အခန်း (၇၁၆-၇၂၀)
Vol. 29 Ch. 716-720
အခန်း(၇၁၆) ဒေါ်လေးကို တောင်းပန်စမ်း (၁)
“ရုပ်ဆိုးလိုက်တာ!”
အချိန်အတော်ကြာမှ ချင်းယုမူ စကားဆက်နိုင်ခဲ့သည်။
အစက စူစူလေးကို ချစ်ဖို့ကောင်းသည်ဟု ပြောဖို့ ရည်ရွယ်ထားသော်လည်း တကယ်ပြောရမည့်အချိန်ကိုရောက်တော့ ရှက်သွားခဲ့မိပြန်သည်။
အချိန်အကြာကြီး တွန့်ဆုတ်သွားပြီးနောက် သူပြောချင်သည့် အဓိပ္ပာယ်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည့် စကားလုံးကိုသာ ပြောထွက်ခဲ့ပါသည်။
“ကောင်စုတ်လေး ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ စူစူလေးက ဒီလောက်ချစ်ဖို့ကောင်းတာ။ ဘာဝတ်ဝတ် ကြည့်လို့လှတယ်။ ပြီးတော့ ဒီစကတ်လေးက ဘာဖြစ်လို့လဲ”
ချင်းယုမူကို ရှောင်းပေပေ မျက်စောင်းထိုးလိုက်သည်။
ဒီကောင့်ဦးနှောက်ထဲ အပေါက်ဖြစ်နေတာလား။
ချင်းယုမူလည်း သူ့စကားမှားသွားမှန်း သိသဖြင့် ခေါင်းငုံ့သွားပါသည်။ သူ့နှုတ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူနောင်တရမိပါသည်။
သူ့ပါးစပ်အစုတ်ပလုတ်မှ ဘာကြောင့် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ သူ့ကိုယ်သူလည်း မသေချာပါ။
အစက သူမကို ချီးကျူးဖို့ စိတ်ကူးရှိခဲ့တာကိုု!
စူစူလေးကို ရှောင်းပေပေ နှစ်သိမ့်ပေးဖို့ ပြင်လိုက်သည်။ သူမ သားပြောသည့် စကားများကို စိတ်ထဲမထားဘဲ ဝမ်းမနည်းဖို့ ပြောချင်ပါသည်။
သူမ ပါးစပ် မဟနိုင်ခင် စူစူလေးက ချင်းယုမူ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ဘယ်သူမှ မတုန့်ပြန်နိုင်ခင် ချင်းယုမူကို သူ့အိပ်ခန်းထဲ စူစူလေး ဆွဲထည့်လိုက်သည်။
ထို့နောက် တံခါးပိတ်ကာ လော့ခ်ချလိုက်ပြီး သော့ကိုပါ ဆွဲဖြုတ်လိုက်ပါသည်။
သူမက အရပ်သိပ်မရှည်သဖြင့် ခြေဖျားထောက်ပြီး တံခါးကို သော့ခတ်ရသည်။ အရပ်မရှည်သော်လည်း သူမ၏ လှုပ်ရှားမှုများက အလွန်သွက်လက်သဖြင့် အပြင်က လူ ၄ ယောက်စလုံး ကြက်သေသေသွားကြလေသည်။
ထို့နောက် စူစူလေး လက်နှစ်ဖက်ကို ဖုန်ခါလိုက်လေသည်။
ထို့နောက် ချင်းရှင်းကျစ်တို့ရှိရာထံသို့ ပြန်လျှောက်လာခဲ့ပါသည်။
“ညီမလေး… ယုမူကို အခန်းထဲထည့်ပြီး လော့ခ်ချလိုက်တာလား”။ ချင်းရှင်းကျစ် မေးလိုက်သည်။
“အွန်း! သမီးကို ရုပ်ဆိုးတယ်လို့ ပြောလို့!”
သူမကို သဘောမကျလည်း ကိစ္စမရှိပါ။ မခေါ်လည်း ကိစ္စမရှိပါ။ သို့သော် ရုပ်ဆိုးသည်ဟုတော့ ပြောခွင့်မရှိပေ။
ရှောင်းပေပေက စူစူလေးကို အမြန်ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။ “စူစူလေး စိတ်မဆိုးပါနဲ့။ စူစူလေးရဲ့ တူလေးကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တဲ့ ယောက်မ အပြစ်ပါ”
“ယောက်မအပြစ် မဟုတ်ပါဘူး။ သူက ဆိုးနေတာ!” စူစူလေး ပြောလိုက်သည်။
“အဲ့တာဆို စူစူလေး ဝမ်းမနည်းဘူးပေါ့”
“ဝမ်းမနည်းပါဘူး! သမီးက အရမ်းချောပြီး အရမ်းလှမှန်း သိပြီးသား! သူပြောတာ မမှန်ဘူး!”
ချင်းယုမူ လိမ်နေတာ သေချာပါသည်။ ထို့ကြောင့် သူမ ဝမ်းနည်းမှာ မဟုတ်ပါ။
သူမက ဘာကြောင့် ရုပ်ဆိုးရမှာလဲ။ ဒီလောက်မိုက်၊ ဒီလောက်လန်းတာကိုး!
