နီးကပ်လာသောစစ်ပွဲ
Vol. 78 Ch. 1210
နတ်ဆိုးဘုံ အတွင်းရှိ တုန်လှုပ်မှုများနှင့် ယှဉ်လျှင် ‘တံခါး’ ထွက်ပေါ်လာခြင်းက လူသားလောကကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။ အလင်းဒြပ်စင်များ သိသိသာသာ အားနည်းသွားခြင်း တစ်ခုတည်းကပင် မရေမတွက်နိုင်သော လူများကို ထိတ်လန့်မှု ဖြစ်စေခဲ့သည်။
ထိုအချိန်တွင် သိဒ္ဓိအလင်းတောင်က အင်ပါယာများနှင့် နိုင်ငံတော် အားလုံးသို့ ပြည်တွင်းစစ်များ အားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ မဟာမိတ် တပ်တစ်ခုကို အမြန်ဆုံး ဖွဲ့စည်းရန်နှင့် နတ်ဆိုးများ၏ ဗိုလ်ခြေကို တိုက်ခိုက်ရန်အတွက် ပြင်ရန် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ အကယ်၍ နာခံမှုမရှိပါက သိဒ္ဓိအလင်းတောင်သည် အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ပိတ်ဆို့ အရေးယူမှုများ စတင်လိမ့်မည်။
သိဒ္ဓိအလင်းတောင်သည် ယခင်က ဘာသာရေး အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်သည်။ ၎င်းက အမျိုးမျိုးသော အင်ပါယာများ၏ ပြည်တွင်းရေးရာများနှင့် အငြင်းပွားမှုများတွင် များများစားစား ဝင်စွက်ဖက်မည် မဟုတ်ပေ။ ထိုသို့သော အမိန့်မျိုးမှာ အလွန် ရှားပါးသော်လည်း ၎င်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လွန်ခဲ့သော အနှစ် ၃၀၀ကျော်၊ အနှစ် ၈၀၀ ကျော်က... ထိုသို့သော အမိန့်များကို ထုတ်ပြန်ခဲ့သည်။ သမိုင်းတွင် ၎င်းကို ဆန့်ကျင်ခဲ့သော အင်ပါယာအချို့ ရှိခဲ့သော်လည်း ချက်ချင်း ဆိုသလိုပင် ၎င်းတို့က သမိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့သည်။
အတော်လေး သက်တမ်းတိုလှသော လူသားများ၏ နတ်ဆိုးများအပေါ် နားလည်မှုတွင် မရေမတွက်နိုင်သော ဒဏ္ဍာရီများ ရှိခဲ့ကြသည်။ ဒဏ္ဍာရီတိုင်း နီးပါးတွင် ရက်စက်မှု၊ ဆိုးသွမ်းမှုနှင့် သွေးဆာမှု ကဲ့သို့သော တူညီသော အဓိက စကားလုံးများ ရှိနေကြသည်။ လူများက အနှစ် ၅၀၀တိုင်း ရောက်ရှိလာသော ထိုသို့ ကြောက်မက်ဖွယ် တည်ရှိမှု အပေါ်တွင် တူညီသော ခံစားချက်များ ရှိကြသည်။ အကြောက်တရား၊ အမုန်းတရား၊ ကလဲ့စား...
