‘တည်နေရာပြောင်းကူ’၏ တိုးတက်မှု၊ ပိုမိုသတိကြီးတတ်လာသော လန်ယွဲ့ရှီ။
Vol. 14 Ch. 181
မှန်ပေသည်၊ ကျိုးစွေ့၏ ပညာရပ်အားလုံး ညီတူညီမျှ တိုးတက်နေကြသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် ‘နတ်ဆိုးအသွင်ပြောင်း ပညာရပ်’ကို ကြည့်လျှင် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးကတည်းက ဆက်လက်တိုးတက်မှု မရှိသလောက်ပင်။ သို့သော် ယင်းသည် နားလည်ပေးနိုင်သည့် အခြေအနေတစ်ခုပင်ဖြစ်သည်။
ကျိုးစွေ့ကိုယ်တိုင်က ဤကျင့်စဉ်အပေါ် များစွာအာရုံမစိုက်ခဲ့ခြင်းကြောင့်လည်း ဖြစ်၏။ အသေးစားအောင်မြင်မှုအဆင့်ဖြင့်ပင် ရွှေအမြုတေ ဆရာသခင်တစ်ပါးကို လှည့်စားရန် လုံလောက်နေပြီ ဖြစ်သည်။
ဆက်လက်ကျင့်ကြံအားထုတ်ခြင်းသည် သူ၏အရှိန်အဝါကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရုံမှတစ်ပါး များစွာ ထူးခြားမှုရှိတော့မည် မဟုတ်ပေ။ သူ့၏ လက်ရှိအခြေအနေအရ ယင်းသည် ထင်သလောက် အထောက်အကူ မဖြစ်နိုင်တော့သောကြောင့် သူသည် ဤပညာရပ်အား များစွာ အားမစိုက်တော့ချေ။
တခြားသော ကျွမ်းကျင်မှုများစွာမှာလည်း အလားတူပင်ဖြစ်ပြီး၊ အရင်ကနှင့်ယှဉ်လျှင် တိုးတက်မှုက သိပ်မသိသာလှပေ။
အဆုံးသတ်တွင် လူတစ်ဦး၏အချိန်သည် ကန့်သတ်ချက် ရှိသည်ဖြစ်ပြီး၊ ကျင့်ကြံခြင်းတွင်လည်း ဦးစားပေးအစီအစဉ်ဟူ၍ ရှိစမြဲပင်။
တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုအဆင့်အတန်းကသာလျှင် အစစ်အမှန် အခြေခံအုတ်မြစ် ဖြစ်သောကြောင့်၊ လက်ရှိသူ၏ အဓိကဦးစားပေးမှာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်သာ ဖြစ်၏။
"အရေးကြီးဆုံးကတော့ ‘တည်နေရာပြောင်းကူ’ပဲ.. နောက်ဆုံးတော့ အဆင့်နှစ်ကို ရောက်ခဲ့ပြီ..."