စူစူလေး၏ ယုံကြည်ချက်ပြည့်ဝနေသော မျက်နှာလေးကို ကြည့်ရင်း ဒီကောင်မလေးက စိတ်ဓာတ်မာကျောမှန်း အားလုံး နားလည်သွားကြသည်။
ထိုစဉ် အခန်းထဲမှ ချင်းယုမူ၏ တံခါးကို တဒုန်းဒုန်း ထုရိုက်သံ ထွက်ပေါ်လာပါသည်။
“ငါ့ကို ပြန်ထုတ်ပေး!”
ချင်းယန်ကျစ်က တံခါးဆီ လျှောက်သွားပြီး သူ့သားကို အပြင်မှ ပြောလိုက်သည်။ “ယုမူ မင်းဒေါ်လေးကို ဘာလို့ အဲ့လို ပြောရတာလဲ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ဒေါ်လေးကို ရုပ်ဆိုးတယ်လို့ ပြောရအောင် မင်းအမြင်မှုန်နေပြီလားကွ”
“ကျွန်… ကျွန်တော် မရည်ရွယ်ပါဘူး”။ ချင်းယုမူ၏ လုံးလုံးထွေးထွေးအသံက ပို၍ပင် စိတ်ဓာတ်ကျစရာ ကောင်းနေပါသည်။
“မရည်ရွယ်ဘူးဆိုရင် မင်းဒေါ်လေးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်”
အခန်းထဲ တိတ်ဆိတ်သွားခဲ့သည်။
“ခွေးကောင်! မင်းမတောင်းပန်ရင် အဲ့အခန်းထဲမှာပဲ နေခဲ့လိုက်တော့! ငါတို့က အရသာရှိတာတွေ သွားစားတော့မှာ!”
“အဖေ နေဦး! တံ… တံခါးကို အရင်ဖွင့်ပေးပါ!”။ ချင်းယုမူ တောင်းဆိုလိုက်သည်။
“အဲ့တာ ငါဆုံးဖြတ်လို့မရဘူး။ ငါ့ညီမလေးကို ဒေါသထွက်အောင်လုပ်လို့ သူမင်းကို ဆုံးမထားတာ။ အဲ့တာကြောင့် မင်းကို ပြန်လွှတ်ပေးစေချင်ရင် သူ့ကို အရင်တောင်းပန်လိုက်”
ချင်းယန်ကျစ်က စူစူလေး၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါသည်။
ချင်းယန်ကျစ်၏ စကားကို ကြားသောအခါ ချင်းယုမူ ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။ “အဲ့… အဲ့တာဆို… ကျွန်… ကျွန်တော်…”
… … …
အခန်း(၇၁၇) ဒေါ်လေးကို တောင်းပန်စမ်း (၂)
ချင်းယုမူ စကားတွေ ထစ်ငေါ့နေပြီး အချိန်အကြာကြီး တွန့်ဆုတ်သွားပြန်သည်။
“မြန်မြန်တောင်းပန်လေကွာ။ မင်းဘာပြောရမှန်း မသိသေးရင် ငါတို့ ညစာသွားစားနှင့်တော့မယ်။ ငါတို့ စားသောက်နေတုန်း မင်းအချိန်ယူပြီး စဉ်းစားထားလိုက်ပေါ့ကွာ”။ ချင်းယန်ကျစ်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ပါသည်။
“နားလည်ပါပြီ! တောင်းပန်ပါ့မယ် သူ့ကို ခေါ်လိုက်ပါ!”။ ချင်းယုမူ အမြန်ပြောလိုက်သည်။
သူတောင်းပန်တာ နောက်ကျသွားပါက အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့မှာ စိုးရိမ်ရပါသည်။
သူ အငမ်းမရ စားသောက်ချင်တာကြောင့် မဟုတ်ဘဲ မိသားစုနဲ့အတူတူ စားသောက်ရမည့် အခွင့်အရေးကို မဆုံးရှုံးချင်တာကြောင့်သာဖြစ်သည်။
အားလုံး အပြင်ထွက်သွားကြပြီး အိမ်မှာ သူတစ်ယောက်တည်းသာ ကျန်ခဲ့ပါက သူတို့တွေ ဘယ်လောက်တောင် ပျော်ရွှင်နေကြမလဲဆိုတာ စိတ်ကူးသာ ယဉ်နိုင်လိမ့်မည်။
ချင်းယန်ကျစ်က စူစူလေးကို လှည့်ပြောလိုက်သည်။ “ညီမလေး၊ ယုမူက ညီမလေးကို တောင်းပန်မလို့တဲ့။ သူ့ကို တောင်းပန်ခွင့်ပေးမှာလား”
စူစူလေး ၂ စက္ကန့်လောက် စဉ်းစားလိုက်သည်။ “ဟုတ်ပြီ။ အစ်ကိုလတ်နဲ့ ယောက်မတို့ရဲ့ သားဆိုတော့ သမီး အခွင့်အရေး ပေးလိုက်ပါ့မယ်”
