← Chapters

တောင်ထွတ်ခုနစ်ခုပေါင်းစည်းခြင်း

Vol. 39 Ch. 535

တောင်ထွတ်ခုနစ်ခုပေါင်းစည်းခြင်း

Vol. 39 Ch. 535

ပေတစ်သောင်းသားရဲ ပေါ်ပေါက်လာသောသတင်းကြောင့် မူလရေကန်၏ ကောင်းကင်ထက်တွင်လည်း တိတ်ဆိတ်ငြိမ်သက်နေရလေသည်။

ပေတစ်သောင်းသားရဲမှာ တွေ့ရှိနိုင်ရန် ခက်ခဲလှပြီး အလွန်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ကလန်၏ ရွေးချယ်ခံများသည်ပင် တစ်ဦးတည်း ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်သော အရာဖြစ်၏။

လီချင်းချန်မှ ဇူယွမ်နှင့်ယောင်ယောင်အားကြည့်၍ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ပေတစ်သောင်းသားရဲက သာမန်ရေနေသားရဲတွေနဲ့မတူပဲ အသိဉာဏ်ရှိတယ်။ အဲ့ဒါကြောင့် သူ့ကိုရင်ဆိုင်ဖို့​ လုံးဝမလွယ်ဘူး။"

"လွန်ခဲ့တဲ့ နှစ်တစ်ရာဝန်းကျင်က ပေါ်လာဖူးတယ်ဆိုပေမယ့် တောင်ထွတ်ခုနစ်ခုလုံးက တပည့်တွေအကုန်လုံး ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတယ်။"

"ဒါပေမယ့် အဲ့အချိန်ကစပြီး ပေတစ်သောင်းသားရဲက ထပ်မပေါ်လာတော့ဘူး။"

"အခုဒီနေ့လိုအချိန်မှာမှ ပြန်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ။"

"ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကလို အဖြစ်မျိုး ထပ်မကြုံရအောင် ငါတို့တောင်ထွတ်ခုနစ်ခုလုံးက စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်မှ ဖြစ်မယ်။ အထူးသဖြင့် ငါတို့ရွေးချယ်ခံတွေအားလုံးက တစ်စုတစ်စည်းတည်း တိုက်လိုက်ကြရလိမ့်မယ်။"

"အဲ့ကိစ္စအတွက် ငါတို့ဒီကို ရောက်လာတာပဲ။"

ဇူယွမ်မှာ ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရ၏။ သူသည် ယခုကဲ့သို့ အချိန်မျိုး၌ ပေတစ်သောင်းသားရဲ ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဖူးချေ။

ဇူယွမ်သည် ထိုပေတစ်သောင်းသားရဲကြီးအား တစ်ခါမျှပင် မမြင်တွေ့ဖူးပါသော်လည်း အန္တရာယ် အလွန်ကြီးမည်ဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။ သူသည် ကလန်သို့ စတင်ရောက်ရှိစဉ်အချိန်၌ ပေတစ်ထောင်သားရဲနှင့် ကြုံတွေ့ဖူးခဲ့သောကြောင့် ပေတစ်သောင်းသားရဲသာဆိုပါက မည်မျှပင် ဖိအားများလိမ့်မည်ဖြစ်ကြောင်း တွေးဆမရနိုင်တော့ပေ။

ထို့အပြင် ဤပေတစ်သောင်းသားရဲကိုသာ ကောင်းမွန်စွာ မဖြေရှင်းနိုင်ခဲ့ပါက ယခုနှစ် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသည် စောစီးစွာပင် ပြီးဆုံးသွားရပေလိမ့်မည် ​ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပေတစ်သောင်းသားရဲကိုသာ မကိုင်တွယ်နိုင်ပါက ၎င်းမှ တပည့်များအားလုံးကို ပြိုင်ပွဲအတွင်းမှ ထုတ်ပယ်ပစ်မည်မှာ သေချာလှပေသည်။

