ထင်မှတ်မထားတဲ့လူ
Vol. 146 Ch. 2177
“ ရဲတွေလား …..”
“ မဟုတ်ဘူး ….”
ကူရိရန် သေချာနေသည့် လေသံဖြင့် “ နင် မြန်မြန် လက်စသတ်ပြီး ထွက်ခဲ့တော့ … ငါ့စိတ်တွေ လေးနေတယ် … ငါတို့ကို ရှာတွေ့သွားရင် နောက်ဆက်တွဲ အစီအစဉ်တွေ အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်နော်….”
“ အိုကေ … နားလည်ပြီ ….”
လင်းရီ အချိန်ဆွဲမနေတော့ဘဲ ကွမ်းယွီရုပ်တုကို ရွေ့၍ ကျောက်ပြားများကို ဖယ်ရှားလိုက်သည်။
အခင်းနေရာတစ်ခုလုံး ခြေရာလက်ရာ ပျက်ခြင်း တစ်စုံတစ်ရာမျှ မရှိ။
လင်းရီ ကျောက်ပြားကို လှန်လိုက်တော့ အတွင်းတွင် အဝတ်အစားအိတ် အသေးလေး တစ်လုံးရှနေသည်။ ဖွင့်ကြည့်လိုက်ရာ အနက်ရောင် မှတ်စုစာအုပ်တစ်အုပ် ထွက်လာခဲ့၏။
သူ သာမန်လျှံကာပဲ လှန်လောကြည့်လိုက်သည်။ သတင်းအချက်အလက်တို့ အမြောက်အများပါဝင်နေသည်မှာ အမှန်ပင်။ အများစုက ငွေလွှဲပြောင်းသည့် ပမာဏ အချက်အလက်နှင့် အချိန်စာရင်း ဖြစ်ပြီး တခြားသော သဲလွန်စတို့က အနည်းငယ်သာ ပါရှိ၏။
သူလိုချင်သည့် အရာဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက် လင်းရီ ကြာကြာ မနေတော့ဘဲ လျိုဟွာရှန်း၏ အခန်းထဲ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
သူ ဝင်လာခဲ့တုန်းက အတိုင်းပဲ ခုန်ပျံကျော်လွှား၍ ခြံဝန်းအပြင်သို့ ပြန်ရောက်လာခဲ့၏။
သို့သော် ကားရှိရာ နေရာသို့ လင်းရီ ချက်ချင်းမသွားသေး။ မမြင်ကွယ်ရာ ထောင့်တစ်နေရာသို့သွားပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလိုက်သည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ကလန်ခန်းမထဲမှ လူနှစ်ယောက် ထွက်လာခဲ့ပြီး လျိုဟွာရှန်း၏ အိမ်သို့ ဦးတည်လာခဲ့သည်။
တံခါးပေါက်ဝတွင် ရပ်တန့်ရင်း ပတ်ဝန်းကျင်ကို တောင်ကြည့် မြောက်ကြည့် ကြည့်သည်။ မည်သူကမျှ ရှိမနေကြောင်း သေချာတော့မှ လင်းရီ အသုံးပြုသည့် နည်းလမ်းအတိုင်း နံရံပေါ်သို့ တိတ်တိတ်လေး ခုန်တက်သွားခဲ့၏။
လင်းရီ ကြာကြာ မနေတော့ဘဲ ကားထံသို့ ပြန်ရောက်လာသည်။
“ အဲ့လူနှစ်ယောက်က အတော်လေး သံသယ ဖြစ်ဖို့ ကောင်းတယ် … ငါတို့ ဖမ်းလိုက်ကြမလား …” ကူရိရန် မေးလာခဲ့သည်။
“ ငါ့အထင် သူတို့နှစ်ယောက်က ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက ဖြစ်ဖို့များတယ် … ငါတို့အခုချိန် လှုပ်ရှားလိုက်ရင် သူတို့ကို ခြောက်လှန့်လိုက်သလို ဖြစ်သွားလိမ့်မယ် … ဘာမှမဖြစ်ခဲ့သလိုပဲ ထားလိုက် .. ပြန်ကြမယ် …”
“ အွန်း … ကောင်းသားပဲ …” ကူရိရန် ခေါင်းညိတ်လိုက်သည်။
“ ကားကို ပြန်လှည့်ပြီး အမြန်ရထားဘူတာကို မောင်း …. ဖန့်ချိန်ကို ရောက်ဖို့ဆို အနည်းဆုံး နှစ်နာရီလောက်တော့ ကြာမယ် ….”
