အခန်း (၇၁၁-၇၁၅)
Vol. 29 Ch. 711-715
အခန်း(၇၁၁) အင်ဂျင်နီယာ (၂)
သူမ ည ၈ နာရီတိုင်း စောင့်ကြည့်ရသည့် ရုပ်သံဒရမ်မာထဲကလိုပင်။
အိမ်ရာမဲ့လူက ခေါင်းခါလိုက်သည်။ “ကလဲ့စား မချေချင်ပါဘူး။ တခြားသူတွေကို ကျွန်တော် မမုန်းတီးနိုင်ဘူး။ အဲ့တာကြောင့် ကျွန်တော် အရမ်းပျော့ညံ့မှန်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်…”
ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်ကို သူလှည့်ကြည့်လိုက်သည်။ “ဒီနေရာမှာ ကျွန်တော့်မိန်းမ… အဲ ဇနီးလောင်းနဲ့ ပထမဆုံး ချိန်းတွေ့ခဲ့ကြတာလေ…”
“ကလဲ့စား မချေချင်ဘူးဟုတ်လား။ သူတို့ နင့်ကို ဒီလို လုပ်သွားတာတောင်လေ! ငါသာဆို အကုန်လုံးကို သေချင်စိတ် ပေါက်သွားအောင် လုပ်ပစ်မှာ!’။ ရှောင်းပေပေ ဒေါသထွက်စွာ ပြောလိုက်ပါသည်။
ဒါကိုကြားတော့ ချင်းယန်ကျစ် နှာခေါင်းပွတ်မိသွားပါသည်။
ချင်းယုမူကလည်း သူ့အဖေကို တီးတိုးပြောလိုက်၏။ “ကြားလား အဖေ။ အမေ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ။ မဟုတ်ရင် အဖေလည်း ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး”
ချင်းယန်ကျစ်က တီးတိုး ပြန်ပြော၏။ “မင်းအမေ ပြောဖူးတာရှိတယ်။ တစ်ခုခုဖြစ်လာရင် အိမ်ထောင်စု စာရင်းထဲမှာ ‘အိမ်ထောင်ကွဲ’လို့ အရေးမခံဘူးတဲ့။ ‘မုဆိုးမ’လို့ပဲ အရေးခံမယ်တဲ့”
ချင်းယုမူ လက်မ ခိုးထောင်ပြလိုက်ပါသည်။
အိမ်ရာမဲ့လူက ရှောင်းပေပေအား ပြောလိုက်သည်။ “ကျွန်တော် အငြှိုးတရားတွေနဲ့ အသက်မရှင်ချင်လို့ပါ။ ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး… အဲ့တာကြောင့် အခုလို အသုံးမကျဖြစ်နေတာပဲ နေမှာ”
“အဲ့တာဆို နင်တကယ် သေချင်တာလား။ နင်ကတော့ တစ်ယောက်တည်း သေသွားပြီး အဲ့ဒီ လူယုတ်မာ စုံတွဲကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာလား”။ ရှောင်းပေပေ ကိုယ်ချင်းစာစိတ် ပြင်းထန်ပြီး ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။
လူသားမှန်ရင် ဒီလို တုန့်ပြန်ရမှာပဲ မဟုတ်လား။
“ကျွန်… ကျွန်တော် ဒီတိုင်း ခံစားမိတာ… ကလဲ့စားချေလိုက်ရင် နာကျင်မှုတွေပဲ ထပ်ခံစားရမှာစိုးလို့။ အဲ့ဒီ နာကျင်မှုတွေကို ကျွန်တော် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…”
ရှောင်းပေပေ ဆွံ့အသွားသည်။
ဒီလူက သဘောလည်းကောင်းသလို ဒေါသလည်း ထွက်စရာ ကောင်းပါလား။
စူစူလေးက နှုတ်ခမ်းစူလျက် ဝင်ပြောလိုက်၏။ “ကလဲ့စားမချေချင်လည်း မချေနဲ့! ကလဲ့စားချေမှ ဖြစ်မယ်လို့ ဘယ်သူမှ မပြောဘူး။ ဒီတိုင်း အသက်ရှင်နေရင် လုံလောက်ပြီ! ပျော်ပျော်ရွှင်ရွှင်နေ၊ အဝတ်အစား လှလှလေးတွေ ဝတ်ပြီး၊ လိမ္မာတဲ့ မိန်းမတစ်ယောက် ထပ်ရှာလိုက်ရင် အဲ့ဒီလူဆိုးတွေနဲ့ ထပ်တွေ့တဲ့အခါ သူတို့ ဝမ်းနည်းသွားကြလိမ့်မယ်!”
ရိုးရိုးရှင်းရှင်းလေးပဲ ဥစ္စာ! ကလဲ့စားမချေချင်ရင် ဘာလို့ ဝမ်းနည်းနေမှာလဲ။ ရူးလိုက်တာ!
စူစူလေးကို ကြည့်ရင်း ထိုလူ ရုတ်တရက် ခေါင်းထောင်သွားသည်။ “ညီမလေးပြောတာမှန်တယ်… ကိုကြီး ကောင်းကောင်း အသက်ရှင်ပြီး သူတို့ရှေ့ကို ရောက်အောင် သွားမယ်။ သူတို့ကို ကလဲ့စား မချေပေမယ့် ကိုကြီးကို ဆုံးရှုံးလိုက်ရတာ သူတို့ဘက်ကအရှုံးပဲ ဆိုတာ သိအောင် လုပ်ပေးရမယ်”
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်!”
သူမဆိုလိုတာလည်း အဲ့တာနဲ့တူတူပဲမလား…
အရေးမကြီးပါဘူးလေ အရေးကြီးတာက အသက်ရှင်ဖို့ပဲ!