ကျိုးစွေ့က ခပ်ဖျော့ဖျော့ ပြုံးရင်း တွေးလိုက်သည်။ လက်ရှိသူ အတန်ဖိုးထားဆုံး 'ကူ'ပိုးကောင်မှာ သဘာဝအတိုင်း ‘တည်နေရာပြောင်းကူ’ပင် ဖြစ်သည်။
၎င်းကို ပထမဆုံး သန့်စင်ပြီးစဉ်က အဆင့်တစ်တွင်သာ ရှိခဲ့သည်။
သို့သော် သူ့၏ဂရုတစိုက် မွေးမြူမှုအောက်တွင် တစ်နှစ်အတွင်း အဆင့်နှစ်သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆင့်နှစ် အောက်ခြေအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ၎င်း၏စွမ်းရည်သည်လည်း သိသိသာသာ တိုးတက်လာခဲ့၏။
လေးနှစ်တာ ကြာမြင့်ပြီးနောက်၊ မိုင်တစ်သောင်းကျော်ကို တစ်ကြိမ်တည်းဖြင့် ချက်ချင်း တည်နေရာပြောင်းနိုင်သည့် စွမ်းရည်ကို နောက်ဆုံးတွင် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
အန္တရာယ်နှင့် အမှန်တကယ်ကြုံတွေ့ပါက၊ ကျိုးစွေ့သည် ‘တည်နေရာပြောင်းကူ’ကို အသုံးချကာ အင်မော်တယ်ရှားဂိုဏ်းမှ အလျင်အမြန် ထွက်ခွာပြီး၊ မိုင်ထောင်ပေါင်းများစွာ ဝေးကွာရာသို့ ချက်ချင်း ရောက်ရှိသွားနိုင်ကာ ရန်သူများ သူ့ကို လိုက်လံဖမ်းဆီးဖို့ရာ လုံးဝ မဖြစ်နိုင်တော့ချေ။
ယင်းအား သူ့၏ အဓိကဝှက်ဖဲများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
"နှမြောစရာပဲ... ငါသာ တာအိုလက်တွဲဖော်အသစ်တွေ ထပ်ရှာနိုင်ခဲ့ရင် ငါ့ရဲ့ တိုးတက်နှုန်းက ဒီထက် ပိုမြန်နေလောက်ပြီ..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ရင်း ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးနိုင်မည့်နည်းလမ်း ဖြစ်သော တာအိုလက်တွဲဖော်များ ထပ်မံရှာဖွေရန် တွေးတောနေမိသည်။
ချီသန့်စင်ခြင်းအဆင့်တွင် ရှိစဉ်က တာအိုလက်တွဲဖော် လေးယောက်၏ အကူအညီကြောင့်သာ သူ့၏ ကျင့်ကြံမှုက ဤမျှ အလျင်အမြန် တိုးတက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့သော အကူအညီသာ မရှိခဲ့လျှင်၊ သူ ဆယ်စုနှစ်တစ်ခု မပြည့်မီအချိန်အတွင်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ တာအိုလက်တွဲဖော်များ၏ အကူအညီရှိခြင်းက ပင်ပင်ပန်းပန်း ကျင့်ကြံရမည့် အချိန်များစွာကို သက်သာစေခဲ့သည်မှာ အမှန်ပင်။
သို့ပေမည့် တာအိုလက်တွဲဖော် အသစ်များ ရှာဖွေရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခုမှ မဟုတ်ချေ။ အထူးသဖြင့် ရွှေအမြုတေအဆင့် တာအိုလက်တွဲဖော် တစ်ဦးရှာဖွေလိုခြင်းသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပေသည်။
အမျိုးသမီး ရွှေအမြုတေ ကျင့်ကြံသူများအသာထား၍ အင်မော်တယ်မြူခိုးကျွန်းတစ်ခုစလုံးတွင်ပင် ရွှေအမြုတေ ကျင့်ကြံသူစုစုပေါင်းမှာ အရေအတွက်နည်းလွန်းလှသည်။
ထို့ကြောင့် သူသည် ထိုလမ်းကြောင်းအား ဆက်လက် မစဉ်းစားတော့ပေ။
တာအိုလက်တွဲဖော်များ၏ အကူအညီ မရှိလျှင်ပင် သူ့၏ကျင့်ကြံနှုန်းအရ ရွှေအမြုတေ နယ်ပယ်သို့ တက်လှမ်းဖို့ရန်မှာ ပြဿနာ ရှိမည်မဟုတ်ချေ။
