အခန်း (၇၂၁-၇၂၅)
Vol. 29 Ch. 721-725
အခန်း(၇၂၁) မောက်မာတာတွေ ချက်ချင်း ပျောက်သွားပြီ
ရှောင်းပေပေ ရင်တုန်သွားသည်။
ယခင်တုန်းက အိမ်တော်ထိန်းကျန်းကို မြင်ဖူးသလိုလိုရှိသည်ဟု သူမ ခံစားခဲ့ရဖူး၏။ သို့သော် သူက အိမ်တော်ထိန်း အဖြစ် အလုပ်လုပ်နေသူဖြစ်သဖြင့် သူမ ထင်နေသည့်လူ မဖြစ်နိုင်ဘူးဟု ကောက်ချက်ချခဲ့မိပါသည်။
သို့သော်လည်း ယခုတော့ သူမ ထင်နေတာ မှန်နေပုံရသည်။
အိမ်တော်ထိန်းကျန်းက တကယ်အဲ့ဒီလူပဲ!
“မစ္စတာချင်းတို့ ညီအစ်ကိုနဲ့ မစ္စချင်း… သခင်လေး နှစ်ယောက်လည်း ပါလာတာပဲ”။ အိမ်တော်ထိန်းကျန်းက ချင်းမိသားစုကို နှုတ်ဆက်လိုက်ပါသည်။
ထို့နောက် အငယ်ဆုံးလေးဖြစ်ပြီး အရေးပါဆုံးသူလေးဆီ အကြည့်ရောက်သွားကာ နှုတ်ဆက်လိုက်လိုက်ပါသည်။ “သခင်မလေးစူစူ”
ချင်းမိသားစုကို တရင်းတနှီး နှုတ်ဆက်နေသည့် အိမ်တော်ထိန်းကျန်းကို ကြည့်ကာ မန်နေဂျာပါ့ခ် ဂယောင်ချောက်ချား ဖြစ်သွားပါသည်။
ချင်းမိသားစုကို သူ ပြန်ကြည့်လိုက်သည်။ အခုတော့ သူ့မျက်လုံးတွေမှာ မောက်မာမှုတွေ မရှိတော့ပါ။ အံ့အားသင့်မှုနဲ့ စိတ်ချောက်ချားမှုတွေသာ ရှိပါတော့သည်။
ဒီမိသားစုက ဦးလေးကျန်းနဲ့ ရင်းနှီးကြတာလား။
“ဦးလေးကျန်း ဒီမှာ ဘာလုပ်နေတာလဲ”။ စူစူလေးက မေးလိုက်သည်။
“သခင်လေးလုအတွက် တောက်တိုမယ်ရလေးတွေ လုပ်ပေးနေတာပါ။ ပြီးတော့ သခင်မလေးစူစူရဲ့ အခြေအနေကိုလည်း လာစစ်ဆေးဖို့ သူပဲ ခိုင်းခဲ့တာ”။ အိမ်တော်ထိန်းကျန်းက ရှင်းပြလိုက်သည်။
“ကိုကြီးကော ပါလာလား”။ စူစူလေး မျက်လုံးများ အရောင်တောက်သွားသည်။
“သခင်လေးတော့ မပါပါဘူး။ ဆရာကြီးရှုယီနဲ့ လေ့ကျင့်ခန်းလုပ်ရတာတွေ ပျက်ကွက်လို့ မဖြစ်ဘူးလေ”
“ဪ ဟုတ်ပါပြီ”
ကိုကြီး လေ့ကျင့်ခန်းလုပ်နေရလို့ လိုက်မလာနိုင်တာပေါ့! သူမ အိမ်ပြန်မှ လက်ဆောင်တွေ အများကြီး ဝယ်သွားပါဦးမည်။
“သခင်လေးကို စကားပါးချင်တာရှိရင် ကျွန်တော့်ကို ပြောလိုက်လို့ရပါတယ်။ သူ့ကို တစ်လုံးမကျန် အကုန် ပြန်ပြောပေးပါ့မယ်လို့ ကတိပေးပါတယ်”။ အိမ်တော်ထိန်းကျန်းက ပြုံးကာ ပြောလိုက်သည်။
စူစူလေး ခေတ္တစဉ်းစားကာ ပြောလိုက်သည်။ “ဒါဆို ကိုကြီးကို ကြိုးစားထားလို့ ပြောပေး! သမီးလည်း နက်ဖြန် ပြန်လာမှာ! သူတိုးတက်လာလားဆိုတာ လာစစ်မယ်လို့!”
“ဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ။ သခင်မလေးစူစူရဲ့ အားပေးစကားကြောင့် သခင်လေး အရမ်း အားရှိသွားမှာပါ!” အိမ်တော်ထိန်းကျန်း ရယ်မောလိုက်လေသည်။
အိမ်တော်ထိန်းကျန်းလို မဟုတ်ဘဲ မန်နေဂျာပါ့ခ်ကတော့ မျက်နှာ ဖြူရော်နေပါပြီ။
အိမ်တော်ထိန်းကျန်းပြောတဲ့ သခင်လေးဆိုတာ…
ဒီကလေးမလေးက ဘယ်လိုလူတွေနဲ့ သူငယ်ချင်းဖြစ်နေတာလဲ!
