ရေချိုးစင်တာသို့
Vol. 146 Ch. 2179
“ အဲ့လိုလုပ်တာက တရားမဝင်ဘူးလေ … ကြီးလေးတဲ့ ရာဇဝတ်မှုမြောက်တယ် …”
လင်းဟန် သူမ၏ အကြောင်းပြချက်ကို ပြောလိုက်သည်။ သို့ပါသော်လည်း သူမ၏ လေသံနှင့် အပြုအမူတို့ထဲတွင် ယခင်ကကဲ့သို့ ပြတ်သားမှုတို့ ကင်းမဲ့နေသည်။
“ အဘိုး နားလည်တယ် … ဒါပေမယ့် သူတို့တောင်းဆိုတာတွေကလည်း လွန်ကျူးတဲ့ဟာတွေ မပါဘူးလေ …” လီဝန်ကျွင်း ပြောလိုက်ပြီး “ သူတို့ သတ်ချင်တဲ့လူက သေမိန့်ကျပြီးသားလူ … သူ့ ကံကြမ္မာက သေဖို့ သေချာပြီးသား … သေမယ့်လူကို စောစီး အရောက်ပို့လိုက်တာကလည်း ဆိုးတဲ့ကိစ္စမှမဟုတ်တာ … ဘာလို့ဆို သူက သေလူဖြစ်နေပြီးသားကိုး ….”
“ ဒါပေမယ့် သူတို့က ဘဏ်ရဲ့ ကတ်စတန်မာ အချက်အလက်တွေရော လိုချင်နေတာလေ … သမီး မတတ်နိုင်ဘူး …”
“ သေချာလို့လား …. မြေးတို့ရဲ့ ဘဏ္ဍာရေး ရာဇဝတ်မှု စုံစမ်းရေး ဌာနမှာ သက်ဆိုင်ရာ အချက်အလက်တွေကို ရယူနိုင်တဲ့ အခွင့်အရေး ရှိတယ် မဟုတ်ဘူးလား …”
“ ရှိတယ် …” လင်းဟန် ခေါင်းခါလိုက်သည်။ “ ဒါပေမယ့် အထက်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းဖို့ လိုသေးတယ် … သမီးလို စုံထောက် အသင်းခေါင်းဆောင်က ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး ….”
“ အိမ်း ….”
လီဝန်ကျွင်း လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ ရှောင်ဟန် … မြေးအဘိုးကတော့ မြေးအတွက် တတ်နိုင်သမျှ လမ်းခင်းပေးထားပြီးပြီ … မြေးလျှောက်ဖို့ ရွေးချယ်တာ မရွေးချယ်တာက မြေးရဲ့ ရွေးချယ်မှုပဲ …. တကယ်လို့ မလုပ်နိုင်ဘူး ခံစားနေရတယ်ဆိုရင်လည်း မလုပ်နဲ့ … ကျုံးဝေ့တပ်ဖွဲ့ထဲ မဝင်နိုင်ဘူးဆိုတော့လည်း အဘိုးတို့တွေ ကံကြမ္မာဖန်လာတယ်ပဲ မှတ်ကြတာပေါ့ ….. အဘိုး စကားတွေ အများကြီး ပြောမနေတော့ဘူး … မြေးရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို မြေးလက်ထဲမှာပဲ ထားထားပေးမယ် …”
လင်းဟန်မှာ ကားထဲတွင် ထိုင်နေရင်း မျက်လုံးနှစ်ဖက်ကို တင်းကြပ်စွာ မှတ်ထားပြီး ထိုင်ခုံနောက်ကျောသို့ မှီထားခဲ့သည်။
သူမ၏ လက်ရှိ အရည်အချင်းတို့ဖြင့် ကျုံးဝေ့တပ်ဖွဲ့က နောက် တစ်နှစ် မဟုတ် နှစ်နှစ်တွင် ပြန်ပြီး လူရွေးပွဲ ခေါ်ယူလျှင်ပင် ရွေးချယ်ခြင်း ခံရနိုင်သည့် အခွင့်အရေးတို့က အင်မတန် နည်းပါးကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။
E အဆင့် သွေးရည်ကြည်ကို အသုံးပြုသည်က တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
