ရွှေအမြုတေ ဥပဒေသနယ်ပယ်တို့၏ တိုက်ပွဲ၊ ထိုက်ယင် စိတ်ဝိညာဉ်မီး။
Vol. 14 Ch. 182
"မဆိုးဘူး.."
ကျိုးစွေ့ အတော်လေး ကျေနပ်သွားသည်။ ဤသည်မှာ မှန်ကန်သော ရွေးချယ်မှု ဖြစ်၏။
သူနှင့် လန်ယွဲ့ရှီတို့တွင် အနာဂတ် အခွင့်အလမ်းကောင်းများ ရှိနေသေးရာ၊ သေမင်းတံခါးဝသို့ နီးကပ်နေပြီဖြစ်သော အခြားရွှေအမြုတေ ဆရာသခင်များနှင့် အလုအယက် ပြိုင်ဆိုင်နေစရာ အကြောင်းမရှိပေ။
အင်မော်တယ်ရှားဂိုဏ်း၏ တတိယအဆင့်အစီအရင် အကာအကွယ်ရှိနေသရွေ့၊ အခြားသော ရွှေအမြုတေ ဆရာသခင်များ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခြင်းသည် ရူးသွပ်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူထဲတွင် ရတနာများ အမှန်တကယ် ရှိခဲ့လျှင်ပင်၊ ၎င်းကို ရရှိခဲ့သည့်တိုင်အောင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အခြားသောကိစ္စတစ်ခု ဖြစ်သည်။
အခြေအနေအားလုံးကို သုံးသပ်ကြည့်လျှင် လက်လျှော့လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။
ဤသို့ဖြင့် သူတို့သည် အခြားအင်အားစုများ၏ လောဘကြီးသောအကြည့်များမှ ရှောင်ရှားနိုင်ပြီး၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။
ထို့ထက်ပိုအရေးကြီးသည်မှာ၊ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထဲတွင် မည်သို့သော အန္တရာယ်များ ကိန်းအောင်းနေသည်ကို မည်သူမျှ မသိနိုင်ချေ။ သွေးအရိပ်ဘိုးဘေးက မည်မျှသောကာကွယ်မှုများ ချန်ထားရစ်ခဲ့သည်ကို မည်သူသိနိုင်ပါမည်နည်း။
တစ်ချက်ပေါ့ဆမိသည်နှင့် ထိုနေရာတွင်ပင် အသေဆိုးနှင့် သေဆုံးရနိုင်သည်။
"ဒါပေမဲ့ ယောက်ျား... မနက်ဖြန်ညမှာ ကျင်းပမယ့် စားသောက်ပွဲတစ်ခု ရှိတယ်.. ကျွန်မတို့ အဲ့ဒါကို တက်ရောက်ရမယ်"
"ဘာဖြစ်လို့လဲဆိုတော့ တန်တိန်ဂိုဏ်းနဲ့ ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက အကြီးအကဲတွေနဲ့အတူ အင်မော်တယ်ရှားဂိုဏ်းကို လာလည်ကြမှာမို့လို့ပဲ…"
"ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းက ဒီကိစ္စထဲမှာ ဝင်မပါတော့ပေမဲ့ ဒီမဟာမိတ်ဂိုဏ်းနှစ်ခုကတော့ ပါဝင်ကြတယ်လေ…"
"ဒီတော့ ကျွန်မတို့က အိမ်ရှင်အနေနဲ့ ဧည့်ခံပေးဖို့ လိုတယ်.."
လန်ယွဲ့ရှီက ရှင်းပြလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ၊ လန်ယွဲ့ရှီ၏ တာအိုလက်တွဲဖော်အနေဖြင့် ကျိုးစွေ့သည် ထိုကဲ့သို့သော အခမ်းအနားများကို တက်ရောက်ရန် သေချာပေါက် လိုအပ်ပေသည်။
တန်တိန်ဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် အင်မော်တယ်ရှားဂိုဏ်းတို့သည် မဟာမိတ်များ ဖြစ်ကြပြီး ထောင်စုနှစ်ချီ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြသည်။ သူတို့သည် အဓိကအားဖြင့် အပြန်အလှန် ထောက်ပံ့မှုရှိသော ဆက်ဆံရေးတစ်ခုဖြစ်သည်။
ထို့ကြောင့် အခြားတစ်ဖက်မှ ဂိုဏ်းချုပ်များ ရောက်ရှိလာသည့်အခါ၊ သူတို့သည် ထိုက်သင့်သလို ဧည့်ခံကြရမည်သာ ဖြစ်သည်။
"ပြဿနာ မရှိဘူး.."