ခုန်းရှန်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ငါတို့ ကူညီနိုင်ပါတယ်။ ဒါပေမယ့် ညှိနှိုင်းချက်တော့ ရှိတယ်။ အဲ့ဒါက အခုချက်ချင်း ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်တွေကို လွှတ်ပေးရမယ်။ ပြီးတော့ မူလသူတော်စင်တောင်ထွတ်က လုယူထားတဲ့ မူလနဂါးခြင်ဆီတွေကိုလည်း ပြန်ပေးရမယ်။ အတိအကျပြောရမယ်ဆိုရင် ငါတို့ရဲ့ ဆုံးရှုံးနစ်နာမှုအတွက် မင်းတို့ကိုယ်တိုင်ရှာဖွေထားတဲ့ မူလနဂါးခြင်ဆီတွေကိုပါ ပေးရမယ်။"

ဇူယွမ်မှာ ဟာသတစ်ခု ကြားလိုက်ရသည့်အလား ရယ်မောကာ ပြန်၍​ပြောလိုက်သည်။ "ဟားဟား...တအားရယ်ရတာပဲ။ အဓိပ္ပါယ်မရှိတာတွေကို အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတယ်နော်။ လာစမ်းပါ...အနှိုင်အရှုံး သဲကွဲသွားတဲ့အထိ ကျွန်တော်တို့ ဆက်တိုက်ကြတာပေါ့။ မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်လောက်ကို ခေါင်းထဲရှိမယ် ထင်နေတာလား။"

ခုန်းရှန်မှာ အမှန်တကယ်ပင် လူပြက်သာ လုပ်သင့်၏။ လက်ရှိအချိန်၌ မူလသူတော်စင်တောင်ထွတ်မှ သိသာစွာပင် အသာစီးရနေခြင်း ဖြစ်သည်။ စင်စစ်အားဖြင့်ဆိုလျှင် ၎င်းတို့မှ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား လွှတ်ပေးပါရန် ယဉ်ကျေးစွာပင် တောင်းဆိုသင့်ပေသည်။

ကျောင်းဇူမှ အေးစက်စွာ ပြောလိုက်သည်။ "အခုစကားပြောနေတာက ရွေးချယ်ခံတွေချည်းပဲ။ ရာရာစစ မင်းလိုတပည့်ခေါင်းဆောင်အဆင့်က ဝင်ပြောရဲတယ်လား။ ရိုင်းစိုင်းလိုက်တာ။"

ဇူယွမ်မှာ ကျောင်းဇူ၏စကားအား အလေးပင်မထားဟန်ဖြင့် ထန်ထန်အားကြည့်ကာ ပြောလိုက်သည်။ "ထန်ထန် သူ့ကိုသွားကိုက်စမ်းကွာ။"

ဝေါင်း....

ထန်ထန်သည် သီးသန့်ရှိသည့်အချိန်၌ ဇူယွမ်အား အလေးပင်မထားပါသော်လည်း လူအများရှေ့တွင်မူ အစဉ်အမြဲ စကားနားခံပြလေ့ ရှိလေသည်။ ထို့ကြောင့် ဇူယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာပင် ဟိန်းဟောက်ပြကာ ကျောင်းဇူအား ခုန်အုပ်ရန် ပြင်ဆင်လိုက်၏။

ကျောင်းဇူ၏ အမူအရာမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားရပြီးနောက် အကာအကွယ်အလွှာတစ်ခုအားဖန်တီးလိုက်သည်။ ထန်ထန်၏ လက်သည်းရှည်ကြီးများနှင့် ကျောင်းဇူ၏ ချီစွမ်းအင်ကာကွယ်ရေးအလွှာတို့ တွေ့ဆုံသွားကြ၏။

ချလန်း...