“ နင့်သဘောပဲ ….”
အပြန်လမ်းတွင် လေးယောက်မှာ စာအုပ်ထဲရှိ အကြောင်းအရာများကို ဖတ်ရှုနေခဲ့ကြပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းပေါ်တွင် စစ်ဆေးနေခဲ့ကြသည်။ ရလဒ်က သူတို့၏ စိတ်ဝိဉာဏ်များကို လေးလံသွားစေခဲ့လေသည်။
စာအုပ်ထဲတွင် လူ ဆယ့်နှစ်ဦး ပါဝင်ပတ်သက်နေပြီး သူတို့ထဲ သုံးယောက်က ရောင်းဝယ်ဖောက်ကားသည့် နာမည်ကြီး ကုမ္ပဏီများ၏ စီအီးအိုများဖြစ်ကာ ကျန်တခြားသူတို့ကလည်း ကော်ပိုရေးရှင်းကြီးများ၏ အဓိက ရှယ်ယာပိုင်ရှင်တို့ ဖြစ်လို့နေသည်။
ပါဝင်သည့် အမျိုးသမီးနှစ်ယောက်ကလည်း နှစ်နိုင်ငံ စီးပွားရေး ကုမ္ပဏီကြီးများ၏ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကာ သူတို့၏ တစ်နှစ်လစာက ယွမ် သန်းဆယ်နှင့်ချီသည်။
ဤလူပုဂ္ဂိုလ်များ၏ ဆိုရှယ်လွှမ်းမိုးမှုက သူတို့ စိတ်ကူးထားသည်ထက်ပင် ပို၍ ကြီးမားနေခဲ့သည်။
“ ဟွမ်စစ်ဟိုင် ၊ လုဝန်ချီ ၊ ဒီနှစ်ယောက်က ဘီလီယမ်နာကြီးတွေပဲ … ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လှုပ်ခါဖို့ဆို ငါတို့အတွက် တော်တော် မလွယ်ဘူးနော်….”
“ ဒါပေမယ့် ငါတို့မှာ သက်သေ ရှိထားပြီးပြီဆိုတော့ ဖမ်းလို့တော့ ရလောက်မှာပါ ….”
“ အသုံးမဝင်ဘူး … မှတ်စုစာအုပ်ထဲ ပါတဲ့ အချက်အလက်တွေက မပြည့်စုံဘူး … ပြီးတော့ သူတို့ရဲ့ တရားရေးရာ အဖွဲ့တွေက ပရော်ဖက်ရှင်နယ်တွေ … နာမည်တူတဲ့ တခြားတစ်ယောက်က သူတို့ သူဌေးကို ပုတ်ခတ်ချင်လို့ပါဆိုပြီး သေချာပေါက် ပြောလာလောက်တယ် … ပြီးရင် ငါတို့ကိုပါ ပြန်ပြီး တရားစွဲရင် တရားစွဲနေဦးမှာ ….” ကူရိရန်က အုံ့မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ ဒီလိုမျိုး လူတွေရဲ့ အမြင်မှာ ပုံရိပ်ကောင်းတွေ ရှိတဲ့ လူကို ကိုင်တွယ်ဖို့က ထင်သလောက် မလွယ်ဘူး …”
“ ငါတို့မှာ တကယ်ကြီး တခြား ရွေးချယ်စရာ မရှိတော့ဘူးလား ….” ကျန်းဇီရှင်း၏ လေသံက စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ပင်။ “ ငါတို့မှာ သက်သေအထောက်အထားလည်း ရှိတယ် … တကယ်လို့ လျိုဟွာရှန်းသာ သူတို့ကို ဆန့်ကျင်ပြီး မျက်မြင်သက်သေ လုပ်ပေးမယ်ဆိုရင် ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်တာပဲ ….”
