့ရင် ငါတို့ မင်းကို ဖိနှိပ်ဖို့ လုံးဝ သေချာတယ်။”

[နတ်ဝင်သည်အခင်းအကျင်း] ဟုတ်လား။ ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့သော စွမ်းအားကို ပြပြီးနောက် ရာဖယ်ရယ်က အမှန်တကယ်တွင် ထိုသို့သော ယုံကြည်မှု ရှိနေသေးသည်လား။

“ရှင့်တို့မှာ အဲဒီအတွက် အခွင့်အရေး ရှိမှာမဟုတ်ဘူး။” ဖိုက်သွန်၏ အသံက ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဖိုက်သွန်နှင့် ဇိုလာတို့၏ ပုံရိပ်များ ချန်လွေ့၏ ဘေးနားတွင် ပေါ်လာခဲ့သည်။ ဖိုက်သွန်၏ အငွေ့အသက်က ဂေဘရီရယ်ကို အသေမှတ်ထားပြီး ဇိုလာ၏ အငွေ့အသက်က ရာဖယ်ရယ်ကို အသေမှတ်ထား၏။

ချန်လွေ့၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ အဲဒီ [နတ်ဝင်သည် အခင်းအကျင်း] က တကယ်တမ်းမှာ စိတ်ကူးထားတာထက်ကို ကျော်ပြီးတော့ အစွမ်းထက်တဲ့ပုံပဲ။ မဟုတ်ရင် ဖိုက်သွန် ဒီလိုမျိုး လုပ်နေမှာ မဟုတ်ဘူး။ [နတ်ဝင်သည်အခင်းအကျင်း]ကို အောင်အောင်မြင်မြင် အသက်မသွင်းနိုင်ခင် ချိုးဖျက်ဖို့လွယ်တဲ့ ချို့ယွင်းချက်တစ်ခု ရှိလောက်တယ်။

“ဒီတိုက်ပွဲက အဓိပ္ပာယ် မရှိဘူး။” စေတန်က ပြောသည်။ “တကယ်တော့ လောက နှစ်ခုရဲ့ စစ်ပွဲမှာ စတေးခဲ့ရတဲ့ အသက်တွေက လောကကြီး တစ်ခုလုံးနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ပိုအရေးကြီးလဲ မင်း သိသင့်တယ်။ အကယ်၍ မင်းရဲ့ စွမ်းအားက ခုနက ပြသခဲ့တာလောက်ပဲ ဆိုရင်တော့ ငါမင်းကို ယဉ်ကျေးမှု မရှိဘဲ ပြောနိုင်တယ်။ ငါတို့လိုပဲ မင်းရဲ့ စွမ်းအားက ရလဒ်ကို ပြောင်းလဲဖို့အတွက် မလုံလောက်ဘူး။ ရှုံးနိမ့်မှု အကျိုးဆက်ကို ခံနိုင်ဖို့ ထားလိုက်ဦး။”

ထိုစကားက ချန်လွေ့အား တိတ်ဆိတ် သွားစေသည်။ အသူရာချောက်နက်က အကြီးမားဆုံး ရန်သူ ဖြစ်သည်။ သူက မျှော်လင့်ချက်မဲ့ခြင်း အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးရန် စေတန်နှင့် ပူးပေါင်းခဲ့သည်။ အကယ်၍ ဟယ်လင်၏ မာယာရှင် နှလုံးသားသာ မရှိခဲ့ပါက သူ၏ဝိညာဉ်မှာ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရို၏ ကိုယ်ပွား စွမ်းအားကြောင့် လုံးဝကို ပျက်စီးသွားပေလိမ့်မည်။ ၎င်းမှာ ဒီလော့စ်ရို၏ စိတ်ပုံရိပ်မျှသာ ဖြစ်သည်။ ဖိုက်သွန်၏ စကားအရ မျှော်လင့်ချက်မဲ့ အရှင်သခင်က အသူရာ ချောက်နက်၏ အရှင်သခင် ၃ပါးအနက် အားနည်းဆုံးသာ ဖြစ်သည်။