“အွန်း… ဪ ဟုတ်သားပဲ။ ဦးလေးကျန်း ဒီလူကြီးက လူဆိုးလား”။ အိမ်တော်ထိန်းကျန်းကို စူစူလေး မေးလိုက်ပါသည်။
ဒီလူကြီးကို ဦးလေးကျန်းသိမည့်ပုံစံပေါက်သဖြင့် လူဆိုးဟုတ်မဟုတ် ပြောနိုင်လောက်သည်။
မန်နေဂျာပါ့ခ်လည်း အရင်လို မမောက်မာနိုင်တော့ဘဲ စိတ်ချောက်ချားကာ တစ်ကိုယ်လုံး ဖြူဖပ်သွားသည်။
“ကျွန်တော်က လူဆိုးမဟုတ်ပါဘူး။ ဒီတိုင်း နားလည်မှုလွဲနေကြတာပါ”။ မန်နေဂျာပါ့ခ်က အမြန်ရှင်းပြဖို့ ကြိုးစားလိုက်သည်။
အိမ်တော်ထိန်းကျန်းက ပြုံးကာ ပြန်ပြောလိုက်သည်။ “စိတ်မပူပါနဲ့ သခင်မလေးစူစူ။ ဒီလူက လူဆိုး မဟုတ်ပါဘူး။ ဒီတိုင်း ဇဝေဇဝါဖြစ်သွားလို့ပါ”
အိမ်တော်ထိန်းကျန်း၏ အဖြေက မန်နေဂျာပါ့ခ်အတွက် အံ့အားသင့်စရာလည်းဖြစ် စိတ်အေးစရာလည်း ဖြစ်ကာ သက်ပြင်းချမိပါသည်။
ဦးလေးကျန်း ဒေါသမထွက်လို့ တော်သေးတာပေါ့!
“ဪ အဲ့တာဆို သမီးတို့ ဒီမှာထိုင်လို့ရလား”။ စူစူလေး ထပ်မေးလိုက်သည်။
ခုနက သူမတို့ကို ဒီလူ ထွက်သွားခိုင်းနေတာ မှတ်မိပါသည်။
“ရပါတယ် ရပါတယ် ထိုင်လို့ရပါတယ်!”
အိမ်တော်ထိန်းကျန်း ဘာမှ ပြန်ဖြေနိုင်ခင် မန်နေဂျာပါ့ခ်က အတည်ပြုပေးလိုက်သည်။
ရှောင်းပေပေ ရယ်မောလိုက်၏။ “ခုနက နင်တို့ System Error တက်လို့ ငါတို့ နေရာမရဘူးဆို။ အခု ဘယ်လို ဖြစ်သွားတာလဲ။ ဪ နေပါဦး… ခုနက ငါတို့ကို ဘိုကင်လုပ်မထားဘူးလို့ စွပ်စွဲပြီး မောင်းတောင် ထုတ်နေတာ မဟုတ်ဘူးလား”
“ကျွန်တော် မှားသွားလို့ပါ။ မှားသွားပါတယ် မစ္စချင်း။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူး!”။ မန်နေဂျာပါ့ခ် ထပ်ခါထပ်ခါ တောင်းပန်လိုက်ပါသည်။
“ကျွန်တော်မှားပါတယ် ပြောရုံနဲ့ လုံလောက်သွားပြီလား”။ ရှောင်းပေပေက သူ့ကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ပါ။
“အဲ့တာဆို… မစ္စချင်းက ဘာလုပ်စေချင်လို့လဲ”။ မန်နေဂျာပါ့ခ် ထိတ်လန့်စွာ မေးလိုက်သည်။
ဘေးမှာ ဦးလေးကျန်း ကြည့်နေတယ်!
… … …
အခန်း(၇၂၂) စူစူလေးတို့ မိသားစုကို စော်ကားမိတဲ့ အပြစ်ဒဏ် (၁)
“အဲ့တာ ငါ့ကို လာမေးနေတာလား။ ဒီတိုင်း တောင်းပန်လိုက်ရုံနဲ့ နင်လုပ်ခဲ့တဲ့ ကောက်ကျစ်တဲ့လုပ်ရပ်တွေအတွက် လုံလောက်မယ်ထင်နေတာလား”။ ရှောင်းပေပေ စိန်ခေါ်လိုက်ပါသည်။
ဘေးမှာ စူစူလေးသာရှိမနေလျှင် သူမ ဆဲမိလောက်ပါသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်နေတာပါ! ခုနက ကျွန်တော့် ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးကြပါ! တောင်းပန်တဲ့အနေနဲ့ ဒီနေ့ စားသမျှကို ကျွန်တော် တကာခံပေးပါ့မယ်!”။ မန်နေဂျာပါ့ခ် အမြန် ကမ်းလှမ်းလိုက်ပါသည်။
“နင့်ဆီက အလကားစားရဖို့ ငါတို့က စိတ်ဝင်စားရမှာလား။ ငါတို့ကို မစားနိုင်မသောက်နိုင်တဲ့ လူတွေလို့ ထင်နေတာလား”။ ရှောင်းပေပေ ထပ်ပြောလိုက်သည်။
မန်နေဂျာပါ့ခ် ကြောက်လည်းကြောက် စိတ်လည်းရှုပ်လာပါသည်။ “ဒါဆို မစ္စချင်း ကျွန်တော် ဘာလုပ်ပေးရမလဲ။ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ဒီနေ့ အမှားအတွက် ပြန်ပေးဆပ်ဖို့ ကျွန်တော် လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်!”