စူစူလေးက ပြောလိုက်သည်။ “အဲ့တာဆို ဘီစကွတ်စား။ ခဏနေရင် နေ့လယ်စာ ဝယ်ကျွေးမယ်။ သမီးမှာ မုန့်ဖိုးရှိတယ် သိလား! စားစရာတွေ အများကြီး ဝယ်ကျွေးလို့ရတယ်!”
မကြာသေးခင်ကမှ သူမရဲ့ ရွှေချောင်းတွေကို ငွေနဲ့ လဲလှယ်လို့ရသည်ဟု သိလိုက်ရသဖြင့် သူမက သူဌေးမလေးဖြစ်မှန်း စူစူလေး နားလည်သွားပါပြီ။
ထို့ကြောင့် သူများကို ထမင်းတစ်နပ်လောက် ဝယ်ကျွေးလိုက်ရတာာ ဘာမှ အပန်းမကြီးပါ။
“ကျေးဇူးပါ အစားအသောက်တွေ သေချာ ပြန်စားရမယ်။ ပြီးရင် အလုပ်တစ်ခု ပြန်ရှာပြီး အသစ်က ပြန်စရမယ်”
အနည်းဆုံးတော့ ဒီ့ထက် အခြေအနေ မဆိုးနိုင်တော့ဘူး မဟုတ်လား။
ဒါကိုကြားတော့ ချင်းယန်ကျစ်က မေးလိုက်သည်။ “ညီလေးက ဘာအလုပ်လုပ်တာလဲ။ ငါ့မိသားစုမှာ ကုမ္ပဏီ တချို့ ရှိတယ်။ မင်းအလုပ်နဲ့ ကိုက်ညီရင် ငါ့မိသားစု လုပ်ငန်းတစ်ခုခုမှာ အလုပ်ဝင်လျှောက်လိုက်လေ”
“ကျွန်တော် Chip အင်ဂျင်နီယာ လုပ်ဖူးပါတယ်”
“Chip အင်ဂျင်နီယာ ဟုတ်လား”။ ချင်းယန်ကျစ် အံ့အားသင့်သွားသည်။
အိမ်ရာမဲ့လူက ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်သည်။ “မထင်ရဘူးမလား။ ဒီလို စုတ်စုတ်ပြတ်ပြတ် ပုံစံ ဖြစ်နေလို့ တောင်းပန်ပါတယ်”
… … …
အခန်း(၇၁၂) အင်ဂျင်နီယာ (၃)
“မဟုတ်ပါဘူး။ မင်းရဲ့ လက်ရှိပုံစံက chip အင်ဂျင်နီယာနဲ့ မတူလို့ အံ့ဩတာမဟုတ်ဘူး။ အခု ငါတို့ မိသားစု လုပ်ငန်းတွေထဲမှာ အရေးအကြီးဆုံး ကုမ္ပဏီက နည်းပညာဆိုင်ရာ ထုတ်လုပ်ရေးလေ။ အဲ့တာကြောင့် chip အင်ဂျင်နီယာပညာက အရေးကြီးတဲ့ ပညာတစ်ခုပဲ”
Chip အင်ဂျင်နီယာဆိုတာ ဒီလုပ်ငန်းတွေအတွက် အလိုအပ်ဆုံး ရာထူးဖြစ်သည်။ အထူးသဖြင့် ပင်မ နည်းပညာအကြောင်း ကောင်းမွန်စွာ နားလည်သည့် စီနီယာ အင်ဂျင်နီယာတွေကို အလုပ်ခေါ်ယူရတာ အလွန်ခက်ခဲပါသည်။
ဒါကိုကြားတော့ အိမ်ရာမဲ့လူလည်း အံ့အားသင့်သွားသည်။
ချင်းယန်ကျစ် ခေတ္တစဉ်းစားကာ ပြောလိုက်၏။ “ငါတို့ မိသားစု ကုမ္ပဏီနာမည်က ဖေးမင်နည်းပညာတဲ့။ မင်းကြားဖူးမလားတော့ မသိဘူး။ မင်းစိတ်ဝင်စားတယ်ဆိုရင် ငါ့အစ်ကိုကြီးကို ဆက်သွယ်လို့ရတယ်”
“ဖေးမင် နည်းပညာ ဟုတ်လား။ ကျွန်တော်သိတယ်။ တောင်ပိုင်းကို အလုပ်ကိစ္စနဲ့ ခရီးထွက်တုန်းက အဲ့ကုမ္ပဏီအကြောင်း ကြားဖူးတယ်။ အဲ့နယ်မြေမှာ တော်တော်လေး နာမည်ကြီးတယ်နော်။ ခင်ဗျားအစ်ကိုကြီးရဲ့ ဖုန်းနံပါတ်ပေးခဲ့ပါလား။ ကျွန်တော် ဆက်သွယ်ပြီး စုံစမ်းကြည့်လိုက်ပါ့မယ်”
“ဟုတ်ပြီ။ ငါမင်းကို Friend add လိုက်မယ်”
ထို့နောက် ချင်းယန်ကျစ်ဖုန်းထုတ်ကာ ထိုလူ့ကို Friend add ဖို့ ပြင်လိုက်သည်။
သို့သော် တစ်ဖက်လူ၏ ရှက်ရွံ့သွားသော မျက်နှာကို သူမြင်လိုက်ရပါသည်။
ဒီလူက အခုချိန်မှာ အိမ်ရာမဲ့ဖြစ်နေသဖြင့် ဖုန်းတောင် မရှိလောက်တာကို ချင်းယန်ကျစ် မေ့သွားသည်။
ချင်းယန်ကျစ် အမြန် ပြင်ပြောလိုက်၏။ “ဒီလိုဆိုရင်ကော မင်းဗိုက်ပြည့်သွားအောင် ငါတို့နဲ့ တစ်ခုခု အရင်လိုက်စားလိုက်။ ပြီးရင် ကစားကွင်းထဲ နည်းနည်း လျှောက်သွားကြမယ်။ အဲ့တာတွေပြီးရင်တော့ ငါ့အစ်ကိုကြီးနဲ့ မင်းဆုံပြီး စကားပြောလို့ရပါပြီ”
အိမ်ရာမဲ့က ချက်ချင်း ခေါင်းမငြိမ့်သေးသော်လည်း ချင်းယန်ကျစ်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ဒီမိသားစုက တကယ် စေတနာကောင်းပြီး သူ့ကို တလေးတစား ဆက်ဆံကြသည်။ အခုလက်ရှိ အခြေအနေမှာတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဖိတ်ကြားကြသည်။
