ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ၏ ညှို့ဓာတ်၊ ငါ့နှလုံးသားလေး ထပ်မံလှုပ်ခတ်ပြန်ပြီ။
Vol. 14 Ch. 183
"အိုး.. ဒါ ရှောင်ယွဲ့ရှီ မလား.."
"မတွေ့ရတာ ဘာမှမကြာသေးဘူး.. နင့်ရဲ့ မှော်စွမ်းအားက အံ့မခန်း တိုးတက်လာပါလား…"
"မှော်စွမ်းအားတင်မကဘူး… နင့်ရဲ့ ကာယအခြေအနေပါ တိုးတက်လာတယ်…"
"နင့်ရဲ့ ခန္ဓာကိုယ်က ရွှေအမြုတေအဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရနေပြီပဲ.."
"နင်က မှော်တန်ခိုးနဲ့ ကိုယ်ခန္ဓာ နှစ်မျိုးလုံးကို ကျင့်ကြံနေတာပဲ.. နင့်ရဲ့ ရည်မှန်းချက်က တကယ်ကို ကြီးကျယ်တာပဲ…"
လန်ယွဲ့ရှီကို မြင်လိုက်ရသောအခါ ရှန်ပိချန်၏ လှပသော မျက်လုံးများက အရောင်တောက်သွားပြီး၊ လန်ယွဲ့ရှီ၏ ခန္ဓာကိုယ်ကို အထင်တကြီးဖြင့် အထက်အောက် စုန်ဆန်ကာ စူးစမ်းကြည့်လိုက်သည်။
လန်ယွဲ့ရှီကို နောက်ဆုံးတစ်ခေါက်တွေ့စဉ်က သူမသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းကာစသာ ရှိသေး၏။
သို့သော် ယခုငါးနှစ်အကြာတွင် သူမ၏ ရွှေအမြုတေကျင့်ကြံမှု စွမ်းအားသည် ကြီးမားစွာ တိုးတက်လာပြီး အလျင်အမြန် ရှေ့ခရီးဆက်နေခဲ့ပြီ ဖြစ်သည်။
မှန်ပေသည်၊ အရေးကြီးဆုံးအချက်မှာ လန်ယွဲ့ရှီ၏ ကာယအခြေအနေ သိသိသာသာ မြင့်တက်လာခြင်းပင်။ သူမ၏လှုပ်ရှားမှုတိုင်းသည် ကိုယ်တွင်း၌ အစစ်အမှန်နဂါးတစ်ကောင် ကိန်းအောင်းနေသည့်အလား ကြောက်မက်ဖွယ် ခွန်အားများဖြင့် ပြည့်နှက်နေသည်။
သံသယရှိစရာ မလို၊ ဤသည်မှာ အလွန်တရာ အဆင့်မြင့်သော ရုပ်ခန္ဓာသန့်စင်ခြင်း နည်းစနစ်တစ်ခုခုအား ကျင့်ကြံထားခြင်းသာ ဖြစ်ရပေမည်။
သို့မဟုတ်ပါက ဤကဲ့သို့သော အကျိုးသက်ရောက်မှုများကို ရရှိနိုင်မည် မဟုတ်ပေ။
"နင့်ရဲ့ မှော်စွမ်းအားတိုးတက်မှုကို ထိန်းသိမ်းထားရင်း တစ်ချိန်တည်းမှာ နင့်ရဲ့ ကိုယ်ခန္ဓာကိုပါ ကျင့်ကြံနေတာကိုး.."
