ယောက်ျားတစ်ယောက်က ဒီလောက်တောင် ကြည့်ကောင်းနေတာ တရားမျှတမှုမရှိဘူး။
Vol. 14 Ch. 184
ထို့အပြင် လင်းယာကျူနှင့် ရှန်ပိချန်တို့သည် ဂိုဏ်းကြီးနှစ်ခု၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။
အကယ်၍ သူသာ ဤအမျိုးသမီးနှစ်ဦးကို လက်ထပ်နိုင်ခဲ့လျှင် သူသည် ရွှေအမြုတေ ဂိုဏ်းသုံးခုကို သွယ်ဝိုက်သောနည်းဖြင့် အုပ်စိုးသွားနိုင်ပေမည်။
ကျိုးစွေ့ ၏ မျက်လုံးများ အရောင်လက်သွားသည်။ အခြားသူများသည် ရွှေအမြုတေ ဂိုဏ်းသုံးခုကို ပေါင်းစည်းရန် မရေမတွက်နိုင်သော ကြံစည်မှုများနှင့် ပရိယာယ်များကို အသုံးပြုရန် လိုအပ်ပေမည်။
သို့သော် သူ့အတွက်မူ၊ ဂိုဏ်းသုံးခု၏ ဂိုဏ်းချုပ်များကို တိုက်ရိုက်လက်ထပ်လိုက်ရုံသာ ဖြစ်သည်။
ကြီးမြတ်သော ဂိုဏ်းသုံးခုကို တစ်ပြိုင်နက်ပေါင်းစည်းခြင်း။
ဤသည်မှာ သွေးတစ်စက်မျှပင် မြေခခြင်းမရှိ၊ စစ်ပွဲတစ်ပွဲကို အနိုင်တိုက်လိုက်ခြင်းပင်။
ဝှစ်..ဝှစ်…။
ဤသို့ တွေးမိသောအခါ၊ ကျိုးစွေ့ ၏ အတွေးများ လှုပ်ရှားသွားပြီး သူသည် အဆင့်သုံးသို့ ရောက်ရှိနေပြီဖြစ်သော 'ချစ်ခြင်းမေတ္တာကူ'ကို ချက်ချင်း ထိန်းချုပ်ကာ 'ကူခွဲ' နှစ်ကောင်ကို မွေးဖွားစေလိုက်သည်။
နောက်တစ်စက္ကန့်တွင်၊ ၎င်းတို့သည် စွမ်းအင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းယာကျူနှင့် ရှန်ပိချန်တို့၏ ခန္ဓာကိုယ်ထဲသို့ လျှို့ဝှက်စွာ တိုးဝင်သွားကြသည်။
ယခုအခါ အဆင့်သုံးသို့ ရောက်ရှိနေပြီဖြစ်သော 'ချစ်ခြင်းမေတ္တာကူ'သည် ယခင်ကထက် ပိုမို အစွမ်းထက်ပြီး ပိုမိုသိမ်မွေ့လာသည်မှာ ထင်ရှားသည်။
ရွှေအမြုတေ ဆရာသခင်တစ်ဦးကိုပင် ၎င်းက အလွယ်တကူ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
မှန်ပေသည်၊ ၎င်း၏ အာနိသင်အပြည့်အဝ သက်ရောက်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးသည်။
သို့သော် ကျိုးစွေ့အတွက် အလျင်လိုစရာမရှိချေ။
"ဒါဆို... ရှင်က ရောင်းရင်းကျိုး ပေါ့.."
"ရှင်နဲ့ ရောင်းရင်းလန်တို့က တကယ် လိုက်ဖက်တဲ့ နတ်ဖက်တဲ့စုံတွဲပါပဲ.."