ချန်လွေ့၏ ခွန်အားမှာ ထိုစဉ်ကနှင့် အလှမ်းဝေးနေခဲ့ပြီ ဖြစ်သော်လည်း စေတန်နှင့် မိုက်ကယ်တို့ပင်လျှင် သူ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။ သို့သော် စေတန် ခုနက ပြောခဲ့သည်အရဆိုလျှင် ချန်လွေ့၏ လက်ရှိ စွမ်းအားပင်လျှင် အရှင်သခင် ၃ပါးကို မယှဉ်နိုင်ပေ။

ထို့ထက် ပိုသည်မှာ အရှင်သခင် ၃ပါး၏ အမိန့်အောက်တွင် အဆုံးမဲ့ အသူရာ ချောက်နက် ဗိုလ်ခြေတစ်ခု ရှိနေခြင်းပင်။

“ဒါက နာကျင်စရာ ရွေးချယ်မှု တစ်ခုပဲ။ ဒါပေမဲ့ လုပ်ကိုလုပ်ရမယ့် ရွေးချယ်မှု တစ်ခု။” အက်ဂ်လက်စ်က အဝေးတွင် စကားပြောလိုက်၏။ သူက နတ်ဘုရား-ယောင် အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်တွင် ရှိသူများနှင့် နှိုင်းယှဉ်လျှင် ထိုအလားအလာရှိသော သမက်၏ စရိုက်ကို ပိုသိသည်။

ထိုယောက်ျားက မယုံနိုင်လောက်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး စိတ်ထဲတွင် အထူးအစွမ်းထက် ပုဂ္ဂိုလ်များအတွက် မလိုအပ်သော အရာများလည်း ရှိနေ၏။ ထိုအရာကြောင့်ပင် သူသည် ထိုကဲ့သို့ မယုံနိုင်လောက်သော အဆင့်သို့ ရောက်ရှိ နိုင်ခဲ့ခြင်း ဖြစ်နိုင်၏။ ထိုအရာကြောင့်ပင် အက်ဂ်လက်စ်က သူ့သမီးနှစ်ယောက်ကို သူ၏ဘေးတွင် ထားရှိရန် အလွန်ပင် စိတ်သက်သာရာရခဲ့သည်။

ချန်လွေ့က လက်သီးများကို ဆုပ်ကိုင် လိုက်သည်။ စေတန်နဲ့ အက်ဂ်လက်စ် ပြောတာ မှန်တယ်။ ငါ လောက နှစ်ခုရဲ့ စစ်ပွဲကို အတင်းအကျပ် ရပ်တန့်နိုင်မယ့် စွမ်းရည် ရှိခဲ့ရင်တောင်မှ ရှုံးနိမ့်မှုရဲ့ အကျိုးဆက်တွေကို မခံနိုင်ဘူး။ ဒီလိုမျိုး အပြစ်မဲ့တဲ့ ပြည်သူတွေ စစ်ပွဲကြောင့် သေဆုံးရတဲ့ အဖြစ်မှန်ကို လက်မခံနိုင်ဘူး၊ ဒါပေမဲ့ လက်ခံနိုင်ရုံပဲ တတ်နိုင်မယ်။

စွမ်းအားမဲ့ခြင်း....

ပြင်းထန်သော စွမ်းအားမဲ့ခြင်း...

ချန်လွေ့က ပတ်ဝန်းကျင်မှ အထူး အစွမ်းထက်ပုဂ္ဂိုလ်များကို ကြည့်လိုက်ပြီး ကိုယ်တစ်လျှောက်မှ ကြယ်အလင်းရောင် မှေးမှိန်သွားကာ သက်ပြင်းချလိုက်သည်။ အလင်း ပျောက်ကွယ်သွားသည့် အခိုက် သူကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဇိုလာက မျက်မှောင် ကြုတ်လိုက်ပြီး သူ၏ အနောက်သို့ လိုက်ပါသွားသည်။ ပါ့ဂ်လီအိုနှင့်အခြားသူများလည်း အတူပင်။ လာလာရီယာက စဉ်းစားပြီးမှ ထွက်သွားလိုက်လေသည်။ ဖိုက်သွန် တစ်ယောက်တည်းကသာ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။

