← Chapters

လူတိုင်းကို သတိထားပါ

Vol. 146 Ch. 2176

လူတိုင်းကို သတိထားပါ

Vol. 146 Ch. 2176

“ အမှန်ပဲ … အဲ့လိုပြောလို့ရတယ် …”

ပြောပြီးနောက် လျိုဟွာရှန်း၏ မျက်နှာအမူအရာက ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး သူ သက်ပြင်းချလိုက်သည်။

“ ငါလည်း ဒီအခြေအနေအထိ ရောက်လာခဲ့ပြီဆိုမှတော့ မင်းကို အချိန်ဆွဲမနေတော့ဘူး …”

လင်းရီ တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း တစ်ဖက်သူ ပြောလာမှာကိုပဲ နှုတ်ဆိတ်လျက် နားထောင်နေသည်။

“ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်း ဒီအမှုကို ဆက်ပြီး မစုံစမ်းတာ အကောင်းဆုံးပဲ … မင်းက သန်မာတဲ့ ဖိုက်တာတစ်ယောက် …. ဒါမှမဟုတ် ထူးချွန်တဲ့ ရဲသားကောင်း တစ်ယောက် ဖြစ်ရင် ဖြစ်လိမ့်မယ် … ဒါပေမယ့်လည်း မင်းက ဒီတိုင်း သာမန် ရဲတစ်ယောက်ပဲလေ … အလုပ်ပြုတ်တာက အကြောင်းမဟုတ်သေးဘူး … အသေးအမွှား ဆုံးရှုံးမှုလေးပဲ … ဒါပေမယ့် ဒီအမှုကြောင့်နဲ့ အသက်ပါ ဆုံးရှုံးသွားမယ်ဆိုရင် မင်းအတွက် မတန်ဘူး ….”

“ ခင်များကတောင် ဒီလိုစကားမျိုး ပြောလာတယ်ဆိုတော့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက အတော်လေး ဖြုံလောက်တဲ့ အုပ်စုကြီး ဖြစ်မယ်ထင်တယ် …”

အမှုက ဤသို့သော အခြေအနေမျိုးသို့ ရောက်လာခဲ့ပြီ ဖြစ်ရာ လင်းရီ ဘယ်လို အကြောင်းမျိုးကြောင့်နဲ့မှ လက်လျှော့မှာ မဟုတ်ချေ။

လျိုဟွာရှန်းကို သူ ဖမ်းမိပြီး ဖြစ်သော်လည်းပဲ စနစ်၏ လက်ရှိ တာဝန်က ပြီးမြောက်သွားခြင်း မရှိသေးချေ။

လင်းရီ မှန်းဆ မိသလောက်တော့ သူသာ ဖန့်ချိန် ကုန်သည်ကြီးများ နောက်ကွယ်တွင် ကြိုးကိုင်နေသည့် အဓိကလူကို ဖမ်းမိနိုင်ခြင်း မရှိသေးသရွေ့ မစ်ရှင်က ပြီးဆုံးဦးမှာ မဟုတ်ပေ။

ထို့ပြင် ဤ ယူနီဖောင်းကို ဝတ်ဆင်ထားရင်း လမ်းခုလတ်တွင် သူ လက်မလျှော့နိုင်ချေ။

အကြောင်းအမျိုးမျိုးကြောင့် ကလေးများ ပျောက်ဆုံးသွားခဲ့ရသည့် မိသားစုများကို သူ ဖြေရှင်းချက် တစ်ခုပေးရမည်။

“ မင်း စိတ်ကူးထားတာထက်ကို ပိုပြီးပါဝါကြီးတယ် … ပေါ့သေးသေး မထင်လိုက်နဲ့ …” လျိုဟွာရှန်း ပြောလိုက်သည်။ “ တကယ်လို့ ဖြစ်နိုင်မယ်ဆို အခုချက်ချင်း ရပ်တန့်လိုက် … ငါက ဖမ်းခံလိုက်ရပြီ … ဒီလောက်ဆို မင်းလည်း အမှတ်ကောင်းတွေ အများကြီး ရဖို့ လုံလောက်နေပြီ ….”

“ လုပ်မယ် မလုပ်ဘူးဆိုတာကို ကျုပ်ကပဲ ဆုံးဖြတ်မယ်… ကျုပ် အလုပ်ကို ခင်များ သင်ပေးစရာ မလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ သူတို့ရဲ့ အချက်အလက်တွေက ခင်များပြောခဲ့တဲ့ စာရင်းစာအုပ်ထဲမှာ ရှိတယ်မလား ….”