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။ စားသောက်ပွဲတစ်ခု တက်ရောက်ရခြင်းသည် ထူးခြားသော ကိစ္စတစ်ရပ် မဟုတ်ပေ။
…
နောက်တစ်နေ့ ညနေခင်း။
ခမ်းနားထည်ဝါသော ဇိမ်ခံလှေပျံကြီးနှစ်စီး ချဉ်းကပ်လာပြီး အင်မော်တယ်ရှားဂိုဏ်း၏ တောင်တန်းဂိတ်ဝ ရှေ့တွင် ဆင်းသက်လာသည်။
လှေပျံကြီးများပေါ်မှ ကျင့်ကြံသူအများအပြား ဆင်းသက်လာကြပြီး၊ ပြင်းထန်သော အရှိန်အဝါများက သူတို့ကို လွှမ်းခြုံထားကာ၊ အနည်းဆုံး သူတို့အားလုံးသည် အခြေတည်အဆင့်တွင် ရှိနေကြသည်။
သူတို့သည် ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းမှ အခြေတည်အဆင့်အကြီးအကဲများ ဖြစ်ကြသည်။
ခေါင်းဆောင်များမှာ ချင်မုဂိုဏ်းသခင် လင်းယာကျူနှင့် တန်တိန်ဂိုဏ်းသခင် ရှန်ပိချန်တို့ ဖြစ်ကြသည်။
သူမတို့နှစ်ဦးစလုံးဆီမှ ရွှေအမြုတေ ဥပဒေသနယ်ပယ်စွမ်းအားများ ထုတ်လွှတ်နေပြီး၊ ၎င်းသည် အလွန်အမင်း ပြင်းထန်လှသည်။
ဘန်း…။
အမျိုးသမီးနှစ်ဦး တစ်ယောက်ကိုတစ်ယောက် မြင်လိုက်သည့် ခဏမှာပင်၊ သူတို့၏ ရွှေအမြုတေ ဥပဒေသနယ်ပယ်များ ပြင်းထန်စွာ တိုက်ခတ်သွားပြီး၊ မြေကြီးပင် တစ်သိမ့်သိမ့်တုန်လောက်သော အံ့အားသင့်ဖွယ် အက်ကွဲကြောင်းတစ်ခု ချန်ထားခဲ့သည့် ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ဖြစ်ပေါ်စေသည်။
အနီးအနားရှိ အခြေတည်အဆင့်ကျင့်ကြံသူများ လန့်ဖြန့်သွားကြပြီး၊ ရွှေအမြုတေ ဆရာသခင်နှစ်ဦး၏ တိုက်ခတ်မှုကို ရှောင်ရှားရန် မီတာရာပေါင်းများစွာသို့ ကမန်ကတမ်း နောက်ဆုတ်လိုက်ကြသည်။
အကယ်၍ တစ်ခဏမျှ နှောင့်နှေးသွားခဲ့ပါက၊ ရွှေအမြုတေ ဥပဒေသနယ်ပယ်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားရပေမည်။
"အဖွားကြီး.. နောက်ဆုံးတွေ့တုန်းကထက် နင့်မှော်စွမ်းအား အများကြီးဆုံးရှုံးသွားပုံပဲ.."
"ကြည့်ရတာ နင့်စောက်သက်ကြီးလာလို့များလား…"
ရှန်ပိချန်က တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ လှပသောမျက်လုံးများက ကြောက်မက်ဖွယ် အရောင်များ တောက်ပနေသည်။
"နင့်ကိုလည်း ပြန်ပြောရဦးမယ် ရောင်းရင်းရှန်…"
"နင် အဆင့်မတက်နိုင်တာ အချိန်အတော်ကြာပြီပဲ… စိတ်ဝိညာဉ်မီးကို မထိန်းချုပ်နိုင်လို့များ သွေးကြောတွေ ပျက်စီးသွားလို့ နင့်ကျင့်ကြံမှု ရပ်တန့်သွားတာလား.."