“တွယ်တာမှုတွေ များလွန်းတယ်။ အချုပ်အနှောင်တွေ များလွန်းတယ်။” မိုက်ကယ်က ချန်လွေ့ ပျောက်သွားသည့် လားရာသို့ ကြည့်လိုက်သည်။ “လုံးဝကို အားနည်းတယ်။”

“ဟုတ်တယ်၊ သူမှာ စွမ်းအားတွေ အကုန်လုံး ရှိတယ်။ ဒါပေမဲ့ စွမ်းအား အပေါ်မှာ အကြွင်းမဲ့ မြှုပ်နှံမှု မရှိဘူး။” စေတန်က မိုက်ကယ်၏ အမြင်ကို ထူးထူးခြားခြား သဘောတူခဲ့သည်။

“ဒါက ကျွန်မတို့ နားမလည်တဲ့ တခြား အနှောင်အဖွဲ့ တစ်မျိုးမျိုး ဖြစ်နိုင်တာပဲ။” ဂေဘရီရယ်၏ မျက်လုံး နောက်တစ်ကြိမ် မှိတ်သွားခဲ့ပြန်သည်။

ဖိုက်သွန်၏ နှုတ်ခမ်း လှုပ်ရှားသွားခဲ့ သော်လည်း ဘာမှမပြောခဲ့ပေ။ သူ၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။

“အဓိပ္ပာယ်မရှိတဲ့ အရာ တစ်ခုခုကြောင့် ချည်နှောင်ခံရတဲ့ နောက်တစ်ယောက်။” ရာဖယ်ရယ်က ပျောက်ကွယ်သွားသော ဖိုက်သွန်ကို ကြည့်ပြီး ခနဲ့လိုက်သည်။

“သူ ဘယ်တုန်းကမှ မလွှတ်ချခဲ့ဘူး... ဒါပေမဲ့လည်း ဒါတွေက ငါ့အတွက်တော့ အရေးမကြီးပါဘူး။” စေတန်က အပြုံးဖြင့် ပြောလိုက်သည်။ “လောကကြီးတစ်ခုလုံး ပျက်စီးသွားရင်တောင် အရေးမကြီးဘူး။ ငါ နတ်ဘုရားတစ်ပါး ဖြစ်လာသ၍ သူ၊ သူနဲ့ မင်းတို့တွေ အားလုံးက ငါ့အတွက် ခြေနင်းကျောက်တုံးတစ်ခုပဲ။”

“အစောကြီး ကျေနပ်မနေနဲ့။” မိုက်ကယ်က အေးစက်စက် ခနဲ့လိုက်၏။ ၊ “မင်းနဲ့ ငါ့ကြားမှာ မကြာမီ ဒါမှမဟုတ် နောက်ကျရင် တိုက်ပွဲတစ်ခု ရှိလာမယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ‘တံခါး’ ပေါ်လာတာ ထူးဆန်းနိုင်တယ်။ ဒါကြောင့် ငါတို့တွေ အရေးအကြီးဆုံး အရာကို အရင်ဆုံး ပြီးမြောက်အောင် လုပ်သင့်တယ်။”

ရွှေရောင်စာချုပ်က နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ ထိုတစ်ကြိမ် မည်သူမျှ ကန့်ကွက်မှု မပြုလုပ်ခဲ့ပေ။

ချန်လွေ့ အလင်းတန်းမှ ထွက်သွားပြီး ရည်ရွယ်ချက်မဲ့လျက် ခဏတာပျံသန်းကာ တောင်တစ်လုံးပေါ်သို့ ဆင်းသက်လိုက်ပြီး ရှေ့သို့ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

သူ၏ အသိစိတ်တွင် ရုတ်တရက် လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်။ ဖိုက်သွန်၏ ပုံရိပ်က စူပါစနစ်၏ ကြယ်စင်စု နတ်ဘုရားကျောင်း၊ ဝိညာဉ်ကိုယ်ပွားတွင် ပေါ်လာခဲ့သည်။