သိဒ္ဓိအင်ပါယာနှစ်ခုက သိဒ္ဓိအလင်းတောင်၏ အမိန့်ကို ဦးစွာ လိုက်နာခဲ့ကြသည်။ ဧကရာဇ် လက်ဇ်က အလျင်မြန်ဆုံး ဖြစ်သည်။
အလင်းတန်း ပေါ်ပေါက်လာသည့် နေရာက အကြိမ်တိုင်း ပြောင်းလဲ ခဲ့သော်လည်း ထိုတစ်ကြိမ်တွင် ၎င်းမှာ အမှန်ပင် နဂါးလင်းလက် အင်ပါယာ၏ ရွှေရောင်တောက်ပ နယ်မြေ အတွင်း၌ ဖြစ်နေသည်။ အလင်းတန်းမှ နဂါးလင်းလက် မြို့တော် ရီယိုဒီရှာသို့ ခရီးစဉ်မှာ နှစ်ရက်သာ ကြာမြင့်၏။
နတ်ဆိုးများ၏ စစ်တပ်က ကျူးကျော် ဝင်ရောက်သည်နှင့် အချမ်းသာဆုံးသော ရွှေရောင်နယ်မြေသာမက ရီယိုဒီရှာလည်း မီးလောင်ကွင်း ဖြစ်သွားနိုင်သောကြောင့် ပေါ့ဆ၍ မရနိုင်ပေ။ ဧကရာဇ် လက်ဇ်က တိုင်းပြည်တစ်ဝှမ်းလုံးမှ အထက်တန်းလွှာများကို ရွှေရောင်နယ်မြေသို့ ချက်ချင်း ခေါ်ယူ စည်းရုံးပြီး နီးကပ်လာသောစစ်ပွဲအတွက် ပြင်ဆင်ရန် ခံတပ် အများအပြားကို တည်ဆောက်ခဲ့သည်။
ကျက်သရေပြာ အင်ပါယာ၏ ဧကရီ အရှင်မ လန်ဘိစ်သည် ကောင်းမွန်စွာ တပ်ဆင်ထားသော စစ်တပ် တစ်ခုကို အချိန်တိုအတွင်း ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဗိုလ်ချုပ် ဆန်ဒရိုမှ ဦးဆောင်ခဲ့သည်။ သူတို့က တိုက်ပွဲတွင် ကူညီရန် နဂါး လင်းလက်အင်ပါယာသို့ စေလွှတ်ခဲ့သည်။ အင်ပါယာ နှစ်ခုက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ရာ အခြား အင်ပါယာများလည်း အငြင်းပွားမှုများကို ရပ်တန့်ခဲ့ကြပြီး သူတို့၏ စစ်တပ်ကို နဂါးလင်းလက် အင်ပါယာသို့ ရွှေ့ပြောင်းခဲ့ကြသည်။
ထိုတစ်ကြိမ်တွင် လူသား လောကမှ မဟာမိတ်စစ်တပ်၏ အမြင့်ဆုံး တပ်မှူးမှာ ဧကရာဇ် လက်ဇ်ပင် ဖြစ်လေသည်။ အင်ပါယာများ၏ စစ်တပ်များ၌ သူတို့၏ ကိုယ်ပိုင်တပ်မှူးများ ရှိကြသော်လည်း မဟာမိတ် စစ်တပ်၏ စည်းရုံးမှုနှင့် ပတ်သက်လာလျှင် သူတို့က ဧကရာဇ် လက်ဇ်၏ စေလွှတ်မှုနှင့် အမိန့်ကို နာခံရမည် ဖြစ်သည်။
စိတ်လှုပ်ရှားဖွယ် သတင်းတစ်ခုက လူသား မဟာမိတ် စစ်တပ်ထံသို့ ရောက်ရှိလာ၏။ နဂါးများ၊ နတ်သူငယ် မျိုးနွယ်စုနှင့် လူပုမျိုးနွယ်စုတို့က သူတို့ နတ်ဆိုးဘုံမှ ရန်သူများကို အတူတကွ တိုက်ခိုက်ရန် လူသား လောက၏ အစိတ်အပိုင်း တစ်ခုအဖြစ် တိုက်ပွဲတွင် ပါဝင်ရန် အထက်တန်းလွှာ တပ်များကို စေလွှတ်မည် ဖြစ်ကြောင်း တစ်ချိန်တည်း ကြေညာခဲ့ကြသည်။
နတ်သူငယ်များက အစွမ်းထက်ဆုံး လေးသမားများနှင့် မှော်ဆရာများ ဖြစ်၏။ အကယ်၍ သူတို့ကို သင့်လျော်စွာ သုံးခဲ့ပါက စစ်မြေပြင်တွင် အဆုံးအဖြတ် အခန်းကဏ္ဍမှ ပါဝင်ပေလိမ့်မည်။
နဂါးများနှင့် လူပုများသည်လည်း ကိုယ်ပိုင်စစ်တပ်များ စေလွှတ်ခဲ့ကြသည်။ နဂါးများ အားကောင်းကြောင်းကို ပြောရန် မလိုအပ်ပေ။ လူပုများသည်ပင် သာမန် လူသားစစ်သားများကို ကျော်လွန်သော ထူးကဲသည့် တိုက်ခိုက်ရေး စွမ်းအား ရှိကြသည်။
မျိုးနွယ်စုကြီး သုံးခုမှ အားဖြည့်မှုများ ပေါင်းထည့် လိုက်ခြင်းက မဟာမိတ် စစ်တပ်၏ တိုက်ခိုက်ရေး စွမ်းအားကို ပို၍ပင် အားကောင်းသွားစေပြီး ၎င်းမှာ နတ်ဆိုးဘုံကို အနိုင်ယူရန် အနည်းငယ် ပို၍ သေချာသွားစေသည်။ ခဏလေး အတွင်းပင် လူသားလောက တစ်ခုလုံး၏ စိတ်ဓာတ်သည် မြင့်မားနေပုံရသည်။
ငွေလကောင်းကင်မြို့တော်၌-
“အရှင်မ။ ဘာလို့ မင်းသမီး နှစ်ပါးကို စစ်မြေပြင်ဆီ စေလွှတ်ခဲ့တာလဲ။” မေးခွန်း မေးလိုက်သူမှာ နတ်သူငယ် မျိုးနွယ်စု၏ အကြီးအကဲ ပက်ထရီစီ၊ ဧကရီအရှင်မ၏ လူယုံတော်နှင့် မင်းသမီး မီရှယ်၏ မှော်ဆရာမ ဖြစ်သည်။ “အထူးသဖြင့် မင်းသမီး မီရှယ်...”