မဟုတ်ပါက သူမ၏ တစ်ဘဝလုံးကို ရဲစခန်း သေးသေးလေးထဲမှာပဲ နစ်မြုပ်နေရလိမ့်မည်။
သူမ ငယ်စဉ် ကလေးဘဝကတည်းက သည်းခံလာခဲ့ရတဲ့ ခံစားချက်တွေ ၊ သူမရဲ့ အားထုတ်ကြိုးပမ်းခဲ့မှုတွေ ၊ သူမ နှစ်ရှည်လများစွာ မက်ခဲ့ရတဲ့ အိပ်မက်တွေ ၊ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
သူမ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ မဝင်ရောက်နိုင်ဘူးဆိုပါက ငယ်ငယ်တုန်းက ဒီလောက်ထိ ကြိုးစားခဲ့တာတွေက ဘာအတွက်လဲ။
ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ကို ဘာကြောင့် အိပ်မက်မက်ခဲ့ရတာလဲ။
အဲ့ဒီအပေါ် ပေးဆပ်ခဲ့တဲ့ အချိန်တွေ … ၊ စွမ်းအင်တွေ အားလုံးကရော အချည်းနှီးပဲလား။
အသားထဲသို့ လက်သည်းများ စိုက်ဝင်သည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
သူမ အလိုမရှိ ၊ အရှုံးပေးလိုက်ဖို့ ဆန္ဒမရှိပေ။
…….
လင်းဟန်နှင့် လမ်းခွဲပြီးနောက် လင်းရီသည် တက္ကစီဖြင့် ပင်းဟိုင် ရိပ်သာလမ်းသို့ ထွက်လာခဲ့သည်။
အလှမ်းသိပ်မဝေးသည့် တစ်နေရာတွင် ယွင်ရှန်းစီးတီးကလပ်ဟူသော လေးထပ်မြင့် အဆောက်အဦးကြီး တစ်ခု ရှိ၏။
ကလပ်က လေးလွှာရှိပြီး အဓိက အဆောက်အဦးကြီးက ဖြူဝင်းတောက်ပြောင်၍ ခမ်းနားထည်ဝါပြီး ခေတ်ဆန်သည့် အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။
ဤနေရာက ဖန့်ချိန် ကုန်သည်ကြီးများ ပုံမှန် စုဝေးရာ နေရပ်တစ်ခုဖြစ်ပြီး သူတို့၏ ဌာနချုပ်ဟု သုံးနှုန်းလျှင်လည်း မှားမည်မထင်။
ပြောကြသည်ကတော့ သူတို့ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်လိုပါက ပိုင်ဆိုင်မှု တန်ဖိုး ယွမ် သန်း ရာနဲ့ချီ မရှိပါဘဲ မဖြစ်နိုင်ဘူးဆိုပင်။
ထိုအချိန်တွင် ယွင်ရှန်းကလပ်၏ မီးအလင်းရောင်များမှာ လင်းထိန်တောက်ပနေခဲ့သည်။
အတွင်းတွင် လူများ ရှိနေလားဆိုတာကို ထွင်းဖောက်မြင်ဖို့ မဖြစ်နိုင်သော်လည်း အခန်းတိုင်းတွင် မီးတို့လင်းထိန်နေခဲ့ပြီး တစ်ချို့က လိုက်ကာများ ချထားကြကာ ၊ တစ်ချို့ကတော့ ထိုသို့ မလုပ်ကြပေ။
ပင်းဟိုင် ရိပ်သာလမ်းဘေးတွင် ထိုငနေရင်း လင်းရီသည် ချိုးယွီလော့ထံသို့ ဖုန်းတစ်ချက် ဆက်လိုက်၏။
“ ကြည့်ရသလောက်တော့ နင် အထဲဝင်ဖို့က မဖြစ်နိုင်ဘူးပဲ …” ချိုးယွီလော့ ဖုန်းထဲကနေ ပြောကြားလာသည်။
“ ပြီးတော့ နင် အထဲရောက်သွားရင်တောင် အရေးပါတဲ့အရာတွေ တွေ့နိုင်မှာ မဟုတ်ဘူးနော်….”