“အဓိကကုန်းမြေက ဗဟိုချက်တစ်ခုနဲ့ တူတယ်။ ပြီးတော့ အစွန်အဖျားက နတ်ဘုရားစွမ်းအားနဲ့ ချထားတဲ့ ထာဝရ အကာအကွယ် အစီအရင်။ ခွင့်မပြုထားတဲ့ ဘယ်လို စွမ်းအားမဆို အစီအရင်ကနေ ဖယ်ထုတ်ခံရတယ်။”

“ဒါပေမဲ့ နတ်ဘုရားတွေ သေဆုံးမှုကြောင့် ထာဝရက တည်ရှိတော့မှာ မဟုတ်ဘူး။ အဆုံးမဲ့က အဆုံးရှိလာခဲ့တယ်။ ကျွန်မတို့က အကာအကွယ်အတွက် အစီအရင်ကို ဖြည့်ဆည်းဖို့ အသက်စွမ်းအားကို စတေးရုံ တတ်နိုင်ခဲ့တယ်။ စွမ်းအားက အများကြီး လျော့ကျသွားရုံတင်မကဘူး။ စတေးမှု အများကြီးကိုလည်း လိုအပ်တယ်။”

“‘တံခါး’က အစီအရင်ရဲ့ စွမ်းအားက ကုန်ဆုံးတော့မယ်ဆိုတဲ့ သတိပေးချက် တစ်ခုပဲ။ ဒါကြောင့် စစ်ပွဲတစ်ခု ရှိရမယ်။”

“ဒါပေမဲ့ တစ်နေ့နေ့မှာ ထာဝရကို ဆုံးရှုံးသွားတဲ့ ‘တံခါး’က ပြိုလဲသွားမယ်။ ဒီတစ်ခါ တံခါး အစောကြီး ပေါ်လာတာက အစီအရင်တင်းအား ပုံမှန်အခြေအနေကို ကျော်လွန်သွားပြီဆိုတာ ပြသနေတယ်။ စတေးမှုကို ရှောင်လွှဲမရနိုင်ဘူး။ စစ်ပွဲက အသင့်တော်ဆုံး နည်းလမ်းပဲ။ မဟုတ်ရင် ဒါကို ကျွန်မတို့ကပဲ လုပ်ရမှာ။ တိုက်ရိုက် သုတ်သင်တာမျိုးပေါ့။”

“ရှင် မပြောင်းလဲနိုင်ဘူး။ လက်ခံရုံပဲ တတ်နိုင်မယ်။ ရှင့်မှာ အရာအားလုံးကို ဖျက်ဆီးဖို့ ဆုံးဖြတ်ချက် မရှိရင်ပေါ့...”

“ဒါမှမဟုတ် အရာအားလုံး လွှမ်းမိုးတဲ့ စွမ်းအား...”

ထိုစကားအနည်းငယ် ပြောပြီးနောက် ဖိုက်သွန် ပျောက်ကွယ်သွားခဲ့သည်။

ထိုစကားလုံးများတွင် နှုတ်ဆက်ခြင်း မရှိခဲ့သော်လည်း ချန်လွေ့က ၎င်းမှာ နှုတ်ဆက်ခြင်းဖြစ်ကြောင်း သိနေသည်။

သူ ထွက်သွားလေပြီ။

ဖိုက်သွန်က ကတိကို တည်ခဲ့သည်။ သူသည် အသီနာအား ကလေး တစ်ယောက်ကို ဘေးကင်းစွာ မွေးဖွားရာ ကူညီပေးခဲ့ပြီး ယခု သူက ထွက်သွားရန် ရွေးချယ်ခဲ့သည်။

ငါတို့ မကြာခင် တွေ့ဆုံကြမယ်၊ ဒါမှမဟုတ် အချိန် အကြာကြီး ကြာမယ်၊ ဒါမှမဟုတ် ဘယ်တော့မှ မတွေ့တာလည်း ဖြစ်နိုင်တယ်။

မတွေ့ဆုံခဲ့ရင် ပိုကောင်းမယ့် တွေ့ဆုံမှု တစ်မျိုးရှိတယ် ဆိုတဲ့ သီချင်းစာသား တစ်ခုအတိုင်းပဲ...