“ဟွန်း ကြောင်သူတောင် ကြွက်သူခိုး!”။ ရှောင်းပေပေ မျက်စောင်းထိုးလိုက်သည်။ ဒီလူပြောတာကို သူမ တစ်လုံးမှ မယုံကြည်ပါ။
“မစ္စချင်းနဲ့ မိသားစုကို ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်နေတာပါ”။ မန်နေဂျာပါ့ခ် စိတ်ဖိစီးလွန်းသဖြင့် ချွေးစေးများပင် ပြန်လာပါပြီ။
“တော်စမ်းပါ။ နင်စိတ်ရင်းနဲ့ တောင်းပန်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ နင့်အနာဂတ်ကိုနင် ကယ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား”။ ရှောင်းပေပေ ညှာတာမှု ကင်းမဲ့စွာ တုန့်ပြန်လိုက်သည်။
ထိုစကားကြောင့် မန်နေဂျာပါ့ခ် မျက်နှာ နီရဲသွားပြီး အိမ်တော်ထိန်းကျန်းကို ခိုးကြည့်လိုက်သည်။ အိမ်တော်ထိန်းကျန်း၏ မျက်နှာပေါ်မှာ မပျော်ရွှင်သော မျက်နှာထားမျိုး မြင်လိုက်ရမှာ သူအလွန်ကြောက်ပါသည်။
ကံကောင်းစွာဖြင့် အိမ်တော်ထိန်းကျန်းက အပြုံးပါးပါးသာ ပြုံးထားပြီး နည်းနည်းလေးမှ ဒေါသထွက်ပုံ မပေါ်ပါ။
မန်နေဂျာပါ့ခ်က ရှောင်းပေပေကို ဆက်ရှင်းပြလိုက်သည်။ “မစ္စချင်း စိတ်လျှော့ပါဦး။ ဒီနေ့ ကျွန်တော့် လုပ်ရပ်တွေ မှားခဲ့တာ သိပါတယ်။ မစ္စချင်းတို့ ဒေါသဖြစ်တာကိုလည်း နားလည်တယ်။ ဒါပေမယ့် ကျွန်တော့်ကို တောင်းပန်ဖို့ အခွင့်အရေးလေးတော့ ပေးပါ။ မဟုတ်ရင် ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး”
ရှောင်းပေပေက ချင်းယန်ကျစ်ကို လှည့်ပြောလိုက်သည်။ “ယောက်ျား ရှင်ပဲ ဆက်ပြောလိုက်တော့! ကျွန်မ ဘာမှ မပြောချင်တော့ဘူး”
ဒီလူနဲ့သာ စကားဆက်ပြောရလျှင် သူမ ဒေါသအထွက်လွန်ပြီး ကလေးတွေရှေ့မှာ ဆဲဆိုမိမှာကို စိတ်ပူခြင်းကြောင့် ဖြစ်သည်။
ချင်းယန်ကျစ်လည်း စူစူလေးကို မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည်။
ဒီလူ့ကို ပြဿနာ ထပ်ရှာပါက စူစူလေးကို ထိခိုက်မှာ စိတ်ပူမိသည်။ ထို့အပြင် အစ်ကိုကြီးနဲ့ စူစူလေးတို့ ပေကျင်းမြို့ကို ရှားရှားပါးပါး လာရောက်သည့်အခိုက်အတန့်မှာ ဒီလိုလူမျိုးအတွက် အချိန်တွေ အများကြီး မဖြုန်းတီးသင့်ပါ။
ထို့ကြောင့် ချင်းယန်ကျစ် ပြောလိုက်သည်။ “တော်လောက်ပြီ။ မင်းတောင်းပန်တာလည်း ငါတို့မကြားချင်ဘူး။ ငါတို့ကို ဧည့်ခံဖို့ တခြားတစ်ယောက်လွှတ်လိုက်။ အခု မင်းကို မမြင်ချင်တော့ဘူး”
ဒါကိုကြားတော့ မန်နေဂျာပါ့ခ် အပျော်လွန်သွားပြီး အမြန်ပြောလိုက်ပါသည်။ “ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်တော် အခုချက်ချင်း ထွက်သွားပါ့မယ်။ မီးဖိုဆောင်ကိုလည်း မစ္စတာချင်းတို့အတွက် အမြန်ဆုံး ချက်ပြုတ်ပေးဖို့ မှာလိုက်ပါ့မယ်။ ဒီနေ့အတွက် ဘာမှ ရှင်းစရာမလိုဘူးနော်”
ထွက်မသွားခင် အိမ်တော်ထိန်းကျန်းကို မန်နေဂျာပါ့ခ် နှုတ်ဆက်လိုက်သေးသည်။ ထို့နောက် လျှပ်စီးလို အလျှင်ဖြင့် ထွက်ပြေးသွားလေတော့သည်။
အိမ်တော်ထိန်းကျန်းက အပြုံးမပျက်ဘဲ ချင်းမိသားစုကို ပြောလိုက်သည်။ “ဒါဆို ကျွန်တော်လည်း မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော် လုပ်စရာ အလုပ်လေးတွေ ရှိသေးလို့”