"နင့်ရဲ့ ပါရမီက ငါ စိတ်ကူးထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါလား…"
လင်းယာကျူသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
လန်ယွဲ့ရှီတွင် ပထမအဆင့် စိတ်ဝိညာဉ်အမြစ်ရှိပြီး အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံခြင်း ပါရမီရှိသည်ကို သူမ သိထားသော်လည်း၊ လန်ယွဲ့ရှီတွင် ရုပ်ခန္ဓာ ကျင့်ကြံခြင်းအတွက် အရည်အချင်း ရှိသည်ဟု သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။
သို့သော် စဉ်းစားကြည့်လျှင်၊ ဖြစ်နိုင်သည်မှာ လန်ယွဲ့ရှီက သူမ၏ ပါရမီကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သူမသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိလာမှသာလျှင် သူမ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ သစ်တောထဲတွင် အမြင့်ဆုံးသော အပင်သည် လေတိုက်ခြင်းအား ခံရသည် မဟုတ်လော။
အစွမ်းထက်ပါရမီများကို အများအပြား ထုတ်ဖော်ပြသခြင်းသည် တစ်ခါတစ်ရံတွင် မကောင်းသော အရာတစ်ခု ဖြစ်လာနိုင်သည်။
သူမသည် ယခုအချိန်အထိ သူမ၏ ပါရမီများကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ရပေမည်။
"ရှင်တို့က ကျွန်မကို မြှောက်ပင့်လွန်းနေပါပြီ.."
"ဒါပေမဲ့ ဒီနေရာက အင်မော်တယ်ရှားဂိုဏ်းပါ.. တိုက်ခိုက်ဖို့အတွက် မသင့်တော်ပါဘူး.."
"ကျွန်မတို့ အင်မော်တယ်ရှားတောင်ထွတ်ကို စုဝေးပွဲအတွက် သွားကြတာ မကောင်းဘူးလား.."
လန်ယွဲ့ရှီက သူမ၏ လှပသောမျက်လုံးများကို ပုတ်ခတ်လိုက်ရင်း သူတို့ကို ဖိတ်ခေါ်လိုက်သည်။
စီနီယာနှစ်ဦးထံမှ ချီးကျူးစကားများ ကြားလိုက်ရသောအခါ သူမ အနည်းငယ် ရှက်ရွံသလိုခံစားလိုက်ရသည်။
အကြောင်းမှာ သူမသည် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို လေ့ကျင့်ခဲ့သော ရုပ်ခန္ဓာကျင့်ကြံသူ ပါရမီရှင်တစ်ယောက် မဟုတ်သောကြောင့် ဖြစ်သည်။
သူမသည် တာအိုလက်တွဲဖော်နှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း လုပ်နေခဲ့ရုံလေးသာ ဖြစ်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များဖြင့် အသစ်တဖန် ပြန်လည် တည်ဆောက်ခံခဲ့ရသောကြောင့် သူမ၏ ကိုယ်ခန္ဓာသည် ဤမျှ သန်မာလာပြီး ခွန်အားက နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ငါးနှစ်တာကာလအတွင်း သူမ၏ ကာယအခြေအနေသည် သာမန် ရွှေအမြုတေအဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။
သူမသည် ယခုအခါ မှော်တန်ခိုးနှင့် ရုပ်ခန္ဓာနှစ်မျိုးလုံးတွင် အစွမ်းထက်သော လမ်းစဉ်နှစ်မျိုးကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဟု ဆိုနိုင်သည်။
ထိုသို့သောခွန်အားဖြင့် သူမ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်လျှင်ပင် သူမသည် အားနည်းနေမည် မဟုတ်ပေ။
ဤအရာအားလုံးသည် သူမ၏ ချစ်ခင်ပွန်းကြောင့်သာ ဖြစ်ချေသည်။