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားလေသည်။

ထန်ထန်၏ လက်သည်းရှည်ကြီးများကြောင့် ကျောင်းဇူ၏ ကာကွယ်ရေးအလွှာမှာ ဆုတ်ပြဲသွားရ၏။ ထို့နောက် ကျောင်းဇူသည် မဆိုင်းမတွပင် အနောက်သို့ ဆုတ်သွားရလေသည်။

ခုန်းရှန်မှ အေးစက်စွာ အော်ဟစ်လိုက်သည်။ "ဇူယွမ်။"

ယောင်ယောင်မှာ လက်ထဲတွင်ရှိနေသော စုတ်တံမှာ အသင့်နေအထားသို့ ပြောင်းလဲကိုင်ဆောင်လိုက်သည်။ သူမသည် ခုန်းရှန်မှ ဇူယွမ်အား တိုက်ခိုက်ရန် တွေးတောရုံမျှဖြင့်ပင် မှော်စာလုံးတိုက်ခိုက်မှုပြုမည်ပင် ဖြစ်သည်။

တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပေါ်နိုင်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။

"တော်ကြတော့။" ရွေးချယ်ခံများအားလုံး အတူတကွ အော်ဟစ်လိုက်ကြသည်။

ဇူယွမ်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "စီနီယာအကိုတော်နဲ့ အမတော်တို့က ရွေးချယ်ခံဆယ်ယောက် လုံး တူတူတိုက်ခိုက်ချင်ကြတာမျိုးပဲမလား။ မပူပါနဲ့။ ယောင်ယောင်နဲ့ထန်ထန်က သူတို့နှစ်ယောက်ထက် အဆပေါင်းများစွာ သာပါတယ်။"

လီချင်းချန်မှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "နှစ်ယောက်ပိုသွားတော့ ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား။"

ဇူယွမ်မှ ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း အမတော်တို့ကပဲ ခုန်းရှန်နဲ့ကျောင်းဇူကို လက်ရှိအခြေအနေကို ကောင်းကောင်းသုံးသပ်တက်ဖို့ နားချပေးလိုက်ကြပါဦး။ ခုနကလို အရေးမပါတဲ့ ညှိနှိုင်းချက်တွေပဲ ပြောနေမယ်ဆိုရင်တော့ ကျွန်တော်ကလည်း ရယ်ပေးရုံကလွဲပြီး ဘာမှမတက်နိုင်ဘူး။"

"ကျွန်တော်တို့ လိုက်လျောနိုင်တာတစ်ခုက ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို လွှတ်ပေးဖို့ပဲ။ ကျန်တာတော့ ဘာမှမမျှော်လင့်နဲ့။ မူလနဂါးခြင်ဆီကိုတောင် လာဓားပြတိုက်နေသေးတယ် ဟာသပဲ။ သူတို့ဘာသာ အသုံးမကျလို့ မူလနဂါးခြင်ဆီတွေကို မထိန်းသိမ်းနိုင်တာလေ။ ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ မူလနဂါးခြင်ဆီတွေက မူလသူတော်စင်တောင်ထွတ်က တပည့်တွေရဲ့ ကြိုးစားမှုပဲ။ သူတို့ကို ပေးလိုက်စရာ ဘာအကြောင်းမှ မရှိဘူး။ ဒီတိုက်ပွဲကို မနေနိုင်မထိုင်နိုင် စခဲ့တာလည်း သူတို့ပဲလေ။ အဲ့ဒါကြောင့် အရမ်းအပြစ်တင်ချင်နေတယ်ဆိုရင် အသုံးမကျတဲ့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ခိုင်းလိုက်။"

ခုန်းရှန်မှာ ဇူယွမ်၏စကားများကြောင့် အတော်ပင် ဒေါသထွက်နေပြီ ဖြစ်သည်။ နဖူးကြောများ ထောင်ထနေကာ မျက်ဝန်းများပင် နီရဲလာရ၏။

လီချင်းချန်မှာ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ခုန်းရှန်အားကြည့်ကာ စကားဆိုလိုက်သည်။ "စီနီယာအကိုတော်ခုန်းရှန် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားက မပြီးသေးပါဘူး။ ဆုံးရှုံးသွားတဲ့ မူလနဂါးခြင်ဆီတွေကို ပြန်ရှာလို့ ရပါသေးတယ်။ ကျွန်မတို့တောင်ထွတ်ငါးခုကလည်း ဓားကပ်ဘေးတောင်ထွတ်ကို မူလနဂါးခြင်ဆီ နည်းနည်းစီလောက် မျှဝေပေးလို့ ရပါတယ်။ အဲ့ဒါကြောင့် ပေတစ်သောင်းသားရဲကိုပဲ အရင်ရင်ဆိုင်ရအောင်လေနော်။"