ကလေးတွေ အမှားလုပ်မိတာ မထူးဆန်းပါ။ သူမက လူကြီးဖြစ်သဖြင့် သူသာ တောင်းပန်မည်ဆို အခွင့်အရေး ပေးပါမည်။
စူစူလေးက ချင်းယန်ကျစ်ဘေးသို့ လျှောက်လာခဲ့သည်။
ရှောင်းပေပေလည်း အနားရောက်လာပြီး ချင်းယုမူကို သတိပေးလိုက်သည်။ “ယုမူ စကားမပြောခင် သေချာ စဉ်းစားနော်။ မိန်းကလေးတစ်ယောက်ကို ဒီလို စိတ်မကောင်းဖြစ်သွားအောင် ပြောလို့မရဘူး။ ပထမတစ်ခေါက် မသိလို့ ပြောမိတာ ကိစ္စမရှိဘူး။ ဒါပေမယ့် ပြန်တောင်းပန်တဲ့အချိန်မှာတောင် နားမလည်နိုင်သေးရင် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး နားလည်လား”
“နားလည်ပါတယ်…”။ ချင်းယုမူ တိုးညှင်းစွာ ပြန်ပြောလိုက်သည်။
သူအသံက ရှက်ကိုးရှက်ကန်းဖြစ်နေဆဲပင်။
“မြန်မြန်တောင်းပန်လေ ငါတို့ သွားရတော့မယ်!”။ စူစူလေးက တိုက်တွန်းလိုက်၏။
အချိန်ကအရေးပါသည်။ သူမ အရသာရှိတာတွေ အမြန်သွားစားချင်နေပါပြီ။
“ငါ… ငါတောင်းပန်ပါတဘ်။ ငါ… အဲ့လို ပြောဖို့ မရည်ရွယ်ပါဘူး။ နင်က တကယ်တော့… လှ…လှပါတယ်!”။ ချင်းယုမူ ထစ်ထစ်ငေါ့ငေါ့နဲ့ တောင်းပန်လိုက်လေသည်။
“ငါက လှတယ်ဆို ဘာလို့ ရုပ်ဆိုးတယ်လို့ ပြောတာလဲ။ ဘာလို့ လိမ်တာလဲ။ လိမ္မာတဲ့ ကလေးတွေက မလိမ်ရဘူးတဲ့!”။ စူစူလေး ဝေဖန် ပြစ်တင်လိုက်လေသည်။
“ငါ…”
အဲ့လိုပြောရမှာ ရှက်နေလို့။
နောက်ဆုံး စကားလုံးများကို အလွန် တိုးညှင်းစွာ ပြောလိုက်သဖြင့် တံခါးရှေ့က ၃ ယောက်စလုံး မကြားလိုက်ပေ။
“ကောင်စုတ်လေး နင်ဘာတွေ ပြောနေတာလဲ။ အဲ့လောက်တိုးတိုးလေးနဲ့ ဘယ်သူ့ကို စကားပြောနေတာလဲ”။ ရှောင်းပေပေ မကျေမနပ် ပြောလိုက်လေသည်။
“ရှက်နေလို့လို့ ပြောတာလေ! ပျော်ကြပြီလား!”။ ချင်းယုမူ မျက်နှာ နီရဲကာ အော်ပြောလိုက်ပါသည်။
“ရှက်လို့ဟုတ်လား။ နင်က ဘာကိုရှက်နေတာတုန်း”။ ရှောင်းပေပေ ရုတ်တရက် နားလည်သွားသည်။ “စူစူလေးကြောင့် နင်လည်း မှင်သက်သွားပေမယ့် အရင်တုန်းက မခေါ်ထားလို့ ပြောမထွက်ခဲ့တာပေါ့ ဟုတ်လာား”
“အဲ့… အဲ့လို…”
“အဲ့လို ဟုတ်တယ်မလား။ ဟားဟားဟားဟား။ နင်အရှက်မကွဲချင်လို့ တမင်သက်သက် လိမ်ခဲ့တာပေါ့ ဟုတ်လား!”။ ရှောင်းပေပေ သားဖြစ်သူကို နည်းနည်းလေးမှ မငဲ့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
“အမေ!”
ချင်းယုမူ အခန်းထဲမှာ စိတ်ရှုပ်စွာ ခုန်ပေါက်နေပါသည်။
သူ့အမေ အရင်းကော ဟုတ်ရဲ့လား။
သားအရင်းကို ဘာလို့ ဒီလို လှောင်နေရတာလဲ။
“ဟားဟားဟား တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ နင့်ဒေါ်လေးကို သေသေချာချာလေ ဆက်တောင်းပန်လိုက်နော်”
ရှောင်းပေပေ ရယ်မောရင်း ဘေးဖယ်ပေးလိုက်ပါသည်။
ချင်းယုမူ အသက်ဝဝ ရှူလိုက်ပြီး တောင်းပန်လိုက်လေသည်။ “ငါတောင်းပန်ပါတယ်! နင့်ကို ရုပ်ဆိုးတယ်လို့ တမင်တကာ ခေါ်လိုက်တာ မဟုတ်ပါဘူး။ နင်က ရုပ်လည်း မဆိုးပါဘူး! နင့်ကို လှတယ်လို့ ချီးကျူးချင်ပေမယ့် ပြောရမှာ ရှက်လို့ စကားပြောင်းလိုက်တာပါ! ငါမှားပါတယ်။ အပြစ်မယူဘဲ ခွင့်လွှတ်ပေးပါ စိတ်လည်း မဆိုးပါနဲ့!”