“ အင်း … ဒီနည်းရှိတာပဲ … ဒါပေမယ့် အစ်ကိုလီကို ပြောပြပြီး သူဘယ်လို စဉ်းစားထားလဲ နားထောင်ဖို့ လိုသေးတယ် …”
“ ငါ စုံစမ်းကြည့်ပြီးပြီ … ဖန့်ချိန် ကုန်သည်ကြီးများ အသင်းရဲ့ လွှမ်းမိုးမှုက ငါတို့ စိတ်ကူးထားတာထက် ပိုတယ် … မကောင်းတဲ့ လုပ်ရပ်တွေလည်း တစ်ခုပြီး တစ်ခု အများကြီး လုပ်ဖူးတဲ့လူတွေ … တကယ်လို့ လျိုဟွာရှန်းသာ သူတို့ကို ဆန့်ကျင်ပြီး မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ်ဆိုရင် အမှုပြီးတဲ့ အချိန်အထိ သူ အသက်ရှင်သွားပါ့မလားတောင် ပြောမရဘူး … “ ကျန်းဖန့်က ဝင်ပြောလိုက်သည်။
ကျန်းဇီရှင်း တုန်ယင်သွားခဲ့သည်။
ပထမဦးဆုံးအကြိမ်အဖြစ် ချမ်းသာသည့် သူဌေးကြီးများ၏ အမှောင်ဘက်ခြမ်းကို သူမ ထိတွေ့လိုက်ရတာဖြစ်သည်။
“ တကယ်ပဲ အဲ့လောက်ထိ ကြောက်ဖို့ကောင်းတာလားဟင်….”
“ အဲ့တာက ရေခဲတောင် ထိပ်ဖျားလောက်လေးပဲ ရှိသေးတယ် ….” ကူရိရန် ပြောလိုက်ပြီး “ နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်လို့ကတော့ ငါတို့ အလုပ်တွေ ၊ ငါတို့အသက်တွေပါ ခြိမ်းခြောက်ခံလာရနိုင်တယ် ….”
“ ဒါဆို လက်လျှော့လိုက်ကြတော့မှာလား …”
ကျန်းဇီရှင်း၏ မျက်နှာအမူအရာက ဝေခွဲမရ ဖြစ်နေခဲ့ပြီး သူမမှာ ဘေးကြပ်နံကြပ် ဖြစ်နေလျက် ရှိ၏။
အမှုကို ဆက်လက်စုံစမ်းချင်သည်။ သို့သော် ဩဇာလွှမ်းမိုးမှု အင်မတန်ကြီးမားသည့် ထိုလူများ၏ ပုံရိပ်ကို မြင်ယောင်မိတိုင်း သူမကိုယ်သူမ သေးငယ်သည့် ပုရွတ်ဆိတ်လေးသဖွယ် ခွန်အားမဲ့ရသည်။
အသက်ပါပေးဆပ်ပြီး တာဝန်ထမ်းဆောင်ရလောက်အောင်လည်း သူမက အာဇာနည်စိတ်ဓာတ်နှင့် အမျိုးသမီး တစ်ယောက်မဟုတ်ခဲ့။
သူမနောက်ကွယ်တွင် ထောက်ပံ့ပေးရဦးမည့် မိသားစုရှိသည်။ အများကြီး ထည့်သွင်းစဉ်းစားစရာတွေ ရှိနေသည်။
သို့ပါသော်လည်း တာဝန်ဝတ္တရားက ရှိနေသေးပြန်သည့်အတွက် ဒီတိုင်း လက်လျှော့လိုက်ဖို့ကလည်း မဖြစ်နိုင်။ ကိုင်တွယ်လိုပါက အကျိုးရှိမည့် နည်းဗျူဟာတစ်ခုတော့လိုသည်။ မဟုတ်ပါက လက်လျှော့လိုက်ရုံသာ ရှိတော့၏။
လင်းရီ သူ့ထိုင်ခုံနောက်သို့ ကျောမှီလိုက်ရင်း သမ်းဝေလိုက်သည်။ “ ဒီနေ့ … ငါ ကိုယ်တိုင် ဖန့်ချိန် ကုန်သည်ကြီးများ အသင်းဆီသွားပြီး ဒီကောင်တွေ ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းတဲ့လူတွေလဲဆိုတာ ပညာသွားယူလိုက်ဦးမယ် ….”