ယဲ့ကယ်မှပြုံးကာ ဝင်ရောက်ပြောဆိုလိုက်၏။ "စီနီယာအကိုတော်ခုန်းရှန် ဒီပေတစ်သောင်းသားရဲကိစ္စက တပည့်တွေအားလုံးနဲ့ ပတ်သက်နေတာလေ။ အဲ့ဒါကြောင့် ဓားကပ်ဘေးတောင်ထွတ်ကသာ မပူးပေါင်းရင် အခြားတောင်ထွတ်က တပည့်တွေက အကိုတော်တို့ကို အပြစ်ဆိုကြလိမ့်မယ်။ အဲ့လိုဆိုရင် ထိခိုက်မှာက ဓားကပ်ဘေးတောင်ထွတ်ပဲ။"

ခုန်းရှန်၏ အမူအရာမှာ ပိုမိုခက်ထန်သွားရ၏။ "ဂျူနီယာညီတော်ယဲ့ကယ် မင်းကငါ့ကို ခြိမ်းခြောက်နေတာလား။"

ယဲ့ကယ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ကျွန်တော် ခြိမ်းခြောက်တာ ဟုတ်မဟုတ် အကိုတော်လည်း သိမှာပါ။"

ခုန်းရှန်မှာ မကျေမနပ်ဖြစ်စွာဖြင့် တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ယဲ့ကယ်၏စကားမှာ ခြိမ်းခြောက်နေခြင်းမဟုတ်မှန်းလည်း သိရှိနေပေသည်။ သို့သော် မာနတရားကြောင့် စိတ်ထဲတွင် လွန်ဆွဲနေရ၏။

အချိန်အနည်းငယ်မျှ တွေးတောချိန်ဆလိုက်ပြီးနောက် ခုန်းရှန်မှာ ဒေါသတရားများအား မြိုသိပ်လျက် အံကိုကြိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ။ အခု သူတို့ကို လွှတ်ပေးလိုက်တော့။"

ဇူယွမ်မှာ ကျေနပ်အားရစွာ ရယ်မောလိုက်ပြီးနောက် ယောင်ယောင်နှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ပြလိုက်၏။

ယောင်ယောင်မှ စုတ်တံအား ညင်သာစွာ ဝေ့ယမ်းလိုက်သည်နှင့်တကွ မူလမှော်စာလုံးများစွာမှာ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်ပေါ်သို့ ရောက်ရှိလာလေသည်။ ထို့နောက် ​လျင်မြန်စွာပင် အစီအရင်မှာ ပျက်သုန်းသွားတော့၏။

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ အစီအရင် ကျိုးပျက်သွားသည်နှင့်တကွ အနည်းငယ်မျှပင် တုန့်ဆိုင်းမနေပဲ ကောင်းကင်ထက်သို့ ပျံဝဲလာကြသည်။ သို့သော် လက်ရှိအချိန်၌ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်ဦးရေ တစ်ထောင်မျှပင် မကျန်ရှိတော့ချေ။

ဆုံးရှုံးနစ်နာမှုမှာ အလွန်ပင် ကြီးမားလှသောကြောင့် ခုန်းရှန်နှင့် ကျောင်းဇူတို့၏ အမူအရာမှာ အလွန်ပင် ဆိုးရွားနေရသည်။ အခြားသော ရွေးချယ်ခံများမှာလည်း အံ့အားသင့်စွာဖြင့် ဇူယွမ်အား ​ငေးမောနေမိလေသည်။ အားအနည်းဆုံးဟု သတ်မှတ်ထားကြသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူမှာ ဓားကပ်ဘေးတောင်ထွတ်အား ထိုမျှအထိပင် ဆုံးရှူံးနစ်နာစေခဲ့သည်။ ယောင်ယောင်သည်လည်း အပါအဝင်ပင် ဖြစ်၏။ ၎င်းတို့နှစ်ဦးမှာ အမှန်တကယ်ပင် ကြောက်ရွံ့ဖွယ် ကောင်းလှပေသည်။