“ မင်းပြောသလိုဆို နည်းနည်းလေး လက်ဝင်မယ့်ပုံပဲ ….”
“ နင်ပို့လာတဲ့ စာရင်းကို ငါ ကြည့်ပြီးပြီ … ဒီလူတွေ အကုန်လုံးမှာက ကြီးမားတဲ့ ဆိုရှယ်လွှမ်းမိုးမှုတွေ ရှိတယ် … ဒီတော့ ကန့်သတ်ထားတာတွေလည်း အများကြီး ရှိမှာပဲ …” ချိုးယွီလော့ ပြောလိုက်သည်။ “ တကယ်လို့ နင်သူတို့ဆီ ရောက်ချင်တယ်ဆိုရင်တော့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ် …”
“ ပြော …”
“ ငါ နင့်ကို ကူပြီး ဒီလူတွေ အကြောင်း စုံစမ်းပေးမယ် … သက်သေတွေ အကုန် အဆင့်သင့် ဖြစ်ပြီဆိုတာနဲ့ ငါတို့ အထဲဝင်ပြီး ဖမ်းလို့ရပြီ ….”
“ အဲ့လိုလည်း ရတယ်လေ … "
" ဒါပေမယ့် နည်းနည်းကြာမယ် … အနည်းဆုံး တစ်လလောက်ပေါ့ ….”
" မကြာလွန်းဘူးလား... ငါက ဒီည ရချင်တာ ... "
“ သူတို့ရဲ့ အဆင့်အတန်းနဲ့ သက်သေအချက်အလက်တွေကို တစ်လအတွင်း ရနိုင်မယ်ဆိုရင်ကိုပဲ နင့်ကိုယ်နင် ကံကောင်းတယ်မှတ်ဟဲ့ သေနာရဲ့ ….”
“ မဖြစ်ဘူး … ကြာလွန်းတယ် ….”
“ ဒါပေမယ့် နည်းလမ်းက အဲ့တစ်ခုတည်း ရှိတာလေ …” ချိုးယွီလော့ ပြောလိုက်သည်။ “ ပြီးတော့ နင်သိထားရမှာ ငါကိုယ်တိုင် စုံစမ်းလို့သာ သက်သေ အချက်အလက်တွေ ရနိုင်မှာ … တကယ်လို့ ပုံမှန်လမ်းကြောင်းကနေ စစ်ဆေးမယ်ဆိုလို့ကတော့ ဘယ်နေရာမှာမှန်းမသိ အဆုံးသတ်သွားလိမ့်မယ် ….”
“ ဒါကြီးက စောက်ရမ်း ရယ်ချင်စရာပဲ …” လင်းရီ ကျိန်ဆဲလိုက်သည်။
“ နင်အခု သိပြီမလား … သူတို့လို သူဌေးကြီးတွေရဲ့ အမှောင်ဘက်ခြမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ … ဒီထဲ မသက်ဆိုင်တဲ့ လူတစ်ချို့တောင် နင့်လမ်းကြောင်းထဲ ဝင်လာရှုပ်နေဦးမယ် … ငါပြောချင်တာကို နားလည်တယ်မလား ….”
“ ငါနားလည်တယ် ….”
ဧရာမ များပြားသည့် ငွေကြေးအင်အားက ကောင်းကင်တွင် မျောလွင့်နေသည့် တိမ်စိုင်များကဲ့သို့ပင်။
ဖောက်ထွင်းဖို့ ကြိုးစားသည်နှင့် ကိုယ်က မိုးကြိုးပစ်ခံရလိမ့်မည်။
“ အဲ့ဒီတော့ နင် ဒီကိစ္စကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ ….”
“ မင်းဘက်ခြမ်းက ဆက်ပြီး စုံစမ်းနေလိုက် … ငါ ဒီမှာ အခွင့်အရေးကောင်း ရှိမရှိ ကြည့်လိုက်ဦးမယ် …” လင်းရီ ပြောလိုက်သည်။ “ ဒီအထိတောင် ရောက်လာပြီးမှတော့ ငါးမရလည်း ရေချိုးပြန်တာပေါ့ ….”