မှန်ပေသည်၊ သူမသည် ဤအကြောင်းအရာအား ထုတ်ဖော်ပြောရလောက်အောင်ထိ မမိုက်မဲချေ။
အပြင်လောကက သူမကို ကိုယ်ခန္ဓာကျင့်ကြံသူ ပါရမီရှင်တစ်ယောက်ဟု ထင်မြင်နေခြင်းသည် ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် မူလကတည်းက ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ၊ သူမတွင် နောက်ထပ် ကိုယ်ခန္ဓာ ကျင့်ကြံခြင်းပါရမီတစ်မျိုး ပိုင်ဆိုင်ထားလျှင်ပင် ၎င်းသည် ကြီးမားသောကိစ္စ မဟုတ်ပေ။
ရွှေအမြုတေ ဆရာသခင်၏ စွမ်းအားဖြင့် သူမသည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါး ဝိညာဉ်များကို လုံးဝကြောက်ရွံ့ခြင်း မရှိပေ။
"ဟမ့်.. ကောင်းပြီလေ.. ရှောင်ယွဲ့ရှီရဲ့ မျက်နှာကို ထောက်ထားလို့ ဒီအဖွားကြီးနဲ့ ရန်ညှိုးကို ခဏတာတော့ ငါ ဘေးဖယ်ထားလိုက်မယ်…"
သူမ၏ စကားကို ကြားသောအခါ ရှန်ပိချန်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ရွှေအမြုတေ ဥပဒေသနယ်ပယ်ကိုလည်း ပြန်လည် ရုပ်သိမ်းကာ အရှိန်အဝါကို ဖိနှိပ်ထားလိုက်သည်။
သူမသည် ငတုံးတစ်ဦး မဟုတ်ရာ၊ သဘာဝအတိုင်း သူမ၏ပြိုင်ဘက်နှင့် ဤနေရာတွင် တိုက်ခိုက်မည် မဟုတ်ပေ။ ယခင်က ဤမျှ ရန်လိုစွာ ပြုမူခဲ့သည့်အကြောင်းရင်းမှာ သူမ လင်းယာကျူအပေါ် အလွန် မကျေမနပ် ဖြစ်နေသောကြောင့်သာ ဖြစ်၏။
"ဒါဆို ရောင်းရင်းလန်ကိုပဲ ဒုက္ခပေးရတော့မယ်.."
"စကားမစပ်.. ဆရာသခင် လန်ချန်ရော…"
လင်းယာကျူက ဤကိစ္စကို ဆက်လက်တွယ်ကပ်မနေတော့ဘဲ၊ လန်ယွဲ့ရှီကို ကြည့်ကာ မေးလိုက်သည်။
သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် မည်သည့်နေရာတွင်ရှိနေသည်အား သိလိုသည်။
"အဖေက လက်ရှိမှာ တံခါးပိတ် ကျင့်ကြံနေပါတယ်…"
"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတိုက်ပွဲမှာ သူရခဲ့တဲ့ဒဏ်ရာတွေကနေ အပြည့်အဝ မသက်သာသေးဘူးလေ…"
"ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူ ရှင်တို့နှစ်ယောက်ကို ဧည့်ခံမပေးနိုင်မှာကို ကျွန်မစိုးရွံ့မိပါတယ်… "
လန်ယွဲ့ရှီက မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ အခြေအနေက အလွန်ရှုပ်ထွေးနေသည်။ အကယ်၍ အပြင်လူများက အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးတွင် သူမ၊ ရွှေအမြုတေ ဆရာသခင်တစ်ယောက်တည်းသာ ကျန်တော့သည်ကို သိသွားပါက၊ မည်သို့သောပြဿနာများ ဖြစ်လာမည်အား မည်သူသိနိုင်မည်နည်း။
ရွှေအမြုတေ ဆရာသခင်နှစ်ဦး ရှိနေခြင်းသည် အခြေအနေ မတူတော့ပေ။
ယင်းက နတ်ဆိုးများနှင့်တစ္ဆေများအားလုံးကို ဟန့်တားနိုင်ရန် လုံလောက်ပေသည်။
ဤနည်းဖြင့်သာ သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ပြီး အခြား အင်အားစုများ၏ လောဘတက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။
"နှမြောစရာပဲ.. ဒါဆိုလည်း ထားလိုက်ပါတော့…"