“ သူတို့နာမည်တွေ ရှိတယ် … ပြီးတော့ ငွေလွှဲပြောင်းလာတဲ့ တစ်ချို့ အသေးစိတ်အချက်အလက်နဲ့ အချိန်စာရင်းတွေပါတယ် … မင်းတို့လူတွေ အဲ့ကို ရောက်သွားရင် တွေ့လိမ့်မယ် … ဒါပေမယ့် အသေးစိတ်ကျကျ အချက်အလက်တွေတော့ မရှိဘူး … ဒီတိုင်း အခြေခံတစ်ချို့လောက်ပဲ …. မင်း အဲ့တာနဲ့ ဘယ်လောက်ထိ အသုံးချနိုင်မလဲ ငါလည်း မသိဘူး …”

“ အဲ့လောက်ဆိုရင်ကိုပဲ လုံလောက်ပြီ ….”

လင်းရီ လျိုဟွာရှန်း၏ ပခုံးကို ပုတ်လိုက်သည်။ “ ခင်များ ဒီစကားတွေ အစောကြီးကတည်းက ပြောလိုက်သင့်တာ … အဲ့လိုဆို ဒီလို ဒုက္ခတွေ ခံစားစရာလည်း မလိုတော့ဘူး ….”

“ ဟက်ဟက် …”

လျိုဟွာရှန်းက အေးစက်စွာ တစ်ချက် ရယ်မောလိုက်သည်။ ကူကယ်ရာမဲ့သည့် သူ့ကိုယ်သူ လှောင်ရယ်နေဟန်ပင်။

“ ငါ့ မွေးရပ်မြေမှာ ငါ့မိဘတွေ ရှိသေးတယ်…. တကယ်လို့ ငါသာ သူတို့ကို ဖော်ကောင်လုပ်လိုက်ပြီဆိုတာ သိသွားခဲ့ရင် သူတို့ ငါ့တစ်မိသားစုလုံးကို မျိုးဖြုတ်ပစ်လိမ့်မယ် ….”

လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး စစ်ကြောရေး အခန်းထဲရှိ လေထုသည်လည်း လေးလံလာခဲ့သည်။

“ ခင်များရဲ့ မွေးရပ်မြေက ဘယ်မှာလဲ … ခင်များ မိဘတွေရဲ့ အချက်အလက် ကျုပ် ပေးလိုက် …” လင်းရီ ပြောလိုက်ပြီး “ ဒီအမှုကနေ ခင်များ အသက်ရှင်လျက် လွတ်မြောက်ချင်မှ လွတ်မြောက်နိုင်လိမ့်မယ် … ဒါပေမယ့် ခင်များ မိဘတွေကတော့ အပြစ်ကင်းတယ် … ကျုပ် သူတို့ကို လုံခြုံအောင် လုပ်ထားပေးလို့ရတယ် ….”

လျိုဟွာရှန်း ရုတ်ချည်း မော့ကြည့်လာခဲ့သည်။

“ တကယ်လား …”

“ ကျုပ် တခြားတော့ ကတိမပေးနိုင်ဘူး … ဒါပေမယ့် ခင်များမိဘတွေတော့ သေချာပေါက် လုံခြုံစေရမယ် ….”

“ ငါ စက္ကူနဲ့ ဖောင်တိန် ခဏသုံးလို့ ရမလား ….”

လင်းရီ ထသွားပြီး ဖောင်တိန်နှင့် စက္ကူက လက်ထဲတွင် ပါလာသည်။ ထိုအရာများကို လျိုဟွာရှန်းထံ သူ ကမ်းပေးလိုက်သည်။

တစ်ဖက်သူကလည်း လိုအပ်သည့် သတင်းအချက်အလက်များကို စာရွက်ပေါ်တွင် ရေးလိုက်၏။

“ အကုန် ဒီမှာပဲ … မင်း ငါ့ကို ပေးတဲ့ ကတိအတိုင်း ကတိတည်နိုင်မယ်လို့ မျှော်လင့်ပါတယ် ….”