“ဟုတ်ကဲ့ပါ အိမ်တော်ထိန်းကျန်း၊ လုပ်စရာရှိတာ သွားလုပ်ပါ”။ ချင်းရှင်းကျစ် ပြောလိုက်သည်။
ထို့နောက် အိမ်တော်ထိန်းကျန်းက စူစူလေးကို ပြောလိုက်သည်။ “သခင်မလေးစူစူ ဒီနေ့ အားရပါးရ စားခဲ့နော်။ ဟွာချန့်မြို့မှာ မကြာခင် ပြန်ဆုံကြမယ်”
“အွန်း သွားတော့ သွားတော့!”။ စူစူလေး၏ အသံသေးသေးလေးက အလွန် ချစ်ဖို့ကောင်းပါသည်။
စူစူလေးတို့ မိသားစုကို နှုတ်ဆက်ပြီးနောက် အိမ်တော်ထိန်းကျန်း၏ မျက်နှာပေါ်က အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် ဝန်ထမ်းတွေသာ လာရောက်ခွင့်ရှိသည့် မန်နေဂျာရုံးခန်းထဲသို့ သူတည်တည်ငြိမ်ငြိမ် ဝင်လာခဲ့သည်။
အိမ်တော်ထိန်းကျန်းကို ထပ်မြင်လိုက်ရသောအခါ မန်နေဂျာပါ့ခ် မျက်နှာလို မျက်နှာရပြုံးလိုက်ပြီး ကြိုဆိုလိုက်လေသည်။ “ဦးလေးကျန်းပါလား။ တစ်ခုခု ထိုင်မစားဘဲ ဘာလို့ ဒီရောက်လာတာလဲ။ ပြောစရာရှိလည်း ကျွန်တော့်ကို လှမ်းခေါ်လိုက်ရောပေါ့။ ဘာလို့ ကိုယ်တိုင် အပင်ပန်းခံပြီး ရောက်လာရတာလဲ”
“စားသောက်ဆိုင်ထဲမှာ စိတ်လိုက်မာန်ပါလုပ်တာက စားသောက်ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်”။ အိမ်တော်ထိန်းကျန်းက ပြန်ပြောလိုက်သည်။
… … …
အခန်း(၇၂၃) စူစူလေးတို့ မိသားစုကို စော်ကားမိတဲ့ အပြစ်ဒဏ် (၂)
“ဦးလေးကျန်းက နောက်နေပြန်ပြီ။ ဘယ်သူက စားသောက်ဆိုင်ထဲမှာ အကြမ်းပတမ်း…”
မန်နေဂျာပါ့ခ် စကားမဆုံးခင် အိမ်တော်ထိန်းကျန်း၏ အေးစက်သော အကြည့်များကို မြင်ကာ ကြက်သေသေသွားလေသည်။
ထိုအချိန်တွင် မန်နေဂျာပါ့ခ် ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်လာပါသည်။
“ဦး…ဦးလေးကျန်း… ဘာ… ဘာဖြစ်လို့…”
“ဒီကိုလာရင်းနဲ့ မင်းဘော့စ်ကို ငါစကားပြောပြီးသွားပြီ။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ”။ အိမ်တော်ထိန်းကျန်း တည်ငြိမ်စွာ ပြောလိုက်ပါသည်။
“ဦး…ဦးလေးကျန်း။ ဒါ… ဒါဘယ်လိုဖြစ်တာလဲ”။ မန်နေဂျာပါ့ခ် ထိတ်လန့်တုန်လှုပ်ကာ မယုံကြည်နိုင်ဖြစ်သွားသည်။
“ငါပြောပြဖို့ လိုသေးတာလား”
ဘာကြောင့်လဲဆိုတာ သူနားလည်သင့်သည်။
“ဦးလေးကျန်း ခုနကပြောတော့… ကျွန်…ကျွန်တော် ဇဝေဇဝါဖြစ်သွားရုံပါဆို…”
ထိုစကားကြောင့်ပဲ သူ့ကို အိမ်တော်ထိန်းကျန်း ဒေါသမထွက်လောက်ဘူးဟု မန်နေဂျာပါ့ခ်ထင်ထားခဲ့တာဖြစ်သည်။
“သခင်မလေးစူစူနဲ့ သူ့မိသားစုကို မင်းစော်ကားခဲ့တယ်။ အဲ့တာကို ဇဝေဇဝါဖြစ်တယ်လို့ အကြောင်းပြချက် ပေးရုံနဲ့ လုံလောက်ပါ့မလား”
“ဒါ… ဒါဆို ခုနက ဘာလို့…”
“သခင်မလေးစူစူကို ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ တချို့ကိစ္စတွေကို ငါတို့ လူကြီးတွေ ကိုင်တွယ်တာ ပိုကောင်းတယ်”
သူ့ရှေ့က တည်ငြိမ်အေးဆေးသည့် အိမ်တော်ထိန်းကျန်းကို ကြည့်ကာ မန်နေဂျာပါ့ခ် ခန္ဓာကိုယ်ထဲက ဆဲလ်တွေအကုန် အေးခဲသွားသလို ခံစားလိုက်ရသည်။
သူ မြင်ဖူးပါသည်။ ဒီ အပြုံးချိုချိုနဲ့ အဘိုးကြီး ဘယ်လို နည်းလမ်းတွေသုံးပြီး လူတွေကို အပြစ်ပေးတတ်သလဲဆိုတာ သူမြင်ဖူးသည်။
တစ်ခေါက်တည်းဖြစ်သော်လည်း သူအခုထိ မမေ့နိုင်သေးပါ။
အခုတော့ ထိုဖြစ်ရပ်မျိုး သူကြုံရတော့မည်…။