ထိုတစ်ကြိမ် နတ်သူငယ် မျိုးနွယ်စု၏ တပ်မှူးမှာ အမှန်တကယ် မင်းသမီး ဖီလီဖြစ်ပြီး မင်းသမီးငယ် မီရှယ်ပင်လျှင် စစ်တပ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
ဧကရီအရှင်မ လစ်ဗ်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “အကောင်းဆုံး ကျောက်မျက်ကို ဖြတ်တောက်ရမယ် ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ ဖီလီပဲ ဖြစ်ဖြစ်၊ မီရှယ်ပဲ ဖြစ်ဖြစ် သူတို့က အနှေးနဲ့အမြန် ကြီးပြင်းလာကြလိမ့်မယ်။ စိတ်မပူပါနဲ့။ အကြီးအကဲ ခီလန်ယာနဲ့ အကြီးအကဲ ဖီနိုအီရာတို့က သူတို့ကို တိတ်တဆိတ် ကာကွယ်ပေးနေပါတယ်။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။”
နောက်ထပ် ယုံကြည် စိတ်ချရသော အကြီးအကဲတစ်ဦး ဖြစ်သူ ချာရိုပန်လည်း ပြောလိုက်သည်။ “ခွင့်လွှတ်ပါ။ ကျုပ်ရဲ့ အမြင်အရဆိုရင် အရှင်မ ဆုံးဖြတ်ချက်က မဆင်မခြင် ဖြစ်လွန်းတယ်။ နတ်သူငယ် မျိုးနွယ်စုက လောက နှစ်ခုအကြား စစ်ပွဲမှာ ပါဝင်လေ့ မရှိဘူး။ သူတို့ နိုင်နိုင် ရှုံးရှုံး၊ စစ်ပွဲမှာ အသေအကြေတွေ ရှိမှာ မလွှဲရှောင်သာပဲ။ မျိုးနွယ်စု မွေးဖွားနှုန်းက နိမ့်ကျနေပြီးသား။ ပြီးတော့ လူဦးရေက အကန့်အသတ်ရှိတယ်။ တကယ်လို့ ဒါက ပိုနည်းသွားမယ်ဆိုရင် ပြုပြင်လို့ မရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်။ ဒီတစ်ခါ ကျုပ်တို့က အထက်တန်းလွှာ အားလုံး နီးပါးကိုတောင် စေလွှတ်ခဲ့တယ်။ ကျုပ် တိကျတဲ့ အကြောင်းရင်းကို သိချင်တယ်။”
“ဟုတ်တယ်။ အခုက စစ်ပွဲ အစပိုင်း အဆင့်ပဲ ရှိသေးတယ်။ ပြီးတော့ နှစ်ဖက်ရဲ့ ရလဒ်က မရှင်းလင်းသေးဘူး။ အတိတ် အခြေအနေအရ ကျုပ်တို့ အကောင်းဆုံး သဘောထားက စောင့်ကြည့်ဖို့ပဲ။”
“ရှင်တို့ နှစ်ယောက်စလုံး နောက်ထပ် ပြောစရာ မလိုတော့ဘူး။ ဒါက အရှင် အလူစီယာ မထွက်ခွာခင်က ပေးခဲ့တဲ့ အမိန့်ပဲ။” ဧကရီအရှင်မ လစ်ဗ်၏ စကားက ယုံကြည်ရသော အကြီးအကဲ နှစ်ဦးကို တိတ်ဆိတ် သွားစေခဲ့သည်။ “နောက်ဆုံး အမိန့်။”
ခဏအကြာ ချာရိုပန် မေးလိုက်သည်။ “အရှင် အလူစီယာက ‘တံခါး’ ပွင့်လာမယ် ဆိုတာကို သိနှင့်ပြီးသားလား။”