“ မပူနဲ့ … ကျုပ်က လူကောင်းဟုတ်ချင်မှဟုတ်မယ် … ဒါပေမယ့် ဒီလို ကိစ္စမျိုးကိုတော့ ဟာသမလုပ်ဘူး ….”

“ အဲ့လောက်ဆို လုံလောက်ပါပြီ …” လျိုဟွာရှန်းက အသံနိမ့်၍ ပြောလိုက်သည်။ “ မင်းရဲ့ အရည်အချင်းတွေနဲ့ဆို ရဲတစ်ယောက်လုပ်နေတာက ဖြုန်းတီးပစ်နေတာပဲ … တကယ်လို့ မင်းသာ ထွက်ပြီး မင်းလမ်းမင်းဖောက်ရင် ကျိန်းသေပေါက် နာမည်တစ်လုံးနဲ့လူ ဖြစ်လာနိုင်တယ်….”

“ ကျုပ်ကို လူမိုက်လုပ်စေချင်နေတာလား ….”

“ မဟုတ်ဘူး … အဲ့သဘောမျိုး မဟုတ်ဘူး ….” လျိုဟွာရှန်းက အသံနိမ့်လျက်ပဲ ဆက်ပြောသည်။ “ ငါ မင်းကို တစ်ခု သတိပေးချင်တာ ရှိတယ် …”

“ ပြော … အခု ဒီမှာ ကျုပ်တို့နှစ်ယောက်တည်းပဲ ရှိတယ် ….’

“ ဒါက ရှန်းဝေ့ …. မင်း တကယ်ကြီး ဒီအမှုကို ကိုင်တွယ်ချင်တယ်ဆိုရင် မင်းအနားတစ်ဝိုက်မှာ ရှိတဲ့ လူတိုင်းကို သတိထားရမယ် …. တံခါးပေါက် အပြင်မှာ ရှိနေတဲ့ လူတွေကိုရောပဲ ….”

လင်းရီ ဘာစကားမျှမဆို။ သူ အပြင်ဘက်သို့သာ လှမ်းကြည့်လိုက်သည်။

“ ကျုပ် သဘောပေါက်တယ် …”

“ ငါပြောနိုင်တာ ဒီလောက်ပဲ …” လျိုဟွာရှန်း ပြောလိုက်ပြီး “ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူတို့ ငါ့ကို ထပ်ပြီး မစစ်ဆေးတော့အောင် လုပ်ပေးပါကွာ … ငါ့ ပြစ်ဒဏ်ကို မြန်နိုင်သမျှ မြန်မြန်သာ စီရင်လိုက်တော့ ….”

“ ကျုပ် ကြိုးစားပေးမယ် ….”

ခွန်းတုံ့ပြန်ပြီးနောက် လင်းရီ စစ်ကြောရေး အခန်းထဲက ထွက်လာခဲ့သည်။

ထိုအချိန်တွင် မာရှင်းလုံ၊ ရွှီကျင်းနှင့် စွန်းမင်ချန်းတို့အားလုံးက တံခါးပေါက်ဝနားတွင် ထိုင်နေခဲ့ကြသည်။ သူတို့အားလုံး တစ်ယောက်မှ ထွက်ခွာသွားခြင်း မရှိသေးချေ။

လင်းရီကို မြင်တော့ စွန်းမင်ချန်း မျက်ခုံးပင့်ပြီး စီးပိုးသည့် လေသံဖြင့် မေးခွန်းထုတ်လိုက်၏။

“ ကျိုးဟိုင်က လာတဲ့ မြို့ကြီးသား ရဲဘော်လေး … ဘယ်လိုလဲ … လိုချင်တာတွေ သိခဲ့ရပြီလား …..”

“ ဘာမှ မသိရပါဘူး …” လင်းရီ ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ ဒါရိုက်တာစွန်းက အထင်ကြီးဖို့ကောင်းပါတယ် … တကယ့်ကို လေးစားလောက်စရာပါပဲ ….”