ရှင်သန်လိုစိတ်ကြောင့် တုန်ယင်နေသော ခြေထောက်များဖြင့် မန်နေဂျာပါ့ခ် တံခါးဆီ ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် ခြေလှမ်း ၂ လှမ်းသာ လှမ်းလိုက်ရပြီး အိမ်တော်ထိန်းကျန်းက သူ့ကို ပြန်ဆွဲခေါ်လိုက်ပါသည်။
သူ့ခန္ဓာကိုယ်ကို အိမ်တော်ထိန်းကျန်းက အရုပ်လို ပေါ့ပေါ့ပါးပါး ပြန်ဆွဲခေါ်လိုက်ခြင်း ဖြစ်သည်။
လွတ်လမ်း မမြင်တော့သဖြင့် မန်နေဂျာပါ့ခ် အော်ကြီးဟစ်ကျယ် အကူအညီတောင်းလေသည်။
သို့သော်လည်း ဘာမှ မထူးခြားခဲ့ပါ။
မန်နေဂျာရုံးခန်းအနီးရှိလူတိုင်းကို အထက်လူကြီးများက အမိန့်ပေးထားသည်။
ဒီနေ့မနက်တုန်းကအထိ မောက်မာနေဆဲဖြစ်သော မန်နေဂျာပါ့ခ်တစ်ယောက် ဒီနေ့ည ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။
--- --- ---
ချင်းမိသားစုဝင်များကတော့ ညစာကို ပျော်ရွှင်စာ စားသောက်နေကြပါပြီ။
မန်နေဂျာက ရိုင်းစိုင်းသော်လည်း စားသောက်ဆိုင်၏ အစားအစာများက အလွန်အရသာရှိပါသည်။
ပုံမှန်ဆို ချင်းယုချဲ ချက်ပေးသည့် အရသာရှိသော အစားအသောက်များကို စားနေကျဖြစ်သည့် ချင်းမိသားစုကတောင် စားသောက်ဆိုင်၏ ဟင်းလျာများကို ချီးကျူးမိကြသည်။
အရသာရှိသည့် အစားအသောက်များက စိတ်ကိုရွှင်စေသည်။ ထို့ကြောင့် ခုနက ဖြစ်ပျက်ခဲ့သည့် စိတ်ညစ်စရာတွေကို အချိန်တိုအတွင်း မေ့ပျောက်ကုန်ကြပါသည်။
“ဦးလေး၊ ခုနက လူက ဘယ်သူကြီးလဲ။ ဟွာချန့်မြို့ကပဲလား”။
စားသောက်ပြီးစီးခါနီးတွင် ချင်းယုမူ မေးလိုက်ည်။
“ဟုတ်တယ်။ ငါတို့ဘေးအိမ်က အိမ်တော်ထိန်းကြီးလေ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်၏။
“အိမ်တော်ထိန်းဟုလား။ အိမ်တော်ထိန်းတစ်ယောက်က ဘာလို့ အဲ့လောက် အာဏာကြီးရတာလဲ။ ခုနက မန်နေဂျာဆို သူ့ကိုမြင်တော့ ကြောင်ပေါက်လေးတစ်ကောင်လို ဖြစ်သွားတာ”။ ထိုမန်နေဂျာ၏ မျက်နှာကို ပြန်မြင်ယောင်မိတာနဲ့ ချင်းယုမူ အန်ချင်သွားပါသည်။
“အဲ့တာတော့… ငါလည်း သိပ်မသိဘူး”။ ချင်းရှင်းကျစ်လည်း တပ်အပ် မပြောနိုင်ပါ။
“တကယ်တော့ ကျွန်မ သူ့ကို မြင်ဖူးတယ်လို့ အရင်က ထင်ဖူးတယ်…”။ ရှောင်းပေပေ ဝင်ပြောလိုက်သည်။
“မင်းက သူ့ကို မြင်ဖူးတယ် ဟုတ်လား”။ ချင်းယန်ကျစ် မေးလိုက်သည်။
“ကျွန်မ အသက် ၁၂ နှစ်အရွယ်တုန်းက တစ်ခါ မြင်ဖူးတယ်။ ကျွန်မ မိဘတွေနဲ့အတူ သိုင်းပညာပြိုင်ပွဲတစ်ခုကို သွားကြည့်ခဲ့တုန်းကလေ…”။ ရှောင်းပေပေ ပြန်ဖြေလိုက်ပါသည်။
“သူက ပြိုင်ပွဲဝင်လား”။ ချင်းယန်ကျစ် မေးလိုက်၏။
“မဟုတ်ဘူး” ရှောင်းပေပေ ခေါင်းခါသည်။
“အဲ့တာဆို အကဲဖြတ်ဒိုင်ပေါ့”။ ချင်းယန်ကျစ် ထပ်မေးသည်။
“မဟုတ်ဘူး အဲ့တာလည်း မဟုတ်ဘူး”။ ရှောင်းပေပေ ခေါင်းထပ်ခါလိုက်ပါသည်။
“အဲ့တာဆို သူက ဘယ်သူတုန်း”
… … …
အခန်း(၇၂၄) လုမိသားစုရဲ့ သရုပ်မှန်က ဘာလဲ
ရှင်းပေပေ ခေတ္တ ရပ်တန့်သွားပြီး ရှင်းပြလိုက်ပါသည်။ “သူက သိုင်းလောကထဲမှာ ထိုက်ရှန်းပေသိုအဆင့်လို့ ကျွန်မအဖေ ပြောဖူးတယ်။ သူ့ကို အနိုင်ယူနိုင်တဲ့လူမရှိတော့လို့ အနားယူသွားခဲ့တာတဲ့။ ဒါပေမယ့် အဲ့အချိန်တုန်းက သူ အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတာ။ ဒါပေမယ့် အရမ်းဆန်းကြယ်လို့ ကျွန်မ မှတ်မိနေတာလေ”