ဧကရီအရှင်မ လစ်ဗ်က အဖြေမပေးဘဲ အဝေးသို့ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ အမှန်မှာ အလူစီယာသည် ထိုမျှမက ပြောခဲ့သော်လည်း ဧကရီ လစ်ဗ်သည် ကျန်သောအရာများကို မပြောခဲ့ပေ။
နတ်ဆိုးဘုံကလည်း တိုက်ပွဲအတွက် ပြင်းထန်စွာ ပြင်ဆင်နေခဲ့သည်။ ဧကရီ အရှင်မ သုံးပါးက လောက နှစ်ခု၏ စစ်ပွဲအကြောင်း အမှန်တရားကို သိရှိကြသော်လည်း ထိုစစ်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်ကြောင်းကိုလည်း သိကြ၏။
ထိုအရာမှာ ကပ်ဘေးတစ်ခု ဖြစ်သည်။ အသက်များကို လုံလုံလောက်လောက် စတေးမှသာ ကပ်ဘေးကို အဆုံးသတ်ရန် ဖြစ်နိုင်ပေမည်။
စတေးခံရသူများမှာ နတ်ဆိုးများ၏ အသက်များ မဟုတ်ဘဲ လူသားလောကမှ အသက်များ ဖြစ်သည်။ မည်သူမျှ ကိုယ်ပိုင် မျိုးနွယ်ကို စတေးရန် ဆန္ဒမရှိနေရာ ထိုတိုက်ပွဲကို တိုက်ခိုက်ရမည် ဖြစ်ပြီး ရှုံးနိမ့်၍ မနိုင်ပေ။
မူလက နတ်ဆိုးဘုံ၏ တပ်မှူးမှာ ကတ်သရင်း ဖြစ်သော်လည်း ကတ်သရင်း၊ ရှီရာနှင့် တစ်ဖနီတို့မှာ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်နေကြပြီ ဖြစ်သည်။ စာချုပ်ကန့်သတ်ချက်များအရ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို စစ်ပွဲတွင် ပါဝင်ခွင့် မပြုပေ။ ဧကရီအရှင်မ သုံးပါး ထိုစာချုပ်ကို လက်မှတ်မရေးထိုး ခဲ့လျှင်ပင် စစ်မြေပြင်၌ ပေါ်လာသည်နှင့် လောကနှစ်ခုမှ အထူး အစွမ်းထက် ပုဂ္ဂိုလ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
ချန်လွေ့ ရှိနေလျှင်ပင် ကောင်းကင် တမန်တော် သုံးပါးနှင့် စေတန်ကို သူ ဖိနှိပ်နိုင်သော်လည်း ၎င်းက ပိုမြင့်သော စစ်ပွဲသို့ ဦးတည်၍ သွားပေလိမ့်မည်။ အရေးအကြီးဆုံးမှာ စတေးခြင်း သဘာဝ ရှိနေသော လောက နှစ်ခု၏ စစ်ပွဲကိုမူ ရှောင်လွှဲ၍ မရနိုင်သေးပေ။ ၎င်းမှာ ရရှိမှုများက ဆုံးရှုံးမှုများထက် ကျော်လွန် နေသည်ဟု ဆိုနိုင်၏။
နတ်ဆိုးဘုံရှိ တံခါးမှာ သွေးရောင် အင်ပါယာ၌ ရှိနေသော်လည်း သွေးရောင် အင်ပါယာ၏ ဗိုလ်ချုပ် သုံးဦးစလုံးမှာ တစ်ဖနီ ပလ္လင်တက်ပြီးနောက် ပြန်လည် ရာထူးတိုးမြှင့် ခံထားရသူများ ဖြစ်သည်။ သူတို့၏ စွမ်းရည်များမှာ အထင်ကြီးစရာ ကောင်းသော်လည်း သူတို့က နတ်ဆိုး မဟာမိတ် ဗိုလ်ခြေတစ်ခုလုံး၏ တပ်မှူး ဖြစ်လာရန် မစွမ်းဆောင်နိုင်ကြပေ။