လင်းရီ၏ ချီးမွမ်းမြှောက်ပင့်သည့် စကားလုံးများကို ကြားတော့ စွန်းမင်ချန်း၏ မောက်မာမှုများက ပို၍ပင် အားကောင်းလာသည်။

“ သိတာကောင်းတယ် လူငယ်လေး … ကိုယ့်ကိုယ်ကို အရမ်း သက်သေမပြချင်နဲ့ … အဲ့လိုဆို မင်းရဲ့ နယ်ပယ်မှာ အဝေးကို လှမ်းလှမ်းရောက်နိုင်မှာ မဟုတ်ဘူး …”

“ ဟုတ် ဟုတ် … ကျွန်တော် နားလည်ပါတယ် …”

“ အမှုက ကိုင်တွယ်ပြီးလုနီးပါးပဲ … ရှန်းဝေ့မှာ မင်းတို့ကောင်တွေ လုပ်စရာ ဘာမှ မကျန်တော့ဘူး ….” စွန်းမင်ချန်းက စိတ်မရှည်စွာ ပြောလိုက်ပြီး “ မင်းရဲ့ ရဲဘောတွေနဲ့ တိုင်ပင်ပြီး ကျိုးဟိုင်ပြန်ဖို့ ပြင်တော့ … အမှုရဲ့ နောက်ဆက်တွဲကို ငါတို့ ဖုန်းနဲ့တင် ကိုင်တွယ်လိုက်လို့ရတယ် ….”

“ ဒါဆိုလည်း ဒါရိုက်တာစွန်းနဲ့ပဲ အပ်ထားခဲ့ပါ့မယ် ….”

လင်းရီ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် နားနေခန်းဘက်သို့ လမ်းလျှောက်ထွက်လာခဲ့၏။

မာရှင်းလုံမှာ ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောပုံရိပ်ကိုကြည့်ရင်း ဤသို့သော ဖော်ရွေသည့် စရိုက်လက္ခဏာက လင်းရီ၏ ကာရိုက်တာနှင့် လိုက်ဖက်ညီခြင်း မရှိလှဟု ခံစားနေရသည်။

ဘာကြောင့်လဲတော့မသိ။ သူ့စိတ်ထဲ ထူးဆန်းသည့် ခံစားချက်တို့ ခံစားနေရလေသည်။

လင်းရီ နားနေခန်းဘက်သို့ ရောက်လာခဲ့သည်။

တံခါးဝ၌ အသံဗလံများကို ကြားတော့ ကျန်းဇီရှင်း မျက်လုံးပွင့်လာခဲ့ပြီး မူးနောက်နောက် အိပ်ချင်မပြေသေးသည့် လေသံဖြင့် မေးလာသည်။

“ အစ်ကိုရီ … ပြန်ရောက်လာပြီလား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သွား မျက်နှာသစ်ပြီး ထတော့ … ငါတို့ အရေးကြီးကိစ္စ လုပ်စရာရှိတယ် …”

ဤသည်ကိုကြားတော့ ကျန်းဇီရှင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး ရေချိုးခန်းဘက်သို့ ထွက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် လင်းရီက ကူရိရန်နှင့် ကျန်းဖန့်ကို နှိုးလိုက်ပြီး နောက်ဆက်တွဲ ကိစ္စများအား ကိုင်တွယ်ရန် စီစဉ်နေခဲ့၏။

“ နင် တစ်ခုခု သိလာခဲ့လို့လား ….”

“ လျိုဟွာရှန်း ဝန်ခံလိုက်ပြီ … ထာဝရကျေးရွာရဲ့ သူ့အိပ်ခန်းထဲမှာ စာရင်းစာအုပ်တစ်အုပ် ဝှက်ထားတာရှိတယ် … ငါတို့ အခု အဲ့တာကို သွားယူကြမယ် … ဒီမှာ အလကားထိုင်နေလို့ အပိုပဲ ….”

“ အဲ့စာအုပ်ထဲမှာက ဘာတွေလဲ မှတ်ထားတာ … ဝယ်လက်တွေ အကြောင်းလား ….”

လင်းရီ ခေါင်းညိတ်ပြလိုက်သည်။ “ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းဆိုတဲ့ အဖွဲ့အစည်းပဲ ….”

“ ဖန့်ချိန် ကုန်သည်ကြီးများ အသင်း …” ကူရိရန်၏ အသံက ရုတ်တရက် မြင့်တက်သွားသည်။

“ မင်းက အဲ့ဒီအသင်းကို သိလို့လား ….”