သူစိမ်းတွေ ဆိုသော်လည်း ဒီကလေးမလေးနဲ့ သူမ မိသားစုတို့က ဒီကမ္ဘာကြီးရဲ့ အလှတနားနဲ့ မေတ္တာတရားများကို ပြန်လည် ခံစားနိုင်အောင် သူ့ကို လမ်းပြပေးခဲ့သည်။
သေချာပါသည်။ ဒီကမ္ဘာကြီးက သူယုံကြည်ထားသလိုပဲ လှပပြီး ရိုးရှင်းလွန်းသည်။
“ဒါနဲ့ မင်းနာမည်ကို မမေးရသေးဘူး”။ ချင်းယန်ကျစ်က မေးလိုက်သည်။
“ကျွန်တော့်နာမည် ချန်းပင်းပါ”
“ချန်းပင်း ဟုတ်လား”။ ထိုနာမည်ကို ချင်းယန်ကျစ် ကြားဖူးနေသည်။ “မင်းက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက HW ကုမ္ပဏီရဲ့ နည်းပညာ MVP ဆုကို ရခဲ့တဲ့ ချန်းပင်းလား”
ချန်းပင်းဟူသည့် နာမည်က ပေါများသော်လည်း ထိုချန်းပင်းကိုတော့ ချင်းယန်ကျစ် ကောင်းကောင်း မှတ်မိနေသေးသည်။
“အဲ့ဆုအကြောင်း သိမယ် ထင်မထားဘူး။ ဟုတ်ပါတယ်… အဲ့တာ ကျွန်တော်ပါ”။ ချန်းပင်းက ကိုယ့်ကိုယ်ကိုယ် အထင်သေးသော အပြုံးဖြင့် ပြောလိုက်ပါသည်။ “အဲ့အချိန်တုန်းက ကျွန်တော် ဂုဏ်အယူရဆုံး အခိုက်အတန့် ဖြစ်ခဲ့တာပေါ့။ အဲ့အခိုက်အတန့်က ကျွန်တော့်အောင်မြင်မှုအစလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ရှေ့လျှောက် အောက်ဆုံးထိ ထိုးကျသွားဖို့ပဲ ရှိတာကို မသိခဲ့ဘူး”
“တကယ် မင်းကိုး!”။ ချင်းယန်ကျစ်က အံ့လည်းအံ့ဩ ပျော်လည်းပျော်ရွှင်သွားပါသည်။
“ဟုတ်တယ်။ ကျွန်တော့်ကို မယုံကြည်ရင် ကျွန်တော့် စွမ်းရည်တွေကို စမ်းသပ်ပြီး စစ်ဆေးကြည့်လို့ရတယ်။ ဆုတံဆိပ်တွေနဲ့တော့ သက်သေပြနိုင်တော့မှာ မဟုတ်ဘူး။ အဲ့တာတွေကို ကျွန်တော့် ဇနီးလောင်းက လွှင့်ပစ်လိုက်ပြီထင်တယ်”။ ချန်းပင်း ပြန်ပြောလိုက်သည်။
ခေတ္တစဉ်းစားပြီးနောက် တစ်ဖက်မှ သူ့ကို လူလိမ်ဟု ထင်မှာစိုးရိမ်သဖြင့် ချန်းပင်း ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အရင်တုန်းက ကျွန်တော် ဆုရဖူးတဲ့အကြောင်း အွန်လိုင်းပေါ်မှာတော့ ရှိနေဦးမှာပါ။ ပြီးတော့ အရင်တုန်းက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သူငယ်ချင်းတွေလည်း အတည်ပြုပေးနိုင်တယ်”
ချင်းယန်ကျစ် ပြုံးလိုက်သည်။ “အဲ့တာတွေ စိတ်ပူမနေပါနဲ့။ ငါ့အစ်ကိုကြီးက ပရော်ဖက်ရှင်နယ် တစ်ယောက်ပဲ။ မင်းမှာ ပါရမီတကယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါ့အစ်ကိုကြီးကိုတော့ အရူးလုပ်နိုင်မှာ မဟုတ်ဘူး”
တခြား ရာထူးတွေကို အကဲဖြတ်ရတာ ခက်ကောင်းခက်နိုင်သည်။ သို့သော် Chip အင်ဂျင်နီယာ နည်းပညာတွင် အပြင်လူတွေ ကျွမ်းကျင်ချင်ယောင်ဆောင်ဖို့ နေနေသာသာ နားလည်ဖို့တောင် ခက်ခဲနိုင်သည့် အသိပညာများ ပါဝင်ပါသည်။
စူစူလေးကို ချင်းယုမူ ငုံ့ကြည့်လိုက်သည်။
ဒီကလေးမလေး လူကဲခတ်တာ အဲ့လောက် တိကျတာလား။
လူတစ်ယောက်ကို လူကောင်းလို့ ပြောလိုက်တာ တကယ် လူကောင်းဖြစ်နေတာပါလား။
ဒါ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ ဟုတ်တယ်မလား။
… … …
အခန်း(၇၁၃) အိမ်ရှေ့ထိ ရောက်လာတဲ့ အင်ဂျင်နီယာ (၁)
စူစူလေးက ဝင်ပြောလိုက်သည်။ “အစ်ကိုလတ် စကားများမနေနဲ့တော့! သွားစားကြရအောင်! ဗိုက်ဆာနေတဲ့လူတွေက စိတ်မကြည်မလင်ဖြစ်တတ်တယ်တဲ့!”