ထို့အပြင် လက်ရှိသူ၏ သက်တမ်းသည် နှစ်ရှစ်ရာပင် ရှိနေပြီ မဟုတ်လော။ သမာရိုးကျ အပြင်းအထန်ကျင့်ကြံနေလျှင်ပင် သူ ရွှေအမြုတေ ဆရာသခင်တစ်ယောက် ဖြစ်လာနိုင်သေးသည်။
…
ညသည် အေးချမ်းသာယာနေပြီး လမင်းက ဝင်းပစွာထွန်းလင်းလျက်၊ ကြယ်လေးများက ကောင်းကင်ယံတွင် ကျိုးတိုးကျဲတဲပွင့်လန်းနေကြသည်။
ကျိုးစွေ့တစ်ယောက် သူ၏ကျင့်ကြံမှုအခြေခံကို ခိုင်မာအောင် လုပ်ဆောင်ပြီးနောက် ကျင့်ကြံရေးအခန်းမှ ထွက်လာခဲ့သည်။
သူ၏ စွဲမက်ဖွယ်ဇနီးမယားများဖြစ်ကြသော ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့က ခမ်းနားထည်ဝါသော ညစာစားပွဲတစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သည်။ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများ ပြည့်နှက်နေကာ စားချင်စဖွယ် ရနံ့များက လေထုထဲတွင် လွင့်ပျံ့နေလျက်ရှိသည်။
သို့သော် အစားအစာများနှင့်ယှဉ်လျှင် လှပသော အမျိုးသမီးလေးယောက်က ပို၍ပင် ဆွဲဆောင်မှု ရှိနေကြသည်။
သူတို့ကိုသာ သာမန်သေမျိုးတို့၏ တိုင်းပြည်တစ်ခုတွင် ထားလိုက်မည်ဆိုလျှင် သူတို့အားလုံးသည် ပြည်ပျက်စေနိုင်သည့် အလှပဂေးများ ဖြစ်ကြပေလိမ့်မည်။ အထူးသဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် သူတို့၏အမူအရာက ပို၍ပင် ဆွဲဆောင်မှု ရှိလာခဲ့သည်။
"ယွဲ့ရှီ.. သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူ အခြေအနေ ဘယ်လိုရှိလဲ…"
ကျိုးစွေ့က ဇနီးမယားတို့၏ တလေးတစား ပြုစုမှုကို ခံယူရင်း မေးလိုက်သည်။
သွေးအရိပ်ဘိုးဘေး၏လိုဏ်ဂူ ပေါ်လာပြီးကတည်းက ငါးနှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ ဤကာလအတွင်း အင်မော်တယ်ရှားဂိုဏ်း အုပ်ချုပ်သည့် နယ်မြေများမှာ ပရမ်းပတာ ဖြစ်လာခဲ့ပြီး၊ တခြားနေရာမှ ကျင့်ကြံသူများ အများအပြား အလုအယက် ဝင်ရောက်လာကြသည်။
၎င်းက အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်မှု ယူဆောင်လာပေးခဲ့သော်လည်း၊ ပရမ်းပတာဖြစ်မှုနှင့် သတ်ဖြတ်မှုများကိုလည်း တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။
အင်မော်တယ်ရှားဂိုဏ်းအတွင်း လုံ့လဝီရိယဖြင့် ကျင့်ကြံနေလင့်ကစား၊ ကျိုးစွေ့သည် အပြင်ဘက်မှ အခြေအနေကို စိတ်ပူနေတုန်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ယင်းသည် သူ့၏အနာဂတ်လုံခြုံရေးကို သက်ရောက်မှု ရှိနိုင်သောကြောင့် ထိုကိစ္စအား ကြိုတင်သိရှိထားရန် လိုအပ်သည်။