"အဲ့လိုသာဆိုရင် တကယ် ဝမ်းနည်းစရာပဲ.. နင့်ရဲ့ ကျင့်ကြံခြင်းခရီးလမ်းက ဒီနေရာမှာတင် တစ်ခန်းရပ်ပြီပေါ့…"
လင်းယာကျူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ သူမသည် အပြင်ပန်းတွင် နူးညံ့သော်လည်း အတွင်းစိတ်မှာ မာကျောသူ ဖြစ်ပြီး၊ ဝါးပင်ကဲ့သို့ အခက်အခဲအားလုံးကြားမှ ကြံ့ကြံ့ခံနိုင်သူ ဖြစ်သည်။
သို့မဟုတ်ပါက၊ သူမသည် ချင်မုဂိုဏ်းကို ရာစုနှစ်တစ်ခုကြာ ဦးဆောင်နိုင်ခဲ့မည် မဟုတ်ပေ။
"တကယ်လား.. ငါ့ရဲ့ ထိုက်ယင် စိတ်ဝိညာဉ်မီးအစွမ်းကို စမ်းသပ်ကြည့်ချင်လား.."
"ငါ့လမ်းက တကယ်ပဲ အဆုံးသတ်သွားပြီလား ကြည့်လိုက်ကြရအောင်…"
ဘန်းကနဲ ပေါက်ကွဲသံနှင့်အတူ၊ ရှန်ပိချန်၏ လက်ထဲတွင် မီးခိုးရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာပြီး၊ အရာအားလုံးကို လောင်ကျွမ်းစေကာ အေးခဲသွားစေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
"သောက်ခွေး…”
အခြေတည်အဆင့် အကြီးအကဲများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်၊ သူတို့သည် စတုတ္ထအဆင့် စိတ်ဝိညာဉ်မီးနှင့် ညီမျှသော ထိုက်ယင် စိတ်ဝိညာဉ်မီး၏ ကြောက်မက်ဖွယ် စွမ်းအားကို ကောင်းစွာ သိရှိကြသည်။ ၎င်း၏စွမ်းအားမှာ စိတ်ကူးနိုင်သည်ထက် ကျော်လွန်ပေသည်။
ရှန်ပိချန်သည် ထိုက်ယင် စိတ်ဝိညာဉ်မီး၏ စွမ်းအားကြောင့်ပင် အဆင့်ကျော်၍ စိန်ခေါ်နိုင်စွမ်း ရှိသူ ဖြစ်လာခဲ့ခြင်းပင်။
ရွှေအမြုတေနှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုက်ယင် စိတ်ဝိညာဉ်မီးနှင့် ရင်ဆိုင်ရလျှင် နောက်ဆုတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ယင် စိတ်ဝိညာဉ်မီးနှင့် ထိတွေ့မိသည်နှင့် ၎င်းသည် မကုသနိုင်သော ရောဂါတစ်ခုကဲ့သို့ ကပ်တွယ်ကာ ချက်ချင်း မီးလောင်ကျွမ်းစေနိုင်သည်။
အကာအကွယ် မှော်ပစ္စည်းများ ရှိသည့်တိုင်၊ ၎င်းတို့သည် စိတ်ဝိညာဉ်မီးကြောင့် ပျက်စီးသွားရမည်သာ ဖြစ်သည်။
ရှန်ပိချန်သည် ဖြူကောင်ကဲ့သို့ဖြစ်ပြီး မည်သူမျှ ရန်စဝံ့ခြင်း မရှိပေ။
သူမသည် လျှို့ဝှက်နယ်မြေတစ်ခုသို့ ဝင်ရောက်ခဲ့စဉ် မမျှော်လင့်သော တွေ့ဆုံမှုတစ်ခုမှတစ်ဆင့် ဤထိုက်ယင် စိတ်ဝိညာဉ်မီးကို ရရှိခဲ့သည်ဟု ကောလာဟလ ထွက်ခဲ့သည်။
ဤအချက်က သူမကို နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သည်။
သူမ တစ်ချိန်က တစ္ဆေမိစ္ဆာဂိုဏ်း၏ ဌာနချုပ်ကို ဝင်ရောက် စီးနင်းခဲ့သည့်တိုင်၊ သူတို့ ပြန်လည် လက်တုံ့ပြန်ဝံ့ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် ဥပဒေမဲ့ ရူးသွပ်လွန်းသူတစ်ဦးဖြစ်သောကြောင့် ဖြစ်လေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အမှုမဲ့ သူမ၏ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါက၊ ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးပင်လျှင် ဒုက္ခကြီးစွာ ရောက်ရပေလိမ့်မည်။