ဤအခိုက်အတန့်တွင် လင်းယာကျူက စတင် စကားပြောလာသည်။
အမှန်အတိုင်းပြောရလျှင်၊ သူမ ကျိုးစွေ့ကို မြင်လိုက်ရသောအခါ မရေမတွက်နိုင်သော ယောက်ျား ကျင့်ကြံသူများကို တွေ့ဆုံခဲ့ဖူးသော်လည်း၊ သူမမျက်စိများ ဝင်းလက်သွားရသည်အထိ ဖြစ်မိသည်။
နတ်ဘုရားတစ်ပါးကဲ့သို့သော ရုပ်ရည်၊ ပြည်နှင်ဒဏ်ခံရသော အင်မော်တယ်တစ်ပါး၏ အရှိန်အဝါ စသဖြင့် အမျိုးမျိုးသော ကောလဟာလများမှာ အမှန်ပင် ဖြစ်နေသည်။
အကယ်၍ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်မှန်း သူမ ကြိုတင်မသိခဲ့ပါက၊ သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းတစ်ခုခုမှ တပည့်ရင်းတစ်ဦးဟု သူမ ထင်မိပေလိမ့်မည်။
ဤအခိုက်အတန့်တွင် သူမ၏နှလုံးသားထဲတွင် လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ကျိုးစွေ့ကို ကြည့်လေလေ၊ သူသည် ပို၍ ဆွဲဆောင်မှုရှိလေဟု သူမ ခံစားရသည်။
အမှန်တကယ် ထိုလူသည် ဤလောကတွင် ရှားပါးသော ချောမောခန့်ညားသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သို့သော် သူမ၏ နှလုံးသား နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့မှုအရ၊ မည်သည့်အရာကမျှ သူမအား လှုပ်ခတ်မှု မဖြစ်နိုင်သင့်ချေ။
သို့သော် ယခုအခါ၊ သူမသည် သူ့အပေါ်တွင် ထူးဆန်းသော ဆွဲဆောင်မှု ခံစားချက်တစ်ခုကို ခံစားနေရသည်။
၎င်းသည် နှစ်ပေါင်းသုံးရာကြာ အေးခဲနေခဲ့သော သူမ၏ နှလုံးသားသည် လှိုင်းဂယက်များ ထလာသကဲ့သို့ နားမလည်နိုင်သော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်သည်။
"နှုတ်ဆက်ပါတယ် စီနီယာလင်း.."
ကျိုးစွေ့ က လင်းယာကျူကို ကြည့်ရင်း နူးညံ့သောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ဘာရယ်…။
သူ့အပြုံးကို မြင်လိုက်ရသောအခါ လင်းယာကျူ၏ နှလုံးသား တစ်ချက်ခုန်သွားပြီး၊ သူမ၏မျက်နှာ အနည်းငယ် ပန်းရောင်သန်းသွားသည်။ စကားများပင် ထစ်ငေါ့သွားပြီး၊ ဘာဆက်ပြောရမည်မသိ ဖြစ်သွားတော့သည်။
သူမ၏ နှလုံးသား နယ်ပယ်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုကြောင့်သာ သူမ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ထိန်းထားနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမ သိက္ခာ ကျသွားလောက်ပြီ ဖြစ်သည်။
‘သေစမ်း... ဘာလို့ ဒီလောကကြီးထဲမှာ ဒီလောက်တောင် ချောမောခန့်ညားတဲ့ ယောက်ျား ရှိနေရတာလဲ’
‘ယောက်ျားတွေက ဒီလောက်တောင် ကြည့်ကောင်းနေရင်.. မိန်းမတွေအတွက် ဘာလိုတော့မလဲ.. ဒါ တရားမျှတမှု မရှိဘူး..’
‘လင်းယာကျူ.. နင် သတိထားစမ်း..’
‘နင်က ရွှေအမြုတေ ဆရာသခင်တစ်ယောက်.. ဒါ့အပြင် အသက်သုံးရာ ရှိနေတဲ့ အဖွားကြီးတစ်ယောက်..’
‘ဟိုကောင်လေးက အသက် နှစ်ဆယ်..သုံးဆယ်သာ ရှိသေးတဲ့ လူငယ်လေး.. မင်းတို့နှစ်ယောက်ကြားက အသက်ကွာဟမှုက အရမ်း ကြီးမားလွန်းတယ်.. ဒါ မဖြစ်နိုင်ဘူး..’
‘ငါက သူ့အဖွားအရွယ်တောင် ဖြစ်ချင်ဖြစ်နေဦးမယ်..’