ရှောင်းပေပေ၏ ရှင်းပြချက်ကို ကြားသောအခါ အားလုံး အံ့အားသင့် တုန်လှုပ်သွားကြသည်။
ဒီလောက် သဘောကောင်းပြီး ကြင်နာတတ်တဲ့ အိမ်တော်ထိန်းကျန်းရဲ့ သရုပ်မှန်က ဒီလိုလား။
သူ့အမေ အထင်မှားနေသည်ဟု ချင်းယုမူ အနည်းငယ် သံသယရှိသဖြင့် ဝင်မေးလိုက်သည်။ “အမေပြောတာ အမှန်ပဲလား။ အမေပြောပုံအရဆိုရင် အိမ်တော်ထိန်းကျန်းက သိုင်းလောကထဲမှာ နှစ်ယောက်မရှိတဲ့ သိုင်းဆရာကြီးပေါ့ ဟုတ်လား”
“အရင်က အဲ့လို သမိုင်းဝင်ပုဂ္ဂိုလ်မျိုး တကယ်ရှိတာ ကြားဖူးတယ်။ သိုင်းပညာအရမ်းတော်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနားယူသွားတာတဲ့။ ငါ့ခယ်မပြောတာနဲ့ နည်းနည်းတော့ ဆင်တူတယ်။ ဒါပေမယ့် အဲ့ဒီလူကို ငါလည်း တစ်ခါမှ မမြင်ဖူးတော့ ဖြစ်နိုင်ပါ့မလား မသေချာဘူး”။ ချင်းရှင်းကျစ်က ဝင်ပြောလိုက်ပါသည်။
“ပေပေ ခန့်မှန်းတာ မှန်တယ်ပဲ ထားပါတော့။ ဒါဆို ဘာလို့ သူ့လို သိုင်းဆရာကြီးတစ်ယောက်က အိမ်တော်ထိန်း ဝင်လုပ်နေရတာလဲ။ အကြောင်းအရင်းတစ်ခုခု ရှိလို့များလား”။ ချင်းယန်ကျစ်လည်း ရေရွတ်လိုက်ပါသည်။
“မသိဘူး… ကျွန်မ မှားနေတာလည်း ဖြစ်နိုင်ပါတယ်။ အချိန်တွေလည်း ကြာခဲ့ပြီကိုး။ အဲ့ဒီနောက်ပိုင်း သူ့အကြောင်း နည်းနည်းကြားမိပြီး ဓာတ်ပုံလည်း ၂ ခါလောက်ပဲ မြင်ဖူးတာ”
ထို့ကြောင့် ရှောင်းပေပေလည်း ရာနှုန်းပြည့် မသေချာနိုင်ပါ။
ကလေးဘဝတုန်းက မြင်ခဲ့ဖူးတာဖြစ်သဖြင့် အချိန်တွေ အလွန်ကြာပြီဖြစ်ကာ လူမှားနိုင်ချေ ရှိပါသည်။
“ဘာပဲဖြစ်ဖြစ်ပါ ခုနက မန်နေဂျာရဲ့ အပြုအမူကို ကြည့်ခြင်းအားဖြင့် အိမ်တော်ထိန်းကျန်းက သာမန်လူ မဟုတ်တာတော့ သိသာတယ်”။ ချင်းရှင်းကျစ် ကောက်ချက်ချလိုက်ပါသည်။
“လုမိသားစုရဲ့ သရုပ်မှန်က ဘာလဲ မသိဘူးနော်။ သူတို့ဆီက အိမ်တော်ထိန်းကတောင် ဒီလောက်ထိ အစွမ်းအစ ရှိနေရင်…”။ ရှောင်းပေပေ ရေရွတ်လိုက်ပါသည်။
လုမိသားစုအကြောင်း သူတို့ ဘာမှ သိပ်မသိပါ။ သူတို့ ဘာအလုပ်တွေ လုပ်ကြသလဲဆိုတာတောင် မသိပါ။
သူတို့ မြင်ဖူးသည့် မိသားစုဝင်ဟူ၍လည်း သခင်ကြီးလုနဲ့ လုကျန်းယွီတို့သာ ရှိသည်။
ဘယ်သူမှ အဖြေမပေးနိုင်ကြဘဲ စူစူလေးကို တစ်ပြိုင်တည်း ဝိုင်းကြည့်လိုက်ကြသည်။
စူစလေးက ပါးထောက်လျက် မေးလိုက်ပါသည်။ “အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ဘာလို့ စိုက်ကြည့်နေကြတာလဲ။ သမီးမျက်နှာပေါ် မုန့်ပေနေလို့လား”။
ဘာလို့ ထပ်ကြည့်နေကြပြန်တာလဲ။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ခုတလော သူမကို တော်တော်ကြည့်နေကြတာပဲ။
သူမ အရပ်ရှည်လာလို့လား။ အရမ်း မိုက်လာလို့လား။ အရမ်းကြမ်းကြုတ်လာလို့လား။
“မဟုတ်ပါဘူး မဟုတ်ပါဘူး”။ စူစူလေးကို ချင်းယန်ကျစ် အမြန်ရှင်းပြလိုက်သည်။ “ညီမလေးက အရမ်းချစ်ဖို့ကောင်းလို့ ကြည့်မိတာပါ”
“မဟုတ်သေးပါဘူး။ သမီးက အရမ်းမိုက်ပေမယ့် စားချိန်သောက်ချိန်မှာ ဗိုက်ပြည့်အောင် သေချာစားမှပေါ့! သမီးကို ကြည့်နေရုံနဲ့ ဗိုက်မပြည့်နိုင်ဘူး!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ စားကြရအောင်”
