မင်းတို့ ကြိုက်သလိုလုပ်
Vol. 146 Ch. 2185
တစ်စုံတစ်ယောက်ရဲ့ အသံကို ကြားတော့ လင်းရီ နောက်လှည့်ကြည့်လိုက်သည်။
လှေကားကနေ ရဲ ခုနစ်ယောက်၊ ရှစ်ယောက်က ပြေးတက်လာနေပြီး တစ်ယောက်ချင်းစီတိုင်းက လက်နက်များ ကိုင်ထားကာ သူတို့၏ အမူအရာမှာ လေးနက် တင်းမာနေသည်။
၎င်းတို့နောက်တွင် လိုက်ပါလာသူများကတော့ သားသားနားနား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးများဖြစ်ပြီး ဦးဆောင်လာသည့်လူကတော့ ဟွမ်စစ်ဟိုင်ပင်။
သူ့အနောက်တွင် လူလေးဦး လိုက်ပါလာပြီး သူနှင့် စောနလေးတင်ကမှ တွေ့ဆုံထားခဲ့သူများ ဖြစ်၏။
ဤလူများကို မြင်တော့ လင်းရီ၏ အကြည့်က အာရုံစူးစိုက်သွားခဲ့၏။
၎င်းတို့၏ ဓာတ်ပုံများကို လင်းရီ ယခင်က မြင်ဖူးထားပြီး ဟွမ်စစ်ဟိုင်နှင့် အခြားသူများကို တစ်ချက်ကြည့်ရုံမျှနှင့် သူ မှတ်မိသည်။
လူ ဆယ့်နှစ်ယောက်ထဲတွင် သူက အချမ်းသာဆုံးဖြစ်၏။
ထိုလူပင် ရောက်လာခဲ့သဖြင့် ကိစ္စများက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသွားခဲ့လေပြီ။ လူဆယ့်နှစ်ယောက်လုံး စုံလင်စွာ ရှိမနေသည်ကတော့ နှမြောဖို့ကောင်းသည်။
“ မလုပ်နဲ့ …”
ရဲအရာရှိများက ပြေးတက်လာခဲ့ကြပြီး လင်းရီကို ဝိုင်းရံထားလိုက်ကြသည်။
လင်းရီ ပြုံးလျက် နာနာခံခံ ရှိစွာဖြင့် လက်မြှောက်လိုက်၏။ အင်မတန် ပူးပေါင်းပေးနေပြီး မည်သည့် ခုခံလိုသည့် အမူအရာကိုမျှ ပြသခြင်း မရှိပေ။
“ ဥက္ကဌဟွမ် … မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ …”
လင်းရီက ထိန်းချုပ်ခံလိုက်ရသည်ကို မြင်တော့ လျိုယွမ်ချိန်၊ မာကျန်းနှင့် အခြားသူများက စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။
“ ဒါတွေက ဘယ်လိုဖြစ်ရတာလဲ …”
ဟွမ်စစ်ဟိုင် ရောက်လာခဲ့ပြီး လျိုယွမ်ချိန်၏ မမှတ်မနိုင်လောက်သည့် ပုံစံကို မြင်တော့ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ပြောရမှာ အရှည်ကြီးပဲ … ဒီလူကို အရင်ခေါ်သွားကြတာပေါ့ … ပြီးမှာပဲ ဖြည်းဖြည်းချင်း ရှင်းပြမယ် …”
“ ငါ မင်းကို ဆေးရုံ အရင် ခေါ်သွားပေးမယ် … ကျန်တဲ့ကိစ္စ ငါနဲ့ လွှဲထားလိုက် …”
“ ရတယ် … အဲ့လိုလည်း အဆင်ပြေတယ် …” လျိုယွမ်ချိန်က အံကြိတ်လျက် ပြောလိုက်ပြီး သူ့အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့သည်။
“ မင်းကို လာဖမ်းမယ်လို့ မတွေးထားခဲ့ဘူးမလား … ဟမ် … မင်းတော့ အချိန်စေ့ပြီ … တကယ့် အရင်းရှင် စွမ်းအားက ဘာလဲ ဆိုတာ မင်းမြင်အောင် ပြပေးမယ် ….”