ထိုသို့တောင်းပန်ပြီးနောက် ချင်းယုမူ စိတ်ပိုဖိစီးသွားခဲ့လေသည်။
… … …
အခန်း(၇၁၈) ဇီဇာကြောင်ခြင်း (၁)
စူစူလေး သူ့ကို ခွင့်လွှတ်ပါ့မလား မသေချာပါ။
ထို့အပြင် အခု စူစူလေး မျက်နှာ ဘယ်လိုဖြစ်နေမလဲဆိုတာကိုလည်း မသိနိုင်ပါ။
စိတ်ပူပန်စွာဖြင့် တံခါးကို ကျောမှီလိုက်ပြီး အခန်းထဲကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။
သူ သောကပွားနေစဉ် တံခါးပွင့်သွားလေသည်။
တံခါးကို ကျောမှီထာားသည့် ချင်းယုမူလည်း ဟန်ချက်ပျက်သွားပြီး သူ့အဖေ ချင်းယန်ကျစ်လက်ထဲ တန်းရောက်သွားလေသည်။
“အဖေ ကျွန်တော့် အိပ်ခန်းတံခါးက အတွင်းဘက်ကို တွန်းဖွင့်ရတာ မဟုတ်ဘူးလား”။ ချင်းယုမူ အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ် တွန်းဖွင့်ရတာ ဒါပေမယ့် မင်းဒေါ်လေး စိတ်လောသွားပြီး တံခါးကို ဆွဲဖွင့်လိုက်မိလို့…”
အနည်းငယ် ပျက်စီးနေသည့် ဘေးက တံခါးကို ကြည့်ရင်း ချင်းယန်ကျစ် ပြောလိုက်သည်။
ပုံမှန်ဆို တွန်းဖွင့်ရမည့် တံခါးကို ဆွဲဖွင့်လို့ မရနိုင်ပါ။ သို့သော် စူစူလေးအတွက်တော့ မဖြစ်နိုင်တာ မရှိပေ။
တွန်းဖွင့်ရသည် ဖြစ်စေ ဆွဲဖွင့်ရသည်ဖြစ်စေ သူမ ဖွင့်ချင်လျှင် နည်းလမ်းရအောင်ရှာပြီး ဖွင့်ပါလိမ့်မည်။
ချင်းယုမူလည်း ပျက်စီးသွားသော တံခါးကို ကြည့်ရင်း ခုနက သူ့အပေါ် စူစူလေး သုံးခဲ့သည့် နည်းလမ်းက နူးညံ့ညင်သာလွန်းသည်ဟု တွေးကာ တံတွေးမျိုချမိပါသည်။
ရှောင်းပေပေလည်း ခေတ္တကြက်သေသေသွားပြီး ဆက်ရယ်မောလိုက်ပါသည်။ “စူစူလေးက ချစ်ဖို့ကောင်းလိုက်တာ!”
ချင်းယုမူ မတ်တပ်ပြန်ရပ်ပြီးနောက် စူစူလေးကို ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်ပါသည်။ “အဲ့တာဆို… ငါ့ကို ခွင့်လွှတ်လား”
သူ့မျက်လုံးများက မျက်နှာကြက်၊ သူ့အဖေ၊ ခပ်လှမ်းလှမ်းရှိ ချင်းရှင်းကျစ်နဲ့ ချင်းယုချဲ အားလုံးကို ကြည့်နေသည်။ စူစူလေးကလွဲပြီး ကျန်တာအားလုံးကို သူကြည့်ရဲသည်။
“ခွင်လွှတ်ပါတယ်”။ စူစူလေးက ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပါသည်။
ချင်းယုမူ၏ အကြောင်းပြချက်က အဓိပ္ပာယ်ရှိသဖြင့် သူမ အငြှိုးထားမှာ မဟုတ်ပါ။
စူစူလေး၏ တိုတုတ်သော အဖြေကြောင့် ချင်းယုမူ ရင်ထဲက အလုံးကြီး ကျသွားပြီး ရှက်နေတာတွေလည်း ပျောက်သွားခဲ့ပါသည်။
သူပြုံးကာ နှာခေါင်းကို လက်ဖြင့် ပွတ်လျက် ပြောလိုက်၏။ “နောက်တစ်ခါဆို သတိထားပါ့မယ်”
ဒီကလေးမလေးရဲ့ စိတ်က အပြောင်းအလဲမြန်သည်။ ထို့အပြင် သဘောထားလည်း ကြီးပါပေသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ချင်းယုချဲ ရောက်လာပြီး အားလုံးကို သတိပေးလိုက်သည်။ “သွားကြရအောင်လေ”
သူတို့ နောက်ကျနေပြီမှန်း သိသဖြင့် ရှောင်းပေပေက စူစူလေးကို ပွေ့ချီလိုက်ပြီး အိမ်ပြန်ပြေးထွက်သွားခဲ့ပါသည်။
“မြန်မြန်လာကြ! ယောက်ျားလေးတွေဖြစ်ပြီး မနှေးကြနဲ့!”
