အစီအစဉ် နှစ်ခု
Vol. 146 Ch. 2181
“ ငါကတော့ တိုက်ဆိုင်တယ်လို့ ထင်တယ်…”
လျိုယွမ်ချိန် ပြောလိုက်သည်။
“ လိုင်းပေါ် တက်ကြည့်လိုက်တာ လင်းယွင် အုပ်စုရဲ့ အချက်အလက်တွေထဲမှာ တရားဝင် ကိုယ်စားပြုတဲ့လူက ကျီချင်းရန်လို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ပဲ … စီအီးအိုက ချီရှန်းကျောက် … အဲ့တာတွေကလွဲပြီး တခြား ကျန်တာ ဘာမှ ရှာဖို့ မတွေ့ဘူး …”
“ ငါ အတွေးလွန်သွားတာနေမယ် ….”
လင်းရီ၏ သတင်းအချက်အလက်အများစုက ကျုံးဝေ့တပ်ဖွဲ့၏ ဖျက်စီးခြင်းကို ခံထားရသည်။
သူက မစ်ရှင်များစွာကို ပြီးမြောက်စေခဲ့ပြီး နိုင်ငံခြားတွင်လည်း ရန်သူတို့က အနှံ့အပြား ရှိနေသည်။
မရေမတွက်နိုင်သည့် လူက သူ့အား ချက်ချင်းပဲ အသေရရ ၊ အရှင်ရရ လိုချင်နေကြသည်။ ထို့ကြောင့် လင်းရီ၏ အချက်အလက် အများစုကို ဖုံးကွယ်ထားရခြင်း ဖြစ်၏။
အစိုးရ၏ အခွန်နှင့် ဘဏ္ဍာရေး စနစ်များထဲ၌ပင် သူ့ အကြောင်း မည်သည့် သတင်းအချက်အလက်ကိုမျှ ရှာတွေ့နိုင်မှာ မဟုတ်ချေ။
ထို့ပြင် ယခင် ပနားမား ဖြစ်ရပ်ကြောင့် လင်းရီက လင်းယွင်အုပ်စုကို ကျီချင်းရန်ထံသို့ လွှဲပြောင်းထားလေသည်။
သက်ဆိုင်ရာ လုပ်ငန်းစဉ်များလည်း ပြီးမြောက်သွားပြီး အကယ်၍ ၎င်းတို့ကသာ လင်းယွင်အုပ်စု၏ သတင်းအချက်အလက်များကို ရှာဖွေကြည့်မည်ဆိုပါက ကျီချင်းရန်တစ်ဦးတည်းကိုသာ ရှာတွေ့နိုင်ပြီး လင်းရီ အကြောင်း ဘာမျှ သိနိုင်မှာ မဟုတ်ချေ။
သို့ပေမယ့်လည်း ၎င်းတို့ကသာ နက်နက်ရှိုင်းရှိုင်း တူးဆွခဲ့မည်ဆိုလျှင် လင်းရီ သေဆုံးသွားသည့် သတင်းကိုပင် တွေ့ရှိနိုင်ပြီး ယင်းက သက်သေပြရန် ပို၍ ခက်ခဲသွားစေမည်။
အသိုင်းအဝိုင်းထဲရှိ ထိပ်တန်း ခေါင်းဆောင်ကြီး တစ်ချို့ကလွဲပြီး မည်သူကမျှ လင်းရီ၏ အခြေအနေအကြောင်းကို ဂဃနဏ မသိကြချေ။
“ ဒါပေမယ့် ငါတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း စဉ်းစားဖို့ လိုတယ် …” လျိုယွမ်ချိန်က ပြောလိုက်သည်။ “ သူက ဖန့်ချိန်ကိုလာပြီး ရေချိုးစင်တာကို သွားခဲ့တယ် … ငါတို့ရဲ့ အခြေအနေအကြောင်း သိထားမှာ ကျိန်းသေတယ် … ပြီးတော့ စပြီးတော့မှတောင် စုံစမ်းစစ်ဆေးနေလောက်ပြီ … ငါတို့မှာ အချိန်အများကြီး သိပ်မကျန်တော့ဘူး ….”