"ဆရာသခင် လန်ချန် တံခါးပိတ် ကျင့်ကြံရာက ထွက်လာတဲ့အခါမှ စုဝေးပွဲတစ်ခု ထပ်စီစဉ်ကြတာပေါ့…"
လင်းယာကျူက ဆက်လက် ဖိအားမပေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ရွှေအမြုတေ ဆရာသခင်သုံးဦး ရယ်ရယ်မောမော စကားပြောဆိုနေသည်ကို မြင်ရမှသာလျှင်၊ အခြေအနေ တင်းမာမှု လျော့ကျသွားပြီး အခြေတည်အဆင့်အကြီးအကဲများ သက်ပြင်းချလိုက်ကြသည်။
တကယ်သာ တိုက်ပွဲ ဖြစ်ပွားခဲ့မည်ဆိုလျှင် ၎င်းသည် ဆိုးရွားလှသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုသို့သော အခြေအနေသည် မည်သူ့အတွက်မျှ အကျိုးမရှိပေ။
ဝှစ်..ဝှစ်…ဝှစ်…။
လန်ယွဲ့ရှီ၏ ဦးဆောင်မှုအောက်တွင် ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း အင်မော်တယ်ရှားဂိုဏ်းထဲသို့ ဝင်ရောက်လာကြပြီး စားသောက်ပွဲ ပြင်ဆင်ထားရာ အင်မော်တယ်ရှားတောင်ထွတ်သို့ ရောက်ရှိလာကြသည်။
ရင်ပြင်တွင် ရှည်လျားသော အနက်ရောင် စားပွဲရှည်များ ချထားပြီး၊ ၎င်းတို့ပေါ်တွင် သစ်သီးဝလံ၊ စိတ်ဝိညာဉ်ဆေးပင်မျိုးစုံနှင့် အရသာရှိသော ဟင်းလျာများ တည်ခင်းထားလေသည်။
အခြေတည်အဆင့်ကျင့်ကြံသူများစွာက စားသောက်ရန် နေရာယူလိုက်ကြသည်။
အင်မော်တယ်ရှားဂိုဏ်းမှ ချီသန့်စင်ခြင်းအဆင့် တပည့်များက စားပွဲထိုးများအဖြစ် ဆောင်ရွက်ကြပြီး အစားအစာများ ဝန်ဆောင်မှု ပေးကြသည်။
လင်းယာကျူ၊ ရှန်ပိချန်နှင့် လန်ယွဲ့ရှီတို့သည် သဘာဝအတိုင်း ပင်မနေရာများတွင် ထိုင်ကြသည်။ ကျိုးစွေ့ သည်လည်း သူတို့နှင့်အတူ ဧည့်ခံရန် ထွက်လာခဲ့ပြီး၊ ကျိပင်းယွီနှင့် အခြားသူများမှာမူ နောက်ဘက်ရှိ နန်းတော်ထဲတွင် ကျင့်ကြံရန် နေခဲ့ကြသည်။
‘ဒီနှစ်ယောက်က ချင်မုဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းက ဂိုဏ်းချုပ်တွေလား…’
ကျိုးစွေ့၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ့ဘေးရှိ လင်းယာကျူနှင့် ရှန်ပိချန်တို့ကို ကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင်၊ ဤသည်မှာ ထိုရွှေအမြုတေဂိုဏ်းချုပ်နှစ်ဦးကို သူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူများ ဆိုသည့်အတိုင်း သူတို့သည် ဇီးပန်းပွင့်များ၊ သစ်ခွပန်းများ၊ ဝါးများနှင့် ဂန္ဓမာပန်းများကဲ့သို့ တစ်ယောက်တစ်မျိုးစီ ထူးခြားသော ဆွဲဆောင်မှုများ ရှိနေကြသည်။
ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယာကျူသည် ထူးခြားသာ ကျက်သရေရှိပြီး ရင်သပ်ရှုမောဖွယ် အလှကို ပိုင်ဆိုင်ထားသည်။ ဖြစ်နိုင်သည်မှာ သူမသည် ရာထူးမြင့်မြင့်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသောကြောင့်၊ သူမတွင် ဘုရင်မတစ်ပါးလို အရှိန်အဝါမျိုး ရှိနေပြီး၊ မြင့်မြတ်သော အမျိုးသမီးတစ်ဦးကဲ့သို့ ယောက်ျားများ၏အောင်နိုင်လိုစိတ်အား လှုံဆော်ပေးသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမတွင် အလွန် နူးညံ့သိမ်မွေ့သော အမူအရာနှင့် သူတော်စင်မတစ်ဦးကဲ့သို့ သန့်စင်မြင့်မြတ်သောအရှိန်အဝါ ရှိနေသည်။