ထိုစဉ် ကတ်သရင်းက နာမကျန်းမှုကို ဆင်ခြေပေးပြီး ကြယ်ကြွေတမန် အင်ပါယာမှ ဒုတိယဗိုလ်ချုပ် ဂီရန့်ကို ကိုယ်စားလှယ်လောင်း အဖြစ် အကြံပြု ပေးခဲ့သည်။
ဂီရန့်၏ စစ်ရေး အရည်အချင်းမှာ အတော်လေး ထူးချွန်သည်။ ကြယ်ကြွေ တမန် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ် ဂျော့ခ်ျပင်လျှင် သူ့အတွက် ချီးကျူး စကားများဖြင့် ပြည့်နှက်နေခဲ့သည်။ ကတ်သရင်းက အရိပ်နက်အင်ပါယာ အစား ကြယ်ကြွေတမန် အင်ပါယာ၏ ဗိုလ်ချုပ်ကို အကြံပြုခဲ့ရာ ယုံကြည်နိုင် လောက်သော မျှတမှုနှင့် ပွင့်လင်းမှုကို ပြသခဲ့၏။
အင်ပါယာ အမျိုးမျိုးမှ ဗိုလ်ချုပ် အများအပြားနှင့် ‘ချစ်ကြည်ရေး’ စစ်ရေး လေ့ကျင့်မှု အများအပြား အပြီးတွင် ဂီရန့်၏ စွမ်းရည်က ပါတီအားလုံး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ သူသည် မျှော်လင့်ထားသည့် အတိုင်းပင် နတ်ဆိုး မဟာမိတ်စစ်တပ် တပ်မှူး ဖြစ်လာ၏။
တစ်ချိန်တည်းမှာပင် အင်ပါယာ သုံးခု အထက်ပိုင်း အရာရှိများကလည်း အများ ပြည်သူဘက်မှ တပ်မှူး ဂီရန့်အပြင် ထိပ်တန်းပညာရှိ ကတ်သရင်းသည်လည်း နောက်ကွယ်မှ စီစဉ်နေမည် ဖြစ်ပြီး အမှန်တကယ် ‘နှစ်ထပ်ကွမ်းအာမခံချက်’ ဖြစ်လာမည်ကို သိရှိကြသည်။
၁၀ရက် ကုန်လွန်သွားခဲ့ပြီး ‘တံခါး’က တရားဝင် ဖွဲ့စည်းပြီး ဖြစ်လေသည်။ တွန်းကန်အား ပျောက်ကွယ်သွားပြီဖြစ်ရာ သာမန်လူများက အတားအဆီး မရှိဘဲ ချဉ်းကပ်နိုင်လေပြီ။
အလင်းတန်းထဲမှ ခန်းမများနှင့် လှေကားထစ်များ ပျောက်ကွယ်သွားပြီး တံခါးများ အဖြစ်သို့ ပြောင်းလဲသွား၏။ ဆိုလိုသည်မှာ လူတစ်ဦး အလင်းတန်းထဲ ဝင်ရောက်သည်နှင့် အခြားလောကသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပေမည်။
သေခြင်းရှင်ခြင်းကို ခွဲခြားထားသော တံခါးတစ်ခုပင်။
လောက နှစ်ခု၏ မဟာမိတ်စစ်တပ်ကို အဆက်မပြတ် စုစည်း စည်းရုံးနေကြဆဲ ဖြစ်ပြီး ပြင်ဆင်မှု အမျိုးမျိုး လုပ်နေ၏။
စစ်ပွဲကို မစတင် သေးသော်လည်း လေထုက ပိုမိုပင် တင်းမာလာခဲ့သည်။
အမှောင်လမြို့တော်၏ လမ်းများဝယ်-
ချန်လွေ့က ပတ်ပတ်လည်မှ လူများ၏ တုန်လှုပ်နေသော ခြေလှမ်းများနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်လျက် လျှောက်လှမ်း နေခဲ့လေသည်။ ‘တံခါး’ ဖွင့်လှစ်ပြီးနောက်တွင် မြို့တိုင်းမှ ဘဝ၏ အရှိန်အဟုန်က အရှိန်မြှင့်လာခဲ့သည်။