“ မင်းတို့ရော ဘယ်လိုထင်လဲ …”
“ ငါ့အတွေးကတော့ သူ့ကို သတ်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေ အကုန်လုံးကို ကြိုပြီး လက်စသတ်ထားဖို့ပဲ …”
“ ငါတို့လည်း အဲ့လို စဉ်းစားနေကြတာပဲ … တကယ်လို့ သူသာ မသေသွားခဲ့ဘူးဆိုရင် ငါတို့ဆီ အတောမသတ်နိုင်တဲ့ ပြဿနာတွေ ယူလာနိုင်တယ် …”
“ ဒါပေမယ့် ပြဿနာက အဲ့ဒီ ရဲက ကိုင်တွယ်လို့ မလွယ်တာပဲ … စွန်းမင်ချန်း ပြောတာကတော့ သူ ထာဝရကျေးရွာမှာတုန်းက တစ်ယောက်တည်းနဲ့ လူ အယောက် ၁၀၀ ကျော်ကို အမှောက်သိပ်ခဲ့တယ်ဆိုပဲ … ငါတို့ သူ့ကို ဘယ်လိုနည်းနဲ့ သတ်ကြမလဲ ….”
ပြောလိုက်သူက ရှိနေသည့် တစ်ဦးတည်းသော အမျိုးသမီးပင်။
သူမက အသက်လေးဆယ်အရွယ် ရှိပြီဖြစ်သော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းမှုကြောင့် သုံးဆယ်ကျော်မျှဟုသာ ထင်ရကာ နုပျိုနေသည်။ ကျော့ရှင်းပြီး အထက်တန်းလွှာဆန်သည့် အငွေ့အသက်တို့ ထုတ်လွှတ်နေလျက် ရှိကာ ရင့်ကျက်သည့် အမျိုးသမီး၏ ဆွဲဆောင်မှုတို့ဖြင့် လှပနေသည်။
သို့ပါသော်လည်း မျက်နှာတစ်ခုတည်းကို ကြည့်၍ လူတစ်ယောက်၏ အတွင်းစိတ်ထားက မည်သို့မည်ပုံ ရှိလဲဆိုတာကို ခန့်မှန်းမိဖို့က အတော်လေး မလွယ်ကူလှချေ။ အပေါ်ယံ အလှက လူ၏ အမြင်ကို လှည့်စားနိုင်သည်။
“ ငါ ဖုန်း ထပ်ဆက်ပြီး အခြေအနေကို တစ်ချက် စုံစမ်းကြည့်လိုက်မယ် …”
ဟွမ်စစ်ဟိုင်က သူ့ဖုန်းထုတ်၍ စွန်းမင်ချန်း၏ နံပါတ်ကို နှိပ်လိုက်၏။
“ ဟယ်လို ဒါရိုက်တာစွန်း … အိပ်နေပြီလား ….”
ဖုန်းဝင်သွားပြီးနောက် ဟွမ်စစ်ဟိုင်က ရယ်ရယ်မောမောနှင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ မအိပ်သေးပါဘူး … ဥက္ကဌဟွမ် ကိစ္စတစ်ခုခု ရှိလို့လား ….”
“ လင်းရီဆိုတဲ့ ရဲတစ်ယောက် အကြောင်း ကျုပ် သိချင်လို့ .. သူတစ်ယောက်တည်းနဲ့ လူ အယောက် ၁၀၀ ကျော်ကို အမှောက်သိပ်ခဲ့တယ်ဆိုတာ တကယ်လား … ခင်များ ချဲ့ကားပြီး ပြောနေတာတော့ မဟုတ်ဘူးမလား ….”