"လက်ရှိတော့ ရွှေအမြုတေ ဆရာသခင်တစ်စုက လိုဏ်ဂူရဲ့ အပြင်ဘက် ကန့်သတ်အစီအရင်ကို တိုက်ခိုက်နေတုန်းပါပဲ.. ဒါပေမဲ့ ကန့်သတ်အစီအရင်ရဲ့ စွမ်းအားက အများကြီး အားနည်းသွားပြီမို့ မကြာခင် ကျိုးပေါက်သွားနိုင်တယ်.." လန်ယွဲ့ရှီက ခဏ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကျိုးပေါက်တော့မယ် ဟုတ်လား.. ဒါက အန္တရာယ်များပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား…" ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင်၊ ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူ၏ ကန့်သတ်အစီအရင် ကျိုးပေါက်သွားခြင်းက ရွှေအမြုတေ ဆရာသခင်များအတွက် သတင်းကောင်း ဖြစ်နိုင်ပေသည်။ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ နောက်ဆုံးတော့ ရလဒ် ထွက်လာပြီ မဟုတ်လော။
သို့သော် သာမန် ကျင့်ကြံသူများအတွက်မူ ယင်းသည် ကပ်ဘေးတစ်ခု၏ အစ ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ကန့်သတ်အစီအရင် ကျိုးပေါက်သွားသည်နှင့် ထိုရွှေအမြုတေ ဆရာသခင်များက ရတနာများအတွက် တိုက်ခိုက်ကြတော့မှာ အသေအချာပင် ဖြစ်သည်။
ရွှေအမြုတေ ဆရာသခင်များကြားမှ တိုက်ပွဲ၏ နောက်ဆက်တွဲရိုက်ခတ်မှုကပင် မရေမတွက်နိုင်သော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအား သေဆုံးသွားနိုင်စေသည်။
အခြေတည်အဆင့် ကျင့်ကြံသူများပင် ယင်းအား ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
ဤသည်မှာ နတ်ဘုရားများ တိုက်ခိုက်ကြသည့်အခါ သာမန်လူတို့ ဒုက္ခရောက်ကြရသည်' ဆိုသည့် ဂန္ထဝင်ဥပမာတစ်ခုကဲ့သို့ပင် ဖြစ်၏။
"အင်း.. ဒါက တော်တော်လေး အန္တရာယ်များပါတယ်" လန်ယွဲ့ရှီ က ဝန်ခံလိုက်သည်။
"ဒါပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူက အင်မော်တယ်ရှားဂိုဏ်းရဲ့ နယ်မြေထဲမှာ ရှိနေတာကြောင့် ရှောင်လွှဲလို့တော့ မဖြစ်နိုင်ဘူး.. ဒါပေမဲ့ ရှင် စိတ်ပူစရာမလိုပါဘူး.. ဒီကိစ္စအတွက် ကျွန်မ ဝင်မပါဖို့ ဆုံးဖြတ်ထားတယ်.. သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူထဲမှာ ဘယ်လိုရတနာတွေပဲ ရှိရှိ ကျွန်မ ဂရုစိုက်မှာ မဟုတ်ပါဘူး.."
အစက သူမသည် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူကို အမှန်တကယ် စိတ်ဝင်စားခဲ့ပြီး၊ အထဲမှ တွေ့ရှိမည့် မည်သည့်ရတနာမဆို သေချာပေါက်အကျိုးကျေးဇူး ရှိမည်ဟု တွေးခဲ့ဖူးသည်။
သို့သော်လည်း ကျိုးစွေ့၏ လွှမ်းမိုးမှုအား နှစ်ပေါင်းများစွာ ခံခဲ့ရပြီးနောက် သူမ ပို၍ သတိထားတတ်လာခဲ့သည်။
သူမ၏ အရည်အချင်းအရ ရွှေအမြုတေ ပြီးပြည့်စုံမှုနယ်ပယ်သို့ အလွယ်တကူ ကျင့်ကြံနိုင်စွမ်း ရှိသည်။ လက်ရှိတွင် သူမသည် ရွှေအမြုတေ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး အတွေ့အကြုံရင့် ရွှေအမြုတေ ဆရာသခင်များကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ဤစွန့်စားခန်းကို တိုက်ရိုက်လက်လျှော့လိုက်ကာ၊ ဤကိစ္စကို ဝင်မစွက်ဖက်ဘဲ အင်မော်တယ်ရှားတောင်ထွတ်တွင်သာ လုံ့လဝီရိယဖြင့် ကျင့်ကြံနေခဲ့ပြီး သူမ၏ ကျင့်ကြံမှုအခြေခံ တိုးတက်ဖို့သာ အာရုံစိုက်နေခဲ့သည်။