“လာပါပြီ လာပါပြီ! ဖြေးဖြေးသွားစမ်းပါ! ချော်လဲပြီး ငါတို့ညီမလေး ပြုတ်ကျသွားပါဦးမယ်!”။ ချင်းယန်ကျစ် နောက်က အမြန်ပြေးလိုက်ရင်း ပြောလိုက်ပါသည်။
လင်မယားနှစ်ယောက်၏ ပျာပျာယာယာ အမူအရာများကို ကြည့်ရင်း ချင်းရှင်းကျစ် သက်ပြင်းချလိုက်သည်။
ချင်းယုချဲနဲ့ ချင်းယုမူတို့ကတော့ သူတို့မိဘများရဲ့ အမူအကျင့်များကို အသားကျနေပြီဖြစ်သဖြင့် နောက်က တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်သွားခဲ့တော့သည်။
--- --- ---
Sky Garden စားသောက်ဆိုင်ကို ကောဖုန်းအဆောက်အဦး၏ ထိပ်ဆုံးထပ်မှာ ဖွင့်လှစ်ထားသည်။
စားသောက်ဆိုင်ထဲဝင်ဖို့အတွက် အားလုံး ဘိုကင် QR ကုတ်များ ပြသဖို့လိုအပ်ပါသည်။
စားသောက်ဆိုင်ထဲတွင် အပင်ပေါင်းစုံကို စိုက်ပျိုးထားပြီး စားပွဲဝိုင်းများကိုလည်း စိမ်းလန်းစိုပြည်သော သစ်ပင်များဖြင့် ဝန်းရံထားသည်။ သစ်တောလေး တစ်ခုထဲရောက်သွားသလို ခံစားချက်မျိုး ရရှိစေပါသည်။
စူစူလေးတို့အဖွဲ့ ဘိုကင်တင်ထားသော နေရာသို့ ရောက်ရှိလာကြပြီဖြစ်ပြီး ထိုင်ဖို့ ပြင်လိုက်ကြသည်။
သို့သော် မန်နေဂျာတစ်ဦးလို ဝတ်ဆင်ထားသည့် ဝန်ထမ်းတစ်ယောက်က ရုတ်တရက် ရောက်လာပြီး တားလိုက်လေသည်။
“စိတ်မရှိပါနဲ့ လူကြီးမင်းတို့။ ဒီစားပွဲကို ဘိုကင်လုပ်ထားပြီးသားလူရှိလို့ပါ။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်မှ ပြန်လာခဲ့ကြပါနော်”။ မန်နေဂျာကြီးက အသိပေးလိုက်လေသည်။
ဒါကိုကြားတော့ ရှောင်းပေပေ မျက်မှောင်ကြုတ်သွား၏။ “ဒီနေရာကို ကျွန်မတို့ ဘိုကင်လုပ်ထားတာလေ။ ဘိုကင် ဘောင်ချာမှာ ဒီစားပွဲလို့ ရေးထားတာ သေချာပါတယ်”
“ဒါဆို ကျွန်တော်တို့ ဝန်ထမ်း အမှားလုပ်မိတာ နေမှာပါ”။ မန်နေဂျာက ပြန်ပြောလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ စိတ်ကူးရှိပုံမရပါ။ မျက်နှာက ခက်ထန်နေပြီး တောင်းပန်ဖို့ စိတ်ကူးလည်း မရှိပေ။
“အဲ့တာ ဘယ်လိုစကားလဲ။ ရှင်တို့ ဝန်ထမ်းအမှားလုပ်မိတာဆိုရင် ရှင်တို့ပြဿနာလေ၊ ဘာလို့ ကျွန်မတို့ကို ပြန်လွှတ်နေရတာလဲ”။ ရှောင်းပေပေ မေးလိုက်လေသည်။
… … …
အခန်း(၇၁၉) ဇီဇာကြောင်ခြင်း (၂)
“ဘိုကင်မလုပ်ခင် ကျွန်တော်တို့ စားသောက်ဆိုင်အကြောင်း စုံစမ်းဖူးရဲ့လားမသိဘူး။ စုံစမ်းဖူးတယ်ဆိုရင် ကျွန်တော်တို့ စားသောက်ဆိုင်မှာ ဘိုကင်တွေကို လနဲ့ချီပြီး ကြိုလုပ်ထားတတ်ကြမှန်း သိမှာပေါ့။ အခု ဒီစားပွဲမှာ ပိုင်ရှင်ရှိပြီးသားဆိုတော့ အခုချက်ချင်း နောက်စားပွဲတစ်ခု ပြင်ပေးဖို့ ဆိုတာလည်း ကံမကောင်းစွာနဲ့ မဖြစ်နိုင်ပါဘူး”
သူတို့ အမှားဖြစ်သည်ဟု ဝန်ခံသော်လည်း သူ့အမူအရာတွေက အမှားလုပ်ထားသူနဲ့ မတူလှပါ။
“ဒီအမှားကို ရှင်တို့ဖာသာရှင်တို့လုပ်တာလေ။ ဘာလို့ ကျွန်မတို့ကို အပြစ်တင်ရမှာလဲ။ အဲ့တာ ဖြစ်သင့်ရဲ့လား”။ ရှောင်းပေပေ စိန်ခေါ်လိုက်သည်။
“အဲ့တာ ခင်ဗျားတို့ ပြဿနာပဲလေ။ ခင်ဗျားတို့ဖာသာ ကံဆိုးပြီး System Error နဲ့ ကြုံခဲ့တာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး”။ မန်နေဂျာက ပြန်ပြောလိုက်ပါသည်။