စွန်းမင်ချန်း စက္ကန့်အနည်းငယ်မျှ အတွေးနက်သွားခဲ့သည်။
“ လုံးဝ မဟုတ်ဘူး …” စွန်းမင်ချန်း လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ “ ငါတို့ ထာဝရကျေးရွာကို ရောက်တော့ ငါတို့ ဆယ်ယောက်လုံးမှာ လက်နက်ကိရိယာ အပြည့်အစုံနဲ့ … သူ စပြီး တိုက်ခိုက်တော့ တခြားလူတွေက သူ့ကို အနောက်ကနေ ကာဗာပေးထားတာ .. တစ်ချို့လူတွေက တခြားရဲအရာရှိတွေကြောင့် မှောက်သွားတာ … သူနဲ့ သိပ်မဆိုင်ဘူး … ဒါပေမယ့် အဲ့ကောင် တိုက်ခိုက်နိုင်တာကတော့ တကယ်ပဲ … အဲ့တစ်ချက်ကိုတော့ လုံးဝ သံသယ မရှိနဲ့ ….”
“ အဲ့တာဆို ရှင်းသွားပြီ ….”
“ ဥက္ကဌဟွမ်က ရုတ်တရက်ကြီး ဘာလို့ ဒီအကြောင်း မေးလာတာလဲ ….” စွန်းမင်ချန်း မေးလိုက်၏။ “ လျိုဟွာရှန်းကလည်း ဝန်ခံသွားပြီ … ငါတို့ ဒီအမှုကိုတောင် ပိတ်တော့မှာ … ကျိုးဟိုင်က အဲ့ဒီ ရဲတွေကလည်း ပြန်ကုန်ကြပြီ … မင်းတို့ ဆက်ပြီး စိုးရိမ်မနေနဲ့တော့ … ဒီက ကိစ္စအားလုံးကို ငါကိုင်တွယ်နိုင်တယ် ….”
“ ဒါရိုက်တာစွန်းရဲ့ အရည်အချင်းတွေကို ကျုပ်ယုံပါတယ် … ဒါပေမယ့် ကြားထဲမှာ တစ်ခုခု လွဲချော်သွားခဲ့တယ် … အဲ့ဒီ လင်းရီဆိုတဲ့ ရဲက ဖန့်ချိန်ကို ရောက်လာပြီ … ကျုပ်တို့ရဲ့ အပန်းဖြေနေရာကိုတောင် ရောက်လာတယ်ဆိုတော့ တော်တော်လေး ပုံမှန် မဟုတ်ဘူး ….”
“ သူ တကယ်ကြီး ဖန့်ချိန် ရောက်သွားတယ်ပေါ့ ….”
ဤသည်ကို ကြားတော့ စွန်းမင်ချန်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ အင်း … အမှန်ပဲ … ကျုပ်တို့ လူတွေ သူ့ကို တွေ့ပြီးပြီ ….”
“ သေစမ်း … ဒီစောက်ကလေးက တကယ့်ကို ပေရှည်တဲ့ကောင်ပဲ ..”
နေ့ခင်းပိုင်း ရှန်းဝေ့တွင်တုန်းက စစ်ကြောရေး တံခါး အပြင်ပေါက်ဝတွင် ထိုင်စောင့်နေခဲ့သည်က လင်းရီကို လှောင်ပြောင်ထေ့ငေါ့ချင်သောကြောင့်သာ မဟုတ်ဘဲ လင်းရီက တစ်စုံတစ်ရာကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားခဲ့ပြီး သူ၏ အစီအစဉ်များအား ဖျက်လိုဖျက်စီး လုပ်မှာကို စိုးရိမ်သောကြောင့်ပင်။
ကြည့်ရသည်မှာတော့ လင်းရီက တကယ်ပဲ အောင်မြင်သွားခဲ့ပုံပင်။
“ ငါက ရှန်းဝေ့က ဆိုတော့ ဖန့်ချိန်က ကိစ္စတွေကို မစီမံနိုင်ဘူး … မင်းတို့ ဒီကိစ္စကို သေချာလေး ကိုင်တွယ်ဖို့ လိုမယ် … မဟုတ်ရင်တော့ ပြဿနာ တက်ပြီပဲ ….”
“ ဒီငနဲက သေချာပေါက် ကိုင်တွယ်သင့်တဲ့ ကောင်စားမျိုးပဲ … ဒါပေမယ့် ကျုပ် ဒါရိုက်တာစွန်းရဲ့ အမြင်ကို သိချင်လို့ … ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ခင်များထင်လဲ …. ကျုပ်ကိုယ်ကျုပ် မသေချာဘူး ဖြစ်နေလို့ ….”