--- --- ---
မန်နေဂျာပါ့ခ်နဲ့ စာရင်းရှင်းပြီးနောက် အိမ်တော်ထိန်းကျန်း ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။
“သခင်လေး ကျွန်တော် သခင်မလေးစူစူနဲ့ တွေ့ပြီးသွားပါပြီ။ သူနေကောင်းပါတယ်။ ဒီနေ့ည Sky Garden စားသောက်ဆိုင်မှာ သူ့မိသားစုနဲ့ ညစာစားနေတယ်”
အိမ်တော်ထိန်းကျန်းက ပေကျင်းမြို့ကို တခြားအလုပ်ကိစ္စတွေကြောင့် လာခဲ့တာ မဟုတ်ဘဲ စူစူလေးကို ရည်ရွယ်ချက်ရှိရှိ လာစောင့်ကြည့်ပေးခြင်းဖြစ်ပါသည်။
ဒီခရီးမှာ စူစူလေးက သူ့တပည့် ဟဲပေမူကို ခေါ်မသွားသဖြင့် သခင်လေးလု စိတ်မချ ဖြစ်နေခဲ့ရသည်။ သခင်လေးလုက ဘာမှ ထုတ်မပြောသော်လည်း အိမ်တော်ထိန်းကျန်းက အရိပ်အကဲကြည့်တတ်ပါသည်။
ထို့ကြောင့် အိမ်တော်ထိန်းကျန်း ပေကျင်းမြို့သို့ ရောက်လာခဲ့လေသည်။
“အင်းပါ။ သူအဆင်ပြေလည်း ပြီးတာပါပဲ”
“ဒါနဲ့ သခင်မလေးစူစူက သခင်လေးကို ပြောခိုင်းလိုက်တာ ရှိတယ်”
“ဘာပြောခိုင်းလိုက်လို့လဲ”
… … …
အခန်း(၇၂၅) မိန်းကလေးတွေက ရှော့ပင်ထွက်ရတာ ကြိုက်ကြတယ်
“သခင်လေးကို လေ့ကျင့်ခန်းတွေ ကြိုးစားပမ်းစားလုပ်ဖို့ မှာလိုက်တာပါ။ မနက်ဖြန် သူပြန်လာရင်လည်း လာကြည့်မယ်တဲ့”
“အင်း… နားလည်ပါပြီ”
“သခင်လေး။ သခင်မလေးစူစူက ပေကျင်းကို သဘောကျတယ်ထင်တယ်။ နောက်ပိုင်း သခင်လေးနဲ့ သခင်မလေးစူစူတို့ အိမ်နီးချင်းတွေအဖြစ် ဆက်နေလို့ရအောင် သူ့ကို ပေကျင်းမြို့ဆီ ခေါ်လာရင် ကောင်းမလား”
လုကျန်းယွီက ဆေးကုသမှုခံယူဖို့သာ ဟွာချန့်ကို ရောက်နေတာဖြစ်သည်။ အချိန်တစ်ခုရောက်လျှင် ပေကျင်းမြို့ကို ပြန်ရမှာ ဖြစ်ပါသည်။
“အဲ့တာတွေ နောက်မှ ပြောလို့ရပါတယ်”။ လုကျန်းယွီ အနာဂတ်အကြောင်း ကြိုမပြောချင်ပါ။
“ဒါဆို သခင်လေး နားလိုက်ပါဦး။ ကျွန်တော်တို့ မနက်ဖြန် ပြန်လာခဲ့ပါ့မယ်”
“အင်း…”
--- --- ---
ညစာစားပြီးနောက် စူစူလေးက အိမ်ပြန်လက်ဆောင်များ ဝယ်ချင်သည်ဟု ရုတ်တရက် ပြောလသည်။
“ညီမလေးက လက်ဆောင်တွေ ဝယ်ချင်လို့ ဟုတ်လား”။ ချင်းယန်ကျစ်က မေးလိုက်သည်။
“အွန်း အွန်း! အားလုံးအတွက် လက်ဆောင်တွေ ဝယ်သွားမယ်! သမီးမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
သူမရွှေတွေက ဘယ်လောက် တန်ဖိုးကြီးမှန်း သိလိုက်ရပြီးနောက် စူစူလေး အလွန်ရက်ရောလာခဲ့ပါသည်။ ယခင်တုန်းကဆို သူမ သုံးစရာ ပိုက်ဆံမရှိဘူးဟု ထင်ခဲ့မိသည်။
“ဟုတ်ပြီ ဟုတ်ပြီ! ဒါဆို ညီမလေးကို လက်ဆောင်တွေ လိုက်ဝယ်ပေးမယ်နာ်!” ရှောင်းပေပေက ချက်ချင်း သဘောတူလိုက်သည်။
ဘေးမှ ချင်းယုမူ တီးတိုး ရေရွတ်လိုက်ပါသည်။ “မိန်းမတွေ အကုန် ရှော့ပင်ထွက်ရတာ ကြိုက်ကြတာပဲ။ ဒီလောက် လူကောင်သေးတဲ့တစ်ယောက်တောင် ခြွင်းချက်မရှိဘူး”
ရှောင်းပေပေက သူမသားကို မျက်စောင်းထိုးလိုက်သည်။ “ကောင်စုတ်လေး ဘယ်လိုပြောလိုက်တာလဲ! မိန်းကလေးတွေ ရှော့ပင်ထွက်တာ ဘာဖြစ်လို့လဲ။ အိမ်ကို လှလှပပ အသုံးဝင်မယ့်ပစ္စည်းလေးတွေ ပြန်သယ်သွားချင်တာ အပြစ်လား။ ဒါအရင်ခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ လူ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုပဲ!”