မကြာမီ သူတို့တွေ မြို့ထဲ ဧရိယာသို့ ရောက်လာခဲ့သည်။ နောက် တစ်ဆင့် တက္ကစီ ထပ်ငှားစီးပြီး အမြန်ရထားဘူတာသို့ မောင်းနှင်လာသည်။ ထို့နောက် အမြန်ရထားစီး၍ ဖန့်ချိန်သို့ ည ရှစ်နာရီဝန်းကျင်တွင် ဆိုက်ရောက်လာခဲ့သည်။
ဖန့်ချိန်က ကျိုးဟိုင်ကဲ့သို့ ချမ်းသာသည့် မြို့တစ်မြို့ဖြစ်ပြီး နေရာတိုင်းတွင် ခေတ်မီဆန်းသစ်သည့် အရှိန်အဝါတို့ ထုတ်လွှတ်နေလျက် ရှိသည်။ သို့ပါသော်လည်း သမိုင်းအဆောက်အဦးများနှင့် ယဉ်ကျေးမှု ထိတွေ့စရာများကို မတွေ့ရသဖြင့် ကျိုးဟိုင်အောက်သို့ တစ်ဆင့်လျော့သည်။
“ သွားစို့ … ငါ ဟိုတယ်မှာ အခန်းကြိုမှာထားပြီးပြီ … အရင်ဆုံး အခြေချကြတာပေါ့ … ပြီးမှ ကျန်တာတွေ ဆက်ပြောကြမယ် ….”
ပြီးနောက် သူတို့တွေ တက္ကစီဖြင့် ရစ်ဇ်ကာတွန် ဟိုတယ်သို့ ရောက်ရှိလာသည်။
“ ဝါး ….”
ခမ်းနားထည်ဝါသည့် ဧရာမ ဟိုတယ်ကြီးကို မြင်တာ့ ကျန်းဇီရှင်းမှာ အံ့ဩဘနန်း အမူအရာနှင့် ဖြစ်သွားခဲ့သည်။
“ အစ်ကိုရီ … ဌာနက ကျွန်မတို့ကို ဒီလိုဟိုတယ်မျိုးအတွက် ကုန်ကျစရိတ် ပြန်ပေးမှာ သေချာပါတယ်နော်…”
“ မရင့်ကျက်လိုက်တာ … ဟိုတယ်စရိတ်အစား တခြား သုံးရတဲ့ စရိတ်နေရမှာ ပိုပြီး တင်ပြလိုက်မှာပေါ့ … ဘာခက်တာမှတ်လို့ ….”
“ အစ်ကိုရီ … ရှင်က အမေးဇင်းပဲ …..”