ချင်းယန်ကျစ် ဝင်ပြောလိုက်သည်။ “မင်းလိုလူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ ကိုယ်ကလည်း အမှားလုပ်ထားသေးတယ် ရန်လည်း ပြန်တွေ့သေးတယ်။ ဆက်ဆံရေးက အချိုးမပြေရုံတင်မကဘူး ကတ်စတမ်မာတွေကိုပါ မောင်းထုတ်နေတာပဲ”
ချင်းရှင်းကျစ်ကလည်း အလျှော့မပေးပါ။ “ဒီနေ့ ငါတို့အတွက် သေချာ ဖြေရှင်းပေးပါ။ မဟုတ်ရင် ငါတို့ ဒီမှာပဲ ထိုင်နေမှာ”
ဒါကိုကြားတော့ မန်နေဂျာကြီး၏ မျက်နှာမှောင်မိုက်သွားပြီး လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ “မစ္စတာချင်းနဲ့ မစ္စချင်းတို့ ဟုတ်ကြတယ် မလား။ ဘောင်ချာပေါ်မှာ နာမည်တွေပါလို့ သိတာပါ။ ခင်ဗျားတို့အကြောင်း ကျွန်တော် ကောင်းကောင်း သိတယ်”
ချင်းမိသားစုအကြောင်းကို မန်နေဂျာကြီး ကောင်းကောင်း သိပြီးသားဖြစ်သည်။
ချင်းမိသားစုကို သူပြန်လွှတ်နေရသည့် အကြောင်းအရင်းက System Error ကြောင့်လည်း မဟုတ်သလို ဘိုကင်တွေ ထပ်သွားတာကြောင့်လည်း မဟုတ်ပါ။
ဒီနေ့ အလွန်အရေးပါသည့် VIP တစ်ဦး ရောက်လာမှာကြောင့် ဖြစ်သည်။ ထို VIP တွေအတွက် နေရာတစ်ခု ပေးဖို့အတွက် ဒီနေ့ဘိုကင်တွေထဲက စားပွဲတစ်လုံးကို ပြန်လွှတ်မှ ရပါလိမ့်မည်။
ထို့ကြောင့် ဒီနေ့အတွက် ဧည့်သည်တော် စာရင်းကို စစ်ဆေးကြည့်လိုက်ပြီး ချင်းမိသားစုကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
သူတို့ စားသောက်ဆိုင်ကို ရောက်လာသူတိုင်းက ပေါ့သေးသေး မဟုတ်ကြပေ။ ချင်းမိသားစုကတော့ အားလုံးထဲမှာ အာဏာအနည်းဆုံးဟု ဆိုနိုင်သည်။
ချင်းမိသားစု ဘယ်နေရာမှာ ဘယ်လောက် အစွမ်းအစရှိသလဲ မန်နေဂျာကြီး မသိပါ။ သို့သော် ပေကျင်းမြို့မှာတော့ တခြား လုပ်ငန်းရှင်တွေနဲ့ ယှဉ်လိုက်ပါက ချင်းမိသားစုမှာ ပမွှားလေးလိုပင်။
“အဲ့တာဘာဖြစ်လဲ။ ငါတို့ဘယ်သူဘယ်ဝါဆိုတာက မင်းတို့ စားသောက်ဆိုင်မှာ ညစာလာစားတာနဲ့ ဘာဆိုင်လို့လဲ။ ငါတို့ ပိုက်ဆံမပေးဘဲ လာစားတာမို့လို့လားကွ”။ ချင်းယန်ကျစ် ရန်ပြန်တွေ့လိုက်သည်။
“စားသောက်ဆိုင်က အစားအသောက်တွေ ဝယ်စားနိုင်တာနဲ့ပဲ ဒီစားပွဲမှာ ထိုင်ဖို့ အဆင့်အတန်းပြည့်မှီတယ်လို့ မဆိုလိုဘူး။ ခင်ဗျားတို့ အဆင့်အတန်းနဲ့ အခြေအနေတွေကို ကျုပ်ကောင်းကောင်း နားလည်တယ်။ ခင်ဗျားတို့ ကျုပ်ကို စိန်ခေါ်ဖို့တောင် အရည်အချင်း မပြည့်မှီဘူး။ ကိုယ့်ဖာသာကိုယ် အေးအေးချမ်းချမ်း ထွက်သွားခွင့်ပေးနေတာကို ကျေးဇူးတင်သင့်တယ်!”။ မန်နေဂျာကြီးက ပြောလိုက်သည်။
“ငါတို့ ဘယ်မှ မသွားနိုင်ဘူး!”။ ရှောင်းပေပေ ဒေါသအလွန်ထွက်နေပါပြီ။
သူမတို့ အမှားမှ မဟုတ်တာ။ ဘာလို့ ထွက်သွားရမှာလဲ။
“ကောင်းပြီလေ! ခင်ဗျားတို့က ဒီလောက် ခေါင်းမာနေမှတော့ အကြမ်းနည်းသုံးပြီး လိုက်ပို့ပေးရမှာပေါ့”
ပြောပြောဆိုဆိုနဲ့ မန်နေဂျာကြီးက စကားပြောစက်ကို ထုတ်လိုက်ပါသည်။
“လုံခြုံရေး၊ စားပွဲနံပါတ် ၆၆ ကို လာခဲ့ပါ”
ထို့နောက် မန်နေဂျာကြီး ဘေးဖယ်နေလိုက်ပြီး ချင်းမိသားစုကို အေးစက်စက်အပြုံးဖြင့် စိုက်ကြည့်နေလိုက်သည်။
စူစူလေးက ထိုလူ့ကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်ပါသည်။ ဒီလူက လူဆိုးဖြစ်သည်ဟု သူမရဲ့ မသိစိတ်မှ ပြောနေသည်။
သို့သော် တူချောလေးက ဘာမှစိတ်ပူစရာမလိုဘူးဟု သူမကို တီးတိုးသတိပေးထားပါသည်။