ဒီလူရူးလူမိုက်က ဗိုက်ဆာနေတာကြောင့် ရူးကြောင်ကြောင်စိတ်ဝင်နေတာဖြစ်မည်ဟု စူစူလေး ခန့်မှန်းမိပါသည်။
သူမလည်း ဗိုက်ဆာလျှင် စိတ်ရှုပ်ပြီး ဘာကိုမှ သေချာ စဉ်းစားလို့မရပါ။
“ဟုတ်ပါပြီ ဟုတ်ပါပြီ သွားစားကြမယ်နော်”
စူစူလေးကို ချီဖို့ သားဖြစ်သူကို ချင်းယန်ကျစ် တာဝန်ပေးလိုက်သည်။ ထို့နောက် သူ့မိန်းမ၏ လက်ကိုတွဲပြီး ထွက်လာခဲ့ပါသည်။
ပထမဆုံး ကစားကွင်းထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စူစူလေး အကြံပေးသည့်အတိုင်း စားပွဲအပြည့် မှာယူကာ ချန်းပင်းကို ဗိုက်ပြည့်အောင် အရင်စားခိုင်းလိုက်သည်။
ထို့နောက် ချန်းပင်းကို ခေါ်ပြီး ကစားကွင်းထဲ စီးစရာရှိတာတွေ လိုက်စီးကြသည်။
အရင်တုန်းက ရင်တုန်ပန်းတုန်ရသည့် ကစားနည်းများကို တစ်ခါမှ မကစားဖူးသည့် ချန်းပင်းတစ်ယောက် ဒီနေ့တော့ ပထမဆုံးအကြိမ်အဖြစ် ရိုလာကိုစတာ၊ drop tower နဲ့ ဘန်ဂျီးခုန်ခြင်းတို့ကို စမ်းသပ်ကြည့်ခဲ့သည်။
သူကြောက်လန့်နေဆဲ ဖြစ်သော်လည်း ပြင်းထန်သော စိတ်လှုပ်ရှားမှုကြောင့် နာကျင်မှုတချို့ကို ယာယီ ပျောက်ကွယ်သွားစေလေသည်။
--- --- ---
တစ်နေကုန် အပြင်မှာ ပင်ပန်းလာသည့် ချင်းရှင်းကျစ်တစ်ယောက် အိမ်ပြန်ရောက်ကာ ဆိုဖာပေါ်ထိုင်ပြီး ခြေကုန်လက်ပန်းကျနေပါသည်။
သူတင်ပါး နွေးအောင် မထိုင်ရသေးခင် စူစူလေးတို့ ပြန်ရောက်လာသည်။
တစ်ဖွဲ့လုံး ရယ်မောပျော်ရွှင်ရင်း ဆူဆူညံညံ ပြန်ရောက်လာခြင်း ဖြစ်၏။
ချင်းရှင်းကျစ်က စူစူလေးကို ထနှုတ်ဆက်လိုက်သည်။ “ညီမလေး ဒီနေ့ ပျော်ခဲ့ရဲ့လား”
“ပျော်တယ်! ပြီးတော့ ရူးကြောင်ကြောင် အစ်ကိုကြီးတစ်ယောက်ကိုလည်း ခေါ်လာခဲ့တယ်!”။ စူစူလေးက ခေါင်းမော့ကာ အစ်ကိုကြီးဖြစ်သူကို အစီရင်ခံလိုက်ပါသည်။
“ရူးကြောင်ကြောင် အစ်ကိုကြီးဟုတ်လား”။ ချင်းရှင်းကျစ် နားမလည်နိုင် ဖြစ်သွားသည်။
စူစူလေးပြောသည့် ရူးကြောင်ကြောင် အစ်ကိုကြီးဆိုတာ ဘယ်သူဘယ်ဝါမှန်း စဉ်းစားနေစဉ် သူ့မိသားစုနောက်မှ စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ယောက် ပါလာတာကို ချင်းရှင်းကျစ် မြင်သွားလေသည်။
ဘာလားဟ…
ဘာလို့ အိမ်ရာမဲ့တစ်ယောက်ကို ခေါ်လာကြတာလဲ။
ညီမလေးက အိမ်ရာမဲ့တစ်ယောက်ကို ကူညီပေးချင်တာ မပြောလိုပါဘူး ဒါပေမယ့် အိမ်အထိ ခေါ်လာတာက နည်းနည်း မသင့်တော်ဘူး မဟုတ်လား…
ဒီလူက လူဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ
လူကြီးတွေကတော့ ကိစ္စမရှိပါဘူး ဒါပေမယ့် ညီမလေးက ကလေးပဲ ရှိသေးတာ။ ခုတလော ကလေး ပြန်ပေးသမားတွေ အရမ်း သောင်းကျန်းနေတယ်လို့ ကြားမိတယ်။ စူစူလေးလို ချစ်စရာ ကလေးလေးက သူတို့ရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်သွားနိုင်တယ်…။
ချင်းရှင်းကျစ် ရင်ထဲ ပဋိပက္ခဖြစ်နေပြီး သူ့ညီမလေး ပြန်ပေးဆွဲခံရနိုင်သည့် မြင်ကွင်းပေါင်းစုံကို မြင်ယောင်နေစဉ် ချင်းယန်ကျစ်၏ စကားကြောင့် အသိစိတ်ပြန်ဝင်လာခဲ့ပါသည်။
“အစ်ကိုကြီး သူက ချန်းပင်းလေ။ သေချာ ကြည့်ပါဦး”
“ချန်းပင်း ဟုတ်လား”။ ဒီနာမည်ကို ချင်းရှင်းကျစ် သေချာပေါက် ကြားဖူးပါသည်။
သူတို့ နယ်ပယ်ထဲက လူပဲ!