ကူရိရန်က ရှုပ်ပွနေသည့် သူမ၏ ဆံပင်များကို ဖြီးသင်လိုက်ရင်း “ ကွမ်တုံးစီရင်စုက ဒေသတွင်းမှာ ကြွယ်ဝတဲ့ စီရင်စုတွေထဲက တစ်ခုပဲလေ … ပြီးတော့ ဖန့်ချိန်ကလည်း ဟွာရှရဲ့ စီးပွားရေး မြို့တော်ကြီး တစ်ခုပဲ … ဒါကြောင့်မို့ ဒီရဲ့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက ဩဇာလွှမ်းမိုးမှုတွေ အများကြီး ရှိတယ် … တကယ်လို့ သူတို့ကသာ ဒီကိစ္စ နောက်ကွယ်မှာ ရှိနေတယ်ဆိုရင် ကိုင်တွယ်ရ ခက်ပြီပဲ ….”

“ အဲ့ကိစ္စကို စိုးရိမ်ဖို့က အခု စောလွန်းသေးတယ် …” လင်းရီ ပြောလိုက်ပြီး “ အရင်ဆုံး စာအုပ်သွားယူပြီး ငါတို့ အရေးမယူခင် ဘယ်သူတွေပါလဲ အရင် ကြည့်ကြတာပေါ့ ….”

“ သွားကြစို့ ….”

လျင်မြန်စွာ ပြင်ဆင်ပြီးနောက် လေးယောက်သား နားနေခန်းထဲက ထွက်လာခဲ့ကြသည်။

မာရှင်းနှင့် အမှုအကြောင်း ခေတ္တစကားပြောပြီး လုံဟူ ရဲစခန်းထဲကနေ ထွက်လာလေသည်။

သူတို့ ရဲစခန်းထဲကနေ ထွက်လာသည့် အချိန်၌ ညနေ လေးနာရီကျော်နေပြီ ဖြစ်သည်။

အုပ်စုမှာ အရင်ဆုံး တစ်ခုခု သွားစားကြ၏။ ထို့နောက် ကားတစ်စင်း ငှား၍ ထာဝရ ကျေးရွာသို့ ထွက်လာခဲ့ကြသည်။

ရွာက လူအသွားအလာ ပြတ်ပြီး စွန့်ပစ်ခံထားရသည့် ကျေးရွာကြီး တစ်ရွာကဲ့သို့ တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။

ရွာကလန်ခန်းမသို့ ရောက်ရှိသည်တွင် ရဲတံဆိပ် စည်းခတ်ထားသည်ကို မြင်တွေ့လိုက်ရ၏။ ကျန်းဖန့်က ကားကို ကလန်ခန်းမ နောက်ကျောဘက်သို့ မောင်းနှင်သွားခဲ့ပြီး လျိုဟွာရှန်း၏ အိမ်သို့ ရောက်လာခဲ့သည်။ လျိုဟွာရှန်း၏ အိမ်သည်လည်း ချိပ်ပိတ်ခံထားရ၏။ သို့သော် လင်းရီတို့အတွက်တော့ ယင်းက ထွေထူး ပြဿနာ တစ်ရပ်မဟုတ်။

“ ငါ အထဲဝင်ပြီး ပစ္စည်းသွားယူမယ် … မင်းက ကားကို ဝေးဝေးမှာ ရပ်ထားလိုက် … ဒီနားက ထင်ပေါ်လွန်းတယ် ….”

“ အိုကေ …”

ကားထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ နံရံသို့ သွား၍ ခြံထဲသို့ တိုက်ရိုက် ခုန်ပျံကျော်လွှားပြီး ဝင်ရောက်လိုက်သည်။ ချိပ်စည်းကိုလည်း မပျက်စီးစေခဲ့ပေ။

ချလပ် …

သစ်သားတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး လျိုဟွာရှန်း၏ အိမ်ထဲသို့ ဝင်လိုက်၏။ ထွေထူး ပြောပလောက်စရာ မရှိသည့် ရိုးရှင်းသည့် သုံးခန်း ၊ နှစ်ခန်း အိမ်ပင်။ အိပ်ခန်းထဲရှိ ကွမ်ယွီ ရုပ်ထုကို သူ ခပ်မြန်မြန်ပဲ ရှာတွေ့သွားခဲ့သည်။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ ကူရိရန်ထံကပင်။

“ ငါ လူနှစ်ယောက် ကလန်ခန်းမဘက် လာနေတာ မြင်တယ် … သူတို့ရဲ့ အပြုအမူတွေက ထူးဆန်းလွန်းတယ် … တစ်ခုခုတော့ မူမမှန်ဘူး …”

All Chapters