‘အရေးကြီးဆုံးက သူက အင်မော်တယ်ရှားဂိုဏ်း ဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော်..
နင် သူများချစ်သူအပေါ်မှာ ခံစားချက်တွေ မရှိသင့်ဘူး.. ဒါ ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ အပြုအမူပဲ..'
အသက်ကို ပြင်းပြင်းရှူသွင်းရင်း လင်းယာကျူက သူမနှလုံးသားထဲက လှိုင်းတံပိုးများအား ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဤကဲ့သို့သော ခံစားချက်များသည် ကျင့်ကြံမှု၊ အသက်အရွယ်၊ သို့မဟုတ် လူမှုအဆင့်အတန်းတို့နှင့် မသက်ဆိုင်ကြောင်း သူမ နားလည်လိုက်ရသည်။ ၎င်းသည် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားမှ လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော ခံစားချက်တစ်ခုမျှသာ ဖြစ်သည်။
သူမကိုယ်သူမ ရူးသွားတော့မလို ခံစားလိုက်ရသည်။
နှစ်သုံးရာကြာ နေထိုင်ခဲ့ပြီးမှ ပထမဆုံး တွေ့ဆုံမှုမှာတင် သူများချစ်သူကို မြင်မြင်ချင်းချစ်မိသွားခြင်း..။
ဤသို့သော အဖြစ်အပျက်အား သူမ တစ်ခါမျှပင် မကြားဖူးချေ။
"အိုး... တကယ် ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက်ပါပဲ.."
"ယွဲ့ရှီလေး... ဒီလောက် ထူးချွန်တဲ့ယောက်ျားကို နင် ဘယ်ကနေ ရှာလာတာလဲ.."
"ငါ့ဆီမှာ ထိပ်တန်း မှော်ရတနာတစ်ခု ရှိတယ်.. ဒီယောက်ျားနဲ့ အလဲအလှယ်လုပ်လို့ရမလား.."
ထိုအခိုက်အတန့်တွင် ရှန်ပိချန်က သူမ၏ လှပသောမျက်လုံးများကို ပုတ်ခတ်လိုက်ပြီး ကျိုးစွေ့ကို ပြင်းပြသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် မည်သည့်ဟန်ဆောင်မှုမျှ မရှိဘဲ ခံစားချက်များကို ဗြောင်ကျကျ ထုတ်ဖော်လိုက်ပြီး၊ သူမ ရှေ့မှ ယောက်ျားကို ပိုင်ဆိုင်လိုစိတ် ပြင်းပြနေသည်။
ဤသည်မှာ ဗီဇစိတ်၏အသံဟုသာ ဆိုရပေမည်။
ရိုးရိုးသားသား ပြောရလျှင်၊ သူမသည် အမြဲတမ်း ကိုယ်ပိုင်ဗီဇစိတ်အတိုင်း လိုက်နာတတ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ဆေးဖော်စပ်ခြင်း၊ ကျင့်ကြံခြင်း၊ သို့မဟုတ် အစောပိုင်းကာလများက ထိုက်ယင် စိတ်ဝိညာဉ်မီးကို ရယူခဲ့ခြင်းဖြစ်စေ၊ သူမ၏လုပ်ဆောင်ချက်အားလုံးသည် သူမ၏ ကိုယ်ပိုင်ဗီဇစိတ် လမ်းညွှန်မှုအတိုင်း ဖြစ်သည်။
လူတွေက သူမကို စိတ်မတည်ငြိမ်သူ၊ ဒေါသအိုးဟု ဆိုကြသည်။ သို့သော် ထိုအရာအားလုံးသည် အပေါ်ယံအမြင်များသာ ဖြစ်သည်။
သူမ လိုက်နာသည့်အရာမှာ လူသားတို့၏ မူလဗီဇစိတ်ပင် ဖြစ်ပြီး၊ လူသားတို့၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်များနှင့် ကန့်သတ်ချက်များအားလုံးကို လျစ်လျူရှုထားသည်။
သူမ ကြိုက်သည့်အရာတိုင်းကို လုပ်မည်။
သူမ မကြိုက်သည့် မည်သူ့ကိုမဆို ခုတ်ဖြတ်ပစ်မည်။