သူ့လုပ်ငန်း နယ်ပယ်ထဲက ပါရမီရှင်တွေကို ချင်းရှင်းကျစ် အမြဲတမ်း အာရုံစိုက်စုံစမ်းခဲ့သည်။
ချန်းပင်းက အတော်ဆုံးထဲက အတော်ဆုံးတစ်ယောက် ဖြစ်သည်။ ဒီလိုလူမျိုးကိုတောင် မကြားဖူးပါက နည်းပညာ ကုမ္ပဏီတစ်ခု၏ စီအီးအို မဖြစ်ထိုက်တော့ပါ။
ချင်းရှင်းကျစ်လည်း အနီးကပ် သေချာ အကဲခတ်လိုက်ရာ ဒီ စုတ်စုတ်ပြတ်ပြတ်လူက သူ သတင်းတွေမှာ မြင်ဖူးသည့် ချန်းပင်းနဲ့ ၈၀ - ၉၀ ရာခိုင်နှုန်းလောက် ဆင်တူနေမှန်း တွေ့လိုက်ရပါသည်။
“မင်းက တကယ်ပဲ အင်ဂျင်နီယာ ချန်းပင်း ဟုတ်ရဲ့လား”။ ချင်းရှင်းကျစ် မေးလိုက်သည်။
ချန်းပင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်ပါသည်။ “ကျွန်တော် အခု နည်းနည်းတော့ ညစ်ပတ်နေတယ်”
ချန်းပင်း၏ လက်ရှိ ပုံစံကို ကြည့်ရင်း သူ့လို နာမည်ကျော် စီနီယာ အင်ဂျင်နီယာ တစ်ယောက်က ဒီလိုပုံစံ ဖြစ်နေရသလဲဟု ချင်းရှင်းကျစ် ဘယ်လိုမေးရမလဲ အခက်တွေ့နေသည်။
သို့သော်လည်း ဒီလိုအခြေအနေထိ ရောက်လာရအောင် အတော်လေး ဆိုးရွားသည့် အဖြစ်အပျက်တစ်ခုခု ကြုံတွေ့ခဲ့ရတာဖြစ်မည်ဟု သူခန့်မှန်းလိုက်ပါသည်။ ထို့ကြောင့် မမေးတာ ပိုကောင်းပါလိမ့်မည်။
ချင်းရှင်းကျစ် မေးသင့် မမေးသင့် ဝေခွဲရခက်နေစဉ် ချန်းပင်းက ရှင်းပြလိုက်လေသည်။ “ကျွန်တော့် ပါတနာ တစ်ယောက်က ကျွန်တော့်ကို သစ္စာဖောက်သွားခဲ့တာ။ ကျွန်တော့်ဇနီးကလည်း ဖောက်ပြန်ပြီး ကျွန်တော့်ကို ကွာရှင်းသွားတယ်။ အခု ကျွန်တော့်မှာ တစ်ပြားတစ်ချပ်မှ မကျန်တော့ဘူး။ ခင်ဗျားတို့ မိသားစု ကုမ္ပဏီက အလုပ်ခေါ်နေတယ်လို့ ကြားမိလို့ ကျွန်တော် လာခဲ့တာပါ”
ချင်းရှင်းကျစ် မျက်လုံးပြူးသွားသည်။ သူ့နားတွေကိုသူ မယုံကြည်နိုင်တော့ပါ။
သူကြိုးစားပမ်းစား ရှာဖွေခဲ့ရသည့် အင်ဂျင်နီယာက သူတို့ အိမ်တံခါးရှေ့ထိ အလိုလို ရောက်လာခဲ့တာပါလား။
… … …
အခန်း(၇၁၄) အိမ်ရှေ့ထိ ရောက်လာတဲ့ အင်ဂျင်နီယာ (၂)
ချင်းရှင်းကျစ် အချိန်အတော်ကြာ တိတ်ဆိတ်သွားတာကို မြင်ပြီး ချန်းပင်း အမြန်ပြောလိုက်သည်။ “မသင့်တော်ဘူးလို့ ထင်ရင်လည်း ရပါတယ်။ ဒီနေ့ ကြုံခဲ့ရတာတွေနဲ့တင် ကျွန်တော် ပျော်နေပါပြီ”
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ မသင့်တော်ဘူးလို့ ထင်လို့ မဟုတ်ပါဘူး။ ငါအံ့ဩလွန်းလို့ပါ”။ ချင်းရှင်းကျစ် အမြန် ရှင်းပြလိုက်သည်။ “ဒီလိုလုပ်ပါလား။ အေးအေးဆေးဆေး ထိုင်စကားပြောရအောင်လေ”။
“ဟုတ်ကဲ့”
သန့်ရှင်းသပ်ရပ်နေသည့် ဧည့်ခန်းကြီးကို ချန်းပင်း ကြည့်လိုက်သည်။ ထို့နောက် ညစ်ပတ်နေသည့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။ အထဲဝင်ရမှာ ရှက်နေသဖြင့် သူ့ခြေဖဝါးတွေကို မြှောက်ရမှာ တွန့်ဆုတ်နေပါသည်။
ဒါကိုသတိထားမိသဖြင့် ရှောင်းပေပေက အမြန်ပြောလိုက်သည်။ “ဘာမှ မဖြစ်ဘူး ဘာမှမဖြစ်ဘူး။ အထဲ ဝင်ခဲ့ပါ”
“ဒါပေမယ့် ကျွန်တော့်ကြောင့် ညစ်ပတ်သွားလိမ့်မယ်…”