“မြန်မြန်လုပ်။ တာနာ စျေးကြီးမှာ ပစ္စည်းပြတ်တော့မယ်လို့ ကြားတယ်။”
“မနေ့က ကြယ်ကြွေတမန် အင်ပါယာ ရွှေကူပွန် ၅၀နဲ့ ဂျုံမှုန့်တစ်အိတ် ဝယ်လို့ ရတယ်။ ဒါပေမဲ့ ဒီနေ့ ၇၀ ဖြစ်သွားပြီ။”
“ဘာလို့ ကြယ်ကြွေတမန် အင်ပါယာ ရွှေကူပွန်တွေကို သုံးနေရသေးတာလဲ။ သလင်းကျောက်ဒင်္ဂါးပဲ သုံးလိုက်လေ။”
“သိပါတယ်။ ဒါပေမဲ့ ဘဏ်မှာ နေ့စဉ် အကန့်အသတ်ရှိတယ်။ တစ်ယောက်ကို တစ်ကြိမ်မှာ ပမာဏ တစ်ခုပဲ ထုတ်ယူလို့ ရတာ။ ဘဏ်တံခါးဝမှာ အဲလို အရှည်ကြီး တန်းစီနေတာကို မမြင်ဘူးလား။ တိုးပြီး ဝင်လို့တောင်မရဘူး။”
“မပြောနေနဲ့တော့။ မြန်မြန်လုပ်ရအောင်။”
“...”
နတ်ဆိုးဘုံတွင်ပင် လူတိုင်းက စစ်ပွဲကို မကြိုက်ကြ။ ရှားပါးသော ငြိမ်းချမ်းရေးကို ပျော်မွေ့နေကြပြီး ပို၍ပို၍ ငြိမ်းချမ်းရေးကို မြတ်နိုးလာကြသော လူအများစုအတွက် ‘တံခါး’ ဖွင့်လှစ်ခြင်းက ကားစင်ပေါ်မှ ဆွဲထားသော ဓားကဲ့သို့ ဖြစ်နေပြီး ၎င်းမှာ အချိန်မရွေး ပြုတ်ကျနိုင်ကာ အသက်ကို ဖျက်ဆီးပစ်နိုင်၏။
လူများက ပစ္စည်း အမျိုးမျိုးကို ဝယ်ယူ နေကြသည်။ အစားအသောက်၊ အဝတ် အထည်၊ နေ့စဉ်သုံး ပစ္စည်းများ၊ မှော်ပစ္စည်းများ၊ လက်နက်များနှင့် အခြား အရာများ၏ ဈေးနှုန်းများ ချက်ချင်း ဆိုသလို အဆများစွာ တိုးသွားခဲ့သည်။ ချက်လက်မှတ်နှင့် ငွေချေးစာချုပ်များက တန်ဖိုးကျဆင်းလာခဲ့ပြီး ဘဏ်၏ သလင်းကျောက် ဒင်္ဂါး အရန်ငွေများမှာ အဆက်မပြတ် ကုန်ဆုံးနေခဲ့သည်။ ၎င်းတို့မှာ မဟာမိတ်အဖွဲ့၏ ဖိနှိပ်မှုနှင့် စည်းမျဉ်း စည်းကမ်းများ အောက်တွင် ဖြစ်နေသေး၏။ အကယ်၍ စစ်ဆေးမှု မရှိဘဲ ထားခဲ့ပါက ထိုသို့သော စီးပွားရေး အကျိုးသက်ရောက်မှု တစ်ခုတည်းက ဖရိုဖရဲ ဖြစ်ပေါ်စေနိုင်၏။
၎င်းမှာ စစ်ပွဲမစခင် အစပျိုးခြင်းမျှသာ ဖြစ်သည်။
ချန်လွေ့၏ ခြေလှမ်းများ တန့်သွားပြီး လမ်းဘေးမှ သားအမိအကြား စကား စမြည်ပြောဆိုမှုကို ကြားလိုက်ရသည်။
“ရှီလူ။ နင်က မိန်းကလေးလေ။ တခြား သူတွေနဲ့ မတိုက်ခိုက်နဲ့။ နဖူးကို ကြည့်ဦး။ သွေးတွေ ထွက်နေပြီ။”
“သူတို့က အစ်ကို တိုက်ပွဲမှာ သေမှာလို့ ပြောကြတယ်...”