“ တကယ့် အရင်းရှင် စွမ်းအားလား ….” လင်းရီ တည်ငြိမ်သော အမူအရာဖြင့် “ ကျုပ်ကပဲ ခင်များကို သင်ခန်းစာပေးလိုက်တာမျိုး ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲလေ …”
“ မင်းမှာ အဲ့လို အခွင့်အရေး ထပ်မရှိတော့ဘူး … မင်း သေပြီ … ဘယ်သူကမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး …”
လင်းရီ ဘာမျှ မဆိုချေ။ ရဲကလည်း သူ့ကို ထိုသို့ ပြုလုပ်နိုင်ခွင့် မပေးချေ။ လက်ထိပ်ခတ်ပြီး ရေချိုးစင်တာထဲကနေ ခေါ်ထုတ်သွားခဲ့ကြသည်။
“ သေစမ်း … အရန် အစီအစဉ် ပြင်ဆင်ထားလို့ တော်သေးတာပေါ့ … မဟုတ်လို့ကတော့ ဒီနေ့ငါ သူ့လက်ချက်နဲ့ သေမှာပဲ …”
“ မင်းပြောတော့ ဖြေရှင်းပြီးသွားပြီဆို … ဘယ်လိုဖြစ်ရတာ …”
“ မမေးစမ်းနဲ့ ….” လျိုယွမ်ချိန် ပြောလိုက်ပြီး “ သူ အားစစ်ကို ဘယ်လိုဖြေရှင်းလိုက်လဲ ငါမသိဘူး … မာကျန်းက သူ အထဲမှာ သေနတ်ပစ်သံ ကြားတယ်ပြောတယ် … အားစစ် အောင်မြင်သွားပြီဆိုပြီး ငါလည်း ထင်တာပေါ့ … ဒါပေမယ့် အခန်းထဲက ထွက်လာတော့ အဲ့ဒီကောင် ဖြစ်နေတယ် …”
“ တစ်ခုခုတော့ မူမမှန်ဘူး … ဒါပေမယ့် စစ်မေးလိုက်တာနဲ့ အဖြေထွက်လာမှာပါပဲ …”
“ အဲ့တာက အကြောင်းမဟုတ်သေးဘူး …” လျိုယွမ်ချိန် သူ၏ ဝမ်းဗိုက်ကို စုပ်ကိုင်လျက် ပြောလိုက်ပြီး “ ငါ အခု ဆေးရုံသွားဖို့လိုတယ် … ပြီးတာနဲ့ ရဲစခန်း သွားမယ် … ငါ ခံစားခဲ့ရသလို သူ့ကို ပြန်ခံစားခိုင်းမယ် …”
“ မင်း အခြေအနေ ဘယ်လိုရှိလဲ အရင် ဆေးစစ်ကြတာပေါ့ … အထက်ကလူတွေကို ငါ စကားပြောပြီးသား …သူတို့ ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ် ….”
……
ထိုအချိန်တွင် လင်းရီက ရဲကားထဲသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး စစ်ကြောရေး အခန်းထဲသို့ ပို့ဆောင်ခံလိုက်ရသည်။
လင်းရီ၏ အထောက်အထားကြောင့် စစ်ဆေးမေးမြန်းသူတို့က သူ့အပေါ် ပုံမှန်ထက် အနည်းငယ် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။
“ မင်းနာမည် လင်းရီ ဟုတ်တယ်နော်… ကျိုးဟိုင် ရှင်းရှန်းရဲစခန်းက ရဲအရာရှိတစ်ယောက်….”
“ ဟုတ် … အမှန်ပါပဲ …”
လင်းရီ မည်သည်ကိုမျှ ကွယ်ဝှက်ခြင်း မပြုဘဲ အမှန်အတိုင်း ပြောဆိုလိုက်သည်။
“ ငါတို့ မင်းကို ဘာကြောင့် ဒီခေါ်လာခဲ့လဲ သိလား ….”
“ ကျုပ်သိပ်နားမလည်ဘူး … ကျေးဇူးပြုပြီး ညွှန်ပြပေးပါဦး …”
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထာဝရ ကျေးရွာမှာရှိတဲ့ စစ်ဆင်ရေး တစ်ခုမှာ မင်း လူ ၂၃ ယောက် သတ်ခဲ့ပြီး ၇၉ ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တယ် … မင်း လုပ်ခဲ့တာကို ဝန်ခံလား ….”
“ ဆိုတော့ ခင်များတို့ ပြောချင်နေတာ အဲ့တာပေါ့ ….”
လင်းရီ သူ့ကိုယ်သူ ရေရွတ်ရင်း သူ့အား ဖမ်းဆီးရခြင်း နောက်ကွယ်ရှိ အကြောင်းပြချက်ကို အတည်ပြုနိုင်သွားခဲ့သည်။
ဤသို့သော အကြောင်းပြချက်နှင့် ဖမ်းဆီးထိန်းသိမ်းသည်က တကယ်လည်း ဥပဒေနှင့် ညီသည်။
ဤလူများက အရူးများ မဟုတ်ကြ။ သို့သော် သူတို့ ရှိသည့် ဉာဏ်ရည်ကို ကောင်းကောင်းမွန်မွန် အသုံးမချသည်ကတော့ ဆိုးသည်။
ကိုယ့်ရှို့သည့်မီးက ကိုယ့်ကို လွယ်လင့်တကူ ပြန်လောင်လာစေနိုင်သည်။
“ ကျုပ်ဝန်ခံတယ် .. ကျုပ်လုပ်ခဲ့တယ် … ဒါပေမယ့် အဲ့တုန်းက ကျုပ် အမှုတစ်ခုကို ဖြေရှင်းနေတာ … ပြီးတော့ သူတို့ဘက်က အရင်တိုက်ခိုက်လာခဲ့တာ … ကျုပ်က ကိုယ့်ဘာကိုယ် ခုခံကာကွယ်ခဲ့ရုံတင်ပဲ….”