“ရပါတယ် အကုန်လုံး အပြင်မှာ သောင်းကျန်းလာကြတာပဲဥစ္စာ။ မညစ်ပတ်တဲ့လူ ရှိလို့လား။ ပြီးတော့ ငါ့သားတွေ အပြင်ထွက် ရွှံ့လူးပြီး ပြန်လာကြရင် ၂ ကီလိုလောက် လေးတဲ့ ဖုန်တွေသဲတွေပါ သယ်သယ်လာတတ်တာ။ အဲ့တာတွေနဲ့ ယှဉ်လိုက်ရင် နင်က ဘာမှ မပြောပလောက်ဘူး”
ရှောင်းပေပေ၏ စကားကို ကြားကာ ချန်းပင် နွေးထွေးမှုကို ထပ်မံခံစားလိုက်ရသည်။
ထို့ကြောင့် ချင်းရှင်းကျစ်နဲ့အတူ ဧည့်ခန်းထဲလိုက်လာဖို့ မတွန့်ဆုတ်တော့ပေ။
ထို့နောက် သူတို့နှစ်ယောက် အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး စတင် ဆွေးနွေးကြသည်။
သူတို့ ဘာတွေပြောနေမှန်း စူစူလေး နားမလည်ပါ။ အတန်ကြာအောင် နားထောင်ပြီးနောက် သူမခေါင်းမူးလာသည်။
ထို့ကြောင့် ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး ကာတွန်းကား ကြည့်နေလိုက်ပါသည်။
သူမ အပြင်ပြန်ထွက်လာသောအခါ သူမ အစ်ကိုကြီး ပျော်ရွှင်နေတာကို မြင်လိုက်ရသည်။
“အစ်ကိုကြီး ဘာဖြစ်လို့လဲ”။ စူစူလေး မေးလိုက်သည်။
စူစူလေး၏ အသံကို ကြားပြီးနောက် ချင်းရှင်းကျစ် အမြန်ပြေးလာပြီး စူစူလေးကို ပွေ့ချီလိုက်ပါသည်။ “ညီမလေးက လူကဲခတ်တာ တော်လိုက်တာ! အစ်ကိုကြီးကို အရမ်းတော်တဲ့ ပညာရှင်တစ်ယောက် ကူရှာပေးနိုင်ခဲ့တယ်!”
“ပညာရှင်ဟုတ်လား အဲ့ဒီရူးကြောင်ကြောင် အစ်ကိုကြီးကလား”
“ဟုတ်တယ်! သူပဲ သူက အရမ်းတော်တာ! အစ်ကိုကြီး သူ့ကို စကားပြောပြီးသွားပြီ။ မနက်ဖြန် အစ်ကိုကြီးတို့နဲ့အတူ ဟွာချန့်ကို ပြန်လိုက်လာပြီး အလုပ်စလုပ်တော့မှာ!”
ချန်းပင်းအတွက် အနီးနားမှာ ဟိုတယ်တစ်ခု ရှာပေးခဲ့ပြီး တည်းခိုဖို့ ချင်းရှင်းကျစ် စီစဉ်ပေးခဲ့သည်။ မနက်ဖြန် မနက်မိုးလင်းလျှင် သူတို့နဲ့အတူ ဟွာချန့်မြို့သို့ လိုက်လာခဲ့မှာ ဖြစ်ပါသည်။
ချန်းပင်းအတွက်လည်း ပတ်ဝန်းကျင် ယာယီပြောင်းလဲနေထိုင်တာ အထောက်အကူ ဖြစ်နိုင်သည်။
“အစ်ကိုကြီးက သူ့ကို တော်တယ်လို့ ထင်တယ်ပေါ့။ သမီးက သူ့ကို ရူးကြောင်ကြောင်လို့ ထင်ထားတာ”။ စူစူလေး တီးတိုးပြောလိုက်ပါသည်။
“ဟားဟားဟား ဟုတ်ပါတယ်။ နေ့စဉ်ဘဝမှာတော့ နည်းနည်း ရူးကြောင်ကြောင်နိုင်ပေမယ့် လုပ်ငန်းနဲ့ ပတ်သတ်လာရင်တော့ ပညာရှင်အဆင့်ပဲ။ ပညာရှင်တွေ အားလုံးနီးပါးက အဲ့လိုပဲလေ! ကဏ္ဍတစ်ခုမှာ အစွန်းရောက်အောင် ထူးချွန်ကြပေမယ့် တချို့ ကဏ္ဍတွေမှာ လစ်ဟာနေတတ်တယ်”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ရှင်းပြလိုက်ပါသည်။
“ဪ…”
ဘာပဲဖြစ်ဖြစ်ပါလေ။ သူ ရူးကြောင်ကြောင်နိုင်တာ မနိုင်တာက အရေးမကြီးပါဘူး။
အနည်းဆုံးတော့ အဲ့ဒီ ရူးကြောင်ကြောင်နိုင်ပေမယ့် သဘောကောင်းတဲ့ အစ်ကိုကြီးကို ကယ်တင်နိုင်ခဲ့တာပဲ မဟုတ်လား။
“ဒါနဲ့ ညီမလေး၊ အဝတ်အစားသွားလဲရအောင်။ ညစာ အပြင်မှာ ထွက်စားကြမှာ။ ညီမလေးရဲ့ အစ်ကိုလတ်နဲ့ ယောက်မတို့က ပေကျင်းမြို့မှာ နာမည်အကြီးဆုံး Sky Garden စားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားတယ်။ အဲ့ဒီ စားသောက်ဆိုင်က ဘိုကင်လုပ်ဖို့တောင် အရမ်းခက်တာတဲ့။ လူအချို့ဆို လနဲ့ချီပြီး ကြိုဘိုကင်လုပ်ထားကြတယ်။ ဒီတစ်ခါ ညီမလေးရဲ့ တူချောလေးက သူ့အဆက်အသွယ်နဲ့ အစ်ကိုကြီးတို့ကို နေရာရအောင် လုပ်ပေးခဲ့တာ။ ဒီနေ့ည အားလုံး အတူတူသွားစားကြမယ်”။ ချင်းရှင်းကျစ် ပြောလိုက်ပါသည်။