သို့သော် ဤစိတ်ဝိညာဉ်မီးကို ရရှိခြင်းသည်လည်း ပေးဆပ်မှုရှိသည်။
ရှန်ပိချန်သည် ထိုက်ယင် စိတ်ဝိညာဉ်မီး၏ လောင်ကျွမ်းမှုအား နေ့ရောညပါ အဆက်မပြတ် ခံစားနေရပြီး၊ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားနေရတော့သည်။
ယင်းက သူမအား အချိန်မရွေး ပေါက်ကွဲစေနိုင်သော ဗုံးတစ်လုံးကဲ့သို့ အလွန်ပင် စိတ်ဆတ်လွယ်စေခဲ့သည်။
ထို့အပြင် ထိုက်ယင် စိတ်ဝိညာဉ်မီး၏ အဟန့်အတားကြောင့်၊ သူမသည် အချိန်အတော်ကြာသည်အထိ ရွှေအမြုတေနှောင်းပိုင်း အဆင့်များသို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။
ဝိညာဉ်သန္ဓေသားအဆင့်သို့ ဆက်လက် တိုးတက်နိုင်ရန်မှာ ပို၍ပင် အလှမ်းဝေးသော အိပ်မက်တစ်ခု ဖြစ်ချေတော့သည်။
သူမသည် ထိုက်ယင် စိတ်ဝိညာဉ်မီးကြောင့် ထင်ရှားကျော်ကြားလာခဲ့ပြီး ထိုက်ယင် စိတ်ဝိညာဉ်မီးကြောင့်ပင် ပျက်စီးနေရသည်ဟု ဆိုနိုင်သည်။
"ဟွန့်.. တိုက်ချင်တယ်ဆိုရင်တော့ ငါက အဆုံးထိ လိုက်တိုက်ပေးမယ်.."
လင်းယာကျူက သူမကိုယ်ထဲမှ ရွှေရောင်ဝါးတစ်လုံးကို ဆွဲထုတ်လိုက်ရင်း ခပ်အေးအေး ပြောလိုက်သည်။ ၎င်းပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်ရွန်းများ ထွင်းထားကာ လျှပ်စီးများဖြင့် ရစ်ပတ်ထားသကဲ့သို့ ထင်ရပြီး၊ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားကို သိုလှောင်ထားသည်။
ဤသည်မှာ ထိပ်တန်းအဆင့် မှော်ရတနာ 'ရွှေမိုးကြိုးဝါး'ဖြစ်ပြီး၊ အကန့်အသတ်မဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ချင်မုဂိုဏ်း၏ အဖိုးတန် မှော်ရတနာလည်း ဖြစ်၏။
၎င်းသည် သစ်သားဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက၊ မကောင်းဆိုးဝါး ဝိညာဉ် အမျိုးမျိုးကို တွန်းလှန်ရာတွင် ထိရောက်သည့် မိုးကြိုးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
ရွှေမိုးကြိုးဝါးကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် မိုးကြိုးတစ်သောင်း၏ စွမ်းအားကဲ့သို့ အားကြီးသော စွမ်းအားတစ်ခုကို ဆင့်ခေါ်နိုင်သည်။
သူမသည် ရွှေမိုးကြိုးဝါး၏ စွမ်းအားကြောင့် ထိုက်ယင် စိတ်ဝိညာဉ်မီးကို မကြောက်ရွံ့ဟု ဆိုနိုင်သည်။
ဘန်း…။
ချက်ချင်းဆိုသလို၊ ရွှေအမြုတေ ဥပဒေသနယ်ပယ်နှစ်ခု ထပ်မံ တိုက်ခတ်သွားသည်။ မိုးကြိုးနှင့် မီးလျှံ၏ စွမ်းအားများ တိုက်ခတ်နေကြသကဲ့သို့ တိုက်ခတ်မှုတိုင်းသည် ကြောက်မက်ဖွယ် စွမ်းအားကို ဖြစ်ပေါ်စေပြီး၊ မြေပြင်အား ကွဲအက်သွားစေသည်။
အနီးအနားမှ အခြေတည်အဆင့် ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။
တိုက်ပွဲ၏ နောက်ဆက်တွဲသက်ရောက်မှုသည် အခြေတည်အဆင့် အကြီးအကဲများစွာကို စုတ်ဖြဲပစ်ရန် လုံလောက်ပေသည်။
ဤသည်မှာ အင်မော်တယ်မြူခိုးကျွန်း၏ အကြွင်းမဲ့အာဏာရှင်များဖြစ်သော ရွှေအမြုတေများ၏ စွမ်းအားပင် ဖြစ်သည်။
ဘန်း…။
"ဘာလို့ ရှင်တို့နှစ်ယောက်က ဒီလောက်တောင် စိတ်ကြီးနေကြရတာလဲ.."