သူမ အထင်မမှားနိုင်သော်လည်း သူမ တူချောလေးရဲ့ စကားကို ယုံကြည်ပါသည်။ ထို့ကြောင့် ဒီတိုင်း စောင့်ကြည့်ဖို့ စူစူလေး ဆုံးဖြတ်လိုက်ပါသည်။ သို့သော် သူမ မိသားစုကို ဒီလူ အနိုင်ကျင့်ရဲပါက သူမ ခွင့်လွှတ်ပေးမှာမဟုတ်ပါ။
မန်နေဂျာကြီး လုံခြုံရေး ခေါ်လိုက်တာကို ကြားပြီး ချင်းမိသားစုဝင်အားလုံး တင်းမာသွားကြသည်။
သူတို့ ကြောက်လန့်သွားကြသည်ဟု မန်နေဂျာကြီး ထင်လိုက်၏။
အခုတော့ ကြောက်ပြီလား! နောက်ကျသွားပြီ။ အခုချိန်မှ လာတောင်းပန်ရင်တောင် ဒီစားသောက်ဆိုင်ကနေ ဂုဏ်သိက္ခာရှိရှိ ထွက်သွားခွင့်ပေးမှာ မဟုတ်တော့ဘူး!
… … …
အခန်း(၇၂၀) ဇီဇာကြောင်ခြင်း (၃)
အချိန်သိပ်မကြာလိုက်ဘဲ လုံခြုံရေးအစောင့်များ ရောက်လာကြသည်။
သန်သန်မာမာ လုံခြုံရေး အစောင့် ၂ ဦးက စားပွဲရှေ့မှာ ရပ်ပြီး မန်နေဂျာကြီးကို မေးလိုက်သည်။ “ကျုပ်တို့ ဘာလုပ်ပေးရမလဲ မန်နေဂျာကြီး”
“ဒီလူတွေ ဘိုကင်တင်မထားလို့ ထွက်သွားခိုင်းတာကို ထွက်မသွားဘဲ ခေါင်းမာနေကြတယ်။ တခြားဧည့်သည်တော်တွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ကျေးဇူးပြုပြီး သူတို့ကို ပြန်လိုက်ပို့လိုက်ပါ”
ရှောင်းပေပေ ဒေါသအလွန်ပေါက်ကွဲသွားပြီး မန်နေဂျာကြီးကို ပါးထရိုက်ချင်စိတ်များ ပေါ်လာသည်။
သို့သော် စူစူလေးရှေ့မှာ သူမ စိတ်ထိန်းထားရပါမည်။
ရှောင်းပေပေတစ်ယောက်တည်းမဟုတ်ဘဲ ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့လည်း စိတ်ထိန်းထားရသည်။ သူတို့က ရှောင်းပေပေလောက် စိတ်ဆတ်မလွယ်သော်လည်း ဒီလိုအအခြေအနေမျိုးမှာတော့ ပြန်တိုက်ခိုက်မိမှာ သေချာသည်။
သို့သော် ဒီလူက လူဆိုးဖြစ်သည်ဟု စူစူလေး သိသွားလို့မဖြစ်ပါ။ ရှေ့ကလူမှာ လူဆိုးဖြစ်ကြောင်း စူစူလေး အတည်ပြုပြီးတာနောက် တစ်ပြိုင်နက် အကျိုးဆက်တွေက လှပမှာ မဟုတ်တော့ပေ။
ချင်းယုမူလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူလည်း သူ့မိဘတွေလိုပဲ ဒေါသထွက်နေပါသည်။ တစ်ယောက်ယောက်၏ မျက်နှာကိုပင် ပိတ်ထိုးပစ်ချင်နေသည်။
မန်နေဂျာကြီးက အမှန်တိုင်းပြောနေတာ မဟုတ်မှန်း လုံခြုံရေး အစောင့်တွေ သိကြသည်။
ဒီလူတွေသာ ဘိုကင်လုပ်မထားပါက စားသောက်ဆိုင်ထဲသို့ပင် ရောက်လာမှာ မဟုတ်ကြပေ။
သူတို့ကို ပြန်လွှတ်နေရသည့် အကြောင်းအရင်းမှာ အရေးကြီး VIP ဧည့်သည်တစ်ယောက် ရောက်လာမည်ဟု သတင်းရသဖြင့် မန်နေဂျာကြီးက ပိုအရေးပါသည့် ဧည့်သည်ကို မျက်နှာလိုမျက်နှာရလုပ်ကာ နေရာပေးချင်တာကြောင့် ဖြစ်လိမ့်မည်။
ဒီလိုဖြစ်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပါ။ အရင်တုန်းကလည်း သူဒီလိုတွေ လုပ်ခဲ့ဖူးသည်။
သို့သော် မန်နေဂျာခိုင်းသည့်အတိုင်း လုပ်ဖို့အတွက် လုံခြုံရေးအစောင့်များ ရှေ့တိုးလာကြသည်။
သူတို့ကို ကြည့်ရင်း ချင်းမိသားစုဝင်အားလုံး ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို တင်းမာသွားကြသည်။
ထို့အပြင် လူကြီးတွေအားလုံးက စူစူလေးကို အလယ်မှာထားပြီး ကာကွယ်ပေးလိုက်ကြသည်။
ဒါကိုမြင်တော့ မန်နေဂျာကြီးက လှောင်ပြောင်လိုက်သည်။ “အခုတော့ ကြောက်တတ်ပြီလား။ အခုမှ ကလေးကို ကာကွယ်ပေးရကောင်းမှန်းသိပြီလား”
ဟားဟားဟား နောက်ကျသွားပြီကွ!