စူစူလေးက ပေကျင်းမြို့မှာ သိပ်ကြာကြာ နေရမှာ မဟုတ်ပါ။ ထိုအချိန်တိုအတွင်း ပေကျင်းမြို့ရှိ အကောင်းဆုံးသော အရာများကို စူစူလေး ခံစားခွင့်ရသွားအောင် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ စီစဉ်ထားပါသည်။
အမှန်ပင်။ စူစူလေး ပေကျင်းမြို့ကို သဘောကျသွားပြီး တစ်သက်လုံးနေချင်လျှင် ပိုတောင် ကောင်းပါသေးသည်။
“ဟုတ်ပြီ!’။ စူစူလေး သဘောတူလိုက်သည်။ အရသာရှိတာတွေ စားရလျှင် သူမ အလွန်ပျော်ပါသည်။
စူစူလေး ရေချိုးခန်းထဲ တစ်ယောက်တည်း ဝင်သွားပြီး အဝတ်အစားတွေ ချွတ်ဖို့ ပြင်လိုက်စဉ် ရှောင်းပေပေ ဝင်လာခဲ့သည်။
စူစူလေးကို မြင်သောအခါ ရှောင်းပေပေ မျက်လုံးများ အရောင်တောက်သွားပြီး လက်နှစ်ဖက်ကို ပွတ်လျက် ပြောလိုက်သည်။
“စူစူလေးကို ယောက်မ ရေချိုးပေးမယ်! တစ်ကိုယ်လုံး မွှေးပျံ့သွားစေရမယ်!”
… … …
အခန်း(၇၁၅) ပန်းရောင်လေး ဝတ်အောင် လှည့်စားခြင်း
ပေကျင်းမြို့ရှိ မိသားစုအတွင်း တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့်အလျောက် စူစူလေးကို ရေချိုးပေးနိုင်မည့် အခွင့်အရေးက သူမအပိုင်သာ ဖြစ်သည်။
“မလိုဘူး ယောက်မ! သမီးဖာသာ ချိုးတတ်တယ်!”။ စူစူလေး ကိုယ့်ဖာသာကိုယ် ရေချိုးတတ်တာ ကြာပါပြီ။ ဘာအကူအညီမှ မလိုပါ။ သို့သော် မေမေကတော့ သူမကို အမြဲတမ်း စောင့်ကြည့်ပေးရသည်။
“မဟုတ်တာ စူစူလေး ကိုယ့်ဖာသာကိုယ် ရေချိုးတတ်တယ် ဆိုပေမယ့် စောင့်ကြည့်ပေးရမယ်လို့ အမေက ဖုန်းထဲမှာ မှာထားတယ်”။ ရှောင်းပေပေက သူမရဲ့ အကြီးမားဆုံးလက်နက်ဖြစ်သည့် အဘွားချင်း၏ ညွှန်ကြားချက်ကို ထုတ်သုံးလိုက်ပါသည်။
စူစူလေး ရေတွေ အလွန်အကြူး မကစားအောာင်နဲ့ ချော်မလဲအောင် ကာကွယ်ပေးဖို့ စောင့်ကြည့်ရမှာ ဖြစ်သည်။
“အာ့ဆိုလည်း ပြီးရော”
မေမေ မှာထားတာဖြစ်သဖြင့် သူမ လက်မခံချင်လည်း လက်ခံရပါတော့မည်။
စူစူလေး ရေချိုးကန်ထဲ ဝင်သွားသည်။ ထို့နောက် ဆပ်ပြာဆီကို ညှစ်ထုတ်ပြီး ခန္ဓာကိုယ်အား တိုက်ချွတ်လိုက်သည်။
ရေနွေးကြောင့် သူမ မျက်နှာလေးက ပန်းသီးလေးလို ပန်းရောင်သမ်းနေပါသည်။
သူမရဲ့ လက်သေးသေးလေးနဲ့ သူမရဲ့ ဖြူဖွေးပြီး နူးညံ့ပျော့ပြောင်းသည့် လက်မောင်းလေးကို ပွတ်တိုက်လိုက်သည်။
သူမရဲ့ အပြုအမူတိုင်းက အလွန်ချိုမြိန်ပြီး ချစ်ဖို့ကောင်းပါသည်။
ရှောင်းပေပေ ဘေးနားမှ ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
သမီးမိန်းကလေးဆိုတာ တကယ် ချစ်ဖို့ကောင်းတာပဲ!
ယောက္ခမဖြစ်သူကသာ စူစူလေးကို ကိုယ်တိုင် ရေချိုးမပေးဖို့ မှာထားလျှင် သူမ စိတ်ထိန်းနိုင်မှာ မဟုတ်ပါ။
အထိအတွေ့လေးက ဂျုံနှယ်ရတာထက် ပိုကောင်းမှာပဲ!