ဖုန်းတစ်ဖက်ခြမ်းရှိ စွန်းမင်ချန်းမှာ စက္ကန့်အနည်းငယ်ကြာမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလာသည်။
“ သူ့ကို ကိုင်တွယ်ဖို့က မခက်ပါဘူး … နည်းလမ်း ၂ နည်းရှိတယ် …”
“ ကျုပ် နားစွင့်နေပါတယ် …” ဟွမ်စစ်ဟိုင်က ယဉ်ကျေးစွာ ဆိုလိုက်သည်။
“ ဖန့်ချိန်မှာ မင်းရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး သူ့ကို တိတ်တိတ်လေး သတ်လိုက်ဖို့က မခဲယဉ်းဘူး … အဲ့တာဆို အနာဂတ် ပြဿနာတွေကိုလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ….”
“ တခြား နည်းလမ်းရှိသေးလား …. ကျုပ် ပိုပြီး နူးညံ့တဲ့ နည်းလမ်းလေး သုံးချင်တယ် …”
“ တခြားနည်းလမ်းကတော့ တရားဝင် ချဉ်းကပ်တာပဲ ….”
“ တရားဝင် ချဉ်းကပ်တယ် ဟုတ်လား ….”
“ ထာဝရ ကျေးရွာမှာ လူအယောက် ၂၀ ကျော် သေသွားခဲ့တယ် …. တစ်ချို့က သေနတ် ဒဏ်ရာကြောင့်ဆိုပေမယ့် အပြစ်တွေ အကုန်လုံးကို သူ့ခေါင်းပေါ် ပုံချလိုက်လို့ရတယ် …” စွန်းမင်ချန်း ပြောလိုက်သည်။ “ ဒါက ကွမ်တုံးစီရင်စု … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် စီရင်စုရဲ့ အင်အားတစ်ချို့ကို အသုံးချပြီး သူ့ကို လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းလို့ရတယ် …”
“ ဒါပေမယ့် သူ့ကို သေဒဏ်ချဖို့ကတော့ ခက်သွားမှာ ….”
“ မခက်ပါဘူး … သူ ထောင်ကျသွားရင်ကို အဆင်ပြေပြီ….” စွန်းမင်ချန်း ပြောလိုက်သည်။ “ သူ ထောင်ထဲ ရောက်သွားပြီဆိုတာနဲ့ သူရဲ့ သေခြင်း ရှင်ခြင်းက ငါတို့ရဲ့ စကားတစ်ခွန်းတည်းပဲလေ …”
ဟွမ်စစ်ဟိုင်၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်လာခဲ့သည်။
“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာစွန်း … ငါအခု ဘာလုပ်ရမလဲ သိပြီ …”
ကိစ္စကို ဆွေးနွေးပြီးနောက် ဟွမ်စစ်ဟိုင်က ဖုန်းချလိုက်သည်။ လူတိုင်း၏ အကြည့်က သူ့ထံသို့ ကျရောက်လာသည်။
“ ဥက္ကဌဟွမ် … တစ်ဖက်က ဘာပြောလဲ …”
“ သူက ငါတို့ကို ရွေးချယ်စရာ နှစ်ခု ပေးတယ် … တစ်ခုက လူလွှတ်ပြီး သူ့ကို သတ်ခိုင်းဖို့ … ဒုတိယက တရားဝင် လမ်းကြောင်းကနေ ချဉ်းကပ်ဖို့ … သူက ထာဝရ ကျေးရွာမှာ လူတွေ အများကြီး သတ်ခဲ့တယ် … အဲ့တာကတင် သူ့ကို ပြစ်ဒဏ်စီရင်ဖို့ လုံလောက်တယ် ….”