“ အိုကေ … ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက် ….” ချိုးယွီလော့ ပြောလိုက်၏။ “ စကားမစပ် နင် ကလပ်ထဲသို့ ဝင်လို့မရဘူး … ဒါပေမယ့် နင် စစ်ဆေးချင်လောက်မယ့် တခြားတစ်နေရာတော့ ရှိတယ် ….”
“ ဘယ်နေရာလဲ ….”
“ ပင်းဟိုင် ရိပ်သာလမ်း နံပါတ် ၂၃၀ မှာ ရေချိုးစင်တာ တစ်ခု ရှိတယ်… မန်ဘာစနစ်နဲ့ဆိုပေမယ့် နင့်မှာ ပိုက်ဆံရှိသရွေ့ အထဲဝင်လို့ရတယ် …” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါ အချက်အလက်တွေ စစ်ဆေးပြီးသွားပြီ .. အဲ့ဒီ ရေချိုးစင်တာက ဖန့်ချိန် ကုန်သည်ကြီးများအသင်းနဲ့ ထင်ရှားတဲ့ ဆက်စပ်မှုတွေ ရှိနေတယ်ဆိုတော့ နင် အားတယ်ဆို တစ်ချက် သွားကြည့်ကြည့်ပါလားလို့ ….”
“ ကောင်းသားပဲ … ငါလည်း အပမ်းပြေ အနှိပ်ခံချင်နေတာနဲ့ အတော်ပဲ ….”
“ နင် အဲ့လိုလုပ်မယ်မှန်း ငါသိသားပဲ …”
“ ကောင်းပြီ … ပြောနေတာတွေ တော်ပြီ … ရတနာဓားကြီးကို ဆွဲထုတ်ဖို့ အချိန်ရောက်ပြီ …”
လင်းရီ ဖုန်းချပြီး သူ့ဘေးရှိ အဆောက်အဦးနံပါတ်ကို တစ်ချက်ကြည့်လိုက်သည်။
နံပါတ် ၁၆၉ …
သိပ်မဝေးပေ။ ထို့ကြောင့် သူ ဖြည်းညင်းစွာပဲ လမ်းလျှောက်သွားလိုက်၏။
မိနစ် အနည်းငယ် ကြာပြီးနောက် ချိုးယွီလော့ ပြောသည့် ရေချိုးစင်တာသို့ လင်းရီ ရောက်ရှိလာသည်။
ရောက်သည်နှင့် ဤနေရာက ကျိုးဟိုင် ရေချိုးစင်တာများနှင့် ကွဲပြားနေကြောင်းကို သတိထားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဆိုင်းဘုတ်က ‘ မြေထဲပင်လယ်ကလပ် အားလပ်ရက် စင်တာ’ ဟု ရေးသားထားသောကြောင့်ပင်။
လင်းရီ တောက်တစ်ချက်ခေါက်လိုက်၏။ သူဌေးကြီးတွေက တကယ် ကစားတတ်ကြတာပဲ။ မျိုးစုံလွန်းတယ်။
“ ဆရာရှင့် … ကျွန်မတို့ ကလပ်ကအဖွဲ့ဝင်တွေ သီးသန်ပါ … လူတိုင်းအတွက် ဖွင့်ပေးထားတာ မဟုတ်ပါဘူး … စိတ်မရှိပါနဲ့ရှင့် …”
ဝင်ပေါက်ဝတွင် ရပ်နေသည့် ပေါင်နားလောက်သာ ရောက်သည့် စကတ်ကို ပတ်ထားသည့် အမျိုးသမီးတစ်ဦးက သူ အထဲဝင်မှာကို မြင်တော့ ပြောကြားလာသည်။
“ ငါ ကားမောင်းမလာဘဲ ဒီတိုင်း ခြေကျင်လျှောက်လာလို့ မင်း ငါ့ကို ပေးမဝင်တာမလား …”
အမျိုးသမီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။ သူမ အဲ့လို တွေးတောနေခဲ့တာ ဖြစ်၏။ သို့သော် ကျယ်လောင်စွာ ထုတ်ပြောလို့က မသင့်ပေ။
“ ဘားကို ဆိုင်ကယ်နဲ့ လာတယ်ဆိုလည်း ငါ ချွေတာသင့်တဲ့ နေရာ ချွေတာတယ်လေ … သုံးဖြုန်းချင်တဲ့ နေရာ သုံးဖြုန်းမှာပေါ့ … ငါက ခြေကျင်လျှောက်လာတယ်ဆိုတိုင်း ငါက မတတ်နိုင်ဘူးလို့မှ မဟုတ်တာ …”
တံခါးဝရှိ အလှလေးနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လင်းရီက ရုပ်ချော ကြည့်ကောင်းတယ်ဆိုပေမယ့် ပိုက်ဆံရှိတဲ့ လူတစ်ယောက်နဲ့ မတူ။ သို့သော် တစ်ဖက်ကလည်း ထိုသို့ ပြောလာပြီး သူမတို့ ရေချိုးစင်တာကလည်း ပိုက်ဆံရှာဖို့ ဖွင့်ထားတာ ဖြစ်သည့်အတွက် သူ့ကို မောင်းထုတ်လိုက်လို့ကလည်း မဖြစ်ပြန်။
“ ဆရာ … ကျေးဇူးပြုပြီး ဒီဘက်ကြွပါရှင့် ..”
အလှလေး၏ လမ်းပြမှုအောက်တွင် လင်းရီ စင်တာအတွင်းထဲသို့ ရောက်လာခဲ့သည်။
အထဲသို့ ရောက်သည်နှင့် နွေးထွေးသည့် အလင်းရောင်က လူကို ချွေးထုတ်ပေါင်းခံသည့် အခန်းထဲသို့ ရောက်ရှိသွားသည့်နှယ် ခံစားရစေသည်။
“ ဆရာ .. ကျွန်မတို့က မန်ဘာစနစ်နဲ့သွားတော့ မန်ဘာ …..”
“ မလိုဘူး … မိတ်ဆက်ပေးဖို့ မလိုဘူး … မင်းတို့ မန်ဘာကြေး ဘယ်လောက်တောင်းလဲပဲ ပြောလိုက် ….”
“ မန်ဘာကြေးတွေက ယွမ် ၈၈,၀၀၀ကနေ ၈၈၈,၀၀၀ အထိ ရှိပါတယ်ရှင့် … ဒါပေမယ့် မန်ဘာဝင်ဖို့ဆို စရံ ၅၀၀,၀၀၀ သွင်းထားဖို့ လိုပါတယ် …”
ထိုမျှ ခေါင်ခိုက်နေသည့် ဈေးကိုသိလိုက်ရတော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
ထိုမျှ မြင့်မားသည့် ဈေးနှုန်းဖြင့် အထဲတွင် လှည့်ကွက်များ မရှိနေဟု ပြောလာမည်ဆိုပါက အရူးပင် ယုံမှာ မဟုတ်ချေ။
“ ငါ့ကို အကောင်းဆုံးဆိုတာပဲပေး …” လင်းရီ သူ့ဘဏ်ကတ်ကို ကမ်းပေးလိုက်၏။
“ ဟုတ် ဆရာရှင့် … ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါနော်….”
လင်းရီ မန်ဘာကတ်လုပ်နေစဉ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ ဆံပင်ရှည်ရှည် ၊ တိုလွန်းသည့် စကတ်ဒီဇိုင်းနှင့် အလှလေး တစ်ဦး အဖော်ပြုလျက် အတွင်းထဲက ထွက်လာသည်။
လင်းရီကို မြင်သည့် အချိန်၌ အမျိုးသား၏ မျက်လုံးသူအိမ်တို့က တစ်စုံတစ်ရာ အတွေးနက်သွားသည့်နှယ် ကျုံ့ဝင်သွားခဲ့သည်။