ချန်လွေ့က ‘ချိတ်ဆက်မှု’ အထဲမှ ဖိုက်သွန်၏ အမည်ကို အချိန်အကြာကြီး ကြည့်နေခဲ့သော်လည်း ၎င်းကို နောက်ဆုံး မပယ်ဖျက်ခဲ့ပေ။

ဇိုလာက ချန်လွေ့နောက်သို့ အဝေးမှ လိုက်ပါသွားပြီး သူ့ကို မနှောင့်ယှက်ခဲ့ပေ။

တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသော အခြားသောသူများကို နတ်မိမယ်နဂါး တားဆီးလိုက်သည်။ သူက ကတ်သရင်းကို ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလုပ်ခဲ့လေသည်။ နတ်မိမယ်နဂါးက ချန်လွေ့၏ ဘေးတွင် အမှန်တကယ် ရှိနေ လိုသော်လည်း ပဋိပက္ခနှင့် နာကျင်မှုထဲ ရောက်နေသော သူ့အတွက်မူ ကတ်သရင်းက အသင့်တော်ဆုံးသော လမ်းညွှန်သူ ဖြစ်ကြောင်း သူက ကောင်းကောင်း သိလေသည်။

ကတ်သရင်းက ချန်လွေ့၏ ဘေးသို့ ပျံသန်းသွားသော်လည်း စကားမပြောခဲ့။ သူက ချန်လွေ့၏အကြည့်ကို ကြည့်ရှုရင်း ဘေးချင်းယှဉ် ရပ်နေခဲ့သည်။

“ကိုယ့်အရှေ့က အားလုံး...” ချန်လွေ့ နောက်ဆုံးတွင် စကား တစ်ဝက်ကို ပြောလိုက်သည်။

ကတ်သရင်း သူ့ကို သဘောတူခဲ့ပြီး သူက ဆက်ပြောလိုက်သည်။ “ရှင်က ဒီအရာတွေ ပျက်စီးခြင်းပြာမှုန့် အဖြစ်ကို ပြောင်းလဲသွားတာ မမြင်ချင်ဘူး။ ဒါပေမဲ့ မရေတွက်နိုင်တဲ့ အပြစ်မဲ့အသက်တွေကို ယဇ်ပလ္လင်ဆီကို ကိုယ်တိုင် ပို့ဆောင်ရတဲ့ ရက်စက်မှုကိုလည်း လက်မခံနိုင်ဘူး။”

“ကိုယ်တိုင်... ဟုတ်တယ်။” ချန်လွေ့က သူ၏လက်ကို ကြည့်နေသည်။ “ကိုယ့်မှာ ဒါကို ရပ်တန့်နိုင်မယ့် စွမ်းအား ရှိနေတယ်။ ဒါပေမဲ့ ဒါကို မရပ်တန့်နိုင်ဘူး။ ဒါက ကိုယ့်ရဲ့လက်တွေကြောင့်ပဲ။”