သူမ လိုချင်သည့် မည်သည့်အရာကိုမဆို လုယူမည်။
သူမသည် နှစ်ပေါင်းနှစ်ရာ့သုံးဆယ်ကြာ နေထိုင်ခဲ့ပြီး၊ မည်သည့် စိုးရိမ်ကြောင့်ကြမှုမှ မရှိဘဲ သူမ လိုချင်သမျှ လုပ်ဆောင်ခဲ့သည်။
ဤယောက်ျားကို မြင်လိုက်သည့် ခဏတွင်၊ သူမ၏ အတွင်းထဲမှ ထိုက်ယင် စိတ်ဝိညာဉ်မီးပင်လျှင် ဂနာမငြိမ် ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။
၎င်းသည် သူနှင့် ပေါင်းစည်းရန် မစောင့်နိုင်တော့သကဲ့သို့ ဖြစ်နေသည်။
ဒီယောက်ျားသည် သူမအတွက် ပြီးပြည့်စုံတဲ့ အဖော်မွန် ဖြစ်ပုံရသည်။
ဖြစ်နိုင်သည်မှာ၊ အကယ်၍ သူ့ကို ရရှိနိုင်ခဲ့လျှင် ၎င်းသည် သူမအတွင်းထဲမှ ထိုက်ယင် စိတ်ဝိညာဉ်မီးကြောင့် ဖြစ်ပေါ်နေသောဒုက္ခကို ဖြေရှင်းပေးနိုင်လိမ့်မည်။
ထို့ကြောင့် ၎င်းသည် လန်ယွဲ့ရှီ၏ တာအိုလက်တွဲဖော် ဖြစ်နေမှန်း သိရက်နှင့်ပင်၊ သူမရဲ့ လိုအင်ဆန္ဒကို တိုက်ရိုက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
"ရောင်းရင်းရှန်.. ရှင် နောက်နေတာလား.. သူက ကျွန်မရဲ့ တာအိုလက်တွဲဖော်ပါ.. ကုန်ပစ္စည်း မဟုတ်ဘူး.."
"ထိပ်တန်း အဆင့်မြင့် မှော်ရတနာ မပြောနဲ့… ဝိညာဉ်သန္ဓေသားအဆင့် ပစ္စည်းတစ်ခုနဲ့တောင် ကျွန်မ လဲလှယ်မှာ မဟုတ်ဘူး…"
လန်ယွဲ့ရှီ၏မျက်နှာ ချက်ချင်း အေးစက်သွားသည်။
သူမ၏ချစ်သူအား သူမရှေ့တွင်ပင် ပေါ်တင်လာလုရဲသည့် အမျိုးသမီး ရှိနေချေသည်။ ဒင်းက သေလမ်းရှာချင်နေသည်လော။
ရှန်ပိချန်က တန်တိန်ဂိုဏ်း၏ ဂိုဏ်းချုပ် သို့မဟုတ် ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင်၊ သူမ ဘာလေးစားမှုမှ ပြသမည်မဟုတ်ပေ။
မမြင်နိုင်သော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု လေထုထဲတွင် ပျံ့နှံ့လာပြီး၊ သူမ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။
"ခစ်ခစ်... ယွဲ့ရှီလေးက ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ.. ဒီတိုင်း နောက်လိုက်တာပါ.."
"ဒီလောက် ချောမောခန့်ညားတဲ့ ယောက်ျား.. တကယ်လို့ သူသာ ငါ့အပိုင်ဖြစ်ခဲ့ရင်.. ငါလည်း သူ့ကို ဘာနဲ့မှလဲလှယ်မှာ မဟုတ်ဘူး.."
ရှန်ပိချန်က မျက်လုံး ကလည်ကလည် လုပ်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
သူမသည် လူမိုက်တစ်ယောက် မဟုတ်ပေ။
ဤနေရာသည် အင်မော်တယ်ရှားဂိုဏ်း၏ ဌာနချုပ် ဖြစ်သည်။ အကယ်၍ ဤနေရာတွင် တိုက်ပွဲ စတင်ပါက၊ သူမ လန်ယွဲ့ရှီကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
သူမသည် ရူးသွပ်စွာ လုပ်တတ်သော်လည်း၊ ၎င်းက သူမ မိုက်မဲသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
"တောင်းပန်ပါတယ် စီနီယာရှန်.. ကျွန်မ တကယ်ထင်သွားလို့ပါ.."