မြင့်မြတ်မှု၊ နူးညံ့မှုနှင့် သန့်စင်မြင့်မြတ်မှုတို့ ပေါင်းစပ်နေခြင်းသည် မမေ့နိုင်စရာပင်။
တန်တိန်ဂိုဏ်း၏ ဂိုဏ်းချုပ်ရှန်ပိချန်အတွက်မူ များများစားစားပြောနေစရာ မလိုပေ။ သူမသည် နတ်မြေခွေးမလေးတစ်ကောင်ကဲ့သို့ ထင်ရှားတောက်ပစွာ လှပပြီး၊ သူမ၏ လှပနက်နဲသော ဉာဏ်ပညာမှာ ဤနေရာတွင် ရှိနေသောအမျိုးသမီးများထက် များစွာကြီးမြတ်သည့်ပုံပေါ်နေလေသည်။
သူမသည် မည်သည့် ညှို့ယူဖမ်းစားခြင်း အတတ်ပညာတစ်ခုမှ ထုတ်လွှင့်မနေဘဲ၊ သက်ရှိအားလုံးအား ညှို့ငင်နေသည့်အလား တင့်တယ်လှသည်။
အကယ်၍ သူမသည် မိစ္ဆာဂိုဏ်းတစ်ခုခုတွင် ရှိနေခဲ့ပါက၊ သံသယရှိစရာမလိုဘဲ သူမအား စုန်းမတစ်ယောက်ဟု မုချသတ်မှတ်ခံရမည်သာ ဖြစ်၏။
သို့သော် လမ်းမှန်ဂိုဏ်းတွင် ရှိနေခြင်းက သူမ၏အရှိန်အဝါကို သန့်ရှင်းစင်ကြယ်မှုနှင့် မထိတွေ့နိုင်သော ထည်ဝါမှုအား ပေါင်းထည့်ပေးထားသည်။
ပွဲသို့ တက်ရောက်လာသော ကျင့်ကြံသူအမျိုသား အများစုသည် သူမကို တိုက်ရိုက် စိုက်ကြည့်ဝံ့ခြင်း မရှိကြပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့သာ ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါက သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
ရှန်ပိချန်သည် စိတ်အပြောင်းအလဲမြန်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆုံးမခဲ့ဖူးသည်ဟု ကောလာဟလ ထွက်ခဲ့သည်။
‘ငါ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ နှစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာ တကယ်ကံကောင်းတာပဲ’
‘ပြီးတော့ သူတို့ဆီမှာ အနှစ်သာရယင်စွမ်းအားတွေ ရှိနေတုန်းပဲ..’
‘ငါသာ သူတို့နှစ်ယောက်လုံးကို ငါ့ရဲ့ တာအိုလက်တွဲဖော်အဖြစ် ရယူနိုင်ခဲ့မယ်ဆိုရင်… ငါ့ရဲ့ကျင့်ကြံမှုက အခြေတည်အဆင့် အထွတ်အထိပ်ကို ခုန်ပေါက်တက်သွားမယ်ဆိုတာ ငါ လောင်းရဲတယ်…’
‘အဲ့ဒီအခါကျရင် ရွှေအမြုတေအဆင့်ကို ရောက်ဖို့ဆိုတာ သိပ်မဝေးတော့ဘူး…’
ကျိုးစွေ့ စိတ်ထဲမှ လောဘဇောတက်သွားသည်။
ကိုယ့်တွင်ရှိသည်ထက် ပိုမိုလိုချင်တတ်ခြင်းမှာ လူ့သဘာဝပင် ဖြစ်၏။ ထို့အပြင် အင်မော်တယ်အဖြစ်သို့ ရရှိရန်အတွက် လှည့်ကွက် အနည်းငယ်သုံးခြင်းသည် ကြီးမားသောကိစ္စ မဟုတ်ပေ။ နှိုင်းယှဉ်ပြောရလျှင်၊ သူ၏နည်းလမ်းများသည် ယုတ်ညံ့သည်ဟု မဆိုသာပေ။
တစ်နည်းအားဖြင့်၊ ၎င်းကို နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
လက်ရှိတွင် သူတို့သည် သူ့အား ရွှေအမြုတေကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် ကူညီပေးပြီး၊ အနာဂတ်တွင်မူ သူသည် သူတို့အား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၊ သို့မဟုတ် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်လာနိုင်ရန် ကူညီပေးမည် ဖြစ်သည်။