လူအများအပြား သေဆုံးခဲ့သည်တွင် အကုန်လုံးက လင်းရီ တစ်ဦးတည်း၏ လက်ချက်လို့တော့ ပြောမရပေ။
ကူရိရန်နှင့် အခြားသူများလည်း သေနတ် အနည်းငယ် ပစ်ခတ်ခဲ့ပြီး ထိုလူများ မည်သို့ သေဆုံးသွားခဲ့လဲဆိုတာကိုတော့ မည်သူကမျှ တပ်အပ် ပြောမရချေ။
သို့သော် လင်းရီမှာ စကားကို မရှုပ်လိုခဲ့။ အကုန်လုံးကို သူ တစ်ဦးတည်း ခေါင်းခံလိုက်သည်။
“ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ခွင့်ပြုထားတာ အမှန်ပဲ… ဒါပေမယ့် မင်းက အလွန်အကျွံ ပြုမူခဲ့ပြီး ကိုယ်ရေးကိုယ်တာ အငြှိုးအတေးတွေပါ ပါဝင်ခဲ့တယ်လို့ သံသယ ရှိတယ် … အဲ့လိုလုပ်ခွင့်တော့ ခွင့်မပြုထားဘူး ….”
“ ဟာသပဲ … ကျုပ်က သေလုသေခင် ဖြစ်နေတာတောင် ခင်များက ကျုပ်ကို လွန်လွန်ကြူးကြူး ပြုမူခဲ့တယ်ဆိုပြီး လာပြောနေတယ်ပေါ့ …”
လင်းရီ သမ်းဝေလိုက်ရင်း “ ကြည့်ရတာတော့ ခင်များက ဟာသလာလုပ်နေသလိုပဲ …”
စစ်ဆေးမေးမြန်းသူ နှစ်ဦးမှာ မပျော်တော့ချေ။
လင်းရီ၏ အပြုအမူက သူတို့ကို မထီမဲ့မြင် လုပ်နေသလိုပင်။
“ ငါတို့ စုံစမ်းစစ်ဆေးတုန်းက တရားခံ လျိုဟွာရှန်းက သူတို့တွေ အလျင်အမြန် လက်မြှောက်ခဲ့တယ် ပြောတယ် … ဒါပေမယ့် မင်းက မဆင်မခြင်နဲ့ လူအများကြီး သတ်ပစ်ခဲ့တယ် … ဒါက လွန်လွန်ကြူးကြူး ပြုမူတာ မဟုတ်တော့ ဘာလဲ ….”
လင်းရီ မျက်ခုံးပင့်လျက် သူ့နှင့် မျက်နှာချင်းဆိုင် ရှိနေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။
“ လျိုဟွာရှန်း အဲ့လို ပြောခဲ့တာ သေချာလား …”
အမျိုးသားနှစ်ဦး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤ သတင်းအချက်အလက်က သူတို့ အထက်လူကြီးထံမှ ဆင်းသက်လာခဲ့သောကြောင့်ပင်။
“ အဲ့လို မပြောလို့ ဘာဖြစ်ရမှာ … ငါတို့ဘာငါတို့ တမင် ကြံဖန်ပြီး လုပ်နေတယ်ထင်လို့လား ….”
“ ခင်များတို့ရဲ့ ရဲအဆင့်နဲ့ သေချာပေါက်လည်း မလုပ်ရဲပါဘူး … ခင်များတို့ ခေါင်းဆောင်က အဲ့လိုပြောခဲ့တာပဲ ဖြစ်ရမယ် မှန်တယ်မလား …”
သူတို့တွေ စိုးထိတ်လာခဲ့ကြသည်။
တစ်ချိန်တည်းတွင် အံ့လည်း အံ့အားသင့်မိသွားခဲ့ကြ၏။ လင်းရီ ဤမျှ မှန်ကန်စွာ မှန်းဆနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
သို့သော် လျင်လျင်မြန်မြန်ပဲ သူတို့ ရင်ဘက်ထဲရှိ လှိုင်းလုံးများကို ဖိနှိပ်ထားလိုက်ကြသည်။
မျက်မှန်နှင့် တစ်ယောက်က စားပွဲကို လက်ဝါးဖြင့် ဗြန်းခနဲ ရိုက်လိုက်ပြီး ခက်ထန်စွာ ပြောဆိုလာခဲ့သည်။
“ မင်း စကားပြောတဲ့ လေသံကို သတိထား … ဒီနေရာက မင်း ရမ်းသမ်းပြီး လျှောက်ခန့်မှန်းလို့ရတဲ့ နေရာမှာ မဟုတ်ဘူး ….”