"ဒါပေမဲ့ အစ်မလန်… အစ်မက ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို လက်လျှော့လိုက်ရင် ဟိုအခြေတည်အဆင့် အကြီးအကဲတွေက ကန့်ကွက်မှာ မဟုတ်ဘူးလား" မုဇီယန် က စူးစမ်းစွာ မေးလိုက်သည်။
အင်မော်တယ်ရှားဂိုဏ်းမှ အကြီးအကဲအများအပြား ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို စိတ်ဝင်စားနေကြသည်အား သူမ သိထားသည်။ ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို သိနေသည့်တိုင် သူတို့ လက်လျှော့ဖို့ ခဲယဉ်းနေကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ၊ ထိုအတွင်း၌ အမြုတေ ဖွဲ့စည်းခြင်းကို အထောက်အကူပြုနိုင်သည့် အခွင့်အရေး ရှိနိုင်သည် မဟုတ်လော။ ထိုသို့သောအခွင့်အရေးမျိုးအား မည်သူက လက်လျှော့နိုင်မည်နည်း။
"သူတို့ ကန့်ကွက်တော့ရော ဘာဖြစ်နိုင်မှာမို့လို့လဲ.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်မကို သူတို့ ဆန့်ကျင်ရဲလို့လား" လန်ယွဲ့ရှီက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။
"ဒါပဲလေ.." ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
ကျင့်ကြံခြင်းလောကတွင် အစွမ်းအာဏာကိုသာ လေးစားကြသည်။ အင်အားစုတစ်ခု၏ခေါင်းဆောင်သည် အခြေခံအားဖြင့် အာဏာရှင်တစ်ယောက်ပင်ဖြစ်သည်။ သူတို့၏နှုတ်ထွက်စကားက ဥပဒေပင် ဖြစ်၏။
တခြားသူများ မကျေနပ်လျှင်ပင်၊ ရွှေအမြုတေ ဆရာသခင်တစ်ယောက်ကို ရင်ဆိုင်ဝံ့ပါမည်လော။ ရွှေအမြုတေ ဆရာသခင်တစ်ယောက်အား သူတို့၏ အစောင့်အရှောက်အဖြစ် လိုက်ပါစေရန် အတင်းအကျပ် ခိုင်းစေနိုင်မည်လော။ ယင်းက ဟာသတစ်ခုပင်။
ရွှေအမြုတေ ဆရာသခင် ဒေါသထွက်သွားပါက၊ ဤအခြေတည်အဆင့် အကြီးအကဲများ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခံရနိုင်ပေသည်။
"ကျွန်မ ဒီအကြီးအကဲတွေကို ကြိုတင် သတိပေးထားပြီးသားပါ.. သူတို့ ဒီဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူအတွက် စွန့်စားမှုတွေ မလုပ်သင့်ဘူးလို့.."
"သူတို့ ဇွတ်အတင်း စွန့်စားချင်တယ်ဆိုရင်တော့ ကျွန်မ သူတို့ကို ကူညီမှာမဟုတ်ဘူး.. သူတို့ကိုယ်သူတို့ပဲ အားကိုးရလိမ့်မယ်.."
"အင်းပေါ့.. တကယ်လို့ သူတို့ အင်မော်တယ်ရှားဂိုဏ်းဆီ တကယ် လွတ်မြောက်အောင် ပြန်ပြေးလာနိုင်ခဲ့ရင်တော့ ကျွန်မက အကာအကွယ်ပေးရမှာပေါ့"
လန်ယွဲ့ရှီ က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
သူမသည် အကြီးအကဲများအား သူမ၏ရပ်တည်ချက်ကို ထုတ်ဖော် ပြောကြားပြီး ဖြစ်၏။ လိုက်နာခြင်း၊ မလိုက်နာခြင်းက သူတို့အပေါ်တွင်သာ မူတည်ပေသည်။
မည်သို့ပင်ဆိုစေကာမူ၊ လူတိုင်းသည် အရွယ်ရောက်ပြီးသူများဖြစ်ရာ ကိုယ့်ဆုံးဖြတ်ချက်အား ကိုယ်တိုင်သာ တာဝန်ယူရပေလိမ့်မည်။