“အမေ ရှော့ပင်ထွက်တဲ့အကြောင်းကနေ ဘယ်လိုဖြစ်ပြီး လူ့ယဉ်ကျေးမှု အမွေအနှစ်ထိပါ ရောက်သွားတာလဲ”။ ချင်းယုမူ နှုတ်ခမ်းစူကာ မေးလိုက်ပါသည်။
“အဟမ်း အဲ့တာ အရေးမကြီးဘူး။ အရေးကြီးတာက နင်လိုက်ချင်ရင် လိုက်ခဲ့။ မလိုက်ချင်ရင် အိမ်ပြန်တော့။ ဘာပဲဖြစ်ဖြစ် ငါတို့ နတ်သမီးလေးတွေကတော့ ရှော့ပင်ထွက်တော့မှာ”
“ကျွန်တော်က ဘာလို့ လိုက်ရမှာလဲ။ ရှော့ပင်ထွက်ရတာလည်း မကြိုက်ဘူး”။ ထိုသို့ပြောပြီးနောက် ချင်းယုမူက သူ့မဟာမိတ် အစ်ကိုကြီးကို လှည့်ပြောလိုက်သည်။ “အစ်ကိုကြီး မင်းလည်း ရှော့ပင်ထွက်ရတာ မကြိုက်မှန်း ငါသိတယ်။ အဲ့တော့ မင်းလည်း သွားချင်မှာ မဟုတ်ဘူး။ ငါနဲ့ အိမ်ပြန်ရအောင်”
“ငါလိုက်မှာ”။ ချင်းယုချဲက ချက်ချင်းဆိုသလို ချင်းယုမူအား ငြင်းဆန်ခဲ့ပါသည်။
“အစ်ကိုကြီး စိတ်မပါတာကို မလုပ်စမ်းပါနဲ့”။ ချင်းယုမူ ဖြောင်းဖြဖို့ ကြိုးစားလေသည်။
“စိတ်မပါတာမဟုတ်ဘူး။ ငါလူများတဲ့နေရာတွေလည်း မကြောက်တော့ဘူး။ စူစူလေး ကာကွယ်ပေးလိမ့်မယ်”။ ချင်းယုချဲ ရှင်းပြလိုက်သည်။
“အွန်း အွန်း ဟုတ်တယ်! တူချောလေးကို ကာကွယ်ပေးမယ်!”။ စူစူလေး ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
သူမ တူချောလေးပြောတာ မှန်ပါသည်။ သူမသာ ရှိနေပါက ဘာမှ စိတ်ပူစရာ မလိုပါ။
ချင်းယုမူ ကြက်သေသေသွားသည်။ သူ့အစ်ကိုကြီးက စူစူလေးကြောင့် ရှော့ပင်ထွက်မယ်တဲ့လား။
ထို့နောက် မိဘတွေဘက်သို့လှည့်ကာ ချင်းယုမူ မေးလိုက်သည်။ “အစ်ကိုကြီး ဒီလောက်တောင် ပြောင်းလဲသွားတာ အဖေနဲ့ အမေ ဘာမှ မပြောချင်ကြဘူးလား။ အရင်တုန်းကဆို ရှော့ပင်ထွက်ဖို့ အမေသူ့ကို အမြဲ ဆွဲခေါ်ခဲ့ရတာ၊ တစ်ခါမှလည်း မအောင်မြင်ဘူး!”
ရှောင်းပေပေ ပြန်ပြောလိုက်သည်။ “ဘာပြောရမှာလဲ။ ပျော်စရာတောင် ကောင်းသေးတယ်! ငါ့သား ပိုပြီး လူဝင်ဆံ့လာတော့ သူ့အမေဖြစ်တဲ့ ငါက ပိုပျော်တာပေါ့! အခုချိန် ဗြောက်အိုးဖောက်ခွင့်သာ ရှိရင် အောင်ပွဲခံပစ်လိုက်တယ်!”
ချင်းယုမူ ဆွံ့အသွားသည်။
အစ်ကိုကြီး လူမကြောက်တတ်တော့ဘဲ လူဝင်ဆံ့လာတာ ကောင်းပါသည်။
သို့သော် ပြဿနာက သူ့အစ်ကိုကြီး ဒီလိုပြောင်းလဲသွားမှုကြောင့် သူတစ်ယောက်တည်းက ခွတီးခွကျလုပ်နေသည်ဟု ထင်စရာ ဖြစ်သွားသည်။
သူတစ်ယောက်တည်း မလိုက်တာဆိုလျှင် အလွန် ရှက်စရာကောင်းပါလိမ့်မည်။ ထို့အပြင်… တကယ်တော့ စူစူလေး ရှော့ပင်ထွက်မည်ဟု ပြောသောအခါ သူမ ဘာတွေ ဝယ်ဖို့ စဉ်းစားထားသလဲဆိုတာကိုလည်း ချင်းယုမူ အနည်းငယ် စိတ်ဝင်စားမိသည်။
သို့သော် သူစိတ်ပြောင်းသွားပြီး အတူလိုက်ချင်သည်ဟု ပြောလိုက်လျှင် အားနည်းရာကျပြီး ရှက်ဖို့ကောင်းပါလိမ့်မည်။
ဒီလိုနဲ့ အဖေဖြစ်သူကို ချင်းယုမူ သနားစရာမျက်လုံးလေးများဖြင့် လှမ်းကြည့်လိုက်သည်။
… … …