သူမ သား ၃ ယောက် ငယ်ငယ်တုန်းက ရေချိုးပေးခဲ့ရသည့် အချိန်ကို ပြန်စဉ်းစားကြည့်မိသည်။ သူတို့ ရေချိုးချိန်ရောက်တိုင်း သူများ ချိုးပေးမှာကိုသာ စောင့်နေတတ်သည်။ ထို့အပြင် ရေတွေကို အလွန်အကြူး ကစားပြီး တစ်ခန်းလုံး စိုရွှဲသွားမှ ရပ်တန့်သွားတတ်သည်။
စူစူလေးကတော့ သူတို့ထက် အများကြီး ပိုလိမ္မာပါသည်။
စူစူလေးကို ရှောင်းပေပေ ကိုယ်တိုင် ရေချိုးမပေးနိုင်သော်လည်း အနည်းဆုံးတော့ ရေသုတ်ပေးဖို့ တာဝန် ယူနိုင်ခဲ့သည်။
စူစူလေးက ဘောင်းဘီတိုလေး တစ်ထည်သာ ဝတ်ထားပြီး အမွှေးပွစောင်တစ်ထည်ပေါ်မှာ ထိုင်လိုက်သည်။ ရှောင်းပေပေက ပဝါတစ်ထည်ဖြင့် စူစူလေး၏ ဆံပင်တွေကို သုတ်ပေးလိုက်ပါသည်။
စူစူလေး၏ ဆံပင်က အလွန်နူးညံ့လှပလွန်းသည်။ ရေတွေကို သုတ်လိုက်ပြီး Dryer ဖြင့် မှုတ်လိုက်သောအခါ ပြည့်ပြည့်ဖောင်းဖောင်းလေး ပြန်ဖြစ်လာခဲ့သည်။
ရေတွေ ခြောက်အောင် သုတ်ပြီးသွားသောအခါ ရှောင်းပေပေက ပန်းရောင်စကတ်လေး တစ်ထည်ကို ထုတ်လိုက်သည်။
သူမ ရှော့ပင်ထွက်ခဲ့စဉ်တုန်းက စူစူလေးနဲ့လိုက်ဖက်မည်ဟု ထင်သဖြင့် မနေနိုင်ဘဲ ဝယ်ခဲ့ခြင်း ဖြစ်ပါသည်။
ဒီနေ့တော့ စူစူလေးကို ဝတ်ကြည့်ခိုင်းဖို့ အခွင့်အရေး ရလာခဲ့လေပြီ။
“ဒန်ဒန့်ဒန်! စူစူလေး ဒီနေ့ ဒါလေး ဝတ်ကြည့်လိုက်ပါလား”
“ဝတ်ဘူး” စူစူလေး ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“ဘာလို့လဲ”
“စကတ်တွေ ဝတ်ရတာ မကြိုက်ဘူး။ ပြီးတော့ ပန်းရောင်လည်း မကြိုက်ဘူး!”
“စကတ်လေးတွေက မလှဘူးလား။ ပြီးတော့ ပန်းရောင်လေးကလည်း ချစ်ဖို့ကောင်းပါတယ်”
“စကတ်တွေက မမိုက်ဘူး။ ပန်းရောင်ကလည်း မမိုက်ဘူး! သမီးက ခပ်လန်းလန်း ခပ်မိုက်မိုက် ဖြစ်ချင်တာ!”
ထို့ကြောင့် စူစူလေးက အမြဲတမ်းလိုလို အားကစားဘောင်းဘီ ဝတ်ထားရခြင်းဖြစ်သည်။
“စူစူလေး ဒီနေ့တစ်ရက်ပဲ ဝတ်ပေးလို့မရဘူးလား။ ဒီနေ့ တစ်ရက်တည်းပါ နော်!”။ ရှောင်းပေပေ တောင်းပန်လိုက်သည်။
ရှောင်းပေပေက သနားစရာကောင်းသော မျက်လုံးလေးများဖြင့် စူစူလေးအား ကြည့်လိုက်ပါသည်။
“တစ်ရက်တည်းပါ။ စူစူလေး ဝတ်တာကို ယောက်မ မြင်ချင်လို့ပါ”။ ရှောင်းပေပေ ထပ်ပြီးတောင်းပန်သည်။
“အဲ့တာဆို… ဒီတစ်ခါပဲနော်!”
ဟူး… ရှိပါစေတော့။ ဒုတိယယောက်မက သနားစရာကောင်းလွန်းတယ်။ အဲ့တာကြောင့် သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါမယ်လေ…။
“အင်း အင်း အင်း!”။ ရှောင်းပေပေ ခေါင်းတွေ ဆက်တိုက် ငြိမ့်ပြလိုက်ပါသည်။
၁၀ မိနစ်ခန့်ကြာပြီးနောက် ပန်းရောင်စကတ်လေး ဝတ်ထားသည့် စူစူလေးကို ရှောင်းပေပေ ခေါ်လာခဲ့သည်။ ထိုအခါ အစ်ကိုကြီး ၂ ယောက်၏ ချီးကျူးစကားများကို စူစူလေး ကြားခဲ့ရပါသည်။
ညီမလေးက ချစ်ဖို့ကောင်းပြီး လှပလိုက်တာ! ပန်းရောင်စကတ်လေးက ညီမလေးနဲ့ အရမ်းလိုက်တာပဲ!
ဟန်ဆောင်နေသည့် ချင်းယုမူတောင် မျက်လုံးများ အရောင်တောက်သွားပါသည်။
စူစူလေးက အရုပ်လေးတစ်ရုပ်လိုပင် လှပလွန်းသည်။
ဒါဘယ်လို နတ်သမီးလေးလဲ!
ချင်းယုမူ ရှေ့တိုးလာခဲ့သည်။ “နင်… နင် ဒီလိုဝတ်လိုက်တော့…”
… … …