"ငါတို့အားလုံးက မဟာမိတ်တွေပါ.. အပြင်လူတွေသာ ဒါကို မြင်သွားရင်… ဟားတိုက်နေကြတော့မှာပေါ့..”
ပေါက်ကွဲသံနှင့်အတူ သာယာငြိမ့်ညောင်းသောအသံတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး၊ အစွမ်းထက်သော ရွှေအမြုတေ ဥပဒေသနယ်ပယ်ကို ထုတ်လွှတ်ကာ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့၏ ရှေ့တွင် တားဆီးလိုက်သည်။
သူမသည် ထိပ်တန်းအဆင့် မှော်ရတနာ ရွှေနဂါးကတ်ကြေးကို ကိုင်ဆောင်ထားသော အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ် လန်ယွဲ့ရှီပင် ဖြစ်တော့သည်။
သူမသည် ရွှေအမြုတေအစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း၊ ထိပ်တန်းအဆင့် မှော်ရတနာ ရွှေနဂါးကတ်ကြေးကို ကိုင်ဆောင်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် မဖျက်စီးနိုင်သော နဂါးတစ်ကောင်၏ အရှိန်အဝါဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။
သူမသည် ရွှေအမြုတေ ဥပဒေသနယ်ပယ်နှစ်ခုကို အလွယ်တကူ ဖြတ်တောက်လိုက်သကဲ့သို့ ထင်ရသည်။
ဝါရင့် ရွှေအမြုတေ ဆရာသခင်နှစ်ဦးနှင့် နှိုင်းယှဉ်လျှင်ပင်၊ သူမသည် နောက်ကျကျန်နေခြင်း မရှိပေ။
မှန်ပေသည်၊ လန်ယွဲ့ရှီ ဝါရင့် ရွှေအမြုတေကျင့်ကြံသူ နှစ်ဦးကြားမှ ကိစ္စကို ဝင်ရောက် စွက်ဖက်ရဲသည့် အကြောင်းရင်းမှာ သူမ၏အစွမ်း ကြီးမားစွာ တိုးတက်လာ၍သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည်မှာ လက်ရှိသည် အင်မော်တယ်ရှားဂိုဏ်းတွင် ရှိနေပြီး ဂိုဏ်း၏ တတိယအဆင့်အစီအရင်စွမ်းအားကို အချိန်မရွေး ဆင့်ခေါ်နိုင်သောကြောင့် ဖြစ်သည်။
တတိယအစီအရင်၏ အထောက်အပံ့ဖြင့်၊ ဝါရင် ရွှေအမြုတေ ကျင့်ကြံသူ နှစ်ဦးကို အသာထား၊ ဝါရင့် ရွှေအမြုတေကျင့်ကြံသူ ငါးဦးကိုပင် လွယ်ကူစွာ ဖိနှိပ်နိုင်သည်။
ဤသည်မှာ အစီအရင်၏ ဩဇာအာဏာ၊ တစ်နည်းအားဖြင့် ကောင်းကင်မြေကြီး၏တန်ခိုးလည်း ဖြစ်ပေသည်။