“ကျွန်မ ပလ္လင်ကို မတက်လှမ်းမီမှာ အစ်ကို ၂ ယောက်... ကျွန်မ စီစဉ်ခဲ့တဲ့ ချုံခိုတိုက်ခိုက်မှုထဲမှာ ကျရှုံးသွားခဲ့တယ်။ ဘယ်သူမှ အသက်မရှင်ကျန်ခဲ့ဘူး။” ကတ်သရင်းလည်း သူ၏ လက်များကို ကြည့်လိုက်သည်။ “ကျွန်မရဲ့ တစ်ဦးတည်းသော ကျန်ရှိနေခဲ့တဲ့ မောင်လေးက တိုက်ပွဲကွင်းပြင်မှာ ကျွန်မကြောင့် အသတ်ခံခဲ့ရတယ်။ ကျွန်မ သူ့ကို ကိုယ့်လက်တွေနဲ့ ခေါင်းဖြတ် သတ်ခဲ့တယ်။ ကျွန်မ သူ့ကို သတ်ခဲ့တဲ့ အချိန် စိတ်ထဲကို ရောက်လာခဲ့တာက ငယ်ငယ်တုန်းက သူ့လက်ကို ကိုင်ပြီး ပုံပြင်တွေ ပြောပြခဲ့တဲ့ မြင်ကွင်းပဲ။ အဲဒီ အခိုက်အတန့်မှာ ကျွန်မ မကြုံစဖူး ထူးထူးခြားခြား အားနည်းမှုကို ခံစားမိပြီး လက်ထဲက ဓားကို လွှင့်ပစ်ချင်ခဲ့တယ်။ ကျွန်မရဲ့ မျက်ရည်တွေက ပေါက်ကွဲ ထွက်လာခဲ့တယ်။ ဒါပေမဲ့ မျက်ရည် မကျခဲ့ဘူး။ ကျွန်မ သွေးတွေနဲ့ ဓားကို မြှောက်ပြီးတော့ စစ်သည်တွေရဲ့ သြဘာသံတွေနဲ့ ရန်သူတွေရဲ့ လက်နက်ချတာကို လက်ခံခဲ့တယ်။”

ချန်လွေ့က ကတ်သရင်း၏ လက်ကို ကိုင်ထားစဉ် ကတ်သရင်း၏ မျက်လုံးများ မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ “ကျွန်မ အတွက်တော့ သူတို့က ကျွန်မရဲ့ နောက်ဆုံးသော မွေးချင်းတွေပဲ။ ဒါပေမဲ့ အရိပ်နက်အင်ပါယာအတွက် သူတို့က တုန်လှုပ်မှုရဲ့ ဇစ်မြစ်ပဲ။ တကယ်လို့ ကျွန်မ သူတို့ကို မသတ်ခဲ့ရင် အင်ပါယာကို ငြိမ်းချမ်းစေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ လူတွေရဲ့ မွေးချင်းတွေ ပိုပြီးတော့ သေဆုံးလိမ့်မယ်။ ကျွန်မ အိပ်မက်ထဲမှာ ငိုကြွေးရင်း နိုးထခဲ့ရတာ ဘယ်နှစ်ခါလဲ ဆိုတာကိုတောင် ကျွန်မ မမှတ်မိတော့ဘူး၊ တစ်ယောက်တည်း ကွေးကွေးလေးနေပြီး အထီးကျန်မှုနဲ့ နာကျင်မှုတွေ အထဲမှာ တုန်ခါနေခဲ့တာ။ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ချင်ခဲ့တယ်။ ဒါပေမဲ့ အင်ပါယာ တစ်ခုလုံးရဲ့ သေခြင်း ရှင်ခြင်းနဲ့ ဝမ်းမြောက်မှုနဲ့ ဝမ်းနည်းမှုတွေကို ထိန်းချုပ်ထားတဲ့ ပလ္လင်ကို ရင်ဆိုင်ရတဲ့ အခါမှာ ကျွန်မက ရက်စက်တဲ့ ဧကရီ အရှင်မ အဖြစ်ကို ပြန်လှည့်သွားခဲ့တယ်။ သူတို့ထဲက အများစုက တကယ်တမ်း အပြစ်ကင်းစင်တယ်။ ဒါပေမဲ့ အင်ပါယာ တစ်ခုလုံးအတွက် ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။”

“ကတ်သရင်း...” ချန်လွေ့က ကတ်သရင်း၏ လက်ကို အနည်းငယ် ပို၍ တင်းကျပ်စွာ ကိုင်ထားလိုက်၏။