မန်နေဂျာကြီးက လုံခြုံရေးအစောင့်များကို ပြောလိုက်သည်။ “ဘာမှ အားနာမနေကြနဲ့။ ငါတို့ဘက်က ဧည့်သည်တော်တွေကိုပဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာ။ ဒီလို ပြဿနာလာရှာတဲ့လူတွေကိုတော့ ရဲလက်ထဲ မအပ်တာနဲ့တင် ယဉ်ကျေးရာကျနေပြီ”
စူစူလေး နှုတ်ခမ်းစူနေပါပြီ။ သူမ ခန္ဓာကိုယ်က အန္တရာယ် အချက်ပေးသံများကို တုန့်ပြန်နေသည်။
ချင်းမိသားစုဝင်များက မန်နေဂျာကြီးကို ဒေါသထွက်သော်လည်း တစ်ချိန်တည်းမှာပင် စူစူလေး၏ မျက်နှာ ပြောင်းလဲလာမှုကို သတိထားမိပါသည်။
ချင်းယုချဲ၏ နှစ်သိမ့်ပေးမှုက တဖြည်းဖြည်း အာနိသင်ပြယ်လာမှန်း သိသာသည်။
“မန်နေဂျာပါ့ခ် ဒါဘာလုပ်နေတာလဲ”
ထိုစဉ် သူ့နာမည်ကို ရုတ်တရက်ခေါ်သံကြားလိုက်သဖြင့် မန်နေဂျာကြီး ခေါင်းလှည့်ကြည့်လိုက်သည်။
အသံပိုင်ရှင်ကို မြင်သောအခါ မန်နေဂျာကြီး၏ မျက်နှာထား ၃၆၀ ဒီဂရီလောက် ပြောင်းလဲသွားလေသည်။
“ဦးလေးကျန်းပါလား ဘာကိစ္စရှိလို့လဲ မသိဘူး”
ချင်းမိသားစုဝင်များလည်း အံ့အားသင့်သွားကြသည်။
ဒီလူက စူစူလေးရဲ့ အိမ်နီးချင်း လုမိသားစုမှ အိမ်တော်ထိန်းကျန်းမဟုတ်လား။ စူစူလေးရဲ့ လက်ရှိ ဘော်ဒီဂတ် ဟဲပေမူ၏ ဆရာလည်း ဖြစ်သည်။
အနည်းငယ် ဝဖြိုးသည့် ခန္ဓာကိုယ်ရှိပြီး အပြုံးချိုချို ပြုံးတတ်သဖြင့် ချင်းမိသားစုက သူ့ကို အလွန် သဘောကောင်းသည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။
“ဒီကို လာလို့မရဘူးလား။ ဒီကိုမလာခင် မန်နေဂျာဖြစ်တဲ့ မစ္စတာပါ့ခ်ဆီမှာ ခွင့်တောင်းဖို့ လိုသေးတာလား”။ အိမ်တော်ထိန်းကျန်းက ပုံမှန်လို နူးညံ့သိမ်မွေ့သည့် အမူအရာနဲ့မဟုတ်ဘဲ လှောင်ပြောင်သရော်သည့် အမူအရာနဲ့ မေးလိုက်ပါသည်။
“မ… မဟုတ်ပါဘူး! ဒီကိုလာဖို့ ကျွန်တော့်ဆီမှာ ခွင့်တောင်းဖို့ မလိုပါဘူး!”။
သူ့မျက်နှာထား ပြောင်းလဲသွားပုံက လျှပ်စီးလက်တာထက်ပင် ပိုမြန်ဆန်သေးသည်။
အိမ်တော်ထိန်းကျန်းလည်း လှောင်ပြုံးပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ ချင်းမိသားစုများကို လှည့်ကြည့်လိုက်ပါသည်။
ချင်းမိသားစု အားလုံးလည်း ကြောင်စီစီဖြစ်နေကြသည်။
ဒီစားသောက်ဆိုင် မန်နေဂျာက သာမန်လူမဟုတ်ပါ။ သူ့ကို လူမျိုးကတောင် တလေးတစား ဆက်ဆံရသည့် လူကလည်း သာမန် မဖြစ်နိုင်ပါ။
ဒါဖြင့်ရင် အိမ်တော်ထိန််းအဆင့်သာ ရှိတဲ့ အိမ်တော်ထိန်းကျန်းကို ဘာလို့ ဒီလောက် ကြောက်လန့်နေရတာလဲ။
ဧကန္တ…။
… … …