"တောင်းပန်တဲ့အနေနဲ့ ကျွန်မ တစ်ခါက်သောက်ပါ့မယ်…"
"ခုနက ကျွန်မရဲ့အမူအရာက နည်းနည်းမသင့်တော်သလို့ ဖြစ်သွားခဲ့ရင်.. အစ်မ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်.."
လန်ယွဲ့ရှီသည်လည်း ပြုံးပြလိုက်ပြီး၊ ရှန်ပိချန်ကို အခြေအနေမှ လွတ်မြောက်ရန် လမ်းတစ်ခုကို သွယ်ဝိုက်သောအားဖြင့် ပေးလိုက်သည်။
"မဟုတ်တာ.. မဟုတ်တာ.."
"ကျွန်မက စပြီး လျှောက်ပြောမိတာပါ…"
ရှန်ပိချန်က သူမ၏ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ၎င်းကို သောက်လိုက်သည်။
ချက်ချင်းဆိုသလို၊ ရွှေအမြုတေ ဆရာသခင်သုံးဦး၏ စွမ်းအင်များ ချက်ချင်းပင် အချင်းချင်း တိုက်ခတ်သွားကြသည်။
မူလက သာယာငြိမ်းချမ်းသော စားသောက်ပွဲသည် ယခုအခါ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
အခြေတည်အဆင့် ကျင့်ကြံသူများ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
တရားခံသည်ကား အမြင့်တစ်နေရာတွင် ထိုင်နေသော ထိုချောမောခန့်ညားသည့် လူငယ်လေးဖြစ်သည်လော။
သောက်ကျိုးနည်း…။
ကျိုးစွေ့ မျက်တောင် ခတ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူလည်း လန့်သွားသည်။ 'ချစ်ခြင်းမေတ္တာကူ'၏ အစွမ်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပြီး၊ ဤမျှ မြန်မြန်ဆန်ဆန် အာနိသင်သက်ရောက်ကာ ၎င်း၏ ဘေးထွက်ဆိုးကျိုးများကလည်း ပြင်းထန်လှသည်ကို သူ တွေ့လိုက်ရသည်။
သို့သော် ယခုတွင်မူ သူ လုပ်နိုင်တာ ဘာမှ မရှိတော့ချေ၊ တစ်ခုတည်းသော သူလုပ်နိုင်သည်မှာ အခြေအနေ မည်သို့ဆက်ဖြစ်လာမည်အား စောင့်ကြည့်ရန်သာ ရှိတော့သည်။
သို့သော် အခြေတည်အဆင့် ကျင့်ကြံသူများကို သက်သာရာရစေသည့်အရာမှာ စားသောက်ပွဲသည် ထို့နောက်တွင် ချောချောမွေ့မွေ့ ဆက်လက်သွားခြင်း ဖြစ်သည်။
လူတိုင်း ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပြီး၊ မည်သည့် မတော်တဆမှုမှ မရှိဘဲ ပြီးဆုံးသွားသည်။
အဆုံးသတ်တွင်၊ သူတို့အားလုံးသည် မဟာမိတ်များ ဖြစ်ကပြီး၊ ယခင်က တစ္ဆေမိစ္ဆာဂိုဏ်းကဲ့သို့သော အင်အားစုများကို ပူးပေါင်းအနိုင်ယူခဲ့ကြသည်။
သူတို့၏ ဆက်ဆံရေးသည် အတော်ပင်ကောင်းမွန်သည်။
ထို့ကြောင့်၊ အနည်းငယ် ရင်းနှီးစွာ စနောက်ကျီစယ်မှုများအပြီးတွင် သူတို့သည် အချို့အရာများအား လျစ်လျူရှုထားပြီး စားသောက်ပွဲအား သာယာသောလေထုဖြင့်သာ အဆုံးသတ်စေခဲ့သည်။