ကတ်သရင်းက သူ၏ ပခုံးပေါ်တွင် ညင်သာစွာ မှီလိုက်လေသည်။ “ကျွန်မ တစ်ကြိမ်မက မျှော်လင့်ပြီး စိတ်ကူးဖူးတယ်။ အဖေက ကျွန်မရဲ့ အစ်ကိုကြီးရဲ့ အဆိပ်ခတ်တာ မခံခဲ့ရဘူး။ ပြီးတော့ အစ်ကိုတွေက ပလ္လင်အတွက် တိုက်ခိုက်ပြီးတော့ ပုန်ကန်မှာမဟုတ်ဘူး။ ကျွန်မက အဖေနဲ့ အစ်ကိုတွေရဲ့ ချစ်ခြင်းကို ခံရပြီးတော့ မောင်လေးရဲ့ လေးစားခြင်းကို ခံရတဲ့ မင်းသမီးတစ်ပါး ဖြစ်နေဦးမှာ။ ကျွန်မရဲ့ အထီးကျန်မှုနဲ့ ကြောက်ရွံ့မှုကို မျက်နှာဖုံး တစ်ခုနဲ့ ဖုံးကွယ်ထားစရာ လိုမှာ မဟုတ်ဘူး။ အားကောင်းတဲ့ လက်မောင်း တစ်ဖက်ကို အားကိုးလို့ ရနိုင်တယ်။ သူ့ရဲ့ လက်ကို ကိုင်ထားနိုင်ပြီးတော့ တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ပျော်ရွှင်မှုကို မျှဝေနိုင်တယ်...”

“ကိုယ် မင်း ဘာကို ဆိုလိုလဲဆိုတာကို နားလည်ပါတယ်။” ချန်လွေ့က သူ၏ လက်ကို လွှတ်လိုက်ပြီး ကတ်သရင်း၏ ခါးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ မျှော်လင့်ချက် အချို့က ဘယ်တော့မှ အမှန်တကယ်တွင် ဖြစ်လာလိမ့်မည် မဟုတ်သော်လည်း အချို့သောအရာမှာ အကောင်အထည် ပေါ်နှင့်ပြီး ဖြစ်သည်။ အကြောင်းမှာ ထိုအရာက မျှော်လင့်ချက် ဖြစ်နေ၍ပင်။

“ကျွန်မတို့ လက်တွေ့ကြောင့် ဒုက္ခတွေ ခံစားရရင် ခံစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ မျှော်လင့်ချက်မမဲ့သင့်ဘူး။” တစ်ဖနီလည်း ဘေးဘက်သို့ ရောက်ရှိလာခဲ့သည်။ “ဒါက ရှင် ကျွန်မကို တစ်ချိန်က ပြောခဲ့တာပဲ။”

မျှော်လင့်ချက်...

မျှော်လင့်ချက် အားလုံးကို ကာကွယ်ဖို့ အရာအားလုံး လောင်ကျွမ်းပြီး တိုက်ခိုက်။

ထိုအရာမှာ သူ၏စိတ်ထဲမှ သစ္စာပင်။

ဝမ်းနည်း၍ ဖြစ်စေ၊ စိတ်ဓာတ်ကျ၍ ငိုကြွေးသည် ဖြစ်စေ၊ ထိုသစ္စာက လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။

ချန်လွေ့ ခေါင်းညိတ်ပြီး တစ်ဖနီ၏ လက်ကို ကိုင်လိုက်သည်။ မစ်-နတ်မိမယ် နဂါးက နောက်မှ တမင် ချောင်းဟန့် လိုက်သည်။ ချန်လွေ့နှင့် တော်ဝင်ဧကရီ နှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကာ လှည့်လိုက်ပြီး သူတို့၏ လက်မောင်းများကို ဖြန့်လိုက်ကာ ဇိုလာကို ပွေ့ဖက်လိုက်၏။

ချန်လွေ့က အဝေးမှ လူများကို ကြည့်ပြီး နှလုံးသားကို လွှမ်းခြုံနေသော နွေးထွေးမှုကို ခံစားမိကာ ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို နောက်ထပ် တစ်ကြိမ် ခံစားမိလိုက်သည်။

“ပိုစွမ်းတဲ့ စွမ်းအား၊ အရာအားလုံးကို လွှမ်းမိုးသွားတဲ့ စွမ်းအား...” ချန်လွေ့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကို မော့လိုက်ရာ လေထဲတွင် ထူးဆန်းသော ‘မျက်လုံး’တစ်လုံး သူ့ကို ကြည့်နေသည့် အလား ထင်လိုက်ရ၏။

All Chapters