“ သူ့နောက်လိုက်ပြီး မသင်ယူနဲ့ … နင်လည်း အကျင့်ပျက်ခြစားတဲ့လူ ဖြစ်သွားလိမ့်မယ် ….” ကူရိရန် ပြစ်တင်ရှုတ်ချလိုက်သည်။
“ လာကြလေ … ဒီအတိုင်း ရပ်မနေကြနဲ့ … ငါတော့ ဗိုက်ဆာနေပြီ …”
လေးယောက်သား ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြသည်။ လင်းရီက အခန်းနှစ်ခန်း ကြိုမှာထားပြီး သူတို့၏ အထုပ်အပိုးများကို နေရာချပြီးနောက် ဟိုတယ်ဒုတိယထပ်ရှိ စားသောက်ဆိုင်တွင် မြန်မြန်ခပ်သွက်သွက် ညစာ စားလိုက်သည်။ ပြီးသည့်နောက် အခန်းသို့ ပြန်လာပြီး လီရှန်းဟွေ့နှင့် ဗွီဒီယိုကော ပြောကြ၏။
“ အစ်ကိုလီ … ရှင်လည်း ဒီမှာ ဘာတွေ ဖြစ်နေလဲ သိပြီးလောက်ရောပေါ့ … ခေါင်းဆောင်ကြီးတွေက ညွှန်ကြားချက်တွေ ထပ်ပေးသေးလား …” ကူရိရန် မေးလိုက်သည်။
“ သူတို့ပြောတာတော့ စောင့်ဦးတဲ့ … ဒီကိစ္စက ကျယ်ပြောတော့ ခေါင်းဆောင်ကြီးတွေ အချင်းချင်းတွေ့ပြီး ဆုံးဖြတ်ချက် ချဖို့ လိုတယ်…”
“ အဲ့လိုသာဆိုရင်တော့ အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးလေးနဲ့ လည်ပတ်ရုံရှိတော့တာပဲ ….”
“ လည်ပတ်တဲ့ ကိစ္စကို နောက်မှပြော … မင်းတို့ အားနေတယ်ဆို ဖန့်ချိန် ကုန်သည်ကြီးများအသင်းကို စေ့စေ့စပ်စပ် စုံစမ်းထား … သဲလွန်စ တစ်ခုရလည်း တစ်ခု … အမှုဖြေရှင်းတဲ့ နေရာမှာ အကူအညီ ဖြစ်နိုင်တယ် ….”
“ ဒါဆိုလည်း အစ်ကိုလီတို့ဘက်က အစီအစဉ်ကို စောင့်ရင်းနဲ့ အဲ့ကိစ္စကို စုံစမ်းထားလိုက်မယ် …”
“ အင်း ….”
ဖုန်းချပြီးနောက် ကူရိရန်က ပျင်းရိစွာ အညောင်းဆန့်လိုက်သည်။
“ လောလောဆယ်တော့ ထားလိုက်တော့ … သွားပြီး နားကြတော့ … တို့တွေ မနေ့ကလည်း ကောင်းကောင်း မအိပ်ရသေးဘူး .. ပင်ပန်းလိုက်တာ သေမတတ်ပဲ ….”
အသေးစိတ် ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် အုပ်စု နှစ်ခုခွဲ၍ သူတို့ သက်ဆိုင်ရာအခန်းများသို့ ပြန်သွားခဲ့ကြသည်။
“ ညီကိုရီ … မင်းအဲ့တာ ဘာလုပ်နေတာ …”
လင်းရီက သူ့အခန်းထဲ ဝင်ဖို့ အစီအစဉ်မရှိတာကို မြင်တော့ ကျန်းဖန့် မေးလိုက်သည်။
“ ငါ ဒီမှာ သူငယ်ချင်းတစ်ယောက် ရှိတယ်လေ … အဲ့တာ သူနဲ့ အနှိပ်သွားခံမလို့ …. မင်းကို မနှောင့်ယှက်တော့ဘူး …”
တဏှာထန်သည့် အပြုံးကြီးက ကျန်းဖန့် မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
“ ဒါဆိုလည်း ငါ့ကောင်ကြီး ဒီနေ့ည တန်ဖိုးရှိတဲ့ နွေဦးအချိန်လေး ပိုင်ဆိုင်ပါစေကွာ … ငါတော့ စက်တော်ခေါ်တော့မယ် …”
“ အိုကေ …”
လင်းရီ သူ့ကိုယ်သူ ထိန်းညှိ၍ ဓာတ်လှေကားသို့ ထွက်ခွာသွားခဲ့သည်။
ဓာတ်လှေကားတံခါး ပွင့်လာသည့် အချိန်၌ လင်းရီမှာ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့၏။
ဓာတ်လှေကားထဲတွင် သူနှင့် ရင်းနှီးနေသည့် မျက်နှာတစ်ခု ရှိနေသည်။
ထိုလူကတော့ လင်းဟန် ….