“မဟုတ်ဘူး။ နင့် အစ်ကို သေချာပေါက် ပြန်လာလိမ့်မယ်။ ပြီးတော့ သူက စစ်အရာရှိ ဒါမှမဟုတ် ဗိုလ်ချုပ်တောင် ဖြစ်လာလိမ့်မယ်။”
“သမီးက အစ်ကို အသက်ရှင်လျက် ပြန်လာတာကိုပဲ မြင်ချင်တာပါ၊ အမေ။ သမီးတို့ ဘာလို့ တိုက်ခိုက်ရမှာလဲ။ သမီးတို့ ဘဝတွေက မကောင်းလို့လား။ ဘာလို့ လူသား လောကကို သိမ်းပိုက် ချင်ရတာလဲ။”
“မသိဘူး။ လူသားတွေနဲ့ အမေတို့က နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့တယ်။ အမေတို့ မတိုက်ခိုက်ရင်တောင် သူတို့က အမေတို့ရဲ့ ဇာတိမြေကို ကျူးကျော်ဖို့ ရောက်လာလိမ့်မယ်။ နင့်ရဲ့ အစ်ကိုက သူရဲကောင်း အဆန်ဆုံးပဲ။ သူက အမေတို့ လောကကို ကာကွယ်ပေးမှာ။”
“အင်း၊ သမီးတို့ သေချာပေါက် နိုင်မှာ။ အစ်ကို သေချာပေါက် ပြန်လာလိမ့်မယ်။”
“...”
ဘာလို့ တိုက်ခိုက်ရမှာလဲ။
သမီးတို့ ဘဝတွေက မကောင်းလို့လား။
အစ်ကိုက ဇာတိမြေကို ကာကွယ်မယ်။
ထိုသို့ စကားလုံးများက ချန်လွေ့၏ စိတ်ထဲတွင် လေးလံစွာ ရှိနေခဲ့သည်။ ဇာတိမြေ ကာကွယ်ခြင်း၊ ကျူးကျော်မှုကို ခုခံခြင်းနှင့် နေသာသော လောကကို သိမ်းပိုက်ခြင်း... ထိုအရာများမှာ အပေါ်ယံ လိမ်ညာမှုများသာ ဖြစ်သည်။
အမှန်တရားက ဘာလဲ။
ချန်လွေ့ မျက်လုံးများ မှိတ်သည်နှင့် ပတ်ပတ်လည်မှ အရာအားလုံးတို့သည် မီးလောင်ကျွမ်းပုံရနေသည်။ အဆောက်အအုံများက အပျက်အစီးများ အဖြစ်သို့ ပြောင်းသွားပြီး စကားလုံးများက ငိုသံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အလောင်းများက မြေပြင်ရှိ နေရာအနှံ့ ပြန့်ကျဲနေ၏။ တည်ငြိမ်မှုက သွေးနှင့်မီး တို့ကြောင့် လောင်မြိုက်ခြင်း ခံလိုက်ရပြီး ရေတွက်မနိုင်သော သက်ရှိသတ္တဝါများက အေးစက်သော နံပါတ်များ အဖြစ်သို့ ပြောင်းလဲကာ သေမင်း၏ တံစဉ်အောက် ပျက်စီးသွားခဲ့ရသည်။
အသက်တွေက ဘာဖြစ်သွားမှာလဲ။
ချန်လွေ့၏ မျက်နှာတွင် မျက်ရည်များ စီးကျနေခဲ့ပြီး သူက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
သနားကြင်နာမှုကြောင့် ကျလာသော မျက်ရည်များပင်။ အားနည်းမှုကြောင့် မဟုတ်။
အသက်ကို လေးစားသော သူများသာ ဘဝကို အမှန်တကယ် ပျော်မွေ့နိုင်၏။ အသက်ကို နားလည်နိုင်၏၊ တန်ဖိုးထား နိုင်၏။
ထူးခြားသော အသက်က အရာရာကို အမှန်တကယ် ကျော်လွန်သော တည်ရှိမှု ဖြစ်ရပေမည်။
ချန်လွေ့က ဖြန့်ထားသော လက်ကို ကြည့်ပြီး မျှော်လင့်ချက်ကို ကိုင်ဆောင် ထားသည့်အလား တဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်၏။
သူ၏ ခြေလှမ်းများ ရှေ့သို့ ဆက်လက် ရွေ့လျားသွားတော့သည်။