“ အဲ့လောက်ကြီးလည်း ဒေါသမထွက်စမ်းပါနဲ့ … ဘာပဲဆိုဆို ကျုပ်တို့အားလုံးက နယ်ပယ်တစ်ခုတည်းသားချင်းတွေပဲလေ …” လင်းရီ ရယ်သွမ်းရင်း ခွန်းတုံ့ပြန်လိုက်ပြီး “ ကျုပ်မှာ များများစားစား ပြောစရာ စကားမရှိဘူး … ခင်များတို့ ပြောခဲ့တာတွေ အကုန်မှန်တယ် … ဘယ်လိုကိုင်တွယ်ချင်လဲ ခင်များတို့ သဘောပဲ …”
“ မင်းက မခုခံလိုဘူးဆိုမှတော့ မင်းကို ထိန်းသိမ်းထားပြီး ဂျူရီအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မင်းဆီ အကြောင်းကြားပေးမယ် …”
“ ဒါပေါ့ … ခင်များ ပြောတဲ့ အတိုင်းပါပဲ …”
လင်းရီမှာ အပြင်သို့ ပြန်ထုတ်ခံလိုက်ရပြီး စစ်ကြောရေးခန်းထဲက ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။
…..
အချုပ်ခန်းထဲတွင်တော့ ယူနီဖောင်းနှင့် လူတစ်ယောက်ရောက်လာသည်။
သူက အခန်းတစ်ခုချင်းစီအလိုက် လျှောက်သွားရင်း လက်ထဲတွင် ဖိုင်တစ်ခုကို ကိုင်ထားကာ နောက်ဆုံး အခန်းတစ်ခု၏ တံခါးပေါက်ဝသို့ ရောက်လာခဲ့သည်။
“ ကျိုးချန်လင်း … ခဏထွက်လာခဲ့…”
နာမည် ခေါ်ခံလိုက်ရသူက အရပ်ရှည်ရှည်နဲ့ သန်မာအားကောင်းသည့် လူတစ်ယောက်ပင်။
သူ၏ အရပ်က ၁.၉ မီတာလောက်မြင့်ပြီး တက်တူးများဖြင့် ဖုံးလွှမ်းနေကာ တစ်ချက်ကြည့်လိုက်သည်နှင့် လူကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။
“ ခေါင်းဆောင်ဝမ် … ဘာကိစ္စရှိလဲလို့ …”
ခေါင်းဆောင်ဝမ်ဆိုသူက ခေါင်းညိတ်လိုက်သည်။ “ ငါ့မှာ မင်းဖို့ တာဝန်ပေးစရာ တစ်ခု ရှိတယ် … ကောင်းကောင်းလုပ် … မင်းအတွက် အကျိုးမလျော့စေရဘူး …”
ဤသည်ကိုကြားတော့ ကျိုးချန်လင်း၏ မျက်နှာမှာ ဝမ်းသာတကြီးဖြင့် အရောင်တောက်လာခဲ့သည်။ “ မပူနဲ့ … ကျုပ် ကိုင်တွယ်နိုင်တဲ့ အရာဆိုလို့ကတော့ ခင်များဖို့ သပ်သပ်ရပ်ရပ်လေး လုပ်ပေးမယ် ….”
“ ကောင်းတယ် … ငါနဲ့လိုက်ခဲ့ …”
သူတို့ ပြောပြီးနောက် ကပ္ပတိန်ဝမ်က အခြား အခန်းများသို့ သွားရောက်ကာ ဝူမင်းမင် ဆိုသည့် လူတစ်ယောက်ကို ခေါ်ထုတ်လာလိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် စုစုပေါင်း လူရှစ်ယောက် အထိရှီလာခဲ့ပြီး အစွန်းဘက်အကျဆုံး ဗလာကျင်းနေသည့် အခန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
ထိုလူများအားလုံးတွင် တူညီသည့် တစ်ချက်ကတော့ အကုန်လုံးက လူကောင်ကြီးကြီးများနှင့်သန်မာကြသူများပင်။ မည်သူကမျှ သွားရှုပ်လို့ မကောင်းသည့်လူများ ဖြစ်၏။
“ ကပ္ပတိန်ဝမ် … မင်းကငါ့ကို တခြားအခန်း ရွေ့မလို့လား …”
“ ယာယီပါပဲ … မင်းတို့ကို လုပ်ခိုင်းချင်တဲ့ ကိစ္စလေးရှိလို့ …”
စာစဉ်(၁၄၆) ပြီး၏။