ဒုတိယ နည်းလမ်းကို ကြားတော့ လူတိုင်း စပြီး အတွေးနက်သွားခဲ့ကြသည်။
“ ဒီနည်းလမ်းက တကယ့်ကို အသုံးဝင်လောက်တယ် … ဒါပေမယ့် လူအင်အားနဲ့ အရင်းအမြစ်အင်အား အများကြီး စုစည်းဖို့ လိုမယ် … ပထမ တစ်နည်းလောက်လည်း တွက်ခြေမကိုက်ဘူး … ကျေးဖူးကြွေးဆိုတာ ပြန်ဆပ်ဖို့ အခက်ဆုံးပဲ ..”
ဟွမ်စစ်ဟိုင်၏ အကြည့်က အခြားသူများထံသို့ ယှက်သန်းသွားခဲ့သည်။
“ မင်းတို့ရော ဘယ်လိုထင်ကြလဲ ….”
“ သူ့ကို လူလွှတ်ပြီးပဲ သတ်ခိုင်းကြစို့ … သူ ဘယ်လောက်ပဲ မာတယ် ပြောပြာ ကျည်ဆံတစ်ချက်စာပါပဲ …” လျိုယွမ်ချိန်က ပြောလိုက်သည်။ “ ဒါပေမယ့် တရားဝင် နည်းလမ်းကိုတော့ အရံအနေနဲ့ သိမ်းထားကြတာပေါ့ … ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ရင် ချက်ချင်းပဲ အစိုးရ အရာရှိတွေကို အသိပေးပြီး ကိုင်တွယ်ခိုင်းလိုက်လို့ရတယ် … အဲ့လိုဆို ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး ….”
ဟွမ်စစ်ဟိုင် ခေါင်းညိတ်လိုက်သည်။ “ တခြား ဘာထပ်ပြောချင်သေးလဲ … မရှိတော့ဘူးဆို ငါ ဖုန်းနည်းနည်းလောက် ထပ်ဆက်ပြီး ကျန်တဲ့လူတွေ ဘယ်လိုထင်လဲ မေးလိုက်ဦးမယ် …”
“ ငါတို့လည်း ဥက္ကဌလျိုပြောတာကို ထောက်ခံတယ် ….”
“ ဒါဆိုလည်း အဲ့လိုပဲ ဆုံးဖြတ်ကြတာပေါ့ … ဒီကိစ္စ အကောင်အထည်ဖော်ဖို့ ဘယ်သူ့မှာ သင့်တော်တဲ့လူတွေ ရှိလဲ …”
“ ငါနဲ့ လွှဲထားလိုက် …” လျိုယွမ်ချိန်က စီးကရက် တစ်လိပ်ကို မီးညှိပြီး ပြောလိုက်သည်။
“ သူ သပ်သပ်ရပ်ရပ်နဲ့ ဘာအမှားအယွင်းမှ မရှိဘဲ သေသွားစေရမယ်လို့ အာမခံတယ် …”
“ ပေါ့ဆဆ မလုပ်နဲ့ … သူ့ စကေးတွေက တကယ်ကောင်းတာ … တစ်ယောက်တည်းတိုက်ခိုက်လို့ကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး … လက်နက်တွေလည်း နည်းနည်းလောက် ယူသွား … တစ်ချက်တည်းနဲ့ ပစ်သတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … သူ့ကို တစ်ချက်လေးတောင် အခွင့်အရေး မပေးနဲ့ ….”
“ စိတ်ချထားလိုက် … ငါအရင်ကလည်း ဒါမျိုးတွေ လုပ်ခဲ့ဖူးတယ် … ငါ့မှာ အတွေ့အကြုံတွေ ရှိပါတယ် … ဘာအမှားအယွင်းမှ မရှိစေရဘူး ….”
ဟွမ်စစ်ဟိုင်က မတ်တပ်ရပ်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
“ ဒါဆိုလည်း သွားပြီး စီစဉ်လိုက်တော့ … ငါ အထက်ကလူတွေနဲ့ ဆက်သွယ်ပြီး ချောချောမွေ့မွေ့နဲ့ စီစဉ်နိုင်ဖို့ လုပ်ရဦးမယ် …”
“ အိုကေ … ပြဿနာ မရှိဘူး …”