လီချင်းချန်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ပေတစ်သောင်းသားရဲက ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် ငါတို့သာ စည်းလုံးနေရင် တိုက်ထုတ်နိုင်မှာပါ။"

သူမသည် ချူချင်းအားကြည့်ကာ ဆက်လက်ပြောဆိုလိုက်၏။ "ငါအဓိကပြောချင်တာကတော့နင်ပဲ။ စီနီယာအကိုတော်ကြီး ချူချင်း။ နင်အပျင်းမတစ်ပဲ စွမ်းအင်အပြည့်အဝ သုံးဖို့မျှော်လင့်တယ်။"

ချူချင်းမှာ သနားစဖွယ် မျက်လုံးဝိုင်းလေးများဖြင့် စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော်လေးလီချင်းချန်ကလည်း အရမ်းရက်စက်တာပဲ။ ငါကအဲ့လို အပျင်းကြီးတဲ့သူ မဟုတ်ပါဘူး။ အမြဲတမ်း ကြိုးစာပမ်းစား တိုက်ခိုက်ခဲ့ပါဟာ။ နင်တို့က မယုံဘူးလား။ နောက်တစ်ခါငါ့ကို အဲ့လိုစကားတွေနဲ့ထိုးနှက်ရင် မိုးကြိုးအကျဉ်းထောင်တောင်ထွတ်က ဂျူနီယာညီတော် လုကျင်းရှန်းနဲ့ ပေးတွေ့လိုက်မှာနော်။ သူနဲ့ တိုက်ခိုက်ချင်လို့လား ပြော။"

သို့သော် ရွေးချယ်ခံများမှာ ချူချင်း၏စကားအား ဟာသတစ်ခု နားထောင်လိုက်ရသည့်ဟန်ဖြင့် ရယ်မောလိုက်ကြသည်။

နှုတ်ခမ်းထက်တွင် အပြာရောင်အနည်းငယ်သမ်းကာ အသားရောင် အလွန်ပင် ဖြူဖျော့နေသော မိန်းမငယ်လေး တစ်ဦးကသာ ထောက်ခံစကားဆိုလိုက်၏။ "ငါကတော့ စီနီယာအကိုတော်ချူချင်းကို ယုံတယ်။"

ထိုမိန်းမငယ်လေးမှာ ကန်ရွှမ်းတောင်ထွတ်၏ ရွေးချယ်ခံတစ်ဦးဖြစ်ပြီး စုရှိုးဟု ခေါ်တွင်ပေသည်။

ချုချင်းမှာ ကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် စုရှိုးအားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီမတော်လေးစုရှိုးက အကောင်းဆုံးပဲ။ ငါတို့ကန်ရွှမ်းတောင်ထွတ်ရဲ့ အထူးချွန်ဆုံးလေး။"

စုရှိုးမှာ ပါးလေးနှစ်ဖက် ရဲတွတ်လာကာ ရှက်ရွံ့ဟန်ဖြင့် ခေါင်းအားငုံ့လိုက်လေသည်။

လီချင်းချန်မှာ စုရှိုးအား တစ်ချက်မျှကြည့်လိုက်သည်။ စုရှိုးသည် ချူချင်းအား အလွန်ပင် နှစ်ခြိုက်သဘောသူဖြစ်ကြောင်း လီချင်းချန်သာမက ရွေးချယ်ခံများအားလုံး သိရှိထားကြ၏။

လီချင်းချန်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "အားလုံးဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့အားလုံး တခြားနေရာတစ်ခုကိုပြောင်းပြီး ပေတစ်သောင်းသားရဲကို ရင်ဆိုင်ဖို့အတွက် ဆွေးနွေးကြရအောင်။"

"ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ကြမယ်။ အဲ့လိုမှမဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလို အဖြစ်မျိုးနဲ့ပဲ ပြန်တွေ့ရလိမ့်မယ်။"

ရွေးချယ်ခံများအားလုံးမှာ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ပေတစ်သောင်းသားရဲ မင်းသေကိုသေရမယ်!

All Chapters